လစာထုတ်ရက်(စ/ဆုံး)

 လစာထုတ်ရက်(စ/ဆုံး)


——————-


ချိုမာဟာ နံနက်ဆိုစောစောထ အငယ်တွေဖြစ်တဲ့ နီနီနဲ့ဖိုးပြည့်အတွက် ကျောင်း ထမင်းဗူးတွေမနက်စာတွေပြင်ဆင်ပေးခဲ့ပြီးမှ အလုပ်သွားရတယ်။ အိမ်မှာအလတ်မနီနီက ၇တန်းရောက်ပြီဆိုတော့ ရေရေရာရာ လုပ်တတ်ကိုင်တတ်တဲ့အရွယ်မို့လို အငယ်ဆုံးမောင်လေး ဖိုးပြည့်အတွက် သိပ်စိတ်မပူရတော့ပေ။


ချိုမာ တို့ ကလေးဘဝကတည်းက မိဘတွေက ရှေ့ဆင့်နောက်ဆင့်ပင်ကွယ်လွန်ကြသည်။ ချိုမာတို့မောင်နှမ သုံးယောက်လုံး အဖွားနဲ့နေရပြီး အဖွားလက်ပေါ်ကြီးခဲ့ရသည်။ အဖွားမှာ ကျန်တဲ့သားသမီးမရှိတော့ ချိုမာ့အမေဆုံးသည့်နောက်ပိုင်း ချိုမာတို့မောင်နှမတွေ ကို အမွေစားအမွေခံ ဖြင့် မွေးစားကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ အဖွားက ရပ်ကွက်ထဲမှာငွေအတိုးချရင်း ချိုမာတို့မောင်နှမတွေကို မတောင့်မတမကြောင့်မကျမပူမပင်ရအောင် ထားပေးတယ်။ ချိုမာဆယ်တန်းရောက်တော့အဖွားကထပ်ဆုံးတယ်။

အဖွားဆုံးပြီးနောက်ပိုင်း ဆွေမျိုးရင်းချာဆိုတာလည်းများများးစားစားမသိတဲ့ချိုမာတို့ မောင်နှမတွေ အားကိုးရာမဲ့ခဲ့ရတယ်။ ဒါပေမယ့် အဖွားအမွေအဖြစ်

ချန်ထားခဲ့တဲ့အိမ်ခြံဝိုင်းလေးတခုရှိသည်မို့ နေရေးထိုင်ရေးအတွက်မပူပန်ရပေမယ့် စားဝတ်နေရေးအတွက် ချိုမာကိုယ်တိုင်ရရာအလုပ်ကိုလုပ်ပြီး မောင်နှမတွေရဲ့တာဝန်ကိုဆက်လက်ထမ်းယူခဲ့တယ်။ အဖွားရှိတုန်းက အတိုးပေးစားထားတဲ့ပိုက်ဆံလေးတွေကို အဖွားမရှိတော့သည်နောက်ပိုင်း မည်သူကမှ တရေးတယူအတိုးလာမသတ်ကြတော့။


ချိုမာက အငယ်တွေကိုပညာတတ်စေချင်တယ်။ ဘဝကို မပင်မပန်း အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းစေချင်တယ်။ ဒါကြောင့်မို့ မည်မျှပင်ခက်ခဲပါစေ အငယ် တွေကိုကျောင်းမထုတ်ခဲ့ဘူး။


ချိုမာတို့အိမ်မှာ သူမ တယောက်တည်းလုပ်စာပဲရှိတာမို့ ငွေကို ပေါပေါလျှံလျှံမသုံးစွဲရသော်လည်း မောင်လေးညီမလေး ဟင်းမပါပဲ ထမင်းမစားရတဲ့နေ့ဆိုလို့မရှိခဲ့။ ချိုမာက အငယ်တွေကို အရမ်းမျှော်လင့်ချက်ထားတယ်၊ ဦးစားပေးတယ်၊ အနစ်နာခံတယ်။ အငယ်တွေရဲ့ နေ့စဥ်မုန့်ဖိုးကိုလည်း များများစားစားမပေးနိုင်ပေမယ့် တတ်နိုင်သလောက်တော့ ချိုမာစီစဥ်ပေးတယ်။ ဒါကို အငယ်တွေကသိတယ်။ ချိုမာပေးတဲ့မုန့်ဖိုးတွေကို စုထားကြတယ်။မသုံးရက်ကြဘူး။ ကျောင်းမှာ ဟိုဟာကြေး သည်ဟာကြေး ကောက်တဲ့အခါတိုင်း ချိုမာပူစရာမလိုလောက်အောင် ကလေးတွေက စုထားတဲ့ပိုက်ဆံတွေနဲ့ ဖြေရှင်းနိူင်တာမို့ ချိုမာလည်း တခါတရံတော့ ဝန်ပေါ့သလိုရှိရတယ်။ ချိုမာ လစာထုတ်ရက်တိုင်း ညီမလေးနဲ့မောင်လေးကို လမ်းထိပ် ဦးသိန်းမောင်ဆိုင်က ေခါက်ဆွဲကြော်ပါဆယ်ဝယ်လာလေ့ရှိတယ်။အဖွားရှိကတည်းက ဦးသိန်းမောင်ဆိုင်ကနေမကြာမကြာခေါက်ဆွဲကြော်စားရလေ့ရှိတဲ့ ချိုမာတို့မောင်နှမတွေ အဖွားဆုံးသည့်နောက်ပိုင်း တလမှတကြိမ်သာ စားခွင့်သာတော့တယ်။ ဒီနေ့ကလည်း ချိုမာလစာထုတ်ရက်ပဲ။ ဒီတခေါက်လာစာထုတ်ရက်မှာ ခါတိုင်းနဲ့မတူ။ မနက်က သူတို့နှစ်ဦးကို ချိုမာ ထူထူးခြားခြားမှာသွားတယ်လေ။


”ညနေကျရင် နီနီက ကိုပြည့်နဲ့အတူကျောင်းဆင်းတာနဲ့ ဦးသိန်းမောင် ဆိုင်မှာ စောင့်နေနော်.. ဒီလ ဘောနပ်စ်လည်းရတော့ ခေါက်ဆွဲကြော်ကို ဆိုင်မှာ စိတ်ကြိုက်ဝယ်ကျွေးမှာ.. ကျောင်းကလွှတ်တာနဲ့ အိမ်မပြန်နဲ့တော့ မမကြီးကို ဆိုင်မှာပဲစောင့်နေကြ”


