ဂမ္ဘီခင်မိ (ဝတ္ထုတို)✍️ ချစ်ဦးညို
📔📔📔
"ဆရာလေးက ရာမဇာတ်ကို ဝတ္ထုစာအုပ်ပြန်ရေးတဲ့ စာရေးဆရာဆိုတာလား'
“ခင်ဗျာ...”
"ဪ… အဒေါ်တို့ ဇာတ်မန်နေဂျာက ပြောပြောနေလို့ပါ။ ရာမဇာတ်ကို ဆရာလေးက အခုခေတ်လို ဝတ္ထုမျိုးရေးတာတဲ့၊ ဒဿဂီရိဘီလူးမင်းအကြောင်းတွေ အတော်ရေးသတဲ့၊ အဒေါ်က ဆရာလေးရေးတဲ့ ဝတ္ထုစာအုပ်တော့ မဖတ်ဖူးပါဘူးသူများပြောလို့”
သူ့ကိုယ်သူ အဒေါ်၊ ကျွန်တော့်ကို ဆရာလေးဟု ခေါ်ခေါ်နေသော မိန်းမကြီးကို ကျွန်တော် ငေးကြည့်နေမိသည်။ မိန်းမကြီးသည် အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးရှိမည်။ ကြုံလှီသော ကိုယ်ခန္ဓာနှင့် သေးသွယ်ပါးလျားသော မျက်နှာနှင့်။ သို့သော် သနပ်ခါးထူထူလိမ်း ထားသော မျက်နှာသည် ကျွန်တော့်ကို ပြုံးကြည့်နေသည်။ ခင်ဖွယ်ကောင်းသော အပြုံးလည်း ဖြစ်သည်။
"အဲဒီဝတ္ထုစာအုပ်ရေးတဲ့သူဟာ ဆရာလေးဆိုရင် အဒေါ်အကြောင်းလေး ပြောပြချင်လို့"
“ဟုတ်ကဲ့...ကျွန်တော်..."
ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်နေစဉ် ဇာတ်အဖွဲ့၏ မန်နေဂျာရောက်လာသည်။ မန်နေဂျာကြောင့် အဆင်ပြေသွားရပေသည်။
“မခင်မိနဲ့ တွေ့ နေမှကိုး၊ ဆရာရေ အဲဒါ ကျုပ်တို့အဖွဲ့ ထဲက မင်းသမီးကြမ်း မခင်မိဆို တာပဲသူက တခြားဇာတ်ထုပ်ဇာတ်ရုပ်ထက် ရာမဇာတ်ထုပ်မှာ ဂမ္ဘီနေရာက ကရင် သိပ်ကောင်း တဲ့သူပေါ့။ ရွှေနန်းတော် မခင်မိဆိုတဲ့ အမည်ရင်းပျောက်ပြီး ဂမ္ဘီခင်မိတွင်နေတာပဲ ကြည့်တော့"
"ဪ"
ကျွန်တော် အခုမှ နားလည်သွားရသည်။ ဂမ္ဘီခင်မိ…ဂမ္ဘီခင်မိ ဟုတော့ ကြားဖူးနေခဲ့ သည်။ “.... ဇာတ်အဖွဲ့၊ ရာမဇာတ်မှာ ဂမ္ဘီ သိပ်ကောင်းတယ်၊ ဂမ္ဘီခင်မိတဲ့"ဟုသာ ကြားဖူးခဲ့ သည်။ နာမည်ကျော် အနုပညာရှင် မင်းသမီးကြမ်းကို တစ်ခါမှ မမြင်ဖူးခဲ့။ ဪ... နာမည်ကျော် ဂမ္ဘီခင်မိဆိုသူကား ကျွန်တော့်ရှေ့မှောက်မှ သေးသွယ်ကြုံလှီသော ကိုယ်ခန္ဓာရှိသည့်၊ သနပ်ခါးထူထူလိမ်းထားသည့် အသက်ငါးဆယ်ခန့် မိန်းမကြီးပေတကား။
*****************
ဝမ်းသာအားရ ကျွန်တော် မိတ်ဆက်လိုက်သည်။ မန်နေဂျာကလည်း ကျွန်တော့်အကြောင်း ပြောပြလေသည်။ “ဂမ္ဘီဒေါ်ခင်မိ"သည် ဆေးပေါ့လိပ်တိုကို မီးညှိရင်း လှိုက်လှိုက်လှဲလှဲ ပြုံးနေ ပေသည်။
“ဆရာလေးရေးတဲ့ ဝတ္ထုစာအုပ်တော့ အဒေါ်မဖတ်ဖူးပါဘူး၊ စိတ်တော့ မရှိနဲ့နော်၊ အဒေါ်က စာမှမတတ်တာကိုး"
"ခင်ဗျာ..."
