အမေ့စိန်နားကပ် (ဝတ္ထုတို)
(၁)
အိမ်ရှေ့ခန်းဘုရားစင်ရှေ့ရှိ ဖျာကြမ်းတချပ်ပေါ် ဂွမ်းကပ်ခင်းထားသည့် အိပ်ယာထက်တွင် သေမင်းနှင့်စစ်ခင်းနေရသော ဒေါ်မြကြည်သည် စောင်ပါးကလေးအုပ်ကာ ပက်လက်လဲလျောင်း နေသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားထဲတွင် အားပြိုင်ရုန်းကန်နေရသော ဒေါ်မြကြည်၏ အသက်ဓါတ်သည် တဖြေးဖြေး အားလျော့လာဟန်တူသည်။ ဝင်သက်တစ်ချက်နှင့် ထွက်သက် တစ်ချက်ကြားအချိန်သည် ရှည်ကြာလွန်းလှလေ၏။ ဘဝ၏ နောက်ဆုံးအချိန်ကို ခက်ခဲစွာ ရုန်းကန်နေရမှန်း သိသာလွန်းသည်။ ယခင်နေ့များကလို လမ်းမဘက်သိုိ့ပင် စောင်းငဲ့မကြည့်နိင် ရှာတော့။
လမ်းမထက်သို့ မျက်နာမမူနိင်သော်လည်း အသိတရားသာရှိနေသေးမည်ဆိုလျှင် သားမိုက်၏ အပြန်လမ်းကို စိတ်ထဲမှ မျှော်နေမည်ဆိုတာ ဦးထွန်းမြင့် အတပ်သိပါသည်။ ဆယ်စုနှစ်ချီ၍ နှစ်အိမ့်တစ်အိမ် နေလာခဲ့သော မိသားစုများဖြစ်တာကြောင့် ဒေါ်မြကြည်၏ သူ့သားအပေါ် ချစ်စိတ်ကို အိမ်နီးချင်းဖြစ်သူ ဦးထွန်းမြင့် ကောင်းကောင်းသိပါသည်။ ထို့အတူ မောင်နေမင်း၏ အမေအပေါ် ဆိုးနွဲ့နိင်စားမှုကိုလည်း ကြားလူတယောက် အနေနှင့်ပင် စိတ်တိုတောင်း ဒေါသထွက်ခဲ့ရသည်မှာ အခါခါပင်။ သို့သော်လည်း အမေဖြစ်သူ ဒေါ်မြကြည်၏ ခွင့်လွှတ် ကာကွယ်ခြင်းများကြောင့် ဝင်ပြောရန်မသင့်ဟု ဦးထွန်းမြင့် ကိုယ့်ကိုကိုယ်သာ သတိပေးဖြစ်သည်။
မောင်နေမင်းသည် ဦးထွန်းမြင့်တို့ မျက်စိရှေ့တွင် ကြီးပြင်းလာသည့် ကလေးတယောက်ဖြစ်သည်။ ယခင်သူ့အဖေရှိစဉ်ကတော့ ဖခင်၏ အုပ်ထိန်းမှုအောက်တွင် အတော်အတန် ငြိမ်သက်သော ကလေးဖြစ်သည်။ သို့သော်လည်း မောင်နေမင်းလူပျိုပေါက်အရွယ်ရောက်ချိန် အဖေဖြစ်သူလည်း ကွယ်လွန် သွားသည့်အခါ နဂိုဆိုးချင်သည့် ဗီဇများ ထွက်ပေါ်လာကာ ဒေါ်မြကြည်၏ စိတ်မချမ်းမြေ့ဖွယ် နေ့ရက်တို့ အစပြုရတော့သည်။ ရပ်ကွက်ထဲမှ ဆိုးသွမ်းလူငယ်များနှင့် ပေါင်းကာ ပြဿနာမျိုးစုံဖြင့် အမေဖြစ်သူမှာ ရှင်းမနိင်အောင် ဖြစ်ရသည်။ နောက်ဆုံးတော့ ဒေါ်မြကြည် စုစောင်းထားသမျှနှင့် ညီမဖြစ်သူများထံမှ ငွေကြေးဆွဲလွဲကာ မောင်နေမင်းကို နိုင်ငံခြားသို့ ပို့ဖြစ်ခဲ့သည်။
ပါတ်ဝန်းကျင်အသစ်၊ လုပ်ငန်းခွင်အသစ်တို့ကြောင့် စိတ်အပြောင်းအလဲဖြစ်ကာ တည်ငြိမ်သွား လိမ့်မည်ထင်ပြီး နိုင်ငံခြားသို့ ပို့လိုက်ခြင်းဖြစ်သည်။ ရောက်ခါစ ခြောက်လခန့်သာ မိခင်ဖြစ်သူထံ အဆက်အသွယ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင်တော့ တစ်လတစ်ကြိမ်ခန့်မျှပင် မဆက်သွယ်ချင် တော့။ ဒေါ်မြကြည်ခမျာ လမ်းထ်ိပ်စတိုးဆိုင်မှ ဖုန်းလာနေသည်ဟု လာပြောချိန်ကို လည်တဆန့်ဆန့်ဖြင့် ငေးမျှော်နေရသည်ကို ဦးထွန်းမြင့်တို့ မိသားစုမှာ နေ့တိုင်းလိုလို မြင်နေရပြီး စိတ်မကောင်းဖြစ်ရပြန်သည်။
