ဘဝကိုရင်း၍(စ/ဆုံး)
—————–
“လေးငယ် ဂုဏ်ထူး၅ခုပါတယ် မေမေ”အမေသည် လိမ္မာပြီး စာတော်သော သမီးလေးအတွက် မျော်လင့်ထားပြီးသားဖြစ်သော်လည်း အမှန်တကယ်ကြားရတော့ မျက်ရည်ဝေလေသည်။
“လေးလေးငယ် “ဆိုသော မိန်းမငယ်လေးတယောက် အနေအေးပြီး စာကြိုးစားသူလေး၊နှစ်တိုင်း ထူးချွန်ဆုတွေယူရင်း အမေကို ဂုဏ်တင့်စေခဲ့သူ၊ယခု သူမ ဆယ်တန်းကို ဂုဏ်ထူး(၅)ဘာသာနှင့်ထူးထူးချွန်ချွန်အောင်လေပြီ။”လေးငယ် ရည်မှန်းတဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်ရတော့မယ် မေမေ””အေးပါ သမီးရယ် တော်လိုက်တာ မေမေလေ သမီးအတွက် အမြဲတမ်းဂုဏ်ယူကျေနပ်ရတယ်ကွယ်” ပြောရင်း မေမေသည် လေးငယ်ကို အတင်းပွေ့ဖက်ငိုလေသည်။တကယ်တော့ လေးငယ်တို့မိသားစုဘဝလေးသည် စားဝတ်နေရေးအတွက် ပြည့်စုံလှသည်တော့မဟုတ်။လေးငယ်ဖေဖေသည် လေးငယ်တို့နှင့်
ငယ်ငယ်လေးကတည်းက အတူမနေပါ။ဝေးတမြေမှနေ၍ တခါတခါ ငွေကြေးအချို့အနည်းငယ် ထောက်ပံ့ပေးတာကလွဲလို့ ဖေဖေကို လေးငယ်မတွေ့မြင်ရပေ။ “သမီးဖေဖေက ရန်ကုန်မှာ သူဝါသနာပါရာ သီချင်းတွေဘာတွေဆိုနေရရင် ပြီးတာ သမီးရဲ့ ၊ မိသားစုကိုလဲ ခင်တွယ်ရမှန်း မသိဘူးထင်ပါရဲ့ သမီးရယ်”ဟု ခပ်အေးအေးသာ မေမေက ပြောတတ်သည်။တကယ်တော့ ဖေဖေသည် လေးငယ်နှင့်မေမေ့ထက် သူဝါသနာပါရာသာ ခင်တွယ်သူ ရိုင်းရိုင်းပြောရမည်ဆိုပါက မိသားစုတာဝန်စိတ်ကင်းမဲ့သူသာ ဖြစ်ပါသည်။လေးငယ်ကိုလဲ သမီးလေးအဖြစ် ပူပန်လှသည်မရှိ။ တစ်နှစ်နေလို့မှ တခေါက်ပြန်လာချင်မှ လာသည့် လူစားမျိုးပင်ဖြစ်ပါသည်။
လေးငယ်တို့ သားအမိသည် မေမေရဲ့ ညီမအငယ်ဆုံးနှင့် ဘိုးဘွားပိုင်ခြံဝန်းကြီးထဲမှာ နေထိုင်ကြသည်။အန်တီလေးက ခြံကြီးရှေ့နားတွင် နှစ်ထပ်တိုက်ကြီးနှင့် ခမ်းနားစွာနေသည်။အန်တီလေးအမျိုးသား ဦးနေဦးသည် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တယောက် အန်တီလေးတို့ မိသားစုဘဝက ငွေကြေးချမ်းသာကြွယ်ဝကြသည်။လေးငယ်တို့ သားအမိသည် ခြံကြီးအနောက်ဖက်ရှိ တထပ်ပြင်ထောင်အိမ်လေးထဲမှာ နေထိုင်ပါသည်။မေမေသည် အန်တီလေးတို့ မိသားစုအတွက် လိုအပ်တဲ့ အိမ်ဗာရီယများကို မငြီးမငြူလုပ်ကိုင်ပေးတတ်သလို အန်တီလေးရဲ့ ကူညီစောင့်မမှုကြောင့်လဲ လေးငယ်တို့အတွက် စားဝတ်နေရေး မပူပင်ခဲ့ရပါ။မေမေသည် အားလပ်ချိန်များတွင် ပိတ်စလေးများချုပ်လုပ်၍ စျေးတွင် ဖေါက်သည် အပ်လေသည်။လေးငယ် ပညာရေးစရိတ်အတွက်မေမေရဲ့ ချုပ်ထည်လေးများက ငွေစ ကြေးစ လေးများကို မေမေက ကျစ်နေအောင်စုထားပေးလေသည်။လေးငယ်သည် ကျောင်းပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရတတ်သလို၊ကျောင်းတွင်းစာမေးပွဲ ဆုပေးပွဲများမှ ဆုတွေအမြဲရနေကျမို့ လေးငယ်ရဲ့ ဆုကြေးငွေများနှင့်ဆုရသော စာအုပ် ဖေါင်တိန် ကွန်ပါဘူး မကျန် လေးငယ် ဝယ်စရာမလိုအောင် ပြည့်စုံခဲ့ပါသည်။
