အရွယ်(စ/ဆုံး)

 အရွယ်(စ/ဆုံး)

‎———

‎‎ကျွန်တော့်ကို အလှူဖိတ်လျှင် စိတ်ပျက်သည်။ ကျွန်တော်က ဘုန်းကြီးများရှေ့တွင် ဒူးခေါက်ပြီး ကြာကြာ မထိုင်နိုင်။ ခြေထောက်က ကျဉ်လာတတ်သဖြင့် အနေရခက်သည်။

‎“ရှင် လာကို လာရမယ် … မလာလို့ကတော့ ကျွန်မတို့က သေခန်းပြတ်”

‎ပဲခူးက သူငယ်ချင်းမသူက ကျွန်တော့်ကို ရာဇသံပေးသည်။ နောက်ဆုံး သူ့ကို အလျှော့ပေးလိုက်ရသည်။ ငယ်နိုင် တွေမဟုတ်ပါလား။

‎“လာရင် ပြီးရောပေါ့”

‎“ဟုတ်တယ် လာရင်ကျေနပ်ပြီ”

‎ကျွန်တော် မဖြစ်မနေ ပဲခူးပြန်ရတော့သည်။ သူငယ်ချင်း မသူအိမ်တွင် ဝါဆိုသင်္ကန်းကပ်သည်။ သူက ကျွန်တော့် အသက်ကို ကယ်ထားဖူးသူ။

‎ကျွန်တော် ပိုးသတ်ဆေး ဖြန်းထားသည့် ခရမ်းကြွပ်သီးတွေကို ရေစင်အောင် မဆေးဘဲ အစိမ်းအတိုင်း ငါးပိရည်နှင့် တို့စားမိသည်။ အထက်လန် အောက်လျှောတွေဖြစ်ပြီး ဆေးရုံတက်ရသည်။ ကျွန်တော့် သူငယ်ချင်းမ သူနာပြုဆရာမကြီးက ကျွန်တော့်ကို လိုလေသေးမရှိ စောင့်ရှောက်ခဲ့သောကျေးဇူးတွေရှိသည်။

‎ယခုတော့ သူလည်းပင်စင်ယူ၊ သူ့ခင်ပွန်းကလည်း ပင်စင်ယူထားပြီးဖြစ်သည်။ ကျွန်တော်တို့ မတွေ့တာ နှစ်ပေါင်းကြာပြီ။ မကြာသေးမီကမှ သူ့ထံက ဖုန်းရသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆီက ဖုန်းနံပါတ် ရသဖြင့် ဆက်ခြင်းဖြစ်သည်။

‎အလှူတိုင်းကို မနက်ဖိတ်လျှင် နေ့လယ်မှ သွားသည်။ နေ့ခင်း ဖိတ်လျှင် မွန်းလွဲမှ သွားသည်။ မကျန်လည်း ကိစ္စမရှိ။ အလှူသွားခြင်းက စားချင်၍မဟုတ်။ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့ချင်၍ဖြစ်သည်။

‎ကျွန်တော် မနက်စောစော ထွက်ခဲ့သော်လည်း သူငယ်ချင်းမအိမ်သို့ ၁၁ နာရီခွဲမှ ရောက်သည်။ ကျွန်တော် အိမ်ပေါ်တက်လိုက်သည့်အခါတွင် သူက အသံပြဲကြီးနှင့်

‎“ကောင်လေးလာတယ်ဟေ့” ဟုအော်လိုက်သည်။

‎သူက ကျွန်တော့်ကို ကောင်လေးဟုသာ နှုတ်ကျိုးနေသည် မဟုတ်ပါလား။

‎“နင့်ကို စိတ်ဆိုးတယ် သိလား။ စောစောမလာလို့”

‎“စောစောထွက်ဖို့ပဲ … ကားတွေက ပိတ်နေလို့ပါ။ ဘာမှ မစားတော့ပါဘူး”

‎“မစားလို့ မရဘူး။ သက်သက်ကို ချန်ထားတယ်။ စားကို စားရမှာ”