“မအံ့သြနဲ့ ဆရာရေ့၊ ကျွန်တော်တို့ ဇာတ်သမားတွေထဲမှာ စာမတတ်တဲ့လူတွေ ရှိနေ တယ်ဆိုတာ ယုံ၊ နည်းနည်းပါးပါး ရေးတတ်ဖတ်တတ်တဲ့သူတွေဆိုလည်း ဇာတ်မှာ စာရေးကျင့် ဖတ်ကျင့် မရှိကြတော့ တတ်သမျှ စာလေးတွေ မေ့ကုန်ကြရော၊ မခင်မိတို့လို အရွယ်တွေဆိုရင် ပိုတောင်များသေး၊ ဒါပေမဲ့ စာသာမတတ်တယ် အလုပ်လုပ်ကြစို့ဆိုတော့ သူက ကောင်းနေပြန်ရော"
ဒေါ်ခင်မိသည် သူ စာမတတ်သည့်အတွက်၊ ပြီးတော့ သူအလုပ်မှာ ကောင်းသည်ဆိုသည့် အတွက် ရှက်ကိုးရှက်ကန်းရော၊ ဂုဏ်ယူဟန်ရော နှစ်ခုပေါင်းပြီး ထူးဆန်းစွာ ပြုံးနေသည်ဟု ကျွန်တော် ထင်သည်။
“ကဲပါ မန်နေဂျာကြီးရယ်၊ အဲဒါတွေ ထားစမ်းပါ၊ ကျွန်မကလည်း ဆရာလေးကို တွေ့ ချင်နေတာ၊ အခုလို ဆုံရတုန်း ကျွန်မအကြောင်းလေး ပြောချင်လို့၊ ဆရာလေးက ရာမဇာတ်ကို ဝတ္ထုရေးတဲ့သူဆိုတော့ ကျွန်မအကြောင်းလည်း စိတ်ဝင်စားလိမ့်မယ် ထင်ပါတယ်၊ ဘယ့်နှယ် လဲ ဆရာလေး"
ပွင့်လင်းရိုးသားသော ဒေါ်ခင်မိ၏ စကား၌ ကျွန်တော် ချက်ချင်း စိတ်ဝင်စားမိသွားသည်။
“ဟာ... အများကြီး စိတ်ဝင်စားပါတယ် အဒေါ်ရယ်၊ ပြောပါ"
“သိပ်ရယ်စရာကောင်းတာကလား ဆရာလေးရဲ့၊ ဆရာလေး အဲဒါကို ဝတ္ထုစာအုပ်ဖြစ်အောင် ရေးစမ်းပါ၊ အဒေါ်ဂမ္ဘီကစဉ်တုန်းက အတွေ့အကြုံ"
“သိပ်ကောင်းပါတယ် အဒေါ်၊ ကျွန်တော် ကြိုးစား ရေးပါ့မယ်"
ဂမ္ဘီခင်မိဟု ခေါ်သော မင်းသမီးကြီးသည် ဆေးပေါ့လိပ်တိုကို ကြီးမားသော ကြေးမီးခြစ်ဖြင့် မီးညှိလိုက်ပြီး သူ့ ‘ရယ်စရာဇာတ်လမ်း'ကို စတင် ပြောပြလေသည်။ လက်ယာဘက်တန်း တွင် ချိတ်ထားသော ရာမခေါင်း၊ လက္ခဏခေါင်း၊ ဘိုးတော်ခေါင်းများ၊ လက်ဝဲဘက်တန်းတွင် ချိတ်ထားသော ဒဿဂီရိခေါင်း၊ ဘီလူးခေါင်းများ၊ ပြီးတော့ ရှေ့မှောက်တွင် ပြင်ထားသည့် ကန်တော့ပွဲမှ ဖယောင်းတိုင်မီးတောက်များကို တစ်လှည့်စီကြည့်ရင်း ဂမ္ဘီခင်မိ၏ ရယ်စရာ အတွေ့အကြုံကို ကျွန်တော် နားစွင့်လိုက်သည်။
*****************
“အဒေါ် ရွာကနေ ထွက်ပြေးပြီး ဇာတ်ထဲဝင်တုန်းကတော့ မင်းသမီးလုပ်မလို့ပဲ၊ ဒါပေမဲ့ အကျိုးပေးပေါ့လေ၊ လူက သေးသေးသွယ်သွယ် ရှိပေမဲ့ နွဲ့နွဲ့နှောင်းနှောင်း မဟုတ်တော့ မင်းသမီး ဖြစ်မလာဘဲ အဟင်း..မိန်းမကြမ်း ဖြစ်လာတယ်၊ အကကလည်း အဆတ်က၊ အမာကပဲ ကတတ်တော့ နှစ်ပါးမင်းသမီးအဖြစ်တောင် ကြာကြာမခံပါဘူး၊ နောက်ပိုင်း မိန်းမကြမ်းနဲ့ အကျိုးပေးလာတယ်။ အသံကလေးက တဆိတ်ပေါက်ရောက်အောင် အော်နိုင်တော့ လည်း နောက်ပိုင်း ဇာတ်ထုပ်တွေမှာ လာပြီး အသုံးတည့်တော့တာပေါ့။