ချိုမာ့ရဲ့အစီအစဥ်ကိုကြားတော့

နီနီနဲ့ ဖိုးပြည့်တို့မောင်နှမနှစ်ယောက် ပျော်သွားတာပေါ့


”ဘောနပ်စ်က ဘယ်လောက်ရမှာလည်းသိလား ”


”ဘယ်လောက်လည်းမကြီး”


နီနီက မေးလိုက်တယ်


”သုံးသိန်းလေ မကြီးကလုပ်သက် သုံးနှစ်ပြည့်ပြီမို့လို့ သုံးသိန်းရတာ လစာက သုံး သိန်းဆိုတော့ ဒီလ ခြောက်သိန်းလောက်ရမှာ”


”ခြောက်သိန်းတောင်ဟုတ်လား”


နီနီနဲ့ဖိုးပြည့်တို မောင်နှမနှစ်ယောက်ပြိုင်တူပင် ပြောမိသွားတယ်


””ခြောက်သိန်းတောင်ပေါ့”


”မကြီးကတော့စဥ်းစားတယ် နီနီ့အတွက် စာကြည့်စားပွဲလေးဝယ်ပေးမလားလို့ ခေါက်စားပွဲလေးလေ”


”ဟာ မကြီး တကယ်ပြောတာလား ”


” တကယ်ပေါ့ နီနီရဲ့ မကြီး အလုပ်လုပ်တဲ့ဆိုင်မှာ အဲဒါလေးတွေရောင်းတယ် မကြီးက နီနီ့အတွက် ဝယ်ပေးချင်နေတာ တစ်သောင်းခွဲ ဆိုတော့ မတတ်နိုင်ခဲ့ဘူး ခုတော့ ဝယ်နိုင်ပြီပေါ့ ”


မမကြီးစကားကြောင့် နီနီထပ်ပျော်ရပြန်၏


ဖိုးပြည့်ကတော့ သူ့အတွက်ဘာမှထည့်မစဥ်းစားရ ကောင်းလားဟူ၍ ချိုမာ့ ကို ပြသနာရှာပြန်၏


”မကြီးက သားအတွက်ကျတော့ဘာမှဝယ်မပေးဘူးပေါ့ မကြီးက မကောင်းဘူး”


”ဟယ် သားကလည်း မကြီးက သားကို ဘာမှမဝယ်ပေးပဲနေမလား သားအတွက်ကျောပိုးအိတ်တလုံးဝယ်ပေးမယ် အခုကျောပိုးအိတ်က ဟောင်းနေပြီလေ ဇစ်တောင်ပြုတ်ချင်နေပြီ မကြီး ဆိုင်ကနေ ဝယ်လာခဲ့မယ် ဟုတ်ပြီလား”


ချိုမာ့စကားကြောင့် ဖိုးပြည့်ကပျော်နိုင်သွားပြီ


”’တကယ်နော်မကြီး”


”တကယ်ပေါ့ ဒီညနေ ကျောင်းက ပြန်လာရင် ခေါက်ဆွဲကြော် စားဖို့သာ စောင့်နေ မကြီးလာမှ အတူတူဆိုင်မှာအဝစားကြမယ်”


မောင်နှမ သုံးယောက် ညနေအတွက် အစီစဥ်တွေဆွဲပြီးနောက် ချိုမာလည်း ထမင်းချိုင့်ကိုဆွဲကာ ဘက်စ်ကားမှတ်တိုင်သို့ သွားရောက်၍ စီးနေကျဘက်စ်ကားဖြင့် အလုပ်ကိုသွားခဲ့လေသည်။


…….


ဒီနေ့ အလုပ်လုပ်ရတာ ခါတိုင်းနဲ့မတူ အရမ်းပျော်ရွှင်နေရတယ်။ သူဌေးကဝန်ထမ်းတွေကိုနှစ်အလိုက် ဘောနပ်စ်ပေးဖို့စီစဥ်ထားတာမို့ ချိုမာနှင့်အတူ ဆိူင်ကဝန်ထမ်းအားလုံးပျော်နေကြတယ်။ ချိုမာအလုပ်လုပ်တဲ့ဆိုင်က အိမ်သုံး လူသုံးကုန် ပစ္စည်းရောင်းတဲ့ဆိုင်အကြီးကြီးမို့ ဝန်ထမ်းတွေလည်း များ၏။ ဝန်ထမ်း အားလုံးထဲတွင် ချိုမာက အသက်အငယ်ဆုံး။ အသက်က နှစ်ဆယ်ဝန်းကျင်သာရှိသေး လူကလည်းပိန်ပိန်သေးသေးလေးမို့ အားလုံးက ချိုမာ့ကို အသေးလေးဟု ချစ်စနိုးနဲ့ခေါ်ကြတယ်။ ချိုမာကတော့သူ့ကိုအသေးေးလး အငယ်လေး ဆိုပြီးအခေါ်ခံရတိုင်း စိတ်ထဲတွင်တော့


”ကျမက အသေးလေးအငယ်လေးမဟုတ်ပါဘူးနော် ရှင်တို့အိမ်ကိုလာကြည့်လိုက် အိမ်မှာ ညီမတွေမောင်တွေရှိတဲ့ အကြီးဆုံးအမကြီးပါ အိမ်မှာဆို ကျမက မရှိမဖြစ်လေ ညီမလေးမောင်လေးတွေရဲ့ အားကိုးအားထားရာ မမကြီးပေါ့” ဆိုပြီး ကိုယ့်ဟာကိုယ်ကြံဖန် စိတ်ထဲက ပြန်ချေပပြောဆိုရင်း ဂုဏ်ယူနေတတ်သူဖြစ်၏။


”ချိုမာအောင်”


မန်နေဂျာမမက အလုပ်ဆင်းခါနီးမှာဝန်ထမ်းအားလုံးကို အလှည့်ကျ နာမည်ခေါ်ပြီး လစာထုတ်တွေပေးတယ်။ ချိုမာ့အလှည့်ကျတော့ ချိုမာက မန်နေဂျာမမပေးတဲ့ လစာထုတ်လေးပိုက်ပြီး ဘေးနားမှာရပ်နေသေးတယ်။ ခနနေရင်တော့ ဒီဆိုင်က ဝယ်ရမယ့်ပစ္စည်းတွေရှိသေးတာကိုး။ ချက်ချင်းတန်းပြန်လို့မဖြစ်သေးဘူးလေ။


လစာ ဝေလို့ပြီးသွားချိန် ချိုမာကမန်နေဂျာမမကိုခွင့်တောင်းပြီး


”မမ သမီး ခေါက်စားပွဲတလုံးနဲ့ ကျောပိုးအိတ်တလုံးဝယ်မလို့ ”


ပြောပြောဆိုဆိုနှင့် ချိုမာက ဆ်ိုင်မှာ မနက်ကတည်းက သူ့စိတ်ကြိုက် ရွေးကာ မှတ်ထားသော ခေါက်စားပွဲလေးတလုံးရယ် ကျောပိုးအိတ်လေးတလုံး ကို ယူလာကာ


”ဒါလေးတွေ ယူမလို့”


မန်နေဂျာမမက ချိုမာ့ကို ကြည့်ပြီး


”မောင်လေးညီမလေးတွေအတွက်လား”


” ဟုတ် မမ ”


အသေးလေးရယ် နင်ကလေ လူကောင်ကသာသေးသေးလေး မိသားစုဝန်ကိုတော့ တအားထမ်းတာနော် သွားသွား နင့်ဟာနင်ဘောင်ချာဖြတ်ပြီး စာရင်းသွင်းလိုက်လေ ပိုက်ဆံဒီမှာရှင်းခဲ့ပေါ့။ ေသြာ် နေဦး ခေါက်စားပွဲနဲ့ ကျောပိုးအိတ် နှစ်မျိုးစလုံးစာမပေးနဲ့ ဒီခေါက်စားပွဲဖိုးကို မမ ပေးလိုက်မယ် ကျောပိုးအိတ်ဖိုးပဲ ရှင်းခဲ့ အသေးလေးကို ခင်လို့နော် ”’


မန်နေဂျာမမကြီးပြောစကားကြောင့် ချိုမာလည်း ဝမ်းသားအားရဖြင့်


”ဟုတ်ကဲ့မမ ကျေးဇူးတင်ပါတယ်မမ”


ချိုမာ့ရဲ့အပျော်မျက်ဝန်းတွေကိုကြည့်ပြီး မန်နေဂျာမမက ဆက်၍


”အလုပ်ကိုလည်းဒီ့ထက်ပို ကြိုးစားရမယ်နော် အသေးလေး ကိုယ်က ငယ်ငယ်လေးရှိသေးတာ ရှေ့လျှောက် ဘဝတက်လမ်းတွေ ရှိသေးတယ်။ ကိုယ့်ကိုယ်ကို လည်း ဂရုစိုက်ဦး။


”ဟုတ်ကဲ့ မမစကား ကို သမီး နားထောင်ပါ့မယ်”


”ဟုတ်ပြီ အဲဒါဆို ပြန်တော့လေ’ အိမ်မှာ မောင်လေးညီမလေးတွေစောင့်နေရောပေါ့”


ချိုမာက ပစ္စည်းတွေကို သယ်ပြီး ဘက်စ်ကားစီးရန် မှတ်တိုင်ကိုလာခဲ့တယ်။ ဒီနေ့ကတော့ခါတိူင်းနေ့ထက် ဘက်စ်ကား စီးရတာဒုက္ခရောက်သည်။ ပါလာတဲ့ ခေါက်စားပွဲနဲ့ ကျောပိုးအိတ်ကို သယ်ရပိုးရသေးတာမို့ ဘက်စ်ကားကလည်းကြပ်ကြပ်နှင့် မို့ တော်တော့်ကို အဆင်မပြေဖြစ်နေသည်။ သို့ပေမယ့် သိပ်မကြာခင် မောင်လေးညီမလေးတွေရဲ့အပျော်မျက်နှာကိုမြင်ရတော့မှာမို့ စိတ်ထဲတွင်တော့ကြည်နူးနေရပြန်သည်။


ရှေ့မှတ်တိုင်မှာဆင်းရတော့မည်မို့ တံခါးဝနားသွားရပ်လိုက်တယ် ကားက တချက်တချက်ယိမ်းတိုင်း လူကလည်း ဟန်ချက်မညီ လိုက်ယိမ်းထိုးနေတယ်။ ဘက်စ်ကားတိုးစီးနေကျဖြစ်သော်လည်း ဒီနေ့က ပါလာတဲ့ ပစ္စည်းတွေကိုလည်း ထိန်းပြီး ကိုင်ထားရသေးတယ်လေ။


ခနနေတော့ဆင်းရမယ့်မှတ်တိုင်ရောက်လာတယ်။ ချိုမာဆင်းလိုက်ပြီး နီနီနဲ့ဖိိုးပြည့်တို့ စောင့်နေမယ့် ဦးသိန်းမောင်ခေါက်ဆွဲကြော်ဆိူင်ကို ဦးတည်ပြီးလျှောက်လာခဲ့တယ်။


နီနီနဲ့ဖိုးပြည့်တို့က ဆိုင်ထဲကနေ ချိုမာ့ကိုမြင်သည်နှင့်


”ရေး ဟိုမှာမမကြီးလာပြီ ခေါက်စားပွဲလည်းပါတယ် ကျောပိုးအိတ်လည်းပါတယ်”


ကိုပြည့်က သူ့ကျောပိုးအိတ်လေးကို သေချာဖွင့်ကြည့်ပြီး သဘောတွေကျနေသလို နီနီကလည်း ခေါက်စားပွဲလေးကိုမြင်ပြီး ကျေနပ်ပျော်ရွှင်နေတာကိုမြင်တော့ ချိုမာတယောက် ခုနက ဘက်စ်ကားကြပ်ကြပ်စီးလာရလို့ ပင်ပန်းစိတ်ရှူပ်လာသမျှ ဘယ်ရောက်သွားမှန်းမသိတော့။


