အမှောင်ချစ်စိတ်(စ/ဆုံး)
———————-
‘မင်းရုပ်လေးနဲ့ ဒီအလုပ်ကို လုပ်စားရသလားကွာ။ အခြားကောင်းတဲ့ အလုပ်လေးဘာလေး လုပ်စားပေါ့။ သနားလို့စေတနာနဲ့ ပြောတာ။’
မိမိုးသည် အမြဲတမ်း ဟန်ဆောင်ချပစ်ခဲ့ဖူးသော သက်ပြင်းရှည်ကြီးကို လေးတွဲစွာပင် ဟင်းခနဲ ချပစ်လိုက်၏။ ဒီလို စေတနာရှင်မျိုးတွေကို မိမိုး ညစဉ်ညတိုင်းလိုလို တွေ့ဖူးပြီ။ တွေ့တိုင်းလည်း သူ့ကိုယ်သူ သနားစဖွယ် မိန်းမသားအဖြစ် ကနွဲ့ကလျပြောတတ်စမြဲ။
သနားသည် ဆိုပေမယ့်လည်း သူတို့ပေးသည့်ငွေနှင့်တန်အောင် အလဲအထပ် ယူသွားကြစမြဲ။ ဘယ်သူကများ သနားလှချည်ရဲ့လို့ ငွေအလကားပေးပြီး ထောက်ပံ့ပေးခဲ့လို့လဲ။ သူတို့ရဲ့ မဟာကရုဏာဆိုတာ သူတို့စိတ်အာသာကို ဖြေဖျောက်ဖို့ရာ မကြာခဏလာကြခြင်းဖြစ်ကြောင်း မိမိုး သိနေခဲ့ပြီ။
အချို့တွေများဆိုလျင် မိမိုးကို ချစ်တယ်၊ဒီဘဝထဲကနေ ကယ်ချင်တယ်လို့ဆိုတတ်ကြသေးရဲ့။ ဒီစကားမျိုးကြားရလျင်တော့ ကြည်ကြည်နူးနူးလေးဖြစ်တတ်၏။ လူကို စက်ရုပ်လို မညှာမတာရမ်းကားတတ်သောလူမျိုးထက် အပုံကြီးသာပေရဲ့။ ချစ်တယ်ဆိုတော့လည်း နူးညံ့ပေသကိုး။ချစ်တယ် ပြောဖူးသူတိုင်းကိုလည်း မိမိုးဘက်က ကျေကျေနပ်နပ်ကြီးစျေးလျှော့ပေးတတ်၏။
ချမ်းအေးနေသည့် ရာသီကြား ပြေလျော့နေရသည့် လုံချည်ကို ပြန်ပြင်ဝတ်ပြီး ‘ကျွန်မအဖို့တော့ ကံပဲပေါ့အစ်ကိုကြီးရယ်၊ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ ပညာမှမတတ်ခဲ့တာ၊’ ဟု သိမ်ငယ်အားပျော့သော အသံလေးဖြင့် ပြော၏။ သည်လိုပြောလျင် စုပ်မသတ်ရုံတမယ် သနားခြင်းပြယုဂ်ကို အခါခါပြလျက် ညဉ့်အမှောင်အောက် တိုးဝင်ပျောက်ကွယ်သွားကြသည်သာ။
သံလမ်းနှင့်မနီးမဝေးရှိ မီးရောင်မရှိသော ပျဉ်ခင်းထရံကာတဲအိမ်သာသာလေးတွင် မိမိုး နေသည်။ ဧည့်သည်မရသည့်ညပိုင်းများတွင် မိမိတစ်ကိုယ်တည်း ပျင်းရိလွန်းလှသည်။ အမြဲတစေထိတွေ့နေရသည့် ထိုထိုသောပုရိသများ၏ အယုအယများကို ချစ်သည့်အခါလည်းရှိ၏၊ စိတ်မပါပါဘဲ စိတ်ပါဟန်ဆောင်ရသည့်အခါလည်းရှိသည်။
အို၊ ဘဝဆိုတာဒီလိုပဲကလား။ လူတိုင်းဟာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရတာပဲကွယ်။ စိတ်ပါသည့်အလုပ်ကို လုပ်ရလျင် မိမိုး ဆရာမလေးလုပ်ဖြစ်လိမ့်မည်။ အဖြူအစိမ်းလေးဝတ်ပြီး ကြွကြွရွရွ တင့်တင့်တယ်တယ်လေး နေမည်။ ခေါင်းထက်တွင် စံပယ်ပွင့် ဖြူဖြူလေး ပန်ထားမည်ပေါ့။
အခုတော့ စံပယ်လည်းမပန်ရ။ ခေါင်းအုံးမှာလည်း စံပယ်နံ့သင်းနေရမယ့်အစား အရက်နံ့သင်းသင်းလေးသာ မွှေးမြနေ၏။ သည်အရက်နံ့တွေက ကြာတော့လည်း မွှေးလှပါသည်။ ထမင်းဖိုးလာပေးကြသော မဟာကျေးဇူးရှင်များ၏ ကရုဏာတော်ရနံ့မို့ မွှေးတယ်ဟုပဲ မှတ်၏။ ထိုရနံ့နှင့်အတူ ဖြီးသင်ထားသည့် ဆံနွယ်ဆံထွေးတွေ မကြာခဏ ပြန့်ကျဲနေရတာ။ ပန်းသာပန်ထားရလျင် ခဏခဏ နွမ်းကြေနေရမှာပဲ။
တစ်ယောက်ဆင်း တစ်ယောက်တက် ရထားလမ်းနံဘေးတွင် တက်သူဆင်းသူ မရှိလျှင် မိမိုးက မျှော်ရသည်။ တစ်ခါတရံ ဧည့်သည်မရလည်း ဧည့်သည်ခေါ်လာပေးတတ်သူ မြစိုး၏ ရင်ခွင်ထဲတွင် မှေးစက်ရသည်လည်း ရှိသည်။ အခမဲ့တော့မရ။
