သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး
-------------------------------
“ငါ့ကို မသေစေချင်ရင် မြန်မြန်ပြန်လာခဲ့ ”
ရှေ့မှာချထားတဲ့ဖုန်းက မတ်ဆေ့ဝင်သံ ကြားလို့ ဖတ်လက်စ စာအုပ်ကို ဘေးချပြီး ကိုကျော်ဝေ ကောက်ယူကြည့်လိုက်တယ်။ မတ်ဆေ့ကိုဖတ်ပြီး ကိုကျော်ဝေ မျက်ခုံးမြင့်တက်သွားတယ်။ နဲနဲလည်း လန့်သွားတယ်။ မတ်ဆေ့က တိုတိုလေးပါပဲ။
“ငါ့ကို မသေစေချင်ရင် မြန်မြန်ပြန်လာခဲ့ ” တဲ့။
ဒီမတ်ဆေ့ပို့တဲ့သူက ကိုကျော်ဝေရဲ့ ချစ်လှစွာသော မိန်းမ။ အခုလက်ရှိတော့ ကိုကျော်ဝေကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ထားတဲ့ အမျိုးသမီးပေါ့။ လွန်ခဲ့တဲ့ တစ်နာရီလောက်က အိမ်တွင်းအသေးစား တိုက်ပွဲလေးတခုဖြစ်ခဲ့တယ်။ လျှာနဲ့သွား ရဲ့ တမင်တကာ ကိုက်ဖြစ်တဲ့ ကိုက်ပွဲဆိုလည်း မမှားဘူး။ စေတနာကို အခြေခံတဲ့ ယောကျာ်းဖြစ်သူရဲ့ ဆုံးမသွန်သင်မှုကို နားမလည်နိင်ဘဲ ပြန်ရန်တွေ့ခံလိုက်ရတာကစတဲ့ ဒီ ရန်ပွဲ အသေးစားလေးက လိုအပ်တာထက် ပိုပြင်းထန်သွားတယ်။ နောက်ဆုံးတော့ ကိုကျော်ဝေက စိတ်လျှော့ပြီး အိမ်ပြင်ကို ထွက်လာခဲ့တယ်။ စာအုပ်တစ်အုပ်ယူပြီး အိမ်နဲ့ မနီးမဝေးက ပန်းခြံထဲမှာ စာလာထိုင်ဖတ်နေတုန်း အခုလိုမက်ဆေ့ ဝင်လာတော့တာပါပဲ။
အဆင်မပြေ ရန်လိုမှုက တဒင်္ဂလို့ပဲဆိုဆို ဒီလို အရိပ်အငွေ့တွေ လွှမ်းခြုံနေတဲ့ အခန်းထဲမှာတော့ ကိုကျော်ဝေက မနေနိင်ဘူး။ မနေချင်ဘူး။ အမြဲတမ်း အချစ်စိတ်အငွေ့အသက်တွေနဲ့
တည်ဆောက်ထားတဲ့ ဒီအိပ်ခန်းထဲကို အဆင်မပြေ ရန်လိုမှုတွေ ထိုးဖောက်လာတာကို ဝမ်းနည်းတယ်။ ဒါကြောင့်လည်း လတ်တလောမှာ ရန်လိုနေတဲ့ သူ့မိန်းမကို ထားပြီး အိမ်က ထွက်လာခဲ့တာတယ်။ အခုလို ထွက်လာခွင့်ကို လွယ်လွယ်ကူကူနဲ့ရခဲ့တာတော့ နည်းနည်းထူးဆန်းတယ်လို့ ဆိုရမယ်။
ကိုကျော်ဝေတို့က အိမ်ထောင်သက် ရင့်လာတဲ့နောက်ပိုင်း ကတောက်ကစ ဖြစ်ရတဲ့ အကြိမ်အရေအတွက်တွေ ရှိလာတယ်။ ဒီလို စကားများတိုင်းလည်း ကိုကျော်ဝေက အပြင်ကို ထွက်သွားဖို့ အမြဲကြိုးစားတယ်။ ဒါပေမယ့် တခါမှ မရခဲ့ဘူး။ မိန်းမဖြစ်သူက အိပ်ခန်းတံခါးဝကို ကျောကပ် ၊ ကြမ်းပြင်ကို ခြေစုံကန်ပြီး တံခါးဝက ပိတ်ထားလေ့ရှိတယ်။ သူ့အပြောကတော့ ရန်ဖြစ်နေတာ ပြီးအောင်ဆက်ဖြစ်တဲ့။ ဘာမှ ရှောင်ထွက်သွားစရာ မလိုဘူးတဲ့လေ။ (စိတ်ပြေသွားရင်တော့ ရန်ဖြစ်နေရင်တောင် မခွဲနိင်လို့ပါလို့ သူမက ဆိုရှာသေးတယ်)
