မဟူရာစံအိမ်ကြီးထဲက မိန်းမပျို
၁။ကောင်းကင်ပေါ်၌ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြပြီး တစ်ခြမ်းကွေးနေသောလမင်းကြီးက ကမ္ဘာမြေလောကကြီးကို မှုန်ပျပျအလင်းရောင်ပေးရှိသည်။မှုန်ပျပျ အလင်းရောင်အောက်တွင် လူငယ်တစ်ဦးတစ်ဦးသည် မြို့အစွန်သို့ ခပ်သွက်သွက်လေး လျှောက်လာနေသည်။ လတွင်တည်ရှိသော မဟူရာစံအိမ်ကြီးသည်နေ့ခင်းဘက် အချိန်များမှာပင် အလွန်ခြောက်ခြားဖွယ်ကောင်းနေ၏။ ယခုကဲ့သို့ညအချိန်မျိုးဆိုလျှင် သာ၍ပင်ခြောက်ခြားဖွယ်ကောင်းသေးသည်။ထိုလူငယ်သည် မဟူရာစံအိမ်ကြီးထဲသို့ ဝင်ရောက်ရန် ညအမှောင်ကိုအံတုကာ မြို့အစွန်သို့လျှောက်လာခဲ့ခြင်းဖြစ်ပါသည်။မဟူရာစံအိမ်ကြီး၏ အပြင်ပန်းသဏ္ဍာန်မှာ သိပ်ကိုခြောက်ခြားဖွယ်ကောင်းသကဲ့သို့ အိမ်အတွင်းပိုင်းတွင်လည်း အမှန်တကယ်ကိုခြောက်ခြားဖွယ်ကောင်းသောအရာများရှိနေသည်။ထိုအရာများမှာတစ္ဆေ၊သရဲများသာလျှင်ဖြစ်ပါသည်။မဟူရာစံအိမ်ကြီးသည် တစ္ဆေ၊ သရဲ ခြောက်လန့်သည်ဟုနာမည်ကြီးသောနေရာတစ်ခုဖြစ်သည်။၂။ထိုအကြောင်းကိုတစ်မြို့လုံးသိကြသည်။ ထိုလူငယ်သိသည်။ သို့သော်ထိုလူငယ်သည် တစ္ဆေသရဲကို အယုံအကြည်မရှိချေ။ မဟူရာစံအိမ်ကြီးဆီသို့လာခဲ့ရခြင်းမှာတစ္ဆေ၊ သရဲများနှင့်ပတ်သက်၍ သူ၏သူငယ်ချင်းများနှင့်အလောင်းအစား ပြုလုပ်ထားသောကြောင့်ဖြစ်ပါသည်။ထိုလူငယ်၏အမည်မှာနောင်ရိုးဖြစ်သည်။ နောင်ရိုးတို့ သူငယ်ချင်းတစ်စုသည် လူပေလူတေများဖြစ်ကြပြီးအရက်သေစာ သောက်စားခြင်းကို နှစ်သက်ခုန်မင်ကြသည်။ နောင်ရိုးတွင်လူပေလူတေသူငယ်ချင်းနှစ်ဦးရှိပြီးနှစ်ဦးစလုံးက အတန်အတင့်ကြွယ်ဝချမ်းသာကြသည်။မုဆိုးမအမေအိုနှင့် အတူနေထိုင်သော နောင်ရိုးတစ်ဦးတည်းသာဆင်းရဲ၏။အရက်ဆိုင်တွင် အရက်သွားသောက်တိုင်း ကျသင့်ငွေများကို သူငယ်ချင်းနှစ်ဦးကသာ အကုန်အကျခံလေ့ရှိသည်။ နောင်ရိုးသည် သူ့သူငယ်ချင်းတွေ တိုက်သောအရက်ကို အလကားမသောက်လိုချေ။ သူငယ်ချင်းများကဘာမှမပြောကြသော်လည်း ပိုက်ဆံမရှိသောကြောင့်သူငယ်ချင်းများထံကပ်သောက်နေရသော သူကိုယ်တိုင်ကလိပ်ပြာမလုံဖြစ်နေသည်။အရက်ဝိုင်းတစ်ခုတွင် နောင်ရိုးတို့သူငယ်ချင်းသုံးဦးသည် စကားများကြလေ၏။ အကြောင်းမှာသရဲ၊ တစ္ဆေယုံကြည်မှုနှင့်ပတ်သက်၍ အယုံအကြည်လုံးဝမရှိသောနောင်ရိုးက ကျန်နှစ်ဦးပြောဆိုနေသည်ကို ဘုကန့်လန့်တိုက်နေသောကြောင့်ဖြစ်ပါသည်။” မင်းတို့ပြောတဲ့ တစ္ဆေ၊သရဲဆိုတာ ယုံတမ်းစကားတွေပါကွာ။ ဘာမှကြောက်မနေကြနဲ့ ”” ဟေ့ကောင်နောင်ရိုး မင်းအခြောက်မခံရဖူးတိုင်းတကယ်မရှိဘူးမထင်နဲ့။ တစ္ဆေ၊သရဲဆိုတာ တကယ်ရှိတယ်ကွ ”” ဟုတ်တယ် မင်းမယုံဘူးဆိုရင်လည်း တိတ်တိတ်လေးနေပါလားကွာ။ ငါတို့နှစ်ယောက် ပြောနေတာကိုမနှောင့်ယှက်စမ်းပါနဲ့ ”” ဒါကတော့မင်းတို့နှစ်ကောင် အရေမရအဖတ်မရစကားတွေပြောနေကြတာကိုကွာ ”” သရဲအကြောင်းပြောတာကို အရေမရအဖတ်မရတွေပြောနေတယ်ဟုတ်လား။ သရဲ၊တစ္ဆေတကယ်ရှိမရှိဆိုတာ မင်းနဲ့ ငါတို့နှစ်ယောက် အလောင်းအစားလုပ်ကြမလား ”” စိမ်လိုက်လေ ဘယ်လိုအလောင်းအစားမျိုးလဲ ”” ဒီလိုလုပ်မယ်ကွာ။ ညဆယ့်နှစ်နာရီတိတိမှာ မင်းတစ်ယောက်တည်း မဟူရာ စံအိမ်ကြီးထဲကိုဝင်ရမယ်။ပြီးရင်စံအိမ်ကြီးထဲက အသုံးအဆောင်ပစ္စည်းတစ်ခုကိုယူလာခဲ့ရမယ်။ တကယ်လို့ အခြောက်အလန့်မခံရပဲနဲ့စံအိမ်ကြီးထဲမှာရှိတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုကိုယူလာနိုင်ခဲ့မယ်ဆိုရင်မင်းနိုင်ပြီ။အခြောက်အလန့်ခံရတယ်၊ အခြောက်အလန့်မခံရဘူးဆိုတာကိုတော့ အဲ့ဒီအချိန်ကျရင် မင်းအသိဆုံးဖြစ်မှာပါ။ မင်းငါတို့နှစ်ယောက်ကို လိမ်ညာမှာမဟုတ်ဘူးလို့ငါတို့ယုံကြည်တယ်။ တကယ်လို့ မင်းနိုင်သွားခဲ့မယ်ဆိုရင် တစ္ဆေသရဲအကြောင်း မင်းရှေ့မှာ တစ်သက်လုံးမပြောတော့ဘူး။ ဘယ်လိုလဲသဘောတူလား ”” လောင်းကြေးစားကြေးက နည်းများနည်းနေလားလို့။ ဒီလိုလုပ်မယ်ကွာ။ တကယ်လို့ငါသာ သရဲ၊ တစ္ဆေအခြောက်အလန့်မခံရပဲ မဟူရာစံအိမ်ကြီးထဲက အသုံးအဆောင်ပစ္စည်းတစ်ခုကို ယူလာနိုင်ခဲ့မယ်ဆိုရင် ငါတို့အရက်သောက်တဲ့အချိန်တိုင်း ငါသောက်မဲ့အရက်ဖိုးကိုမင်းတို့နှစ်ယောက်ရှင်းပေးရမယ်။ တကယ်လို့ငါရှုံးသွားခဲ့မယ်ဆိုရင်တော့ မင်းတို့ခိုင်းသမျှလုပ်မယ်ကွာ ”” မင်းပြောတဲ့လောင်းကြေးက မင်းအတွက် မမျှတဘူးလို့ငါထင်တယ်။ အခုလည်းမင်သောက်တဲ့အရက်ဖိုးကို ငါတို့ပဲရှင်းပေးနေရတာလေ ”” ငါ့ရဲ့ခံစားချက်ကို မင်းတို့မသိပါဘူးကွာ။ မင်းတို့ဆီမှာချည်းပဲ ကပ်သောက်နေရတာ ငါလိပ်ပြာမလုံဘူး။တကယ်လို့ဒီပွဲမှာ ငါနိုင်သွားခဲ့မယ်ဆိုရင် လောင်းကြေးအဖြစ်တိုက်တာလို့သဘောထားပြီး စိတ်ဖြောင့်ဖြောင့်နဲ့သောက်လို့ရသွားတာပေါ့ကွာ ဟဲဟဲ ”” အေးပါဟုတ်ပါပြီ။ တကယ်လို့ မဟူရာစံအိမ်ကြီးထဲမှာ အခြောက်အလန့်မခံခဲ့ရဘူးဆိုရင် သောက်ချင်တဲ့အချိန်တိုင်း အရက်အဝတိုက်မယ်ကွာ ”ဤသို့ဖြင့်နောင်ရိုးသည် သူငယ်ချင်းနှစ်ယောက်နှင့်အလောင်းအစားတစ်ခုပြုလုပ်ခဲ့လေသည်။၃။နောင်ရိုးသည် မဟူရာစံအိမ်ကြီးတွင် သရဲခြောက်သည့်အကြောင်းသိရှိထားပြီးဖြစ်သည်။ နားစွန်းနားဖျားကြားဖူးသည်လည်းရှိသလို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောသူက ပြန်ပြောပြသည်ကိုလည်းနားထောင်ခဲ့ရဖူးသည်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောသူမှာ ကိုထွန်းလင်းဖြစ်သည်။ ကိုထွန်းလင်းသည် နောင်ရိုးတို့နှင့်သောက်ဖော်သောက်ဖက်ဖြစ်ပါသည်။ ကိုထွန်းလင်းပြောပြသည်ကိုနောင်ရိုးမယုံကြည်ပါ။ကိုထွန်းလင်းသည် မဟူရာစံအိမ်ကြီးထဲတွင် အဖိုးတန်ပစ္စည်းများကို တွေ့ရလိုရငြား ဝင်ရောက်ခိုးယူရင်းတစ္ဆေ၊ သရဲ ခြောက်လန့်ခြင်းကိုခံခဲ့ရသည်ဟုဆိုသည်။ကိုထွန်းလင်းသည် သူခိုးတစ်ဦးဖြစ်သည့်အားလျော်စွာသူခိုးဉာဏ်သာရှိပေလိမ့်မည်။ သူ့စားကျက်ကိုအခြားသူများဝင်မလုရဲအောင် ယုတိမရှိသော အလိမ်အညာစကားလုံးများဖြင့် ခြောက်လန့်နေခြင်းဖြစ်သည်ဟု ၎င်းကထင်မြင်နေသည်။ကိုထွန်းလင်းပြောပြချက်အရ သူအခြောက်အလန့်ခံခဲ့ရပုံမှာဤသို့ဖြစ်သည်။လမိုက်ညတစ်ညတွင် ကိုထွန်းလင်းသည် မဟူရာစံအိမ်ကြီးအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။စံအိမ်ကြီး၏ခြံစည်းရိုးဆီသို့ရောက်သော် မလွယ်ပေါက်မှခြံဝန်းထဲသို့ဝင်လာခဲ့သည်။မဟူရာစံအိမ်ကြီးမှာ တစ္ဆေ၊ သရဲအခြောက်အလန့်ကြမ်းသည်ဟု ကြားဖူးကြသောကြောင့် လူအများသည်ညအချိန်သို့ရောက်ပြီဆိုလျှင် မဟူရာစံအိမ်ကြီးတစ်လုံးတည်းတည်ရှိနေသော သည်နေရာသို့ မလာရဲကြတော့ချေ။ သို့ဖြစ်ရာစံအိမ်ကြီးထဲသို့ ကိုထွန်လင်း ဝင်ရောက်ခိုးယူနေသည်ကို မည်သူတစ်ဦးတစ်ယောက်မှ သိနိုင်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့်ကိုထွန်းလင်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် တမင်တကာယူဆောင်လာသော အားအနည်းငယ်သာကျန်တော့သည့်ဓာတ်ခဲဖြင့်ထည့်ထားသောဓာတ်မီးကို အောက်စိုက်ထွန်းကာအထဲသို့ဝင်လာခဲ့သည်။မဟူရာစံအိမ်ကြီး၏ ခြံဝန်းအကျယ်သည် တစ်ဧကခန့်ရှိပြီး သရက်၊ မကျည်းစသည့် သီးပင်စားပင်များကခြံ၏မြေနေရာအတော်များများကို နေရာယူထားသည်။လူမနေသည်မှာကြာပြီဖြစ်သော်လည်း ခြံဝန်းအတွင်း၌ခြုံနွယ်၊ ပိန်းပေါင်းများ ထူထပ်စွာပေါက်ရောက်နေခြင်းမရှိဘဲ မကြာသေးမီကမှကြွေကျထားသော ရော်ရွက်ဝါနှင့် သစ်ရွက်ခြောက်များကိုသာတွေ့ရသည်။” ဂ်လိ ”မဟူရာ စံအိမ်ကြီးဆီသို့ရောက်ရန် ကိုက်နှစ်ဆယ်ခန့်သာလိုတော့သည့်အချိန်တွင် သစ်ကိုင်းခြောက်ငယ်တစ်ခုကို