‘ချစ်တယ် မိမိုးရဲ့’
မြစိုးဆီမှာလည်း ချစ်တယ်ဟု ကြားရပြန်သည်။
‘နင်ချစ်တယ်ဆိုတာ ငါသိသားပဲသေနာရဲ့၊ ချစ်တယ်ပြောပြီး ငါနဲ့အလကား အိပ်ချင်လို့မဟုတ်လား၊ မိန်းမပျက်ဆိုတာ ချစ်တာတစ်ခုတည်းနဲ့အလကားမရဘူးဟဲ့။ နင်ချစ်တယ်ဆိုတာကို ငါက သိနေတာ မသာရဲ့။ အဟင်း၊ ငါလည်း ချစ်ခဲ့ဖူးတာပဲ။’
မြစိုးသည် လရောင်ဖြင့် ခပ်မှုန်မှုန်မြင်ရသည့် မိမိုးမျက်နှာကို တအံ့တဩဟန်ဖြင့်ကြည့်ပြီး’ နင့်မှာ ချစ်သူရှိခဲ့သလား’ ဟုမေးသည်။
‘အို့၊ အခုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရင်က ငါ့အမေ မသေခင်ကပေါ့။ ဟောဒီ အခုငါနေတဲ့ အိမ်လေးဘေးမှာ လူတစ်ယောက်ရှိတယ်။ ငါ့ချစ်သူက သူပဲ၊ သူ့နာမည်က ဦးချစ်ခိုင်တဲ့။ ငါက ဦးချစ်လို့ ခေါ်တယ်။’
‘နင်က သူ့ကို ချစ်ခဲ့သလား’
မြစိုးသည် မိမိုးကို သူ့ရင်ခွင်ထဲ တင်းကြပ်စွာပွေ့ဖက်လိုက်သည်။ နှုတ်ခမ်းမွေး တိုစစများက မိမိုး၏ ပါးကိုစူး၏။ မိမိုးလုံချည်သည် ခြေသလုံးသားကို လုံအောင်မဖုံးနိုင်။ ခြင်များအား အလှူကြီးပေးနေရသည်။ အသွေးအသားလှူရဖန်များလာတော့လည်း ပါရမီရင့်သန်ကာ ထိုအလှူကို မတွန့်တိုတတ်တော့။ ပွတ်သပ်ခြင်း အလျင်းမရှိမရှိဘဲ တင်းကြပ်စွာ ပွေ့ဖက်လာသည့် မြစိုး၏ လက်မောင်းရင်းဆီသာ ပြန်၍ သိုင်းဖက်လိုက်၏။ ဆောင်းရိပ်အေးမြမြသည် ပနည်းငယ်နွေးသွားသလိုရှိ၏။
‘အင်း ချစ်တယ်လေ။ အချစ်ဆိုတာ အခုနင်နဲ့ငါ အတူနေသလိုပဲမဟုတ်လား။ ချစ်တယ်ဆိုတဲ့အခါ ပိုက်ဆံမပေးရဘဲ ကိုယ်လိုချင်တာကိုရတယ်လေ။ ချစ်ပြီးတော့လည်း လှည့်မကြည့်ချင်ကြတာပဲကလား။ အဲဒီလိုပဲ ဦးချစ်ကလည်း ငါ့ကိုချစ်တယ်။ သူ့မိန်းမကြီး စျေးသွားရင် ငါ့ကို သူ့အိမ်ခေါ်တယ်။ ပြီး ချစ်တယ်ပြောပြီး အတူအိပ်တာပဲ။ အဲဒီတုန်းက ငါ ပိုက်ဆံမရဘူးဟ။ ငါ့မှာ အခုထိ သူ့ကို သတိရတုန်းပဲ။’
မြစိုးက ရယ်သည်။
‘ငါလည်း အခု ချစ်ချင်လာပြီ မိမိုးရဲ့။ ဧည့်သည်လည်း လာမယ်မထင်တော့ဘူး၊ ငါပဲ ဧည့်သည်လုပ်ရမှာပဲ။’
‘ငါ့မှာ ကျွေးစရာလည်းမရှိ၊ စားစရာလည်းမရှိသေးဘူး မြစိုးရဲ့၊ ဗိုက်ကလည်း မြည်နေပြီ၊ ဧည့်သည် လက်ခံဖို့ စိတ်မပါသေးဘူး။ နင့်မှာ ပိုက်ဆံမရှိရင် ဧည့်သည်လိုက်ရှာပေးဦး၊ စောသေးတယ်။’
သည်အခါ မြစိုးသည် မိမိုး၏ ပါးကို ခပ်ကြမ်းကြမ်းတစ်ချက်နမ်းပြီး ဘူတာဘက်ဆီ လှမ်းလျှောက်ပျောက်ကွယ်သွား၏။ မိမိုး လမ်းမထက်တက်ပြီး မျှော်နေချိန်တွင် လရောင်သည် အရှေ့ဘက်ဆီတွင် ခပ်မြင့်မြင့်ကလေးသာရှိသေး၏။ မြစိုးကိုလည်း ပြန်မမျှော်တော့ပြီ။ မိမိုးသည် ဗိုက်ကိုသာပွတ်ရင်း အိမ်ဘက်သို့ ပြန်လှည့်လာသည်။
ဗာဒံပင်ခုံတန်းသည် လရောင်အောက်တွင် လင်းလင်းပပရှိနေသည်။ ထိုခုံတန်းတွင် လူတစ်ယောက်လဲနေသည်။ မိမိုးသည် စူးစမ်းလိုစိတ်ဖြင့် ကြောက်ရွံ့ခြင်းကင်းစွာ အနီးသို့ကပ်သွားပြီး ‘ဟိတ်’ ဟု အသံပြု၏။ ထူးသံမကြားရ။ ခဲလုံးလေးရှာပြီး ခပ်နာနာကောက်ပေါက်သည်။
မလှုပ်။
