ရောင်နီလာချိန်ဝိုးတဝါး(စ/ဆုံး)

 ရောင်နီလာချိန်ဝိုးတဝါး(စ/ဆုံး)


————————


“ညိစန်း..ညိုစန်း..ဟဲ့..မိညိုစန်း

ထတော့လေ ။လေးနာရီထိုးပြီ မိန်းကလေးရဲ့´´


ဝါးကြမ်းအခင်းမှာ နှစ်နံစပ်ချည်စောင်ကို ပခုံးထိခြုံပြီးကွေးနေအောင်အိပ်နေတဲ့ သမီးဖြစ်သူကို ဒေါ်အိုနှိုးလိုက်တယ်။ ရွာဦးကျောင်းက တုံးခေါက်လို့သာ လေးနာရီလို့ပြောလိုက်ရပေမဲ့ တဲအပြင်မှာ အမှောင်ထုကကြီးစိုးတုန်း။ ဒါပေမဲ့လည်း ကောက်စိုက်ချိန်မို့ လှည်းတွေ တအီအီမောင်းသွားသံတော့ ကြားရပ။


အင်း အဲနဲ့ တစ်ဖက်ကိုတောင် လှည့်စောင်းအိပ်လိုက်တာမို့ ညိုစန်းရဲ့တင်ပါးကို လက်ဝါးနဲ့ဖြန်းခနဲမြည်အောင်ရိုက်လိုက်ပြီး အသံကိုလည်းနည်းနည်းမြှင့်လိုက်ကာ


“ဟဲ့ မိညိုစန်း …၊ထတော့

ခဏနေ ခင်တုတ်တို့ ဝင်းဝင်းတို့လာတော့မှာ။

ညည်းနှယ်အေ၊ တော်ကြာ ရွှေတင်မိကနောက်ကြတယ်ဆိုပြီးတွတ်ထိုးခံနေရအုံးမယ်´´ လို့ဆိုမှ ညိုစန်းက အိပ်ချင်မူးတူးနဲ့ထထိုင်တယ်။ပြီးတော့ ခြုံထားတဲ့ စောင်ကိုခေါက်ပြီး ခေါင်းအုံးပေါ်ပစ်တင်တယ်။


“အမေကတော့လေ..ကျုပ်နိုးပါတယ်တော့။

ပါးစပ်နဲ့နှိုးရင်လည်းရတာကို။လက်ကပါလိုက်သေး´´


ဒေါ်အိုရိုက်လိုက်တဲ့ တင်ပါးဘက်ကို လက်နဲ့ပွတ်ရင်း ညိုစန်း ထသွားတယ်။ခေါင်းမွှေးစုတ်ဖွားနဲ့ ရှေ့ကထွက်သွားတဲ့ သမီးကိုကြည့်ပြီး ဒေါ်အိုသက်ပြင်းချမိတယ်။


ဒေါ်အိုတို့က ရွာအနောက်ပိုင်းအစွန်ဆုံးမှာ ကန္တာရဆူးခက်တွေနဲ့ စည်းရိုးခတ်ထားတဲ့ ဘသာတို့ခြံနဲ့ကပ်ရပ်မှာ တဲထိုးနေတာ။ဒေါ်အိုတို့တဲလွန်တာနဲ့ ရွာပြင်လမ်းကိုရောက်တာပဲ။အဲ့လမ်းကနေ သွေဖယ်ပြီးအနောက်ဘက်စူးစူးကိုလျှောက်သွားတာနဲ့ လယ်ကွင်းတွေကိုမြင်ရပြီ။


ဒီရာသီက ကောက်စိုက်ချိန်မို့ ဒီလမ်းက လူသူမပြတ်ရှိနေတာ။ကျန်တဲ့အချိန်ဆို နေ့မွန်းတည့်တဲ့အထိ ဖြတ်သူမရှိသလောက်ပဲ။ ရွာအရှေ့ပိုင်းလမ်းမကြီးကနေပဲ သွားလာကြတာများတာကိုး။


