” ကွာရှင်းပြတ်စဲခြင်း “(စ/ဆုံး)
——————–
ဖေဖေနဲ့ မေမေ ကွာရှင်းကြမလို့တဲ့ ။
အကြောင်းအရင်းက အရမ်းကို စည်းကမ်းတင်းကျပ်ပြီး သူစိုက်ထားတဲ့ အပင်တွေကို
သိပ်ချစ်တတ်တဲ့ မေမေ့ရဲ့ indoor plant
ပန်းအိုးထဲကိုဖေဖေက ကွမ်းတံတွေးထွေးချလို့။
ကျနော်သိတဲ့ မေမေဟာ အမြဲသပ်သပ်ရပ်ရပ်
နေတတ်တဲ့သူ ။ စည်းကမ်းတင်းကျပ်ပေမယ့် အိမ်သားတွေကို အမြဲလိုလို ဒေါသမပါတဲ့
လေသံအေးအေးနဲ့ ပြောဆိုသတိပေးတတ်တယ် ။ မေမေ့ကို သိပ်ချစ်လွန်းတဲ့ ကျနော်ကတော့
မေမေမကြိုက်ဘူးလို့ ပြောထားတာတွေကို ရှောင်ကြဉ်မိတယ် ။ ဒါကြောင့်မို့ မေမေ့ဆီက ဒေါသနဲ့ မာန်မဲတာမျိုးကို တစ်ခါမှ မကြုံခဲ့ရဖူးဘူး ။
ဒီတော့ မေမေ ဒီအကြောင်းအရာလေးနဲ့
ကွာရှင်းတာဟာ ဘာကြောင့်မှန်းမသိပေမယ့်
မေမေ့ကို အပြစ်မမြင်မိသလို ကျနော့်ကို အမြဲအလိုလိုက်တဲ့ ဖေဖေ့ကိုလည်း သနားမိတယ် ။
ကွာရှင်းမယ်ဆိုတဲ့ သတင်းကိုကြားတော့
မေမေ့သူငယ်ချင်းတွေက မေမေ့ကို
လာဖြောင်းဖြကြပါတယ် ။
မေမေကတော့ တစ်ခွန်းပဲပြောပါတယ်
“ကိုစိုးနိုင်က သိပ်တော်တဲ့ ယာကျာ်းကောင်းပါ
ဒါပေမယ့် ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူး ”
ဒီစကားကြားတော့ မေမေ့ သူငယ်ချင်းတွေက
မေမေ့ကို နင်ကိုက အတွေးခေါင်တာပါဟယ်။
ဘာမဟုတ်တာလေးနဲ့ အပြစ်ကို
ဇာချဲ့နေတော့တာဆိုတော့ မေမေက
ဘာမဟုတ်တာလေးတွေ များလာတော့
ဟုတ်သွားတာပေါ့၊ ဒီကွမ်းတံတွေးထွေးတာ
တစ်ခါနှစ်ခါမှ မဟုတ်တာ ငါအမြဲသတိ
ပေးဖူးတယ် ၊ ဒီလိုပဲ ငါသိပ်ရွံတတ်တာကိုမှ
ဒီကွမ်းစားတာကို သည်းခံပေးထားတယ်
တစ်ချို့ ငါသူကြိုက်တာသူ့
လွတ်လပ်ခွင့်ပဲဆိုပြီး ငါမပိတ်ပင်ဘူး ။
