ပန်းနှစ်ပွင့်ရဲ့ငိုရှိုက်သံ(စ/ဆုံး)

 ပန်းနှစ်ပွင့်ရဲ့ငိုရှိုက်သံ(စ/ဆုံး)


——————–

မသူဇာတို့အိမ်လေးကို သဘောကျလို့ ပြောပြအုံးမယ် ။ ။


……….. x…………


မန္တလေးမြို့ရဲ့ ပြွတ်သိပ်ခတ်နေတဲ့ အိမ်သေးသေးလေးတွေကြားမှာ မသူဇာတို့ အိမ်ကလေးကတော့ တော်တော့်ကို တန်ဘိုးရှိတယ်ပြောရမယ် ။

ကွန်ကရစ်လမ်းကလေးရဲ့အဆုံး ၊ ရပ်ကွက်အစွန်ဖျားမှာ ပေလေးဆယ် ၊ ခြောက်ဆယ် အိမ်ဝိုင်းလေး ထဲမှာမှ ခုခေတ်မှာ တွေ့ဖို့ခဲယဉ်းနေပြီဖြစ်တဲ့ ထရံကာ ပျဉ်ခင်း ဒူးထောက်အိမ်လေး။

အိမ်ရှေ့ဝရံတာကလည်း တိုင်းရင်းသားအိမ်တွေလို ကျယ်ကျယ်ပြန့်ပြန့်လေး ။

ခြံထဲမှာ သီးပင်၊စားပင် ၊ နှစ်ရှည်ပင်တွေနဲ့ အုံ့မှိုင်းနေရောပဲ။ ကျမသဘောအကျဆုံးက ခြံစည်းရိုး ပတ်ပတ်လည်မှာ စိုက်ထားတဲ့ သနပ်ခါးပန်းပင်တွေပါပဲ ။ ခြံကလေးကို အဝေးကကြည့်ရမြင်ရတာကိုပဲ အေးချမ်း တိတ်ဆိတ် ပီး မွှေးနေရော။


မသူဇာအမျိုးသား ကိုထင်ကျော်ဆိုတာကလည်း မိန်းမကို လိုလေးမရှိ ဖြည့်စည်းပေးရှာတာ။ အိမ်ကလေးက သီးသန့်လိုဖြစ်နေတော့ အိမ်မှာ ဆန်၊ဆီ၊ဆား မပြတ်ရတဲ့အပြင် ချိုချိုချဉ်ချဉ်ကလဲ ရေခဲသေတ္တာနဲ့ အပြည့်။ ဧည့်သည်လာလို့လဲ မျက်နှာမငယ်ရဘူး။ အအေးတန်အအေး၊ အပူတန် အပူ အရံသင့်။

ဆန်ဆိုလို့များ ဆန်တောင် တမျိုးထဲမဟုတ်ဘူး။ အဆင့် ဆင့်ထပ်ထားတဲ့အိတ်ထဲကမှ ဒါက ရွှေဘိုဆန်၊ ဒါက ကျောက်ဆည်ဆန် နဲ့ ခွဲထားသေးတာ။ ဆီဆို ပဲဆီသန့်ကတစ်မျိုး ၊ နေကြာဆီက တစ်မျိုးနဲ့ ကြိုက်ရာသုံး၊ က်ြုက်ရာစား ။


မသူဇာအတွက်ဆိုလည်း ဘာမှ လိုလေသေးမရှိ။

မိန်းမသားတစ်ယောက်အတွက် လိုအပ်တဲ့ ရွှေ၊ငွေ၊ လက်ဝတ်ရတနာ တစ်စုံစာအပြည့်။ လစာလည်း အကုန်အပ်တဲ့လင်ယောင်္ကျား ၊ ဒါမျိုးတော့ ရှားတယ်လို့ ရပ်ကွက်က ထောပနာပြုကြတယ် ။

မနက်ခင်းမိုးလင်းပြီဆိုတာနဲ့ သနပ်ခါးအဖွေးသား သပ်ရပ်ကျော့ရှင်းနေတဲ့မသူဇာကလည်း သူနေတဲ့အိမ်နဲ့ လိုက်ဖက်လွန်းလှပါတယ်။


……… x………..