“ဘာလဲ ဆရာလေးက အဒေါ် စာမတတ်ဘဲနဲ့ နောက်ပိုင်းဇာတ်တွေ ကလို့ရတာ အံ့သြ နေသလား၊ အံ့သြစရာတော့ မရှိပါဘူး၊ အဒေါ်က ဇာတ်စာတို့ သီချင်းတို့ဆိုရင် သိပ်မှတ်မိလွယ်တာ၊ နှစ်ခေါက်သုံးခေါက်လောက် ချပေးလိုက်ရင် ရတော့တာပဲ၊ တစ်ခါတလေ နည်းနည်းပါးပါးကနေရင်း ဆိုနေရင်း မေ့သွားလည်း စာပိုးခံလိုက်တာပေါ့၊ ဆရာလေး သိမှာပါ၊ စာပိုးတယ်ဆိုတာလေ ကားလိပ်နောက်ကနေပြီး တစ်ယောက်က စာကို ရွတ်ပြ၊ အဒေါ်က ကရင်းနဲ့ ရှေ့ကနေ ဆိုသွားတာလေ၊ အင်းလေ ဒါ ထားလိုက်ပါတော့။
“အဒေါ်ပြောချင်တာက ရာမဇာတ်အကြောင်း ဂမ္ဘီအကြောင်း ဆရာလေး သိပြီးသားပါ၊ ဂမ္ဘီဆိုတာက ဒသဂီရိရဲ့နှမ၊ ဒုသနဲ့ ခရတို့ရဲ့ မိခင်၊ သားနှစ်ယောက်မိခင် ဘီလူးမလေ၊ မိန်းမကြမ်းပေါ့၊ ရာမ လက္ခဏကို လက်စားချေတဲ့ ကိစ္စမှာ အစီအစဉ်ကို ခေါင်းဆောင်တဲ့ တကယ့်မိန်းမကြမ်းပေါ့၊ အဒေါ်က အဲဒီဂမ္ဘီမှာ အကျိုးပေးသွားတယ်ဆိုပါတော့။ ခုနင်က မန်နေဂျာ ပြောသလို ရွှေနန်းတော် ခင်မိပျောက်ပြီး ဂမ္ဘီမိခင်ဖြစ်သွားတဲ့အထိ အဒေါ်ကလည်း ဂမ္ဘီနေရာ ကရတာကို ဘာကြောင့်မှန်းမသိဘူး၊ သိပ်အားရတယ်၊ ကရတဲ့ ကကြိုးတွေ၊ ရွတ်ရတဲ့ စာတွေ အဒေါ်နဲ့ လမိုင်းကို ကပ်နေတာကလား။
“အဲ... ဂမ္ဘီဆိုလို့ အဒေါ်က ဂမ္ဘီကို သေသေချာချာ ကနေတာမို့ အဲဒီကိစ္စလေး နည်းနည်းပြောချင်တယ် ဆရာလေးရဲ့၊ အခုတော့ ရာမ အဖွဲ့တွေကလည်း သူ့မူနဲ့သူ အဖွဲ့တွေဖွဲ့ ကကြ ဆိုကြ၊ ယဉ်ကျေးမှု ကဇာတ်ကလည်း ရာမဇာတ်က နိုင်ငံခြားတွေ ဘာတွေတောင် သွားပြီး လေးတော်တင်ခန်း၊ သမင်လိုက်ခန်း ပြိုင်ပွဲဝင်ပြီး ပထမရခဲ့တယ်လို့တောင် ကြားဖူးတာပဲ၊ ကောင်းမှာပါ၊ ကောင်းကြမှာပါ၊ အဲဒီယဉ်ကျေးမှု ရာမလည်း ရန်ကုန်ရောက်မှ ကြည့်ရဦးမယ်၊ အဒေါ်တို့တုန်းကတော့ ရာမဇာတ်မှာ ဂမ္ဘီဟေ့ ဆိုတာနဲ့ ဂမ္ဘီပညာခန်းငါးရပ် ကျွတ်အောင် သင်ရိုးကုန် သင်ရတယ် ဆရာလေးရဲ့၊ အဆိုရော အကရော စကားရော။
“အဲဒါတွေက ဂမ္ဘီနယ်ပြတဲ့၊ ဂမ္ဘီအိမ်တော်ထတဲ့၊ ဂမ္ဘီခြေရာကောက်တဲ့၊ ဂမ္ဘီသားသေတင် တဲ့၊ ဂမ္ဘီသမင်ပန်တဲ့ ငါးမျိုးအသေးစိတ်တော့ နောက်မှ ပြောကြစို့ ဆရာလေး၊ ပြောရရင် ရာမဇာတ်ကိုပါ ပြန်ခင်းရမှာ...
