မီးခိုးတန်း (ဝတ္ထုတို)
သည် ကြာကန်ရွာ တစ်ရွာလုံးမှာ အနှိပ်သည်ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ ဘယ်သူလဲဆိုတော့ မိတဆုပ်တဲ့။ အသက် ၃၀ လောက်၊ အသားညိုညို၊ လူက နည်းနည်းပုတော့ ခပ်တုတ်တုတ် ကိုယ်ခန္ဓာလို့ ပိုထင်ရတယ်။ ရုပ်ကတော့ ရွက်ကြမ်းရေကျို ဆိုတဲ့ အဆင့်ရဲ့အောက် နည်းနည်း ရောက်သေးတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက မိဘလည်း ဆင်းရဲ၊ ကျောင်းလည်း ဟုတ်တိပတ်တိ နေခဲ့ရတာ မဟုတ်တော့ ခပ်ကြောင်ကြောင်လို့ ပြောရမလား၊ ခပ်အအလို့ ပြောရမလား မသိဘူး။
သူ့မှာ ကလေးသုံးယောက် ရှိတယ်။ ကလေးတွေ အဖေကလည်း သုံးယောက်။ ကလေးတစ်ယောက် အဖေတစ်ယောက် နှုန်းနဲ့လေ။ အိမ်ထောင်က သုံးဆက်၊ တစ်ဆက်မှ မမြဲပါဘူး။ ကောင်မလေးက အိမ်ထောင်ရေးကံ မကောင်းဘူး ပြောရမလားဘဲ။ သူ့ယောက်ျားတွေက ကလေးတစ်ယောက် ရတဲ့အထိပဲ သူနဲ့ ပေါင်းကြတယ်။ ပြီးရင် ကွဲရော၊ အခုတော့ လက်ရှိယောက်ျား တစ်ယောက်မှ မရှိဘူး။ နောက်ဆုံး ယောက်ျားက ဖားကန့်ဘက် အလုပ်လုပ်မယ်ဆို ထွက်သွားတာ ခု အငယ်ဆုံးကလေး သုံးနှစ်ပြည့်ရော၊ ဘာသံမှကို မကြားရဘူး။
အနှိပ်သည်လို့သာ ပြောရတာပါ။ သည်လိုရွာမျိုးမှာ တကယ် ဇိမ်ယူပြီး အနှိပ်ခံနိုင်တဲ့သူက ခပ်ရှားရှား၊ ညောင်းတယ် ကိုက်တယ် ဆိုတာ မကြားဖူးတဲ့သူက အများသားလေ။ အလုပ်နဲ့လက် မပြတ် လုပ်နေကြရတဲ့ ဆင်းရဲသား တောသူ တောင်သားတွေပဲ။ နောက်ပြီး ဝင်ငွေကလည်း စားဖို့တောင် အနိုင်နိုင် ရှာနေကြရတာ မဟုတ်လား။ ဘယ်အနှိပ်ခံ နိုင်ပါ့မလဲ။ သည်တော့ မိတဆုပ်လည်း သည်နှိပ်တဲ့ အလုပ်နဲ့တင် ရပ်တည်လို့ မရဘူးလေ။ ပေါင်းထိုးချိန် ပေါင်းထိုးလိုက်၊ နှမ်းနုတ်ချိန် နှမ်းနုတ်၊ ပဲဆွတ်ချိန် ပဲဆွတ် လုပ်ရရှာတာပါပဲ။ သူ့သမီး အကြီးမလေးနဲ့ အလတ်မလေးကတော့ မန်ကျည်းရွက်လေး ခူးရောင်းလိုက်၊ ဒန့်သလွန်ညွန့်လေး ခူးရောင်းလိုက်၊ ဟိုအိမ် သည်အိမ်က ခေါ်ခိုင်းတဲ့ တောက်တိုမည်ရ အလုပ်လေးတွေလည်း လုပ်လို့ပေါ့လေ။ မအေ ဝင်ငွေကို ဖြည့်ကြရတယ်။ တကယ်တမ်း ပြောရရင် အကြီးမတောင် ဆယ်နှစ်တောင် ကျော်သေးတာမှ မဟုတ်ဘဲ။