ခြေရင်းခေါင်းရင်း ခြံစည်းရိုးသာခြားပြီး နှစ်ပေါင်းများစွာ နေခဲ့ကြသူတွေဖြစ်၍ တစ်ဦးအခက်အခဲကို သိမြင်နေကြကာ ဖေးမနေထိုင်ခဲ့ကြသူများ ဖြစ်တာကြောင့် မောင်နေမင်းကို ဒေါသထွက်ကာ ဒေါ်မြကြည်ကို သနားခဲ့ရသည်။ ယခုတော့ ဒေါ်မြကြည်လည်း ဝဋ်ကျွတ်တော့မည်ထင်ပါသည်။ အစားကောင်းကောင်း မဝင်သည်မှာ တပါတ်ခန့်ရှိသလို ဆေးကောင်းဝါးကောင်းများဖြင့်လည်း မကုနိင်တာကြောင့် ရောဂါသည် သေမင်းအလံကို ကိုင်ဆွဲကာ အသင့်စောင့်နေဟန်တူသည်။ ခပ်စောစောက အပြေးအလွှားသွားခေါ်ထားသော ရပ်ကွက်ဆရာဝန်ကလေးပင် မျက်နာမကောင်း ကာ သက်ပြင်းတချချဖြင့် ရှိနေသည်။
မိမိသာ ဖန်ဆင်းရှင်ဆိုလျှင် ယခုချက်ချင်း မောင်နေမင်းကို ဒေါ်မြကြည်အရှေ့သို့ ဘွားခနဲ ပေါ်စေရန် ဖန်ဆင်းလိုက်ချင်မိသည်ဟု ဦးထွန်းမြင့် တွေးနေမိသည်။ ဒေါ်မြကြည်၏ အသက်ကို ဆွဲဆန့်နိင်စွမ်း ရောဂါသက်သာနိင်စွမ်း နောက်ဆုံးမျှော်လင့်ချက်မှာ သားဖြစ်သူမောင်နေမင်းသာ ဖြစ်မည်ထင်သည်။ သို့သော်လည်း ယခုချိန်မှာတော့ ထိုမျှော်လင့်ချက်မှာ ဖြစ်လာနိင်စရာ မရှိတော့။ အသက်ငင်နေသော ဒေါ်မြကြည်နံဘေးတွင် ဦးထွန်းမြင့်မိသားစုနှင့် ဒေါ်မြကြည်၏ညီမတို့ တိတ်တဆိတ်ထိုင်နေကြသည်။ ဒေါ်မြကြည်၏ ညီမဖြစ်သူမှာလည်း မနေ့ကမှ ရောက်လာကာ ယူကျုံးမရဖြစ်နေသည်။ ဒေါ်မြကြည်သည် အစစအရာရာ အဆင်ပြေနေသည့်အတွက် သူတို့ထံ မဆက်သွယ်တာဟုထင်ပြီး ညီမဖြစ်သူမှာ စိတ်မျက်နေခဲ့သည်မှာကြာပြီ။
ယခင်ကတော့ ထိုကဲ့သို့ပင် ဦးထွန်းမြင့်တို့ မိသားစုမှာ ထင်ခဲ့ဖူးသည်။ အထူးသဖြင့် မောင်နေမင်းထံမှ သူ့အမေအတွက် လူကြုံထည့်ပေးလိုက်သည့် လက်ဆောင်များ ရောက်လာပြီး နောက် အဆင်ပြေနေသည်ဟု ထင်မြင်ခဲ့ကြခြင်းဖြစ်သည်။ လက်ဆောင်ပစ္စည်းမှာ များများစားစား မဟုတ်သော်လည်း အံ့သြဘနန်းဖြစ်ရသော ပစ္စည်းတော့ဖြစ်သည်။ သူတို့ရပ်ကွက်ငယ်ကလေးထဲ တသသထုတ်ပြောရလောက်သည့် လက်ဆောင်ပစ္စည်းမှာ အရည်အသွေး ကောင်းလွန်းသော စိန်နားကပ်တရံသာဖြစ်သည်။ ထိုအချိန်ကာလကတော့ တဖျတ်ဖျတ်လက်နေသော စိန်နားကပ်နှင့် အပြိုင် ဒေါ်မြကြည်၏ အပြုံးတို့မှာလည်း တောက်ပလွန်းနေခဲ့သည်။
ထိုအချိန်မှစ၍ စိန်နားကပ်ကို မချွတ်တမ်း ပန်ထားသည်မှာလည်း နာမကျန်းစဖြစ်ကာစ နေ့ရက်များအထိ ဖြစ်သည်။ အံ့သြဖို့ကောင်းသည်မှာ ရောဂါပိုသည်းလာပြီးနောက် ထိုစိန်နားကပ်ကို မတွေ့ရတော့ပေ။ ဦးထွန်းမြင့်မိန်းမမှ တီးတိုးမေးကြည့်သည့်အခါ လှူလိုက်ပြီဟုသာ ပြန်ဖြေသည်။ ထို့နောက်ပိုင်း စိန်နားကပ်ကိုလည်း မတွေ့ရတော့သလို ရောဂါသည်လည်း တနေ့ထက်တနေ့ ပို၍သာ ဆိုးရွားလာခဲ့တော့သည်။
