ကျေးဇူးပါမေမေ(စ/ဆုံး)
—————-
“သားရေ အိပ်ရာက မထသေးဘူးလားကွယ်။ ထတော့လေ။ ဒီနေ့ အင်တာဗျူး သွားဖြေရမယ့်နေ့ မဟုတ်လား”
မိခင်ဖြစ်သူက သားဖြစ်သူအခန်းဝက ပြောနေခြင်းဖြစ်သည်။
သားက ခေါင်းအုံးကို နားရွက်ပေါ် ဖိလိုက်ပြီး
“ဟာ မေမေကလည်း အစောကြီး ရှိသေးတယ်”
“သားရေချိုးရဦးမယ်၊ ထမင်းစားရဦးမယ်၊ စိတ်ကိုတည်ငြိမ်အောင် ၁၅ မိနစ်လောက် တရားထိုင်သွားဖို့လိုမယ်။ အဲဒီအချိန်တွေကို ထည့်ပေါင်းလိုက်ရင် ခုအိပ်ရာကထမှ အတော်ပဲဖြစ်မယ်။ ကဲ ထတော့”
မိခင်က သားဖြစ်သူကို အိပ်ရာထဲက အတင်းဆွဲထူသည်။
“မေမေကလည်းဗျာ”
သားဖြစ်သူက မကျေမနပ်ဖြင့် ရေချိုးခန်းထဲဝင်လိုက်ရသည်။ မိခင်က သားအတွက် စားသောက်ရန် ပြင်ဆင် ပေးနေသည်။
သားက ရေချိုးပြီး ထွက်လာသည်။
“သားရယ် … ရေပိုက်ခေါင်းပိတ်ဖို့ မေ့ခဲ့ပြန်ပြီ။ ရေချိုးခန်းထဲက ထွက်လာရင် တံခါးကို ပိတ်ခဲ့မှပေါ့ကွယ်။ နေဦး မိုးရွာတော့မယ်နဲ့တူတယ်။ သားအခန်းထဲက ပြတင်းပေါက် တံခါးကို သွားပိတ်ခဲ့”
သူမေမေက တစ်ခုပြီးတစ်ခု ဇယ်ဆတ်သလို ပြောနေသည်။
“အိပ်ရာကို သိမ်းခဲ့ပြီးပြီလား … အဝတ်အစားတွေ လဲပြီးရင် အဝတ်ဟောင်းတွေကို ခုတင်ပေါ် မတင်ခဲ့နဲ့လေ။ အဝတ်ခြင်းထဲထည့်မှပေါ့။ အခန်းထဲမှာ တံမြက်စည်းလှည်းခဲ့ဦး။ အင်တာဗျူး သွားဖြေရင် လိုအပ်မယ့် စာရွက် စာတမ်းတွေ၊ ဘွဲ့လက်မှတ်၊ မှတ်ပုံတင် အားလုံးပါအောင်ထည့်။ ကဲ ထမင်းစားမယ်။ ထမင်းစားချိန် ၁၅ မိနစ်ထက် မပိုစေနဲ့။ ပြီးရင် ဘုရား ရှိခိုးမယ်။ တရားထိုင်တာကို ၁၅ မိနစ်တိတိလုပ်ရမယ်”
“မေမေရေ … သားလုပ်ပါ့မယ်ဗျာ။ မောနေဦးမယ်။ တော်ပါတော့”
အိမ်ကထွက်မည့် သားတော်မောင်ကို သူ့မိခင်က သေသေချာချာစစ်ဆေးသည်။
“ဟုတ်ပြီ တိုက်ပုံလေးနဲ့ ငါ့သားက တယ်ကြည့်ကောင်းတာပဲ။ ဟိုရောက်ရင် စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားနော်။ စကားပြောရင်လည်း အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်ပြော။ ကိုယ်သိရင် သိတာကိုဖြေ၊ မသိရင်လည်း မသိဘူးဆိုတာကို ပြော”
“ဟုတ်ကဲ့ပါမေမေရယ် … သားကို ၁၀ နှစ်သားလေးကျနေတာပဲ။ မေမေ့သားက ဘွဲ့လည်းရပြီးပြီ။ အလုပ် အတွက်လည်း အသင့်ဖြစ်နေပါပြီ။ မစိုးရိမ်ပါနဲ့”
“သားရယ် စိုးရိမ်တာပေါ့။ မေမေ့မှာ သားလေးဟာ နောက်ဆုံးအားကိုးရာပါကွယ်။ မင်းဖေဖေ တိမ်းပါးသွားပြီး ကတည်းက မေမေ့မှာ သားလေးကိုပဲ အရိပ်တကြည့်ကြည့်နဲ့ နေရတာ”
“မေမေ သားသွားတော့မယ်”
သားဖြစ်သူက အိမ်ကထွက်သွားသည်။ လမ်းတွင် သူကတွေးလာသည်။
“မေမေက သိပ်ပြီး စကားများတာပဲ။ ငါသာ အလုပ်ရကြည့် အိမ်နဲ့ အဝေးဆုံးကို ထွက်သွားမယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေပစ်လိုက်မယ်။ အိပ်ချင်မှ အိပ်မယ်၊ စားချင်မှထစားမယ်။ အလုပ်သာရကြည့် အိမ်နဲ့ အဝေးကြီးကို ထွက်သွားမယ်”
သူက တစ်ဦးတည်း စကားတွေကို ပြောလာသည်။ အလုပ်အတွက် အင်တာဗျူး ဖြေရမည့် နေရာကို ရောက်လာသည်။ သူက ဧည့်ကြိုကောင်မလေးကို သတင်းသွားပို့သည်။ ကောင်မလေးက သူ့ကို အခန်းတစ်ခန်းထဲခေါ်သွားပြီး ထိုင်ခိုင်းထားသည်။ အပြင်တွင် မိုးရွာလာသဖြင့် သူဆောင်းခဲ့သော ထီးကို အခန်းထောင့်တွင် ချထားသည့် ပုံးထဲတွင် သွားထောင်ပြီး ထည့်လိုက်သည်။