သည်လိုပဲ ရှာရဖွေရ ခက်ခက်။ ညစာ မစားရတဲ့ အခါမျိုး ရှိချင်သာ ရှိမယ် မတဆုပ်တို့ သားအမိတစ်တွေ ဗွီဒီယိုရုံကိုတော့ ညတိုင်း ရောက်တယ်။ တစ်ရက်မှကို မပျက်ဘူး။ ဝါသနာက အဲလောက်ကြီးတာ၊ တစ်ခုတော့ ရှိတယ်။ သူက အလွမ်းဇာတ်၊ ငိုရတဲ့ ဇာတ်လမ်းဆိုရင် လုံးဝ မကြည့်ဘူး။ ရုံထဲမှာ အိပ်တာ။
မတဆုပ် အကြောင်း ထူးထူးခြားခြား ပြောစရာ ဘာမှ မရှိဘူး။
တစ်ရွာလုံးကလည်း ဘယ်သူကမှ အရေးစိုက်ပြီး သူတို့ အကြောင်းကို ပြောဆို မနေကြပါဘူး။ ဒါပေမဲ့ အခုတော့ မိတဆုပ်ကို တစ်ရွာလုံးက ဂရုစိုက် ပြောရမယ့် အဖြစ်ကို ရောက်သွားပြီ။ ဇယ်ခုံမှာ၊ ဘော်လီဘောကွင်းမှာ၊ ပိုက်ကျော်ခြင်းပွဲမှာ၊ နောက်ဆုံး ကုန်ကုန် ပြောရရင် အရက်ဆိုင်မှာတောင် မိတဆုပ် အကြောင်း ပြောကုန်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု လက်ရှိယောက်ျား တစ်ယောက်မှ မရှိတဲ့ မိတဆုပ်၊ အသားမည်းမည်း၊ သွားကျဲကျဲနဲ့ ရုပ်ဆိုးမ မိတဆုပ် အရှေ့အလယ်ပိုင်း ပြဿနာ ပေါ်လို့တဲ့လေ။ အင်း- ယောက်ျားတွေ ထဲမှာလည်း ချဉ်ချဉ်တူးတူး မူးပြီးရောဆိုတဲ့ သူတွေကလည်း အများသား မဟုတ်လား။
ပထမဦးဆုံး စပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကတော့ မိတဆုပ်နဲ့ အိမ်နီးချင်း ဒေါ်လှခင်နဲ့ ဒေါ်တင်ဥတို့ပဲ။ အဲသည်ချောင်မှာ အဲဒီ နှစ်ယောက်က ဆရာကြီးတွေလေ။ မိတဆုပ် ခန္ဓာကိုယ် ပုံပျက်နေတာ တွေ့မိတာနဲ့ ချော့လိုက်၊ ခြောက်လိုက်နဲ့ မေးတော့တာပဲ။
"ကဲ ... ပြောမှာသာ ပြောပါအေ၊ ညည်းမှာ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် ပေမယ့် မျက်နှာမငယ်ရပါဘူး။ ငါတို့ ရှိပါသေးတယ်"
ဒေါ်လှခင် လေပြေလေးနဲ့ ပြောတယ်။ မိတဆုပ်က တုတ်တုတ်တောင် မလှုပ်ပါဘူး။
"ဘာလဲ ... ညည်းက သူများယောက်ျားနဲ့ ဖြစ်ခဲ့လို့ မပြောချင်တာလား။ ဘာဖြစ်လဲအေ၊ သူ့တာဝန် သူယူလိမ့်မပေါ့။ ကျန်တာ တို့ကိစ္စသာ ထားပါအေ။ နာမည်သာပြော ဟုတ်လား"
မိတဆုပ်က ဒေါ်တင်ဥကို မျက်လွှာလှန်ပြီး မော့ကြည့်တယ်။
"နေပါဦး အရီးရဲ့၊ အခုဟာက ကျုပ် ဗိုက်ကြီးတာပါ။ ကျုပ် ကိစ္စပါ။ အရီးတို့က ဘာလို့ ဇွတ်ဖြစ်နေကြတာလဲ"
စိတ်ဆတ်တဲ့ ဒေါ်လှခင် တွန့်ခနဲ ဖြစ်သွားတယ်။
