အခါရက်(စ/ဆုံး)
———–
အခါရက် ဆိုသော်ငြား ကိုလှမောင်
အလုပ်ဆင်းနေသည်။
” အမေရေ… အမေ့သားက
သားကျွေးမှုမယားကျွေးမှုတွေနဲ့မို့ အမေ့အပေါ်တာဝန်တွေ လစ်ဟင်းသလိုများ ဖြစ်နေပြီလား မသိတော့ပါဘူး အမေရာ…”
အမေ့ကိုသတိရစိတ်နှင့်
ပြောနေမိသည်။
သည်အချိန်ဆို အမေ ဘုန်းကြီးကျောင်းက ပြန်လာရော့မည်။ သူ့ကိုလည်း ထမင်းစားဖို့ မျှော်ရှာရော့မည်။
သူ့တသက်
ဘယ်တုန်းကမှ အခါရက်တွေ အလုပ်မဆင်းဖူး။ နားနားနေနေ နေခဲ့ရသည်ချည်း။ သည်နှစ်မှသာ…
” ကိုလှမောင် … တော် ဒီနှစ်တော့ ခါတိုင်းတွေလို
နားလို့မရတော့ဘူး နော် ”
” ဟေ ”
ဇနီးဖြစ်သူစကားကြောင့် အံ့အားသင့်သွားရသည်။
အခါရက်တွေမှာ အေးအေးချမ်းချမ်း နေမယ်စိတ်ကူးနှင့် ပျော်ခဲ့မိသမျှ ထင်မှတ်မထားသောစကားကြောင့်
အခွင့်အရေးတွေ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
” မင့်ဟာက ဘာစကား တုန်း ။ ငါ ဒီရက်တွေမှာ နားဖို့
အလုပ်ရှင်ဆီမှာ
ပြောပြီးပြီလေ”
” ပြောပြီးပြီးပေါ့… ပြောပြီးသွားလို့ ဆင်းမရတော့ဘူးလို့ တော့်
ဘယ်သူကပြောလဲ”
” ဘာ”
” ဆင်းလို့ ရတယ် သွားဆင်း”
ချည်ပြီးတုပ်ပြီး ပြောနေသည့်ပုံက အလုပ်ရှင်ထံ သွားပြောပြီးဖြစ်ပေလိမ့်မည်။
” မင်း သွားပြောလိုက်တာလား”
” အေးလေ… ဒီလောက် ကုန်ဈေးနှုန်းတွေကြီးနေတာကြီးကို မပြောလို့ ဖြစ်မလား။ တော် နားလိုက်တာနဲ့ ပါးစပ်တွေပိတ်ထားရမှာပေါ့ ၊ နေလို့မှမရတာ ”
” ဟာ … ဒီမိန်းမ၊
ငွေအလွန်မက်တာကိုး
ဟ”
” ဘာ တော့်…
တော့်ကလေးတွေနဲ့
တော့်ကြောင့်ပဲလေ။
ကျုပ်ကြောင့်မဟုတ်ပါဘူးတော်။ တော်တို့ကြောင့်ပါ။ အသားဟင်းမပါရင်
မစားချင်ကြတဲ့ တော်တို့ သားဖတတွေကြောင့် ”
ဟင်းရွက်သင်ရင်း ပြောနေသည့် မိန်းမ။ ကလေးသုံးယောက်မွေးပြီးမှ
ကြမ်းလာလိုက်သည့်အာ။
“ပြောပြန်ရင်လည်း …ငါ ဆိုးတယ်ဖြစ်ဦးမယ်၊
တစ်ရက်တရက် သူ့အသုံးစရိတ်ကနည်းတာမဟုတ်ဘူး။
ပြန်လာရင် ပင်ပန်းတယ် အကြောင်းပြ အရက်ကလေးသောက်ချင်ရတာနဲ့၊ နေ့လယ်နေ့ခင်း အလုပ်ထဲ အိပ်ချင်ပြေ ကွမ်းလေးစားချင်ရတာနဲ့၊ ဒီကြားထဲ ဆေးလိပ်က ဖွာလိုက်ချင်သေး။ ဟင်းး…. ဆေးလိပ်တစ်စည်း ဘယ်လောက်ဖြစ်သွားပြီထင်လဲ၊ သူမဝယ်ရတော့ ဘာမှ မသိဘူး ။ တက်လိုက်တဲ့ ကုန်ဈေးနှုန်းက ကြောက်ကြောက်စရာ။
နားခိုင်းလို့ဖြစ်ပါ့မလား ”
” တော်ပါပြီကွာ… ဒီရက်လေးတော့
နားပါရေစ ဟ ”
ပူအိုက်လွန်းသဖြင့်
ချွေးဒီးဒီးကျနေသော ခန္ဓာကိုယ်နှင့် မျက်နှာကို ပုဆိုးကပုံစာနှင့်သုတ်ရင်း
ကိုလှမောင် ငြင်းနေသည်။
အလုပ်ကိုမပျင်းသော်ငြား
အခါရက်မှာတော့ မဆင်းချင်။