"အဲဒီ ဂမ္ဘီငါးခန်းကို အဒေါ်က ဆရာ့ ဆရာတွေနဲ့ အလုပ်လုပ်ခဲ့ဖူးတော့ ဘယ်နေရာ ကားလိပ်တင်၊ ဘယ်နေရာက ကရောင်းရိုက် ဆိုတာကအစ မှတ်မိနေတယ်လေ၊ ကိုယ်နဲ့ ဇာတ်ရုပ်ချင်း တွေ့ရတဲ့ အိမ်တော်ဝန်တို့၊ ဒဿဂီရိတို့တွေ စာမေ့စကားမေ့နေတောင်မှ အဒေါ်က ဆောင်ပြီ ကသွားနိုင်တယ်၊
ဂမ္ဘီမှာ အဒေါ်က အဲ့သလောက် လမိုင်းဝင်တာ၊ မကခင် ကန်တော့ ပွဲ ရှိခိုးပြီး ဆိုကတည်းက အဒေါ်မှာ ကျန်တဲ့သောကတွေ ပျောက်၊ အကုန်မေ့၊ ငါဟာ
သိန်းဃိုပြည့်ရှင် ဘုရင် ဒဿဂီရိရဲ့နှမ၊ ဒုသနဲ့ ခရ သားနှစ်ယောက်အမေ၊ ဒီလင်္ကာဒီပမှာ တကယ့် ထိတ်ထိတ်ကြဲမိန်းမ ဂမ္ဘီဟဲ့ဆိုတဲ့ စိတ်တွေ ဝင်လာတာကိုး"
အဒေါ် ဂမ္ဘီခင်မိ၏ ဂမ္ဘီသြဝါဒကို ကျွန်တော် လုံးဝ ဥဿုံ လက်ခံနေမိသည်။ သူ့အနုပညာ ဘယ်လောက် ထက်မြက်ကြောင်း ကျွန်တော် သိပြီးဖြစ်သည်။ ဒေါ်ခင်မိသည် မီးသေသွားသော ဆေးပေါ့လိပ်ကို ပြာခွက်တွင် ခေါင်းချွေရင်း စကားဆက် အရှိန်ယူလိုက်လေ သည်။
*****************
“အဲ့သလောက် ဂမ္ဘီကို ထုံးလိုချေ ရေလိုနှောက်ခဲ့တဲ့ အဒေါ်ဟာ တစ်ခါက ပွဲချီတစ်ချီ မှာ ဂမ္ဘီအဖြစ် ကရင်း အကတွေမှားက၊ ရွတ်တဲ့စာလည်း မှားရွတ် ငိုချင်းတောင်မှ မှားငိုမိ လို့ ဒုက္ခရောက်ခဲ့တယ်ဆိုရင် ဆရာလေး ယုံမလား'
“ခင်ဗျာ”
“အဟင်း.. ဆရာလေး အံ့သြသွားသလား၊ မယုံမရှိနဲ့ ဆရာလေးရေ၊ ဂမ္ဘီခင်မိ ကိုယ်တိုင် ပြောပြနေတာ၊ အဲဒါကြောင့် ရယ်စရာကောင်းတယ်လို့ဆိုတာ၊ ဒီလို ဆရာလေးရဲ့ ဖြစ် ရပုံများ ..."
