အကယ်၍သာ…(စ/ဆုံး)

—————

ကိုဘမောင်တို့ကလည်း အိမ်ကိုအလည်လာရင် ပါးစပ်က အငြိမ်ကိုမနေဘူးဘဲ။

မကျော့မေတို့မှာ အစစအရာရာပြည့်စုံပါတယ်ဗျာ…

စည်းစိမ်ဥစ္စာဆိုတာကလည်းဆယ်သက်စားမကုန်..

အဲ…လိုနေတာကသားသမီးဗျ..သားသမီး…

ဘယ်နှယ်ဗျာ..
ခွေးတွေကြောင်တွေကို ကလေးတွေလိုဂရုစိုက်ပြီး ချစ်နေတာကတော့ မဟုတ်သေးပါဘူး…

ဟင်း….ကိုဘမောင်..ကိုဘမောင်။

သူပြောချင်တာသာ ဇွတ်ပြောနေတော့တာပဲ။

ကျမတို့လည်း ကလေးမလိုချင်ပဲရှိပါ့မလား။

အိမ်ထောင်စကျကတည်းက သူ့သဘာဝအလျောက် ကလေးမရနိုင်တာကတော့ ဘာမှမတတ်နိုင်ဘူးလေ။

ညောင်ပင်မှာ သားဆုပန်ရင်ရတယ်ဆိုလို့ ဆုတောင်းလိုက်ရတဲ့ညောင်ပင်ဆိုတာလည်း မရေတွက်နိုင်ဘူး။

သမားတော်ပေါင်း မြောက်များစွာနဲ့လည်း ပြသဖူးပြီးပြီ။

တိုင်းရင်းဆေးပေါင်း များစွာ တရုပ် အိန္ဒိယဆေးပါမကျန်သောက်ခဲ့ဖူးပေါ့။

သားသမီးရဖို့ ကံမပါလေတော့
စိတ်ဓာတ်ကျစွာနဲ့လက်မှိုင်အလီလီ ချခဲ့ရပြီ။

အိမ်က ကိုစောဦးကတော့ ဖွင့်သာမပြောတာ။

ကလေးတွေများ မြင်လိုက်တာနဲ့အူယားဖားယားကို ဖြစ်နေတော့တာပဲ။

သူများသားသမီးကော ဘာသောနားမလည်ဘူး။

တွေ့မြင်ကရာ ကလေးတွေကိုအတင်းပွေ့ချီ၊အတင်းနမ်းရှုံ့နဲ့
အိန္ဒြေကိုမဆယ်နိုင်ဘူး။

သူကဒီလို လုပ်လေလေ။

ကျမ ကျော့မေမှာ ဝမ်းနည်းပက်လက် ဖြစ်ရလေလေ။

အလှမွေးခွေးလေးတွေကိုလည်း ကောင်းကောင်းမွန်မွန်ပြုစုကျွေးမွေးပြီး သားသမီးပမာ ချစ်နေတာ။

သူတို့လေးတွေ တခါတရံ နေထိုင်မကောင်းဖြစ်လို့ကတော့ ကုမ္မဏီကိုမသွားနိုင်ဘူး။

တိကုဆရာဝန်ကို ချက်ချင်းဖုန်းဆက်၊ချက်ချင်းခေါ်နဲ့ အလုပ်ကိုရှုပ်နေတော့တာပဲ။

ဆရာဝန်က ပြုံးစေ့ပြုံးစေ့နှင့်….

မကျော့ ရေ…
ကလေးတစ်ယောက်လောက် အမြန်မွေးပေးလိုက်ပါဗျာ..

ကိုစောဦးတစ်ယောက် ဒီလောက်ကလေးချစ်နေတာ မြင်ရတာ စိတ်မချမ်းသာလှဘူး…

သြော်..ဆရာဝန်ရယ်..
ရှင်ကတော့ စကားရယ်ဖွဲ့ ပြောလိုက်တာပဲ..
ကျမရင်ထဲမှာတော့ ကိုယ့်ဝမ်းနာကိုယ်သာသိပေကိုး…

အပြင်ကိုထွက်မလာတဲ့ ကျမရင်ထဲက စကားတွေပါ။

အိမ်မှာက ကိုစောဦးရယ်၊ကျမရယ်၊ကျမဖက်ကဆွေမျိုးနီးစပ်တော်တဲ့တူမလေးရယ် ခြံစောင့်အဘရယ်ပဲရှိတာ။

ကိုစောဦး ကုမ္မဏီကိုသွားရင် တူမလေးနဲ့ကျမ ခြံစောင့်အဘ တို့ပဲအိမ်မှာကျန်ခဲ့တာ။

အိမ်အလုပ်ရယ်လို့လည်း ကျမတို့မှာမယ်မယ်ရရ မရှိပါဘူး။

ချက်ပြုတ်စားသောက်ပြီးရင်တူမလေးနှင့်အတူ ဇာထိုးပန်းထိုး အလုပ်ကို အပျင်းပြေလုပ်ကြတယ်။

တူမလေးက တရားစာအုပ် ဖတ်ပြတယ်။

သူ့ဒေါ်လေးကျမကို နှိပ်ပေးတယ်။

တူမလေးက လက်သိပ်ပေါက်တာ။

သူများနှိပ်ပေးရင် အကြောကိုပြေသွားရော။

သူ့မိဘများက သူငယ်ငယ်လေးထဲက ဆုံးသွားကြတယ်။

ရွာကိုပြန်ပြီးအလှုပြုတဲ့နှစ်ကတော့ အမျိုးထဲကကြီးမေလှကသူကလေးကိုခေါ်ယူပြီးမွေးစားထားတဲ့ အကြောင်းပြောပြတယ်။

ကျမသူ့ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ ဆံပင်အုပ်လုံးသိမ်းလေးနဲ့ မျက်နှာလေးကသနားကမားလေး။ မျက်လုံးမျက်ဖန်လှလှလေးနှင့် အသားအရေ ကြည်ကြည်လေးပါလား။

နှုတ်ခမ်းလေးကလည်း ထူထူရဲရဲလေး။

သူ့မှာအထူးခြားဆုံးကတော့မျက်လုံးရွဲကြီးနှင့် မည်းပြောင်နေတဲ့ဆံပင်အုံထူထူကြီးတွေပဲ။

တောမှာနေတဲ့ ပတ္တမြားအလှလေးပါလား။

ကိုယ်ကလေးယို့ပြီး ကျမအနားကိုကပ်လာတယ်။

လက်ထဲကိုင်လာတဲ့ လက်ဖက်ပန်းကန်လေးကို တရိုတသေလေးနှင့်ကျမဆီကို ကမ်းလိုက်တယ်။

ကျမလှမ်းအကြည့်မှာ သူမကမျက်လွှာလေးကို ချထားတယ်။

ချစ်စရာ့ ကျေးတောသူလေးရယ်။

ဒီလက်ဖက်က ဘယ်သူသုတ်တာလဲ…

ရွှေမှီသုတ်တာပါ…

အစပ်အဟတ် တည့်လှချည်လား..
စားရတာ ခံတွင်းတွေ့လိုက်တာ…

ကြီးမေလှက …
မယ်မင်းက ဟင်းချက်ကောင်း မရွှေကျော့ ရေ…

သူက လက်စ လက်နကိုရှိတာ..
ယုတ်စွအဆုံး သူဖျော်တဲ့ငပိရည်ကအစ ကောင်းနေရော…

ကြီးမေလှက စကားတည်အနေတည်သူပါ။

စကားကို ရယ်သွမ်းပြီးလည်းမပြောတတ်ပါ။

ရွာမှာ လယ်ဧကများစွာ ပိုင်ဆိုင်တဲ့လယ်ပိုင်ရှင်သူဌေးမ တစ်ယောက်ပါ။

အလှုပြီးလို့ ပြန်မယ့်နေ့ တစ်ရက်အလိုမှာ ကြီးမေလှက မယ်ကျော့ရေ ညည်းအဖော်ရအောင် ရွှေမှီ့ကိုခေါ်ချင်ခေါ်သွားပါလား…

သူက လိမ္မာရေးခြားလည်းရှိတယ်…

ကိုယ့်အမျိုးမကင်းထဲကဆိုတော့ညည်းလဲတိုးတိုးဖော်ရတာပေါ့အေ….

သူကလိုက်ချင်တယ် ပြောလို့လားကြီးမေလှရယ်…

လူကြီးတွေက ကောင်းတယ်ဆိုရင်သူလိုက်ရမှာပေါ့အေ…

မြို့မှာ နေရမှာလေ..

သူ့မှာလည်းဘယ်သူမှရှိတာမဟုတ်ဖူး..

တစ်ကောင်ကြွက်ရယ်..
.
.
.
အထုတ်လေးတစ်ထုပ်နဲ့ မြို့ဆိုတာဘယ်လိုနေရာမှန်းမသိတဲ့ မရွှေမှီလေးဟာ ကျမတို့နဲ့အတူလိုက်ပါလာခဲ့တယ်။

မြို့ဟာသူ့အတွက် တခြားကမ္ဘာတစ်ခုပါ။

လိမ္မာရေးခြားရှိပြီး အလွန်အလိုက်သိတဲ့ သူမကြောင့်ကျမတို့စိတ်ချမ်းသာခဲ့ရတယ်။

ကျမက သူ့ကိုစာသင်ပေးတယ်။

လေးတန်းလောက်အထိပဲစာသင်ဖူးပေမယ့် ရွှေမှီလေးဟာဥာဏ်ကောင်းတယ်။

ခဏလေးနှင့် စာတတ်လွယ်တယ်။

မဂ္ဂဇင်းစာစောင်၊သတင်းစာတွေကိုလည်းဖတ်နိုင်တယ်။

ကျမတို့အိမ်ကိုခေါ်လာတုန်းက သူက ရွှေရင်သိမ်းသစ်အရွယ်ဆယ့်ငါးနှစ်ပါ။

မြို့နေမြို့စား အရပ်ကိုရောက်လာတော့ ရုပ်ခံလေးကလည်းရှိတဲ့ မရွှေမှီလေးဟာ တသွေးတမွေးနှင့် လှလှပပလေးဖြစ်လာပါတော့တယ်။

ကျမကသူ့ကို အဝတ်အစားလေးတွေဝယ်ပေးတယ်။

ရွှေတိုရွှေစလေးတွေ ဆင်ယင်တယ်။

ဥစ္စာပစ္စည်းနှင့်လည်း သူ့ရိုးသားမှု့ကိုအကြိမ်ကြိမ် သွေးတိုးစမ်းဖူးတယ်။

သူ့ရိုးသားမှု့ကို ကျမ လက်ခံလိုက်တယ်။

ပိုက်ဆံတွေကို အလွယ်ထားဖူးတယ်။

စိန်လက်စွပ်ကို ရေချိုးခန်းထဲချွတ်ထားခဲ့ပြီး တမင်မေ့ဟန်ဆောင်ခဲ့ဖူးတယ်။

ကျမရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို သူ့ပစ္စည်းတွေလို စောင့်ရှောက်တတ်လာတဲ့အခါ ကျမသူ့ကိုပိုမိုယုံကြည်လာတယ်။

လူကြုံနဲ့ ရွာက ကြီးမေလှဆီကို စာပေးဖြစ်တယ်။

ရွှေမှီလေးရဲ့ရိုးသားဂုဏ်ကို ဖော်မိတယ်။

ကြီးမေလှက ဝမ်းသာတယ်။

ထပ်ဆင့် ထောက်ခံတယ်။

ရွှေမှီဟာဟိုးယခင့် ယခင်ကတည်းက သူ့ဆီမှာ ငွေရေးကြေးရေးကို သူ့သားသမီးတွေထက် စိတ်ချရသတဲ့။

ကြားရတာ နှစ်လိုဘွယ်ရှိလိုက်တာ။

ကျမရင်ထဲမှာ ကြိတ်ပြီး ဝမ်းသာနေမိတယ်။

ဒါပေမယ့် ရာခိုင်နှုန်း အပြည့်တော့မဟုတ်သေးပါ။

ရှိသမျှ စည်းစိမ် အကုန်သိလို့တော့မဖြစ်သေး။

ဝှက်ဖဲဆိုတာတော့ ရှိရပေဦးမပေါ့။

လူဆိုတာ အရာရာကို ဥာဏ်ကလေးနဲ့ယှဉ်တွဲ နေထိုင်ရတာ မဟုတ်ပါလား။.
.
.
.
တနင်္ဂနွေ အားလပ်ရက်မှာတော့ ကိုစောဦးရဲ့လုပ်ဖော်ကိုင်ဖက် ကုမ္မဏီက အလှုပေးတာကြောင့် ကျမတို့ဇနီးမောင်နှံ အတူသွားဖို့ဖြစ်လာတယ်။

အလှုအိမ်ရောက်တော့ လူစုံနေပြီ။

ဝန်ထောက်ကတော် မိသားစုကိုလည်းတွေ့တယ်။

ဆရာဝန်ကြီးဦးကြည်ပေါတို့မောင်နှံက သူတို့ဝိုင်းမှာ အတင်းထိုင်ခိုင်းတာကြောင့် ဝင်ထိုင်ရတယ်။

လှလိုက်တာ ကျော့ရယ်…ဝတ်ထားတဲ့စိန်က ကျော့ရဲ့အလှကိုမမှီဘူးဘဲ….

ရယ်သွမ်းပြောတတ်တဲ့ မမအေးရဲ့မြှောက်ပင့်မှု့က စိတ်ကြီးဝင်စရာ။

ကျမတို့ဝိုင်းနဲ့မလှမ်းမကမ်းမှာတော့ နှစ်နှစ်အရွယ်ကလေးငယ်လေးက ဟိုဟိုဒီဒီ လျောက်သွားနေတယ်။

သူ့အမေဖြစ်ဟန်တူတဲ့ အမျိုးသမီးက သူ့နောက်က အတင်းလိုက်ဆွဲနေရတယ်။

ကိုစောဦးဟာ ဗြုန်းဆိုထပြီးကလေးငယ်ကို သူချီပိုးဖို့ အနှီအမျိုးသမီးဆီမှာ ခွင့်တောင်းနေတယ်။

အမျိုးသမီးက ရယ်ပြုံးပြီး ကလေးကို ကိုစောဦးလက်ထဲထည့်လိုက်ပါတယ်။

ကလေးက ကိုစောဦးလည်ပင်းကိုအတင်းဖက်ထားပြီး လိုက်လာတယ်။

မမအေးက လှမ်းပြောတယ်။

ဝင်နီမေ က ကလေးတစ်ယောက်အမေ မုဆိုးမလေ…

ဒီကလေးမွေးပြီး လပိုင်းလောက်မှာပဲ သူ့ယောင်္ကျားက ကားတိုက်မှု့ဖြစ်ပြီးဆုံးသွားတာ…

သူ့ခမြာ သနားပါတယ်…
ယောင်္ကျားသေသွားတော့ မလုပ်တတ်မကိုင်တတ်နဲ့ ရှိတာလေးထိုင်စားနေတာကနေ ခုတော့ စိန်ပွဲစား လုပ်နေလေရဲ့….