‎မသူက ပြောရင်း ဖုန်းကိုထုတ်ကာ ဆက်နေသည်။

‎“အေး … မြန်မြန်လာခဲ့။ ရောက်နေပြီ။ မြန်မြန်လေးလာနော်”

‎သူက ကျွန်တော့်ကို စားပွဲတစ်လုံးချပြီး ထမင်းတွေ ဟင်းတွေ ပြင်နေသည်။

‎“ဝက်သားစားလား”

‎“ခြေလေးချောင်းသား မစားဘူးဟ”

‎“ရတယ်လေ … ငါးပေါင်း … ဘဲပေါင်း”

‎“တော်ပါပြီ နည်းနည်းဆိုရပါတယ်”

‎ကျွန်တော့်ရှေ့ကို သူတို့ လင်မယားလာထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေသည်။

‎“မသူရယ် … ဆရာ့ကို ထမင်းဖြောင့်အောင် စားပါစေ”

‎သူ့ခင်ပွန်းက သတိပေးရသည်အထိ ဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ နှစ်အတန်ကြာမှ ပြန်တွေ့ ရသဖြင့် ပျော်နေသည်။

‎“အေးဟယ် … အားလုံး တဖြုတ်ဖြုတ်နဲ့ သေကုန်ကြပြီ။ နင့်သူငယ်ချင်း ဝေလွင်လည်း တစ်ပတ်လောက်ပဲ ရှိသေးတယ် ဆုံးသွားပြီ”

‎“သတင်းကြားတယ်။ မလာနိုင်ပါဘူးဟာ”

‎ထိုစဉ် ကလေးတစ်ယောက်က ပြေးဝင်လာပြီး

‎“ဘွားဘွားကြီး အန်တီထွန်းလာတယ်”

‎“အထွန်းရေ အိမ်အပေါ်ထပ်ကို တက်လာခဲ့”

‎ကျွန်တော်က ငါးတစ်ဖတ်ကို ဇွန်းဖြင့် ကော်နေစဉ်

‎“ကောင်လေး … ဒီမှာကြည့်စမ်း ဘယ်သူလဲလို့”

‎ကျွန်တော်က ဇွန်းကို ပြန်ချလိုက်ပြီး ပါးစပ် အဟောင်းသားနှင့် ကြည့်နေမိသည်။ အထွန်းတဲ့

‎ကျွန်တော် ငယ်ရုပ်ကို မနည်းဖော်နေရသည်။ အထွန်းက အတော်လေး ဝလာသည်။ ငယ်စဉ်က ဖြူသွယ်သွယ် ခုတော့ မျက်နှာက ပြည့်ဖောင်းဖောင်းဖြစ်နေသည်။ အဝါရောင်ဆွယ်တာလေးကို ဝတ်ထားသည်။ မျက်လုံး တွေက မို့အစ်အစ်။

‎“အထွန်း”

‎“မှတ်မိတယ်ပေါ့နော်”

‎“မှတ်မိပါတယ်”

‎မသူက

‎“အထွန်း တစ်ခါတည်း ဝင်စား”

‎“မသူကလည်း သိသားနဲ့။ ငါ ဒီဆန်တွေ စားလို့မှမရတာ”

‎“အေး ဒါဆိုလည်း ဒီမှာ စပျစ်သီးစား”

‎ကျွန်တော်က စားလက်စက သိမ်းလိုက်သည်။

‎“ဘာလဲ အထွန်းလာလို့ ဆက်မစားတာလား”

‎“မဟုတ်ပါဘူး … ဝပြီလေ”

‎“မသူကပြောတယ်။ အစ်ကိုလာမယ်ဆိုလို့”

‎“အင်း … ဟုတ်တယ်။ သူငယ်ချင်းတွေနဲ့ မတွေ့တာကြာပြီလေ။ ပဲခူးမရောက်တာလည်း ကြာပြီ မဟုတ်လား”