အနားသို့ ကပ်ပြီး ကျောကိုစမ်းကြည့်သည်၊ အသက်ရှူနေသေးသည်ကို တွေ့ရသည်။အရက်နံ့ ခပ်သင်းသင်းလေး လှိုင်နေသည်။ ‘ ဪ မူးနေသကိုး၊ ဒီလောက်မူးအောင် သောက်မယ့်အစား မိမိုးဆီ လာပါရောလား၊ မိုက်မဲလွန်းတဲ့ ယောင်္ကျားပဲ။’
မိမိုးသည် နှုတ်ကလည်းရွတ်၊ လက်ကလည်း သူ့ကိုယ့်ကို ဆွဲထူလိုက်သည်။ ပေါ့ပါးသေးငယ်လှသည့် ခန္ဓာကိုယ်။ ချိုင်းမှဝင်ထမ်းပြီး အိမ်သို့ ခေါ်လာလိုက်သည်။ ဒူးကျော်ကျော် မြင့်သည့် အိမ်ပေါ် ပစ်တင်တော့လည်း အလိုက်သင့် လဲကျသွား၏။ ခြေထောက်ကို တွန်းတင်ပေးပြီး ဘေးစောင်းထားပေးလိုက်၏။
ဖယောင်းတိုင်အတိုကို လက်ဖြင့်စမ်းရှာပြီးမီးထွန်းလိုက်၏။ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်ရပြီ။ ထိုအခိုက် လမင်းသည် တိမ်ကြားသို့ ရုတ်ချည်းပုန်းခိုဝင်သွားသည် ထင်သည်။ ဖယောင်းတိုင်ကို မြှောက်ကာ မျက်နှာဆီ အသာကြည့်မိသည်။ မျက်ခုံးထူထူနှင့် ဖြူနုနေသည့် မျက်နှာလေးသည် အစောက ပုန်းခိုသွားသည့် လမင်းလေးပဲလားဟု ထင်သည်။ ခပ်ရဲရဲစွေးနေသည့် နှုတ်ခမ်းသား၏ အနားသတ်ခပ်ရေးရေးလေးကလည်း ကြည့်ကောင်းပါဘိ။
‘ငယ်ငယ်လေးပဲ။’
စောင်းနေသည့် ခေါင်းသည် လှုပ်လာပြီး ပက်လက်လှန်လာသည်။ မီးရောင်တွင် ဆွဲကြိုးကို ဝင်းခနဲ မြင်ရ၏။
‘အင်း၊ တစ်လလောက် ထိုင်စားနေလို့ရပြီ။’
မိမိုးသည် ဆွဲကြိုးဆီ လက်လှမ်းလိုက်သည်။ ပြီး ဒီကလေးကို သံလမ်းနံဘေး ပြန်ချထားလိုက်မည်။ ဖြတ်ယူပြီးမှ စိတ် ကပူကလောနှင့် ငုတ်တုတ် ထိုင်နေမိပြန်သည်။
ခြင်များက သံသေး သံညှောင်ဖြင့် ညံလျက်ရှိ၏။ ခေါင်းရင်းမှ ခြင်ဆေးခွေ အပဲ့လေးကို မီးညှိလိုက်သည်။ ‘အင်း သံလမ်းဘေး ဒီအတိုင်းချထားရင် မနက်ပိုင်း အအေးကဲတာနဲ့ ဒီကလေးတော့ သေမှာပဲ။ ဆွဲကြိုးက ငါဖြုတ်ယူထားလည်း သူသိတာမှမဟုတ်တာ။ ဒီကို ပါမလာဘူးလို့ပဲ ပြောရမှာပဲ။ ငါ့ကိုတောင် ကျေးဇူးရှင်ဆိုပြီး ထင်ဦးမယ်။’ ဟု မိမိုးတွေးသည်။
ထိုညက မြစိုးပြန်မလာပါ။ အသံပေးနေသည့် ဗိုက်ကို ပွတ်ရင်းအိပ်လိုက်သည်။ အိပ်ပေသော်ငြား မပျော်ပြန်၊ ဟိုကလေးသေနေမှဖြင့်အခက်။ တစ်ထည်တည်းသာရှိသောစောင်ကို တစ်ဝက်ခြုံပေးရင်း သူ့အနားကပ်ကာအိပ်သည်။ ပခုံးဆီ မေးတင်မိတော့ မွှေးလိုက်သည့် ရေမွှေးရနံ့။
သည်လို မွှေးရနံ့လေးနှင့် သည်လို နုနုငယ်ငယ်လေးများသာ မကြာခဏလာကြလျှင် မိမိုးပျော်တောင်ပျော်မယ်ထင်ရဲ့။ အခုတော့ လာလိုက်ကြလျင် အိမ်ထောင်သည်တွေ၊ အသက်၂၀ အရွယ် မိမိုးကို အကြမ်းပတမ်းခံ စက်ရုပ်များမှတ်နေကြသလားမသိဟု ကြုံဖူးသမျှကို ရွံရှာသလို တွေးလိုက်မိပြန်၏။ သူ့ခါးမှတဆင့် ဝမ်းဗိုက်ဆီ သိုင်းဖက်လိုက်သည်။
အို။ မွှေးမြပါဘိခြင်း၊ အင်း ဒီလိုညံ့သက်တဲ့ ခန္ဓာကိုယ်လေးနဲ့များ တစ်ညလုံးအိပ်ရရင် စောင်မလိုတော့ဘူးပ။ မိမိုးသည် တင်းကြပ်စွာ ပွေ့ဖက်မိပြန်သည်။
မနက်မိုးလင်းတော့ ကိုယ်တော်ချောက မထသေး။ ဖက်ထားသည့်လက်ကို မလွှတ်ချင် မခွါချင်ဖြင့် ခွါ၍ မျက်နှာသစ်ဖို့ ပြင်သည်။ ပြီး ကိုယ်တော်ချော၏ မျက်နှာဆီ တဝကြီး ထိုင်ငေးနေမိပြန်သည်။ အလွန်ဆုံးရှိလေမှ ဆယ့်ရှစ် ဆယ့်ကိုး ပေါ့။
