သူထားခဲ့သည့်စာ(စ/ဆုံး)
———————
“တင်မောင်ရေ … ငါ့မိန်းမနဲ့ငါ ကွာရှင်းတော့မလို့”
ထွန်းလှက ကျွန်တော့်အိမ်ကိုရောက်လာပြီး ဆိုင်းမဆင့်ဗုံမပါ ပြောချလိုက်သောကြောင့် အံ့အားသင့်သွား မိသည်။
“ထွန်းလှ ဘာသောက်ရူးထတာလဲ။ ဒါကလေးကလားပြောစရာလားကွ”
“တကယ်ပြောတာ တင်မောင် ငါတို့ကွာရှင်းကြတော့မလို့”
“မဟုတ်တာပဲကွာ မင်းပဲ လဲ့လဲ့ကိုမှမရရင် သေပါတော့မယ်ဆိုပြီး ဖြစ်ခဲ့တာ။ လဲ့လဲ့ကလည်း မင်းကို ချစ်လိုက်တာမှ ကိုထွန်း … ကိုထွန်းနဲ့ကိုဖြစ်နေတာ။ အဲဒါ ဘာကိစ္စကွာရှင်းရမလဲပြောစမ်းပါဦး”
“ငါ မင်းကို အသိလာပေးတာ။ တကယ်ကွာရှင်းတော့မှာ။ ဒီနေ့ လက်မှတ်ထိုးပြီး တရားဝင်ကွာရှင်းကြမယ်”
“မင်းကွာ လဲ့လဲ့ကို ဘာဖြစ်လို့ မင်းက ကွာရတာလဲပြော”
“နောက်မှပြောမယ်ကွာ … သူငယ်ချင်းကို အကူအညီတစ်ခုတောင်းချင်လို့ပါ”
“ဘာလဲပြော”
“ဟောဒီစာလေးကို နောက် ၆ လနေမှ လဲ့လဲ့လက်ထဲကို သွားပေးပေးပါကွာ။ မင်းလည်း ဖောက်မဖတ်ပါနဲ့။ သူ့ကို ၆ လကြာမှ ဒီစာကို ဖတ်စေချင်လို့ပါ”
“ဘာစာလဲ”
“မသိချင်ပါနဲ့ကွာ တို့လင်မယားကိစ္စပါ။ ငါ့ကို ကူညီပါနော်”
“ငါမေးစမ်းပါရစေ … မင်းက ကွာရှင်းပြီးတော့ ဘာလုပ်မှာ မို့လို့လဲ”
“ငါ အမေရိကကို အပြီးသွားတော့မလို့ကွ။ ဟိုနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားတာကျပြီ။ အဲဒါ ရှင်းရှင်း လင်းလင်းဖြစ်သွားအောင် လဲ့ကို အပြီးကွာရှင်းပေးခဲ့တာ။ ငါတို့ပိုင်ဆိုင်သမျှလည်း သူ့ကို အားလုံးလွှဲပေးခဲ့ တယ်။ ငါ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အပြီးထွက်သွားမှာ”
“ဟာကွာ ထွန်းလှရာ ငါနားမလည်တော့ဘူး။ မင်းအဲဒီလို အပြီးထွက်သွားတော့မယ်ဆိုတော့ လဲ့လဲ့က သဘောတူလား”
“ကွာရှင်းဖို့တောင် သဘောတူပြီးပြီပဲကွာ။ ငါ့ဘာသာထွက်သွားတာ ဘာဖြစ်ဖြစ်ပေါ့”
“မင်းကွာ တစ်ယောက်နဲ့တစ်ယောက် ကွာရှင်းပြတ်ဆဲရလောက်အောင် လဲ့လဲ့မှာ ဘာအပြစ်များ ရှိနေလို့လဲ။ ဒါမှမဟုတ် ဟေ့ကောင် မင်း နောက်တစ်ယောက်များရှိနေလို့လား”
“မရှိပါဘူးကွာ … ငါပြောတာကိုပဲ လုပ်ပေးပါ။ နောက် ၆ လပြည့်တဲ့နေ့ ဒီစာလေးကို လဲ့ဆီမင်းသွားပေးပါ။ စာအိတ်ပေါ်မှာ မင်းသွားပေးရမယ့် နေ့စွဲကို ရေးထားတယ်။ ငါ့ကို ကူညီပါ သူငယ်ချင်း”