ဖြစ်ရပုံကား ဤသို့ပင်တည်း။
ဒေါ်ခင်မိတွင် သားနှစ်ယောက်ရှိသည်။ သားအကြီးမှာ အသက်ဆယ့်ငါးနှစ် ရှိပြီဟု ဆိုသည်။ အမည်က လှငွေ။ သားအငယ်ကား ဆယ့်သုံးနှစ် လှဝေ။ ခင်ပွန်းသည် ကြေးတီး ဆရာကား ပွဲကူးတွင် ကားမှောက်၍ ကွယ်လွန်ခဲ့သည်။ ရာမဇာတ်ထဲက
ဂမ္ဘီကဲ့သို့ပင် ဒေါ်ခင်မိ ” သည် သားနှစ်ယောက်မိခင် မုဆိုးမ။ သို့သော် ဂမ္ဘီကား၊ လင်္ကာဒီပဘုရင်၏ နှမတော်၊ သိန်းဃို ပြည်ကြီး၏ သခင်မတစ်ပါး။ ဒေါ်ခင်မိကား သားနှစ်ယောက်မှအပ ဘာကိုမှ ပိုင်ဆိုင်သူမဟုတ်။ သူဝတ်ရသော ဂမ္ဘီခေါင်း၊ လက်စည်း ဒွါဒရာတို့ပင်လျှင် သူ့ကိုယ်ပိုင်မဟုတ်။ ဇာတ်ဆရာ၏ ပစ္စည်းများသာ။ ဒေါ်ခင်မိမှာ ချမ်းသာသည်က သူ့ဂမ္ဘီအနုပညာသာ ဖြစ်သည်။
ဂမ္ဘီတွင် အားကိုးစရာ အစ်ကိုတော် ဒသဂီရိ ရှိသော်လည်း ဒေါ်ခင်မိတွင် အားကိုးစရာ ဘယ်သူမှ မရှိ။ သားနှစ်ယောက်ကလည်း...
“အကြီးကောင် လှငွေက ဆိုင်းဝါသနာပါတယ်ဆိုတော့ အဒေါ်တို့ ဇာတ်ထဲက ဆိုင်း ထဲ ထည့်ထားတယ်၊ မောင်းတီးလက်သင်လေး ဖြစ်နေတယ်လေ၊ မောင်းတီးလက်သင်ဆိုပေမဲ့ ဆိုင်းထဲမှာ ရေနွေးထည့် ဆေးလိပ်မီးညှိ ပတ်စာကြိတ် တောက်တိုမည်ရက ပိုများပါတယ်။ ဓာတ်ဆရာမောင်မင်းကြီးသားက ညကြေးလေး ငါးကျပ်ပေးထားတယ်၊ အငယ်ကောင် လှဝေ ကတော့ တစ်မျိုး၊ ဘယ့်နှယ်ဝါသနာမှန်း မသိဘူး ဆရာလေးရယ်၊ ဇာတ်ထဲမှာ အတီးလည်း ဝါသနာမပါ၊ အကလည်း ဝါသနာမပါ၊ ဆက်တင် ဝါသနာပါသတဲ့၊ အနုပညာဆိုတာက ကျုံး သွင်းရိုက်သင်လို့လည်း ဖြစ်တာမှ မဟုတ်ဘဲကိုး ဆရာလေးရဲ့၊ ကဲ နင်ဝါသနာပါတာ လုပ် ဟယ်လို့ လွှတ်ထားလိုက်ရတယ်၊ အဲဒါ ဆက်တင်အဖွဲ့ ထဲမှာလေ၊ အလုပ်က ကားဆွဲ၊ ကားဆွဲ ဆိုတာတောင်မှ ရှေ့ပိုင်း ပြဇာတ်တွေ ဘာတွေမှာ ကားလိပ်ကြိုးမကိုင်ရပါဘူး၊ ဆက်တင်သမား တွေ အိပ်ချင်တဲ့နောက်ပိုင်း ဓာတ်ကျမှ ကားကြိုးကိုင်ရတာပါ။ သူ့ညကြေးက သုံးကျပ် မိုးလင်း ပွဲသိမ်း ဗျောခေါက်ထိ ငုတ်တုတ်ထိုင်ရတဲ့ ကားဆွဲပေါ့၊ အဲဒီတော့ အဒေါ်က ညကြေးတစ်ဆယ်၊ အကြီးကောင်က ငါးကျပ်၊ အငယ်ကောင်က သုံးကျပ်၊ သားအမိသုံးယောက်ပေါင်း ညကြေး "ဆယ့်ရှစ်ကျပ်"
တစ်ည ဆယ့်ရှစ်ကျပ် တစ်လကို ငါးရာ့လေးဆယ်။ သည်လိုတွက်၍မရပေ။ ဇာတ်မှာ ပွဲနားရက်၊ အကြောင်းအမျိုးမျိုးကြောင့် ပွဲမကရသည့်ရက်၊ ဇာတ်ဆရာအတွက် အခမဲ့ ကပေးရ သော ကူချီပွဲရက်များ နုတ်လိုက်လျှင် ဒေါ်ခင်မိတို့ ဇာတ်မျိုးအတွက် တစ်လ ဆယ်ချီ၊ ဆယ့် ငါးချီ အနိုင်နိုင်သာ ရှိကြောင်း ကျွန်တော် သိထားသည်။
