#‎အချစ်ဦး
‎--------
‎တက္ကသိုလ် ဒုတိယနှစ်ကျောင်းအပိတ် အိမ်အပြန် သူငယ်ချင်းဖြစ်သူနှင့် တံတားထိပ် လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ သူငယ်ချင်းက
‎“မင်း ဘီအီးဒီအောင်သိုက်ပွဲကြည့်မလား”
‎“ဟင့်အင်း … ငါက ပွဲမှ မကြည့်ဖူးတာ။ လူကြားထဲ မဝင်ချင်ပါဘူး”
‎“ဒီည အောင်သိုက်ဇာတ်က ကောင်းတယ် … လိုက်ကြည့်ပါလား”
‎“လူကြားထဲ တိုးရမှာ ကြောက်ပါတယ်ကွာ”
‎ကျွန်တော်သည် ငယ်စဉ်ကတည်းက လူတောထဲ သိပ်မတိုးသူဖြစ်သည်။ ပွဲတွေလည်း သိပ်သွားလေ့မရှိ။ စာဖတ်တာကိုဝါသနာပါပြီး တိတ်ဆိတ်အေးချမ်းသည့် နေရာကိုသာ ရှာဖွေနေထိုင်သူဖြစ်သည်။
‎“လိုက်ခဲ့ပါကွာ … ငါတစ်ယောက်တည်း ပျင်းလို့ပါ”
‎သူငယ်ချင်းက အတင်းခေါ်သဖြင့် ဘုရားပွဲဈေးကို ရောက်ခဲ့သည်။ ပွဲဈေးကို မတိုးချင်သောကြောင့် လူရှင်းသည့် တောင်ငူလမ်းဘက်ကတစ်ဆင့် ပွဲခင်းထဲရောက်ခဲ့သည်။
‎ကျွန်တော်တို့နှစ်ယောက် ဖျာဝယ်မကြည့်။ ရုံဝင်ခပေးပြီး ရုံထဲကို ဝင်လာခြင်းဖြစ်သည်။ ရုံထဲတွင် လူလည်း သိပ်မရှိ။ ဖျာအလွတ်တွေ အများကြီးရှိနေသည်။ ဖျာလေးတွေက ကျဉ်းကျဉ်းလေးတွေဖြစ်သည်။
‎ကျွန်တော်က ပွဲကြည့်ရသည်ကို ရှက်သည်။ ပတ်လည်တွင် မိန်းကလေးတွေ၊ မိန်းမကြီးတွေကများသည်။ ကျွန်တော်တို့က နောက်နားကျကျတွင် ထိုင်မိသည်။
‎ဘီအီးဒီ အောင်သိုက်က အကသမားမဟုတ်။ အပြောသမားဖြစ်သည်။ သူကသည့် အော်ပရာ၊ ပြဇာတ်တွေက အပြောကိုဦးစားပေးသည်။ ဇာတ်လမ်းကို ဦးစားပေးသည်။
‎“ဟေ့ … ဒီနေရာက တို့နေရာ”
‎ကျွန်တော်တို့ ပွဲကြည့်နေစဉ် အမျိုးသမီးနှစ်ယောက်က လက်မှတ်လေးကိုင်လာပြီး ပြောနေခြင်းဖြစ်သည်။ ကျွန်တော်က မတ်တတ်ထပေးလိုက်သည်။ ကောင်မလေးတစ်ယောက်က
‎“နှစ်ယောက်တည်းလား … ထိုင်ပါ … တို့လည်း နှစ်ယောက်တည်းပဲ”
‎ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်လက်ကို ဆွဲချသည်။ ကောင်မလေးတွေက ကျွန်တော်တို့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဖျာတစ်ချပ်က လူလေးယောက်ထိုင်လိုက်ရာပြည့်နေသည်။ ဒူးမလွတ် ပေါင်မလွတ် ကြိုးစားပြီး ရှောင်နေစဉ် ကောင်မလေးက ကျွန်တော့်ပေါင်ပေါ်ကို သူဒူးခေါင်း လာတင်လိုက်သည်။ ကျွန်တော်က ဒူးပိုက်ပြီးထိုင်ကာ ပွဲကြည့်နေမိသည်။
‎တစ်ယောက်နှင့်တစ်ယောက် ပူးကပ်လာသည်။ ကောင်မလေးက ကျွန်တော့်ပခုံးကို မှီထားသည်။ ကျွန်တော်က ကန်တန်တန်ဖြင့် ရှောင်လိုက်ရာ