‎“ပဲခူးကို သတိရသေးတယ်ပေါ့”

‎“ရပါတယ်။ အမြဲ သတိရတယ်။ ဒါပေမဲ့ ရန်ကုန်မှာ နေမှဖြစ်မယ့် အနေအထားဆိုတော့ မတတ်နိုင်ဘူးလေ”

‎မသူက ဝင်လာသည်။ လက်ထဲတွင် လက်ဖက်ပန်းကန်လေး ကိုင်လာပြီး

‎“အထွန်း … ကဲတွေ့ချင်တယ်ဆို … တွေ့ပြီလေ … ဘာပြောမလို့လဲ”

‎“မပြောပါဘူး သူ့ကို တွေ့ချင်ရုံ သက်သက်ပါ”

‎“အထွန်း အမျိုးသား ဆုံးသွားတာ သတင်းစာထဲမှာ ဖတ်ရတယ်။ သားတွေ သမီးတွေရော”

‎“တစ်ယောက်မှ လက်ထဲ မရှိတော့ဘူး။ အားလုံး အိမ်ထောင်ကျကုန်ပြီ”

‎“ဒါဆိုရင် တစ်ယောက်တည်း နေတာလား”

‎“ဟုတ်တယ် … မြေးမလေး တစ်ယောက်ကို ခေါ်ထားတယ်”

‎“အထွန်းကို ကြည့်ရတာ နေမကောင်းဘူးလား။ တစ်မျိုးကြီးပဲ”

‎“ရောဂါတွေက ပြောရရင် စုံနေတာပဲ။ တစ်ခါ တလေ သေတောင် သေချင်တယ်။ စားချင်တိုင်း မစားရတဲ့ ဘဝကြီးပါ။ အစ်ကိုရော နေကောင်းတယ်နော်”

‎“အင်း … ကောင်းအောင် ကြံဖန်နေရတယ်။ ခုထိတော့ ဘာဆေးမှ မကူရသေးဘူး”

‎“ကုသိုလ် ကောင်းတာပေါ့”

‎မသူက ကျွန်တော့်ဘေးတွင် ဝင်ထိုင်လိုက်ပြီး

‎“အလှူတစ်ခါ လုပ်ရတာ စိတ်မော လူမောပဲ … ဟူး”

‎“နင်ကလည်း ဘုန်းကြီးကျောင်း သွားလှူလိုက်ရင် ပြီးတဲ့ဟာ”

‎“အိမ်ကလူလေ … သူရှည်တာနဲ့ နောက်က လိုက်ရတဲ့လူတွေက ဖတ်ဖတ်မော။ ဟဲ့ လက်ဖက်စားဦးလေ”

‎“စားပါတယ်”

‎“ကဲ … အထွန်း အချစ်ဟောင်းကြီးနဲ့တွေ့ပြီလေ … ဘာပြောမလို့လဲ ပြော”

‎“ဘာမှ မဟုတ်ပါဘူး။ တွေ့ချင်ရုံ သက်သက်ပါ”

‎ကျွန်တော်က

‎“ဘာဖြစ်လို့လဲ”

‎“ခုတစ်လော အိပ်မက်တွေ မက်တယ်။ အိပ်မက်ထဲမှာ ကောင်လေးကို ပြန်တွေ့နေတယ်။ အိပ်မက်တိုင်းမှာ နောက်ဆုံး ကောင်လေးက အထွန်းကို တွန်းချပြီး ထွက်သွားတာချည်းမက်တယ်”

‎“ဟဲ့ … အဲဒါ နင့်စိတ်ထဲမှာ စွဲနေလို့ပေါ့”

‎“စွဲတယ်လို့ မဟုတ်ပါဘူး။ အိပ်ရင်တော့ အိပ်မက်ထဲရောက်လာတယ်။ နေ့ခင်း အိပ်ရင်လည်း အဲဒါပဲ မက်နေတယ်”

‎“ဟဲ့ … နင်ကော အထွန်းကို အိပ်မက် မမက်ဘူးလား”