ဒါပေမယ့်လည်း ရေချိုးခန်း
ဘေဇင်ထဲလည်း ထွေးထည့်လိုက်တာပဲ
ဘယ်တော့မှ ပြန်မဆေးဘူး ၊ ငါသိပ်ချစ်တဲ့
ပန်းပင်အိုးထဲလဲ ဘယ်လိုပြောပြော
ဗြစ်ကနဲ ထွေးထည့်လိုက်တာပဲ ။
ဒီပြောသံတွေကို နားထောင်ရင်း ဘေးက
မေမေ့ရဲ့အဒေါ်ကြီးက ဝင်ပြောပြန်ရော
ညီးကိုက အဖြစ်သည်းတာပါ မောင်စိုးနိုင်မှာ
ဒါလေးပဲ ပြောစရာရှိတာ ၊ ကျန်တဲ့အပိုင်း
ဘာရှိလို့လဲ ၊ မိသားစုကိုလည်း
လိုလေးသေးမရှိ လုပ်ပေးလိုက်တာ
ဘယ်မှာသွားရှာမလဲ ။
ဘွားဘွားပြောတာလည်း ဟုတ်ပါရဲ့ ။
ဖေဖေဟာ မိန်းမနဲ့သားကို လိုသေးမရှိအောင်
အမြဲငွေရှာပေးနိုင်တယ် ။ ဒီနေ့ထိ
ကြီးကြီးမားမား ရန်ဖြစ်တာ မတွေ့ခဲ့ရဖူးပါ။
ဘယ်သူဘာပြောပြော မေမေ့ရဲ့
ဆုံးဖြတ်ချက်တွေက ခိုင်မာလွန်းခဲ့တယ် ။
ဘွားဘွားကတော့ သူ့တူမ အလွန်လို့ပဲမြင်တယ် ။
ဒါပေမယ့် ကျနော် ထပ်နားစွင့်မိရင်းကြားတာကတော့ ဖေဖေဟာ သပ်သပ်ရပ်ရပ်ကြိုက်လွန်းတဲ့ မေမေ့အလိုကျ ဘယ်တော့မှ သပ်ရပ်သန့်ရှင်းစွာ မနေတတ်တဲ့သူ ၊ ရေချိူးဖို့ အမြဲပြောရတယ် ၊ ဒါတော့လည်း ဟုတ်တယ် ဖေဖေရေချိုးဖို့ မေမေအမြဲ တဂျီဂျီပြောရတယ် ။
အဝတ်စားတွေကို အဝတ်ခြင်းထဲ
ထည့်စေချင်ရင် ဖေဖေက တွေ့ရာနေရာ
ချွတ်တယ် မေမေကလိုက်ကောက်သိမ်းရတယ်။
ထမင်းစားချိန် အရိုးကို ပန်းကန်ထဲထည့်ပါဆိုရင် ဖေဖေက ခုံပေါ်ပဲ ပြီးစလွယ်ချလိုက်တယ် ။
ဘော်ဘီ့ကို အစာချကျွေးရင် ဖေဖေက သူထမင်းစားနေရင်းနဲ့ ပစ်ပစ်ချကျွေးတတ်တယ်။
ဒါကိုမေမေကို မကြိုက်လို့ အမြဲပြောပေမယ့်
ဖေဖေကတော့ ပစ်မြဲ ၊ မေမေကလည်း
ထမင်းစားပြီးရင် ပန်းကန်တွေအပြင်
ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရတော့
တော်တော်နဲ့ မနားရ ။ ဟုတ်သား ….