‎“ဘယ်လိုဖြစ်နေတာလဲ … သူများလဲတော့မယ်” ဟု ကောင်မလေးကပြောပြီး အတင်းတိုးကာမှီနေသည်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ပေါင်ကိုဆွဲဆိတ်သည်။ ကောင်မလေးနှင့် ပါလာသည့် အသက်ပိုကြီးသော အမျိုးသမီးကတော့ မသိချင်ယောင်ဆောင်ပြီး ပွဲကြည့်နေသည်။
‎ပွဲကတစ်ပိုင်းပြီးသည်။ အားလပ်ချိန်တွင် ကျွန်တော်က အပြင်ထွက်ရန် မတ်တတ်ထလိုက်သည်။
‎“တို့လည်း လိုက်မယ် … မုန့်စားမလို့”
‎ကောင်မလေးက ကျွန်တော်တို့နောက်ကို လိုက်လာသည်။ ထို့နောက် ပွဲခင်းထဲရောက်လာသည်။
‎“မုန့်ဟင်းခါးစားချင်လို့ ဝယ်ကျွေးမလား”
‎“စားလေ … ပိုက်ဆံတော့ သိပ်မပါဘူး”
‎“ဒီကလည်း သိပ်မစားပါဘူး”
‎နောက်ကိုပြန်လှည့်ကြည့်လိုက်ရာ သူငယ်ချင်းနှင့် အမျိုးသမီးကို မတွေ့တော့။ ဘယ်မှာ ပြတ်ကျန်ခဲ့သည်မသိ။ ကျွန်တော်က နောက်ကိုလှည့်ကြည့်ပြီးရှာသည်။ လူတွေက ပွဲလွှတ်ချိန်ဖြစ်သောကြောင့် အရမ်းများသည်။
‎ဖုန်တွေကထနေသည့်ကြားတွင်
‎“ဒီဆိုင်မှာ စားမယ် … ကျွန်မမှာ ပိုက်ဆံပါပါတယ် … ထိုင်ရအောင်လေ”
‎သူက သွက်လက်စွာ မုန့်နှစ်ပွဲမှာလိုက်သည်။ မုန့်ဟင်းခါးစားပြီးနောက် ကျွန်တော်တို့ ဆိုင်ထဲက ပြန်ထွက်လာ သည်။
‎ကျွန်တော်က ဇာတ်ရုံဘက်ကို သွားနေစဉ် ကောင်မလေးက ကျွန်တော့် လက်ကို ဆွဲလိုက်သည်။
‎“ပွဲကြည့်မလို့လား”
‎“အင်းလေ”
‎“ပွဲကလည်း ပျင်းစရာကြီး”
‎“ဟုတ်တယ် … ငါလည်း ပျင်းလာတယ်။ မကြည့်ချင်တော့ဘူး”
‎“ဒါဆိုရင် ကျွန်မနဲ့ လိုက်ခဲ့ပါလား”
‎“ဘယ်ကိုလဲ”
‎“လာပါ”
‎သူလက်ဆွဲခေါ်သွားသည့် နေရာက ဘုရားကွင်းအတွင်းရှိ ရုပ်သေးစင်ဘက်ကိုဖြစ်သည်။
‎“ရုပ်သေးကြည့်မလို့လား”
‎“ကျွန်မတို့လှည်းက အဲဒီဘက်မှာ”
‎သူက လှည်းတွေကြားကိုဝင်ပြီး ကျွန်တော့်ကို ဆွဲခေါ်သွားသည်။ ဘုရားပွဲတွင် တောဘက်ကလာသည့် လှည်းတွေကို စခန်းချထားသည့် လှည်းဝိုင်းကြီးရှိသည်။ လှည်းဝိုင်းကြီးက ဗလာဇာတ်ပွဲကို မျက်နှာမူထားသည်။ ဇာတ်စင်ပေါ်တွင် ရုပ်သေးကနေသည်။
‎“လာလေ … လှည်းပေါ်ကိုတက်”
‎သူပြောသည့်လှည်းတွင် နွားတွေမရှိ။ ထောက်ဖြင့် ထောက်ထားသည်။ ကောင်မလေးက လှည်းပေါ် ခုန်တက် လိုက်သည်။ လှည်းက ပေါင်းမိုးကြီးနှင့်ဖြစ်ပြီး ဇာတ်စင်ဘက်ကို မျက်နှာလှည့်ထားသည်။
‎“ဘယ်သူမှ မရှိဘူးလား”