‎“ဟင့်အင်း … မမက်ဘူး”

‎“စွဲတဲ့သူက မက်တာပေါ့ … အထွန်း နင် … ကောင်လေးကို …”

‎“မသူရယ် … အရွယ်တွေလည်း ကြည့်ပါဦး။ စိတ်ကူးယဉ်ရမယ့် အရွယ်တွေ မဟုတ်တော့ပါဘူး”

‎“အစ်ကိုက ဘယ်တုန်းကမှ စိတ်ကူး မယဉ်ပါဘူး။ ဟုတ်တယ်နော်”

‎“ကိုယ့်ဘဝက စိတ်ကူးယဉ်ဖို့ အချိန်မှ မရှိခဲ့တာ”

‎“အစ်ကို့ကို ပြန်တွေ့ရတာ ဝမ်းသာတယ်။ ခုတစ်လော သူငယ်ချင်းတွေ တဖြုတ်ဖြုတ်နဲ့ ကုန်သလောက်ပဲ။ တစ်လောကတောင် သူငယ်ချင်းတွေ ပြန်ဆုံတော့ ပြောဖြစ်ကြသေးတယ်”

‎“ကဲ … စကားပြောလို့ကောင်းတယ်။ ချိန်းထားတာတွေ ရှိသေးတယ်။ ပဲခူးရောက်တုန်း ဘုန်းကြီးကျောင်း ဝင်ဦးမယ်။ သွားမယ်နော်”

‎“အထွန်းမှာ ကားပါတယ်လေ။ လိုက်ပို့ပေးမယ်”

‎“နေပါစေဟာ … ဆိုင်ကယ်ကယ်ရီသမားလေးကို အပြီး ငှားလာတယ်။ သူနဲ့ပဲ လျှောက်သွားမှာ”

‎“ကောင်လေး”

‎မသူက ကျွန်တော့ကို ခေါ်လိုက်သည်

‎“ဘာလဲ မသူ”

‎“နင်တို့ ခုဆိုရင် လွတ်လပ်ကုန်ပြီပဲ … ယူလိုက်ကြပါလား”

‎“အို … မိသူ နင်ဘာတွေ ပြောနေတာလဲ”

‎“ဟုတ်သား … ခင်ဗျားဟာလေ ပေါက်ကရ အတော်ပြောတယ်”

‎ကျွန်တော်က လွယ်အိတ်လေးကို လွယ်ပြီး မတ်တတ်ရပ်လိုက်သည်။ အထွန်းက မတ်တတ်ထဖို့ ကြိုးစား သော်လည်း ချက်ချင်း မထနိုင်။

‎“အဲဒီလိုပဲ ထိုင်ပြီးရင် ချက်ချင်း ထလို့ မရတော့ဘူး။ အစ်ကိုကတော့ ကံကောင်းလိုက်တာ။ ဆိုးခနဲ ဆတ်ခနဲ သွားနိုင် လာနိုင်တယ်နော်”

‎“တစ်ယောက်တည်း နေတာကြာတော့ တစ်ယောက်တည်း ဘယ်လို ရပ်တည်ရမယ်ဆိုတာ ကောင်းကောင်း သိတယ်လေ”

‎“ကိုင်း မသူ ကျေးဇူးတင်တယ်။ သွားမယ်။ အထွန်း … ပြန်မယ်”

‎သူများတွေက အချစ်ဦးတွေ၊ ရည်းစားဦးတွေနှင့် ပြန်တွေ့လျှင် ဘာဖြစ်သည် ညာဖြစ်သည် စာဖွဲ့ကြပေလိမ့်မည်။ ကျွန်တော့်မှာတော့ စာဖွဲ့ရလောက်အောင် ဘာမှ မဖြစ်ခဲ့သည်ကအမှန်။

‎ကိုယ့်အရွယ်ကလည်း ၁၆ နှစ်မှမဟုတ်တော့တာ။


#တင်ညွန့်

‎၁၆.၈.၂၀၁၈