သနပ်ခါးသွေးနေစဉ် အိမ်က အနည်းငယ်လှုပ်သည်မို့ ဖြည်းဖြည်းထိန်းသွေးရသည်။ ဟိုကလေး နိုးသွားမှဖြင့် အခက်။ နောက်ကျောဘက်ဆီ ပြန်လှည့်ကြည့်တော့ သူငယ်တော်က နိုးနေချေပြီ။ ဝိုင်းစက်သော၊ ညိုမောင်းသော မျက်လုံးကြီးဖြင့် ငေးကြောင်ကြည့်နေသည်။
အို။မျက်လုံးကလေး အရည်လဲ့ကာ မှိုင်းဆိုင်းနေပုံကကရုဏာသက်ချင်စရာလေး၊ လှစ်ခနဲ သူပြုံးပြတော့ မိမိုး၏ သနပ်ခါးသွေးနေသည့်က ကြက်သေသေသွားသည်။
‘ဘယ်ကို ရောက်နေတာလဲ’ဟု သူမေးသည်။ ချိုဝဲကာ ကြည်မွေ့သော အသံအေးအေး တိုးတိုးကလေးရယ်ပါ။
‘ညက မင်းလေး မူးလဲနေတာတွေ့လို့ အိမ်ကိုခေါ်ထားတာ။’
ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ငုံ့ချသွားသည့်ဟန်က မိမိုးအမြင်တွင် တစ်မျိုးဆန်းနေသည်။ ထိုမနက်က ငှက်ကလေးတွေ မြူးနေပါသည်၊ ဆောင်းမနင်လေပြည်သည် အရင်လို စိမ့်နေအောင် ချမ်းတာမျိုးမဟုတ်ဘဲ အနည်းငယ်နွေးနေသည်၊ သနပ်ခါးကို အလှဆုံးလိမ်းခြယ်လိုက်သည်။ အလှဆုံးဆိုပေသည့် မိမိုးအထင်သာ ဖြစ်ပါ၏။
‘အစ်မ နာမည်ဘယ်လိုခေါ်သလဲ’
‘မိမိုး’
သူက ဒါပဲ မေးပြီး ငြိမ်နေပြန်သည်။ အနည်းငယ် အေးနေသေးသည်ထင့်၊ မိမိုး၏ စောင်နွမ်းနွမ်းလေးကို သူကဖက်ထားသေးသည်။ နံစော်နေမလားပဲ။ မလုံမလဲဖြင့် မိမိုးပြုံးပြဖြစ်၏။
‘ဗိုက်ဆာနေပြီလား အမောင်ငယ်။ ဘာစားမလဲ’ဟု မိမိုးမေးသည်။ မေးမယ့်သာမေးရတာ၊ ကိုယ့်ဗိုက်ကိုပင် မဖြည့်နိုင်သေး။ သူလေးသာ စားချင်တယ်ဆိုရင်တော့ လမ်းထိပ်ကအရက်ဆိုင်မှာ အကြွေးသွားယူပေးမိမှာ။
‘ကျေးဇူးနော်၊ ပြန်ဦးမယ်’ဟုသာ သူပြောသည်။ မိမိုး မတားဖြစ်။ စကားမဆိုဖြစ်၊ သူထွက်သွားတော့ လမ်းမဆီ လိုက်ငေးဖြစ်သည်။ သူသည် လမ်းမနံဘေး မြက်ဖုတ်များကို နင်းကာ ကန်ကာဖြင့် ဝေးသွားတော့သည်။ ရထားဥဩသံကြားတော့ ကလေးချောအတွက် စိတ်ပူမိသေးသည်။
ထိုမနက်က စောစောစီးစီး ကျီးတွေသာနေသည်။ သူပြန်သွားလေမှ သာရလေသလားဟုတွေးကာ မချင့်မရဲဖြစ်သေး၏။ မနက်စောစော မူးမူးရူးရူးဖြင့် မြစိုးက စျေးဦးဖောက်သွားသည်မို့ မနက်စာ အဆင်ပြေသည်။ ညဘက်ရောက်တော့ အရက်ဆိုင်က အဆင်အသွယ်ဖြင့် နှစ်ယောက်ရသည်။ လုံလောက်ပေပြီ။
မြစိုးခေါ်လာသည့် လူကို လက်မခံတော့။ မြစိုးက နေမကောင်းဘူးလား ဟုမေးသည်။ အင်း ဟု ဖြေလိုက်သည်။ ထိုနေ့ညက မိမိုး အိပ်မပျော်။ ဖြုတ်ယူထားသည့် ဆွဲကြိုးလေးကို ခပ်ဖွဖွဆုပ်ကိုင်ထားမိသည်။ မရောင်းရက်သလို။ ဆွဲကြိုးလေးကိုသာ ရင်ဘတ်ပေါ်တင်ကာ ဆုပ်ကိုင်နေရင်း မှိန်းနေချင်တော့သည်။ သူလေး ပြန်လာရင်ဖြင့် ပြန်ပေးမိဦးမည်။
လရောင်သည် ထိန်ထိန်ပပသာနေပြန်သည်။ အအေးဓာတ်သည် တနေ့တခြား ပိုကဲလာသည်ထင်သည်။ ခြေသံကြားသည်။ မြစိုးဖြစ်မည်ထင်၏။ လှည့်မကြည့်ဘဲ ငါ နေမကောင်းဘူး ဟုပြောလိုက်သည်။
‘အစ်မ’
မိမိုးသည် ငုတ်ခနဲ ထထိုင်လိုက်မိသည်။ ဆောင်းညလေပြည်သည် သူ့ထံမှ ရေမွှေးနံ့သင်းသင်းလေးကို မိမိုး၏ နှာဝဆီသယ်လာသည်ထင်သည်။ ထွန်းညှိစရာ ဖယောင်းတိုင် မရှိ။