ချွေတာလွန်းတဲ့ မေမေ အိမ်အကူ
မခေါ်တတ်တဲ့မေမေ… တော်တော်ပင်ပန်းခဲ့ရတာ။
အမြဲလိုလို အလုပ်များနေတဲ့ ဖေဖေဟာ
မိသားစုကို အချိန်ပေးနိုင်တာရှားတယ် ။
အလုပ်တွက် ခရီးသွားရင်သွား မသွားရတဲ့
ရက်တွေဆို သူငယ်ချင်းတွေနဲ့ စားပွဲတွေ
သွားလေ့ရှိတယ် ။
တစ်ခါက မေမေက ဖေဖေ့ကို မေးတယ်
ဒီနေ့ကိုမှတ်မိသေးလားဆိုတော့
ဖေဖေက မမှတ်မိ ။ အဲ့ဒီနေ့က သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့။ ငြူစူတာသိပ်မရှိတဲ့
မေမေဟာ ဒါလေးပဲမေးပြီးတော့
မမှတ်မိတဲ့ ဖေ့ဖေ့ကို
အပြစ်တင်သံတော့ မကြားရ ။
ဖေဖေ့ဆီကလည်း ဘာလက်ဆောင်
ပေးတာကိုမှ မတွေ့ရ ။
ကျနော့်မွေးနေ့ဆို ကိတ်လေးဝယ် သားလေး
Happy birthday နော်ဆိုပြီး မေမေက
အမြဲလုပ်ပေးလေ့ရှိတယ် ။ ဖေဖေကတော့
အလုပ်တွေများတော့ ကျနော်က သားမွေးနေ့
ဘာပေးမှာလဲဆိုတော့မှ အေးဟုတ်သား
ဒီနေ့ ငါ့သားမွေးနေ့ပဲကွ ရော့မုန့်ဘိုး
ကြိုက်တာဝယ်ကွား ဆိုတဲ့ဖေဖေ ။
ကျနော်တောင် ဖေဖေဆီက ရတဲ့မုန့်ဘိုးထက်
ဖေဖေ့ရဲ့ Happy birthday သားရယ်
ဆိုတာလေးကို လိုချင်ခဲ့တာ
မေမေဆိုရင်လည်း လိုချင်မှာပေါ့ ။
မေမေဖျားတဲ့အချိန်တွေဆိုရင် ကျနော်
အရမ်းစိတ်ပူရတယ် ။ မေမေက တော်ရုံ
ဖျားခဲတဲ့သူ သူဖျားပြီဆိုရင်လည်း
အိမ်အလုပ်တွေနဲ့ ကျနော်စားဖို့
စီစဉ်ပေးတတ်တယ် ။ တစ်ခါက မေမေ
ဖေဖေ့ကိုဖုန်းဆက်သံကြားမိတယ် ။
ဆေးခန်းပို့ပေးဖို့ … ဒါပေမယ့် အဲ့ဒီနေ့က
ဖေဖေက နိုင်ငံခြားသား ဧည့်သည်တွေနဲ့
တွေ့နေလို့ အချိန်မှီပြန်မရောက်လာဘူး ။
မေမေကတော့ သူဖါသာသူ Taxi ငှားပြီး
ဆေးခန်းသွားပြခဲ့တယ် ။ နောက်နေ့မှ ပြန်ရောက်လာတဲ့ ဖေဖေ့ကိုတွေ့တော့
အပြစ်တင်သံတော့ မကြားမိသလို မေမေစိတ်ကောက်တဲ့ အရိပ်အယောင်တောင် မတွေ့မိ။
ဘယ်လိုပဲဖြစ်ဖြစ် အားတင်းရင်း ကျနော်
မေ့မေ့ကို မျက်နှာချင်းဆိုင်ပြီး
ဘာလို့မေမေတို့ ကွာရှင်းရတာလဲဟင်လို့
ကျနော် မနေနိုင်လွန်းလို့ အရဲစွန့်မေးမိတယ် ။
“သားရယ် ဘဝကြီးက တိုတယ်ပြောလည်း