ဘုရား..ဘုရား…
မုဆိုးမက လှလှလေး။
အသက်လေးကလည်း ငယ်ငယ်လေး။

ရုပ်ရည်လေးကလည်း အထက်တန်းကျကျရုပ်ရည်လေး။

ပြင်တတ်ဆင်တတ်နှင့်ခေတ်သမီးပျိုလေးလို အဟုတ် မုဆိုးမကလေးအမေပါဆိုတာဖွင့်ပြောမှသိမယ့် ရုပ်ရည်လေးကိုပိုင်ဆိုင်ထားသူ​လေး။

ဒီအကြောင်းတွေ ကိုစောဦး မသိပါစေနဲ့။

ကျမ လှမ်းအကြည့်လိုက်မှာတော့ကိုစောဦးက ကလေးကိုသူ့အမေဆီကိုလှမ်းပေးလိုက်ပါတယ်။

ဟဲ့..ဟဲ့..ကလေးကသူ့အမေခေါ်တာတောင်မလိုက်ဖူးတော့…

ကိုစောဦးကိုအတင်းတွယ်ဖက်ထားတယ်…

သူ့အမေက ဟိုသွားမယ်..ဒီလာမယ်ပြောပြီး ချော့ခေါ်လည်းမရ။

သူ့အမေဆီ ပြန်မလိုက်ဖူးဆို မလိုက်ဖူး။

ဇွတ် တင်းခံနေတယ်။

ကိုစောဦးက…
ကိစ္စမရှိပါဘူး ခင်ဗျ…..
ဆိုပြီးရယ်ကာမောကာနှင့်ကလေးက သူ့ကို ခင်တွယ်နေတယ် ဆိုတာကို သူက ပိတိ သောမနသတွေ ကျပြီး အကျေနပ်ကြီး ကျေနပ်နေလေ​ပြီ။

အဲဒီ အဖြစ်အပျက်ကိုကြည့်ပြီးဒေါပွ ဒေါထနေတဲ့ကျမ မျက်စေ့ထဲမှာစပါးမွှေး အကြီးအကျယ် စူးလို့နေပါပေါ့။

ခေတ်မီပြီး လှပကြော့ရှင်းနေတဲ့မုဆိုးမလေးနှင့် ကိုစောဦးတို့ ကလေးကို အပြန်အလှန် ချီပိုးဖို့ပြင်နေကြတဲ့ မြင်ကွင်းဟာ ကျမမျက်စေ့ထဲမှာရော ကျမနှလုံးသားထဲမှာပါ ဘဝင်မကျ ချင်တော့ပါဘူး။

တအောင့်ကြာတော့မှ ကလေးက ကိုစောဦးရဲ့ပုခုံးပေါ်မှာ အိပ်ပျော်နေတာတွေ့တယ်။

ကိုစောဦးက သူ့အမေဆီကိုကလေးကို လက်ဆင့်ကမ်းလိုက်တယ်။

ကလေးအမေက ကိုစောဦးကိုအားနာတဲ့ ဟန်ပန်အမူအရာတွေနှင့်စကားတွေ ပြောနေကြတာ တွေ့ရတယ်။

ကိုစောဦး ကျမတို့အနားကို ပြန်ရောက်လာတယ်။

ကိုစောဦးကို ခဏလေးအတွင်းမှာကလေးက ခင်တွယ်သွားတယ်နဲ့တူတယ်…
ရှေးက ရေစက်ပါတယ်နဲ့ တူပါရဲ့….

လူတစ်ချို့ရဲ့အပမာန ဘီးအဆင်းတွန်းချပေးတဲ့ စကားလုံးတစ်ချို့ကိုလည်း ကြားလိုက်ရတယ်။

ကြားရတာရင်ထဲမှာ မနှစ်မြို့လိုက်တာ။

ဒါဘာစကားတွေလဲ။

ရှေးရေစက်က ပါလိုက်သေး။

အလှုမှာခဏ တွေ့တယ်။

ကလေးကိုချစ်လို့ ယူချီကြည့်တယ်။

လက်သာတော့ ကလေးက နေတယ်။

ဒါပဲလေ။

ကလေးမရနိုင်တဲ့ကျမကို ရှေ့ထားပြီး တမင်တကာ သာသာထိုးထိုးပြောတတ်တဲ့ လူတစ်ချို့ဆိုတာနေရာတိုင်းမှာ ရှိနေတာပဲ။

လူတစ်ယောက်ရဲ့အားနည်းချက်ကိုမှ ချိုးချိုးဖဲ့ဖဲ့ ပြောတတ်တဲ့အောက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကို ဝေးဝေးက ရှောင်မှဖြစ်တော့မယ်။
.
.
အိမ်ပြန်ရောက်တဲ့အထိ စိတ်က မကြည်လင်နိုင်တော့ဘူး။

ရွှေမှီလေးက သံပုရာရည်အေးအေးလေးနှစ်ခွက် ဖျော်လာတယ်။

ကျမ ချွတ်လိုက်တဲ့လက်ဝတ်လက်စားတွေကိုလည်းသူက သေချာသိမ်း ဆည်းနေတယ်။
.
.
.
ညဖက် အိပ်ပျော်နေတုန်း ကိုစောဦးရဲ့ယောင်ရမ်းပြီး ကလေးချော့တေးကြောင့် အိပ်ယာက လန့်နိုးခဲ့ရတယ်။

ကျမ ကိုစောဦးကို နှိုးလိုက်တယ်။

ဟင်…ကိုယ်ဘာဖြစ်လို့လဲကျော့…

ယောင်နေတာ..ယောင်နေတာ..
သီချင်းဆိုနေလို့…

အော်..ဟုတ်မယ်..ကိုယ်လေအိမ်မက်ထဲမှာ မနေ့က ကလေးလေးကို သီချင်း ဆိုပြနေတာ…

ပြုံးရွှင်ပြီးပြောနေတဲ့ သူ့ရဲ့အမူအရာတွေက ကျမစိတ်ကိုအနှောင့်အယှက် ဖြစ်သွားစေတယ်။

ကျမဆက်ပြီး အိပ်မပျော်တော့ဘူး။

သိလားကျော့..အဲဒီသားလေးကလေ ချစ်စရာသိပ်ကောင်းတာ..ကိုယ်ကသားသားလေးလို့ခေါ်လိုက်တာ ဗျာ လို့ထူးတယ်ဗျ..

စမြုံ့ပြန်နေတာ။

စမြုံ့ပြန်ပြီး ပီတိကျနေတာ။

သူများသားသမီးကို အိမ်မက်ထဲအထိ စွဲလန်းနေတာ။

နေရာပေးနေတာ။

ကလေးအဖေသိပ်ဖြစ်ချင်နေတဲ့ကိုစောဦးကိုကြည့်ပြီး ကျမရင်မောလိုက်တာ။

သူ့အမေက ပြောသေးတယ်..သားလေးမွေးနေ့ကျရင် ကိုယ့်ကိုလည်းဖိတ်မယ်တဲ့….
ကိုယ်တို့သွားရအောင်နော် ကျော့…

အမလေး…မွေးနေ့ပွဲဖိတ်ရင်တောင် သွားဦးမတဲ့….
.
.
.
ကျော့ ရေ..ဘိလပ်က သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးက ဒီကိုလာမှာတဲ့နော်.

အဲဒါကျော့ရော ကိုစောဦးပါ ဆေးစစ်ကြည့်ပါလား..

ဆရာဝန်ကြီးနဲ့ လည်းတိုင်ပင်လို့ ရတာပေါ့…

ဆွေမျိုးလိုဖြစ်နေတဲ့ ဝန်ထောက်ကတော်မမ ကအကြံပေးတယ်။

ဘိလပ်က ဆရာဝန်ကြီးက ရောက်နေပြီ လူနာလက်ခံပြီလို့သတင်းကြားတာနဲ့ သူ့ဆေးခန်းရှိရာ မဂိုလမ်းကို ကျမတို့နှစ်ယောက်သွားပြီး ဆရာဝန်ကြီးနှင့်ဆွေးနွေးပြီး ဆေးစစ်မှု့ အဆင့်ဆင့် ပြုလုပ်ကြပါတယ်။

တစ်ပါတ်နေမှ အကြောင်းပြန်မယ်တဲ့။

အရင့်အရင် ပြည်တွင်းကမီးယပ်
သွားဖွားအထူးကု ဆရာဝန်ကြီးတွေနဲ့ အကြိမ်ကြိမ်ပြသဖူးတယ်။

တိုင်ပင် ဆွေးနွေးဖူးတယ်။

ကျမသားအိမ်က ကလေးဘယ်လိုမှ မရနှိုင်ဘူးဆိုတဲ့ အဖြေပဲ ထွက်လာတယ်။

ယခုတစ်ကြိမ်ကတော့ နောက်ဆုံးအကြိမ်အဖြစ် ရသေ့စိတ်ဖြေ အနေနဲ့ ပြသရတာပါ။

ကိုယ့်အခြေအနေ ကိုယ်သိထားသူမို့ အများကြီးလည်း မမျှော်လင့်ထားပါဘူး။

ကိုစောဦးကိုလည်း သေချာ စမ်းသပ်စစ်ဆေးမှု့တွေ ပြုလုပ်ပါတယ်။

ချိန်းဆိုထားတဲ့ရက် ရောက်လာပါပြီ။

ဆရာဝန်ကြီးကမျက်နှာအမူအယာပြုံးပြုံးရွှင်ရွှင်နှင့် ကျမတို့ကို ကြိုဆိုပါတယ်။

စကားပြန်လေးကလည်း ယဉ်ကျေးပျူငှာစွာနဲ့ ကျမတို့ကိုနေရာထိုင်ခင်း စီစဉ်ပေးတယ်။

သူတို့အမူအရာတွေကို ကြည့်ပြီးကျမရင်ထဲမှာ ကြည်နူးမှု့တစ်ခုရနေသလိုလို ခံစားမိတယ်။

ခဏနေတော့မှ စာရွက်တစ်ထပ်ကြီးကို ကျမတို့ကို ပေးတယ်။

ထုံးစံ အတိုင်းပါပဲ။

ကျမကတော့ နိုး ပါ။

မျှော်လင့်ချက် မဲ့ပါတယ်။

ကိုစောဦးကတော့…..
ကိုစောဦးဘက်ကတော့ ကလေးရနိုင်တဲ့ရာခိုင်နှုန်း အပြည့်အဝရှိတယ်လို့ ဆရာဝန်ကြီးက ကောက်ချက်ချလိုက်ပါတယ်။
.
.
.
ကိုစောဦးနဲ့ကျမ အိမ်ထောင်သက်ဆယ့်ငါးနှစ်ခန့် ရှိသွားပါပြီ။

ကျမ အသက်နှစ်ဆယ်၊ကိုစောဦးက အသက်နှစ်ဆယ့်နှစ်နှစ်လောက်မှာ အိမ်ထောင် ပြု့ခဲကြတယ်။

ကျမမိဘဘက်က အမွေ၊ကိုစောဦးမိဘဘက်က လက်ငုတ်လက်ရင်းကို အစပြုပြီးစီးပွားရေးကို တစိုက်မတ်မတ်လုပ်ရင်း အောင်မြင်ကြီးပွားလာတာပါ။

စီးပွားတွေ တဟုန်ထိုး တိုးတက်လာပေမယ့် ကျမတို့အိမ်မှာအိမ်ဆည်းလည်းက ရောက်မလာခဲ့ပါ။

အိမ်နံရံတွေမှာ ကလေးပိုစတာတွေအပြည့် ချိတ်ပြီး ကျေနပ်နေခဲ့ရသူတွေပါ။
.
.
.
တနေ့မှာတော့ ကိုစောဦးရဲ့အိပ်ထဲကနေ ကလေးဓာတ်ပုံ သုံးပုံ တွေ့တယ်။

ဟိုနေ့က အလှုအိမ်မှာ တွေ့ခဲ့တဲ့ကလေးလေးရဲ့ ချစ်စဖွယ် ဓာတ်ပုံလေးတွေပဲ။

ဓာတ်ပုံထဲမှာ ကလေးလေးက ကျမကို ရယ်ပြနေတယ်။

ချစ်စရာ ကောင်းလိုက်တာ။

ကျမ ထွေးပွေ့ထားချင်လိုက်တာဆိုတာလေ။

ဟင်..ဟင်…ဒါဆို သူတို့အဆက်အသွယ် ရှိကြတာပေါ့။

ဒီဓာတ်ပုံတွေ ဘယ်သူလာပေးတာလဲ။

ဝင်နီမေ။
အထက်တန်းကျကျ ရုပ်ရည်လေးနှင့် မုဆိုးမ အချောအလှလေး။

ကိုယ်နေဟန်လေးဆိုတာ လှပလွန်းလို့ မိန်းမချင်းတောင် သမင်လည်ပြန် လှည့်ကြည့်ယူရတယ်။

ကိုစောဦးရဲ့ကိုယ်ကျင့်တရားကို မသိလို့တော့ မဟုတ်ပါဘူး။

အိမ်ထောင်သက် တစ်လျောက်လုံးမိန်းမကိစ္စနှင့် ပတ်သက်လာရင်တစ်စွန်းတစ်စတောင် မကြားဖူးခဲ့တဲ့သူပါ။

သမာဓိအားအပြည့်နှင့် ကျော့တစ်ယောက်သာ သူ့ကမ္ဘာအဖြစ်သတ်မှတ်ထားသူပါ။
.
.
.
ဝင်နီမေတို့အိမ်မှာ ကလေးမွေးနေ့ပွဲ လုပ်တယ်။

ကျမ မလိုက်ချင်ပေမယ့် ကိုစောဦးကို တစ်ယောက်ထဲ မလွှတ်ချင်တာကြောင့် လိုက်သွားခဲ့ရတယ်။

ကလေးလေးက ကိုစောဦးကိုမြင်တာနဲ့ အတင်းချီခိုင်းနေတယ်။

ကျမကကလေးအတွက် ယူလာတဲ့မွေးနေ့လက်ဆောင်ကို ပေးလိုက်တယ်။

ကလေးချီထားတဲ့ကိုစောဦးအနားမှာ ဝင်နီမေက ဘေးချင်းကပ်ပြီးစကားတွေ ပြောနေတယ်။

အကြောင်းမသိတဲ့သူတွေဆိုရင်တော့ သူတို့ဟာမိသားစုလေးပေါ့။

ပါးချိုင့်လေးနှင့်ဝင်နီမေက ရင်ညွန့်ကိုဖော်ထားတဲ့ဆွစ်ဇာလန်ဇာ အနက်ရောင်လေးနဲ့ လှလိုက်တာ။

အင်္ကျီလက်ပြတ်ကနေ ထွက်လာတဲ့ ဆင်စွယ်သဏ္ဍန်လက်မောင်းသားဝါနှစ်နှစ်လေး။

အဝါရောင်လုံချည်လေးနှင့် ကိုယ်နေဟန်ကြော့ကြော့လေးက သိမ်နေတဲ့ခါးကလေးကို သိုင်းဖက်ထားချင်စရာ။

လှရက်ပါပေ့ ဝင်နီမေ။

စိန်ပွဲစားမလေးဆိုပြီး ခုတလောလူတွေပါးစပ်ဖျားမှာ ရေပန်းစားနေသတဲ့။

သူနဲ့ကိုစောဦးက အတော်ရင်းနှီးနေပုံရတယ်။

ဧည့်သည်တွေထပ်ရောက်လာတာနဲ့ ကျမတို့လည်း ဝင်နီမေ့ကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ကြတယ်။

ကျော့ရေ..
ဝင်နီ့ဆီကစိန်နားကပ်တစ်ရံလောက်တော့ အားပေးလိုက်ပါဦးကွာ…
ဒီမှာဝင်နီက ကိုယ့်ကို ဘုရားဒကာ ကပ်စေးနဲကြီးဆိုပြီး ပြောနေလေရဲ့…

ဟင်း..ဟင်း..ဟုတ်တယ်လေမမကျော့ရဲ့…
ကိုစောဦးတို့က ဒီလောက်ချမ်းသာနေတာ..