‘မီးတောင်မရှိဘူးကွယ်၊ မှောင်နေတာပဲ၊ အမောင် မူးလာပြန်ပလား’ ဟုမေးသည်။ သူက အိမ်အစွန်းတွင် တင်ပါးလွှဲထိုင်သည်။ မိမိုးရင်သည် တဒိတ်ဒိတ်ခုန်တော့၏။ မနက်က သာခဲ့သောရွှေကျီးတွေ မိမိုးကို ဘာမှကြိုမပြောကြ၊ ကြိုပြောလျင် စောင်လေးဘာလေး လျှော်ထားမိဦးမည်။ အို သူကရော အတူအိပ်မှာတဲ့လား။
‘အိမ်မပြန်ချင်လို့’
‘အိမ်မပြန်ချင်လို့’ ဟု မိမိုးက သံယောင်လိုက်ရွတ်မိရင်း ‘ဒီမှာ အိပ်လည်းရတာပဲ’ ဟုပြောသည်။ ပြောပြီးမှ မိမိုးရှက်သည်။ အပျက်မတစ်ယောက်က မရှက်သင့်ဘူးလေ မိမိုးရဲ့ဟု မိမိကိုယ်မိမိ ပြန်အားပေးရသည်။ သူကလေးရှေ့မှာတော့ မိမိုးက ရှက်တက်တက်နိုင်သည်။
‘မင်းနာမည် ပြောပါဦး၊ ပြီး မင်းက ဘာကြောင့် အိမ်မပြန်ချင်တာလဲ။’
လရောင်အကျတွင် တစ်ခြမ်းသာမြင်ရသည့် သူ့မျက်နှာဆှဍီ တငေးတမော ငေးကြည့်မိ၏။ လရောင်သည် သူ့မျက်နှာပေါ် ကျနေသည်ဟု မထင်၊ သူ့မျက်နှာဆီမှ ပြန်သာနေသည်ဟု ထင်သည်။
ကျော်မောင်မောင်တဲ့။ ဆယ်တန်းကို နှစ်ခါကျခဲ့သည်တဲ့။ ရည်းစားက ထားပစ်ခဲ့သည်တဲ့၊ အသည်းကွဲနေသည်။ အိမ်မပြန်ချင်။ အိမ်မှာနေရတာလည်း အဆင်မပြေဘူးတဲ့။ သူ ပြောသမျှ သူ့အကြောင်းတွေကို စိတ်ဝင်တစားနားထောင်ရင်း အသနားပိုရပြန်၏။
‘အစ်မဆီ အချိန်မတော် လာရတာလည်း အားနာပါတယ်။ ဒါပေမဲ့ သွားစရာလည်း မရှိဘူး။’
‘အားနာစရာမလိုပါဘူး။ ဒါနဲ့ မင်း ချစ်သူကို အတော်လေး ချစ်သလား’
‘အင်း’
အတူအိပ်ခဲ့ကြတာပေါ့။ မနာလိုလိုက်တာကွယ်။ ဝန်တိုပါဘိခြင်း။ ချစ်သူတွေပဲလေ၊ မိမိုးနဲ့ ဦးချစ်လို နေမှာပေါ့။ ပြီးတော့လည်း ထားသွားကြမပေါ့၊ မခွဲနိုင်သူ၊ စွဲလမ်းရစ်သူက ငိုပေမပေါ့၊ ခံစားရမပေါ့လေ။ဒါကြောင့်လည်း ဒီလိုနုနုလေးသာနေသည့် မောင်လမင်းလေးက အရက်တွေသောက်နေတာဖြစ်မှာ။ ဒါကြောင့်လည်း မိမိုးဆီရောက်လာတာနေမှာ။ အခုလည်း မူးနေမှာပေါ့။
‘ကဲကဲ မင်းမူးနေပြီထင်တယ်၊ အိပ်တော့’
သူက အလိုက်သင့်လေး လှဲချပါ၏။ လက်တစ်ကမ်းဆီမှ စောင်ခေါက်လေးကို ဆွဲယူပြီး ခြုံပေးလိုက်သည်။
ချမ်းလာပြီ။
မိမိုးက သူ့နံဘေးထိုင်ပြီး ငေးနေမိသည်။ လရောင်ဝါးဝါးမှိန်မှိန်အောက်ဝယ် သူ့မျက်လုံးတောက်တောက်လေးကို မမြင်ရပေမယ့် မထင်မရှားဖြင့် မြင်နေရသည်ဟု ထင်နေသည်။ အပျက်မတစ်ယောက်ရဲ့ အိမ်ကိုရောက်နေတာသိရင်ဖြင့် သူချက်ချင်း ထွက်ပြေးမလားပဲ။ စိုးရိမ်လာပြန်သည်။
‘ဒီကိုလာရတာ မင်းအတွက်ရှက်စရာဖြစ်လိမ်ြမယ်’
‘အစ်မက မိန်းမပျက်မို့လို့လား’
‘အာ့၊ မင်းသိနေသလား။’
‘အရက်ဆိုင်မှာ လူတစ်ယောက်က အစ်မအကြောင်းပြောနေတာကြားတယ်၊ အစ်မ နေမကောင်းဘူးတဲ့။ ဟုတ်လား။ အခုရောသက်သာရဲ့လား။’
‘ဟင့်အင်း၊ မသက်သာဘူးကွယ်။’
ကြည့်။ ဘာကြောင့်များ ဟန်ဆောင်အမူပိုချင်လာမိသည်မသိ။ သူက ထထိုင်သည်။
‘ချမ်းတယ်။ အစ်မမိုး စောင်ခြုံထားပါ။’ဟုဆိုကာ သူ့ကိုယ်ပေါ်မှစောင်ကိုခွါကာ မိမိုးဆီ တွန်းပေးသည်။ မိမိုးက ပြန်တွန်းပေးသည်။