ရတယ် ရှည်တယ်ပြောလည်းရတယ် ။
အဆင်ပြေသူနဲ့ဆို ရက်စွဲတွေ ဘယ်လို
ကုန်သွားမှန်းမသိရတော့ ဘဝကတိုတယ် ။
သားဖေဖေနဲ့က မေမေအရှည်ကြီး
ဆက်သွားရမှာဆိုတဲ့စကားတွေကို
တကယ်ဆိုရင် ကျနော်နားမလည်ခဲ့ပါဘူး ။
ဒီလိုနဲ့ ကျနော့်အသက် ၁၃ နှစ်မှာ ဖေဖေနဲ့
မေမေကွာရှင်းခဲ့ ကြတယ် ။ ကျနော်ကတော့
မေမေ့နောက်ကို လိုက်လာခဲ့ပါတယ် ။ အစစအရာရာ အလိုလိုက်တတ်တဲ့
ဖေဖေ့ကိုလည်း ချစ်ပေမယ့် ကျနော်ကတော့
စည်းကပ်တင်းကျပ်တယ်ဆိုတဲ့
မေမေ့နောက်ကိုပဲ လိုက်ချင်ခဲ့တယ် ။
အိမ်ကနေ ထွက်လာချိန်မှာ ကျနော့်လက်ကို
ဆွဲရင်း မေမေကျနော့်ကိုပြောတယ်
သားမေ့မေ့ကို ခွင့်လွှတ်နော် တဲ့ ။
မေမေ့မျက်နှာမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်
တွေ့ရမလားလို့ ကျနော်ရှာကြည့်လိုက်သေးတယ်။
——-
ဖေဖေကတော့ ကျနော်အသက် ၁၅ နှစ်
ပြည့်ခါနီးမှာ နောက်အိမ်ထောင်ပြုသွားပါတယ် ။ အဲ့ဒီအတွက် မေမေ့ဘာခံစားရမလဲလို့ ကျနော်အကဲခတ်ကြည့်ပေမယ့် ဘာအရိပ်အယောင်မှ
မတွေ့ခဲ့ရပါ။
အိမ်ထောင်ထပ်ပြုပေမယ့်လည်း
ကျနော် လိုတာလေးတွေကို ဖေဖေက
ဆက်ဖြည့်ဆည်းပေးပါတယ် ။
ဖေဖေ့အိမ်ကိုတော့ ကျနော် သိပ်မသွားဖြစ်ပါ။
ကိုယ့်ရှေ့မရှောင် နောက်အိမ်ထောင်
အမျိုးသမီးရဲ့ တဂျီဂျီနဲ့ ချွဲတဲ့တဲ့အသံကို
သဘောမကျလို့ မသွားဖြစ်ခဲ့တာပါ ။
ဒါပေမယ့်လည်း ဖေဖေသဘောကျဖို့ပဲ
လိုပါတယ်လေ ကျနော် ဖေဖေ့ကို ဘာမှထင်မြင်ချက် မပေးခဲ့။
တစ်ခါတစ်လေ ဒီအမျိုးသမီးကို
မေမေနဲ့ ယှဉ်ပြီးကြည့်မိသေးတယ် ။
မေမေက တည်ငြိမ်အေးဆေးတဲ့သူ
ဖေဖေ့ကို သိပ်မပူဆာတတ်သလို
ထောင့်စေ့အောင် အိမ်ထောင့်
တာဝန်ထမ်းတဲ့သူ… ခုတော့
ဖေဖေ့အိမ်မှာ အိမ်ဖေါ်လေးတွေ ၂ယောက်နဲ့ ။
ဒါပေမယ့် အိမ်ကတော့ မေမေရှိတုန်းကလို့
မသပ်ရပ်တော့ မီးဖိုချောင်ကအစ အရင်လို
သန့်ပြန့်ခြင်းမရှိဆိုတော့ ထမင်းစားဖို့
နေခိုင်းတိုင်း ကျနော်အလိုလို ငြင်းဆန်မိခဲ့တယ် ။ ယုတ်စွဆုံး အိမ်သာတောင် အနံ့သက်
မကောင်းလို့ အိမ်ရောက်တိုင်း မဝင်ဖြစ်ခဲ့ ။