ဝင်နီတစ်ရက်မမကျော့တို့အိမ် လာခဲ့ပါဦးမယ်…

မျက်လုံးလေးထောင့်ကပ်ပြီး ပါးချိုင့်လေးခွက်နေအောင် ပြောနေပုံလေးကိုက စွဲငြိချင်စရာ မုဆိုးမလှလှလေးပါလား။

အိမ်ပြန်လမ်းတစ်လျောက် ခေါင်းထဲမှာ အတွေးတွေကယောက်ယက်ခတ်နေတယ်။

အိမ်ရှင်ကတောင် အလည်လာပါ မဖိတ်ခေါ်ရသေးဘူး။

သူက အတင်းပဲ လာလည်ချေဦးမတဲ့။

ဒီကိစ္စ ဘယ်လိုလုပ်ရပါ့မလဲ။

ကလေးလေးကလည်း ကိုစောဦးကိုတွေ့တာနဲ့ ဆုံးသွားတဲ့သူ့အဖေကိုပြန်တွေ့ရသလို ဖက်တွယ်ထားလိုက်တာများဆိုတာ။

အမေအရင်းက ခေါ်တာတောင်မလိုက်ချင်လို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လို့။

မဖြစ်ချေဘူး။

တော်ကြာ ကလေးကိုအကြောင်းပြုပြီး သူတို့နှစ်ယောက်ရင်းနှီးသွားရင် မခက်ပါလား။

ဟိုမုဆိုးမလေးက ချောလိုက်တာမှမှုံနေတာ ဆိုသလို။

ကိုစောဦးကကော ဘာသားနဲ့ထုထားတာမို့လို့လဲ။

သမာဓိအားကောင်းတယ်ဆိုတာကလည်း ဟိုယခင်ကလေ။

ခုလိုကလေးကလည်း သူ့ကိုခင်တွယ်ကလေးအမေကလည်းသနားစရာအချောအလှလေး။

သနားရာကအစပြုပြီး။

သနားချစ်က ဘာတဲ့။

အမလေး။

ငါခေါင်းတွေ မူးလာပြီ။

အိမ်ကို ဘယ်လိုရောက်သွားမှန်း မသိတော့ပါ။

ရွှေမှီလေးက လာတွဲခေါ်တော့မှသတိကပ်တော့တယ်။

မျက်စေ့မျက်နှာပျက်လာတဲ့ ကျမကိုရွှေမှီလေးက မေးလဲမမေးရဲရှာပါ။

လိမ္မော်ရည်ထဲ သံပုရာသီးစိတ်လေးထည့်ပေးပြီး ဦးကြီးကိုသွားပေးလေရဲ့။
.
.
.
တနင်္ဂနွရေက်တစ်ရက်မှာတော့ ကိုစောဦးက အလုပ်ကိစ္စရှိလို့ဆိုပြီး အပြင်ကို ကားမောင်းထွက်သွားပါတယ်။

ညနေပိုင်းလောက်မှ ပြန်ရောက်တယ်။

နောက်ရက်များမှာတော့ မိတ်ဆွေဆရာဝန်ကြီးကတော် မမစိန်ကအိမ်ဖက်ကို လှည့်ဝင်လာတယ်။

သတိရလို့ မရွှေကျော့ရေ…မြိတ်ဖက်ကငပိချိုချိုလေးလည်းပေးရင်းရွေပုစွန်ခြောက်တွေလဲပါလာတယ်…

လက်ဖက်သုတ်ကောင်းကောင်းတော့စားရပြီပေါ့ မမစိန်…

ရွှေမှီလေးရေ လက်စွမ်းပြပေတော့ဟေ့….

လက်ဖက်သုတ်စားကြပြီးရေနွေးပူပူမှုတ်သောက်ရင်း မမစိန်က။

ပြောစရာရှိတယ် ကျော့….

ဘာများလဲ မမစိန်….

ကိုစောဦးကိုလေ စိန်ပွဲစားမလေးတို့သားအမိနဲ့ တိရိစ္ဆာန်ရုံမှာ
မမစိန်တွေ့ခဲ့တယ်…

သူတို့ကအမတို့ကို မမြင်ဘူး…

ကြားလိုက်ရတဲ့စကား မိုးကြိုးသွားအလား။

ရွှေမှီ့လက်ရာ နတ်သုဒ္ဒါတမျှ ကောင်းလှတဲ့လက်ဖက်သုတ် ဘာအရသာမှ မရှိတော့သလို ခံစားလိုက်ရတယ်။

မမစိန်ပြောတဲ့ရက်ကို တွက်ကြည့်တော့ တနင်္ဂနွေနေ့ကပေါ့။

ကျော့ရေ…နင်တို့ကသူဌေးတွေနော်..စိန်ပွဲစားမလေးက အချော….

မာယာအပလီကြားမှာ ယောက်ျားပါသွားမယ်နော်…

ယောက်ျားပါသွားရင် ကျော့တို့စည်းစိမ်လဲ ပါသွားပြီမှတ်…

စည်းစိမ်လည်းကုန် လင်လည်းရှုံးမှ ခက်ကုန်မယ်…….

ခက်ပြီ။
ဒီတစ်ကြိမ်တော့ အကြီးအကျယ် ခက်ချေပြီ။

 

ငါ ဘာလုပ် ရင်ကောင်းမလဲ။

 

သူတို့ကဘာမှမဟုတ်သေးဘူးလို့တော့ထင်ရတာပဲ။

 

ဒီကိစ္စလွှတ်ထားလို့တော့မဖြစ်ချေဘူး။

 

ငါ့မှာလင်လည်းအရှုံးမခံနိုင်ဘူး။

 

ဥစ္စာပစ္စည်းဆိုဝေလာဝေးပေါ့။

 

ဒီစည်းစိမ်တွေရဖို့တည်မြဲဖို့ငါတို့ဘယ်လောက်ကြိုးစားခဲ့ရသလဲ။

 

ဟိုကပွဲစားမ။

 

လည်လိုက်တာမှဂျင်ပေါ်ကထုံး။

 

ကလေးဗန်းပြ သူ့အလှနဲ့မြှူဆွယ်။

 

အ မ လေး…

..တွေးမိရင်းနဲ့ငါသွေးတက်ပါပေါ့လား။

 

ဒုက္ခပါပဲကျော့မေရယ်။

 

ကိုစောဦးကလည်းကလေးကိုအရူးအမူးချစ်တတ်တော့ ကလေးနဲ့သာဖြားယောင်းလို့ကတော့ ကြိမ်းသေပါသွားမှာ။

.

.

 

ကြီးမေလှ ရန်ကုန်ကိုရောက်နေတယ်။

 

သူ့ကိစ္စနှင့် သူလာတာ။

 

တသွေးတမွေးဖြစ်နေတဲ့ရွှေမှီလေးကိုတွေ့တော့အံသြဘနန်းကိုဖြစ်လို့။

 

ရွှေပင်ငွေပင်နားတဲ့ အဖိုးတန်ကျေးလေးပေါ့ဆိုပြီး ဝမ်းသာနေတယ်။

 

မျက်တွင်းဟောက်ပက်နှင့်ပါးချောင်နားချောင်ကျနေတဲ့ကျော့မေကိုတွေ့တော့။

 

နေမကောင်းဘူးလားကျော့မေ…

လူနေမကောင်းတာလား..

စိတ်နေမကောင်းတာလား…

 

အကင်းပါးလိုက်တဲ့ကြီးမေလှ။

 

တောမှာနေတဲ့လယ်သူမကြီး။

 

ညည်းလင်ပူနေတာလား ကျော့မေ…

 

အစကတည်းကမှငိုချင်ရက်လက်တို့ဆိုသလိုကြီးမေလှကမေးလာတော့ စိန်ပွဲစားမလေးနှင့်ကိုစောဦးတို့ ကလေးအကြောင်းပြုတဲ့ ဇာတ်လမ်းအစ

ကနေ ယခုထိအကြောင်းရင်ဖွင့်ရပါတော့တယ်။

 

ကျော့မေ ညည်းဟာကကိစ္စကြီးပါလားအေ…

ဒီကိစ္စမပေါ့နဲ့နော်…

ဥာဏ်နှင့်ယှဥ်ရလိမ့်မယ်နော်..

သူတို့ဒီထက်အခြေအနေမဆိုးလာပါစေနှင့်လို့ ဆုတောင်းရမှာပဲ…

ငါတို့ ဦးနှောက်အေးအေးနဲ့ စဥ်းစားကြတာပေါ့အေ…

ငါကတော့ညည်းဒီလိုဖြစ်နေတာမြင်ရတော့ တယ်လည်းစိတ်မသက်သာလှဘူး…

 

တစ်ရက်နှစ်ရက်နေတော့ ကြီးမေလှက ရွှေမှီလေးကိုခဏခေါ်သွားဦးမယ်ဆိုပြီး ရွာကိုပြန်သွားပါတော့တယ်။

 

သုံးလေးရက်လောက်နေတော့ ကြီးမေလှနှင့် ရွှေမှီတို့ ပြန်ရောက်လာကြတယ်။

 

ရွာကအစားအစာတွေလည်းပါလာတယ်။

 

ရွှေမှီလေးက သူရွာကိုပြန်နေတုန်းဒေါ်လေးအစားအသောက်ကောင်းကောင်းစားရမှာမဟုတ်ပါဘူးဆိုပြီး မီးဖိုထဲကကိုမထွက်နိုင်ဘဲချက်ပြုတ်နေပါတယ်။

 

အိမ်အလုပ်တွေပြီးရင်လည်းကျမအခန်းထဲကိုဝင်လာပြီးခြေဆုပ်လက်နယ် ပြုပေးပြန်တယ်။

 

ညနေဖက် ထမင်းဝိုင်းမှာဟင်းတွေစုံလင်နေတာတွေ့တော့ကိုစောဦးက ကျေနပ်နေပြန်တယ်။

 

ရွှေမှီရယ်..

ညည်းရွာကိုခဏပြန်သွားတာငါတို့အိမ်မှာလူသံသူသံခြောက်ကပ်သွားရုံမက

အူတွေပါခြောက်ကုန်တာဟေ့…

 

ကြီးမေလှက ပြုံးတုံ့တုံ့လေးနှင့်။

 

သူကလည်းအကြာကြီးမနေပါဘူးမောင်စောဦးရယ်…

 

ရောက်ထဲကပြန်မယ်ချည်းလုပ်နေတာ..ရန်ကုန်မှာဦးကြီးနှင့်သူ့ဒေါ်လေးစားရေးသောက်ရေးကသီလင်တနိုင်တော့မယ်ဆိုပြီး စိတ်မအေးနိုင်ဘူးလေ….

 

သွေးသားအရင်းမဟုတ်ပေမယ့်လည်း မေတ္တာဆိုတဲ့ကြိုးနဲ့ချည်ကြလေတော့ သံယောဇဉ်ကခိုင်မြဲကြလေသည်ပေါ့။

 

ဘာလိုလိုနဲ့ရွှေမှီလေးက ကျမတို့နှင့်အတူနေလာတာ ဆယ်နှစ်ဝန်းကျင်လောက်ရှိလာပြီလေ။

 

သူလည်း အသက်အစိတ်ဝန်းကျင်လောက်ရှိလာပြီပဲ။

 

ဒီနေ့အထိတော့ ယောင်္ကျားလေးတွေနှင့်ပတ်သက်ပြီးတစွန်းတစ်စမျှသံသယရှိစရာတောင်ကျမ မကြားဖူးခဲ့ပါ။

 

စျေးသွားရင်လည်းအိမ်ကအကူအဒေါ်ကြီးတစ်ယောက်နှင့်အတူသွားတယ်။

 

သူ့ကိုပေးထားတဲ့ငွေကြေးကိုသူကအိမ်အတွက်စီမံခန့်ခွဲတယ်။

 

တစ်ပြားတစ်ကျပ်တောင်လစ်ဟာမှု့မရှိရအောင် သေချာစီစစ်သုံးတတ်တယ်။

.

.

တစ်ညနေမှာတော့ ကြီးမေလှက

ကျမကို ထူးဆန်းတဲ့စကားတစ်ခွန်းပြောတယ်။

 

ရွှေမှီ့ကို ကိုစောဦးနဲ့ အိမ်ထောင်ချပေးမယ်..တဲ့။

 

ကျော့မေ…

အံသြမသွားနဲ့..

ငါသေချာစဉ်းစားပြီးပြီ…

ဒီနည်းကအကောင်းဆုံးပဲ…

 

ညည်းနဲ့ပဲအတူနေမှာ…

..အိမ်ခွဲမထွက်သွားဘူး…

စီးပွားလဲခွဲသွားမှာမဟုတ်ဖူး…

 

အဓိက ကမောင်စောဦးကကလေးရဖို့ပဲမဟုတ်လား….

 

ရွှေမှီကိုငါရွာကိုခေါ်သွားတယ်ဆိုတာလည်းဒီအကြောင်းငါပြောချင်လို့…

နင်တို့ရှေ့မှာငါမပြောချင်တာလည်းပါတယ်….