‘အမောင်သာ ခြုံပါ၊ မိုးက မချမ်းတတ်ဘူး။’ ဟုဖြေသည်။ မချမ်းပါ။ သွေးတွေ ခပ်နွေးနွေးခုန်ထနေတာပဲ သိသည်။ သူ့မျက်နှာလေး ငေးနေရလျင် တော်ပြီ။ သူက ပါလာသည့် ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ထုတ်သောက်သည်။ ဘာကြောင့်ရယ်မသိပါဘဲ ဆေးလိပ်မသောက်စေချင်။ ဒါပေမဲ့ တား၍မဖြစ်။ ငြိုငြင်ပြီး ပြန်သွားမှာ စိုးသည်။
နောက်ညတွေမှာတော့ သူသည် ညတိုင်းရောက်လာတတ်ပြီး မနက်တိုင်းပြန်သည်။ ညဘက် လာတိုင်းလည်း စားစရာတစ်ခုခုပါလာတတ်သည်။ စားစရာမပါလာရင်နေပါစေ။ သူလာရင်ပဲ မိမိုးကကျေနပ်နေပါပြီ။ သူနှင့်အတူနေရလျှင် မိမိုးပျော်သည်။ သူ့ရင်ဘတ်က ကြယ်သီးတွေကို ဖြုတ်တပ်တမ်း ဆော့ကစားချင်သည်။
‘အဲဒီလိုကောင်ကို အရေးပေးတော့ရော ထမင်းဝလို့လား မိမိုး။ ပြီးတော့ နင် ပိုက်ဆံရော ရလို့လား။ သူက ဖောက်သည်တောင် ရှာပေးတတ်မှာ မဟုတ်ဘူး၊ နင့်လုပ်စာ ထိုင်စားမယ့်ကောင်ဟ။ မမိုက်စမ်းပါနဲ့ မိမိုးရယ်။’
မြစိုးက ဒေါသတကြီး အော်ပြောခဲ့သည်။ဒါပေမယ့် မိမိုး တုတ်တုတ်မျှ မလှုပ်။
‘သူ ငါ့ကို အခုထိ ဘာမှမလုပ်ဘူး။ လက်ဖျားနဲ့တောင် မတို့ခဲ့ဖူးဘူး မြစိုး။ အေး တကယ်လို့ သူသာ လုပ်ချင်ရင် ငါကပေးမိမှာ။ သူသာ ငါ့ကိုယူချင်ရင် ငါက ရှာကျွေးချင်သေးတာ။’ ဟု ပြန်ပြောသည်။
‘နင် သူ့ကို ချစ်နေပလား။’
သည်တော့ မိမိုးဆတ်ဆတ်ခါနာသည်။ ‘ဟင့်အင်း။ ချစ်တယ်ဆိုရင် သူနဲ့ ငါ အိပ်ချင်မှာပေါ့။ ဦးချစ်နဲ့ငါ ချစ်တုန်းကလည်း အိပ်တာပဲ။ နင် ငါ့ကို ချစ်တယ်ပြောတုန်းကလည်း အတူအိပ်ကြတာပဲ။ အခုက သူ့အပေါ်မှာ ငါ အဲဒီလိုစိတ်မျိုး မရှိဘူး သေနာရဲ့။ သူ့ရင်ခွင်ထဲ မှီနေချင်တာမျိုး၊ သူနဲ့ နေရရုံနဲ့ ကျေနပ်နေတာမျိုး။ သူကလည်း ငါ့ကို နင့်လိုမျိုး ချစ်တယ်လို့ မပြောဘူး။’
မြစိုးက ခွေးမဟု ဆဲသည်။ ယောင်္ကျားဖြစ်ပြီး မိန်းမတစ်ယောက်နဲ့ အတူမအိပ်ချင်တဲ့ကောင်ရှိမလား။’ဟု အော်ပြီး ထွက်သွားသည်။ မိမိုးသည် သူနဲ့ အိပ်ဖို့ ဆန္ဒမရှိချေ။ သူလိုချင်တာ ပေးချင်တာမျိုး၊ သူနှင့်အတူယှဉ်တွဲအိပ်ခဲ့သည်ဆိုသော်ငြား သည်လိုနေရခြင်းကို မက်မောရုံသာ။ သူလေးဟာ အပြစ်ကင်းတဲ့ ကလေးလေးပါပဲ ဟုသာ မိမိုးတွေးသည်။
မိမိုး အလုပ်လုပ်ချိန်ဆိုလျင် သူက အရက်ဆိုင်ဘက် ရှောင်ပေးတတ်၏။ မိမိုး သွားခေါ်မှ ပြန်လာသည်။ သည်လို သူ့ကို သွားခေါ်ပြီး အတူယှဉ်တွဲပြန်လာရတာမျိုးကို မိမိုးကြည်နူးသည်။ ဘေးချင်းယှဉ်လျှောက်သည့်အခါ သူ့လက်ဖျားလေးများဖြင့် မထိတထိလေး ထိခတ်မိလျှင် လှပ်ခနဲ နွေးခနဲဖြစ်ရသည်။ မိမိုးနှင့်အတး ညစာစားသည်။ မိမိုးရသည့် ပိုက်ဆံဖြင့် သူ့ကို ကျွေးရတာလောက် ပီတိဖြစ်တာမရှိ။
ညအခါတွင် နံဘေးကပ်အိပ်ရင်း သူ့အကြောင်းတွေပြောခိုင်းပြီး နားထောင်ရသည်ကို မရိုးနိုင် မအီနိုင်။
‘အရက်ဆိုင်က မကြည်က ကျွန်တော်နဲ့ မိုးကို ညားနေကြပြီလားလို့မေးတယ်’ ဟု သူပြောသည်။’ မင်းက ဘယ်လို ပြန်ဖြေလိုက်သလဲ။’ ဟု မိမိုးကမေးတော့’ ကျွန်တော် ရယ်နေလိုက်တာပေါ့’ ဟု သူပြောသည်။ သည်အခါ မိမိုး တွေးရပြီ။
‘ရယ်မနေနဲ့ အမောင်။ ခင်လို့ လာနေတာလို့ ပြောရတယ်။ မိုးလို မိန်းမတစ်ယောက်နဲ့ ခင်တယ်ဆိုတာတောင် မင်းအတွက် သိက္ခာကျလာပြီ။ အင်း ဟုတ်တယ်။ မင်း ဒီကိုမလာတာ ပိုကောင်းတယ်။ အိုကွယ်၊ မလာနဲ့တော့။ ငါ့အိမ်ကို မလာပါနဲ့တော့။’ ဟု မိမိုး ပြောဖြစ်သည်။