” တကယ်ပါပဲကွာ…
ဒီရက်လေးတောင် မနားရတော့ဘူး၊ ဇွတ်အတင်း သာ ခိုင်းနေတော့တယ်။
… နားပါရစေဦး ”
ကွပ်ပျစ်ပေါ်ထိုင်ရင်း
အကြောက်အကန်ငြင်း သုန်မှုန်နေသည့်
ကိုလှမောင်ကြောင့်
သူ့မိန်းမအသံတွေ ကျယ်လာတော့သည်။
” နားပြီး ဘာလုပ်မှာတုန်း … စဉ်းစဉ်းစားစားပြော… ”
မဲ့ကာရွဲ့ကာပြောနေသည့် ဇနီးသည်ကို မကြည်ဖြူတော့။
တနေ့လုပ်မှ တနေ့စားရမည့်
ဘဝဆိုသော်ငြား
သည်နေ့လိုရက်တွေမှာ
တော့ဖြင့် နားနားနေနေ နေချင်သေးသည်။
မိုးလင်းလာ ကလေးတွေ ကစားဖို့ ချောင်းထဲသွား ရေခပ်မည်။ ပြီးလျှင်တော့ အမေ့ကိုခေါ်
သီလယူဖို့သွားမည်။ အမေနှင့်အတူတူ နေ့လယ်စာ စား၊ စကားစမြည်ပြောဆိုပြီးမှ အိမ်ပြန်လာနေကျ။ အမေလည်း
မျှော်ပေလိမ့်မည်။ ဟိုနေ့ကမှ ပြောခဲ့သည်ကိုး။
” အမေ… ဒီနှစ်လည်းခါတိုင်းလိုပဲ ဘုန်းကြီးကျောင်းသွားဖို့
သားလာခေါ်မယ်နော်”
” အေးအေး ။ ဒီလိုမှပဲ တို့သားအမိလည်း
တွေ့ရတော့တာပဲ ၊ မင့်မလည်း အလုပ်ကများသကိုး”
မနက်သွား၊ ညပြန်လုပ်သည့်အလုပ်နှင့် ညရောက်တော့လည်း
သောက်ပြီးမှတော့ မသွားချင်၍
အမေဆီ မရောက်ဖြစ်။
” ကဲပါတော်… နားချင်မနေပါနဲ့ ။ ရှေ့ရက်တွေကလည်း
နေမကောင်းလို့ နားခဲ့ပြီးပြီ မဟုတ်လား။ အဲ့အစား ပြန်ဆင်းတယ်
သဘောထားလိုက်”
ကိုလှမောင် မပြောချင် တော့။ ဆက်ပြောလျှင်လည်း အငြင်းပွားစရာနှင့် မကြားဝံ့မနာသာတွေသာ
ထွက်လာတော့မည်မို့ နေရာမှ အမြန်ထ အမေ့အိမ်ဘက်
ထွက်ခဲ့တော့သည်။
သူ့မိန်းမကတော့ ထုံးစံအတိုင်း ဖွင့်နေကျ ဓာတ်ပြားဟောင်း ဖွင့်လျက် ကျန်နေခဲ့၏။
ပြောချင်ရာပြော
ကိုလှမောင် အရေးမစိုက်တော့ပြီ။ အမေ့အိမ်နားရောက်ခါနီးပြီ။
သူ့မှာ တစ်ခုကံကောင်းတာ ရှိသည်။
သူ့မိန်းမ ဘာပြောပြော၊ မကြားချင်ရင် အမေ့အိမ်ဘက် ထွက်လာနိုင်ခြင်းပင်။ အမေ့အိမ်ရောက်လို့ အမေ့မျက်နှာမြင်လိုက်ရသည်နှင့်
စိတ်ဆင်းရဲမှု သောကဟူသမျှ
ပြေပျောက်သွားရသည်။
—————————————-
” အ မေ ”
အိမ်မရောက်မီကပင် အားရပါးရ အမေလို့ ခေါ်လိုက်ရမှ ကျေနပ်သည်။
” အ မေ့”
” ဟေ့”
အမေ့အသံကြားမှ နေသာထိုင်သာရှိ၏။
” စားပြီးပြီလား ”
“ပြီးသေးပါဘူးတော်…အမေ မဆာသေးလို့… မစားသေးဘူး”
” မိုးချုပ်နေပြီလေ အမေ၊ ခုထိ မစားရသေးဘူးလား။
သား ခူးပေးရမလား”
ပြောပြောဆိုဆို မီးဖိုထဲဝင် အုပ်ဆောင်းလေးလှပ်ကြည့်တော့ ဘာမှမတွေ့။
” အမ်… ဘာမှလည်း မရှိဘူး”
ကြောင်အိမ်လေးဖွင့်ကြည့်ပြန်တော့လည်း မထူး။
” ဟာ… အမေ့၊ ဘာဟင်းမှ မချက်တာလား၊ ဘာမှလည်း မရှိဘူး” ”
စာနာစိတ်ကြောင့် ပူပန်လာသည်။ သူဆိုလျှင်….