ယခုတော့ လေးငယ် ဆေးတက္ကသိုလ်တက်ရတော့မည်မို့ တွေးရင်းပျော်နေမိသည်။ဆွေမျိုးများအားလုံးကလဲ လေးငယ်ပညာရေးစရိတ်အတွက် တတ်သလောက်ကူညီကြလေသည်။ဆေးတက္ကသိုလ်ပထမနှစ်စသည်လေးငယ် အတွက် ပျော်ရွှင်စရာ၊ကြည်နူးစရာ၊တက်ကြွမှုတွေနဲ့ပင်။ဒုတိယနှစ်ရောက်တော့ လေးငယ်တို့ ဆေးကျောင်းသားကျောင်းသူတွေအဖို့ သင်ကြားမှုတွေက ခက်ခဲနက်နဲလာသလို လေးငယ်မေမေအတွက်လဲ လေးငယ်ရဲ့ ပညာသင်စရိတ်အတွက် လေးလံမှုတွေ စလာလေပြီ။လေးငယ်တယောက်ကတော့ မေမေ့ရဲ့အခက်အခဲတွေကိုမသိပါဘဲ စာကိုသာ သေချာလုပ်ရင်း အနာဂတ်ဆရာဝန်ဘဝအတွက် ကြိုတင်ကာ စိတ်ကူးယဉ်နေမိတတ်သည်။
ဆေးကျောင်းနောက်ဆုံးနှစ်မှာ လေးငယ်ဘဝမုန်တိုင်းထန်လိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာပါလိမ့်နော်။ “လေးငယ်တို့ Final part2 မဖြေခင်ကျောင်းပိတ်ရက်တရက်မှာ မေမေ့ဆီပြန်တော့ ဆိုင်းမဆင့်ဘုံမဆင့်ပြန်လာတဲ့သမီးကို မေမေထွက်မကြိုနိုင်ခဲ့ပါ။ခြံမကြီးအဝင်က အန်တီလေးတို့တိုက်ဆင်ဝင်အောက်ရောက်ခါနီး အန်တီလေးနဲ့ မေမေ အချီအချပြောနေတာမြင်တော့ လေးငယ် ခြေလှမ်းတွေ တုံ့ဆိုင်းသွားမိသည်။ “မမရယ် ကျမဘက်လဲကြည့်အုံးလေ” “ကျမစိုက်ထုတ်ပေးရတာတွေ ဘယ်လောက်များနေပြီလဲ” “ကိုနေဦး
မသိအောင်တမျိုး သိအောင်တမျိုး ပေးနေရတာလေ” “နားလည်ပါတယ် ညီမရယ် မမလဲ သမီးလေးနောက်ဆုံးနှစ် ရှောရှောရှူရှူဖြစ်အောင်လို့ပါအေ” “ဒီတခါပါပဲ နောက်ဆို သမီးလေး ဆရာဝန်ဖြစ်ရင် မမလေ ညီမလေးကူညီပေးတာအားလုံး ပြန်ဆပ်မှာပါအေနော်”. “ခက်ပါပြီ မမရယ် ဒီတခါတော့ ညီမဘယ်လိုမှ မကူညီနိုင်လို့ပါ” “မေမေ” လေးငယ် လှမ်းအော်လိုက်မိသည်။ “ဟင် သမီးသမီးရယ်”အင့်အင်း”မေမေ ငိုလေသည်။
“မေမေ ဒီလိုခက်ခဲနေတာ သမီးကိုဘာလို့ မပြောတာလဲဟင်” ” သမီးစိတ်ညစ်မှာစိုးလို့ပါကွယ်” “မေမေရယ် “သားအမိနှစ်ယောက် ပွေ့ဖက်ရင်း လေးငယ် အံကိုတင်းတင်းကိုက်ထားမိသည်။”အန်တီလေးကို သမီးကိုယ်တိုင်ပြောလိုက်ပါ့မယ် မေမေ” ” ကျောင်းပြီးရင် အလုပ်လုပ်ပြီး အတိုးနဲ့ပြန်ဆပ်ပါ့မယ်လို့””လေးငယ်လဲ ကျောင်းပြီးဖို့ သိပ်မှမလိုတော့တာ” “နေပါ သမီးရယ် မေမေကြည့်စီစဉ်ပါ့မယ်” လေးငယ် စားမေးပွဲဖြေရန် ရက်ပိုင်းသာ လိုပါတော့သည်။ လေးငယ်စိတ်တွေ
ခါတိုင်းလို ကြည်လင်လန်းဆန်းမနေ။ဘာပဲဖြစ်ဖြစ် လေးငယ် နောက်ဆုံးနှစ် part 2အတွက် အားထည့်ကြိုးစားခဲ့ပါသည်။
Final Part 2 စာမေးပွဲကြီးကို လေးငယ် သေချာစွာကြိုးစားအားထုတ်ဖြေဆိုနိုင်ခဲ့ပါသည်။သို့ပေမဲ့လေးငယ် စိတ်တွေ ပေါ့ပါးမနေခဲ့ပါ။အိမ်နဲ့ဝေးရတာကြာပြီဖြစ်သော အိမ်ရောက်ရင်လဲ ခဏတဖြုတ်မို့ ကြာကြာမနေဖြစ်ခဲ့သော လေးငယ်နှင့်မေမေ့ရဲ့ အိမ်လေး မေမေရဲ့လက်ရာနဲ့မို့ ရှင်းလင်းသပ်ရပ်နေပါသည်။နေရောင်ခြည်ကတောက်ပစွာ ဖြာဆင်းလို့ ဒီနေ့မှ ပန်းကလေးတွေတောင် ပိုလှနေသယောင်။ လေးငယ်တယောက် ခြံထဲဆင်းလမ်းလျောက်ရင်း လေးလံသောခြေလှမ်းတို့နှင့် ငေးမိ ငေးရာ။