ယနေ့တော့ အမယ်အို၏ နောက်ဆုံးနေ့ဖြစ်မည်ထင်သည်။ အကြောပြိုင်းပြိုင်းထနေသော လက်နှစ်ဖက်သည်လည်း လှုပ်ရှားမှုမရှိတော့။ အဖြူရောင် ဆံနွယ်တို့သည်လည်း ပွယောင်းယောင်း ဖြစ်ကာ ဘေးတဖက်တချက်သို့ ကျနေခဲ့သည်။ ပါးလျနေသော အသားအရည် အောက်တွင် ဝင်သက်ထွက်သက်ကို ခက်ခဲပင်ပန်းစွာ ရှူရှိုက်နေရသည်။ ကြီးစွာသော ဝေဒနာတို့သည် အမယ်အိုအပေါ် နိင်ထက်စီးနင်းပြုနေသည်ကို မကြည့်ရက်တော့သည့်အတွက် ဦးထွန်းမြင့် အိမ်အပြင်သို့ ထွက်လာခဲ့တော့သည်။
အိမ်အောက်ရှိ ဝါးကွပ်ပစ်ကလေးတွင် ထိုင်ရင်း ဆေးလိပ်ဖွာနေချိန်မှာပင် အိမ်ပေါ်မှာ စီကနဲညံသံများနှင့်အတူ ငိုသံတို့ ထွက်လာခဲ့တော့သည်။
ဘဝတခုသည် ပြီးဆုံးခဲ့ပြီ။ အိုကံမကောင်းခဲ့သူ၏ ငြိမ်းချမ်းချိန် အစပြုပြီဟုသာ မှတ်ယူမိတော့သည်။
။……………………..။
(၂)
ခြံရှေ့အရောက်တွင် လက်ဆွဲအိတ်ကို အောက်ချကာ ခပ်ကျဲကျဲယက်ထားသည့် ဝါးကပ်ကို ဖယ်လိုက်သည်။ အနည်းငယ် ရွဲ့စောင်းနေပြီး ခြံတံခါးအဖြစ် အသုံးပြုသည့် ထိုဝါးကပ်သည် ကျွန်တော် အိမ်မှထွက်သွားပြီးနောက်ပိုင်းမှ လုပ်ထားခြင်းဖြစ်မည်။ ကျွန်တော် ရှိစဉ်က ခြံတံခါးသည် သစ်သားတံခါး ဖြစ်ကြောင်း မှတ်မိသေး၏။ ငါး နှစ်တာ အချိန်ကာလသည် ကျွန်တော် ခန္ဓာကိုယ်နှင့် မှတ်ဥာဏ်အချို့ကို အိုမင်းရင့်ရော်သွားစေသော်လည်း တချို့အရာများကိုတော့ ကျွန်တော်မှတ်မိနေသေးသည်။ ကျွန်တော်တို့ နယ်မြို့လေးကတော့ ယခင်အတိုင်း ရှိနေသေးသည်။ ဖုန်ထူဆဲ တိတ်ဆိတ်ဆဲပင် ။
ခြံအတွင်းသို့ ပထမဆုံး ခြေတစ်လှမ်း ချမိချိန်တွင် ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွားရသည်။ ကျွန်တော် ပြန်လာပြီအမေ။ အမေမျှော်နေတဲ့ သားမိုက် ပြန်လာပြီလေ။ ကြိုဆိုသူ မဲ့နေသည့် အမေ့ခြံဝန်းလေးသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။ ကာလအတန်ကြာ လှဲကျင်းထားခြင်း မရှိသဖြင့် သစ်ရွက်ခြောက်တို့က နေရာအနှံ့ပျံ့ကျဲနေလေသည်။ အိမ်ခေါင်းရင်းရှိ သရက်ပင်သည်ပင် ဖုန်အလိမ်းလိမ်းတက်လျှက် အထီးတည်းခြောက်ကပ်မှုကို ဖော်ပြနေ၏။
ဤခြံဝန်းလေးသည် ကျွန်တော်တို့ မိသားစုပိုင်ခြံလေးဖြစ်သည်။ အဖေနှင့် အမေတို့ ဤခြံလေးထဲမှာ ဘဝသစ်စခဲ့ကြ၏။ ထို့နောက် ကျွန်တော့်ကို မွေးဖွားခဲ့၏။ ခြံလေးထဲမှာပင် အဖေ ကွယ်လွန် ခေါင်းချခဲ့သလို ကျွန်တော့်ကိုချစ်သော အမေသည်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် လောကကြီးမှ ထွက်ခွာသွားခဲ့သည်။ အဖေ ဆုံးစဉ်က အနားတွင် ကျွန်တော် ရှိခဲ့သော်လည်း အမေ့၏ နောက်ဆုံး အချိန်တွင်တော့ ကျွန်တော် အဝေးကြီးကို ရောက်နေခဲ့သည်။
“ မင်း ပြန်လာပြီလား ”
ခြံဝန်းအနှံ့ ကြည့်နေစဉ်မှာပင် အိမ်ခေါင်းရင်းဘက်မှ ထွက်လာသည့် အသံကြောင့် လှမ်းကြည့်လိုက်၏။ ကျွန်တော်တို့ ခြံနှင့် ခေါင်းရင်းခြံ ကူးလူးသည့် တံခါးပေါက်ကို တွန်းဖွင့်ရင်း ဦးလေးထွန်းမြင့် လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
“ ဦးလေး နေကောင်းတယ်နော် ”
“ ကောင်းတယ် ... မင်းအခုမှ ပြန်လာတာလား ”