ကိုကျော်ဝေကတော့ တစ်ခွန်းကနေနှစ်ခွန်း ရှင်းပြလို့မှ နားမလည်ဘဲ စကားဆက်များနေရရင် ဒီနေရာမှာ ဘာဆက်လုပ်နေမလဲ။ တယောက်က ရှောင်ထွက်သွားလိုက်တာကမှ စိတ်ပြေမြန်အုံးမယ်လို့ ယူဆတယ်။ ဒါပေမယ့် ဘယ်တော့မှ ထွက်ခွင့်မရဘဲ တံခါးပိတ်ထားခြင်းပဲ အမြဲခံရတယ်။ ဒီတော့လည်း အခန်းထဲမှာပဲ တိတ်တိတ်လေး နေချင်နေ ဒါမှမဟုတ် ဆက်ပြီး ရန်ဖြစ်ကြပေါ့။ ဒီလိုတွေပဲ ဖြတ်သန်းခဲ့ရတာ။
အခုတခေါက်တော့ သူ့မိန်းမက သူအပြင်ထွက်လာတာကို တံခါးဝမှာ ကျောကပ်ပြီး မပိတ်ထားဘူး။ သွား တဲ့။ ဒီတော့လည်း စာအုပ်တအုပ်ယူပြီး ထွက်လာခဲ့တယ်။ လမ်းမှာ ကော်ဖီတခွက် ဝင်ဝယ်ပြီး ပန်းခြံထဲမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတုန်း အခုလို မတ်ဆေ့ ဝင်လာတာပဲ။ စိတ်ဆိုးပြီး ထွက်လာပေမယ့် တခုခုလုပ်ချင်ပြီဆိုရင် ကမူးရှူးထိုး လုပ်တတ်တဲ့ သူ့မိန်းမ အကြောင်းကို သိထားတော့ ဘာများဖြစ်နေပြီလဲဆိုပြီး စိတ်ပူမိတယ်။
ဒါနဲ့ပဲ စာအုပ်ပိတ်ပြီး ပန်းခြံဝမှာ ရပ်ထားတဲ့ စက်ဘီးလေး ပြန်နင်းလာတယ်။ ဒေါသအခံက ကျန်နေသေးတော့ ဖြေးဖြေးပဲ နင်းဖြစ်တယ်။ အခုခေါ် အခုချက်ချင်း ပြန်လာတယ်လို့တော့ အထင်မခံချင်တာ အမှန်ပဲ။ ဒါပေမယ့် စက်ဘီးခြေနင်းကို အားစိုက်နင်းချလိုက်တိုင်း သူ့မိန်းမဘာတွေများလုပ်နေပြီလဲလို့ ကိုကျော်ဝေ စိတ်ပူစွာတွေးမိတယ်။ ခြေနင်းပြန်အတက်မှာ အသက်အန္တရာယ်တော့ မဖြစ်ပါစေနဲ့ဆိုပြီး တိတ်တိတ်လေး ဆုတောင်းမိပြန်တယ်။ စိတ်ပူရင်း ဆုတောင်းရင်းနဲ့ ကိုကျော်ဝေ ရဲ့ စက်ဘီးနင်းနှုန်းက မြန်မြန်လာတယ်။
ဟုတ်တယ်။ သူတခုခုဖြစ်နေနိင်တယ်။ ရန်ဖြစ်ထားတဲ့အချိန်မှာ ဘယ်သူကမှ မဟုတ်ဘဲနဲ့ လိမ်ပြီးပြောမှာမဟုတ်ဘူး။ ပိုပြောစရာအဖြစ်ခံကြမှာ မဟုတ်ဘူး။ သူတခုခုဖြစ်နေလောက်ပြီ။ အဲ့ဒီလိုတွေးမိတော့ စိုးရိမ်စိတ်က ငယ်ထိပ်အထိတက်လာတယ်။ စက်ဘီးကို ဖိနင်းတယ်။ ဘေးက သစ်ပင်တွေက တရိပ်ရိပ်နဲ့ကျန်နေခဲ့တယ်။ စက်ဘီးထက်မြန်တာက သူ့စိတ်ပဲ။ စိတ်က အိမ်အထိပြန်ရောက်နေတယ်။ မီးဖိုချောင်ထဲဝင်တယ်။ အိပ်ခန်းထဲဝင်တယ်။ ခြံထဲပတ်ရှာနေတယ်။ သူ့မိန်းမဘာများဖြစ်နေပြီလဲဆိုတဲ့ ထပ်ခါထပ်ခါအတွေးက အသက်ရှုနှုန်းထက်တောင် အကြိမ်ရေပိုမြန်နေသေးတယ်။