”ကဲ ခေါက်ဆွဲကြော် မှာလိုက်ရအောင်လေ ”


”ဦးလေးရေ ခေါက်ဆွဲကြော် နှစ်ပွဲပေးပါ’

‘နှစ်ပွဲဆိုရင် တို့မောင်နှမတွေ ဗိုက်ကားလောက်တယ်လေ နော်”


”ဟုတ်မမကြီး”


ချိုမာက ခေါက်ဆွဲကြော် မှာပြီးသည့်နောက် သူ့ရဲ့ဘေးလွယ်အိတ်ထဲက လစာထုတ်ကို မောင်နှမတွေကိုထုတ်ပြချင်ဇောဖြင့် အိတ်ထဲက နှိုက်ယူမယ်ကြံတော့


”ဟင် ”

မထင်မှတ်ဟထားသောအရာက ဖြစ်ခဲ့လေပြီ


”သွားပြီ သွားးပြီ ငါ့လစာတွေ ဘောနပ်စ်တွေ”


ချိုမာ့လစာအိတ်က အိတ်ထဲတွင်လည်းမရှိတော့ ဒါ့အပြင်ပိုက်ဆံအိတ်ကိုကြည့်လိုက်တော့လည်း ကျောပိုးအိတ်ဖိုးရှင်းခဲ့တာက ပိုက်ဆံအိတ်ထဲကမို့လို့ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံကလည်းပြောင်နေပြီဖြစ်သည်။


ချိုမာခေါင်းနပန်းကြီးသွားလေသည်။ သို့ပေမယ့် အငယ်တွေ ရိပ်မိမှာကိုလည်းစိုးရိမ်နေမိသည်။ စောစော က သူတိူ့လေးတွေပျော်ရွှင်နေသောအပျော်လေးတွေကို ဘယ်နည်းနဲ့မှ ချိုမာမဖျက်ဆီးရက်ပါ။


ချိုမာ ဘာလုပ်ရမည်နည်းဟုစဥ်းစားနေမိသည်။ ဘက်စ်ကားကြပ်ကြပ်မှာ ခါးပိုက်နှိုက်ခံလိုက်ရတာ ဖြစ်မည်ဟု စိတ်ထဲကတွေးရင်း ခါးပိုက်နှိုက်ကိုလည်း လုပ်ရက်လေခြင်းဟု စိတ်ထဲကကျိန်ဆဲနေမိသည်။ မိမိတို့ဒီလ ဝမ်းရေးအတွက် ဒီပိုက်ဆံမှမရှိရင် ဘယ်လိူဖြေရှင်းရမည်နည်း ဒီလအတွက်ပင်မဟုတ် အခုမှာထားတဲ့ခေါက်ဆွဲကြော်နှစ်ပွဲဖိုးတောင် ရှင်းဖို့ပိုက်ဆံမရှိတော့ပါ။ ချိုမာဘာလုပ်ရမည်နည်း။ ချိုမာစဥ်းစားရကြပ်နေလေပြီ။ သို့ပေမယ့်အငယ်တွေကိုလည်း မသိစေချင်။ ခနနေတော့ ခေါက်ဆွဲကြော် နှစ်ပွဲကရောက်လာလေပြီ ။ ခေါက်ဆွဲကြော် များလာချသည်နှင့် အငယ်နှစ်ယောက်က အားရပါးရစားနေလေပီ။ ထိုမြင််ကွင်းကိုကြည့်ပြီး ငိုချလိုက်ချင်သော်လည်း မငိုရက်ပါ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလည်းဟုတွေးနေစဥ်မှာပဲ


”မမကြီး စားဦးလေ”


နီနီက စားဖိူ့ပြောပေမယ့် ချိုမာမစားနိုင်တော့ပါ စားချင်စိတ်လည်းမရှိတော့ပါ


”မမကြီးမစားတော့ပါဘူး နီနီတို့ပဲကုန်အောင်စားလိုက်နော်”


နီနီနဲ့ဖိုးပြည့်တို့က ခေါက်ဆွဲကြော် နှစ်ပွဲစလုံးပြောင်သည်အထိ စားလိုက်ပီးနောက်


”မမကြီး နီနီတို့ဗိုက်တင်းနေပြီ”


”ဟုတ်တယ်မမကြီး သားတို့ပြန်ရအောင် ပိုက်ဆံရှင်းလိုက်တော့”


ဖိုးပြည့်၏ ပိုက်ဆံရှင်းလိုက်တော့ ဆိုတဲ့စကားက ရင်ကိုဒိန်းခနဲတောင်ဖြစ်သွားစေသည်။ ရုတ်တရက် ရှင်းစရာပိုက်ဆံကမရှိတော့


”နီနီ မမကြီးပြောတာနားထောင် ဟောဒီခေါက်စားပွဲနဲ့ကျောပိုးအိတ်ကို ယူပြီး မောင်နှမနှစ်ယောက် ပြန်ကြတော့ မမကြီးသွားစရာရှိသေးတယ် အိမ်မပြန်ဖြစ်သေးဘူး”


”မမကြီးကလည်း ဘယ်ကိုသွားဦးမှာလည်း”


”မမကြီးအလုပ်က မပြီးသေးဘူး မမကြီးက နီနီတို့ဖိုးပြည့်တို့ကို ကတိမဖျက်ချင်လို့ သာပြန်လာတာ ဆိုင်မှာဒီနေ့အချိန်ပိုဆင်းရမှာ ”


နှစ်ယောက်စလုံးကမျက်နှာမကောင်းတော့ သို့ပေမယ့်လည်း မမကြီးရဲ့အလုပ်ကိစ္စဆိုတော့လည်း ထပ်ပြီးစောဒက မတက်ရဲပဲ ထိုဆ်ိုင်ထဲကနေ မျက်စိမျက်နှာပျက်စွာ မောင်နှမနှစ်ယောက် အိမ်ကိုပြန်လာခဲ့ကြတယ်

နောက်ကြောင်းမှာ ချိုမာကတော့ မောင်နှမတွေ လစ်တယ်ဆိုသည်နှင့်


”ဦးလေး ဦးလေး”