"အောင်မယ် ကောင်မက၊ ဒီမယ်အေ့၊ အရပ်နာမှာ စိုးလို့ ပြောနေတာ။ ညည်းကို မိန်းမချင်း ကိုယ်ချင်းစာလို့ ပြောနေတာ၊ တို့က နေသာသပ လေညာက လုပ်လို့ရတယ် သိရဲ့လား"
"ဒါဆိုလည်း အဲလိုပဲ နေလိုက်ပါတော်၊ ကျုပ်အကြောင်းနဲ့ ကျုပ်မို့ ဘာမှကို မပြောချင်တာပါ"
ဒေါ်တင်ဥကတော့ လက်လျှော့ချင်ဟန် မတူဘူး။ စပ်စုဖို့ ဝါသနာက ရှိသေးတာကိုး။
"မဟုတ်ပါဘူး မိတဆုပ်ရဲ့။ ငါသိချင်တာက ဘယ်သူနဲ့လဲ ဆိုတာကိုပါ"
မိတဆုပ်က ပြုံးတယ်။
"ကဲပါတော် သိပ်စောင့်ရတာ မှတ်လို့ ကျုပ်မွေးတော့ သိလိမ့်မပေါ့။ ကျုပ် ကလေးတွေ အကြောင်း တော်တို့လည်း အသိသားပဲ"
ဒေါ်တင်ဥက မိတဆုပ်ရယ်၊ သူ့ကလေးတွေရယ်ကို တစ်ချက်စီ ကြည့်ပြီး ခေါင်းမညိတ်ချင်၊ ညိတ်ချင်နဲ့ ညိတ်ပြီး ပြန်သွားတယ်။
ဟုတ်တော့၊ ဟုတ်တယ်။ မိတဆုပ်က ဘယ်လို ကုသိုလ်ရယ်ဖြင့် မပြောတတ်ဘူး။ အခုလက်ရှိ သူ့ကလေး သုံးယောက်ကိုကြည့်၊ အကြီးမဆို သူ့အဖေ သာမြင့်နဲ့ တစ်ရုပ်တည်း တစ်ပုံတည်း၊ ဒါ ဘယ်သူ့ကလေးတုံးလို့ မေးစရာကို မလိုတာ။ သည်လိုပဲ အလတ်မက သူ့အဖေ မောင်တိုးနဲ့ ကိုယ်ပွားပေါက် တူသလို၊ အငယ်ဆုံး ကောင်ကလည်း သူ့အဖေ လှစိန်နဲ့ တစ်ပုံတည်း၊ နဖူးပြောင်တာ၊ မျက်လုံး ပြူးတာက အစ ချွတ်စွပ်။
ဒါကြောင့် မိတဆုပ်က ပြောတာပေါ့။ ကလေးဖအေ ဘယ်သူလဲဆိုတာ မွေးတော့ သိလိမ့်မယ်လို့၊ ပြောလည်း ပြောတတ်၊ ပြောလည်း ပြောလောက်တယ်လေ။
သည်လိုနဲ့ ဒေါ်လှခင်နဲ့ ဒေါ်တင်ဥတို့ဆီက တစ်ဆင့် တစ်စ တစ်စနဲ့ တစ်ရွာလုံး သိကုန်ကြတယ်။ မိတဆုပ်ကတော့ နည်းနည်းမှ ဣနြေ္ဒမပျက်ပါဘူး။ မေးငေါ့ကြတာ၊ နှာခေါင်းရှုံ့ကြတာ၊ အတင်းပြောတာတွေကို တုံ့လည်း မတုံ့ပြန်ဘူး။ တုန်လည်း မတုန်လှုပ်ဘူး။ သူလုပ်စရာ ပုံမှန်လုပ်နေတယ်။ ရွာက လူတွေကတော့ မိတဆုပ်ရဲ့ ဗိုက်တရားခံ ဘယ်သူလဲဆိုတာ အပြင်းအထန် စုံစမ်းကြ၊ စဉ်းစား ကြတယ်။ သည်ရက်ပိုင်းအတွင်း မိတဆုပ် ဗိုက်ပဟေဠိ ဝင်လာတာနဲ့ ခါတိုင်းလုပ်နေကျ ဂဏန်းကိစ္စတွေကိုတောင် မစဉ်းစားမိကြဘူး။ မတွက်ချက်မိကြဘူး။