“အေးပါကွာ”
ကျွန်တော် ထွန်းလှထံမှ စာအိတ်လေးကို ယူထားလိုက်သည်။ ထို့နောက် သေချာသလား သိချင်သဖြင့် လဲ့လဲ့ထံ ဖုန်းဆက်ကြည့်မိသည်။ လဲ့လဲ့ကလည်း သူတို့ ယနေ့ပင်ကွာရှင်းကြတော့မည်ဖြစ်ကြောင်း အတည်ပြုသည်။
နောက်တစ်ပတ်အကြာတွင် ထွန်းလှသည် အမေရိကကို အမှန်ပင်ထွက်သွားသည်။ ကျွန်တော့်ကိုတွေ့ချင်သည် ဆိုသဖြင့် လေဆိပ်တွင်လိုက်ပို့ရင်းတွေ့သည်။ သူ၏ အမေရိကခရီးကား ခြောက်သွေ့လှပေသည်။ သူ့ကို လိုက်ပို့သူမှာ ကျွန်တော်တစ်ဦးသာရှိသည်။
ကျွန်တော်က ထွန်းလှပေးသွားသော စာအိတ်လေးကို ဒိုင်ယာရီထဲတွင် ထည့်ထားသည်။ ဒိုင်ယာရီဖွင့်တိုင်း ရှေ့အဖုံးကြားတွင်ညှပ်ထားသော ထိုစာက ကျွန်တော့်ကို သတိပေးနေသည်။
၆ လပြည့်သည့် ထွန်းလှသတ်မှတ်ပေးထားသော စာအိတ်ပေါ်တွင်ပါသည့်ရက်စွဲနေ့တွင် ကျွန်တော် ပြည်လမ်းရှိ လဲ့လဲ့နေထိုင်သည့် အိမ်ကို ရောက်ခဲ့သည်။ ကျွန်တော်က ကြိုတင်ပြီး လာမည်ဖြစ်ကြောင်း ဖုန်းဆက်ထားသည်။ ကျွန်တော်ရောက်သည့် အချိန်တွင် ဧည့်ခန်း၌ လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက် ရသည်။ ထိုသူနှင့် လဲ့လဲ့တို့ နေထိုင်ပြောဆိုပုံကို ကျွန်တော်ဘဝင်မကျမိ။
“ဪ ဧည့်သည်လား”
“ဟုတ်တယ် ကိုဆွေ … ဒါ လဲ့တို့နဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ။ ကိုထွန်းသူငယ်ချင်း အရင်းကြီး ဆိုပါတော့”
“လဲ့ … ကိုယ်ပြန်တော့မယ် … လာမယ့် ဆန်းဒေးမှ တွေ့ကြမယ်”
“ကောင်းပြီလေ ကိုဆွေ”
ကိုဆွေဆိုသူက ကျွန်တော့်ကို ပြုံးပြပြီး နှုတ်ဆက်သွားသည်။ ထို့နောက် သူ့ကားလေးကို မောင်းထွက်သွား သည်။
“လဲ့နဲ့ ကိုဆွေက လုပ်ငန်းပါတနာတွေလေ … ကဲ ကိုတင်မောင် ဘာကိစ္စလဲပြော … လဲ့ကိုဘာဖြစ်လို့ ဆက်သွယ်ရတာလဲ”
ကျွန်တော်က တိုက်ပုံအင်္ကျီအတွင်း အိတ်ထဲမှာ စာလေးတစ်စောင်ကို ထုတ်လိုက်သည်။ ထို့နောက်
“ဒါ ထွန်းလှ နင်နဲ့ ကွာရှင်းတဲ့နေ့က ငါ့ကို လာပေးသွားတဲ့စာပဲ။ နင့်ကို နောက် ၆ လနေမှ ဒီစာကို ပေးဖို့ ငါ့ကို ပြောခဲ့တယ်။ ဒါကြောင့် ခု ၆ လ ပြည့်တဲ့နေ့မှာ နင့်ကို စာလာပေးတာ။ စာအိတ်ပေါ်က နေ့စွဲက နင့်ကို ပေးရမယ့် ရက်ပဲ သူကိုယ်တိုင်ရေးပေးသွားတာ။ ဒီနေ့ပေါ့ … ရော့”