တဲရှေ့ကခွေးဟောင်သံနဲ့အတူ ညိုစန်းလို့ ခေါ်လိုက်တဲ့အသံကြောင့် ဒေါ်အိုတဲရှေ့ထွက်ခဲ့တယ်။လက်နှိပ်ဓာတ်မီးအရောင်ကြောင့် ဒေါ်အိုမျက်နှာကို လက်နှင့်ကာလိုက်လို့ တစ်ဖက်ကလည်း ဓာတ်မီးကိုအောက်ဘက်ကိုနှိမ့်ချလိုက်ပြီး


“အရီး …မိညိုရောနိုးပြီလား။ ´´


ခင်တုတ်မေးနေတုန်းရှိသေး ညိုစန်းတဲထဲက ကပြာကယာထွက်လာတယ်။


“နိုးပြီဟေ့ နိုးပြီ။လာ …သွားကြစို့´´

ခင်တုတ်လက်ကို ချိတ်ပြီးသွားဟန်ပြင်လိုက်တဲ့ သမီးကို


“မိညို..ထမင်းကြမ်းခဲလေးကျန်သေးတယ်။ထန်းလျက်လေးနဲ့ကိုက်ပြီး နည်းနည်းလောက်စားသွားပါအုံးလား။

ဝမ်းဟာနေလိမ့်မယ်´´


“တော်ပြီ ..အမေ၊ဒီနေ့ လယ်ပိုင်ရှင်က ကောက်ညှင်းပေါင်းကျွေးမှာတဲ့တော့။ဪ..အမေ

ထန်းခေါက်တောင်းထဲမှာ ကျုပ်ညကမစားဖြစ်တဲ့ ငါးကြော်လေးရှိတယ်။အဲဒါကျုပ်အတွက်မချန်နဲ့တော့ ။

အမေစားလိုက် သိလား။ကျုပ်သွားပြီ´´


ပြောပြီးထွက်သွားတဲ့ သမီးဖြစ်သူကို ဒေါ်အိုလှမ်းကြည့်မိတယ်။သမီးနဲ့ သူ့အဖော်တွေ အမှောင်ထုထဲဝင်ရောက်ပျောက်ကွယ်သွားလို့ မမြင်ရတော့မှ တဲအတွင်းပြန်ဝင်ခဲ့တယ်။


ဝါးအစိပ်လေးတွေ စီရိုက်ထားတဲ့ဒူးတုပ်ကုတင် ရဲ့ခြေရင်းမှာ ဇကောတစ်ချပ်တင်ထားတဲ့ ခွဲတောင်းလေးကိုမြင်လိုက်တော့ အပေါ်က ဇကောကို တစ်ဖက်သို့ တွန်းဖယ်ကြည့်မိတယ်။ နှုတ်ခမ်းမှာကြွေရည်ကွာနေတဲ့ ဇလုံလေးထဲမှာ ငါးကြော်တုံးလေးနှစ်တုံးက ဒေါ်အိုထည့်ပေးခဲ့တဲ့အတိုင်း ပုံမပျက်။


ဒါဆိုညက မိညိုစန်း ထမင်းဖြူကြီးပဲစားခဲ့တာပေါ့။ညက ခေါင်းနည်းနည်းအုံနေတာနဲ့ အိပ်ရာစောစောဝင်ခဲ့တော့ မိညိုစန်း တစ်ယောက်ပဲ ညစာစားခဲ့ရတယ်။ဘသာရဲ့မိန်းမက ငါးဖော်လို့ဆိုပြီး ဒေါ်အိုတို့သားအမိအတွက် ငါးကြင်းပေါက်လေးနှစ်ကောင်လာပေးသွားတယ်။


နောက်နေ့တွေအတွက် ငါးတစ်ကောင်ကိုတုံးတစ် ဆားသိပ်ထားလိုက်ပြီးတစ်ကောင်ကိုတော့ညနေစားဖို့သုံးပိုင်းပိုင်းကာ ကြော်ထားလိုက်တယ်။ခေါင်းပိုင်းကို အိမ်မှာမွေးထားတဲ့ခွေး မိုးညိုကြီးကိုကျွေးလိုက်တော့ အသားငတ်နေတာမို့ စားလိုက်တာ။အမြီးလေးတနှံ့နှံ့နဲ့ ။ ငါးကြော်နှစ်တုံးကိုတော့ တစ်နေကုန်ခါးကိုင်းအောင် ကောက်စိုက်လိုက်သွားတဲ့ သမီးညိုစန်းအတွက်ပဲထားလိုက်တယ်။ဒေါ်အိုကတော့ လက်ကျန်ငါးပိရည်ကျိုးတို့ကျဲနဲ့ စည်းရိုးလုပ်ထားတဲ့ ဘောစကိုင်းပင်က အရွက်စိမ်းနုနုတွေခူးပြီး ညနေစာစားခဲ့လိုက်တယ်။