နောက်ဆုံး ရွာက လူကြီးတွေက မနေနိုင်ကြဘူး။ မိတဆုပ်ကို ခေါ်မေး ကြတယ်။ မိတဆုပ်ကို မဖော်ရင် ရွာမှာ မထားဘူးလို့လည်း ခြိမ်းခြောက်လိုက် သေးတယ်။ မိတဆုပ်ကတော့ မပြောနိုင်ဘူးဘဲ။ တကယ်လို့ ရွာမှာ မနေရလည်း ထွက်သွားပါမယ်ပေါ့။ ဘယ်လိုပြောပြော သည်အဖြေပဲ။
လူကြီးတွေကလည်း ပြောမယ့်သာ ပြောတာလေ။ ကိုယ့်ရွာက ကိုယ့်ရွာသူ တခြားအရပ်မှာ မျက်နှာငယ်ငယ်နဲ့ သွားနေမှာမျိုး ဘယ်လုပ်ပါ့မလဲ။ မိတဆုပ်ကိုထား၊ ကလေးတွေက ရှိသေးတယ်မို့လား။ သည်မှာက လုပ်စားကိုင်စားလို့ ရသေးတယ်။ နောက်ပြီး မိတဆုပ်ကိုယ်ဝန်ကလည်း လက နည်းနည်းရင့်နေပြီလို့ ပြောတယ်။ ခြောက်လ ရှိပြီတဲ့။ မိတဆုပ်က ဝတော့ သိပ်မသိသာတာတဲ့။ ဒီတော့ ကဲ ... စောင့်ရလည်း နောက်လေးလ ပေါ့ကွာ၊ အဲသည်အခါကျရင်သာ တရားခံ သိရင်တော့ တို့ရွာသားထဲကဆို မလွယ်ဘူး။ ခုတော့ သည်အတိုင်းပဲ နေဦးဆိုပြီး မိတဆုပ် အရေးအခင်းကို ရှင်းလင်းဆုံးဖြတ် လိုက်ကြတယ်။ ကာလသားတွေကိုတော့ မျက်စောင်းခဲလိုက် သေးတယ်။
ဒါပေမဲ့ ကာလသားအုပ်စုက တစ်မျိုးစဉ်းစား ကြည့်တယ်။ မိတဆုပ်က အနှိပ်သည်မို့လား။ သည်ရွာမှာ တကယ်အနှိပ်ခံတာ ဘယ်သူတွေလဲ၊ သည်လူတွေကော မဖြစ်နိုင်ဘူးလားပေါ့။ မိတဆုပ်နဲ့ နီးစပ်တဲ့ ကိစ္စကို စဉ်းစားကြည့်တာလေ။ သည်အတွေးက ကာလသားတွေဆီက တစ်ဆင့် ရွာထဲကို ပျံ့သွားပြန်ရော၊ မိတဆုပ်ကို နေမကောင်းတဲ့လူနဲ့ မိန်းမတွေက လွဲရင် ပုံမှန်လိုလို အနှိပ်ခံတတ်တဲ့လူက သုံးယောက်ရှိတယ်။
တစ်ယောက်က ဦးကြိုင်တဲ့၊ သူက ပုတီးလေး တကိုင်ကိုင်နဲ့ ညဆိုရင် ဘုရားစာ အကျယ်ကြီး အော်အော် ရှိခိုးတတ်တဲ့ လူမျိုး၊ အလှူမင်္ဂလာ၊ နာရေးတွေမှာလည်း အာပေါင်အာရင်း သန်သန်နဲ့ ဓမ္မအကြောင်းတွေကို ငြင်းတတ်ခုံတတ် သေးတယ်။ လူက ခပ်ဝဝ၊ စီးပွားရေးလည်း မပူပင် မကြောင့်ကြရဘူးလေ။ ယာခြေ ချောင်းခြေက အကျယ်သား၊ မိန်းမ ဆုံးပြီးတော့ သားနဲ့ချွေးမက ပြုစုနေတဲ့သူ ဆိုပါတော့။
နောက်တစ်ယောက်က ဆရာမြင့်တဲ့၊ မူလတန်း ကျောင်းအုပ်၊ ဆရာကြီးက ပင်စင်စားပါ။ ဆရာမြင့်က လူပျိုကြီး၊ တူမ အပျိုလေး နှစ်ယောက်နဲ့ အတူနေတယ်။ ဆရာက ပိန်ပိန် အရပ်ရှည်ရှည်၊ စကားပြောတော့လည်း အေးအေးဆေးဆေး ပါပဲ။ သူကလည်း ညောင်းတတ် ညာတတ်တယ်။ မိတဆုပ်က တစ်ပတ်တစ်ခေါက် လောက်တော့ နင်းနှိပ်ပေးနေ ရတာပဲ။ တူမတွေကလည်း ဈေးရောင်း ဈေးဝယ်တစ်ဖက်နဲ့ ဆိုတော့ မအားကြဘူးလေ။