"ဖြစ်ရပုံများ ဆရာလေးနှယ် အဲဒီတုန်းက အကြီးကောင်ကလည်း အထက်ဖက် ကပြီး ပြန်အလာမှာ ငှက်ဖျားဝင်လာတယ်၊ သူ့ဆေးဖိုးရော ပြီးတော့ အငယ်ကောင်ကလည်း ဖိနပ် သဲကြိုးပြတ်နေလို့ ဖိနပ်စီးစရာမရှိဘူး၊ ဖိနပ်ဝယ်ပေးရမယ့်ကိစ္စနဲ့၊ အဒေါ်ကလည်း မရိုသေ့ စကားကွယ် သွေးဆုံးဆိုတော့ ဆေးစားနေရတာ လူက ကျန်းမာတာ မဟုတ်ဘူး၊ စိတ်က ထွေနေတယ်၊ အကြွေးကလည်း ဆပ်စရာရှိ၊ အဲဒီတုန်းက ပွဲချီကလည်းနည်းတော့ ဒီသားအကြီး အတွက် ဆေးဝယ်ဖို့၊ အငယ်အတွက် ဖိနပ်ဝယ်ဖို့၊ ကိုယ့်အတွက် ဆေးဝယ်ဖို့၊ ရမယ့်ညကြေးနဲ့ ဘယ်လိုလုပ်ရမှန်းမသိ စိတ်များညစ်လိုက်ပုံနှယ်။
“အဲဒီည ရာမကကြရော၊ ဆရာလေး သိတဲ့အတိုင်း ဂမ္ဘီ မှော်ရုံတောထဲ သွားကြတဲ့ ဒုသနဲ့ ခရ သားနှစ်ယောက် အချိန်တန်ပြန်မလာလို့ ထွက်ရှာတာကိုး၊ သားနှစ်ယောက်ရဲ့ ခြေရာတွေ တွေ့ရော၊
ဂမ္ဘီခြေရာကောက်ပေါ့၊ အဲဒါကို ပထမခြေရာကောက်ခေါ်တယ်၊ နောက် မှော်ရုံတောအလယ်က သစ်ငုတ်တိုမှာ ဒုသနဲ့ ခရ သားနှစ်ပါးရဲ့ ခေါင်းပြတ်ကလေးတွေ တွေ့ရတော့ မိခင်ဂမ္ဘီမှာ သည်းအူပြတ်ဖြစ်ရတာကိုး၊ ဒါပေမဲ့ ဂမ္ဘီက ခက်ထန်သူဆိုတော့ အပူထဲမှာကို ခပ်ကြမ်းကြမ်း ကရတယ်လေ၊ အဒေါ့်အတွက်က ဒီမှာ ကျွမ်းကျင်ပြီးသားပါ။
“သားသေ တွေ့ပြီးတော့ သတ်တဲ့ရန်သူခြေရာကို ကောက်တဲ့ ဒုတိယခြေရာကောက်၊ အိမ်တော်ဝန်က ရန်သူ့ခြေရာဟာ လူသားဖြစ်ရာဖြစ်ကြောင်း သံတော်ဦးတင်ရာ ဒီမှာတင် အဒေါ်က ရန်သူကို လိုက်မှာကိုး...
“သည်တောင်ယံ ကမ်းပါးမြင့် အထပ်ဆီသို့ xx သားနှစ်ပွင့်သတ်သူ သည်လူမျိုးကိုဖြင့် xx မာန်ကိုးကာ အရှာတက်မည်ကြောင့် xx သင်းရန်သူ လွတ်မထွက်ရအောင် x ဟဲ့..ချွတ်နှက်၍ပြ xx"
"ဒီစာရွတ်ပြီး ဆိုင်းက ချွတ်နှက်၊ အဒေါ်က ခြေရာကောက်က၊ ခြေရာတွေက တစ်စ တစ်စ ထင်ရှားလာ၊ ဂမ္ဘီ့ရင်မှာ သားနှစ်ပါးအတွက် သောကနဲ့ ရန်သူ့အတွက် လက်စားချေလိုတဲ့ ဒေါသတွေ ဆူဝေလာ၊ ဆိုင်းကလည်း ချွတ်မဟုတ်တော့ဘူး၊ အပူလေ ဒိန်းနှက်နေပြီ၊ ကလို့ကောင်းလိုက်တာများ၊ အဲ ... ဒီနေရာမှာတင် ဘယ့်နှယ်ဘယ့်နှယ်ဖြစ်သွားသလဲ မသိဘူး၊ ဂမ္ဘီလမိုင်းစီးနေရာမှာ လှငွေဖို့ ငှက်ဖျားဆေး၊ လှဝေဖို့ ဖိနပ်ဖိုး၊ ကိုယ့်ဖို့ ဆေးဖိုး၊ အကြွေး. ဒါတွေ ခေါင်းထဲဝင်လာပါလေရော၊ ငါတော့ ခက်ပြီလို့ စိတ်က ထင်လိုက်မိတယ်။ ဒါပေမဲ့ အို... ငါဟာ ဂမ္ဘီခင်မိပဲဟဲ့ ဆိုပြီး ဆက်ကတယ်။