အမေကလည်းမစားရက်သလို သမီးဖြစ်သူကလည်း မစားရက်လို့ ချန်ခဲ့တဲ့ ငါးကြော်လေးနှစ်တုံး။ဒေါ်အို ဇကောလေးကိုပြန်ဆွဲဖုံးလိုက်ပြီး ကုတင်ခြေရင်းမှာငုပ်တုပ်ထိုင်မိတယ်။


“ကျုပ်တို့ကို သဘောတူလား အမေ´´


မျက်နှာမှာသနပ်ခါးအဖွေးသားနဲ့ နှစ်ဖက်ခွဲထားတဲ့ကျစ်ဆံမြီးတွေကို ဦးခေါင်းရဲ့အပေါ်ပိုင်းတစ်ဖက်

တစ်ချက်မှာ ထုံးဖွဲ့ထားပြီး အပ်ချည်နဲ့သီထားတဲ့တောစံပယ်ပန်းကုံးတွေကို ခွေရစ်ပန်ထားတဲ့ သမီးဖြစ်သူရဲ့မျက်နှာလေးကိုကြည့်ပြီး ဒေါ်အိုဘာပြောရမှန်းမသိ။

ဒေါ်အိုရဲ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်မှီတွယ်လိုက်တဲ့ သမီးရဲ့ပခုံးလေးကိုပဲ ပြန်ဖက်ထားမိတယ်။


“အမေ..ကျုပ်မေးတာ ဖြေအုံးလေ။ကျုပ်ကို အစ်ကိုအောင်ကျော်နဲ့ သဘောတူလားလို့။´´


အောင်ကျော်ဆိုတဲ့ လူငယ်လေးက ရည်ရည်မွန်မွန်လေး။

သူ့မိဘနှစ်ပါးမရှိတော့လို့ အဒေါ်တွေလက်ထဲမှာကြီးပြင်းရသူ။ သူ့အဒေါ်တွေရဲ့လယ်ယာလုပ်ငန်းမှာ ဦးစီးဦးဆောင်လုပ်နေပြီး အရက်မပြောနဲ့ ထန်းရည်တောင် မသောက်တတ်သူ။ လုပ်ငန်းအားရင် ရွာဦးကျောင်းသွားပြီး ကျောင်းဝေရာဝစ္စ ဘုန်ကြီးရဲ့ဝတ်ကြီးဝတ်ငယ်တွေနဲ့ပဲအချိန်ကုန်နေတာ။


သမီးညိုစန်းနဲ့ကတော့ ရွာဦးကျောင်းမှာ ဆွမ်းချိုင့်ပို့ရင်းဖူးစာဆုံခဲ့ကြတာတဲ့။အမေတစ်ခု သမီးတစ်ခုမို့ရော သမီးကိုငယ်သေးတယ်လို့ စိတ်ထဲမှာထင်နေသေးတဲ့အတွက်ကြောင့်ရော အမှန်အတိုင်းပြောရရင် သမီးကို အိမ်ထောင်မပြုစေချင်သေးဘူး။


ဒါပေမဲ့ မတော်တဆ ဒေါ်အို သေသွားခဲ့ရင် ဒီလောကအလယ်မှာ သမီးလေးတစ်ယောက်တည်းကျန်ခဲ့မှာ။

ဒီတော့ ဒေါ်အို စိတ်မချဖြစ်ရပြန်ရော။


“ညည်းက ယောက်ျားယူချင်နေပြီလား´´


“အိုတော်..အမေကလည်း။ကျုပ်က ကျုပ်တို့အတွက် အားကိုးရအောင်လို့ပါ´´


“အပိုတွေ၊ ကျုပ်ဖြင့် ညည်းအဖေဆုံးပြီး ညည်းအခါလည်သမီးနဲ့ တစ်ယောက်တည်း ရုန်းကန်ခဲ့တာပါတော်။အခု တောင်တောမှာ ကျုပ် ယာတစ်ဧကပိုင်နေပြီ။ကျုပ်ကတော့ ကိုယ့်အားပဲကိုယ်ကိုးတယ်။အားကိုးရအောင်လို့ဆိုတဲ့စိတ်နဲ့ဆိုရင်တော့ ညည်းမယူပါနဲ့အေ´´