“သမီး စာမေးပွဲဖြေနိုင်လား” အသံလာရာကြည့်လိုက်တော့ “ဪ ဦးနေပါလား၊ ဖြေနိုင်ပါတယ် ဦးနေ” “ဖြေနိုင်ပါတယ်သာ ပြောတယ် မျက်နှာလဲ တယ်မကောင်း ပါလား” ဟုတ်ကဲ့ မေမေ့ကို သနားနေမိလို့ပါ”
“ကဲ ထိုင်စမ်းပါအုံး ညီးနဲ့လဲ မတွေ့ဖြစ်၊စကားမပြောဖြစ်တာကြာပြီ ၊ဘာအခက်အခဲတွေရှိလဲ ဦးနေကိုပြော”
“ဟုတ် ဘာမှမဟုတ်ပါဘူး” လေးငယ်နှုတ်က တွန့်ဆုတ်နေမိသည်။ တကယ်တော့ ဦးနေဦးနှင့် လေးငယ်သည်
တခြံထဲမှာ မိသားစုဝင်တွေအဖြစ် အတူနေတာ ကြာပြီဖြစ်သော်လည်း မရင်းနှီးလှပါ။ လေးငယ်သည် ကျောင်းတက်ရင်း အချိန်အမြဲကုန်နေသူဖြစ်သလို ဦးနေဦးသည်လဲ သူ့ကုမ္ပဏီ ကိစ္စများနှင့် မအားလပ်၊တခါတရံ ရက်ရှည်ခရီးထွက်နေတတ်သူဖြစ်ပါသည်။ဆယ်ခါ တခါ မိသားစုဆွမ်းကျွေးပဲွ အလှူပွဲတွေရှိမှသာ ဆုံတတ်သူတွေဖြစ်ပါသည်။
“ကဲ သမီး ဘာတွေစဉ်းစားနေတာလဲ အားနာမနေနဲ့ တို့က သူစိမ်းတွေမှမဟုတ်တာ ပြောပါ” “ဟုတ်ကဲ့
ဦးနေ သမီးလဲ မကြာခင် house Surgeon ဆင်းရတော့မှာပါ””ပြီးရင် အပြင်ဆေးခန်းတွေ အရင်ဝင်လုပ်မယ် စိတ်ကူးထားတယ်” ” ဒါေကြာင့် ဦးနေနဲ့အန်တီလေးကို မေမေပေးစရာတွေရှိနေရင် စောင့်ပေးပါလို့” ” လေးငယ် အားလုံးပြန်ဆပ်မှာပါ” “ဪ ဒါလား သမီးရယ် အဲဒါဆို ပူမနေနဲ့ ဦးနေ မင်းအန်တီလေးကို ပြောပေးထားမယ်” “ဘာမှလဲပြန်ဆပ်စရာမလိုဘူး သိလား””ကျေးဇူးပါ
ဦးနေ ဘာပဲဖြစ်ဖြစ် လေးငယ်ပြန်ဆပ်နိုင်အောင် ကြိုးစားမှာပါ” လေးငယ် ပြောလဲပြော ထွက်လဲထွက်လာမိလိုက်သည်။
ဒီနောက်ပိုင်း လေးငယ်နှင့် ဦးနေ ခြံထဲမှာ မကြာခဏဆိုသလို ဆုံမိသည်။ ဦးနေသည် အန်တီလေးထက်တောင် အသက်၃နှစ်ခန့်ကြီးလေသဖြင့် လေးငယ်ထက်ဆိုရင် အသက်၂၀ခန့်တောင်ကြီးသူဖြစ်သည်။ လေးငယ်သည် ဦးနေကို ဦးလေးတယောက်ဆိုတာထက် ကိုယ့်အထက် လူကြီးတယောက်လို ရှိန်ရသည်၊ကြောက်မိသည်။ဦးနေသည် အရင်ချိန်တွေတုန်းကဆိုလျင် သူ့အလုပ် သူလုပ်ခါ ခပ်ဟန့်ဟန့်သာနေလေသည်။ယခုတလော လေးငယ်နှင့် မကြာခဏဆုံမိလေတိုင်း
လေးငယ်ကို တရင်းတနှီးကြည့်သည်။ စကားရောဖေါရောလုပ်ကာ ဟိုမေးဒီမေး မေးတတ်သည်။လေးငယ် စိတ်မပါလဲ ပြောရသည်။ လေးငယ် ကျောင်းစရိတ်တို့က ဦးနေနှင့်မကင်းဘူးမို့လား ။မေမေသည်ကတော့ သူ့စက်ခုံလေးမှာ တလှုပ်လှုပ်၊မေမေကို သနားပိုမိလေ ဦးနေကို အားနာပါးနာ စကားခံမိလေဖြစ်သည်။
လေးငယ်တို့ ဆေးကျောင်းနောက်ဆုံးအဆင့် House Surgeon ဆင်းတော့ လေးငယ် အဆောင်ပြန်ရသည်။ ဆေးရုံသွားလိုက်၊စာရွက်စာတမ်းတို့ပြင်ဆင်ရနှင့် အားလပ်သည်မရှိ အလုပ်ရှုပ်နေခဲ့သည်။တနေ့ မထင် မှတ်စွာ ဦးနေသည် လေးငယ်အဆောင်သို့ ရောက်ချလာလေသည်။လေးငယ် အံ့ဩထိတ်လန့်ရင်း “ဦးနေ မေမေဘာဖြစ်လို့လဲဟင်””ဪ လေးလေးငယ်ရယ် ညီးအမေ ဘာမှမဖြစ်ပါဘူး” ” ဦးနေ အလုပ်ကိစ္စရှိလို့ လာရင်း ညီးအတွက် စားစရာ ဝင်ပို့ပေးတာပါအေ” “ဪ ဟုတ် သမီးက ဦးနေ တခါမှ မလာဖူးလို့ မေမေဘာများဖြစ်လဲ လို့ပါ” “ကဲပါ ဦးနေ ပြန်ပြီနော် ဘာမှာအုံးမလဲ””ဟုတ် ကျေးဇူးပါ ဦးနေ ဘာမှ မမှာတော့ပါဘူး”ဦးနေထွက်သွားတော့ လေးငယ်အံ့ဩရင်း ကျန်ခဲ့သည်။