ဖေဖေဘယ်လိုနေနေသလဲတော့ စဉ်းစားလို့မရ ။
ဒီလိုနဲ့ ကျနော် အသက် ၂၀ မှာ မေမေဟာ နောက်အိမ်ထောင် ပြုတော့မယ်လို့ ကျနော့်အသိပေးလာတယ် ။ ခွင့်တောင်းတာမျိုး
မဟုတ်ပေမယ့် ကျနော့်ဘက်ကလည်း
ကန့်ကွက်တာမျိုး မလုပ်ခဲ့မိပါ ။
မေမေ ဖေဖေနဲ့ ကွာရှင်းပြီးကတည်းက
အထည်ဆိုင်ဖွင့်ပြီး ကျနော့်ကို
စောင့်ရှောက်လာတာ ပင်ပန်းခဲ့ပြီးပြီ ။
နောက်ပြီး နိုင်ငံခြားမှာ ဘွဲ့ထပ်ယူဖို့
ကျောင်းတက်ရဦးမှာဆိုတော့
မေမေ့ကိုထားခဲ့ရမှာ တကယ်လည်း စိတ်မချ ။
ကျနော်က မေမေ စိတ်ချမ်းသာဖို့ကိုပဲ
အဓိကထားမိခဲ့ပါတယ်။
ဒက်ဒီလို့ပဲ ကျနော်သူ့ကိုခေါ်မိတယ် ။
ဒက်ဒီက မေမေ့ထက် ၃ နှစ်လောက်
အသက်ကြီးတယ် ။ ဖေဖေနဲ့ ဘာရယ်မဟုတ်
ကျနော် ထပ်ယှဉ်ကြည့်မိခဲ့တယ် ။
ဖေဖေ့လောက်တော့ ခန့်ညားမှုမရှိပေမယ့်
နွေးထွေးကြင်နာတဲ့ ရုပ်ရည်တော့ရှိတယ် ။ ငွေကြေးကတော့ အရမ်းချမ်းသာတဲ့ပုံတော့မရှိပါ ။ Foreign Company တစ်ခုမှ အရာရှိတစ်ဦး
ဆိုတော့ လခစားဝန်ထမ်းပဲ ပြောရမယ် ။
ဒက်ဒီက ပန်းပင်သိပ်ချစ်တဲ့ မေမေ့အတွက်
တစ်ခါတစ်လေ အလုပ်က ပြန်လာရင်
ပန်းအိုးခပ်ဆန်းဆန်းလေးတွေ
ဝယ်လာပေးတတ်တယ် ။
အဲ့ဒီရက်တွေဆို မေမေသဘောတွေကျပြီး
အသံလေးတွေရွှင်လို့ ။
ထမင်းစားခါနီးဆိုလည်း ကျနော်ကတော့
မေမေ့ကို ဝင်မကူပေးမိပါ။
ဒါမိန်းမတွေအလုပ်လို့ ကျနော်ကိုယ်တိုင်
မသိစိတ်က သတ်မှတ်ထားခဲ့တယ် ။
ဒါပေမယ့် ဒက်ဒီကတော့ ပိတ်ရက်ဆို
အိမ်မှာ ကပ်လေ့ရှိတော့ ဟင်း
ကူချက်ပေးနေတာကို တွေ့ရတတ်တယ် ။
ညနေ ထမင်းစားဝိုင်းကြုံတိုင်း
ပန်းကန်ဆေးပေးနေတာက ဒက်ဒီ ။
မေမေကဆေးမယ်ဆိုတိုင်း
မင်းတနေကုန် run ထားတာ နားတော့လို့
အမြဲလုပြောလုဆေး လုပ်နေကြ။
ကျနော်ကတော့ ကျနော်နဲ့ မဆိုင်သလိုပဲ
စားပြီးထသွားပြီး TV ကြည့်နေတတ်တယ် ။
ဒက်ဒီနဲ့ မေမေ ကလေးထပ်မရတော့
ကျနော်ကိုပဲ သူ့သားလိုသဘောထားပြီး
တစ်ခါတစ်လေ ကျနော်စိတ်ဝင်စားတဲ့
ကွန်ပြူတာပညာရပ်ဆိုင်ရာ စာအုပ်တွေကို နိုင်ငံခြားကနေ တကူးတက ဝယ်
လက်ဆောင်ပေးတတ်တယ် ။