အသံကိုတမင်မာအောင်လုပ်ပြီး သမီးစိတ်ကိုသွေးတိုးစမ်းလိုက်တယ်။မျက်နှာလေးညိုသွားတဲ့ သမီးကိုမြင်ရတော့ ဒေါ်အိုမနေနိုင်တော့ဘူး။ ချစ်ရသူချင်း ပေါင်းစေချင်ပါတယ်။ ဒေါ်အိုလည်း မိဘသဘောတူသူကိုမယူဘဲ ကိုယ်ချစ်ရတဲ့သူပဲ ရွေးခဲ့တာလေ။


“အလကားစတာပါ မိန်းကလေးရယ်။

အမေ့သမီးစိတ်မကောင်းဖြစ်သွားလား။ ကဲကဲ… နေ့ကောင်းရက်သာရွေးပြီး လာတောင်းလို့ပြောလိုက်´´


ဒီလိုနဲ့ သမီးအိမ်ထောင်ကျသွားတယ်။ဒေါ်အိုဆီမှာပဲ

သမီးတို့လင်မယားလိုက်နေခဲ့တယ်။ဒေါ်အိုတို့ပိုင်တဲ့ ယာခင်းကို သားမက်ဖြစ်သူ ဦးစီးဦးဆောင်ပြုရုံသာမက သူ့အဒေါ်လယ်ကိုလည်း ဝင်ကူလုပ်ပေးတော့ ညိုစန်းကောက်စိုက်လိုက်စရာမလိုတော့ဘူး။ငွေတွေအထပ်လိုက်မပိုပေမဲ့ ငွေအတွက်ပူစရာမရှိတော့ ဒေါ်အိုတစ်ယောက် နောက်ဆံမတင်းရတော့ဘဲ တရားဘက်လှည့်ချိန်ရခဲ့တယ်။


အခုတော့ ရွာဦးဘုန်းကြီးကျောင်းကို ဝါတွင်းမှာတောင်

မသွားနိုင်ခဲ့တာ ကြာပေါ့။

သားမက်ဖြစ်သူ တရုတ်ပြည်မှာအလုပ်သွားလုပ်ကတည်းကပဲ။


တောင်ချောင်က ဖိုးထူးအစ်ကိုက တရုတ်ပြည်မှာ အလုပ်အဆင်ပြေလို့ ဖိုးထူးကိုခေါ်ရာက ဒေါ်အိုတို့ရွာထဲမှာ နိုင်ငံခြားသွားအလုပ်လုပ်ဖို့ အားသန်လာခဲ့ကြတာ။


တရုတ်ပြည်ရောက်ပြီး တစ်နှစ်ကျော်ရှိသေးတယ် ဖိုးထူးက သိန်းဆယ်ချီ အိမ်ကိုငွေလှမ်းပို့လိုက်တာ အားကျပြီး ရွာထဲကတစ်ယောက်ချင်းဆီ ဖိုးထူးအဆက်အစပ်နဲ့တရုတ်ပြည်မှာ အလုပ်သွားလုပ်ဖို့လိုက်သွားကြတာ ။


မိန်းကလေးတွေဆို အလှပြင်ဆိုင်တဲ့။ယောက်ျားလေးတွေကတော့ ပန်းရံအလုပ်လုပ်ဖို့ဆိုပဲ။ဆယ့်နှစ်လပိုင်းလောက်က ကြံခုတ်လူလိုလို့ဆိုပြီး ရွာထဲကလူငယ်လူလတ်တော်တော်လေးလိုက်သွားကြတာ။အဲ့ဒီအထဲ ဒေါ်အိုသားမက်လည်းပါသွားခဲ့တယ်။