နောက်ပိုင်း မကြာခဏဆိုသလို လမ်းကြုံသည်ဆိုကာ ဦးနေတယောက် လေးငယ်အဆောင် ရောက်ရောက်လာတတ်သည်။ တခါတရံ စားစရာတွေပါလာသည်၊တခါတခါကျ မုန့်ဖိုးသုံးဖို့ဟုဆိုကာ ပိုက်ဆံတွေ အတင်းပေးပြန်သည်။လေးငယ် စဉ်းစားလာရတော့သည်
လေးငယ်ကလေးဘဝတလျောက် ဦးနေသည် လေးငယ်တို့ကလေးတွေနှင့် အနေအထိုင်အရောတဝင်မရှိလှပါ။အန်တီလေးကသာ လေးငယ်ကို စာတော်တဲ့တူမလေးမို့ ဂုဏ်ပြုသည်ဆိုကာ လက်ဆောင်လေးတွေ စားစရာတွေ မကြာခဏပေးတတ်သည်။အဖေပစ်ကလေးမို့ သနားသည်ဟုလဲ ဆိုပြန်သည်။အန်တီလေး ကျေးဇူး လေးငယ်အပေါ်မှာ အများကြီးရှိပါသည်။သို့ကြောင့်မို့လဲ လေးငယ်သည် မေမေပြီးရင် အန်တီလေးကို ချစ်သည်၊အားကိုးမိခဲ့သည်။ဥတလုံးတကောင်ကြွက် အမေတခုသမီးတခု ဘဝမှာ လေးငယ်အတွက် အန်တီလေးမိသားစုသည်သာ မိသားစုဆွေမျိုးဖြစ်သည်။လေးငယ်သည် အဖေ့မေတ္တာကို မသိရှိမခံစားခဲ့ရသော ဖတဆိုးသမီးလေးမို့ ဦးနေလို ဖေဖေမျိုးရှိသော (အန်တီလေး၏သမီးလေးနှစ်ယောက်) လေးငယ်၏ ညီမဝမ်းကွဲလေးတွေကိုလဲ အားကျခဲ့မိဖူးပါသည်။ယခုလို ဦးနေ၏ အရေးတယူဂရုစိုက်ခြင်းကိုလဲ သာယာမိသည်က အမှန်ပင်။
“မေမေရေ သမီး ကျောင်းကိစ္စတွေအားလုံးလဲ ပြီးသွားပြီ” သမီးဘွဲ့ယူရင်တော့ လှလှလေးဝတ်ရမယ်နော်””ဝတ်စုံလေးတွေ ပြင်ဆင်ထားပေတော့” သားမိနှစ်ယောက် ဘွဲ့ယူရင်ဝတ်ဖို့အတွက် ပြောဆိုရင်းကြည်နူးရသည်။”အန်တီလေးတို့ မိသားစုပါ ခေါ်ခဲ့မယ်ကွာ နော်မေမေရာ”” အေးဟုတ်တာပေါ့သမီးရယ် “” ညီး အန်တီလေးကလဲ သမီးအတွက် ဂုဏ်ယူနေရှာတာ” လေးငယ်တို့အတွက် အန်တီလေးတို့မိသားစုလေးသည် အဲသည်လောက်အရေးပါပြီး ချစ်ခင်တွယ်တာရသူတွေ ဖြစ်ခဲ့ပါသည်။
” ဒေါက်တာလေးလေးငယ်” ဆိုသော ဆေးခန်းရှေ့က ဆိုင်းဘုတ်ကလေးက မေမေ့အတွက်တော့ ဂုဏ်ယူထည်ဝါစေသည်။သို့ပေသည့် ဆေးတက္ကသိုလ်ကပေးသော ဘွဲ့လတ်မှတ်တခုနှင့် ဆရာဝန်ဆိုသောဂုဏ်ပုဒ်က လေးငယ်တို့ သားအမိအတွက် ဦးနေနှင့်အန်တီလေးတို့အပေါ်တင်နေသော ကျွေးမှီတို့ကို ကြေအောင်မဆပ်နိုင်ခဲ့သေးပေ။ပညာရပ်တခု၏ကျွမ်းကျင်မှုနှင့် ဝမ်းရေးတခု၏ ပေးဆပ်ရတဲ့အချိန်ကာလကား လေးငယ်ထင်ခဲ့သလို မလွယ်ကူခဲ့ပါ။အပင်လေးတပင်ရှင်သန်ဖွံ့ဖြိုးလွယ်ဖို့ရာ ရေခံမြေခံကောင်းဖို့က အဓိကလိုအပ်သလို မြေဩဇာကျွေး ဆေးပေးနိုင်ခြင်းကလဲ အရေးကြီးကြောင်း လေးငယ် ယခုမှ သိလေသည်။လေးငယ်သည် ရေခံမြေခံလဲမကောင်း မြေဩဇာလဲမကျွေးနိုင်ခဲ့သော ပန်းပင်လေးတပင်သာ ဖြစ်လေသည်။မျိုးစေ့မှန်လို့ အပင်သန်ခဲ့ပေမဲ့ လေးငယ် အများကြီး ကြိုးစားရပါအုံးမည်။လေးငယ် မေမေ့ကိုလဲ ဒီထက်ပိုသော သောကတွေမပေးချင်တော့ပါလေ။