အဲ ... နောက်ဆုံးတစ်ယောက်ကတော့ ကိုညိုကြီးတဲ့၊ ငယ်ငယ်ကတော့ လူရိုက်မှုနဲ့ ထောင်ကျဖူးတယ်လို့ ဆိုတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ လူကကို မိုက်ရုပ်ကြီး။ စကားပြောတော့လည်း တိုတောင်းတောင်းနဲ့ ဘုဆတ်ဆတ်နဲ့ရယ်။ အသောက်အစားကလည်း ရှိတယ်။ ဘယ်မှသာ သွားမသောက်တာ အိမ်မှာတော့ ပုံမှန်ပဲ။ သုံးယောက်စလုံးမှာ တူညီတာကတော့ အသက်တွေပဲ၊ အကုန်လုံး ခြောက်ဆယ် ပတ်ဝန်းကျင်တွေ၊ ကွာရင် တစ်နှစ်၊ နှစ်နှစ်ပဲ၊ သည်ထက် မပိုဘူး။ နောက်ပြီး မိန်းမ မရှိကြတာလည်း တူသပေါ့လေ။
ရွာမှာ ဟိုကစ တိုးတိုး၊ သည်ကစ တိုးတိုးနဲ့ သူတို့လည်း မိတဆုပ်နဲ့ သူတို့ကို သမုတ်ချင်ကြမှန်း သိသွားတယ်။ ရွာက လူတွေကလည်း ဗြောင်တော့ မပြောရဲကြဘူးလေ။ ဒါမျိုးက မျက်မြင်သက်သေ ရှိတဲ့ ကိစ္စမျိုးမှ မဟုတ်တာ၊ အထင်ပေါ့။ သည်ကြားထဲ ကာယကံရှင် မိတဆုပ်က ဘာမှဖွင့်မပြောဘူးလို့ ဘူးခံနေတော့ ပိုဆိုးတာပေါ့။
သည်သတင်း ကြားတော့ ဦးကြိုင်က ညဘက် ပုတီးပိုပြီး ဖိစိပ်နေသတဲ့။ ဆရာမြင့်ကတော့ အိမ်ထဲက အိမ်ပြင် သိပ်မထွက်ဘူး။ ကိုညိုကြီးကတော့ အရက် ဖိသောက်ပြီး မူးလာရင် တောက်တခေါက်ခေါက်နဲ့ လက်ထဲမှာလည်း ဓားကိုင်လိုကိုင်၊ တုတ်ကိုင်လိုကိုင် လုပ်နေတယ် ကြားတယ်။
ဘာမှ မဖြစ်တာကတော့ မိတဆုပ်ပဲ၊ ဗိုက်ကြီး တကားကားနဲ့ အလုပ် လုပ်တာလည်း မပျက်၊ ဗွီဒီယို ကြည့်တာလည်း မပျက်၊ ပုံမှန်ဆိုမှ ပုံမှန်ပဲ။
တစ်နေ့တော့ အဲသည်လူ လေးယောက် တစ်နေရာမှာ သွားဆုံတယ်။ ကိုသာစိန်တို့ အလှူပွဲဝင်တဲ့ နေ့ရဲ့ အရင်နေ့မှာပေါ့။ ဆန်စင်တဲ့နေ့လို့ ခေါ်ကြတယ်။
ပထမဆုံး ရောက်လာတာက ဦးကြိုင်၊ သူက ကိုသာစိန်တို့ အလှူအတွက် ဆိုင်း သွားငှားပေးရတဲ့ လူလေ။ နောက်ရောက်လာတာက ဆရာမြင့်၊ ဆရာမြင့်က ကိုသာစိန်နဲ့ အမျိုး မကင်းဘူး။ အလှူတွက် တိုင်ပင်ချင်တာလေးတွေ တိုင်ပင်ရအောင် လာတာပေါ့။ အဲသည် အချိန်မှာ မိတဆုပ်ကလည်း မဏ္ဍပ်ထဲမှာ ဆန်ပြာလို့၊ စပါးလုံး ရွေးလို့၊ ရွာထဲက တခြားမိန်းမတွေလည်း အများကြီးပေါ့။ အဲဒီလိုပဲ သံဃာစင် ပေါ်မှာလည်း ယောက်ျားကြီး အချို့က ဦးကြိုင်တို့၊ ဆရာမြင့်တို့နဲ့ အတူထိုင်လို့ပေါ့။