ရွာမှာ သူကြီးထွန်းခိုင်တို့ ထွန်စက်ဝယ်လိုက်တော့ ဒေါ်အိုသားမက် ထွန်စက်ရူးရူးသွားတယ်ပြောရမယ်။ ရွာမှာတင်မကဘဲ အနီးရွာတွေကိုလည်းထွန်စက်အငှားလိုက်တာက အတော်ရတာကိုး။ အဲဒါကြောင့် ထွန်စက်ဖိုးသွားရှာမယ်ဆိုပြီး ညိုစန်း တားနေတဲ့ကြားကနေ လိုက်သွားတာ။


သားမက် ခရီးစရိတ်အတွက် ယာလေးပေါင်ပေးလိုက်တယ်။ဒီကြားထဲ ဒေါ်အိုကျန်းမာရေးခြူခြာလို့ အတိုးသတ်မဲ့ငွေလေးတွေ ဆေးဖိုးထဲပါသွားပြန်တယ်။


ဒေါ်အိုတို့နေတဲ့ဝိုင်းကလည်း မောင်နှမအမွေဆိုင်မို့ အစ်ကိုကြီး ဆုံးတော့ မြို့မှာနေတဲ့တူတူမတွေက အမွေလာခွဲကြတယ်။ ဒေါ်အိိုတို့ကို ငွေအမ်းပေးပြီး ဝိုင်းထဲကဖယ်ခိုင်းတယ်။ဒေါ်အိုလည်း ရတဲ့ငွေနဲ့ ရွာအနောက်ပိုင်းအစွန်မှာ ဝိုင်းလေးပြန်ဝယ်ပြီးသားအမိနှစ်ယောက် တဲထိုးနေလိုက်တယ်။အရင်တုန်းကလို သမီးညိုစန်း ကောက်စိုက်ပြန်လိုက်နေရပြန်ပြီ။


ကြံခုတ်လိုက်သွားတဲ့ သားမက်ကလည်း ပင်ပန်းသလောက်ငွေမရလို့ဆိုပြီး အလုပ်ပြောင်းသွားတယ်တဲ့။မနှစ်ကရွာကိုဖိုးထူးပြန်လာတော့ သားမက်နဲ့အဆက် အသွယ်မရတော့ဘူးတဲ့။ ညိုစန်းငိုတယ်။သမီးကိုကြည့်ပြီး ဒေါ်အိုလည်းငိုမိတယ်။


ပါးပြင်ပေါ်လိမ့်ကျလာတဲ့ မျက်ရည်တွေကို ပခုံးပေါ်တင်ထားတဲ့ဖျင်တဘက်လေးနဲ့ ဒေါ်အို တို့သုတ်လိုက်တယ်။

ပတ်ဝန်းကျင်မှာ အမှောင်ထုအစား နေမင်းရဲ့အလင်း

ရောင်ပျော့ပျော့လေးက ထန်းရွက်တွေကြားမှတိုးထွက်လာတယ်။လောကရဲ့ ရောင်နီတော့ထွက်ပေါ်လာပြီ။


သမီးညိုစန်းရဲ့ အနာဂတ်ရောင်နီကရော ဘယ်အချိန်မှ ရောက်ရှိလာမှာလဲ။ ဒေါ်အိုစိတ်မကောင်းဖြစ်မှာစိုးလို့ သမီးညိုစန်းတိတ်တဆိတ် ကျခဲ့တဲ့မျက်ရည်တွေ ဒေါ်အိုမမြင်ဘဲနေမလား။


ဘဝက ခရီးတိုလေးတစ်ခုပဲ။ ဒီခရီးလေးမှာ လောကဓံဆိုတဲ့အလှည့်အပြောင်းတွေနဲ့ဒေါ်အိုတို့ လျှောက်ကြရတယ်။ နိမ့်ခြင်းမြင့်ခြင်းတွေကြားမှ တချို့မပြည့်စုံတဲ့သူတွေရဲ့လိုအင်ဆန္ဒတွေ​က ပျော်ရွှင်ခြင်းဆိုတဲ့အပိုင်းအစလေးကို ဘဝထဲကဆွဲထုတ်သွားတတ်တယ်။ကံမကုန်ရင်ပြန်ဆုံမှာပေါ့လို့ ဒေါ်အိုနှစ်သိမ့်ပေးခဲ့ပေမဲ့ တခါတရံကံကြမ္မာဆိုတာ လူ့ပယောဂနဲ့ပဲ သက်ဆိုင်လေသလားလို့ ဒေါ်အိုတွေးမိသေးတယ်။


ခင်ဦး