ကျွန်တော်က စာကို လဲ့လဲ့အားပေးလိုက်သည်။ လဲ့လဲ့က စာကိုယူလိုက်ပြီး ဖွင့်ဖတ်လိုက်သည်။ ပြီးတော့ မျက်ရည်တွေ ဝဲလာသည်။ ကျွန်တော်ကလည်း
“လဲ့လဲ့ ငါပြန်တော့မယ်ဟာ”
“ခဏနေပါဦး … ဒီစာကို အဲဒီအချိန်ကတည်းက လာပေးဖို့ကောင်းတာ”
“ဘာဖြစ်လို့လဲ။ ထွန်းလှက ငါ့ကို ဒီနေ့မှပေးဖို့ပြောခဲ့တာ”
“မှားပြီ … မှားသွားပြီ … လွန်ကုန်ပြီ”
“ဘာဖြစ်လို့လဲ လဲ့လဲ့”
“ရော့ ဖတ်ကြည့်”
လဲ့လဲ့က စာကို ကျွန်တော့်ထံလှမ်းပေးသဖြင့် ကျွန်တော်စာကိုယူပြီး ဖတ်ကြည့်လိုက်မိသည်။
စာပါအကြောင်းအရာကို အကျဉ်းချုံ့ပြောရလျှင် ထွန်းလှတွင် အသည်းကင်ဆာဖြစ်နေသည်။ အလွန်ဆုံး နေရ ၄ လသာဟု ဆရာဝန်ကပြောထားသည်။ သူကထိုရောဂါဖြစ်နေကြောင်း လဲ့လဲ့ကို လုံးဝမပြော။ မြန်မာပြည်တွင် သူ့အတွက် ထိုရောဂါကိုကုရန် ပိုက်ဆံလည်းမရှိ။ ထို့ကြောင့် အမေရိကထွက်ပြီး နိုင်ငံသားအဖြစ်ခံယူရန် ကြိုးစားသည်။ နိုင်ငံသားအဖြစ် ခံယူပြီး ထိုနိုင်ငံတွင် ဆေးကုရန်ဖြစ်သည်။ လဲ့လဲ့ကို ဒုက္ခမခံစားစေချင်သည့် အပြင် စိတ်ဆင်းရဲမှုပါမဖြစ်စေချင်။ ထို့ကြောင့် သူ့ကို ပြတ်ပြတ်သားသားဖြစ်စေရန် ကွာရှင်း ပေးခဲ့ပြီး ပိုင်ဆိုင်မှု တွေလွှဲပေးလိုက်သည်။ သူလည်းသူ့ဘဝကိုသူ့ဘာသာ နေထိုင်သွားရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုထားသည်။
ကျွန်တော်က စာဖတ်ပြီး စာရွက်လေးကိုခေါက်ကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်
“လဲ့လဲ့ ငါပြန်တော့မယ်” ဟုပြောကာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။
ကျွန်တော်အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရသည်။ ဘာလုပ်ရမှန်းလည်းမသိ။ ထွန်းလှကို ဘယ်လို ဆက်သွယ် ရမှန်းလည်းမသိ။ အမေရိကတွင် သူ့အစ်မရှိမှန်း သိသော်လည်း ကျွန်တော်နှင့်မသိ။ သူ့လုပ်ရပ် မှန်သည်၊ မှားသည် ကျွန်တော်ဆုံးဖြတ်ပေးပိုင်ခွင့်မရှိ။ သို့သော် သူငယ်ချင်းကို သတိရနေမိသည်ကတော့ အမှန်ပင် ဖြစ်သည်။
ကျွန်တော်ညအိပ်ရာဝင်ခါနီးတွင် ဖုန်းလာသည်။ လဲ့လဲ့ထံက ဖြစ်သည်။ ကျွန်တော်က
“လဲ့လဲ့ ပြော”
“ကိုတင်မောင် ရှင့်သူငယ်ချင်း ဆုံးသွားပြီ”
လဲ့လဲ့က ငိုသံပါကြီးနှင့် ပြောခြင်းဖြစ်သည်။
“ဟုတ်လို့လားဟာ”
“ဟုတ်တယ် တစ်လလောက်တောင်ရှိသွားပြီတဲ့”
“ဟာ”
တင်ညွန့်
၂၉.၁၁.၂၀၂၅