ဒီလောက်မှပြည့်စုံရင် ကိုယ်သာဆို ဘယ်လောက်အေးချမ်းပြီး ပျော်လိုက်မလဲနော်။

ဒါပေမယ့်လည်း မသူဇာကတော့ မပျော်ရှာပါဘူး။


……. x ………


ကိုထင်ကျော် က ကုမ္ပဏီကား မောင်းတာဆိုတော့ နယ်ဝေးခရီး ခန ခန ထွက်ရတယ် ။

သတင်းသဲ့သဲ့ကြားမိတာတော့ နယ်မှာ နောက် အိမ်ထောင်ရှိတယ်တဲ့။

ဒါ့အပြင် သမီးလေးတစ်ယောက်ပါ ရှိတယ်လို့ကြားတယ်။

တခါတခါ ခရီးထွက်ရင် ကြာတတ်တော့ ဟုတ်ရင်လဲ ဟုတ်မှာပဲလို့ တွေးမိသေးတယ်။

မမေးရဲလို့ မေးတော့ မမေးမိပါဘူး။ ဘယ်လောက်ပဲ ခင်တယ်ပြောပြော သူ့စည်း ကိုယ့်စည်း ရှိသေးတယ်မလားလေ။


…….. x ……….


မနေ့ညက ရပ်ကွက်တောင်ဖျား မီးလန့်တယ် ။ ဘယ်အိမ်လဲ စုံစမ်းလိုက်တော့ မသူဇာတို့အိမ်ဖြစ်နေတယ်။ ရပ်ကွက်က လူညီတာရော၊ မီးမများတာရောမို့ အိမ်ရှေ့ဝရန်တာပဲ မီးကျွမ်းသွားတယ် တဲ့။ ကိုယ်လဲ ခင်မင်နေတော့ သတင်းတော့ မေးအုံးမှပဲဆိုပြီး ကွန်ကရစ်လမ်းလေးအတိုင်း ခပ်သုတ်သုတ် လျှောက်ခဲ့လိုက်တယ် ။ ခပ်လှမ်းလှမ်းကထဲက အုံ့မှိုင်းနေတဲ့ ခြံလေးကို လှန်းတွေ့ရတယ်။ အရင်လို ဝရန်တာလေး‌မရှိတော့….။ တုံးတိတိ တိတ်ဆိတ်နေတဲ့ အိမ်လေး။


” မသူဇာရေ….” လို့ အသံပေးလိုက်တော့ ၊ “အခန်းထဲဝင်ခဲ့လေမကြည်ပြာ”လို့ ငိုသံစွက်နေတဲ့အသံနဲ့ထူးရှာတယ် ။

ကုတင်ပေါ်မှာ မျက်ရည်စက်လက်နဲ့ ဆံပင်မသိမ်းနိုင်သော မသူဇာကိုတွေ့တော့ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။


“ဘယ်လိုဖြစ်ကြတာလဲမသူဇာရယ် … ”


” ………. ”


မဖြေပဲ တိုးလို့သာ ရှိုက်နေရှာတဲ့မသူဇာကို သူ့ငိုသံ တိတ်တဲ့အထိ စောင့်ရသေးတယ်။အတော်ကလေး အားရအောင် ငိုပီးခါမှ….