 

အစကသူငြင်းတယ်…

လုံးဝလက်မခံဘူး..

 

သူကညည်းတို့လင်မယားကိုကျေးဇူးရှင် …

သူ့အသက်သခင်လို့ခေါင်းထဲမှာစွဲမှတ်ထားတာ…

 

ဒီနည်းနှင့်တော့ သူကျေးဇူးမဆပ်နိုင်ဖူးတဲ့….

 

သူကလေးတန်းလောက်ပဲစာတတ်ပေမယ့် …

ဥာဏ်ကတော့ကောင်းတယ်အေ့….

အကင်းလည်းပါးတယ်..

ပါးရည်နပ်ရည်လည်းရှိတယ်…

 

ပွဲစားမလေးနဲ့မောင်စောဦးအကြောင်းကိုငါကပြောပြလိုက်တော့ သူရိပ်မိတယ်တဲ့…

 

ဒေါ်လေးဒီကိစ္စကြောင့်အကြီးအကျယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာသူဘယ်လိုမှစိတ်မကောင်းဘူးလို့လည်းပြောတယ်…

 

ညည်းတို့ချမ်းသာတာညည်းအသိဆုံးနော်ကျော့မေ…

 

ညည်းတို့ချမ်းသာသမျှစည်းစိမ်ဥစ္စာတွေကို သူများလက်ထဲအပါခံမလား…

 

ကိုယ့်လက်ထဲမှာပဲတသက်လုံးထားမလား…..

 

ကိုယ့်ယောင်္ကျားကလည်းကိုယ့်မျက်စေ့ရှေ့မှာနော်….

 

ငါပြောတာသေချာစဉ်းစား….

 

ကြီးမေလှရယ်။

 

မကြံကောင်းမကြံစည်ရာ။

 

တွေးပဲတွေးမိတတ်ပလေတယ်။

 

ကိုယ့်နှမ ကိုယ့်သမီးလေးလိုနေလာပြီးကိုယ့်အရိပ်ခိုနေသူလေးကို။

 

မဖြစ်နိုင်ပါဘူး။

 

ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။

 

လုံးဝလက်မခံနိုင်ဘူး။

 

ကျမဘက်ကိုလည်းစဥ်းစားပေးပါဦး။

 

မမြင်ကွယ်ရာမှာ ဖောက်ပြန်တာကမှ ကြားပဲကြားရမယ်။

 

ကိုယ်လိုက်မကြည့်သမျှမမြင်ရဘူး။

 

ခုဟာက။

 

ခုဟာကတော့ ရွှေမှီလေးနှင့်ကိုစောဦး။

 

နောက်ပြီးကျမမျက်ကွယ်မှာလည်းမဟုတ်။

 

မျက်စေ့အောက်မှာအတူနေပြီး။

 

အမလေး။

 

မြင်ယောင်ကြည့်လို့တောင်မရပါလားကြီးမေလှရယ်။

.

.

ဒီကြားထဲ ပွဲစားမလေးကမဆီမဆိုင် ကလေးနေမကောင်းလို့ ၊

ကလေးကသတိရလို့ ၊

ကလေးကတွေ့ချင်လို့

ဆိုပြီးခေါင်းစဉ်အမျိုးမျိုးတပ်ကာ ကိုစောဦးဆီကိုချဉ်းကပ်ပါတယ်။

မိတ်ဆွေရင်းတွေကလည်း သူတို့သုံးယောက်ကို ကန်တော်ကြီးမှာတွေ့ပြန်ပြီတဲ့။

နောက်တစ်ခါ တိရစ္ဆာန်ရုံမှာ သူတို့သုံးယောက်ကိုပြုံးလို့ပျော်လို့

တွေ့ခဲ့ပြန်သတဲ့။

 

အဲဒီစကားတွေကျမနားထဲကို သံရည်ပူနဲ့ လောင်းချသလို ဖြစ်နေရပါတယ်။

 

ကိုစောဦးကိုအကဲခတ်ကြည့်မိပြန်တော့လည်း ဘာအမူအရာမှ မပျက်ဘဲ ယခင်ပုံမှန်အတိုင်းဖြစ်နေတယ်။

 

ကျမ စိတ်ပူနေတာလား။

စိုးရိမ်စိတ်များနေတာလား။

သံသယတွေလား။

 

ကျမသိတာက ကြာလာရင်ကလေးကပိုခင်တွယ်လာမယ်။

 

ကလေးအမေက မုဆိုးမလှလှလေး။

 

သူတို့ငြိစွန်းမသွားဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

 

ကိုစောဦးဆိုသည်မှာလည်းအသက်လေးဆယ်တောင်မပြည့်သေးဘူးရယ်။

 

ကျမရင်ပူပြီးရင်း ရင်ပူရသည်ပဲ။

.

တနေ့မှာတော့ ကြီးမေလှနဲ့ရွှေမှီလေးက မြို့ထဲကိုကိစ္စတစ်ခုရှိလို့သွားတယ်။

 

ညနေအိမ်ပြန်ရောက်တော့ကြီးမေလှရယ်ဒေါသငယ်ထိပ်တက်ပြီးပြန်လာတယ်။

 

ကျော့မေ..

ညည်းတော့ ကျန်ရစ်ဖြစ်ဖို့သာပြင်ထားပေတော့…

 

ကလေးက သူတို့နှစ်ယောက်ကိုလက်တွဲထားပြီး ပျော်နေလိုက်ကြတာ….

 

အမလေးအေ..

ငါမြင်ရတာ ရင်ပြည့်လိုက်တာ….

 

ဟို.. စိန်ပွဲစားမဆိုတဲ့ မိန်းခလေးကလဲ အတင့်ရဲလိုက်တာ ဆိုတာလေ…

 

မသိတဲ့လူတွေဆို ပီဘိ မိသားစုလေးပဲ.

 

မောင်စောဦးနဲ့မိန်းကလေးကလည်းတကယ့်လင်မယား ဟန်ပန်နဲ့….

 

မိသားစုသုံးယောက် ပြုံးပျော်လို့…

 

ဘယ့်နှယ် ဟာတွေတုန်း….

ညည်းစည်းစိမ်တွေတော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ ရွှေကျော့ရေ…

 

ကြီးမေလှက တောသူပီပီ တုတ်ထိုးအိုးပေါက် ဗြောင်ကျကျပြောကာမှ

ကျော့မေ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲပါရော့လား။

 

ရွှေမှီလေးကတော့ မျက်နှာငယ်လေးနှင့် သူ့သခင်မ အပူမီးကို သူဘယ်လိုငြှိမ်းပေးရပါ့မလဲ ဆိုတဲ့အကြည့်တွေနဲ့ပါ။

.

.

ကျမ စိတ်နှင့်ကိုယ်နှင့်မကပ်တော့ပါဘူး။

 

ကိုစောဦးကတော့ယခင်ပုံမှန်အတိုင်းပါပဲ။

 

လေကလေးတချွန်ချွန်နှင့်

ဘိုကေကိုခပ်ကြော့ကြော့လေးဖြီးလို့ ခေါင်းလိမ်းဆီလိမ်းမပျက်ပါဘဲ။

 

သူကပဲဟန်ဆောင်ကောင်းနေသလား။

 

ကျမအပေါ်မှာလည်း ဂရုစိုက်မပျက်နွေးထွေးနေတုန်းပါ။

 

ခက်နေတာက ဟိုမိန်းကလေးကသားလေးနှင့်မြှူဆွယ်ပြီးသူ့ကိုအပိုင်ချည်သွားမှာကိုကျမတွေးကြောက်နေမိတယ်။

 

ကိုစောဦးကလည်းကုမ္မဏီကိုနေ့တိုင်းသွားရတယ်လေ။

 

အပြင်မှာ အချိန်မရွေးလွတ်လွတ်လပ်လပ်တွေ့နိုင်တာပေါ့။

 

ကိုယ့်သားသမီးလည်းမဟုတ်ပါဘဲကလေးမြင်ရင်သူ့ရင်ထဲကချစ်ခင်လာတဲ့စိတ်ဟာကိုစောဦးဆီမှာဟိုယခင်ထဲကကိန်းအောင်းနေခဲ့တယ်။

 

ကျမနဲ့အိမ်ထောင်ကျပြီးနှစ်နှစ်လောက်အထိ ကလေးရနိုးမျှော်လင့်ခဲ့တယ်။

 

အသိမိတ်ဆွေတွေရဲ့ကလေးတွေကိုတွေ့ရင်လဲခွင့်တောင်းပြီးအတင်းချီပိုးတော့တာပဲ။

 

ဟိုက ကလေးတွေကမလိုက်ချင်။

သူကအတင်းချော့မြှူ။

 

ကလေးကငို။

 

အို…ဘေးကမြင်ရတဲ့ကျမစိတ်တွေလည်းညစ်ခဲ့ရတယ်။

 

အနှီ ကိုစောဦးဟာ အခုလိုကျတော့ စိန်ပွဲစားမလေးရဲ့ကလေးကိုမှတန်းတန်းစွဲပြီးသူ့သားလေးလိုချစ်နေတာတော့ ကျမဘက်ကအဆင်မပြေတော့ဘူး။

 

ပွဲစားမလေးကလည်း တဆင့်ပြီးတဆင့်တက်လာတယ်။

 

ဇာတ်လမ်းအမျှင်မတန်းခင်ဖြတ်ချမှတော်တော့မယ်။

 

ရွှေမှီလေးနှင့်စီစဉ်မယ့်ကိစ္စမှာကောကျမရင်ဆိုင်နိုင်ပါ့မလား။

 

ကျမယောင်္ကျားက ကျမသမီးလေးလိုနေလာတဲ့ကျမရဲ့အရိပ်လေးနှင့် ကျမမျက်စေ့အောက်မှာရွှေလက်တွဲမယ့်ဇာတ်လမ်း။

 

ကျမ ဘယ်အတိုင်းအတာထိခံနိုင်ရည်ရှိမလဲ။

 

ရွှေမှီလေးကကော တသက်လုံးအစေအပါးလို ကျိုးကျိုးနွံနွံနဲ့နေလာပြီးမှ သခင်မနေရာရောက်လာရင်ကျမကို အရင်လိုသဘောထားနှင့် ဆက်ဆံနိုင်ပါဦးမလား။

 

သူ့အတွက်နေရာတစ်ခုရလာခဲ့ရင် သူ့အစွယ်မပြဘူးလို့ မဆိုနိုင်ဘူးလေ။

 

ကျမစိတ်သွားတိုင်းကိုယ်မပါ လူကလဲ ယိုင်တိုင်တိုင်ဖြစ်နေပါပြီ။

 

အိပ်လို့ကလည်းမပျော်တော့ လူကလဲချုံးချုံးကျသွားတယ်။

 

ကြီးမေလှက စိတ်မသက်မသာပုံနှင့်ကျမကိုကြည့်ပြီး…

 

ကျော့မေ ညည်းကလွယ်တာကိုခက်အောင်လုပ်နေတာပဲအေ…

 

စည်းစိမ်ဥစ္စာတွေနဲ့မောင်စောဦးကိုလက်လွှတ်ဆုံးရှုံးခံမလား….

 

ကိုယ့်မျက်စေ့အောက်မှာပဲထားမလား…ဒါပဲစဉ်းစား…

 

ရွှေမှီလေးကိုဟိုနေ့ကမြို့ထဲကိုခေါ်သွားတယ်ဆိုတာလဲငါ့မိတ်ဆွေသားဖွားမီးယပ်ပါရဂူဆီခေါ်သွားတာ….

အားလုံးအိုကေတယ်….

 

ကြီးမေလှရဲ့အစီအစဥ်ကို ကျမလက်မခံနိုင်ပါ။

.

.

တစ်ခုသောညနေမှာတော့ ကိုစောဦးအလုပ်ပြန်ချိန်ထိ ပြန်မလာသေးပါဘူး။

 

ညဘက်တော်တော်ကြီးမိုးချုပ်တဲ့အထိရောက်မလာတော့ကျမ ကုမ္မဏီကိုဖုန်းဆက်ကြည့်တယ်။

 

ကုမ္မဏီက ဖုန်းခေါ်လို့မရဘူး။

သူအဲဒီမှာမရှိတာသေချာပြီ။

 

တစ်ညလုံးအိပ်မပျော်ဘဲ မနက်မိုးလင်းကာနီးမှမှေးကနဲအိပ်ပျော်သွားတယ်။

 

အိပ်ခန်းတံခါးဖွင့်သံကြားလို့မျက်စေ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကိုစောဦးရယ်

နွမ်းလျနေတဲ့မျက်နှာနဲ့ ကျမကိုနှုတ်ဆက်တယ်။

 

ဝင်နီမေ့သားလေးနေမကောင်းအတော်ဖြစ်နေလို့ ကိုယ့်ကိုအကူအညီတောင်းတယ်…

ဆေးရုံတင်ရတယ်ကျော့ရယ်..

သားလေးကသနားပါတယ်ကွာ..

ကိုယ့်လက်ကလေးကိုတချိန်လုံးကိုင်ထားတာ…

ကိုယ့်ရင်ထဲမှာ မချိလိုက်တာ…

 

ဟယ်..သူက။

ကျမကစိတ်ပူပြီးတစ်ညလုံးသူပြန်အလာကိုစောင့်နေခဲ့တာလေ။

 

အဲဒါဝင်နီမေကလည်း သွေးအားနည်းပြီးမူးလို့သူ့ကိုပါစောင့်ရှောက်ပေးရပြန်ရော…

 

အဲဒါမာယာတွေကိုစောဦးရဲ့။

မာယာတွေ။

ကျမတို့မိန်းမတွေမှာသင်စရာမလိုဘဲတတ်တဲ့အတတ်တွေ။

 

နေပါဦးရှင်..

မေးပါရစေဦး…

ရှင်ကလွဲလို့သူ့မှာအကူအညီတောင်းစရာသူ့မှာဘယ်သူမှမရှိတော့ဘူးလား..

ရှင်မှရှင်ပဲလားကိုစောဦး…

 

မင်းမှာအကြင်နာတရားမဲ့လှချေလားကျော့…

မေတ္တာတရားခေါင်းပါးလှပါလား….

သူတို့ကသားအမိနှစ်ယောက်ထဲလေ..

အားကိုးမဲ့နေတာ…

ငါ့ကိုအကူအညီတောင်းတာငါလှစ်လျူမရှုနိုင်ဘူး…

ငါကလူကွ..လူ..လူ..

 

ဟင်!!!!

 

နင်ကမဟာဂရုဏာရှင်ကြီးပေါ့ဟုတ်လား….