လမ်းထဲကို ဝင်ဝင်ခြင်း ခြံဝနေရာကို လှမ်းကြည့်တယ်။ အိမ်မှာ တခုခုဖြစ်နေလို့ ပါတ်ဝန်းကျင်က အိမ်နီးချင်းတွေများ ခြံဝမှာ ရှိနေသလားဆိုပြီး လှမ်းကြည့်တယ်။ တယောက်မှ မတွေ့ရလို့ စိတ်နဲနဲအေးသွားတယ်။ ခြံဝကို ရောက်လာတော့ သူတို့ အိမ်လေးထဲလှမ်းကြည့်တယ်။ ငြိမ်ငြိမ်သက်သက်ပါပဲ။ အိမ်ပေါ်မှာများ တခုခုဖြစ်နေလေသလားဆိုပြီး စက်ဘီးကို ခြံထဲက သစ်ပင်မှာ မှီပြီး အိမ်ပေါ်ပြေးတက်တယ်။
မီးဖိုချောင်က ခြေရာလက်ရာမပျက်ရှိနေတယ်။ ဧည့်ခန်းကလည်း ပုံမှန်အတိုင်းရှိနေတယ်။ ဒီတော့ တွေးစရာက အိပ်ခန်းတခုထဲပဲ ကျန်တော့တယ်။ တခုခုဖြစ်နေရင်လည်း အိပ်ခန်းထဲမှာ ဖြစ်နေမှာပဲဆိုပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။
တံခါးဆွဲအဖွင့်မှာ မြင်ရတဲ့ မြင်ကွင်းက မလှဘူး။ အခန်းထဲမှာထားတဲ့ ခေါက်စားပွဲ အပုလေးက တုံးလုံးပက်လက် လဲနေတယ်။ ရန်မဖြစ်ခင်က ဖွင့်ထားလက်စ laptop ကွန်ပြူတာက ကြမ်းပြင်မှာ ဖွင့်ထားလျက်အတိုင်းပဲ ခုံးခုံးကြီး မှောက်နေတယ်။ မြင်ကွင်းကို ဆက်မကြည့်နိင်အားပဲ ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ သူ့မိန်းမက နံရံဘက်လှည့်ပြီး ခွေခွေလေး အိပ်နေတယ်။ ရိုးရိုးအိပ်နေတာ ဟုတ်ရဲ့လားဆိုပြီး သူ့မိန်းမ ပုခုံကို ကိုင်ပြီး ဒီဘက်ဆွဲလှည့်လိုက်တယ်။ ဒါပေမယ့် သူ့မိန်းမ ခန္ဓာကိုယ်က အလွယ်တကူ ပါမလာဘူး။
ဘာကြောင့်ဆိုတော့ သူ့မိန်းမက ကိုကျော်ဝေဘက် ဆွဲအလှည့်မခံဘဲ တင်းခံထားလို့ပါပဲ။ ဒီတော့မှ ကိုကျော်ဝေ စိတ်ဒုံးဒုံးချမိတယ်။ အသက်အန္တရာယ်နဲ့ပါတ်သတ်လို့ ဘာမှမဖြစ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ စိတ်ပူတာ လျော့သွားမှ စူစူးရှရှ အနံ့တခုက နှာခေါင်းထဲ ဝင်လာတယ်။ ဘာအနံ့လည်း လိုက်ကြည့်တောမှ ဇာတ်ရည်လည်တော့တယ်။ သူတို့ကုတင်ဘေးက စားပွဲအပုလေးပေါ်မှာ အရက်ပုလင်းက ဖွင့်လျက်သားကြီးဖြစ်နေတယ်။ ဒီအရက်ပုလင်းက မိုးလေးအေးတဲ့အခါ ကိုကျော်ဝေက တစ်ခွက်တစ်ဖလား သောက်လေ့ရှိတဲ့ ပုလင်းပါ။ ခုတော့ ပုလင်းထဲမှာ အရက်တွေက