ပြောပေသော်ငြား သူလေးက လာမြဲတိုင်းသာ။ မိမိုးကလည်း ထပ်မပြောရက် မနှင်ရက်။ သူ့ကို နှင်ရသည်မှာလည်း မိမိုး ရင်နာလှသည်။ ကိုယ့်နှလုံးသားကို ကိုယ်တိုင်ဆွဲဖြုတ်နေသလိုရှိ၏။ ရင်းနီးရုံဖြင့်ပင် သူ့သိက္ခာကျလှပါပြီ။ သူ့ကို မိမိုးဆီ မလာသေချင်တော့ပါ။ ပြီးလျှင်လည်း သူ့ကို မိမိုး မခွဲချင်ပြန်။ သူ့နှုတ်ခမ်းတွေဆီ တဝကြီး ငေးကြည့်နေချင်သေးသည်။ အကျော်ဟု ခေါ်ရလျင်လည်း အားမရ။ အမောင်ဟုပင် မခေါ်ချင်။ မောင်ဟု တိုးတိုးဖွဖွလေး ခေါ်ချင်နေမိသည်။ ချစ်သည်းလေး သည်းညှာခိုင်လေး ဟု ခေါ်ချင်သည်၊ စိတ်တွင်းမှ ခေါ်ရသည်ကိုလည်း အားမရပြန်။
‘မောင်၊ မောင်ရေ၊ ချစ်ဆုံးလေး သည်းပွတ်လေးရေ။’
သူပြန်သွားတိုင်း မိမိုးနှုတ်မှ ထိုသို့ တိုးဖွဖွခေါ်ကြည့်သည်။ အသံထွက်ခေါ်ရသည့်အခါ မိမိုး တစ်ကိုယ်လုံး နွေးခနဲ ရှိန်းမြသွားသည်ထင်သည်။ တိုးဖွဖွခေါ်ရသည်ကိုလည်း အားမရပြန်။ သူပြန်သွားရာ သံလမ်းတစ်လျှောက်ကြားရလေအောင် အော်ခေါ်လိုက်ချင်သည်။
မိမိုးသည် တစ်ခုခုကို ရေးတေးတေး သဘောပေါက်လာသည်။ ဦးချစ်နှင့်အတူအိပ်ခဲ့တာ အချစ်မှ ဟုတ်ပါလေစဟု တွေးမိလာသည်။ အမောင်နှင့် အတူနေခဲ့သည်မှာ တစ်ပတ်ကျော်မျှ ရှိရော့မည်။ အတော်လေး ထိန်းနိုင်သည့်အမောင်။ သူ့ဘက်က မိမိုးအသားကို ပိုင်စိုးပိုင်နင်း မထိခဲ့စဖူး။ မိမိုးဘက်ကလည်း ဘာမှ မတောင်းဆို။ အတူရှိနေရရုံဖြင့် ကျေနပ်နေတာပါပဲ။
တစ်နေ့တော့ သူ မပြန်ပါ။
‘ကျွန်တော် ဆုံးဖြတ်နေတာကြာပြီ။ မိုးကို ချစ်တဲ့အကြောင်း ပြောမလို့’ ဟုဆိုသည်။ သူ့ဆီက ဒီစကားကြားတော့ မိမိုးသည် ဘာကြောင့်ရယ်မသိပါဘဲ သူ့ရင်ခွင်မွှေးမွှေးကြီးထဲ ပြေးဝင်ငိုချပစ်လိုက်ချင်သည်။ သည်လို ငိုချပစ်လိုက်ရင်တော့ ဆွတ်ဆွတ်ဖြူနေသည့် သူ့င်္အကျီရင်ဘတ်ကို ချွေးစိုနေသည့် သနပ်ခါးတွေများ စွန်းလေမလားဟု မဝံ့မရဲတွေးဖြစ်ပြန်သည်။
မိမိုး ရင်တွေ ခုန်နေသည်။ စကားသံတွေ တုန်ဆတ်ဆတ်ဖြင့် ‘ဒီလိုပဲ နေကြရအောင်လား အမောင်ရယ်၊ ဒီအတိုင်းလေးပဲလေ။ ပြီးတော့ မိုးကိုရော တကယ်ချစ်တာ ဟုတ်ရဲ့လား’ ဟု သူ့မျက်လုံးတွေဆီ အငမ်းမရရှာရင်း မေးသည်။
‘မိုး အခြားသူတွေနဲ့အိပ်ရင် ကျွန်တော် သဝန်တိုနေတယ်၊ ကျွန်တော်ခံစားရတယ် မိုးရဲ့။’
ဪ။ မိမိုးမှာတော့ အဲဒီလို အိပ်ပြီးရလာတဲ့ ပိုက်ဆံလေးနဲ့သူ့ကို ကျွေးနေရတာကို ပျော်နေအိတာ။ သူသာ ဒီလိုခံစားနေမယ်မှန်းသိရင် သူမသိအောင် ခိုးအိပ်မိမှာ။
‘ဟုတ်တယ်။ ချစ်တယ်။ ချစ်တယ် မိုးရဲ့။’
သူကအနားကပ်လာကာ ဖက်သည်။ နုထွေးသော နှုတ်ခမ်းသားတွေက မိမိုးပါးပြင်အနှံ့ကို နမ်းသည်။ နောက် မိမိုး၏ နှုတ်ခမ်းသားဆီ။ ပြီး တင်းကြပ်စွာ ပွေ့ဖက်လာသည်။ နောက် ကျောပြင်ဆီ ကျစ်လစ်စွာ သိုင်းယှက်ဖက်ပြန်၏။ သူ့ အသက်ရှုသံတွေ တရှူးရှူး။ မိမိုးသည် မျက်လုံးစုံမှိတ်ထားမိရာမှာ ရုတ်ခနဲ တွန်းထုတ်မိ၏။