‎“အမေတို့က ရွှေမန်းပွဲသွားတယ်။ ကျွန်မက မကြည့်ချင်လို့ အောင်သိုက်ကိုလာကြည့်တာ။ ပျင်းလာလို့”
‎“အေးနော် … ရုပ်သေးလောက်တောင် မကောင်းဘူး”
‎“ပဲခူးကပဲလား”
‎“ဟုတ်တယ် … နင်တို့ကရော”
‎“ရွာက … ဒီနားကရွာကပဲ … ဘာလုပ်သလဲ”
‎“ကျောင်းသား”
‎“သြော် … ဒီအရွယ်ကြီးအထိ ကျောင်းသားလား”
‎“တက္ကသိုလ်တက်နေတာ”
‎“တက္ကသိုလ်ကျောင်းသားပေါ့ … နာမည်ဘယ်လိုခေါ်သလဲ”
‎ကျွန်တော်က နာမည်ကို ပြောလိုက်သည်။ သူကလည်း သွက်လက်စွာဖြင့်
‎“ကျွန်မနာမည် မြကျော့စံ … သူများတွေကတော့ မိစံလို့ပဲခေါ်ကြတယ်”
‎“ကိုယ်က ဘယ်လိုခေါ်ရမှာလဲ”
‎“ကြိုက်သလိုခေါ်”
‎“အေးဟာ … ငါက ပွဲကြည့်ဖူးတာမဟုတ်ဘူး။ သူငယ်ချင်းက ခေါ်လို့ပါလာတာ။ ခုတော့ ပွဲတောင် နှစ်မျိုး ကြည့်ဖြစ်နေပြီ”
‎“ရည်းစားများရှိသလား”
‎“ဘာလုပ်မလို့ မေးတာလဲ”
‎“ကျွန်မနဲ့ အစ်ကိုက အသက် သိပ်ကွာမယ်မထင်ဘူး”
‎“ဒီလိုပဲ ညတိုင်း ကောင်လေးတွေကို လှည်းဆီခေါ်လာသလား”
‎“လူကို ဘယ်လိုအစားမှတ်နေသလဲ … ဘာလဲ”
‎“ဆောရီး … ကိုယ့်အမြင်မှာ တစ်မျိုးဖြစ်နေလို့။ မင်းတို့တောက ကောင်မလေးတွေ ဒီလောက် ရဲတင်းတာ မတွေ့ဖူးဘူး”
‎“တောက ကောင်မလေးတွေ မရဲတင်းရဘူးလို့ အမိန့်ရှိသလား”
‎“မရှိပါဘူး … ငါက မိန်းကလေးတွေနဲ့ တစ်ခါမှ ဒီလို ပြောဖူး ဆိုဖူးတာမဟုတ်ဘူးဟ။ ဒါပေမဲ့ နင်နဲ့ကျတော့ စကားတွေ အလိုလိုပြောနေမိတယ်”
‎“ကျွန်မမှာလည်း ရည်းစားရှိဖူးတယ်။ အဲဒီကောင်က သစ္စာမရှိဘူး။ ယောက်ျားတွေက ဒီလိုပါပဲ”
‎“ယောက်ျားတိုင်း ဒီလို မဟုတ်ပါဘူးဟာ”
‎ကောင်မလေးက ကျွန်တော့်ဘက်ကို ပိုပြီးတိုးကပ်လိုက်သည်။
‎“သိပ်မကပ်နဲ့ဟာ ငါ့ရင်တွေ အရမ်းခုန်နေတယ်”
‎“ကျွန်မလည်း ရင်ခုန်တာပဲ … စမ်းကြည့်ပါလား”
‎“ဟင့်အင်း”
‎“အေးလာပြီနော် …”
‎သူက ပြောပြောဆိုဆိုနှင့် ကျွန်တော့်ရင်ခွင်ထဲ အတင်းတိုးလာသည်။ ထိုစဉ် ရုပ်သေးပွဲက ပြီးသွားသည်။ လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ကောင်မလေးက ကျွန်တော့်ကို လှည်းကြမ်းခင်းပေါ်ဆွဲချသည်။ ကျွန်တော်က ရုန်းထွက်လိုက်ပြီး လှည်းပေါ်က ခုန်ချလိုက်သည်။
‎“ဘာဖြစ်လို့လဲ”
‎“ပွဲပြီးပြီဟ … လူတွေ လာနေပြီ”
‎ကျွန်တော့်ဘေးမှ ဖြတ်သွားသော ကောင်လေးတွေက ကျွန်တော့်ကို ထူးဆန်းစွာ ကြည့်သွားသည်။
‎“လာလေ လှည်းပေါ် တက်ပါဦး”
‎“ငါပြန်တော့မယ်ဟာ”