“... အိမ်တော်ဝန်က တောင်းပန်လို့. တိုင်းတော်ပြည်တော် ပြန်ပြီး ကိုယ်တော်ကြီး ဒသဂီရိကို သံတော်ဦးတင်ရမယ့် အခန်းကိုး၊ အဲဒါနဲ့ ဆိုင်းက ကရောင်းရိုက်၊ နန်းတော်ဝင်ရမှာ ဟိုရောက်တော့ ဒဿဂီရိလည်းတွေ့ရော ရင်ထု၊ ငိုချင်း အပူတိုက်ကောက်ငိုရမှာ ဂမ္ဘီသားသေတင် အခန်းလေ၊ ဂမ္ဘီပညာခန်းမှာ အင်မတန် အသားပါတဲ့ နေရာပေါ့။
“ဒါနဲ့ လင်္ကာဒီပနန်းတော်ကို ပြန်ဝင်ရော၊ အဲဒီမှာတင် ဒုက္ခရောက်ပါရော ဆရာလေး ရေ၊ အဒေါ် ခွင်ထဲကိုလည်း ထွက်လိုက်ရော၊ မျက်စိက ဆိုင်းထဲ တစ်ချက်ဝေ့ကြည့်လိုက်တယ်၊ အပူတိုက် ငိုချင်းအတွက် ဆိုင်းသမားတွေ အဆင်သင့်ဖြစ်ကြပလားလို့ပေါ့၊ အဲဒီမှာ အကြီးကောင် လှငွေရယ်လေ၊ အိပ်ချင်ရှာလို့လား၊ ငှက်ဖျားတက်လို့လား မသိဘူး၊ ပတ်မကို ခေါင်းတင်ပြီး မှိန်းနေတယ်။ ဇာတ်ခုံပေါ်က လှမ်းကြည့်လိုက်တော့ သူ့ကိုယ်ကို မမြင်ရဘူး၊ ခေါင်းပိုင်းလေး ပဲ မြင်ရတယ်၊ ရင်ထဲ ဒိတ်ခနဲဖြစ်သွားပြီး အလိုလိုပဲ ကားကြိုးဆွဲမယ့် သားအငယ်လှဝေဆီ ပြန်ကြည့်လိုက်မိတယ်၊ တိုင်ဖုံးပုဏ္ဏားကွယ်နဲ့ ကွယ်နေတော့ လှဝေကိုလည်း ကိုယ်မမြင်ရဘူး၊ ကားလိပ်ကြိုးပေါ်မှီထားတဲ့ ခေါင်းပဲ တွေ့လိုက်ရတယ် ဆရာလေးရယ်၊ ပြောရင်ယုံပါတော့၊ စောစောက မှော်ရုံတောထဲ သစ်ငုတ်ပေါ်မှာ တွေ့ခဲ့ရတဲ့ ဒုသနဲ့ ခရတို့ရဲ့ ခေါင်းပြတ်ကလေးတွေ နေရာမှာ လှငွေနဲ့ လှဝေတို့ ခေါင်းပြတ်ကလေးတွေဆိုပြီး သွားမြင်ယောင်လိုက်မိပါလေရော။
“ဆရာလေးရယ် အခုကို ပြောရင်း ရင်ထဲမှာ မကောင်းလိုက်တာ၊ ဆေးဝယ်ဖို့ ဖိနပ် ဝယ်ဖို့ အကြွေးဆပ်ဖို့ သောကတွေကလည်း ရှိနေ၊ လူကလည်း ကောင်းကောင်း နေမကောင်းနဲ့ နောင်တော်ဒဿဂီရိရှေ့လည်း ရောက်ရော၊ ခေါင်းတွေ တရိပ်ရိပ်မူးလာတယ်၊ ဒုသနဲ့ ခရ ခေါင်းပြတ်မဟုတ်ဘဲ လှငွေနဲ့ လှဝေ ခေါင်းပြတ်လေးတွေပဲ တဝဲဝဲမြင်လာတယ်။ ဒါပေမဲ့ အားတင်ပြီး ...
“ဘုရားတူချစ် xx ဇမ္ဗူရာဇ် xx ကြူနှစ်မြရောင် xx မောင်ဒုသနဲ့ ခရတန်ဆောင် x ကျွန်တော်မ သားညီနောင်ကို xx မြိုင်ချောင်တောရပ် xx အဆုံးသတ်လို့မို့ . မအပ်မရာ ပြုသည့်တာ xx ထိပ်ဖျာဖုရား x ရှိပါသားငယ်နှင့် xx လူစော်ကား ခံရလေ... သားသက်ဝေ သည်နှစ်ယောက်ကယ်နှင့် x အသေခံတူတူမြောက် တဲ့အောင် xx - အသေခံတူတူမြောက်တဲ့အောင်..."