“ ဟုတ်ပါတယ် ဦးလေး ကျွန်တော် အခုမှ ပြန်လာတာပါ ”
ဦးလေးဆိုလိုချင်သည့် စကားလုံးအတိုင်း ကျွန်တော် ပြန်ဖြေပေးလိုက်သည်။ သူလည်း ကျွန်တော်နှင့် ပါတ်သတ်လျှင် အကြိတ်အခဲ ရှိနေနိင်သည်ဟု ထင်မိသည်။ ရပ်ဆွေရပ်မျိုးဖြစ်သော ဦးလေးထွန်းမြင့် မိသားစုနှင့် ကျွန်တော်တို့ မိသားစုသည် ခြေရင်း ခေါင်းရင်းခြံကပ်လျှက်ဖြစ်၍ နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြသည်။ ဦးလေးထွန်းမြင့် လက်ပေါ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်ဟု ဆိုရမည်။
“ မင်းရောက်လာတာ သိပ်နောက်ကျတယ်ကွာ အင်း... တနှစ်ကျော်ကျော်လောက်ကို နောက်ကျသွားတယ် မင်းအမေရဲ့ နောက်ဆုံးအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒက မင်းကို တွေ့ချင်စိတ်ပဲ။ မင်းကို စောင့်မျှော်ရင်းနဲ့ မင်းအမေ ငါတို့ အားလုံးအရှေ့မှာပဲ ဆုံးရရှာတာ”
“ အမေ့အကြောင်းတွေ ကျွန်တော့်ကို စုံစုံစေ့စေ့ ပြောပြပေးပါဦးလေး။ ဒါပေမယ့် အခုတော့ ကျွန်တော် ခရီးပန်းလာလို့ ခဏနားပါရစေ။”
“အေးလေ ငါလည်း ခရီးရောက်မဆိုက် ဒီအကြောင်းတွေ မပြောချင်ပါဘူး အရင် နားလိုက်ပါအုံး။”
“ ဟုတ်ကဲ့ ဦးလေး ညနေမှ ကျွန်တော် ခေါင်းရင်းဘက် ကူးလာခဲ့မယ်။ ”
“အေး..အေး ရော့ ဒီမှာ မင်းတို့ အိမ်သော့။ အိမ်ကိုတော့ မကြာခဏ ဝင်ရှင်းပေးဖြစ်တယ် ”
“ အစစအရာရာ အတွက် ကျေးဇူးပါ ဦးလေး ”
အိမ်သော့ဖွင့်နေစဉ်မှာပင် ဦးလေးထွန်းမြင့် ပြန်ထွက်ခွာသွားသည်။ အိမ်တံခါးကို ဆွဲဖွင့်ပြီးနောက် မဝင်သေးဘဲ အိမ်ဝမှနေ၍ ကြည့်လိုက်မိသည်။ ထမင်းစား စားပွဲဝိုင်းလေးကို နံရံတွင် မှီထောင်ထားသည်။ စာရေးစားပွဲအပုလေးကလည်း သူ့နေရာအတိုင်း တည်ရှိနေ၏။ ပက်လက်ကုလားထိုင်လေးကတော့ ဖုံအလိမ်းလိမ်းတက်လျှက်ရှိသည်။ ကျွန်တော် အမြင်ချင်ဆုံး လူတို့ကတော့ မရှိကြတော့ပေ။ အိမ်တွင်းပိုင်းမှ မြင်ကွင်တိုင်းသည် အထီးကျန်ခြင်းပြယုဂ်ကို ကိုယ်စီကိုယ်စီ ဖော်ပြနေ၏။ ဒီအိမ်ထဲတွင် ကျွန်တော် လူလားမြောက်ခဲ့ရသည်။ ပြေးလွှား ဆော့ကစားခဲ့သည်။
အဖေ့လက်မောင်းကို ခိုစီးပြီး အမေ့ရင်ခွင်တွင် မှေးစက်ခဲ့သည်။ အဖေ ဆုံပါးသွားပြီးနောက် သားအမိ နှစ်ယောက်တည်းသာ ဒီအိမ်ထဲတွင် ဘဝခရီးဆက်ခဲ့ရသည်။ ခုတော့ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့လေပြီ။ တကယ်ဆိုလျှင် ဒီအချိန်သည် အမေကျွန်တော့်ကို ဝမ်းသာအားရ ဖက်ထားမည့် အချိန်ဖြစ်သည်။ ကျွန်တော် ပြန်လာချိန်ကို ဝမ်းသာစိတ်ဖြင့် အမေ မျက်ရည်နေကျရမည့် အချိန်ဖြစ်မည်။ ကြမ်းပြင်တွင် ဖုန်မှုန့်များ ရေးရေးထနေသော အိမ်အတွင်းပိုင်းကို ကြည့်ရင်း ကျွန်တော့်ရင်သည် ဆို့နစ်လာခဲ့သည်။ ဒီအိမ်တစ်လုံးနှင့် ကျွန်တော် တစ်ယောက်သာ လောကကြီးထဲ ကျန်ခဲ့လေပြီ။ “မေမေ” ကျွန်တော် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အိမ်ထောင့်မှ ဖုန်တက်နေသည့် ဖျာလိပ်လေးကို ရိုက်ခါပြီး ဘုရားစင်ရှေ့တွင် ခင်း၍ နွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို လှဲချလိုက်သည်။ နယ်မြို့ကလေး၏ နေ့အပူချိန်သည် အနည်းငယ် မြင့်တက်နေသော်လည်း ခြံဝန်းထဲရှိ အပင်ရိပ်တို့ကြောင့် ပူလောင်လွန်းသည်ဟု မထင်ရပေ။ ခရီးပန်းလာသည့် အရှိန်ကြောင့် ခဏအတွင်း မျက်လုံးများ မှေးစင်းလာ၏။ ဖြည်းဖြည်း မှန်မှန်တိုက်ခတ်နေသော လေနုအေး၏ ပွေ့ဖက်မှုကြားတွင် ကျွန်တော် ငယ်စဉ်က အိပ်ချိန်တိုင်း အနားတွင် မေမေထိုင်၍ ယပ်ခတ်ပေးနေသည့် ပုံသဏ္ဍာန်ကို ပြန်မြင်ယောင်းရင်း အိပ်ပျော်သွားတော့သည်။
။…………………..။
(၃)
ကျွန်တော်ပြန်နိုးလာချိန်တွင် ညနေသို့ပင် ရောက်နေလေပြီ။ ရေချိုးရန် အိမ်ပေါ်မှ ဆင်းလိုက်လျှင် အိမ်ရှေ့ကွက်လပ်တွင် ဦးလေးထွန်းမြင့် ခုံနှစ်လုံးချကာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။
“ နိုးပြီလား ”
“ ဟုတ်ကဲ့ ဦးလေး ခဏလေးနော် ကျွန်တော်ရေချိုးလိုက်အုံးမယ် ”
“အေး ချိုး...ချိုး ”
ရေချိုး အဝတ်အစား လဲပြီးနောက် ဦးလေးထွန်းမြင့် ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ ရေနွေးကြမ်း သောက်ကွာ .. ဟိုနိင်ငံမှာ ဘီယာပဲ သောက်ခဲ့လို့ မင်း ရေနွေးကြမ်း သောက်တတ်သေးရဲ့လား”
ကျွန်တော် လျော့ရဲရဲ ပြုံးပြကာ ရေနွေးကြမ်း တစ်ခွက်ထည့်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အသိချင်ဆုံး မေးခွန်းဖြင့် စကားဝိုင်းကို စတင်လိုက်သည်။
“ အမေ ဘာရောဂါနဲ့ ဆုံးတာလဲ ဦးလေး ”
“ အင်း...လူကြီးရောဂါပေါ့ကွာ။ စိတ်ထောင်းကိုယ်ကြေတာလည်း ပါမှာပေါ့။ ”
စိတ်ထောင်းကိုယ်ကြေ ။ ထိုစကားလုံးသည် မြှား အစင်းစင်း ဖြစ်ကာ ကျွန်တော့်ရင်ကို လာမှန်၏။ ထိုစကားစုသည် ကျွန်တော့်ထံမှ မြစ်ဖျားခံခြင်းဖြစ်မှာ သေချာလှသည်။ ဆက်ကြားရန် မဝံ့ရဲသော်လည်း ကျွန်တော့်မိုက်ပြစ်များအတွက် အမေ၏ နောက်ဆုံးအချိန်မှ အဖြစ်အပျက်ကို ကျွန်တော် ကြိုးစား နားထောင်ရအုံးမည်။
“ မင်း အမေ မင်းကို သိပ်တွေ့သွားချင်ရှာတာကွာ။ သူ့ရဲ့ နောက်ဆုံးရက်တွေမှာ အိပ်ရင်တောင် အိမ်ပေါက်ဝဘက်ကို ဘေးတစောင်း အိပ်တဲ့အထိပါပဲ။ မင်းသာ အဲဒီအချိန် ပြန်ရောက်လာရင် မင်းအမေ အများကြီး သက်သာသွားနိင်မှာပဲ။ မင်းဆီကလည်း ဘာသတင်းမှ မရဘူး။ ဘယ်လိုဆက်သွယ်ရမှန်းလဲမသိနဲ့။ ဒီကြားထဲ သူ့ခမျာ သားစိတ်နဲ့ မမာရှာရတဲ့အထဲ အစာအဟာရလည်း ချို့တဲ့ရှာတယ်။ ငါတို့တစ်တွေလည်း တတ်နိင်သလောက် ပေးကမ်းတာပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း မစားနိင်ရှာ တော့ပါဘူး ”