‎ကျွန်တော်က လှည်းဝိုင်းတွေထဲမှ အတင်းတိုးထွက်ခဲ့သည်။ နောက်ကိုလှည့်မကြည့်မိအောင် သတိထား နေရသည်။ ကျွန်တော် ပွဲခင်းထဲဝင်လာပြီး ဇာတ်ရုံကိုရောက်သည်။ ရုံဖွင့်ပြီဖြစ်သောကြောင့် သူငယ်ချင်းကို ဘီအီးဒီအောင်သိုက်ရုံထဲ ဝင်ရှာသည်။ ကိုယ်တော်ချောက ကုလားထိုင်တွင် အိပ်ပျော်နေသည်။
‎ကျွန်တော်က သူ့ကိုနှိုးပြီး ပြန်ခဲ့ကြသည်။ ကျွန်တော့်ဘဝ ပထမဆုံး ပွဲကြည့်ဖူးသည့်ည အဖြစ်အပျက်ကို ကျွန်တော်က သူငယ်ချင်းကို ပြောပြလိုက်သည်။
‎“မင်းဘယ်ရောက်မှန်း မသိလို့ ငါလည်း လိုက်ရှာသေးတယ်။ နောက်တော့ အိပ်ချင်လို့ ကုလားထိုင်အလွတ်မှာ ဝင်အိပ်နေတာ”
‎“ကောင်မလေးက တောသူဆိုပေမယ့် လှတယ်ကွ။ ငါ စိတ်ဝင်စားတယ်”
‎“စိတ်ဝင်စားရင် မနက်ကျ လာပြန်ရှာပေါ့ကွာ”
‎“အေးဟုတ်တယ်”
‎ကျွန်တော် အိမ်ပြန်ပြီး တစ်ရေးအိပ်သည်။ နောက်တစ်နေ့ ညနေတွင် ကျွန်တော် လှည်းဝိုင်းကြီးဘက်ကို စက်ဘီး လေးဖြင့် ထွက်လာသည်။ သူငယ်ချင်းကိုတော့မခေါ်။
‎ညက သူနှင့်တွေ့ခဲ့သော လှည်းဝိုင်းအနီးတွင် စက်ဘီးလေးကို ရပ်ထားခဲ့သည်။
‎ညဘက်ပွဲကို တစ်ပွဲနွှဲရန် သူတို့ပြင်ဆင်နေကြသည်။ လှည်းတွေအောက်တွင် ထမင်းတွေချက်နေကြသည်။ အလှပြင်သူတွေက ပြင်နေကြသည်။
‎“ကောင်လေး ဘာရှာနေတာလဲကွ”
‎လူကြီးတစ်ယောက်က ကျွန်တော့်ကို မေးလိုက်ခြင်းဖြစ်သည်။
‎“မြကျော့စံတို့လှည်းက ဘယ်နားလဲ”
‎“ဘယ်က မြကျော့စံလဲကွ”
‎“ကောင်မလေး လေဗျာ။ နှုတ်ခမ်းမှာ မှဲ့လေးနဲ့”
‎လှည်းအောက်မှ ကောင်မလေးတစ်ယောက်က
‎“အဘကလည်း ကြီးမြရဲ့သမီး မိစံကို မေးနေတာလားမှ မသိတာ”
‎“ခင်မြရဲ့သမီးလား”
‎“မသိဘူးဗျ … သူက မြကျော့စံတဲ့ မိစံလို့လည်း ခေါ်တယ်ပြောတယ်”
‎လူကြီးက ကျွန်တော့်ကို ထူးဆန်းသလိုကြည့်လိုက်သည်။
‎“ကောင်လေး … မင်းသောက်လာသလား”
‎“မသောက်ပါဘူး”
‎“မိစံက မနှစ်ကပဲ ဆုံးသွားပြီ … သူ့ကိုယ်သူ သတ်သေသွားတာ။ ဟိုလှည်းက သူတို့လှည်းပဲ”
‎“ဦးလေး … ညကပဲ သူနဲ့ ကျွန်တော် တွေ့ခဲ့တာ။ အဲဒီလှည်းပေါ်မှာထိုင်ပြီးတော့တောင် စကားပြောခဲ့ သေးတယ်”
‎လူကြီးက ခေါင်းခါပြီးထွက်သွားသည်။
‎ကျွန်တော်က သူတို့လှည်းကိုလှမ်းကြည့်မိသည်။ လှည်းအောက်တွင် ကောင်မလေးတွေ ထမင်းစားနေကြ သည်။ လှည်းပေါ်တွင် သူ
‎သူမှ သူ
‎မိစံကလှည်းပေါ်တွင်ထိုင်ပြီး ကျွန်တော့်ကို ပြုံးပြနေသည်။
#‎တင်ညွန့်
‎၄.၁၂.၂၀၁၈