ဆိုပြီး စာက ထစ်နေပါရော၊ ဘယ်တုန်းကမှ ခင်မိတို့ မဖြစ်ဖူးတဲ့ကိစ္စ၊ ရှေ့ဆက် ရွက်ရမှာလည်း လုံးဝမေ့သွားရော၊ ငိုရမှာက အပူတိုက်အငို တကယ့်အသား၊ တောက်လျှောက် ငိုချ ငိုချင်းတီးပြီး ဒဿဂီရိကို ပြေးဖက်ရမယ့် နေရာ၊ အဲဒီမှာတင် ရပ်ပြီး ရုပ်ပျက်နေတော့ ကားကြားထဲက ဇာတ်ဆရာကလည်း “ဟဲ့... ခင်မိ… ခင်မိ... ငိုလေ... ငိုလေလို့" ဆူဆဲနေ ... ပြီ၊ အဒေါ်လည်း ခေါင်းတွေ ချာချာလည်နေပြီ၊ ဒါနဲ့ ဆက်ငိုချလိုက်တယ်။
“အသေခံတူတူမြောက်တည့်အောင် X. ယူကောက်ကာ ရွှေသန်လျက်ကယ်နဲ့ Xx အမယ်လေး လှငွေတို့ လှဝေတို့ရေ xx အမေတို့တော့ အခက်ကြီး ခက်ကုန်ပြီကွဲ့ဟဲ့ ..."
ကျွန်တော့်ရင်ထဲ စစ်ခနဲ နာသွားသည်။ ဒေါ်ခင်မိကား ပြုံးရယ်လျက်...
“တကယ် ငိုချင်းကို ချရမှာက ယူကောက်ကာ ရွှေသန်လျက်ကယ်နဲ့ အမလေး တစ်ချက်တည်းသာ ပိုင်းလိုက်ပါတော့ မောင်ကြီးဘုရား ဒီလို၊ အဒေါ်က အမလေး ခံပြီး ဘာတွေ အော်ရွတ်လိုက်မိသလဲ မသိဘူး၊ အဒေါ်က ရုပ်ပျက်ဆင်းပျက် အော်လိုက်တော့ အောက်ကလည်း ငိုချင်းမတီးမိကြဘူး၊ ကြောင်ပြီး ကြည့်နေ၊ အငယ်ကောင် လှဝေကလည်း ငိုချင်းမတီးတော့ ကားလိပ်ကို မချ၊ အို... ဒုက္ခကို အကြီးအကျယ် ရောက်တော့တာပေါ့၊ အင်း.....ပိုပြီး ဒုက္ခရောက်သွားတာက အဒေါ့်ကြောင့် ဂမ္ဘီသားသေတင် အခန်းရဲ့ တကယ့် နေရာမှာ ရုပ်ပျက်သွားတာမို့ အဲဒီညက ညကြေးအဖြတ်ခံလိုက်ရပါရော ဆရာလေးရယ်"
****************
ဂမ္ဘီခင်မိနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပုံမှာ ဤသို့ ဖြစ်ပါသည်။ ဒေါ်ခင်မိက သူ့ရယ်စရာ အတွေ့ အကြုံလေးတစ်ခုကို ဝတ္ထုရေးစမ်းပါဟု ကျွန်တော့်ကို အားကိုးတကြီး မှာလိုက်သည်။
ရေးပါမည်ဟုလည်း ကျွန်တော် ကတိပေးခဲ့သည်။
ယခုရေးလည်း ရေးလိုက်ပါပြီ။
ဒါပေမဲ့ ဂမ္ဘီခင်မိ၏ ဤသို့သော “ရယ်စရာ အတွေ့အကြုံမျိုး'ကိုတော့ နောက်ထပ် ဝတ္ထုမရေးပါ ရစေနှင့်ဟု ကျွန်တော် ဆုတောင်းပါသည်။ စာမဖတ်တတ်သော အဒေါ် ဂမ္ဘီခင်မိအား ဤဝတ္ထုကို ဖတ်ပြခဲ့လျှင် ဝတ္ထုရေးသူက ဤသို့ ဆုတောင်းလိုက်ပါကြောင်းကိုလည်း တစ်ပါတည်း ပြောပြ ကြစေချင်ပါသည်။
▪️▪️▪️
ချစ်ဦးညို
[၁၉၇၉]
#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