မုဆိုးမလှလှလေးကိုမှကူညီချင်တဲ့မေတ္တာရှင်ကြီးပေါ့…

 

ဝုန်း…

ဂလုံး…..

ဂွမ်း….

 

ကျမနဲ့ကိုစောဦးရဲ့ပြင်းထန်တဲ့ပေါက်ကွဲသံတွေကြောင့် ကြီးမေလှတို့အီမ်ပေါ်ထပ်ကိုပြေးတက်လာခဲ့တယ်။

 

အကွဲအရှတွေ အပျက်အစီးတွေကိုကြည့်ပြီး ကြီးမေလှက ခေါင်းကိုငြိမ့်လိုက်တယ်။

 

ကိုစောဦးက လက်ဆွဲအိတ်ငယ်လေးတစ်လုံးထဲမှာ အင်္ကျီသုံးလေးစုံထည့်ပြီး အပြင်ကိုထွက်သွားတယ်။

 

သူ့လုပ်ရပ်ကိုကြည့်ပြီးကျမအလွန်ဝမ်းနည်းသွားတယ်။

 

ကျမနှင့်သူရဲ့အိမ်ထောင်သက်တစ်လျောက်မှာ မိန်းမတစ်ယောက်အတွက်နဲ့ တစ်ယောက်ကိုတစ်ယောက်နာနာကျင်ကျင်စကားလုံးတွေပြောဆိုပြီးရန်ဖြစ်ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။

 

နံနက်စာထမင်းဝိုင်းမှာတော့ ထမင်းကို ဟုတ်တိပတ်တိ မစားနိုင်တော့တဲ့ ကျမကိုကြည့်ပြီး ကြီးမေလှက စိတ်မကောင်းဖြစ်နေပါပြီ။

 

ကဲ…ဘယ်လိုလုပ်ကြမလဲမယ်ကျော့ရေ…

အခြေအနေကတော့ဒီထက်ဆိုးလာဖို့ပဲရှိနေတယ်လို့ငါတော့ထင်တယ်…

 

ကျမ တနေကုန်အခန်းထဲမှာ နေလိုက်တယ်။

 

ဖြစ်လာနိုင်ချေရှိတာကို အဖက်ဖက်က စဥ်းစားတယ်။

 

ညနေဘက်မှာတော့ ကြီးမေလှကိုပြောလိုက်တယ်။

 

ကြီးမေလှကောင်းသလိုသာစီစဥ်လိုက်ပါတော့…

ကျမ လင်ပူမိလို့ ရင်တွေလဲပူ တစ်ကိုယ်လုံးလည်းပူနေပါပြီ…..

ဘာလုပ်ရမှန်းကိုမသိတော့ဘူး…

 

ကျမ ကျော့မေရှုံးနိမ့်သွားပါပြီ။

 

.

 

.

ကျမတို့အိမ်မှာ အခြေအနေတွေတမဟုတ်ချင်းပြောင်းလဲသွားပါတယ်။

 

အိမ်နောက်ဘက်က တိုက်ကိုပြန်ပြီးပြင်ဆင်လိုက်တယ်။

 

ယခင်ကတည်းက တိုက်နှစ်လုံးမှာကျမတို့ကရှေ့ဖက်ကတိုက်မှာသာနေကြပြီးနောက်ဖက်ကတစ်ထပ်တိုက်ကိုပစ္စည်းတွေထားဖို့အတွက်သာအသုံးပြုခဲ့ကြတယ်။

 

ခုတော့ ကြီးမေလှဦးဆောင်ပြီးအလုပ်သမားတွေနှင့်တိုက်ကိုမွမ်းမံပြင်ဆင်လိုက်ကြတယ်။

 

ကိုစောဦးကိုလည်းကြီးမေလှကပဲဘယ်လိုစကားတွေနှင့်ဘယ်လိုတွေပြောဆိုလိုက်လဲတော့မသိပါ။

 

နှလုံးသားကိုစတေးပြီးပြောရမယ့်စကားမို့ ရွှေမှီလေးနှင့်ကိုစောဦးလက်ဆက်မယ့်ကိစ္စကို ကျမ ကြီးမေလှကိုပဲ အလုံးစုံတာဝန်ပေးအပ်လိုက်ပါတယ်။

 

ကိုစောဦးဟာကျမကို မရဲတရဲနှင့်ကြည့်နေရှာတယ်။

 

သူနှင့်ကျမ အစစ အရာရာ ကျမဖြစ်ချင်တာတွေပါ နားလည်မှု့ယူလိုက်ကြတယ်။

 

ကိုယ့်ကိုကိုယ်လည်းတရားချတယ်။

 

ဘာပဲဖြစ်ဖြစ် ငါ့လုပ်ရပ်မှန်တယ်။

 

ငါသားသမီးမမွေးနိုင်လို့။

 

ငါအမေဖြစ်ခွင့်မရှိလို့။

 

ငါ့မှာရှိတဲ့စည်းစိမ်တွေသူများလက်ထဲအပါမခံနိုင်လို့။

.

.

.

 

အသိမိတ်ဆွေတရားသူကြီးကိုအိမ်မှာဖိတ်ပြီး ကိုစောဦးနှင့် ရွှေမှီလေးတို့ မင်္ဂလာလက်မှတ်ရေး

ထိုးကြတယ်။

 

ကိုယ့်ရဲ့မိတ်ဆွေရင်းတွေလောက်ဖိတ်ကြားပြီး အသိအမှတ်ပြုစေတယ်။

 

ရွှေမှီလေးအနေရခက်မှာစိုးလို့

ကျမကတော့အိမ်ပေါ်ထပ်မှာပဲ

တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တယ်။

 

မမစိန်နှင့်ဆရာဝန်ကြီးကတော်က

အိမ်ပေါ်ထပ်မှာ ကျမကို လာတွေ့တယ်။

 

ဒီအစီအစဉ်အကောင်းဆုံးပဲကျော့ရေ…

ဒီလိုမှပဲဖြစ်တော့မပေါ့…

မဟုတ်ရင် စည်းစိမ်ဥစ္စာတွေကသူများအတွက်ဖြစ်သွားမှာနော်…

ဟိုနေ့ကတောင်ဝင်နီမေနဲ့စကားစပ်မိလို့ပြောမိသေးတယ်..

ဝင်နီမေကပြောတယ်..

မမကျော့ဝတ်တဲ့စိန်တွေက ရှေးဟောင်းဖက်ထုပ်စိန်တွေနော်တဲ့..

ခုခေတ်စျေးနဲ့ဆိုတန်ကြေးသိပ်ရှိမှာတဲ့..

ကျော့မှာ စိန်တွေပြည်တောင်းနဲ့ရှိတာသူမသိသေးဘူးလို့မမစိန်ကတွေးမိနေသေးတယ်…

 

ဧည့်သည်တွေပြန်သွားကြတော့ရွှေမှီလေးကိုကျမ အခန်းထဲခေါ်လိုက်တယ်။

 

ခေါင်းငုံ့ပြီးဝင်လာတဲ့ မရွှေမှီ။

သူ့တစ်ကိုယ်လုံး တုန်ယင်နေသလိုပဲ။

 

ကျမက သူ့လက်ကလေးလှမ်းဆွဲလိုက်ပြီးကျမဘေးမှာထိုင်ခိုင်းလိုက်တယ်။

 

ကြီးမေလှကိုလည်း ခေါ်လိုက်တယ်။

 

ကျမအဆင်သင့်ယူထားတဲ့

ငွေသားတွေနဲ့ ရတနာပစ္စည်းတွေကို ရွှေမှီ့ကိုပေးလိုက်တယ်။

 

ပစ္စည်းတွေကိုကြည့်ပြီးရွှေမှီလေးလန့်သွားတယ်။

 

ရွှေမှီက မျက်လုံးမျက်ဆန်ပြူးပြီးငြင်းဆန်တယ်။

 

သူလုံးဝ လက်မခံလိုကြောင်း

မယူလိုကြောင်းပြောတယ်။

 

ရွှေမှီ..ဒေါ်လေးကိုကြည့်စမ်း…

ဒီပစ္စည်းတွေက ရွှေမှီလည်းပိုင်တယ်…

 

ရွှေမှီလည်းကိုစောဦးရဲ့တရားဝင်ဇနီးမယားတစ်ယောက်ဖြစ်နေပြီလေ..

 

ဒေါ်လေးပြောတာသဘောပေါက်ရဲ့လား…

 

ကြီးမေလှကလည်းဝင်ပြောမှသူကပစ္စည်းတွေကို လက်ခံယူပါတယ်။

 

ကျမကပြောပြောဆိုဆိုနှင့် သူ့နားမှာဝတ်ထားတဲ့ နားဆွဲလေးကိုဖြုတ်ပြီး ဗူးထဲက စိန်နားကပ်ကိုဝတ်ပေးလိုက်တယ်။

 

ငယ်ဂုဏ်လေးနှင့်နုငယ်တဲ့အလှလေးရယ် ။

ခဲသားရောင်တဖြတ်ဖြတ်လက်နေတဲ့စိန်နားကပ်ရယ်။

မင်္ဂလာဦးသတို့သမီးလေးရယ် အားလုံးတင့်တယ်နေပါတယ်။

 

ကျမရင်ထဲမှာတော့ဒီည နှလုံးသားဗလာဖြစ်သွားတဲ့ညပါပဲ။

 

.

.

.

မနက်စောစောမှာတော့ မီးဖိုထဲမှာရွှေမှီကိုတွေ့တယ်။

 

ဟင်…ရွှေမှီ အစောကြီးရှိသေးတယ်..ဘာလို့ထလာတာလဲ….

 

ဒေါ်လေးဆွမ်းတော်အမှီကပ်ရအောင်လေ….

 

ကျမကိုပြုံးပြီးပြောနေတဲ့ရွှေမှီ့မျက်နှာလေးကကြည်ကြည်မြမြလေး။

 

ခုနစ်နာရီလောက်မှာတော့ ကိုစောဦးနောက်ဖက်အိမ်ကနေ ထွက်လာတယ်။

 

ကျမအခန်းထဲအထိဝင်လာပြီး သူ့အဝတ်အစားဝင်လဲတယ်။

 

အောက်ထပ်မှာကော်ဖီဆင်းသောက်တယ်။

 

ရွှေမှီလေးဟာ ဟိုယခင် အတိုင်းပဲ။

 

သူလုပ်နေကျ အလုပ်တွေကိုဆက်လုပ်နေတယ်။

 

ကျမတို့စားဖို့ နံနက်စာကို သေချာ ပြင်ဆင်ပေးတယ်။

 

ကျမ သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်လိုက်ပြန်လည်း ဘာမှပြောင်းလဲတာမတွေ့ဘူး။

 

ကိုစောဦးက အလုပ်သွားဖို့ပြင်တော့ ကျမကိုနှုတ်ဆက်တယ်။

 

ကျမ အရင်တုန်းကလိုသူ့ကို ကားနားအထိ လိုက်မပို့ဖြစ်တော့ဘူး။

 

ရွှေမှီလေးကလည်း မီးဖိုထဲမှာ အိမ်အကူအဒေါ်ကြီးနဲ့အတူ ချက်ပြုတ်ဖို့ပြင်ဆင်နေကြတယ်။

.

.

ညနေဖက်မှာတော့ ကိုစောဦးအလုပ်က စောစောပြန်လာတယ်။

 

ကြီးမေလှက ကျမကိုမျက်စပြစ်တယ်။

 

အရင်တုန်းကဆို ညတော်တော်မိုးချုပ်မှပြန်လာတဲ့ ကိုစောဦးပါ။

 

ကိုစောဦးအဝတ်အစားတွေကိုနေ့လည်ထဲက ကျမက ရွှေမှီလေးကိုပေးထားပြီးသားပါ။

 

ရွှေမှီလေးဟာ ယောင်နနလေးနဲ့ကိုစောဦးအဝတ်အစားတွေကိုယူသွားတယ်။

 

နောက်ရက်များမှာလည်း ကိုစောဦးကအလုပ်ကစောစွာပြန်လာတယ်။

 

အိမ်အတွက်မုန့်တွေ ဘဲကင်တွေဝယ်လာတယ်။

 

ကိုးမိုင် နဂါးနီကကြက်ကြော်နဲ့ငါးခေါင်းဟင်းရည်ကိုလည်းတကူးတက ဝယ်လာပြန်တယ်။

 

ဝင်နီမေတို့နှင့်ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းတစ်စွန်းတစ်စမျှမကြားရတော့ပါ။

 

စိတ်ချမ်းသာဖို့ကောင်းလေစွ။

 

တစ်လလောက်နေတော့ ကြီးမေလှက ကျမကိုခေါ်ပြီးအထက်အညာဘက်ဆီကိုဘုရားဖူးထွက်ခဲ့ပါတယ်။

 

ကျမနှင့် ကြီးမေလှလည်း အညာတခွင်မက ရှမ်းပြည်နယ်အထိပါ ခရီးပေါက်ခဲ့တယ်။

 

ခရီးထွက်လိုက်တော့ စိတ်တွေလည်းပေါ့ပါး လန်းဆန်းလာတယ်။

 

ပထမတော့ ကျမစိတ်ထဲမှာ ဝမ်းနည်းတာတွေက နေရာတော်တော်ယူထားတယ်။

 

ကိုယ့်ယောက်ျားတစ်ယောက်လုံးကို တခြားမိန်းကလေးတစ်ယောက်နှင့် တစ်အိမ်ထဲမှာ အတူယှဥ်တွဲပြီး နေဖို့ဆိုတာ တော်ရုံအသဲနှလုံးနဲ့တော့ မဖြစ်နိုင်ဘူး။

 

အဘက်ဘက်ကအများကြီးစဥ်းစားခဲ့ရတယ်။

 

အဲဒီလိုမှမဟုတ်ရင် ကိုယ်တသက်လုံးရှာဖွေစုဆောင်းလာခဲ့တဲ့ပစ္စည်းဥစ္စာ စည်းစိမ်တွေအတွက်ပါထည့်တွက်မိတယ်။

 

အပြင်ကသူနဲ့ ကိုစောဦးငြိတွယ်သွားရင် ကုမ္မဏီရော လုပ်ငန်းတွေပါ ကိုယ်တဝက်ပြန်ရရင်ကံကောင်း။

 

ဥစ္စာပစ္စည်းမမက်ဖူးဆိုတာ အလကားပြောတာပါ။

 

မက်မောကြတာပေါ့။

 

သေရင်ကိုယ့်နောက်ဘာမှမပါဘူးဆိုပေမယ့် မသေခင်အထိကတော့ကိုယ့်အတွက် လိုအပ်သေးတယ်လေ။

.