စကားအရှည်ကြီးပြောပြီး မောသွားဟန်ဖြင့် ဦးလေးထွန်းမြင့် ရေနွေးမှုတ်သောက် နေလေသည်။ ဆိုးပြစ်မိုက်ပြစ်တို့ဖြင့် ကျွန်တော်ကတော့ လည်ချောင်းဝတွင် တစ်ဆို့ခံထားရသလို အသက်ရှုရန်ပင် ခက်ခဲနေသည်။ မိခင်ဖြစ်သူမှာ သေမင်းနှင့်စစ်ခင်းနေချိန် ကျွန်တော်ကတော့ ဘဝ၏ အမှောင်မိုက်ဆုံး နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရသည်။ နိုင်ငံရပ်ခြားတွင် အနေကြာ လာသည့် ကျွန်တော့်အတွက် အပေါင်းအသင်းစုံလာသလို လက်ထဲတွင်လည်း ထိုက်သင့်သည့် ငွေကြေးတချို့ ရှိနေချိန်မှာ ယခင်လမ်းဟောင်းကို ပြန်လိုက်မိတော့သည်။
လုပ်ခငွေကြေးများဖြင့် လဲလှယ်ထားရသော မူးယစ်ဆေးအခိုးအငွေ့တို့ဖြင့် ကျွန်တော့်ဘဝတခုလုံး ဝေဝါးနေချိန်ဖြစ်သည်။ အဆိုးဆုံးမှာတော့ သုံးစွဲရန်ဝယ်လာသည့် မူးယစ်ဆေးအနည်းငယ်ဖြင့် ကျွန်တော်အဖမ်းခံခဲ့ရသည်။ ကယ်ဆယ်သူမရှိ မှီတွယ်ရာမရှိဘဲ ကျွန်တော်ထောင်ထဲ ရောက်နေ ချိန်သည် အမေသေမင်းနှင့်စစ်ခင်းနေရချိန် ဖြစ်နေခဲ့သည်။ ထောင်ပြစ်ဒဏ်စေ့ပြီး ထိုနိုင်ငံမှနှင်ထုတ်ခံရ၍ ယခုပြန်လာချိန်တွင်တော့ အမေမရှိတော့လေပြီ။ မိုက်နောင်တတို့ အကြိမ်ကြိမ်ရခဲ့မိသော ထိုအဖြစ်အပျက်ဆိုးကြီးကိုတော့ မည်သူကိုမျှ ပြောပြရန် သတ္တိမရှိတော့ပေ။
“ မင်းထွက်သွားပြီး နောက်ပိုင်းတော့ သူ့ညီမတွေကပဲ ကြည့်ရှုစောင့်ရှောက် ထားကြတာလေ။ အဲ... မင်း ပို့လိုက်တဲ့ စိန်နားကပ်လည်း ရောက်ပြီးရော သူတို့လည်း သဘောထား ပြောင်းသွားတယ် ထင်တာပါပဲ။ အသွားအလာ နည်းသွားကြတယ် ”
“ဗျာ.. စိန်နားကပ်.. ဟုတ်လား ဦးလေး ”
ဦးလေးထွန်းမြင့် စကားကြောင့် မည်သည့်အချိန်က စိန်နားကပ် ပို့မိခဲ့သလဲဟု ကျွန်တော့် ပြန်စဉ်းစားမိသည်။
“ အေးလေကွာ မင်းပဲ လူကြုံနဲ့ မင်း အမေအတွက် လက်ဆောင်တချို့နဲ့ စိန်နားကပ်တစ်ရံ ထည့်ပေးလိုက်တာလေ။ အဲဒီ နားကပ်လည်း ရောက်ရော မင်း အမေမျက်နာဆိုတာများ ပြုံးပြုံး ပြုံးပြုံးနဲ့ပဲဟေ့ မချွတ်တမ်းကို ဝတ်ထားတော့တာ။ အရင်က မင်းကို မကောင်းကြောင်း ပြောထားတဲ့ မင်းအဒေါ်တွေကိုလည်း ငါ့သားလေးက လိမ္မာပါတယ် သူ့မှာအခက်အခဲ ရှိနေလို့သာ အဆက်အသွယ် မလုပ်တာပါဆိုပြီး ရှင်းရတာ အမောပဲ။ စိန်နားကပ် တစ်ရံလုံးတောင် ရောက်လာမှတော့ မင်းကိုလည်း မင်းအဒေါ်တွေ အမြင်ကြည်သလောက် ဖြစ်သွားတော့တယ်။”
“ အော် ”
ကျွန်တော် သဘောပေါက်သွားခဲ့ပြီ။ ဦးလေးထွန်းမြင့်မှ ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောသည်။
“ မင်း အမေမမြကြည် အဖြစ်က ဘာနဲ့ တူလဲ ဆိုတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာမျိုးလို ဖြစ်နေတာကွ။ စိန်နားကပ် တဝင်းဝင်းနဲ့ဆိုတော့ သူ့မှာ ပိုက်ဆံရှိနေတယ် ထင်ပြီး သူ့ညီမတွေကလည်း အရင်လို မထောက်ပံ့တော့ဘူးလေ။ တကယ်တော့ သူ့မှာ ငွေမရှိတာ ငါတို့ လူကြီးတွေပဲ သိတယ် အဲဒီအချိန်မှာ မမြကြည်က မမာမကျန်း ဖြစ်တော့ ပိုဆိုးကုန်တာပေါ့ကွာ။ စားဖို့သောက်ဖို့က ငါတို့ ခွဲဝေ ကျွေးနိင်ပေမယ့် ဆေးစရိတ်ကြတော့ ငါတို့လည်း မတတ်နိင်ဘူးလေ။ ဒီတော့ ငါအပါအဝင် ရပ်ဆွေရပ်မျိုးတွေကလည်း စိန်နားကပ်ကို ရောင်းပြီး ဆေးကုဖို့ အားလုံးတိုက်တွန်းကြတယ်။ ပစ္စည်းဆိုတာ အချိန်မရွေး ပြန်လုပ်နိင်တယ် မဟုတ်လား”