‘မင်း ငါနဲ့အတူ အိပ်ချင်တာလား။’
ပြောရင်းမှ မိမိုး ငိုချင်လာသည်။ သူက မိမိုးကို ပွေးဖက်တွန်းလှဲဖို့ ဟန်ပြင်ကြိုးစားသည်။
‘လွှတ်စမ်းပါမောင်၊ ငါ လက်မခံနိုင်ဘူး’ ဟု မိမိုးအော်မိသည်။ သူက အံ့ဩရိပ်စွက်နေသည့်ဟန်ဖြင့် ကြည့်သည်။
‘ငါ မင်းနဲ့အတူ အိပ်ဖို့ ဆန္ဒမရှိဘူး အမောင်။ ငါကလေ၊ ငါလည်း အင်း ဟုတ်တယ်၊ နင့်ကိုချစ်တယ်ဟ၊ အေး ချစ်တယ်။ ငါ ငိုချင်နေတယ်ဟာ သိလား။ ဒါပေမဲ့ ချစ်တယ်ပြောပြီး အတူအိပ်ချင်တာပဲ မဟုတ်ဘူးဟာ။ ငါမသိဘူးဟ။ နင်နဲ့အတူနေချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ငါတွေးနေတယ်။ နင့်ကို မယူနိုင်ဘူး။ ပြီး နင်နဲ့ မခွဲချင်ဘူး။ ဒါပေမဲ့ ငါ့ဆီ မလာစေချင်ဘူး။’
‘ပိုက်ဆံမပေးလို့လား။’
အသည်းစိုင်က စစ်ခနဲ ကျဉ်ခနဲ နာပါသည်။ သူက ဘယ်လိုသဘောနဲ့ ပြောသည်မသိ။ သူ့မျက်နှာက ပကတိဝေခွဲရခက်လှဟန်။
‘အပျက်မတစ်ယောက်ရဲ့အချစ်က ပိုက်ဆံနဲ့မဆိုင်ဘူးဟ။ နင် ငါ့ဆီမလာပါနဲ့တော့ဟာ၊ ပြီး ငါ့ကို ချစ်တယ်လို့ မပြောပါနဲ့။’
မိမိုးသည် ရှိုက်ကြီးတငင်ငိုချလိုက်သည်။ ပြီးလျင် ယိုင်နဲ့နဲ့ အိမ်စုတ်လေးဆီမှ ထွက်ပြေးမိတော့၏။ သံလမ်းပေါ်ရောက်တော့ အားပါးတရ ထပ်ငိုမိပြန်သည်။ ငိုရသည်တဲ့။ အချစ်ဆိုတာ ဘာလဲ။ ဘာကြီးလဲ။ ဦးချစ်လို ချစ်တယ်ပြောပြီး အတူအိပ်ကြတာမျိုးမဟုတ်၊ သည်ထက် သည့်ထက် အစစအရာရာ သာလွန်ကြောင်း သိလာသည်၊ ခံစားမိလာသည်။
မောင်ကရော အခြားသူတွေလို ချစ်တယ်ပြောပြီး အတူအိပ်ချင်တာမျိုးပဲလား။ ငွေပေးချသ်တတ်တာပဲလား မောင်ရဲ့။ အချစ်ဆိုတာလေ အတူအိပ်တာထက် ပိုတယ်မောင်ရဲ့။ ဘာမှ မကျူးလွန်ရလဲ ငါနင့်ကို ချစ်တာပဲမောင်ရဲ့။ ဘာကြောင့်များ နင့်အသက်ရှူသံတွေ မြန်လာရတာလဲ မောင်ရယ်။ ငါ ချစ်သလို ငါတွေးသလို မချစ်နိုင်တာလား။ ယောင်္ကျားတွေဟာ ဒီလိုပဲလား။ ချစ်ရော ချစ်တတ်ကြရဲ့လားကွယ်။
မိမိုးသည် ဘယ်အချိန်ထိ ငိုနေမိသည်မသိ။ ငိုနေရင်းက အိမ်ဘက်ဆီ လေးတွဲစွာ ပြန်လာခဲ့သည်။ သံလမ်းသည် မှောင်အတိ။ အိမ်အနီးနားဆီမှ သူ့အရိပ်ကို မြင်နေရသည်။ မိမိုး ခြေလှမ်းတို့ တန့်နေသည်။
အတန်ကြာသော် သူ့အရိပ်သည် တရွေ့ရွေ့ဝေးသွားသည်။ အိမ်လေးဆီမှာ သူမရှိတော့ပြီ။ မရှိတော့ပါပြီ။
မှောင်အတိ။
‘ချစ်တယ်ဆိုရင် အတူအိပ်ဖို့ မကြိုးစားပါနဲ့လား မောင်ရယ်။ ဦးချစ်နဲ့ ငါ့ဖောက်သည်တွေလို နင့်ကို တတန်းစားထဲ မထားနိုင်ဘူးဟ။’
မိမိုးသည် ငိုမိပြန်သည်။
အိမ်လေးဆီမှသည် သံလမ်းပေါ် မျှော်ကြည့်မိပြန်သည်။ကြယ်ရောင်သာ ရှိသည်။ ရှေ့တွင်တော့ လင်းမှာပါလေ။ သူအပြန်လမ်း ဖြောင့်မှာပေါ့။ အမှောင်ထဲရှိ အိမ်အိုလေးထဲတွင် မိမိုး ငိုနေသည်။
‘အေးပေါ့။ နင် ငါနဲ့ ဝေးသွားပြီပေါ့။ ဖျာသည်တစ်ယောက်ရဲ့ ချစ်သူအဖြစ် မနေရတော့ဘူးပေါ့ဟာ။ ဒါလည်း ငါ့အချစ်ပဲ မောင်ရဲ့၊ ငါနင့်ကို ချစ်တယ်ဟာ၊ ဟုတ်တယ်။ ချစ်တယ်ဟ။’
မိမိုးသည် ပြုံးနေလျက်ကာ ရှိုက်ကာ ဆင့်ကာ ငိုနေတော့သည်။
_____________________
#ဝါနုသော်
{ကျေးရွှေတမာ မဂ္ဂဇင်း}
<အမှတ်၃ ၊ ဇန်နဝါရီ၊ ၂၀၁၈။>