ကျမတို့နှစ်ယောက် တစ်လနီးပါးလောက် မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့ပြီးမှ အိမ်ကိုပြန်ခဲ့ကြတယ်။

 

ရွှေမှီလေးဟာ ကျမတို့ပြန်လာတာကိုမြင်တော့ ဝမ်းသာအားရနှင့်ကြိုဆိုတယ်။

 

လွမ်းလိုက်တာဒေါ်လေးရယ် ဆိုပြီး ကျမလက်မောင်းကို မလွှတ်တမ်းကိုင်ထားတယ်။

 

ကျမ သူ့မျက်နှာလေးကိုသေချာကြည့်လိုက်တော့လည်း အရင်ကထက်အကြည်ဓာတ်လေးပိုရှိနေသလို ခံစားမိတယ်။

 

ပါလာတဲ့ပစ္စည်းတွေ ကားပေါ်ကချအပြီးမှာ ကြီးမေလှက ရွှေမှီ့ကိုကောက်ခါငင်ခါ မေးလိုက်တယ်။

 

ရွှေမှီ…မောင်စောဦးအလုပ်ကစောစောပြန်လာရဲ့လား…

 

ဟုတ်ကဲ့နေ့တိုင်းစောစောပြန်တယ် ကြီးမေ…

 

ကြီးမေလှက ကျေနပ်တဲ့အပြုံးနဲ့ကျမကို မေးဆတ်ပြတယ်။

 

နောက်သုံးလေးရက်နေတော့ ကြီးမေလှလည်းရွာကိုပြန်သွားတယ်။

 

ဒီလိုနဲ့ပဲသုံးလေးလလောက်အကြာတစ်မနက်မှာမှာတော့…

 

ဝေါ့…ဝေါ့…

ရေချိုးခန်းကဘေစင်မှာအန်နေတဲ့ရွှေမှီ့ကိုတွေ့တယ်။

 

ရွှေမှီသက်သာရဲ့လား…ဒေါ်လေးကိုမှီလိုက်….

 

ကျမသူ့ကိုတွဲခေါ်ပြီးအိပ်ယာဆီကိုခေါ်ဆောင်လာခဲ့တယ်။

 

ဆရာဝန်ဆီကိုလည်းဖုန်းဆက်လိုက်တယ်။

 

ကိုစောဦးကိုလည်းအလုပ်ကိုနောက်ကျမှသွားဖို့ ကျမသတိပေးလိုက်တယ်။

 

ဆရာဝန်ရောက်လာပြီးရွှေမှီ့ကိုစမ်းသပ်စစ်ဆေးမှု့တွေပြုလုပ်တယ်။

 

ပြုံးပြီးအခန်းထဲကထွက်လာတယ်။

 

ကိုစောဦးကိုတစ်စုံတစ်ခုလှမ်းပြောတာတွေ့လိုက်တယ်။

 

ပြုံးသွားတဲ့ကိုစောဦးဟာကျမကိုလှမ်းပြောလိုက်တယ်။

 

ကျော့ရေ…ရွှေမှီ့မှာကိုယ်ဝန်ရှိနေပြီတဲ့….ကိုယ်တို့ခလေးချီရတော့မယ်ကွ…ကိုယ်တို့အိမ်ကိုကလေးလေးရောက်လာတော့မယ်ကွ….ဟေး…

ပျော်လိုက်တာ….

ဂျူနီယာစောဦး ရောက်လာတော့မယ်ကွ…

 

ကလေးငယ်တစ်ဦးပမာအော်ဟစ်ပျော်မြူးနေတဲ့ကိုစောဦးကိုကြည့်ပြီး ကျမကတော့ ရင်ထဲမှာနင့်နင့်ကြီးနှင့်။

 

ပျော်ရမှာလား။

 

ဝမ်းသာရမှာလားဆိုတဲ့ခံစားမှု့အီလယ်လယ်ကြီးနှင့်ပါ။

.

.

ကျမနှင့် ကိုစောဦးရဲ့ဆက်ဆံရေးကလည်း မောင်နှင့်နှမ ဆက်ဆံရေးမျိုးမှာပဲအဆုံးသတ်ထားခဲ့တာကြာခဲ့ပြီ။

 

သူနှင့်ကျမနားလည်မှု့ယူကြတယ်ဆိုတဲ့အထဲမှာ ဥစ္စာပစ္စည်းတင်မကပဲလင်နဲ့မယားဆိုတဲ့ အသိစိတ်ကိုပါဖျောက်ပစ်လိုက်ကြပါတယ်။

 

ကျမအနေနှင့်ကတော့ ငယ်စဥ်ထဲကပေါင်းသင်းလာခဲ့တဲ့ငယ်လင်ငယ်မယားပေမို့သံယောဇဥ်ဖြတ်ဖို့အလွန်ခက်ပါတယ်။

 

ဒါပေမယ့် ကျမ သံယောဇဥ်ကြိုးကိုရအောင်ဖြတ်တယ်။

 

မိန်းမတစ်ယောက်ရဲ့ကိုယ့်လင်သားအပေါ်မှာ ဟန်ဆောင်ပြီးစိမ်းကားရတဲ့ဝဋ်ဒုက္ခက ကြီးမားလှပါတယ်။

 

ကျမစိတ်ကိုအတတ်နိုင်ဆုံးမာကျောအောင်နေတယ်။

 

မာကျောချင်ယောင်လည်းဆောင်ထားတယ်။

 

အကယ်၍သာ ကိုစောဦးအနေနှင့်ကလေးကိုအကြောင်းပြုပြီးဝင်နီမေနဲ့ကိစ္စသာရှိမလာခဲ့ဘူးဆိုရင်ဒီနေ့လိုအဖြစ်အပျက်တွေလည်းရှိလာခဲ့မှာမဟုတ်ပါဘူး။

 

အိမ်ထောင်တစ်ခုမှာ သားသမီးရှိခြင်း မရှိခြင်းက ဒီလောက်အထိအရေးပါ အရာရောက်ခဲ့မှန်းကို အရင်တုန်းက ကျမသေချာ မသိခဲ့ပါ။

 

ကျမအနေနှင့်ကတော့ သားသမီးမရနိုင်လည်းဘာမှမတတ်နိုင်တဲ့အခြေအနေမို့ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိနဲ့ သေတပန်သက်တဆုံးရိုးမြေကျပေါင်းဖက်မယ်ဆိုတဲ့ဆန္ဒသာရှိခဲ့ပါတယ်။

 

ခုတော့လည်းဖြစ်လာသမျှကိုကံအကြောင်းတရားလို့ပဲကျမမှတ်ယူထားပါတယ်။

 

ဘဝတကွေ့မှာဆုံတွေ့လာကြသူအချင်းချင်းမို့အတတ်နိုင်ဆုံးအကောင်းဘက်ကသာကြည့်ပေးတယ်။

 

ကျမဘက်ကလည်း ရွှေမှီလေးရဲ့ကိုယ်ဝန်ကိုအမကြီးတစ်ယောက်လို အမေတစ်ယောက်လို ပြုစုစောင့်ရှောက်ဖို့တာဝန်ဖြစ်လာပါတယ်။

 

အိမ်နှစ်အိမ်စလုံးမှာ ကလေးပိုစတာတွေက နေရာတိုင်းမှာအပြည့် နေရာယူထားတယ်။

 

မရွှေမှီလေးကလည်း အစားတွေပျက်နေတယ်။

 

ကျမလည်းတတ်သမျှ မှတ်သမျှ လေးတွေလုပ်ပေးပါတယ်။

 

အိမ်အကူ နှစ်ယောက်လောက် ရွာဖက်က ထပ်ခေါ်ရတယ်။

 

အသက်လေးဆယ်ကျော် အဒေါ်ကြီးတစ်ယောက်နှင့် ဆယ်နှစ်ကျော်မိန်းကလေး တစ်ယောက်။

 

ရွှေမှီ့ဗိုက်ကြီးက ကော့ပြန်လန်နေတယ်။

 

အမွှာပူးလို့သိရတဲ့နေ့က သူမ ငိုတယ်။

 

မိုးဦးပိုင်းအစလောက်မှာ သူမွေးတယ်။

 

ဆေးရုံသွားတဲ့နေ့က ကျမလက်ကိုမလွှတ်တမ်း ကိုင်ထားတယ်။

 

ကြီးမေလှလည်း ရွာကနေ ရောက်နေတယ်။

 

အမွှာမောင်နှမက တစ်ယောက်နှင့်တစ်ယောက်ဆယ့်ငါးမိနစ်ပဲခြားတယ်။

 

ကိုစောဦးဆိုသည်မှာ နီတာရဲလေးတွေကို လက်ကမချတော့ပါ။

 

သူပြုံးနေသည်မှာလည်း ပါးစပ်နားရွက် တက်ချိတ်မတတ်ပါ။

 

ကြီးမေလှက ကလေးအဖေလို့ခေါ်လိုက်တော့ ကိုစောဦးရဲ့ရှက်ဝဲဝဲမျက်နှာလေးကိုကျမ လှမ်းမြင်လိုက်တယ်။

 

ကိုစောဦးဆုတောင်းပြည့်ခဲ့လေပြီ။

.

.

တချိန်လုံးတိတ်ဆိတ်နေတဲ့ကျမတို့အိမ်မှာ ကလေးသံတွေနဲ့စည်ဝေနေတယ်။

 

အမွှာမောင်နှမနှစ်ယောက်က ဖြူဖြူဖွေးဖွေးကြီးတွေနှင့် ချစ်စရာပါ။

 

ကျမကိုလည်း သူ့အမေထက် ပိုကပ်ပါတယ်။

 

ကျမမှာယခင်ကလို ဘုရားတရားအလုပ်ကို နောက်ကြောင်းအေးအေးနှင့် မလုပ်နိုင်တော့ပါ။

 

တစ်အိမ်လုံးသူတို့လေးတွေကလျှောက်ဆော့နေတော့ အကူမိန်းကလေးနှင့်အတူ ကျမလည်းမျက်စေ့မလပ်ကြည့်နေရတယ်။

 

သုံးနှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ ရွှေမှီ့မှာနောက်ထပ်ကိုယ်ဝန်ရှိပြန်တယ်။

 

ကိုစောဦးကလည်း ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းကိုထပ်ပြီးလုပ်ငန်းတိုးချဲ့တယ်။

 

ကိုစောဦး နယ်ရောက်နေတုန်းရွှေမှီလေးက မိန်းကလေးတစ်ဦးထပ်မွေးတယ်။

 

ကျမနှင့်ကြီးမေလှကပဲသူ့ကိုပြုစုရပြန်တယ်။

 

ခုမွေးတဲ့သမီးလေးကစပါယ်တင်မှဲ့လေးနှင့်အလွန်တစ်ရာချောမောလှပတယ်။

 

ကိုစောဦးနယ်ကပြန်ရောက်လာတော့ သူ့သမီးလေးကိုချစ်မဝဖြစ်နေတာတွေ့ရတယ်။

 

အမွှာပူးမောင်နှမကိုတဖက်စီချီထားတဲ့ကိုစောဦးကိုကြည့်ပြီးကျမအတွေးတွေလည်းဝင်နေမိတယ်။

 

သူဖြစ်ချင်နေတဲ့ကလေးအဖေ။

 

သူလိုချင်တဲ့ကလေး။

 

သူလိုချင်တဲ့သူ့သွေးသား။

 

သူ့အဖို့မှာတော့စိတ်ချမ်းသာစိတ်အေးရပြီပေါ့။

 

ကျမကကော။

 

ကျမသွေးသားလည်းမဟုတ်။

 

သူတို့လေးတွေဟာကျမနှင့်ဘာမှသွေးမတော်သားမစပ်တဲ့သူစိမ်းပြင်ပြင်ပါ။

 

ဒါပေမယ့်လေ။

 

ရွှေမှီလေးဟာကိုစောဦးနှင့်လက်ဆက်တဲ့နေ့ကစလို့ဒီနေ့အထိကျမအပေါ်မှာဟိုယခင်ကလိုပဲကျိုးနွံစွာဆက်ဆံနေတုန်းပါ။

 

မျက်လွှာလေးကိုအမြဲချပြီး စကားကိုလည်းလေသံအေးအေးလေးနှင့်ပြောစမြဲပါ။

 

ကျမကြိုက်တတ်တဲ့အစားအသောက်လေးတွေကိုလည်းသူကိုယ်တိုင်ချက်ပြုတ်စီမံပေးနေတုန်းပါ။

 

ကျမတို့စီမံသမျှကိုလည်း ချိုတယ်ခါးတယ် မရှိပါပဲမြေဝယ်မကျခေါင်းညိတ်သူပါ။

 

ရွှေမှီလေးအပေါ်မှာငါ့လုပ်ရပ်ကတရားမျှတပါရဲ့လားလို့တခါတလေကျတော့လည်းကျမတွေးမိပါတယ်။

 

တဖက်ကိုပြန်ကြည့်ပြန်တော့လည်းရွှေမှီလေးငြင်းမယ်ဆိုရင်ကျမတို့ဇွတ်မစီစဥ်ပါ။

 

ကြီးမေလှဆိုသည်မှာလည်း အင်မတန် လူမှု့ရေးရာနားလည်သူပါ။

 

ရှေ့ရေးကိုလည်းမျှော်တွေးတတ်သူတစ်ယောက်ပါ။

 

ကျမတို့ရဲ့စည်းစိမ်တွေ မိသားစုတွေ ပြိုပျက်သွားမှာကို သူကမလိုလားသူပါ။

 

ကိုစောဦးကလည်း သူ့သွေးသားရပြီးကတည်းက စီးပွားရေးကိုယခင်ကထက်ပိုပြီးအာရုံစိုက်လာတာတွေ့ရတယ်။

 

လုပ်ငန်းတွေရဲ့ငွေကြေးဆိုင်ရာတွေကို ကျမထိမ်းသိမ်းနေဆဲပါ။

 

လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ငွေကြေးစီမံခန့်ခွဲမှု့တွေကိုပါကျမနှင့်တိုင်ပင်ပြီးမှကိုစောဦးကဆောင်ရွက်သူပါ။

 

အလုပ်ကနေအိမ်ပြန်ရောက်ရင် ကျမကိုဦးစွာနှုတ်ဆက်ပြီးမှနောက်ဖက်အိမ်ကိုသူသွားတယ်။

 

ရွှေမှီလေးကလည်း အနေအထိုင်ပိပိရိရိရှိတယ်။

 

ကျမမျက်စေ့ထဲမှာ သူ့ကိုငြိုငြင်သွားစေမယ့်အပြုအမူမျိုးကိုအတတ်နိုင်ဆုံးရှောင်တယ်။

 

အခြေနေတစ်ခုကြောင့်ကိုစောဦးနှင့်လက်ဆက်ခဲ့ရပေမယ့်ငါလည်းအရှင်သခင်မပဲဆိုတဲ့စိတ်နဲ့သူမနေဝံ့ဘူး။