“ဟာ... မှားနေပြီ ဦးလေး။ အကြီးအကျယ် မှားကုန်ပြီဗျာ ”
လည်ပင်းထဲတွင် တစ်စုံတစ်ရာဖြင့် တစ်ဆို့ခံထားရသကဲ့သို့ စိတ်၏နာကျင်ခြင်းကြောင့် ကျွန်တော့် အသံတို့ပင် မထွက်နိင်တော့။ မထင်မှတ်ထားသည့် အဖြစ်ကြောင့် ကျွန်တော့် တကိုယ်လုံး တုန်ယင်နေသည်။
“ငါတို့ ဘယ်လိုပြောပြော မင်းအမေက လက်မခံဘူး။ တကယ်ခက်တယ်ကွာ စိန်နားကပ်ကို ထိဖို့ လုံးဝကို အပြောမခံတာ။ သားဝယ်ပေးထားတဲ့ ပစ္စည်းဖြစ်ရုံနဲ့ ကိုယ်ကျန်းမာရေးကို အထိခိုက် ခံရသလားဆိုပြီး ငါတောင် စိတ်ကွက်မိသေးတယ်။ မင်းအဒေါ်တွေဆိုရင် စိတ်ဆိုးပြီး လာကို မကြည့်တော့တာ။ အဲ သေခါနီးမှပဲ ရောက်လာကြတော့တယ်။ ဒါနဲ့ ဒီခြံဝိုင်းလေးကို ပိုင်းရောင်းပြီး ဆေးကုမလား မေးတော့လည်း မင်းအတွက် ချန်ထားတဲ့ အမွေမို့လို့ မရောင်းနိင်ဘူးတဲ့လေ တကယ်ပဲ အသေ ခံသွားရှာတယ်”
“အို... မေမေရယ် ”
ရင်ထဲတွင် ဆို့ကျပ်လာသော ခံစားချက်ဖြင့် ကျွန်တော် ထိန်းမရစွာ ငိုရလေပြီ။ ကမ္ဘာကြီးသည် အိုးထိန်းစက်လည်သလို သွက်သွက်ခါနေသကဲ့သို့ ကူရာကယ်ရာမဲ့စွာကျွန်တော် ငိုကြွေးမိသည်။
“ ဦးလေးတို့ မှားနေပြီဗျာ ကျွန်တော် အမေ့အတွက် ထည့်ပေးလိုက်တာ စိန် အစစ် မဟုတ်ဘူး သွားရင်းလာရင်း လက်ရာလေးလှလို့ စျေးပေါတာနဲ့ ဝယ်ထည့်ပေးလိုက်တာပါ။ အဲဒါ စိန် အစစ်မဟုတ်ပါဘူးဗျာ”
“ဘာ ... အတု ဟုတ်လား ... ”
သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ဦးလေးထွန်းမြင့် ခေတ္တ ငြိမ်သက်သွားသည်။
“မင်းကွာ ရက်စက်လိုက်တာကွာ။ ကံဆိုးလှချည်လား မမြကြည်ရယ်။ သူ့မှာ အဲဒီ စိန်နားကပ်ကြောင့် သူ့ကို ထောက်ပံ့ကျွေးမွေး နေသူတွေဆီကပါ ဘာအကူအညီမှ မရတော့တာကွ။ အသက်ကြီးမှ စားရမဲ့ သောက်ရမဲ့ ဖြစ်ရတာမင်းကြောင့်ကွ။ မင်းစိတ် နဲ့ အာဟာရ ချို့တဲ့မှုက သူ့ကို သေမင်းဆီကို အချိန်စောပြီး ခေါ်ဆောင်သွားတာပဲ ။မင်း တကယ်ရက်စက်လွန်းတယ် ”
“ ပြောပါ ဦးလေးရယ် ပြောပါ။ ကျွန်တော်တော့ ဒီတသက်ဖြေလို့ ပြေမယ်မထင်တော့့ပါဘူး ။ ဒါပေမယ့် ကျွန်တော် အဲဒီစိန်နားကပ်နဲ့အတူ စာတစ်စောင်ပါ ထည့်ပေးလိုက်တယ်လေ။ စိန်အစစ်မဟုတ်ဘူး ဆိုတာ ထည့်ရေးထားပါတယ်။”
“ ဟေ .... ဒါဆို သူသိတယ်ပေါ့ ဟုတ်လား ”
“ ဟုတ်ပါတယ် ဒါ အစစ်မဟုတ်ဘူးဆိုတာ အမေ သိမှာပါ ”
တိတ်ဆိတ်သွားသည့် စကားဝိုင်းတွင် ကျွန်တော့်ငိုရှိုက်သံသာ ထွက်ပေါ်နေ၏။ တွေဝေငြိမ်သက်သွားသော ဦးလေးထွန်းမြင့်ကတော့ သက်ပြင်းများသာ အကြိမ်ကြိမ် ချနေတော့၏။