” အမေ … အမေ ဘာနဲ့ စားမှာတုန်း”
အမေကတော့ အေးအေးဆေးဆေး ။
” လက်ဖက်ကလေးနဲ့ ပေါ့ သားရယ်… ဒီမှာလေ အမေ လက်ဖက်လေးနှပ်ထားတယ်”
ကြွေအုပ်အဖြူလေးကို လှပ်ပြရင်းပြောနေတဲ့အမေ့ကိုကြည့်ပြီး ရင်တွေ ဆို့တက်လာသည်။
” အမေရာ… အမေ့မှာ ပိုက်ဆံ မရှိတော့လို့လား ”
အနားနားတိုးကပ်မေးတော့
” ရှိပါသေးတယ် သားရဲ့…အမေ့မယ် ပိုက်ဆံ ရှိပါသေးတယ် ”
ချွေးခံထဲက ပိုက်ဆံလေးနည်းနည်း ထုတ်ပြပြန်တော့ စိတ်မကောင်းဖြစ်ရသည် ။
” ရှိသေးတယ်ဆို ဟင်းလေးဘာလေး ဝယ်ချက်လေ အမေရာ… ညီမလေး ရော၊ ညီမလေး ဘယ်သွားတုန်း”
” ရှိပါတယ် ကွယ် ။ မင့်နှမလေး နောက်ဖေးမယ် ”
ကိုလှမောင် မျက်နှာပျက်နေတာမြင်တော့ အမေ ပျာပျာသလဲ ။
” မဟုတ်ပါဘူး သားရယ်… အမေကိုယ်တိုင်ကိုယ်က ဟင်းတွေ မစားချင်တော့လို့ပါ။ ညဖက်ညဖက်
ဒီလိုလေးစားရတာကောင်းတယ်လေ ။ အမေ အခြောက်တိုက်လေး စားတတ်တာ သားလည်း သိသားနဲ့ ”
အမေ ဘာပြောပြော
မကြားရက်တော့ပြီ။ သေချာပါသည်။ အမေ့မှာ ပိုက်ဆံ မရှိဘူး ဖြစ်မည်။
အမေနဲ့သူက ဟိုဘက်လမ်းသည်ဘက်လမ်း နေကြသည်။ အမေက အေးအေးဆေးဆေး သမား။
နားပူတဲ့ဒဏ် မခံနိုင်။ အမေ့အကြောင်းသိလို့သူ အိမ်ထောင်ကျတော့ အိမ်ခွဲနေသည်။ အဝေးကြီးတော့လည်း မဟုတ် ။ နီးနီးနားနား အမေနဲ့ သိပ်မဝေးတဲ့ နေရာလေးမှာ လက်ဖွဲ့ရတဲ့ငွေလေးနှင့် တဲသာသာအိမ်လေးဆောက်နေသည်။
အမေက ညီမလေးနှင့်
ကျန်ခဲ့၏။
—————————————-
” ဟို အကြီးမ ဘာလုပ်နေတာတုန်း။ သွား …ညည်းအဖေစားဖို့
ထမင်းခူးပေးလိုက်။ ညတုန်းက ကျန်တဲ့ထမင်းကြမ်းလေးကို
စောစောကဝယ်တဲ့ပဲပြုတ်လေးနဲ့
နယ်ပေးလိုက်”
” တကတည်းတော် …ကုန်ဈေးနှုန်းတွေ တက်ချက်က ခါတိုင်း နှစ်ရာဖိုးနဲ့ ရတဲ့ပဲပြုတ်ကို ခု ငါးရာပေးရတဲ့အပြင်
နဲနဲလေး။
ဘယ်နှစေ့မှလည်း မပါဘူး ။ တအိမ်လုံးစာအတွက်ဆို
တစ်ထောင်ဖိုးတောင် လောက်မှာမဟုတ်ဘူး ”
” ကျွေးလိုက်ပါ ။ ညည်းအဖေသာ များများကျွေး။ သူက အလုပ်သွားရမယ့်သူ၊ တို့ကအိမ်မှာနေကြမယ့်
သူတွေ …”
သူ့မိန်းမ စကားတွေ ကြားတချက်မကြားတချက်။ နားလည်း မထောင်ချင်တော့။
သမီးကြီးနယ်ပေးတဲ့ ထမင်းကိုသာ ငပိထောင်းလေးမြုပ်၊ သရက်သီးစိမ်းလေးကိုက်ပြီး စားလာခဲ့တော့သည်။
အခါရက်များကို မက်မောသူ သူက
အမေ့မျက်နှာမြင်ယောင်မိတော့ အလုပ်သွားဖို့ မပျင်းတော့ပေ။
” အမေ့ကို မနက်ဖြန် ကန်တော့မယ်လေ… ”
#သိမ့်ဝတ်မှုံပြည့်စုံမိုး
၁၆၊ ၄၊ ၂၄