ဆိုင်ရှင်ဦးလေးကိုခေါ်ပြီး အကျိူးအကြောင်းသေချာရှင်းပြလိုက်တယ် ရှင်းပြနေစဥ်မှာပင် ချိုမာစိတ်မထိန်းနိုင်တော့ပဲ ချုံးပွဲချငိုလိုက်မိတယ်။ ဆိုင်ရှင်ဦးသိန်းမောင်ကလည်း ချိုမာတို့မောင်နှမတွေအကြောင်းသိတာမို့


”မငိုနဲ့တော့သမီးလေး ဦးလေး အခုစားတာတွေအတွက်မယူပါဘူးကွယ် ဦးလေးအလကားကျွေးလိုက်မယ်နော်သိလား”


”မဟုတ်ဘူး ဦးလေး သမီး နောင်လကုန်ရင် ပြန်ဆပ်မှာပါ”


”ဆပ်စရာမလိုပါဘူးသမီးလေးရယ် ဒါနဲ့ သမီးလေး ဒီလ သုံးစရာကော ကျန်ပါဦးမလား ခါးပိုက်နှိုက်ခံရတာဆိုတော့လေ”


”ဟုတ်တယ်ဦးလေး ရှိသမျှအကုန်ပြောင်တာပါပဲ ချိုမာတို့မှာ ဒီလစာလေးနဲ့စားသောက်နေရတာ အခုတော့ ချိုမာတို့ ထမင်းငတ်ပါပြီဦးလေးရယ်”


ချိုမာ့စကားကြောင့် ဆ်ုင်ရှင်ဦးသိန်းမောင်လည်း စိတ်မကောင်းဖြစ်သွားပြီး


”ကဲပါ…ကဲပါ ချိုမာလေး စိတ်မကောင်းမဖြစ်နဲ့တော့ နေပါဦး ချုိမာလေးအသက်က ဘယ်လောက်ရှိပြီတုန်း”


‘၂၀ ရှိပြီ ”’


”ချိုမာလေးက မောင်နှမတွေကို အရမ်းချစ်တာမဟုတ်လား ”


ဆိုင်ရှင် ဦးသိန်းမောင် က ထူးဆန်းစွာ မေးခွန်းတွေ မေးနေတာမို့ ချိုမာလည်း အနည်းငယ်တော့ စိတ်ထဲတမျိုးဖြစ်လာတယ် ဒါပေမယ့် ခေါက်ဆွဲကြော် နှစ်ပွဲ ဖိုးကမပေးနိုင်တာမို့ မပြောချင်သော်လည်း ဆက်၍ ပြောနေရပြန်သည်။


”ဟုတ် ချစ်တာပေါ့ဦးလေးရယ်”


”ဒါဆို ချိုမာလေးက ဒီမောင်နှမတွေကို ပြည့်ပြည့်စုံစုံမထားချင်ဘူးလား”


ချိုမာက မဆိုင်းမတွပင်


”ထားချင်တာပေါ့ ”’


ဆိုင်ရှင်ဦးသိန်းမောင်က ခနတိတ်ဆိတ်သွားပြီး ချိုမာ့ကိုအကြာကြီးစိုက်ကြည့်နေတယ်။ ပြီးတော့ မရဲတရဲ လေသံဖြင့်။


”ချိုမာလေး နဲ့ ချိုမာလေးရဲ့ မောင်နှမတွေအတွက် ဦးလေးတာဝန်ယူပေးမယ်ဆိုရင်ကော”


ချိုမာခမျာ ဦးသိန်းမောင် စကားးကြောင့် မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရတယ်။ ဘယ်လိုစိတ်နဲ့များ ကိုယ့်သားသမီးအရွယ်လေးကို ဒီလိုစကားမျိုးပြောထွက်ရလည်းဆိုတဲ့ အတွေးနဲ့ဒေါသတွေလည်းအလိပ်လိုက်တက်လာကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး


”ဒီမှာ ဦးသိန်းမောင်”


ချိုမာ့ ဒေါနဲ့မောနဲ့ခေါ်လိုက်တာမို့ ဦးသိနိးမောင်လန့်သွားလေပြီ


”ခင်များကဘာအချိုးချိုးတာလည်း ခေါက်ဆွဲကြော်နှစ်ပွဲဖိုးအတွက် ခင်များကိုယူရမယ်ပေါ့လေ ဟုတ်လား ဆုတောင်းအဖိုးကြီး ပူဖောင်းပဲရမယ်” ဟုဆိုကာ ဒီနေရာတွင်ကြာကြာနေဖို့မသင့်ဟုတွေးရင်း ဆိုင်ထဲမှာ ထွက်လာခဲ့တယ်။


ထိုနေ့က ချိုမာအိမ်ကိုတော်တော်နှင့်မပြန် ဘက်စ်ကားမှတ်တိုင်မှာအကြာကြီးထိုင်ကာ အချိန်ဖြုန်းနေခဲ့မိတယ်။ လစာချည်းပဲသီးသန့်ဆိုရင်ချိုမာသည်လောက်စိတ်မကောင်းဖြစ်မှာမဟုတ်ဘူး။ အခုဟာက ဘောနပ်စ်တွေပါဆိုတော့ ပို၍ပင်စိတ်ထိခိုက်နေရသည်။ မိုးချုပ်ခါနီးလောက်ရောက်မှ အိမ်မှာအငယ်တွေကိုလည်းစိတ်မချတာမို့ ပြန်လာခဲ့တယ်။

…..