လေးငယ်ဆေးခန်းလေးဖွင့်တော့ အသင့်အတင့်အောင်မြင်သည်ဟု ဆိုနိုင်သည်။လေးငယ်ရဲ့ကြိုးစားမှု့ကြောင့် (ဆေးလဲလိုက်ခါ)နေကောင်းကျန်းမာလွယ်သည်ဟုဆိုကာ လူနာရှင်တို့သဘောကျကြလေသည်။ သို့သော်ပေငြား ဦးနေ၏ ခြေလက် အကူအညီအထောက်အပံ့တို့ကား လေးငယ်အတွက် မလွတ်ကင်းနိုင်ခဲ့ပါ။ ဆေးခန်းလေးပြင်ဆင်ဖွင့်လှစ်ဖို့အတွက် လိုအပ်သော ဆေးခန်းအတွက်နေရာ၊မိတ်ဆွေအသိုင်းအဝန်းကအစ ဖိတ်ခေါ်ပေးသူမှာ ဦးနေ သာ ဖြစ်ခဲ့လေသည်။အန်တီလေးကတော့ တူမလေးအတွက် ကျေကျေနပ်နပ်ကြီး ကူညီပေးလေသော သူမ၏ လင်တော်မောင်ကို ကျေးဇူးတင်နေရှာသည်။စေတနာ၏နောက်ကွယ်ကား တဏှာ၏မိုက်မဲခြင်းကိုကား အန်တီလေးမမြင်သလို လေးငယ်က ပိုလို့မသိခဲ့ပါ။လေးငယ်သည် သူမအတွက် အစစအရာရာ ကူညီပေးသော ဦးနေကို ယခင်ကထက် အားကိုးမိသည်၊တွယ်တာသည်၊ချစ်ခင်လေးစားမိသည်။
ည (၈:၀၀) ဆေးခန်းသိမ်းချိန် လေးငယ်ပြန်မည်ပြုတော့ ဦးနေ ရောက်လာသည်။”လာ သမီး ဦးနေ သမီးကို လက်ဆောင်ပေးစရာရှိတယ် ဒါကြောင့် လာခေါ်တာ ”
“နောက်ကျနေပြီ ဦးနေ နောက်နေ့မှ ပေးလို့မရဘူးလား” “လာပါ သမီးရယ် ခဏပဲ လိုက်ခဲ့” လေးငယ် မငြင်းမိတော့ ဦးနေ ကားပေါ် အသာတက်လိုက်လာခဲ့မိသည်။
မြို့ထဲအတော်ဖြတ်မောင်းပြီးတော့ မြို့သစ်တွေဘက်ရောက်ခါနီး အသင့်အတင့်ကျယ်ဝန်းသော ခြံလေးတခြံထဲ ဦးနေ ကားကို မောင်းဝင်လေသည်။” ကဲ သမီး ကားပေါ်ကဆင်း””ဦးနေ ဒါဘယ်လဲ” “လာပါ သေချာကြည့်ပါအုံး””ဒီဘက်မှာက တထပ်တိုက်လေးကို လေးငယ်နေဖို့ သေချာဆောက်ပေးထားတယ်””ခြံရှေ့တဖက်ကပ်ပြီး ဆေးခန်းအတွက် နေရာပါ ပြင်ဆင်ပြီးသား””လေးလေးငယ်အတွက်ပေါ့””တော်ပါ ဦးနေရယ် သမီး ဦးနေနဲ့အန်တီလေးအပေါ်မှာ အကြွေးတွေ ခုထိမကြေသေးတာ””ဒါက သမီးအန်တီလေးနဲ့ ဘာမှမဆိုင်ဘူး””ဦးနေ ကျေနပ်လို့ ဦးနေ လေးငယ်ကို လုပ်ပေးနေတာ” ” လေးငယ် လက်မခံပါရစေနဲ့ “” ခုထိတောင်
လေးငယ် ဦးနေစိတ်ကို နားမလည်သေးဘူးလား” “ဦးနေ ဘာတွေပြောနေတာလဲ””လေးငယ်ကို ဦးနေတချိန်လုံး ကူညီစောင့်ရှောက်ခဲ့တယ် ဒါက ဘာလဲ သမီးအန်တီလေးကြောင့်လို့ ထင်နေတာလား””မဟုတ်ဘူးနော် လေးလေးငယ်ဆိုတဲ့ မိန်းခလေးတယောက်ကို ချစ်လို့ သဘောကျလို့ ဦးနေ ဒီလောက်ထိလုပ်ပေးခဲ့တာ””အို ဦးနေမှားမှာပေါ့ ဦးနေမှာ အန်တီလေးရှိတယ်လေ””ဒါကြောင့် ဦးနေ ဒီလောက်ထိစောင့်ခဲ့တာ ခုတော့ မစောင့်ပါရစေနဲ့တော့လေးငယ် ဦးနေ လေးငယ်ကို ချစ်တယ်””လေးငယ်ဆီက အဖြေသိချင်တယ် တခုတော့ရှိတယ် ဦးနေတသက်လုံးကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို လေးငယ် ဘယ်လိုပြန်ဆပ်မလဲစဉ်းစားပေါ့” “ခုတော့ ပြန်ကြရအောင်”
ဦးနေသည် ကားကို လိုတာထက်အရှိန်မြှင့်မောင်းခဲ့လေသည်။လေးငယ်တယောက်ကတော့ ရှက်ရွ့ံကြောက်လန့်ရင်း မျက်ရည်တို့ဖြိုင်ဖြိုင်ကျလေပြီ။
မို့အစ်သောမျက်လုံးများနှင့်တညလုံးငိုထားသောအရှိန်ကြောင့် လေးငယ် အိပ်ယာထက်မှမထချင်သေး။