“ အို….ငါ သဘောပေါက်ပြီ။ ဒီလိုရပ်ကွက်မျိုးမှာ စိန်နားကပ်ဆိုတာ မလိုက်ဖက်မှန်း သိရဲ့နဲ့ မင်းကို ဂုဏ်တင့်ချင်စိတ် အထင်ကြီးစေချင်စိတ် အကောင်းမြင်စေချင်စိတ်ကြောင့် သူမချွတ်တမ်း ဝတ်ထားခဲ့မှန်း ငါအခုတော့ သဘောပေါက်ရပြီ။ စိန်ဆိုတာနဲ့ နီးနီးကပ်ကပ် မနေခဲ့ရတဲ့ ငါတို့ အတွက်တော့ အတုလား အစစ်လား ဘယ်လိုခွဲတတ်ပါ့မလဲ။ သူ့သားနိင်ငံခြားက ပို့တယ် ဆိုတဲ့ အသိနဲ့တင် အရောင်လက်တာနဲ့ စိန်ဆိုပြီး ယုံကြရတာ။ မင်းအမေကိုယ်တိုင်ကလည်း သားပို့ပေးတဲ့ စိန်နားကပ် ဆိုပြီး ပြောပြောနေတာကိုး ဒီတော့အစစ်ပဲ ထင်ကြရတာပေါ့။ ဟင်း…. မင်း အမေလို မိခင်မေတ္တာမျိုးတော့ ရှာမှရှားပါပဲလားကွာ။”
စကားဝိုင်း တိတ်ဆိတ်သွားသော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ကမ္ဘာပျက်နေလေပြီ။ အဖြစ်ဆိုးလိုက်တာ မေမေရယ်။ ကျွန်တော့်လို သားဆိုးသားမိုက်အတွက် ဒီလောက်တောင် ဂုဏ်တင်ပေးချင်ရသလား။ ကျွန်တော့်ရင်တစ်ခုလုံး မီးအုံးထားသကဲ့သို့ ပူလောင်တင်းကျပ် လွန်းနေသည်။ ခဏအကြာတွင် ဦးလေးထွန်းမြင့်က စကားဆက်ပြန်သည်။
“ဒါကြောင့် စိန်နားကပ်ရောင်းပြီး ဆေးကုဖို့ ပြောတဲ့နေ့ကစပြီး အဲဒီ စိန်နားကပ် ပျောက်သွားတော့တာကိုး။ ငါတို့ ဘယ်လိုမေးမေး လှူလိုက်ပြီလို့ပဲ ဖြေတာကိုး။ သူလှူလိုက်ပြီ ဆိုတော့လည်း သူ့သဘောဆိုပြီး ရောင်းဖို့ မတိုက်တွန်းကြတော့ဘူးပေါ့။ တကယ်တော့ မင်းကို အထင်ကြီးနေတာတွေကို လျော့သွားမှာ စိုးရိမ်လို့ အစဖျောက်လိုက်တာနဲ့ တူပါရဲ့။
အော် .. မမြကြည်.. မမြကြည် အဆက်အသွယ် မလုပ်တဲ့ သားကို မျှော်ရတဲ့ဒုက္ခက စောစောလွတ်သွားတယ်လို့ပဲ ငါတော့ မှတ်ယူထားလိုက်တော့တယ်။ နင့်ကံကလည်း သားမိုက်နဲ့မှ လာဆုံရသလားဟာ ”
ဦးလေးထွန်းမြင့်၏ မချိတင်ကဲ ရေရွတ်သံကို ကျွန်တော် တုန့်ပြန်နိင်စွမ်း မရှိတော့။ ထောက်ပံ့သူမဲ့ ဘဝဖြင့် မေမေ အထီးကျန်စွာ ရုန်းကန်နေရချိန်တွင် ကျွန်တော်က ရှာဖွေ ရရှိသမျှ ငွေကြေးများကို မူးယစ်ဆေးဝါးဖြင့် လဲလှယ်ကာ စိတ်ကူးအခိုးအငွေ့များအဖြစ် အသွင်ပြောင်းနေခဲ့သည်။ု ကျွန်တော့်ကို စောင့်မျှော်နေသော မေမေ့ထံသို့ အဆက်အသွယ်ပင် မလုပ်နိင်ခဲ့ပါ။ ယခုတော့ အစစအရာရာ လွန်ကုန်လေပြီ။ ပြန်ပြင်ဆင်၍ မရတော့။
“ဟုတ်ပါတယ် ကျွန်တော့်ကို မျှော်နေရတဲ့ ဘဝက အမေလွတ်သွားပါပြီ။ ကျွန်တော်သာ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် နောင်တတွေနဲ့ တသက်လုံး ပူလောင်နေရတော့မှာပါ ”
ထိုစကားကိုတော့ ကျွန်တော့်ရင်ထဲတွင်သာ ပြောဖြစ်လိုက်တော့သည်။ အနန္တမေတ္တာဖြင့် မေမေ ခွင့်လွှတ်နိင်သော်လည်း ကျွန်တော်ကတော့ ဘဝတစ်လျှောက်လုံးစာ နောင်တများဖြင့် ရှင်သန်ရတော့မည်။
အခုချိန်မှာတော့ ကျွန်တော့် ရင်တစ်ခုလုံး တငွေ့ငွေ့ဖြင့် လောင်ကျွမ်းနေခဲ့ရလေပြီ။
မြစ်ကျိုးအင်း