အိမ်ရောက်တော့ နီနီနဲ့ဖိုးပြည့်က အိမ်စာတွေလုပ်နေကြတယ်။ ချိုမာ တယောက် ကတော့ ညနေစာပင်မစားနိုင် အိပ်ယာထဲမှာ လူးလိမ့်ကြိတ်မှိတ်ကာ အသံမထွက်အောင်ငိုကြွေးနေရှာလေသည်။


”နမြောဖို့ကောင်းလိုက်တဲ့ငါ့ပိုက်ဆံတွေ လူယုတ်မာ ခါးပိုက်နှိုက်သာ ငါ့ပိုက်ဆံတွေကိုမယူခဲ့ရင် အခုချိန်မှာ ကမ္ဘာမှာအပျော်ဆုံးသူက ငါဖြစ်နေပြီ။ ဟိုအဖိုးကြီးကလည်း ခေါက်ဆွဲကြော် နှစ်ပွဲနဲ့ လူကိုလာစမ်းချင်နေတယ်”


ချိုမာတွေးရင်းတွေးရင်းဒေါသတွေထွက်လာလိုက်ဝမ်းနည်းလာလိုက်နဲ့ ဖြစ်နေသည်။ ညအထိဘာမှမစားပဲ အိပ်ယာထဲမှာပင်အချိန်ကုန်နေမိသည်။

အငယ်နှစ်ယောက်ကတော့ သူတို့အမဘာဖြစ်နေတယ်ဆိုတာသိချင်သော်လည်း မမကြီးစိတ်ရှူပ်မှာစိုးလို့ ဘာမှမမေးပဲ တိတ်တဆိတ်အိမ်စာလုပ်နေကြတယ်။

တညတာကုန်ဆုံးသည်အထိ ချိုမာအိပ်မပျော်နိုင်


အငယ်နှစ်ယောက်ကိုကြည့်တော့ အိပ်ပျော်နေကြလေပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချိုမာ မနက်အလုပ်သွားဖို့တော့ လိုမည်။ ဒါပေမယ့်မနက်အလုပ်သွားဖို့ဘက်စ်ကားခပင်မရှိတော့။ အိမ်မှာ နှစ်ရက်စာလောက် ရိက္ခာကရှိသေးတာမို့ ဒီနှစ်ရက်စာအတွက်တော့ ချိုမာတို့မပူရတော့။ ချိုမာ လကုန်ပေးဖြင့်ယူထားတဲ့ဆိုင်ကြွေးလေးတွေကလည်းရှိသေးသည်။ လတိုင်းပုံမှန်ဆပ်နေကျမို့ ထိုဆိုင်ရှင်က ချိုမာ့ကိုယုံကြည်တာမို့ ပြဿနာမရှိလိုအပ်တိုင်းအကြွေးယူလို့ရသည်။ အခုအခါတွင် ထိုဆိုင်ကြွေးကိုပင် ဝင်မပေးနိုင်သေး။ မနက် အလုပ်ထဲကိုရောက်မှ ညနေအလုပ်ဆင်းချိန်ဘယ်သူမှမရှိတုန်း မန်နေဂျာမမကို အကြောင်းဆုံဖွင့်ပြောပြီး မျက်နှာပူစွာဖြင့် တလစာကြိုထုတ်မည်ဟုစဥ်းစားထားသည်။

ထို့ကြောင့် ချိုမာအလုပ်သွားကိုသွားရမည်။

….


မနက်လင်းချိန်


”နီနီရေ မမကြီးကိုလေ အကြွေလေးနှစ်ရာလောက်ပေးပါလား မမကြီးမှာ အကြွေမရှိတော့လို့ ကားစီးရင် အကြွေမပါရင် အဆင်မပြေဘူး။ မမကြီးပြန်လာရင် ပြန်ပးေမယ်လေ”


”ဟုတ် ဟုတ် မမကြီး”


နီနီက စာအုပ်ကြားထဲညှပ်ထားတဲ့ ပိုက်ဆံလေးတွေထဲက နစ်ရာတန်တရွက်ကိုယူပြီး ချို့မာကိုပေးလိုက်တယ်


”ဒီနေ့ မမကြီးမုန့်ဖိုးမပေးတော့ဘူးနော် အဆင်ပြေတယ်မဟူတ်လား မောင်လေးကိုလည်း ဂရုစိုက်နော် မမကြီးပြန်လာရင်မုန့်ဝယ်ခဲ့မယ်”


မောင်နှမနှစ်ယောက် ကိုနှုတ်ဆက်ပြီးထွက်လာတော့ ခြေလှမ်းတွေက လေးလံနေတယ်။ စိတ်နဲ့ကိုယ်ကမကပ် လမ်းထိပ် ဦးသိန်းမောင်ခေါက်ဆွဲကြော်ဆိုင်ရှေ့ ရောက်မှ မနေ့က အဖြစ်ကိုသတိရသွားပြီး ခြေလှမ်းကိုတမင် ဆောင့်ကာ ခပ်သုတ်သုတ်လျှောက်လာခဲ့တယ်။ မနေ့က ကိစ္စကို မကျေနပ်နေသေးတာကိုဦးသိန်းမောင်မြင်စေချင်တယ်။ တဆက်တည်းမှာပဲ ခေါက်ဆွဲကြော် နှစ်ပွဲစာဖိုးပေးဖို့ကျန်နေတာကိုလည်းသတိရ သွားပြန်တယ်။

…..


အလုပ်ထဲရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိစ္စဖွင့်မပြောမိ။ အလုပ်လုပ်ရတာလည်း ခါတိုင်းနေ့ထက်ပင်ပိုပင်ပန်းနေသလိုခံစားရသည်။ အိမ်က ကလေးနှစ်ယောက်ရဲ့ ” ခြောက်သိန်းကြီးများတောင်လား” ဆိုတဲ့ အသံနားထဲကခုထိမထွက်။ ချိုမာ ကိုယ့်ကိစ္စနဲ့ကိုယ် ညစ်နေရတာမို့ တမနက်လုံး ဘယ်သူနဲ့မှစကားမပြောမိ တယောက်တလေက လာရောက်စကားပြောရင်လည်း လိုတာထက်ပိုမပြောမိတော့

”’နင့်ကြည့်ရတာဒီနေ့တမျိုးကြီးပါလား အသေးလေးရဲ့”

လုပ်ဖော်ကိုင်ဖက်တွေက ခါတိုင်းလိုတက်ကြွမှုမရှိသော ချိုမာ့ကို မေးခွန်းထုတ်ချင်လာတဲ့အခါ


”နေမကောင်းလို့ပါ အမရယ် ” ဟူ၍သာ ပြန်ဖြေလိုက်သည်။


………


”နီနီနဲ့ဖိုးပြည့်ရေ ”’


အလုပ်ကပြန်လာလာချင်းဝမ်းသာအားရ ဖြင့် အော်ခေါ်နေမိတယ်


အငယ်တွေကထွက်လာပြီး


”ဟာမမကြီး ဒီနေ့အစောကြီးပြန်လာတာလား ”