ဦးနေအကြောင်းတွေးရင်း ခေါင်းထဲမှမထုတ်နိုင်။ “ကျေးဇူးကို ဘယ်လိုပြန်ဆပ်မလဲ စဉ်းစားတဲ့” “လေးငယ်ကို သူကူညီခဲ့တာတွေသည် စေတနာသပ်သပ်မဟုတ်ဘူးပေါ့””ငါးဖမ်းချင်လို့ ငါးမျှားချိတ်တပ်ခဲ့တာပဲ””လေးငယ် ဘာလို့ ဒီလောက်အခဲ့မိပါလိမ့်”. “သမီး” မေမေခေါ်သံကြောင့် လေးငယ် မျက်ရည်တို့ အလျင်အမြန်သုတ်လိုက်မိသည်။ “သမီးလေး နေမကောင်းဘူးလား၊မျက်နှာလဲမကောင်းပါလား””သမီး နေသိပ်မကောင်းဘူး ဒီမေမေနေ့ဆေးခန်းပိတ်တယ်လို့ လက်ထောက်ဝန်ထမ်းမလေးကို မေမေပဲဖုန်းဆက်ပေးပါနော်””အေးပါ သမီးရယ် ဒါဆို နားလိုက်နော်””မေမေ သမီးအတွက် စွပ်ပြုတ်လေးလုပ်အုံးမယ်” မေမေထွက်သွားတော့ လေးငယ် အိပ်ဖို့ကြိုးစားကြည့်သည်။ဦးနေနဲ့ပတ်သက်သောအတွေးတို့က ဖျောက်မရ” ရက်စက်လိုက်တာ ဦးနေရယ် လေးငယ်
ဦးနေကို တွယ်တာအားကိုးခဲ့မိတာမှန်ပေမဲ့၊ အန်တီလေးရဲ့အမျိုးသားဆိုတာကို မေ့မထားခဲ့ပါဘူးရှင်”
ဆုံးဖြတ်ချက်တို့ ခိုင်မာပြီးနောက် လေးငယ် ဒီနေရာမှ ထွက်သွားဖို့ ပြင်ဆင်သည်။မေမေကိုလဲ ပြီးမှ အသိပေးမည်ဟု တွေးသည်။အန်တီလေးကိုလဲ ချစ်ခင်သနားမိသည်။ပြီးတော့ အားနာလှသည်။ပထမဆုံး လေးငယ် ဆေးခန်းပိတ်ဖို့ လေးငယ်ဆီ ပြနေကြ လူနာတွေအတွက် ဆေးပတ်လည်အောင်ချိတ်ဆက်ပေးဖို့ပြင်မည်။နောက် ဦးနေနဲ့ အဝေးဆုံးမှာ ပြေးထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါသည်။
မနက်စောစော ဆေးခန်းသွားဖို့ပြင်ဆင်နေရင်းမှ မီးဖိုခန်းဆီဘက်က မေမေအော်သံရုတ်တရက်ကြားလိုက်မိသည်။”အမလေး သေပါပြီ””အိုး မေမေဘယ်လိုဖြစ်သွားတာလဲ မေမေရယ်””ထကြည့်ပါ ၊ထ၊ ထ မေမေ” “ထလို့ရလား””အား နာတယ် သမီးရယ် နာတယ် မေမေ မထနိုင်ဘူး””ဒုက္ခပါပဲ မေမေရယ်” သမီးလဲ ေမမေ့ကို မချီနိုင်ဘူး ဘယ်လိုလုပ်ရပါ့ “”သမီး ဦးနေကို ခေါ်ပါကွယ် “”ေတာ်ပါပြီ မေမေရယ် ရပါတယ် သမီးပွေ့ကြည့်ပါအုံးမယ်””အင်း မေမေ အရိုးများကျိုးသွားတာလား လှုပ်ကြည့်ပါအုံးမေမေ၊ရလား””မရဘူး နာတယ် အလှုပ်မခံနိုင်ဘူးသမီးရယ်””ဒါဆို ဓါတ်မှန်ရိုက်မှဖြစ်မယ် မေမေ၊သမီးနဲ့ တခါတည်းလိုက်ခဲ့နော်”လေးငယ်သည် ဆရာဝန်ပေါက်စဘဝ ဆိုင်ကယ်လေးနဲ့သာ ဆေးခန်းသွားနိုင်သူဖြစ်သည်။”ဪ လေးငယ်ဘဝ ဦးနေအကူအညီမှ မလွတ်မြောက်နိုင်သေးပါလား”တွေးရင်း ကိုယ့်ဘဝကိုယ် စိတ်နာလာမိသည်။
ဘဝသည် ရိုးရှင်းမည် ထင်ရသလောက် ကွေ့ကောက်သည်။လောဘနည်းပြီး အပူအပင်ကင်းခဲ့သော လေးလေးငယ်ဆိုသောမိန်းမငယ်လေးတယောက် ၏ ကံကြမ္မာကား ရိုင်းလိုက်လေသည်။မေမေသည် ချော်လဲရာမှ တင်ပဆုံရိုးအက်သွားခဲ့သည်။ မထနိုင်
မထိုင်နိုင်ဘဝမှာ လေးငယ်သာလျင် မေမေ့အတွက်ရှိလေသည်။ဒီအမေဒီသားအမိနှစ်ယောက်မှာ လေးငယ်