” မနေ့က စကားများကြတယ်ဆိုမသူဇာ ၊ ရပ်ကွက်ထဲက ကြားလာတာပါကွယ် ။ အိမ်ကိုလဲ ကိုထင်ကျော်က မီးပုံရှို့မယ်လို့ ကြိမ်းတယ်ဆို ဟုတ်သလားဟင်”

“ဟုတ်တယ် ….. ၊ ကျမ မခံစားနိုင်လွန်းလို့ ကွာရှင်းကြဖို့ ပြောရင်းက စကားများကြတာပါ” တဲ့။


” ကျောက်ဆည်မှာ နောက်အိမ်ထောင်ရှိနေတာမကြည်ပြာရယ် ၊ ကလေးတောင် အခါလည်သာသာ ရှိနေရောပေါ့။ ကျမလဲ စုံစမ်းနေတာ ကြာပြီ။ အရင်တပတ်က သူ ရန်ကုန်ဖက် ပစ္စည်းပို့ရမယ်ဆိုတော့ ကျမလည်း လိုက်ပါရစေလို့ ပြောတာကို မခေါ်ဘူးလေ။ ဒါနဲ့ ကျမလဲ သူ့မယားငယ်လိပ်စာ စုံစမ်းပြီး လိုက်သွားတာ။

အမလေး မကြည်ပြာရယ် ၊ မယားငယ်မက ပြောတယ်။ မမကို သိပါတယ်တဲ့။ ကိုထင်ကျော့်မှာ မမရှိမှန်း သိပါတယ်တဲ့။ ဒါပေမယ့် မမက သားသမီး မွေးမပေးနိုင်လို့ ညီမက လက်ခံလိုက်တာပါတဲ့မကြည်ပြာရယ် ….”


” ကိုကို က ပြောတယ် ၊ မမအိမ်ဆန်တစ်အိတ်ဆို ညီမလေးစီလဲ တစ်အိတ်ရစေရမယ်တဲ့။ မမ လက်စွပ်တစ်ကွင်းဆို ညီမလေးလဲ တစ်ကွင်း ၊ ဒီမှာလေ မမရဲ့….ဆိုပြီး သူ့လက်စွပ်တောင် ပြလိုက်သေးတယ်၊ အဟုတ် ကျမနဲ့ တစ်ပုံစံထဲပါမကြည်ပြာရယ်….”


” သူ အင်းလေးသွားတုန်းက ကျမဖို့ဆိုပြီး ဝယ်လာတဲ့ အနွေးထည်ကလည်း ကျောက်ဆည်မှာ အဆင်တူအရောင်တူ ရှိနေပါရောလား….”


” ကျမအိမ်ကရေခဲသေတ္တာ၊ ကျမအိမ်က မှန်တင်ခုံ၊ ကျမအိမ်က မှန်ဗီဒို …. အို အကုန် အကုန် တစ်ပုံစံထဲပါ မကြည်ပြာရယ် …..။ ဒီလောက်မှ တန်ဘိုးချင်းတန်တူ ပေါင်းနေမှတော့ ကျမ မပျော်တော့ဘူးမကြည်ပြာရယ်၊ ဒါနဲ့ ကွာရှင်းဖို့ ပြောရင်းက စကားများပြီး မီးရှို့ဖို့လုပ်တော့တာပါပဲ…..။”


………. x…………..


ကွန်ကရစ်လမ်းကလေးအတိုင်း ခပ်ဖြေးဖြေးလျှောက်လာရင်း ယောင်္ကျားတွေရဲ့စိတ်ကို နားမလည်နိုင်အောင် ဖြစ်မိတယ်။


မသူဇာအတွက် စိတ်မကောင်းပေမယ့် ငါ့လင်သာ ကိုထင်ကျော်လို မယားငယ်ရှိရင် ကောင်းမှာပဲလို့ အားကျတွေး တွေးမိသေးတယ်။


ဟုတ်တယ်လေ ၊ ဘာပြောပြော မယားငယ်စီ ဆန်တစ်အိတ်ဆို ငါ့အိမ်လဲ ဆန်တစ်အိတ်‌ ရောက်အုံးမှာမဟုတ်လား။


အခုတော့ လမ်းထောင့်က ကုန်စုံဆိုင်က ညစာအတွက် ဆန်တစ်ပြည်ရယ်၊ ကြက်ဥလေးလုံးရယ် ဝယ်ပြီး အိမ်အထိ လမ်းလျှောက်ပြန်ရအုံးမယ်။


ဪ….. မကြည်ပြာရယ် 😔😔😔