 

ကျမမျက်နှာလေးကိုအညှိုးမခံပဲအရိပ်တကြည့်ကြည့်နှင့် ယနေ့တိုင်ကြည့်နေသူမို့ သူ့ကိုအသနားပိုခဲ့ရတယ်။

 

နွေမိုးဆောင်းရာသီတွေအလီလီပြောင်းခဲ့ပြီ။

 

အမွှာပူးမောင်နှမက ဘွဲ့တွေကိုယ်စီရလို့ သူ့အဖေကုမ္မဏီမှာအလုပ်ဝင်နေကြပြီ။

 

သမီးထွေးကတော့တက္ကသိုလ်တက်နေဆဲပါ။

 

တစ်ခုသောညနေမှာတော့ ကိုစောဦးတစ်ယောက် ဦးနှောက်သွေးကြောပြတ်ပြီးဆေးရုံအရောက်မှာဆုံးပါးသွားခဲ့ပါတယ်။

 

လူ့ဘဝတွေသက်တမ်းတိုလိုက်ကြတာ။

 

ကျမနှင့်ငယ်စဥ်ထဲကရွှေလက်တွဲလာခဲ့တဲ့ကိုစောဦးပါ။

 

ဘဝတစ်သက်လုံးဘယ်တော့မှမခွဲဘူးဆိုတဲ့စိတ်နှင့် နေလာခဲ့တဲ့ကိုစောဦး။

 

ကံကြမ္မာအလှည့်အပြောင်းမှာ တစ်အိမ်ထဲအတူနေပြီး သူများနှင့်ချစ်ဂဟေဆက်တာကို အကြောင်းကြောင်းကြောင့် မလွှဲမရှောင်သာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတယ်။

 

ကိုယ့်ပစ္စည်းဥစ္စာစည်းစိမ်တွေကိုသူများလုယူမယ် ။

 

လင်ယောက်ျားကိုလည်းသူများနောက်အပါမခံနိုင်ဘူးဆိုတဲ့ကျမ စီမံကိန်းတွေချ ။

 

ကလေးတွေရအောင်ဖန်တီးပြီးကာမှ။

အားလုံးလည်းအဆင်ပြေနေပြီးကာမှ။

ခုတော့ မရဏမင်းရဲ့လှည့်ဖြားခြင်းကိုခံရပါပေါ့လား။

 

သေကွဲကွဲကြရလေပြီ။

 

ဘယ်မှာလည်း တည်မြဲခြင်းရယ်။

 

ကိုစောဦးရဲ့ရက်လည်ကိစ္စတွေပြီးချိန်မှာတော့ အမွှာမောင်နှမက ကုမ္မဏီ ကိုဦးစီးဦးရွက်လုပ်ပြီးလုပ်ငန်းခွင်ကို ပြန်ဝင်ကြတယ်။

 

အမွှာမောင်နှမက အလွန်လိမ္မာတယ်။

 

ကျမအပေါ်မှာလည်း ရိုသေလေးစားတယ်။

 

ကျမဘဝလည်း ခုလိုသူတို့လေးတွေနှင့်အတူနေရတော့ စိုစိုပြေပြေလေးနှင့်

မိသားစုဆိုတဲ့အရသာလေးကိုပိုခံစားလာရတယ်။

 

ကိုယ်ကမွေးထားတာမဟုတ်ပေမယ့် သူတို့လေးတွေရဲ့ရှေ့ရေးကို သူ့အမေရွှေမှီထက်ကိုယ်ကပိုပြီးလောဘကြီးနေတတ်တာမျိုးလည်းရှိနေတတ်တယ်။

 

အငယ်ဆုံးသမီးမေထွေးကိုတောင်ပြောမိသေးတယ်။

 

ဘွဲ့တွေတသီကြီးရအောင်ယူနော်…

နိုင်ငံခြားမှာကျောင်းတက်ချင်ရင်လည်း မေကြီးကျော့ စီစဥ်ပေးမယ်..

ကြိုးစားဖို့ကသမီးတာဝန်နော်…

 

အငယ်ဆုံးမေထွေးကဆိုသိပ်တာလွန်းတာ။

 

သူဖြစ်ချင်တာ သူလိုချင်တာမှန်သမျှကျမကိုပူဆာတာ။

 

ကျမဘက်က ဘာပဲလုပ်ပေးရပါစေ သူတို့လေးတွေနဲ့ကျမနေရတာစိတ်ချမ်းသာမှု့ရှိနေတာကိုကကျမအတွက်ကျေနပ်စရာပါ။

 

တချို့သောဆွေမျိုးမကင်းတွေကအတင်းစကားဆိုကြတယ်။

 

ဝမ်းနှင့်မလွယ်သားမမြည်နော်မမကျော့…

ကိုယ့်သွေးသားမဟုတ်ဖူးနော်…

 

ကျမဒီစကားတွေကိုကြားရတော့အလွန်စိတ်ဆိုးပါတယ်။

 

သွေးမနီးပေမဲ့ ကျမရောသူတို့လေးတွေပါ သံယောဇဥ်ခိုင်မာကြပါတယ်။

 

ကိုယ်ကမမွေးရုံတမယ်ချစ်ခဲ့ကြတဲ့ကလေးတွေမို့အပြစ်ဟူသမျှမြူတမှုန်မတွေ့ခဲ့ပါ။

 

သူတို့လေးတွေအမေ မရွှေမှီကလည်းခုချိန်ထိ ကျမကိုခြေဆုပ်လက်နယ်ပြုတုန်းပါ။

 

ဘုရားသွား သီလယူ ကုသိုလ်ကောင်းမှု့ အတူပြုကြဖို့သူနှင့်ကျမ ကံကပါလာတယ်။

 

ကျမမွေးနေ့ သူ့မွေးနေ့မှာ ကလေးတွေက ဘုရားကိုလိုက်ပို့ပေးတယ်။

 

ကျမတို့အလှုပြုထားတဲ့ဘုရားတန်ဆောင်းကြီးမှာ

ဘုရားဒကာကြီး ဦးစောဦး~ဇနီးဒေါ်ကျော့မေ~ဒေါ်ရွှေမှီ မိသားစုကောင်းမှု့…

ဆိုတဲ့ စာတန်းကြီးကိုယခင့် ယခင်ကလဲမြင်ဖူးပြီးသားပါ။

 

တခါတလေမှာ ရွှေမှီက စာကိုသေချာဖတ်ပြီး ကျမလက်ကိုခပ်တင်းတင်းလေးဆုပ်ကိုင်တတ်တဲ့အခါမျိုးလည်း ရှိတယ်။

 

ဒါအမှန်တရားလေရွှေမှီ…နင်ကဘာကိုပြင်ချင်သေးလို့လဲ လို့ကျမကမေးတဲ့အခါ သူ့နာမည်ကိုဖြုတ်လိုက်ရင်မကောင်းဘူးလားတဲ့..

 

ဒေါ်လေးနဲ့ဦးကြီးနာမည်ပါရင်ပြည့်စုံနေပြီကိုသူ့နာမည်ပါတော့ဖတ်မိတဲ့လူတွေလည်းအတွေးတစ်ခုရတယ်..မကောင်းပါဘူးဒေါ်လေးရယ်…

 

အဲဒီလို ရိုးအတဲ့မရွှေမှီလို့ပဲ ကျမကဆိုချင်ပါတယ်။

 

ကျမကတော့သူတို့လေးတွေနှင့်ခုလိုအတူနေရတာကို ကုသိုလ်ထူးတာပဲဆိုပြီးစိတ်ချမ်းသာနေတယ်။

 

ကျမတို့ခြံဝင်းကြီးထဲမှာ သူတို့လေးတွေ အိမ်ထောင်ရက်သားပြုကြရင်လည်း အတူနေကြဖို့ စိတ်ကူးယဥ်ပြီးသားပါ။

 

ရွှေမှီကလည်း ဒေါ်လေးကျော့ အသက်ရှည်ရှည်နေပေးပါ…

 

မြေးတွေရသည်အထိကလေးတွေ

ထိန်းပြီးဘွားဘွားကြီးအတူတူဖြစ်ရအောင်ဆိုပြီးရယ်စရာအမြဲပြောနေသူပါ။

 

တစ်ခါတရံ ကျမများနေထိုင်မကောင်းရင် သူ့ခမြာ စိတ်ပူနေတာများဆိုတာလေ။

 

ခြေမကိုင်မိ လက်မကိုင်မိကိုဖြစ်လို့ပါ။

 

ဒေါ်လေးနေကောင်းပါတယ်ရွှေမှီရယ်..

နေသာသလိုနေပါ…

လို့ပြောယူရတဲ့အထိပါ။

.

.

တစ်ရက်မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့အလှုရှိလို့သွားပြီးခေါင်းထဲမှာငြီးစီစီရှိတာနဲ့စောစောပြန်လာခဲ့တယ်။

 

ပထမတော့ရွှေမှီလေးကို ညနေအေးဆေးကျမှပြန်လာမယ်လို့ပြောထားခဲ့တာ။

 

အိမ်ရှေ့အိမ်မှာရွှေမှီ့ကိုမတွေ့လို့နောက်ဖက်အိမ်ကိုသွားပြီး ဒေါ်လေးပြန်ရောက်ပြီဆိုတာပြောမလို့သွားတုန်း….

 

အမေဘာမှမတားနဲ့အမေ…

သားတို့ရပိုင်ခွင့်ကိုသားတို့တောင်းမှာ…

အဖေ့ကုမ္မဏီတွေလေ…

သားတို့အဖေပိုင်တာလေ…

ခုတော့လခလေးမဆိုသလောက်ပေးပြီးသားတို့ကိုသူကခိုင်းစားနေတာ…

သားတို့မကျေနပ်နိုင်ဘူး…

ဒီအဘွားကြီးကသက်သက်လက်ဝါးကြီးအုပ်ထားထာ…

ဘာမှသည်းခံနေစရာလဲမလိုဘူး..

ငဲ့ညှာထောက်ထားစရာလဲမရှိဘူး…

သားတို့ခုစီးနေတဲ့ကားကမော်ဒယ်အောက်နေလို့ကားလဲရအောင်ပြောတော့အဲဒီအဘွားကြီးကမသိချင်ယောင်ဆောင်နေတယ်…

ဒါမျိုးဘယ်ရမလဲ….

သားတို့ကလည်းအမွေခွဲမှာနော်..

ပြောပြီးသား…

မပေးလို့ကတော့ တရားရုံးတက်မှာ…တရားစွဲမှာ…

 

ဖိုးသားရဲ့အသံအစစ်ပါ။

 

ရွှေမှီ့ရဲ့ငိုသံဗလုံးဗထွေးကိုလည်းကြားတယ်။

 

အမေ…ကျေးဇူးရှင်ဆိုတာလည်း

အတိုင်းအတာရှိတယ်လေ..

အမေလည်းအမေ့ဘဝကိုပေးထားခဲ့ရတာ…

ရပိုင်ခွင့်ဆိုတာရှိတာပဲ….

သမီးတို့ခွဲထွက်မယ်…

သူ့လက်အောက်မှာမနေနိုင်ဘူး..

ကိုယ်ပိုင်ငွေနဲ့ကိုယ်စီမံချင်သလိုစီမံမယ်….

ခုတော့တပါတ်တစ်ခါသူ့ကိုလုပ်ငန်းတွေအကြောင်းအစီရင်ခံရ…

ငွေကြေးစီးဆင်းတာကိုသူ့ဆီတင်ပြရနဲ့သမီးတို့ကဘာလဲ….

သူ့အလုပ်သမားလား..

သူ့လက်ဝေခံလုံးလုံးကြီးကိုဖြစ်လို့…

ကုမ္မဏီမှာအလုပ်လုပ်ရတော့သမီးတို့….

ပြတ်ပြတ်သားသားပဲပြောမယ်အမေ….

သမီးတို့တောင်းဆိုတာကိုအဲဒီအဘွားကြီးအသာတကြည်ပေးရင်ပေး မပေးရင်တရားစွဲမှာ….

သမီးတို့က ငတုံးတွေမဟုတ်ဖူး…

.

.

အငယ်ဆုံးသမီးမေထွေးရဲ့အသံကိုလည်းကြားခဲ့ရတယ်။

 

အမေ့မှာဘယ်မှာလဲမီးခံသတ္တာ..

ဘယ်မှာလဲပိုက်ဆံအထပ်လိုက်..

ဘယ်မှာလဲ စိန်တွေ..

ဘယ်မှာလဲကိုယ်ပိုင်ပိုင်ဆိုင်မှု့..

ဟိုတုန်းကပေးထားတဲ့ရွှေတစ်ဆင်ဆာကိုထည့်ပြောမနေနဲ့အမေ..သူတို့ လိုဘ ရှိလို့အမေ့ကိုထိုးကျွေးခဲ့တာ….

အမေ့ကိုအသုံးချခဲ့တာ…

လည်လိုက်တဲ့အဘွားကြီး….

 

သမီးတို့ဘက်ကဖြစ်ချင်တာကိုတခါထဲပြောမယ်နော်….

အမွေခွဲမှာ….ရပိုင်ခွင့်ကိုရအောင်ယူမှာ….