နီနီနဲ့ဖိုးပြည့်က စနေနေ့ဆိုတော့ကျောင်းပိတ်သည်မို့ အိမ်တွင်ရှိနေကြသည်။


‘ဟုတ်တယ်မမကြီးဒီနေ့ ထီပေါက်တယ်သိလား သိန်းငါးထောင်ဆု ဟောဒီမှာကြည့်ပါဦး ပိုက်ဆံတွေ အထပ်လိုက် ကြည့်စမ်းး ကြည့်စမ်းတို့မောင်နှမတွေသူဌေးဖြစ်ပြီ ဟားဟားဟား တို့မောင်နှမတွေသူဌေးဖြစ်ပြီ”


”အခုဆိုရင် တို့တွေနေ့တိုင်းခေါက်ဆွဲကြော်စားနိုင်တော့မယ် နီနီနဲ့ဖိုးပြည့်ကိုလည်း အခုကစလို့ ကျူရှင်ကောင်းကောင်းထားနိုင်တော့မယ် ဟော ဆန်ဆိုရင် အိတ်လိုက်ဝယ်ထားလို့ရမယ်.. ရေခဲသေတ္တာထဲမှာလေ မမတို့ဆိုင်ကမန်နေဂျာမမတိူ့အိမ်မှာလိုမျိုး စားစရာတွေအပြည့်အသိပ်ထည့်ထားမယ်ကျောင်းမုန့်ဖိုးကိုလည်းအများကြီးပေးနိုင်တော့မှာ ဟားဟားဟား ”


နှုတ်က ကရားရေလွှတ်ပြောကာ လက်ထဲက ကျွတ်ကျွတ်အိတ်အမဲကို ခနခနမြှောက်ပြနေတယ်


”ဒီမှာပိုက်ဆံတွေ ပိုက်ဆံတွေလေ”


နီနီက ချိုမာ့လက်ထဲက ကျွတ်ကျွတ် အိတ်ကို ယူပြီးကြည့်လိုက်တော့ အထဲမှာ ပိုက်ဆံတွမဟုတ်ပဲ သတင်းစာတွေ ဂျာနယ်တွေသာဖြစ်နေသည်။


”မမကြီး မမကြီး ”


နီနီက သတိပေးချင်ဇောဖြင့် ခေါ်လိုက်ပြီး


”မမကြီး သတိထားဦးလေ ဒါက ပိုက်ဆံတွေမှမဟုတ်ပဲ ဒါက သတင်းစာတွေ ဂျာနယ်တွေလေ ”

နီနီကတော့ ကလေးပီပီ အမှန်အတိုင်းသာပြောမိသည်။ ပြီးတော့ မမကြီးဘာကြောင့်အခုလိုပြောနေသည်ကိုလည်းစဥ်းစားမရတော့။


”ဘာ ဘာ ဟာ ဟို ခါးပိုက်နှိုက် င့ါပိုက်ဆံတွေယူသွားတာနေမယ် ငါဒီခါးပိုက်နှိုက်ကိုမြန်မြန်သွားရှာမယ် ငါ့ပိုက်ဆံတွေ ကို ဒင်းယူသွားတာ ”

ချိုမာက ပြောဆိုရင်း ခြံအပြင်ပြေးထွက်သွားတယ် လမ်းထိပ်ကဦးသိန်းမောင်ဆိူင်ရှေ့ရောက်တော့ လေသံကိုမြှင့်ပြီး


”’ အဲဒီကစောင့်နေ ခင်များခေါက်ဆွဲကြော်ဖိုးရှင်းပေးမယ် ဒီနေ့ထီပေါက်လို့ ဒါပေမယ့် ကံဆိုးချင်တော့ ထီပေါက်တဲ့ပိုက်ဆံတွေခါးပိုက်နှိုက်က ယူသွားပြန်ပြီ”’


ချိုမာရဲ့ပုံစံက မူမမှန်တော့တာကိုဦးသိန်းမောင်သတိထားမိသွားတယ်


ခနကြာတော့ တက္ကစီတစီးက လမ်းထိပ်မှာရပ်ပြီး တက္ကစီပေါ်ကနေ အမျိုးသမီးတယောက်ဆင်းလာတယ်


”အသေးလေး”


ချိုမာ့ကိုလှမ်းခေါ်တဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ဆိုင်ကမန်နေဂျာမမဖြစ်နေတယ်။ ချိုမာနဲ့လမ်းထိပ်မှာပက်ပင်းတိုးတာ။


”အသေးလေး နင်ခုနက ဆိုင်မှာ ငါ့နားလာပြီးဖုန်းတွေတယောက်တည်းပြောနေတယ်ခနကြာတော့ ထီပေါက်ပြီ ထီပေါက်ပြီလို့အော်ပြီး ဆိုင်ကနေ ဂျာနယ်အဟောင်းတွေ ကိုကျွတ်ကျွတ်အိတ်အမဲထဲ စုထည့်ပြီး ငါတို့ကို ဘာမှမပြောပဲ ဆိုင်ထဲကပြေးထွက်သွားတာ အဲဒါ နင့်ကိုစိတ်ပူ လို့နင့်ဆီလိုက်လာတာ”


မန်နေဂျာမမပြောစကားကြောင့် ချိုမာက


”မဟုတ်ဘူးမမ သမီးဒီနေ့ထီပေါက်တယ်လေ မနက်ကတောင် မမတို့အားလုံးပျော်နေကြတာမဟုတ်ဘူးလား အဲဒါဂျာနယ်အဟောင်းတွေမဟုတ်ဘူး ပိုက်ဆံတွေ ”


ထိုမြင်ကွင်းကိုရပ်ကြည့်နေမိတာက ခေါက်ဆွဲကြော်ဆ်ိုင်ရှင်ဦးသိန်းမောင်။

ထိုအမျိုးသမီးကို တခုခုပြောပြမှဖြစ်မည်ဟုတွေးကာဆိုင်အတွင်းမှထွက်၍ သူမတို့အနားလာကာ


”ဒီမှာ တူမ”