အစကတော့ အလှူရှင်က ချပေးတဲ့ လက်ဖက်လေး စားလိုက်၊ ရေနွေးလေး သောက်လိုက်၊ စကားလေး ပြောလိုက်နဲ့ လူတွေဟာ သူတို့နှစ်ယောက် ရောက်လာရော ဗြုန်းဆို ငြိမ်ကုန်ကြတယ်။
နောက်ဖေးမှာ ဆီးဖြူသီး ညှစ်နေတဲ့ ကာလသား အချို့ကလည်း ကွက်ကြည့် ကွက်ကြည့်နဲ့ လှမ်းကြည့် နေကြလေရဲ့။ ပိုဆိုးတာက အဲဒီ အချိန်မှာကိုပဲ တိုက်တိုက်ဆိုင်ဆိုင် ကိုညိုကြီးပါ ထပ်ရောက်လာတာပဲ။ သူ့နောက်က ကြက်သွန်မြိတ် တောင်းတွေ ထမ်းလာတဲ့ ကောင်လေးတွေနဲ့ သူက ကြက်သွန်မြိတ် သွားထမ်းတာလေ။ ကိုညိုကြီးက အရက်နည်းနည်း သောက်လာပုံရတယ်။ မျက်နှာက နီရဲလို့-
"သာစိန်"
"ဗျို့"
"ဒါတွေ ဘယ်ချရမှာတုံးကွ"
"နောက်ထဲသွားပြီး သင့်ရာသာ ချထားလိုက်ပါ ဦးလေးရာ၊ ဒါမှမဟုတ် အိမ်ထဲမှာ ဖြစ်ဖြစ်ပေါ့"
ကိုညိုကြီးက ကိုသာစိန်ကို ပြောရင်း ကြက်သွန်မြိတ် တောင်းတွေ ထားဖို့ နေရာရှာ မျက်စိကစားရင်းက မိတဆုပ်ကိုရော သံဃာစင်ပေါ်က ဟိုနှစ်ယောက်ကိုပါ တွေ့သွားတယ်။ စင်ပေါ်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ ဆရာမြင့်က မျက်လွှာလေး ချလိုက်တယ်။ ဦးကြိုင်ကတော့ တိုက်ပုံအင်္ကျီ အိတ်ထဲက ပုတီးကိုထုတ်ပြီး တချောက်ချောက် စိပ်နေတယ်။ ကိုညိုကြီးက တစ်ခုခုကို ပြောတော့မှာလိုလို၊ ထလုပ်လိုက်တော့မှာလို ပုံမျိုး၊ ကျန်တဲ့ လူတွေကတော့ ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ဖို့ ဟန်ပြင်ထားတဲ့ မျက်လုံးတွေနဲ့ ငြိမ်ငြိမ်သက်သက်ပါ။ ဒါပေမဲ့ သူတို့ ဆန္ဒမပြည့်ပါဘူး။ မိတဆုပ်က ကိုညိုကြီးကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်တော့ ကိုညိုကြီးက ဗြုန်းဆို လှည့်ထွက်ပြီး တောင်းတွေကို အိမ်ထဲပို့၊ သူလည်း ချက်ချင်း ပြန်သွားတယ်။ နောက်ကို တစ်ချက် လှည့်မကြည့်ဘူး။ မကြာပါဘူး၊ ဆရာမြင့်ကလည်း ကိုသာစိန်ကို နှုတ်ဆက်ပြီး ထပြန်တာပါပဲ။ ဦးကြိုင်ကိုတော့ နှုတ်မဆက်ဘူး။ အရင်ကတော့ ရင်းနှီးတဲ့ သူတွေပါ။ ဦးကြိုင်ကလည်း မျက်လုံးကြီး မှိတ်ပြီး ပုတီးဖိစိပ်နေလို့လားမှ မသိဘဲလေ။ နောက်ဆုံးမှ ဦးကြိုင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပါးစပ်က ရွတ်ရင်း ထပြန်သွားတယ်။