မေမေ့ကို ဘယ်လိုပြော၍ ဘယ်လိုထားခဲ့ရပါ့။လေးငယ်အစီအစဉ်တိုင်းဆိုလျင် လေးငယ် အရင်သွားနှင့်ပြီး အလုပ်အကိုင်အဆင်ပြေပြီဆိုမှ မေမေ့ကိုခေါ်ကာ အတူနေကြမည်ပေါ့။ ယခုတော့ မေမေ့ကို ခေါ်မရ ထားမရဘဝ “သမီး ဘာတွေတွေးနေတာလဲ””မေမေ သက်သာပါတယ်ကွယ်””ဪ မဟုတ်ပါဘူးမေမေရယ် ဒီအတိုင်းဆို မေမေ အိပ်ယာပေါ် အနည်းဆုံး (၂)လလောက်တော့ နေရမယ်ထင်တယ်””သမီးကလဲ အလုပ်တဖက်နဲ့ဆိုတော့”” ရပါတယ် သမီးရယ် သမီး အလုပ်ဖြောင့်ဖြောင့်လုပ်ပါ မေမေ့ကို ကူဖို့ သမီးခေါ်ပေးထားတဲ့ ခင်ေမလေးကလဲ မေမေ့ကို ဂရုစိုက်ရှာပါတယ် ပြီး သမီးဆရာဝန်မကြီးတယောက်လုံး မေမေ့အနားရှိနေတာပဲ ဘာပူစရာရှိသေးလဲနော်”မေမေက ရယ်ကာမောကာပြောတော့ လေးငယ် ပို၍စိတ်မောရပါသည်မေမေရယ်။
“ဆေးခန်းပိတ်ခါနီးပြီလား လေးငယ်” ဦးနေ၏ အသံက လေးငယ်အတွက်တော့ ငှက်ဆိုးထိုးသံလိုပင်။ “ဟုတ် ပိတ်တော့မှာပါ ဦးနေ”” ဒီနေ့ လူနာလဲ နည်းနည်းရှင်းတော့လေ””ကဲ ညီမရေ စာရင်းပိတ်တော့နော် မမတို့ ဆေးခန်းပိတ်မယ်” ဝန်ထမ်းမလေးကို ခိုင်းရင်း ဆေးခန်းပိတ်လိုက်တော့သည်။”ဟုတ် ဦးနေ ပြောစရာရှိရင် နောက်မှပြောလို့မရဘူးလားဟင်””လေးငယ် အဲလိုရှောင်နေလို့ရော ဘာထူးမှာလဲကွယ်””အန်တီလေးနဲ့ ဦးနေသမီးလေးတွေရော ထည့်စဉ်းစားပါအုံးလေ လေးငယ်အတွက်တော့ သေမထူးနေမထူးတော့ပါဘူး””အဲလိုမပြောပါနဲ့ကွယ် လေးငယ်ကို လိုလေသေးမရှိအောင် ဦးငယ်စောင့်ရှောက်မှာပါ””လေးငယ်အန်တီလေးအတွက်တော့ မပူပါနဲ့ ဦးငယ်ကို သူမလွန်ဆန်နိုင်ပါဘူး သူ့အတွက် ငွေက အဓိကလေ ငွေရှာပေးနိုင်ရင်ပြီးတာပါပဲ””အဲလိုမပြောပါနဲ့ ဦးနေ အန်တီလေးက မိန်းမသားပါ”လေးငယ် အန်တီလေးအကြောင်းကို ဦးနေလောက် လေးငယ်မသိပါဘူး လေးငယ်သာ ဆုံးဖြတ်ပါ ဦးနေကို လက်ခံမလားဆိုတာ””လေးငယ် စဉ်းစားပါရစေအုံး ဦးနေ” ပြောသာပြောလိုက်ရသော်လည်း လေးငယ်ဘဝက လှုပ်လေမြှုပ်လေတဲ့ မြေရှင်အိုင်ထဲ ရောက်နေလေပြီသားရယ်။
တကယ်တော့ လေးငယ်ဆိုသော မိန်းမပျိုလေးမှာလည်း ချစ်သူရယ်လို့ အတည်တကျမရှိသေးပေမဲ့ ရင်ခုန်ဖက်တူတဲ့ သူငယ်ချင်းလေးတော့ရှိလေသည်။အခြေမကျတဲ့ဘဝမှာ အခြေခိုင်အောင်ကြိုးစားကြအုံးမယ်လို့တွေးရင်း ရင်ခုန်သံတွေ နှစ်ယောက်စလုံးသိမ်းဆည်းဖြစ်ခဲ့ပါသည်။ တနေ့တော့ဆိုတဲ့ စိတ်ကူးအိမ်မက်ကလေးကိုယ်စီ မတိုင်ပင်ဘဲ တွေးရင်း သူငယ်ချင်းစည်းလေးထဲမှာသာ ဖြူဖြူစင်စင်လေး ချစ်ခင်နေဆဲပါလေ။”လေးငယ် စိတ်ကူးအိမ်မက်တွေလဲ မမက်ရဲတော့ပါဘူး လင်းရယ်””တို့တွေ နီးစပ်ဖို့ အနာဂတ်တွေက ပိုတောက်ပမလာဘဲ မှောင်မှောင်လာတယ် လင်းရယ်” ငိုချင်းရက်ရှည်တို့က လေးငယ်အတွက် ငရဲတွင်းပမာ။လေးငယ်ရဲ့ သူငယ်ချင်းလေး လင်းသည် Phd အတွက် ကျောင်းဆက်တက်ဖို့ဆိုကာ စင်္ကာပူကို ထွက်သွားနှင့်လေပြီ။
ဦးနေ ဝယ်ထားသော မြို့ကွက်သစ်က တိုက်ကလေးမှာ လေးငယ်နေတော့ အန်တီလေး ရောက်လာလေသည်။