“ဟာ ပြတင်းပေါက်တွေလည်း မပိတ်ထားပါလား ဒုက္ခပဲ ရေတွေဝင်နေပြီ”
သူက ပြတင်းပေါက်တံခါးကို သွားပိတ်လိုက်သည်။ ထို့နောက် သူ့အတွက် ချပေးထားသည့် ထိုင်ခုံတွင် ထိုင်ရန် လာသည့်အခါ ခုံအောက်တွင် တစ်သျှူးတွေကိုတွေ့သဖြင့် ကောက်ပြီး အမှိုက်ပုံးထဲကို သွားထည့်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ချိတ်ထားသည့် ပန်းချီကားတစ်ချပ်က စောင်းနေသည်။ သူကထပြီး ထိုပန်းချီကားကို သွားတည့်ပေးလိုက်သည်။ ထို့နောက် ခုံတွင် ပြန်ထိုင်ရန် လာသည့်အခါတွင် အခန်းထဲရှိ ဘေစင်တွင် ရေတွေကျနေသည်ကို တွေ့လိုက်ရသည်။ မည်သူက ရေပိုက်ခေါင်းကိုဖွင့်ပြီး ပြန်မပိတ်သွား သနည်း။ သူက ရေပိုက်ခေါင်းကို သွားပိတ်လိုက်သည်။ ထို့နောက် ခုံတွင် သွားထိုင်ပြီး စောင့်နေစဉ်
“အထဲကို ဝင်လို့ရပါပြီရှင်” ဟု ကောင်မလေးတစ်ယောက်က လာပြောသည်။
သူက အခန်းထဲကို ဖိုင်တွဲလေးပိုက်ပြီး ဝင်လိုက်သည်။ သူ့ကို စစ်ဆေးရန်စောင့်နေသည် လူကြီ သုံးယောက်က
“ထိုင်ပါမောင်ရင်” ဟု ပြောလိုက်သဖြင့် သူတို့ရှေ့တွင် ချထားသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ လူကြီးတစ်ယောက်က
“မောင်ရင် ဘယ်နေ့ကစပြီး အလုပ်ဆင်းနိုင်မလဲ” ဟု မေးလိုက်သည်။
သူကကြောင်သွားပြီး
“ကျွန်တော့်ကို ဘာမှတောင် မမေးရသေးဘူးခင်ဗျ” ဟုပြောလိုက်မိသည်။
တစ်ယောက်က
“ဦးတို့အလုပ်က မသိတာတွေကို အင်တာဗျူး မေးဖို့ခေါ်တာ မဟုတ်ဘူးကွယ်။ အလုပ်လာလျှောက်တဲ့ လူတွေရဲ့အပြုအမူတွေကိုပဲ စောင့်ကြည့် အကဲဖြတ်တာ။ မောင်ရင် ရောက်လာတဲ့အချိန် အတိအကျပဲ။ နောက်ပြီးတော့ အမြင်မတော်တဲ့ ဟာတွေမှန်သမျှ ကိုယ့်အသိစိတ်ဓာတ်နဲ့ တစ်ခုချင်းလိုက်ပြီး လုပ်တယ်။ အခန်းပြတင်းပေါက်ကနေ မိုးပက်နေလို့ တံခါးသွားပိတ်တာ၊ ဘေစင်ကရေကျနေတာကို ပိတ်လိုက်တာ၊ ထီးကို စနစ်တကျ ထားတတ်တာ၊ အမှိုက်ကောက်ပစ်တတ်တာ၊ ပန်းချီကားစောင်းနေတာကို ပြန်တည့်ပေးတာ အားလုံးကို ဦးတို့က CCTV ကနေ စောင့်ကြည့်နေတာကွယ့်။ မောင်ရင် ဒီလို အသိစိတ်နဲ့ လုပ်ကိုင်တတ်အောင် ဆိုတာ မောင်ရင့်မိဘတွေက ပြုစုပျိုးထောင်ပေးထားခြင်းမရှိဘဲ မလုပ်နိုင်လောက်ဖူး။ ဦးတို့ မောင်ရင့် ဥပဓိရုပ်၊ အပြုအမူတွေ၊ အနေအထိုင်တွေ၊ အပြောအဆိုတွေ ကြိုက်တယ်။ ဒါကြောင့် အလုပ်ခန့်လိုက်ပြီ။ လုပ်ငန်းခွင် ကျွမ်းကျင်အောင် လုပ်ကိုင်ပြနိုင်ဖို့ဆိုတာကတော့ လုပ်ရင်း ကိုင်ရင်း တတ်သွားမှာပါ။ အဲဒါကတစ်ပိုင်းပေါ့။ အခံမကောင်းဘဲနဲ့ အကောင်းခံမယ့်သူမဖြစ်နိုင်ဘူးလို့ ဦးတို့ကယူဆတယ်။ ကိုင်း ဘယ်တော့ အလုပ်စဆင်း မလဲ”
“မနက်ဖြန်ဆင်းပါ့မယ်ခင်ဗျာ”
သူက ဝမ်းသာအားရနှင့် အိမ်ကို အပြေးလေးလာမိသည်။ လမ်းတွင် သူရွတ်ဆိုလာသည့် တစ်ခွန်းတည်းသော စကားမှာ
“ကျေးဇူးပါမေမေ”
(Importance of Values and Good Habits ကို မြန်မာမှု ပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၂၅.၁.၂၀၂၄