မိတဆုပ်ကိုလည်း သူ့သမီး အလတ်မက လာခေါ်တယ်။ အငယ်ဆုံးကောင် ငိုနေလို့ ဆိုလားပဲ။ သူတို့ပြန်မှပဲ ဟိုနားတိုးတိုး၊ သည်နားတိုးတိုးနဲ့ စကားသံတွေ ပြန်ကြားရတော့တာပဲ။ ကိုသာစိန်ကလည်း သက်ပြင်းကို ခုမှ ချနိုင်တော့တယ်။ ရွာက လူတွေကလည်း အမျိုးမျိုး အကဲသာ ခတ်နေကြတာ ဘယ်သူ ဆိုတာကို တညီတညွတ်တည်း မထင်ကြဘူး။ တချို့က ကိုညိုကြီး၊ တချို့က ဆရာမြင့်၊ တချို့က ဦးကြိုင်ပေါ့လေ။ ကိုယ်ဘာသာကိုယ် စုံထောက်ရာထူး ယူတဲ့သူကယူ၊ ရှေ့နေရာထူး ယူတဲ့သူကယူ၊ မဟုတ်မှ လွဲရောဆိုပြီး ဗေဒင်ဆရာ လုပ်တဲ့သူကလုပ်၊ စုံနေတာပဲ။ ဒါပေမဲ့ တစ်ခု သေချာတာကတော့ သူတို့အားလုံး မိတဆုပ်ရဲ့ ဗိုက်က ရင့်လာလေလေ သူတို့ သုံးဦးကိုပဲ ထင်လေလေပဲ။ သူတို့က လွဲရင် တခြားဘယ်သူမှ မဖြစ်နိုင်ကြဘူးလို့ တွက်ကြတယ်။
မိတဆုပ် ဗိုက်နာတယ်လို့ ကြားလိုက်ရတဲ့နေ့ဟာ ကြာကန် တစ်ရွာလုံး လှုပ်သွားတဲ့နေ့ပဲ။ တချို့မိန်းမတွေဆို လုပ်လက်စ အလုပ်ကို ပစ်ထားပြီး မိတဆုပ် အိမ်ကို ချီတက်သွားကြတာ။
မထူးပါဘူး။ ယောက်ျားလေးတွေကလည်း မိတဆုပ်အိမ်နဲ့ မလှမ်းမကမ်းမှာ ဟိုဟာ လုပ်သလိုလို၊ သည်ဟာ လုပ်သလိုလိုနဲ့ သတင်းစောင့် နားစွင့်နေကြတယ်။ မွေးလာရင် ဘယ်သူနဲ့ တူမှာလဲ ဆိုတာကို တစ်ရွာလုံး သိချင်နေကြတာ။ မိတဆုပ်က မွေးလိုက်ရင် ဘယ်သူနဲ့ တူမှာလဲ၊ ချွတ်စွပ် မွေးတတ်တဲ့သူလေ။ လူငယ်တွေ မပြောနဲ့ အရပ်လူကြီးတွေကတောင် သည်နေ့ ချိန်းထားတဲ့ အမှုကို နောက်နေ့မှ စစ်မယ်ဆိုပြီး ရက်ရွှေ့လိုက်ကြတယ်။ သူတို့လည်း အိမ်ကနေ စိတ်စောစောနဲ့ မျှော်နေကြတာပဲ။ သူတို့မိန်းမတွေ မွေးတုန်းကတောင် သည်လောက် စိတ်စောကြရဲ့လား မသိဘူး။