ပြောင်သလင်းခါနေတယ်။ ဒါနဲ့ သူ့မိန်းမအနားကပ်ကြည့်လိုက်တော့ အရက်နံ့က ထောင်းခနဲ ထ လာတယ်။
ခုတော့ အဖြေကရှင်းပြီ။ ကိုကျော်ဝေ အိမ်ကထွက်သွားတော့ ကျန်ခဲ့တဲ့ သူ့မိန်းမက မပြေနိင်သေးတဲ့ ဒေါသနဲ့ ခုံတွေကို မှောက်ပစ်မယ်။ ပြီးတော့ အရက်တွေ မော့ချမယ်။ ခုံမှောက်ပြီးမှ မူးသလား ၊ မူးမူးနဲ့ ခုံမှောက်ပစ်သလား ဆိုတာတော့ မသိဘူး။ အဲ့ဒီ နှစ်ခုက ဘယ်ဟာကို အရင်လုပ်သလဲ သေချာမသိပေမယ့် နှစ်ခုစလုံး လုပ်ထားတာ သေချာနေတာတော့ သက်သေနဲ့တကွကို ဖြစ်နေတယ်။
ဒီတော့မှ ကိုကျော်ဝေလည်း နဂိုထွက်ထားတဲ့ ဒေါသရယ်၊ တလမ်းလုံးစိတ်ပူပန်လာရတာရယ် ၊ စက်ဘီးအမြန်နင်းခဲ့လို့ မောနေတာရယ် ပေါင်းပြီး သက်ပြင်းကြီးကြီးသာ ချလိုက်မိတော့တယ်။ ခုတော့ ဒေါသထွက်တာလည်း မဟုတ် ၊ စိတ်ပူတာလည်းမဟုတ် ၊ မောတာလည်း မဟုတ်ဘဲ အားလုံးစုပေါင်းထားတဲ့ ခံစားချက်တခုက ထွက်လာတယ်။ မြင်လွယ်အောင် ပြောရရင် အီလည်လည် ခံစားချက်မျိုးပေါ့။ သူ့မိန်းမနဲ့အပြိုင် ပွဲကြမ်းချင်စိတ်မရှိတဲ့ ကိုကျော်ဝေအတွက် သူ့မိန်းမဖွထားသမျှ ပြန်ရှင်းရမယ့် အလုပ်တခုပဲရှိတော့တယ်။
ဒါနဲ့ပဲ မှောက်ထားတဲ့ ခေါက်စားပွဲအပုလေးကို နေသားတကျ ပြန်ထောင်တယ်။ ကွန်ပြူတာကို မပြီး ကွဲအက်သွားသလား သေချာစစ်တယ်။ ဘာမှမဖြစ်လို့ တော်ပါသေးရဲ့ဆိုပြီး ခုံပေါ်ပြန်တင်တယ်။
ရေနွေးဗန်းက ခုံပေါ်မှာထားတဲ့အတိုင်းပဲ ပက်လက်ကလေး ကျနေတယ်။ မှောက်ခြင်းပြုခြင်းမရှိဘူး။ ခွက်အလွတ်တွေကတော့ ဟိုတခွက် ဒီတခွက် ပြန့်ကျဲနေတယ်။ ခွက်တွေပြန်ကောက်ပြီး ရေနွေးဗန်းထဲ ပြန်စီတယ်။ မနက်ကစားလက်စ ပဲပလာတာပန်းကန်ကလည်း ကံကောင်းထောက်မလို့ မှောက်မနေဘူး။ ပန်းကန်ထဲ ထည့်ထားတဲ့အတိုင်းပဲ ကျနေတယ်။ ဒါကိုလည်း ခုံပေါ်ပြန်တင်လိုက်တယ်။ ကံကောင်းတာက တီဗီကို ရိုက်မခွဲထားတာပဲ။ အခြေအနေက ထင်သလောက်မဆိုးသေး။ ကွဲတာရှတာ ဘာမှမရှိဘူးဆိုတော့ စိတ်သက်သာရာ ရမိတယ်။ ရန်ဖြစ်လို့ ပစ္စည်းတွေ ကွဲရှတာကို ကိုကျော်ဝေက သိပ်နှမျောတာဆိုတော့ အခုလို အခြေအနေလောက်နဲ့ ပြီးသွားတာကို တော်သေးရဲ့လို့ တွေးမိတယ်။