ဝယ်ရခက်တဲ့ original စာအုပ်လေးတွေ
ရတိုင်း ကျနော်သိပ်ပျော်မိတယ် ။
မေမေ့မွေးနေ့ဆိုရင် ဒက်ဒီက ကျနော့်ကို တကူးတကတိုင်ပင်ပြီး “မင်းအမေကို
suprise လုပ်ချင်လို့ ” ဆိုပြီး
တစ်နှစ်တစ်နှစ် မတူအောင်
ဘာလုပ်ပေးရမလဲလို့တိုင်ပင်တတ်တယ် ။
တစ်ခါတစ်လေဆို ဖေဖေက
သိပ်လူငယ်ဆန်ချင်တာပဲလို့တောင်
ကျနော်တွေးမိတယ် ။ ဒါပေမယ့် ကျနော်နဲ့
မဆိုင်ပါဘူးလေ ။ မေမေက ဒက်ဒီပေးတဲ့
ဘာမှမဟုတ်တဲ့ အပင်လေးတွေပိုက်ပြီးတောင် ပျော်နေတတ်တာ ကျနော်လည်း ကျေနပ်မိပါရဲ့ ။
တစ်နေ့တော့ မေမေ အမျိုးသမီးရောဂါနဲ့
ခွဲစိတ်ဖို့ ဖြစ်လာတယ် ။ ဆေးရုံကို
နေ့ညစောင့်ရှောက်ပေးတာက ဒက်ဒီ ။
ကျနော်က ဘေးကနေ လိုအပ်တာလေးလောက်ပဲ
ဖြည့်ပေးခဲ့ရတယ် ။ ဒက်ဒီ ရုံးက
ခွင့်တွေများနေမှာပေါ့ဆိုတော့ မင်းအမေ ကျန်းမာရေးကအဓိကကွ ဆိုတော့
မေမေ့မျက်နှာမှာ ပြုံးရိပ်တွေသန်းလို့ ။
နေ့လည်ဘက် ကျနော် ခဏသွားစောင့်ပေးရင်
အိမ်ပြန်ပြီး မေမေ့အဝတ်တွေပြန်လျှော်
ပေးပြန်တယ် ။ ပြန်လျှော်ဦးမယ်သားရေ
မင်းအမေ ဒေါ်အသန့်ကြိုက်က
အဝတ်စားပုံနေရင် မကြိုက်ဘူးလေ ဆိုပြီး
ရယ်ရယ်မောမောနဲ့ အထုပ်ကြီးအထုပ်ငယ်နဲ့
အိမ်ကိုပြန် ညနေစောင်းလောက်ဆို
ကျနော်နဲ့ အလှည့်ပြန်ချိန်းရင် မီးပူတိုက်ပြီးသားလေးတွေ ပြန်ပါလာတယ် ။
မီးပူတိုက်ထားတာ မသပ်မရပ်ပေမယ့်
မေမေ့စိတ်အလိုကျတော့ ဖြစ်ခဲ့တယ် ။
ကျနော်ဒီအလုပ်တွေ လုပ်ရမယ်ဆိုရင်
သေချာတယ် မလုပ်ပေးနိုင် ။
ဒါပေမယ့် မေမေ ဆေးရုံတက်နေချိန်မှာ
ကိုယ့်အလုပ်ကိုယ်လုပ်ရတော့ တော်တော်
ပင်ပန်းခဲ့ရသလို တော်တော်လေး
အဆင်မပြေဖြစ်ခဲ့ရတယ် ။
အစားသောက်ကအစ ဟင်းတစ်မယ်
ဖြစ်ဖို့တောင် ဖြောင့်အောင်ချက်မစားနိုင်လို့
အပြင်မှာချည်း ဝယ်စားခဲ့ရတယ် ။
နောက်ပြီး ဟင်းတစ်ခါချက်ပြီး မီးဖိုချောင်ပြန်ရှင်းလင်းရတာကလည်း မသက်သာ ။
အိမ်သန့်ရှင်းကျပြန်တော့လည်း
ကြမ်းလေးတိုက်ရုံနဲ့ကို ဟောဟဲက
လိုက်ချင်ပြီ ဒါတောင် မေမေလုပ်တုန်းကလို
မပြောင်။ ကိုယ်ချင်းစာမိတယ်ဆိုတာ