ဦးသိန်းမောင် က မန်နေဂျာမမကိုခေါ်လိုက်တယ်


မန်နေဂျာမမက ချိုမာ့ဆီကနေ ဦးသိန်းမောင်ဖက်ကိုလှည့်ပြီး


”ဟူတ် ဦးလေး ဘာများပြောစရာရှိလို့လည်းရှင့်”


”ဒီကလေးမလေး စိတ်အခြေနေမကောင်းဘူး မနေ့က သူ့ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရလို့တဲ့ ဘောနပ်စ်ရတဲ့ ပိုက်ဆံတွေရော လစာတွေရော အကုန်ပြောင်ပြီတဲ့။ အိမ်မှာ သုံးစရာပိုက်ဆံလည်းမရှိတော့ဘူးတဲ့ ဒါကြောင့် မနေ့က သူတို့မောင်နှမခေါက်ဆွဲကြော်တောင်အကြွေးစားသွားသေးတယ်။ အခုဒီမနက် အလုပ်သွားတုန်းကပုံမှန်ပဲ ပြန်လာတော့ သူ့ကိုမြင်ရတာ မူမမှန်တော့ ဘူး.. သနားစရာ ကောင်းပါတယ်ကွယ် မိဘတွေကလည်းမရှိတော့ သူ့ညီမလေးတွေမောင်လေးတွေကို တယောက်တည်းရှာကျွေးနေတာ… အဲဒါကိုမှ ခါးပိုက်နှိုက်ခံလိုက်ရတယ်လို့”


မန်နေဂျာမမလည်း ခေါက်ဆွဲကြော်ဆိုင်ရှင် ဦးလေးရဲ့စကားကိုကြားပြီး ချိုမာလေးအတွက်များစွာစိတ်မကောင်းဖြစ်သွားလေသည်။ ထို့နောက်တွင်တော့


‘သူတို့အိမ်ကဘယ်နားမှာလည်း လိုက်ပြပေးပါ ကျမအတတ်နိူင်ဆုံး သူ့ကိုကူညီမှာပါ”


အဲဒီနေ့က မန်နေဂျာမမက ချိုမာတို့မောင်နှမတွေအတွက် ငွေခြောက်သိန်းကူညီပေးခဲ့တယ်။ အလုပ်ရှင်သူဌေးကိုဖုန်းဆက်ပြီးချိုမာ့ရဲ့စိတ်အခြေနေကို သေချာရှင်းပြလိုက်တော့ အလုပ်ရှင်သူဌေးကိုယ်တိုင် ချိုမာတို့ဆီကို ချက်ချင်းလိုက်လာတယ်။


နှစ်နှစ်ခန့်ကြာသော်


Radiance လျှပ်စစ်နှင့် အိမ်သုံးလူသုံးကုန်ပစ္စည်းဆိုင်တွင် ဝန်ထမ်းအားလုံးက မွေးနေ့ပွဲတခုအတွက်ပြင်ဆင်နေကြတယ် မွေးနေ့ပွဲကို လည်း ဆိုင်မှာပဲ ပြုလုပ်တာမို့လို့ ဝန်ထမ်းအားလုံး စုံညီနေကြတယ်။


”ဟဲ့ ကြည်ပြာ သူဌေးကတော်က အသက်ဘယ်လောက်ပြည့်မှာလည်း ”


”ဟဲ့ အလွန်ဆုံးရှိ နှစ်ဆယ့်သုံးပေါ့”


ထိုစဥ် မန်နေဂျာမမရောက်လာကာ


”ဘယ်ကနှစ်ဆယ့်သုံးကမှလည်း အခုမှ နှစ်ဆယ့်နှစ်ပြည့်တာ စားပွဲတွေကို သေချာပြင်ဆင်ကြနော် ညနေကျရင် လူကြီးလူကောင်း ဧည့်သည်တွေလည်းလာကြမှာ”


မန်နေဂျာမမက ပြောပြီးထွက်သွားတော့


”သူဌေးကတော်က အရမ်းချစ်ဖို့ကောင်းတာပဲနော် ဒီကိုလာရင် သဘောလည်းအရမ်းကောင်း အဆင့်အတန်းလည်းမခွဲခြားဘူး မန်နေဂျာမမကိုလည်း အရမ်းခင်ကြတာနော် မသိရင် သူ့အမကျနေတာ ပဲ။ မန်နေဂျာမမပြောပြဖူးတယ် သူဌေးကတော်ကအရင်တုန်းက ဒီဆိုင်ကဝန်ထမ်းတဲ့ သူဌေးက မြင်မြင်ချင်းသဘောကျပြီး လက်ထပ်ယူလိုက်တာတဲ့ ငါတို့ကိုကျတော့ဘယ်သူဌေးမှ သဘောမကျဘူးနော်’ ခိခိ”


”ကြည်ပြာရယ် အားမငယ်ပါနဲ့ သူဌေးကိုမရနိုင်ရင်လည်း သူဌေးမွေးလာတဲ့သားကိုရမှာပါ” ဟုနောက်လိုက်တော့ နှစ်ဦးသားရယ်မိသွားသည်။

ထို့နောက် ဆိုင်အတွင်းပန်းအိုးတင်ထားတဲ့စားပွဲသေးသေးလေးပေါ်မှာ ဖိတ်စာလေးတစောင်ကိုတွေ့လိုက်ရတယ်


”ကြည့်ပါဦး ဖိတ်စာလေးကအစ မွှေးနေတာပဲ တို့ကဝန်ထမ်းတွေမို့လို့ဖိတ်စာမရဘူး ဒါက လူကြီးတွေကိုဖိတ်တဲ့ဖိတ်စာဖြစ်မယ်”


ကြည်ပြာကဖိတ်စာလေးကိုဖွင့်ကြည့်လိုက်တော့ ဖိတ်စာပေါ်တွင် ခေါင်းစည်းစာတန်းအကြီးကြီးဖြင့်ရေးထားတာက


”Radiance လျှပ်စစ်နှင့် အိမ်သုံးလူသုံးကုန်ပစ္စည်းဆိုင် မှ ဦးနေမင်းထွဋ်၏ ချစ်လှစွာသော ဇနီးလေး မချိုမာအောင်၏ အသက် ၂၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ” တဲ့လေ


ပြီး..။