ကျနေတာတွေ အကုန် စနစ်တကျ ပြန်တင်ပြီးတော့ ကိုကျော်ဝေ ကွန်ပြူတာရှေ့မှာပဲ ဆက်ထိုင်ပြီး သတင်းတွေ လိုက်ဖတ်နေလိုက်တယ်။ ခဏကြာတော့ မိန်းမဖြစ်သူက ထလာတယ်။ သူ့ဆီကို တန်းတန်းမတ်မတ် လာနေတာ တွေ့လိုက်ရတော့ ကိုကျော်ဝေ စိတ်လေးသွားရတယ်။ ဘာပြဿနာ ထပ်တက်အုံးမလဲတွေးမိလို့ပါပဲ။ သာမန်အချိန်မှာတောင် ပြဿနာ ရှင်းမရတာ အခုလို မူးနေချိန်ဆိုတော့ ပြီးမယ်မထင်တော့ဘူး။ ထင်တဲ့အတိုင်းပဲ သူ့မိန်းက ဘေးနား လာထိုင်တယ်။
“ ဘာပြန်လာလုပ်တာလဲ။ သွားလေ သွား။ အပြင်သိပ်သွားချင်နေတာမဟုတ်လား။
သွား သွား ။ ပြန်မလာနဲ့ သွား။”
“ကဲ ပါ မိန်းမရာ။ သွားအိပ်နေပါကွာ။ အဲ့ဒါတွေ နောက်မှပြောတော့နော်။”
“ မရဘူး။ အခုပြောမယ်။ ဘာဖြစ်လို့ အိမ်က တချိန်လုံးထွက်သွားချင်ရတာလဲ။ အခုသွားလေ။ သွားပါ။ မတားဘူး သွား သွား”
ဆက်ပြောရင်လည်း ဇာတ်လမ်းက ပြတ်မယ်မထင်။ ဒီတော့ သူ့မိန်းမပုခုံးကို ခပ်ဖွဖွ ဖက်လိုက်တယ်။ မိန်းမဖြစ်သူက အဖက်မခံ။ လက်ကိုပုတ်ချတယ်။ ထပ်ဖက်တယ်။ ရုန်းမရအောင် ခပ်တင်းတင်းဖက်တော့ ငြိမ်ကျသွားတယ်။
“ လာ လာ ခဏအိပ်လိုက်နော်။ အိပ်ယာနိုးမှ မိန်းမကြိုက်တဲ့ မုန့်တီ လိုက်ဝယ်ကျွေးမယ်နော်။”
“မစားဘူး။”
“ဒါဆိုလည်း အပြင်သွားကြမယ်နော်။”
“မသွားဘူး။ ဘယ်မှ မသွားဘူး။”
“စိတ်မဆိုးနဲ့တော့နော်။ တောင်းပန်ပါတယ်။ ဘာရယ်မဟုတ်ဘူး စေတနာနဲ့ပြောတာပါ။ လာလာ ခဏအိပ်လိုက်”
သူ့မိန်းမ ပုခုံးကို ခပ်တင်းတင်းဖက်ပြီး အိပ်ယာပေါ်တင်ပေးလိုက်တယ်။ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးပြီး ချော့လိုက်တော့ အရက်သမားလေးက ငြိမ်ကျသွားတော့တယ်။ ငြိမ်သွားပြီဆိုတော့မှ ကိုကျော်ဝေ ခုံမှာ သူပြန်ထိုင်တယ်။ ခုတော့ ဒေါသလည်း မရှိတော့။ ရန်ပွဲလည်းဘယ်လိုပြီးသွားမှန်း မသိတော့။ ညနေ သူ့မိန်းမ နိုးလာရင်တော့ စက်ဘီးလေးပေါ်တင်ပြီး အပြင်ဘက် သွားကြမယ်လို့ ဆုံးဖြတ်ထားတယ်။ တခါတလေတော့ ရှုပ်ထွေးစည်ကားနေတဲ့ ပါတ်ဝန်းကျင်နဲ့ ပြင်ပလေထုက ရန်ဖြစ်ပြီးစ ဇနီးမောင်နှံအတွက် စိတ်ကြည်လင်စေဖို့ လိုအပ်တယ်လို့ ထင်မိတယ်။