သူ့အလုပ်တွေဝင်လုပ်ကြည့်မိတော့မှ သိရတယ် ။ ဒါတောင် ဒက်ဒီလိုတောင် ကျနော်
မေမေ့နားနေတာ ဒီလောက်ကြာတာ
မကူညီပေးခဲ့မိ။
ဒီမှာ ကျနော် နားလည်လိုက်တာတစ်ခုက
ကျနော့်အသက် ၁၃ နှစ်တုန်းက
မေမေပြောခဲ့တဲ့ ဘဝခရီးလမ်းက
ရှည်လွန်းတယ်ဆိုတဲ့စကား ကျနော် ခုမှ သဘောပေါက်လာတယ် ။
မေမေက သူနဲ့ အသွင်တူတဲ့ သူတစ်ယောက်နဲ့
ချမ်းချမ်းသာသာမနေရပေမယ့် သူပျော်ရွှင်
နေရတယ်။ ဖေဖေကတော့ မေမေ့ကိုချစ်တယ်လို့ ထင်ခဲ့မိပေမယ့် တကယ်က သူ့ကိုယ်သူ
ပိုချစ်တာကို တွေ့ရတယ် ။
ဒက်ဒီကတော့ မေမေက မကြိုက်ဖူးလို့
ပြောရတာ မတွေ့ရလောက်တဲ့အထိကို
အလိုက်သိလွန်းသူ ။ လာကူပါဦးလို့
မပြောရပဲ မေမေ့ကို စလိုက်နောက်လိုက်နဲ့
ဘေးကကူညီပေးနေတတ်တဲ့သူ။
တကယ်တော့ အိမ်ထောင်ရေးတစ်ခုမှာ
အသေးမွှားလေးလို့ထင်ရတာဟာလည်း
အင်မတန်ကို ကြီးမားတဲ့ ပြဿနာဖြစ်နိုင်တယ် ။ ငွေကြေးဟာ အဓိကကျပေမယ့် ငွေကြေးနဲ့
ဝယ်ယူမရတဲ့ ဂရုစိုက်ခြင်းတွေ
နားလည်မှုတွေ ၊ အပြန်လှန်
လေးစားမှုတွေကလည်း အရေးကြီးသေးတယ် ။
တစ်ခါတစ်လေ သူစီးထားတဲ့ ဖိနပ်ကို
မစီးကြည့်ဖူးရင် ဒီဖိနပ်နဲ့
လမ်းဆက်လျှောက်ရတာ ဘယ်လောက်
အဆင်မပြေဖြစ်ရလဲ ၊ ဘယ်လောက်
နာကျင်နေရလဲ ဆိုတာ မသိကြရဘူး ။
ဒီနေရာမှာ ကျနော် သိလိုက်ရတဲ့အသိ ၊
သင်ခန်းစာတွေဟာ တစ်ချိန်မှာ ကျနော့်
ဘဝခရီးလမ်းကိုလည်း အထောက်အကူ
ဖြစ်မှာလို့ ကျနော်ယုံကြည်တယ် ။
အချစ်ချည်းသက်သက်နဲ့လည်း
ဘဝတည်ဆောက်လို့မရသလို ၊
ငွေကြေးနဲ့ချည်းလည်းပဲ သာယာတဲ့ဘဝကို
မဖန်တီးနိုင်ဘူး ။ အားလုံးဟာ သမမျှတမှုရှိဦးမှ။
ကျနော့်အလှည့်မှာတော့
ဖိနပ်အရွေးမမှားချင်ဘူး ။
ကျနော်ဟာလည်း သူများအတွက်
အဆင်ပြေတဲ့ ဖိနပ်လေးတစ်ရန်ပဲ
ဖြစ်ချင်မိတယ် ။
သူများစီးနင်းတဲ့အခါ ကျနော့်ရဲ့
အတ္တတွေနဲ့
သူတို့ကို မနာကျင်စေချင်ဘူး ။
သူတို့အတ္တနဲ့လည်း ကျနော့်လမ်းခရီး
မနှောင့်နှေးချင်ဘူး ။
ဖေဖေရော မေမေရော အသွင်တူတဲ့
ဘဝအဖေါ်ကိုယ်စီနဲ့ ပျော်ရွှင်ကြပါစေလေ။
မာရင်ရင်