ပထမ အရပ်ထဲက လက်သည် ဒေါ်နုကို ခေါ်တယ်။ နောက် တော်တော်ကြာတော့ ကျန်းမာရေး ဌာနက ဝမ်းဆွဲဆရာမကြီးကိုပါ သွားခေါ်တာ တွေ့ရတယ်။ မိတဆုပ်နဲ့ မလှမ်းမကမ်းမှာ၊ လမ်းပေါ်မှာ လူက များသထက် များလာပြီ။ ကလေးတွေကလည်း လူကြီးတွေ စုရုံးစုရုံး လုပ်နေတော့ ဘာရယ်မသိ ရောယောင်ပြီး လမ်းမ ထွက်ကြတယ်။ ကလေးတွေတောင် မကစားကြဘူး။ ဘယ်အချိန် ကလေးငိုမလဲ။ ကလေးငိုသံကို မကြားရမှာ စိုးလို့ လူတွေက စကားတောင် ကျယ်ကျယ် မပြောကြ ဘူး။ မိတဆုပ် အိမ်လေးမှာတော့ မိန်းမတွေဆိုတာ တစ်ရွာလုံး နီးပါးပဲ။ အိမ်ပေါ်မှာလည်း အိမ်ကျိုးကျမှာတောင် ကြောက်ရတယ်။ အိမ်အောက်မှာလည်း အပြည့်။
နောက်ဆုံး ဘယ်သူ ထွက်လာတယ် မှတ်သလဲ၊ ဦးကြိုင်ရော၊ ဆရာမြင့်ရော၊ ကိုညိုကြီးရောပါ ထွက်လာကြတယ်။ လမ်းလျှောက် ထွက်သလိုလို၊ ဆေးလိပ် ကွမ်းယာ ထွက်ဝယ် သလိုလိုနဲ့ ထွက်လာကြတာပေါ့။
နောက်ဆုံး မိတဆုပ် အိမ်ဘက်က မိန်းမတွေရဲ့ ဆူညံဆူညံ အသံနဲ့အတူ ကလေးငိုသံပါ ထွက်လာတယ်။ လမ်းပေါ်ကလူတွေ မတ်တတ် ထရပ်လိုက်ကြတယ်။ ဟိုလူ သုံးယောက်ကိုလည်း ကြည့်လိုက်ကြတယ်။
ငိုသံတော့ ငိုသံပဲ၊ ဒါပေမဲ့ သူတို့မျှော်လင့်ထားတဲ့ မွေးကင်းစ ကလေးရဲ့ ငိုသံ မဟုတ်ဘူး။ မီးမဖွားနိုင်လို့ သေသွားတဲ့ မိတဆုပ်ရဲ့ ကလေးသုံးယောက် ငိုသံ၊ ပူပူနွေးနွေး မိခင်မဲ့သွားရှာတဲ့ ကလေးသုံးယောက်ရဲ့ ငိုသံပါ။
ခုတော့ လမ်းမပေါ်မှာ လူမရှိတော့ပါဘူး။ မိတဆုပ် အိမ်မှာလည်း မကင်းရာ မကင်းကြောင်း မိန်းမကြီး တစ်ယောက်၊ နှစ်ယောက်ရယ်။ အသုဘကိစ္စကို ဆောင်ရွက်ဖို့ လုပ်နေတဲ့ အရပ်လူကြီး တစ်ယောက်၊ နှစ်ယောက်ရယ်ပဲ ကျန်ပါတော့တယ်။ ဗိုက်တရားခံက သုံးယောက် စလုံးလား၊ နှစ်ယောက်လား၊ တစ်ယောက်တည်း ပဲလား၊ တစ်ယောက်မှ မဟုတ်ဘူးလား၊ ဘယ်သူလဲ ဆိုတာကတော့ သေသွားတဲ့ မိတဆုပ်က လွဲရင် တခြား ဘယ်သူမှ သိမှာ မဟုတ်တော့ပါဘူးလေ။
ဗွီဒီယို ကြည့်ရင် အလွမ်းဇာတ်၊ ငိုရတဲ့ ဇာတ်ဆို လုံးလုံး မကြည့်ခဲ့တဲ့၊ ရုံထဲမှာ အိပ်တဲ့ မိတဆုပ်ဟာ သူကိုယ်တိုင်ရဲ့ အလွမ်းဇာတ် ဖြစ်နေလို့ မနိုးသော အိပ်ခြင်းနဲ့ အိပ်သွားလိုက်သလားမှ မသိတာ။
ရွာက လူတွေအဖို့တော့ မီးခိုးတော့ မြင်လိုက်ရပါရဲ့၊ မီးဘယ်နားမှာ ရှိလဲဆိုတာ ရှာမတွေ့ကြတဲ့ သူတွေလိုပဲ ဖြစ်ကျန်ခဲ့ကြတယ်။ အမှန်တော့ မီးခိုးမှ ထွက်လာရင် မီးဆိုတာ ရှိကို ရှိရမှာ မဟုတ်လား။
ဦးဆွေ (ဒဿနိက)
ရွှေအမြုတေ၊ သြဂုတ်လ၊ ၂၀၀၀။