“လေးငယ်ရယ် လုပ်ရက်လိုက်တာ””သမီး နောက်ဆုတ်ပေးပါ အန်တီလေးကို သနားပါအုံးအေ၊ ညီးတို့ပေးစရာရှိတာတွေလဲ အန်တီလေး ကြေပေးပါ့မယ်””အန်တီလေး ဦးနေကိုသာ ထိန်းပါ”” လေးငယ်က ဒီအတိုင်းရပ်နေတဲ့သူပါ ဦးနေကသာ လေးငယ်ဆီ အတင်းတိုးဝင်ခဲ့တာပါ အန်တီလေးရယ်”အန်တီလေးကို မြင်တွေ့လိုက်ရတဲ့အခါ လေးငယ်မှာ ရှက်ရွ့ံအားနာထူပူနေပေမဲ့ လေးငယ်မလုပ်ခဲ့သောအပြစ်အတွက်တော့ လေးငယ် တာဝန်မခံယူလိုခဲ့ပါ။အပြစ်ရှိခြင်းရှိ လေးငယ်၏ဝဋ်ကြွေးတို့၌တွင်သာ အပြစ်ရှိသည်ဟု လေးငယ်ကတော့ ဆိုချင်ပါသည်။
မြစ်၏တဖက်ကမ်းမှ တိုက်ခတ်လာသော လေနုအေးလေးများက လေးငယ်နဖူးမှ ဆံနွယ်စလေးများကို လှုပ်ခတ်နေစေသည်။ဧရာဝတီမြစ်ရေပြင်မှ လှိုင်းကြက်ခွပ်လေးများကိုကြည့်ကာ လေးငယ်၏ ဘဝရေလျင်ကား အတက်အဆင်းအနိမ့်အမြင့် မြစ်ရေ ပြင် ထက်တောင် များလေသည်ဟု လေးငယ်တွေးမိ သည်။အောင်မြင်သောဘဝတခုအတွက် အချိန်ကာလရှည်ကြာစွာ လေးငယ်တယောက် ရိုးသားကြိုးစားခဲ့ပါသည်။လေးငယ်လိုချင်သောပညာရပ်တခုကား လေးငယ်၏ နုငယ်သောဘဝတခုလုံးပေးဆပ်လိုက်ရအောင် တန်ကြေးကြီးခဲ့လေသည်။လူအများ၏ အမြင်မှာတော့ ပညာတတ်ဆရာဝန်မတယောက်ဖြစ်ပြီး ယုတ်ညံ့လိုက်တာ၊ ကိုယ့်အန်တီ အမျိုးသားကိုမှ လုယူတဲ့ မယားငယ်မအဖြစ် ကဲ့ရဲ့ရှုတ်ချခြင်းခံရသည်။လေးငယ် ပတ်ဝန်းကျင်တွင် လေးငယ်သည် အရှက်အကြောက်ကင်းမဲ့သော မိန်းမယုတ်တယောက်အဖြစ် သတ်မှတ်ခြင်း ခံရပါသည်။
သတ္တလောကကြီးသည် တကယ်တော့ မတရားလှသည်ဟု လေးငယ်ထင်သည်။ လူတယောက်၏ ဘဝနောက်ခံအကြောင်းကို သေချာမသိပါဘဲအပြစ်ရှိတာခြင်းအတူတူဆိုရင်တောင် မိန်းမနဲ့ ယောင်္ကျားမှာ အားနည်းသော မိန်းမသားများကိုသာ အပြစ်တင် ငြိုးမာန်ဖွဲ့ကာ မုန်းတတ်ကြလေသည်။တခါတရံ လောကမှာ လေးငယ်တို့မိန်းမသားတွေ ရုန်းလေနစ်လေဖြစ်ရသော အဖြစ်တို့ကိုကား လူသားတို့ ကိုယ်ချင်းမစာနိုင်ကြ၊မစာခဲ့ကြပါ။လေးငယ် ကိုယ့်ဘဝကိုယ် လွန်စွာစက်ဆုတ်မုန်းတီးမိခဲ့ပါသည်။ “ဝဋ်ကြွေးတို့ ဒီဘဝဒီမျှနဲ့သာ ကြေပါစေသား”အားနည်း ချက်ကို ထိုးနှက်ပြီးအနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးပါရ စေသား” အမျိုးသမီးလေးတွေအားလုံးအတွက်လဲ လေးငယ်လို အဖြစ်မျိုးနဲ့ ဘယ်သောခါမှ
မကြုံကြပါစေနဲ့လို့ နေ့စဉ်နေ့တိုင်း ဘုရားရှင်ထံ အကြိမ်ကြိမ်ဆုတောင်း နေဖြစ်ခဲ့ပါတော့သည် ။
( ပြီးပါပြီ)
စာရေးသူ၏ ဝန်ခံချက်။ ။ဤဇာတ်လမ်းလေး၏ ဇာတ်သိမ်းကား တချို့စာဖတ်သူတို့ သဘောမကျနိုင်စရာဖြစ်နေနိုင်ပါသည်။လောကကြီးတွင် အနီးစပ်ဆုံးတူညီသောအကြောင်းတရားများကြောင့် အမျိုးသမီးလေးများ နစ်နာဘဝပျက်ကြရပါသည်။အိမ်ထောင်ရေးဖေါက်ပြန်မှုတိုင်းတွင် အမျိုးသမီးများကိုသာ တဖက်သက်ယိုးမယ်ဖွဲ့အပြစ်တင်တတ်သော လူမှု့ပတ်ဝန်းကျင်ကို (လေးငယ်လို ရုန်းမထွက်သော အမျိုးသမီးလေးများအတွက်) ရပ်တည် မီးမောင်းထိုးပြလိုခြင်း စေတနာသာဖြစ်ပါသည်ရှင့်။(အမျိုးသမီးတိုင်းကိုတော့ မဆိုလိုပါ) တိုက်ဆိုင်မှုရှိလျင် (သို့) အရေးအသားလိုအပ်ချက်တစုံတရာတို့အတွက် စာဖတ်သူတို့အား ကြိုတင်တောင်းပန်လိုက်ပါသည်ရှင့်။
နှင်းစနေ(ရွှေဘို)
9.10.2022(SUN)