ကိုကျော်ဝေက သူ့မိန်းမနိုးလာချိန်အတွက် သူ့အတွေးနဲ့သူ စိတ်ကူးနေချိန်မှာပဲ သူ့မိန်းမက သူ့ကို မျက်လုံးလေးမှေးပြီး ခိုးကြည့်နေတာ မသိဘူး။ ဘယ်သိပါ့မလဲ။ သူ့မိန်းမ မူးပြီး အိပ်ပျော်နေတယ်ပဲ ထင်တာပေါ့။ သူ့မိန်းမက သူ့ကို ရယ်ရွှင်တဲ့ မျက်နာလေးနဲ့ ခိုးကြည့်နေတာကို မသိသလို သူ့မိန်းမရဲ့ စိတ်အတွေးကိုလည်း မသိရှာဘူး။ သူ့မိန်းမ တွေးနေတာက ဖြစ်ခဲ့တဲ့ ရန်ပွဲနဲ့ မဆိုင်ဘူးလို့ ပြောရင်လည်း ရတယ်။ ဆိုင်တယ်လို့ပြောရင်လည်းရတယ်။
အရက်တွေ ပေနေတဲ့ သူ့အင်္ကျ ီကို အမြန်ဆုံးလဲချင်နေတယ်။ အထူးသဖြင့် အရက်တငုံကို ပလုတ်ကျင်းထားမိလို့ အာခံတွင်းတွေ ပူနေတာကို အမြန်ဆုံး ပလုတ်ကျင်းချင်နေတယ်။
ပိုအရေးကြီးတာက အိမ်သာခွက်ထဲ သွန်ချထားတဲ့ အရက်တွေက (ရေလောင်းချထားပေမယ့်) အနံ့တွေ ထွက်နေမလားဆိုပြီး သူ့ယောကျာ်း မသိခင် အရင်ဆုံး ဆေးကြောချင်နေတဲ့ စိတ်ဆန္ဒအတွေးပါပဲ။
ဒါကို ကိုကျော်ဝေက မသိဘူး။ သူ့စိတ်အတွေးနဲ့သူ ကြည်နူးနေတယ်။ မုန်တိုင်းပြီးစ လေညင်းကို မကြာခင် ပွေ့ဖက်ဖို့ ကြည်နူးနေတယ်။ ကိုကျော်ဝေ မိန်းမကလည်း မြန်မာဇာတ်ကားတွေထဲက ရိုးရှင်းလှတဲ့ ဇာတ်ဝင်ခန်းတချို့ကို အသုံးပြုလိုက်မိလို့ အတွေးနဲ့ ရီနေမိတယ်။ ယောကျာ်းဖြစ်သူက စိတ်ပူပြီး ချက်ချင်းပြန်လာတာကို ကြည်နူးတာလည်း ပါတာပေါ့။
ကိုကျော်ဝေမိန်းမအတွေးက ရှင်းတယ်။ အဆင်မပြေ အယူအဆမတူတဲ့အခါ ရန်ဖြစ်ကြမှာပဲ။ ဘယ်လိုပဲရန်ဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် သူ့ယောကျာ်းကို မျက်စေ့အောက်မှာ ရှိနေတာမျိုးပဲ လိုချင်တယ်။ ရန်လည်းဖြစ်ရသေး စိတ်လည်းပူရသေးဆို သိ်ပ်မနိပ်ဘူးထင်တာကိုး။ ဒီတော့ ယောကျာ်းပြန်လာအောင် ရိုးရှင်းလှတဲ့ လှည့်ကွက် သုံးလိုက်မိလို့ ရီပြုံးမိတာရယ် ကိုကျော်ဝေပြန်လာလို့ ကြည်နူးကျေနပ်တာရယ် ပေါင်းပြီး မျက်နာက တားဆီးမရဘဲ ပြုံးယောင်သန်းနေမိတာပေါ့။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လေ။ နှစ်ယောက် တစ်ဘဝမှာ နှစ်ယောက်စလုံး ကြည်နူးနေဖို့ အရေးကြီးတယ် မဟုတ်လား။
။……………………………….။
မြစ်ကျိုးအင်း