မပေးရင်တရားစွဲမှာ…

 

ဘုရား…ဘုရား…

တရားစွဲမှာဆိုပါလား…ဘဝမှာတစ်ခါမှမကြားဖူးတဲ့စကားတွေ ငါကြားနေရပါလား…

ငါ့ကိုတရားစွဲကြမှာတဲ့…

 

ငြီးစီစီဖြစ်နေတဲ့ခေါင်း တခါထဲပျောက်သွားတယ်။

 

မထင်မှတ်တဲ့စကားလုံးတွေအောက်မှာရင်တွေတဒိတ်ဒိတ်ခုန်လာတယ်။

 

တရားစွဲမှာဆိုတဲ့ခပ်ကြမ်းကြမ်းစကားလုံးတွေက နားထဲမှာပဲ့တင်ထပ်နေတယ်။

 

သူတို့ရဲ့လောဘစကားတွေကနံရံတွေမှာဝဲပျံနေတယ်။

 

လူတကိုယ်လုံးလည်းသွေးတွေပြောင်းပြန်စီးဆင်းနေသလိုခံစားလိုက်ရတယ်။

 

ကိုယ့်နားနှင့်ဆတ်ဆတ်ကြားလိုက်ရပေမယ့် မယုံကြည်နိုင်သောစကားလုံးတွေ။

 

အိမ်ပေါ်ထပ်ကိုတက်ပြီးအိပ်ယာထက်မှာအနားယူလိုက်တယ်။

 

စိတ်ကိုတခဏစုစည်းလိုက်တယ်။

 

ငါမစဥ်းစားမိတဲ့အကြောင်းအရာတွေပါလား။

 

ဒီအခြေအနေတွေဖြစ်လာဖို့တောင်ရောက်လာပြီလား။

 

သူတို့အဖေပိုင်တာမို့လို့သူတို့ရပိုင်ခွင့်ကိုရအောင်တောင်းမယ်တဲ့။

 

ဟုတ်တာပေါ့။

ဟုတ်တာပေါ့။

ပေးရမှာပေါ့….။

 

ကျမကသူတို့နှင့်သွေးမတော်သားမစပ်လေ။

 

သူစိမ်းတွေဆိုတာကိုကျမမေ့ထားခဲ့တာ။

 

ကျမက သူတို့လေးတွေကို ကိုယ့်သွေးသားလေးတွေလိုသဘောထားခဲ့တာ။

 

ကိုယ့်ရင်သွေးလေးတွေလိုထင်ထားတာ။

 

ကျမကသူတို့လေးတွေအပေါ်မှာရင်ဝယ်သားလိုဘယ်လိုပဲနွေးထွေးစေဦးတော့ သူတို့သွေးသားမဟုတ်တဲ့သူစိမ်းတစ်ယောက်ဆိုတာကိုလက်တွေ့ပြလိုက်ပြီ။

 

ကျမဝမ်းနည်းလိုက်တာ။

 

တကယ်တမ်းမှာတော့လူတွေဟာကျမထင်သလိုမဟုတ်ပါလား။

 

မရိုးသားကြပါလား။

မျက်နှာဖုံးတွေကွာကျလာပါပေါ့လား။

 

ကျမဘဝနှင့်ရင်းခဲ့ရပြီးမှရထားခဲ့တဲ့သင်ခန်းစာက စက်ဆုတ်ဖွယ်ရာပါလား။

 

အဆုံးအဖြတ်ပေးရမယ့်အချိန်ကျရောက်လာပြီပေါ့။

.

.

.

နောက်နေ့မနက်မှာတော့ မို့အစ်နေတဲ့မျက်နှာကြီးနှင့်ရွှေမှီ့ကိုတွေ့တယ်။

 

သားသမီးတွေကိုပြောမရအဆုံး

တစ်ညလုံးသူမငိုထားပုံရတယ်။

 

ကျမလည်းဘာတစ်ခုမှမသိလေဟန်နှင့်ပုံမှန်အတိုင်းပဲနေလိုက်တယ်။

 

ကျမစိတ်ထဲမှာတော့တွေးနေတာတွေရှိပါတယ်။

 

သူတို့အဖေရပိုင်ခွင့်သူတို့ရရမှာပေါ့။

 

**အကယ်၍သာ

ကျမအနေနှင့် သားသမီးမွေးနိုင်တဲ့မိခင်တစ်ယောက်ဖြစ်လာခဲ့ရင်။

 

ကျမအတွက်ဒီကိစ္စတွေဆိုတာဖြစ်လာနိုင်စရာမရှိဘူး။

 

**အကယ်၍သာ

သူတို့လေးတွေက ရိုးသားစွာကျမနှင့်အတူတစ်သက်တာလုံးဥမကွဲသိုက်မပျက်နေနိုင်ခဲ့မယ်ဆိုရင် ကျမကွယ်လွန်ချိန်မှာကျမပိုင်ဆိုင်သမျှသူတို့လေးတွေအတွက်ဖြစ်မှာပါ။

 

ခုတော့သူတို့ လောဘတက်နေကြပါပြီ။

 

သူတို့လေးတွေဘက်ကအမွေကိစ္စကိုကျမနှင့်ထိပ်တိုက်တွေ့ပြီးမတောင်းဆိုခင်ကျမဘက်ကပဲစီမံပေးဖို့ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။

 

ရှေ့နေကြီးကိုအကြောင်းကြားလိုက်တယ်။

 

အိမ်မှာလူစုံစေလိုက်တယ်။

 

မီးခံသေတ္တာထဲကစာရွက်စာတမ်းတွေကိုရှေ့နေကြီးကတဆင့်သူတို့ကိုဖတ်ပြလိုက်တယ်။

 

လက်ရှိနေထိုင်တဲ့ခြံနဲ့တိုက်နှစ်လုံးကဟိုယခင်ကတည်းကကျမနာမည်နဲ့ဖြစ်တယ်။

 

တိုးချဲ့လုပ်ကိုင်နေတဲ့ကျောက်မျက်ကုမ္မဏီကကျမအမည်နှင့်တရားဝင်လိုင်စင်ဖြစ်တယ်။

 

ကုမ္မဏီတစ်ခုတည်းသာကိုစောဦးအမည်မို့ ကျမနှင့်အတူလက်ထက်ပွားပစ္စည်းဖြစ်တာကြောင့်သူတို့တစ်ဝက်သာပိုင်ဆိုင်ခွင့်ရမယ်။

 

ဖိုးသားတို့မောင်နှမအံ့အားသင့်သွားကြပါတယ်။

 

သူတို့မျှော်လင့်ထားတဲ့ငွေကြေးပမာဏကသူတို့ထင်ထားသလိုဖြစ်မလာတော့ပါ။

 

မထင်မှတ်တဲ့ ကျမရဲ့ဝှက်ဖဲကို သိသွားတဲ့အခါ အိန္ဒြေမဆယ်နိုင်လောက်အောင် မျက်စေ့မျက်နှာ ပျက်သွားကြပါတယ်။

 

သူတို့ရပိုင်ခွင့်ကဒီလောက်ပါပဲ။

 

သူတို့အမေ မရွှေမှီနှင့် လက်ထပ်ခါနီးမှာ ကိုစောဦးနှင့်ကျမ နားလည်မှု့ယူပြီး ပိုင်ဆိုင်သမျှတွေကို ကျမနာမည်နှင့်လွှဲပြီးသားပါ။

 

အဲဒီတုန်းက ကိုစောဦးကလည်း သားသမီးလိုချင်ဇောနှင့် ကျမဆန္ဒတွေကိုလိုက်လျောပေးခဲ့ခြင်းပါ။

 

ကျမဘက်ကလည်းတချိန်ချိန်မှာ ကိုစောဦးက ပြောင်းလဲသွားပြီး သူ့မိသားစုနှင့်အဝေးကိုထွက်သွားခဲ့ရင်

ကျန်ခဲ့တဲ့ကျမမှာ လက်မဲ့မဖြစ်ဖို့အရေးကြီးတယ်လေ။

 

ကွယ်လွန်သွားပြီဖြစ်တဲ့ကြီးမေလှရဲ့ပြောစကားလေးတွေကကျမအတွက်မှတ်သားစရာတွေပါ။

 

မိန်းမဆိုတာ အရာရာမှာ ဥာဏ်ကလေးနှင့်နေရတယ်..တဲ့။

မိန်းမဆိုတာဥာဏ်ကောင်းရသတဲ့လေ။

.

 

.

.

သူတို့အိမ်မပြောင်းခင်အထိကျမရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေက ကျမကိုအိမ်မှာလာပြီးအဖော်ပြုပေးတယ်။

 

ကျမကိုယ်တိုင်ကလည်းသူတို့ကိုမယုံကြည်တော့ပါ။

 

ဥစ္စာပစ္စည်းက လူ့အသက်ကို ဒုက္ခပေးစေတတ်တယ်ဆိုတာ ကျမသိထားတယ်။

 

ရွှေမှီကတော့နေ့စဥ်ရက်ဆက်ငိုနေပုံရတယ်။

 

ကျမနေတဲ့အိမ်ဘက်ကိုလဲကူးမလာတော့ဘူး။

 

ကျမကလည်းသူမ ချက်ပြုတ်ကျွေးမွေးတဲ့အစားအသောက်တွေကိုစားရမှာ မဝံရဲတော့ဘူး။

 

သူတို့တွေအားလုံးကိုကျမအလွန်ကြောက်ရွံ့သွားတယ်။

 

ရွှေမှီလေးကတော့ သူ့ဆန္ဒပါသည်

ဖြစ်စေ မပါသည်ဖြစ်စေ သားသမီးတွေသဘောကိုမလွန်ဆန်နိုင်သူမို့နေ့စဥ်မျက်ရည်နှင့်မျက်ခွက်ပါ။

 

သူ့ဆန္ဒကိုကျမဆီဖွင့်ဟလာပါတယ်။

 

သူ ကျမနှင့်ပဲတသက်လုံးနေချင်ပါတယ်တဲ့။

 

ကျမအနားမှာသူ့ကိုနေခွင့်ပြုပါတဲ့။

 

သူ့ရဲ့သွေးရူးသွေးတန်းနဲ့ပြောစကားတွေကိုကျမငြင်းပယ်လိုက်တယ်။

 

ဘယ်တော့မှမဖြစ်နိုင်တော့ဘူးရွှေမှီ….

ဒေါ်လေးတို့သံယောဇဥ်ကိုဒီမှာပဲအဆုံးသတ်ကြမယ်…

 

ကျမနှင့်သူရဲ့သံယောဇဥ်ကိုသူသိပါတယ်။

 

ကျမတို့တစ်ယောက်ကိုတစ်ယောက်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေခဲ့ကြတယ်။

 

ခုချိန်မှာ သူ့သားသမီးတွေကအရွယ်ရောက်လာကြတော့ လောဘတက်လာကြပြီလေ။

 

ကျမ မတရားဘူး။

 

လက်ဝါးကြီးအုပ်တယ်လို့ထင်နေပြီ။

 

ကျမဘက်က ကျမလုပ်ရပ် မှန်ကန်တယ်လို့လည်း ကျမယူဆတယ်။

 

သူတို့ရပိုင်ခွင့်တွေကိုသူတို့ရသွားတဲ့အခါမှာတော့ သူတို့အားလုံးကျမအရိပ်ကထွက်ခွာဖို့အသင့်ဖြစ်နေကြပြီ။

 

ရွှေမှီလေးဟာဆောက်တည်ရာမရပဲ အိမ်ရှေ့ထွက်လာလိုက် နောက်ဖေးပြေးဝင်လိုက် ခြံထဲကပန်းပင်တွေကိုကြည့်လိုက်နဲ့စိတ်တွေဂနာမငြိမ်သလိုဖြစ်နေတယ်။

 

သူဆယ့်ငါးနှစ်သမီးအရွယ်ထဲကနေလာခဲ့တဲ့ဒီအိမ်

သူ့ကိုအစစအရာရာမိဘသဖွယ်စောင့်ရှောက်ပေးခဲ့တဲ့သူ့သခင်မ

 

သူ့ကိုဇနီးမယားတစ်ယောက်ထက်ပိုတဲ့မေတ္တာတွေနှင့်ချစ်ခဲ့တဲ့ဦးစောဦးရဲ့အရိပ်တွေရှိတဲ့ဒီနေရာကိုသူတကယ်တမ်းခွဲခွာရမယ်ဆိုတော့

သူ့ရင်ထဲမှာ ဗလောင်ဆူနေပုံရတယ်။

 

သူတို့ ဒီနေ့ အိမ်ပြောင်းကြတော့မယ်။

 

အားလုံး အဆင်သင့် ဖြစ်နေကြပြီ။

 

ရွှေမှီက ကျမရှိတဲ့ အပေါ်ထပ်ကိုတက်လာပြီး ကျမကို ကန်တော့တယ်။

 

သူ သည်းထန်စွာ ငိုတယ်။

 

သူ့ကိုခွင့်လွှတ်ပါ…တဲ့။

 

ကျမ သူ့ကိုစကားတစ်ခွန်းထဲပဲပြန်ပြောလိုက်တယ်။

 

အရာအားလုံးအတွက် ဒေါ်လေးကျော့ကို ခွင့်လွှတ်ပါ ရွှေမှီ…

 

ကျမတို့ တစ်မိုးအောက်မှာ အတူနေခဲ့ကြပါတယ်။

 

သံယောဇဥ်တွေ ဖြစ်ခဲ့ကြတယ်။

 

ရင်နာစရာတွေနှင့်ငိုကြွေးခဲ့ကြတယ်။

 

တဖန်ပြည်လည်ပြီး ပျော်ရွှင်စရာတွေရှိလာတဲ့အခါ ရယ်မောခဲ့ကြပြန်တယ်။

 

သူတို့နှင့်ကျမ လက်ကျန်အချိန် ဘဝအဆုံးထိ အတူနေမယ်လို့ကြံရွယ်ထားပြီးမှ တဖန်ခွဲကြရပြန်တယ်။

 

ဘဝတသက်တာအတွက်ခွဲခွာခြင်းမျိုး ဘယ်တော့မှပြန်မဆုံတဲ့ ခွဲခွာခြင်းမျိုးလို့ ကျမ မှတ်ယူထားလိုက်တယ်။

.

.

ကျောက်မျက်ကုမ္မဏီကို မိတ်ဆွေရင်းတစ်ယောက်က ဝယ်ယူတဲ့အတွက် လက်လွဲ ရောင်းချလိုက်တယ်။

 

အိမ်နဲ့ခြံကို သံရုံးတစ်ခုကို ငှားရမ်းလိုက်တယ်။

 

ကျန်တဲ့အတွင်းပစ္စည်းနှင့် ငွေသားအားလုံးကို စာသင်သားသံဃာတွေအတွက် ကျောင်းဆောက်လှူတယ်။

 

ငွေပဒေသာပင် စိုက်တယ်။

 

ငွေကြေးချို့တဲ့သူတွေအတွက်မျက်စေ့ဆေးရုံ ဆောက်ပြီးလှူတယ်။

 

ရေခက်ခဲတဲ့ အညာဒေသအတွက်စက်ရေတွင်းအမြောက်အမြားလှူဒါန်းတယ်။

 

ကျမအတွက် တရားရိပ်သာတစ်ခုမှာ ရာသက်ပန်နေထိုင်ဖို့ အစီအစဥ်ရှိထားတယ်။

 

သံရုံးကို ငှားရမ်းထားတဲ့ အိမ်လခနဲ့တင် ကျမတစ်ကိုယ်စာ ဖူလုံရုံမက ပိုလျှံလို့တောင်နေပါသေးတယ်။

 

ဘဝရဲ့နေဝင်ချိန်မှာ အေးချမ်းခြင်းကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိသွားတဲ့ ကိုယ့်ကိုကိုယ်ပဲ ကျေနပ်နေမိပါတော့တယ်။

 

အကယ်၍သာ….

 

.

.

.

.

#ချစ်တဲ့

#ခင်လှမြတ်ခိုင်

#လွတ်လပ်စွာshareနိုင်သည်

#စာရေးသူအမည်ကိုချန်လှပ်ပြီးcopyကူးယူခြင်းသီးခံပါ။