တက်နင်းမိသဖြင့်အသံထွက်ပေါ်လာခဲ့သည်။ထိုအသံသည်ဆိတ်ငြိမ်နေသော ညအလယ်တွင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။” အား…အား…အား ”” အား…အား…အား ”” အား…အား…အား ”သစ်ကိုင်းကျိုးသံကြောင့် ကိုထွန်းလင်း၏အနားတွင်မကျည်းပင်ပေါ်တွင် အိပ်တန်းတက်နေသည့် ကျီးကန်းသုံးကောင်သည် စူးစူးဝါးဝါးအသံများဖြင့်အော်ဟစ်ကာထပျံကုန်သည်။ ထိုကျီးကန်းသုံးကောင်၏ အသံကြောင့်အခြားသောကျီးကန်းများလည်း ထပျံကုန်သည်။သို့ဖြစ်ရာတိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသောမဟူရာစံအိမ်ကြီးသည် ပျံသန်းနေသော ကျီးကန်းတို့၏အတောင်ပံခတ်သံ၊ စူးစူးဝါးဝါးအော်ဟစ်သံများကြောင့်ဆူညံသွားလေသည်။ ကိုထွန်းလင်းသည် ဆူဆူညံညံအော်ဟစ်နေကြသော ကျီးကန်းများကို မသိကျိုးကျွန်ပြုကာ မဟူရာစံအိမ်ကြီးအနီးသို့ရောက်အောင် ခပ်သွက်သွက်ချဉ်းကပ်လာခဲ့သည်။နောက်ထပ်ဆယ်ကိုက်ခန့်မျှ ထပ်လျှောက်ပြီးသည့်အခါ သစ်ပင်ကြီးများမရှိတော့ဘဲ မည်းမှောင်နေသောတိုက်အိမ်ကြီးတစ်အိမ်အားမြင်တွေ့လိုက်ရလေသည်။ထိုတိုက်အိမ်ကြီးသည် မဟူရာစံအိမ်ကြီးသာလျှင်ဖြစ်ပါသည်။ ရေနံချေးကဲ့သို့သော အနက်ရောင်ဆေးတစ်မျိုးဖြင့်သုတ်ထားသဖြင့် စံအိမ်ကြီးမှာ ထိုကဲ့သို့မည်းမှောင်နေခြင်းဖြစ်သည်။ကိုထွန်းလင်းသည် ဆွေးမြေ့ပျက်စီးနေပြီဖြစ်သောပြတင်းပေါက်တစ်ပေါက်မှ စံအိမ်ကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။ အထဲသို့ရောက်သောအခါ ကိုထွန်းလင်းလက်နှိပ်ဓာတ်မီးဖြင့် ဝိုက်ပတ်ထွန်းကြည့်လိုက်သည်။ထိုအခါသူဝင်လာသောအခန်းသည် မီးဖိုချောင်ဖြစ်မှန်းသိလိုက်ရာလေသည်။အခန်းထဲတွင် မီးဖိုချောင်သုံးပစ္စည်းများကို အတိုင်းသားတွေ့နေရပြီး အချို့သောပစ္စည်းများမှာ ဆွေးမြေ့ကုန်ပြီဖြစ်သည်။ ကိုထွန်းလင်းသည် အဖိုးတန်ပစ္စည်းများကိုမတွေ့ရသဖြင့် အခြားအခန်းများသို့ဝင်ကြည့်ရန်အတွင်းပိုင်းတံခါးပေါက်မှ မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။မီးဖိုချောင်ထဲက ထွက်လာသည့်အချိန် ၎င်း၏မျက်စိရှေ့တွင် အရိပ်မည်းတစ်ခုဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရလေသည်။ အမြင်မှားသည်အထင်ဖြင့် မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်ကြည့်လိုက်ရာ ထိုအရိပ်မည်းကိုမတွေ့ရတော့ချေ။ထိုကြောင့်ကိုထွန်းလင်းက အမြင်မှားတာဖြစ်မည်ဟုတွေးကာ အောက်ထပ်ကအခြားသောအခန်းများကိုဝင်မကြည့်တော့ဘဲ ဆွေးမြေ့ခြင်းမရှိသေးသော ကျွန်းလှေကားကြီးဖြင့်အပေါ်ထပ်သို့တက်လာခဲ့သည်။ကျွန်းလှေကားထိပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက်မိန်းကလေးတစ်ဦးငိုကြွေးနေသောအသံကို ကြားလိုက်ရလေသည်။ငိုကြွေးသံအား စတင်ကြားလိုက်ရသည့်အချိန်တွင်ကိုထွန်းလင်းသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း ငိုကြွေးသံသည် မိန်းကလေးတစ်ဦး၏ ငိုကြွေးသံပင်ဖြစ်သောကြောင့် အကြောင်းတစ်ခုခုကြောင့် စံအိမ်ကြီးထဲတွင် တစ်ဦးတည်းလာရောက်ငိုကြွေးနေခြင်းဖြစ်မည်ဟုတွေးကာ အသေအခါနားစွင့်ရင်း ငိုသံကြားရာဆီသို့ ခြေသံလုံလုံဖြင့်လျှောက်လာခဲ့သည်။နောက်ဆုံး၌ကိုထွန်းလင်းသည် လသာဆောင်တွင်ထိုင်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုမိန်းကလေးမှာ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ကောင်းကင်ပေါ်သို့ငေးကြည့်၍ ရှိုက်ကြီးတငင်ငိုကြွေးနေ၏။ကိုထွန်းလင်းသည် တစ္ဆေ၊သရဲများမှာကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိကြသည်ဟု ယုံကြည်သောကြောင့် ထိုမိန်းကလေးသည် လူအစစ်ဖြစ်သည်ဟုအတပ်ထင်နေသည်။ ထိုကြောင့်ထိုမိန်းကလေးအားစကားစတင်ပြောဆိုလိုက်သည်။” ဟေ့မိန်းကလေး ဒီလိုနေရာမျိူးမှာ ဘာဖြစ်လို့များတစ်ယောက်တည်းလာငိုနေရတာလဲ ”ထိုမိန်းကလေးသည် ကိုထွန်းလင်း၏မေးခွန်းအားပြန်လည်ဖြေကြားခြင်းမရှိပါ။ သူ(မ)သည်ကိုထွန်းလင်းကိုလှည့်ပင်မကြည့်ပါ။” ဟေ့မိန်းကလေး မေးနေတယ်လေ။ သွားအိမ်ပြန်တော့။ မင်းမိဘတွေစိတ်ပူနေလိမ့်မယ် ”ကိုထွန်းလင်းသည် အရက်သမား သူခိုးဂျပိုးတစ်ဦးဖြစ်သော်လည်း သူတစ်ပါးသားမယားကိုပစ်မှားလိုစိတ်လုံးဝမရှိပါ။ ထိုစကားများသည်သူ့ရင်တွင်းမှ ထွက်ပေါ်လာသောအစစ်အမှန်စကားလုံးများဖြစ်သည်။မိန်းကလေးသည် ကိုထွန်းလင်းကိုလှည့်ပင်မကြည့်ချေ။ သို့ဖြစ်ရာကိုထွန်းလင်းသည် အနည်းငယ်သံသယဝင်လာခဲ့၏။ ထိုအချိန်အမျိုးသမီးတစ်ဦးက တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးကြီးသည် ကိုထွန်းလင်းအားမြင်ဟန်မတူဘဲ လသာဆောင်က ဝရန်တာနံဘေးတွင်ထိုင်ငိုနေသော မိန်းကလေးကိုသာ သဲမဲပြီးဆဲဆိုနေ၏။” ဟိုကောင်မ ဘာဖြစ်လို့အဲ့ဒီလောက်ထိကို ငိုနေရတာလဲ။ တိတ်စမ်း ကျက်သရေကိုမရှိဘူး ”မိန်းကလေးမှာတုတ်တုတ်ပင်မလှုပ်ချေ။” ပြောနေတယ်လေ မကြားဘူးလား။ အခုချက်ချင်းတိတ်စမ်း။ ငါ့အိမ်မှာကျက်သရေယုတ်တယ်။ ငိုချင်ရင်နင့်အိမ်မှာသွားပြန်ငို ”ထိုအချိန်ထိမိန်းကလေးသည် တုတ်တုတ်ပင်မလှုပ်ချေ။ ထိုကြောင့်အမျိုးသမီးကြီးသည် အလွန်အမင်းစိတ်တိုဒေါသထွက်သွားဟန်တူပြီး မိန်းကလေးဆီသို့ ပြေးသွားသည်။ ထိုနောက်မိန်းကလေးကို ကုလားထိုင်ပေါ်အားဖြင့်တွန်းချလိုက်သည်။ကံဆိုးစွာဖြင့်ကုလားထိုင်ပေါ်က ပြုတ်ကျသွားသည့်အချိန် မထိန်းချုပ်နိုင်သောအရှိန်ကြောင့် ဝရန်တာတွင်ကာရံထားသော သစ်သားချောင်းများသည် ကျိုးပဲ့သွားကြကုန်ပြီး မိန်းကလေးသည်လည်း ဝရန်တာကိုလွန်၍အောက်သို့ပြုတ်ကျသွားလေသည်။” ဟာ ကျပြီ ကျပြီ ကျသွားပြီ ”ထိတ်လန့်သွားသဖြင့် ကိုထွန်းလင်းသည် ထိုကဲ့သို့ယောင်၍အော်လိုက်မိသည်။ ထိုအချိန်မှအမျိုးသမီးကြီးသည် သူ(မ)နံဘေးတွင်ရပ်နေသော ကိုထွန်းလင်းအားသတိထားမိသွားဟန်တူသည်။” နင်ကရော ငါ့အိမ်ကိုဘာလာလုပ်တာလဲ ”ကြောင်၍ရပ်ကြည့်နေသော ကိုထွန်းလင်း စကားတစ်ခွန်းမှပြန်မပြောသေးခင် အမျိုးသမီး၏ မျက်လုံးများသည် တဖြည်းဖြည်းနီရဲတောက်ပလာခဲ့ပြီး မျက်နှာသွင်ပြင်ကလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။နောက်ဆုံး၌အမျိုးသမီးကြီး၏ မျက်နှာသွင်ပြင်သည်ကြောက်မက်ဖွယ်ကောင်းသော အသွင်ဖြစ်သွားသည်။ခဏတုန်းကရှည်လျားပြီးနက်မှောင်နေသော ဆံပင်များများလည်း ကျိုးတိုကျဲတဲသာကျန်တော့သည်။ ထိုအခါမှအမျိုးသမီးကြီးသည် တစ္ဆေ၊ သရဲဖြစ်မှန်းသိလိုက်ရလေသည်။ ထိုကြောင့်ကိုထွန်းလင်းသည် သရဲမနှင့်ဝေးရာသို့ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။ သို့သော်နောက်ကျသွားချေပြီ။ ဒေါသထွက်နေသော သရဲမသည် သူ(မ)၏ရှည်လျားသောလက်နှစ်ဖက်ဖြင့် ကိုထွန်းလင်း၏ လည်ပင်းကိုညစ်ထားပြီးဖြစ်သည်။သရဲမမှာ အလွန်အင်မတန် အားသန်သောကြောင့်ကိုထွန်းလင်းသည် ရုန်းကန်နိုင်ခြင်းမရှိချေ။ အားကုန်သုံးပြီး လွတ်မြောက်နိုင်အောင် ကြိုးစားပါသော်လည်းအချည်းနှီးသာဖြစ်သည်။ ၎င်း၏လည်ပင်းကို တင်းကျပ်စွာညစ်ထားသော သရဲမ၏လက်ကိုဖယ်ခြားနိုင်ခြင်းမရှိချေ။ အချိန်အနည်းငယ်ကြာသော် လည်ပင်းအစ်လာပြီးအသက်ရှူကျပ်လာခဲ့လေသည်။” ဟား…ဟား…ဟား ”သရဲမသည်သူ့လုပ်ရပ်ကြောင့် အခြားတစ်ယောက်နာကျင်နေသည့်အဖြစ်ကို မြင်ရသော် ကျေနပ်အားရစွာရယ်မောနေလေ၏။ကောင်းမှုကုသိုလ်ကံ အနည်းငယ်ရှိနေသေးသဖြင့်သေကံမပါသေးသော ကိုထွန်းလင်းသည် နောက်ဆုံးဆုံးတွင် ဘုရားစာရွတ်ရန်သတိရလာခဲ့သည်။ သို့ဖြစ်ပါသောကြောင့်မှတ်မိသမျှဘုရားရှိခိုးစာများကို စိတ်ထဲကရွတ်ဖတ်လိုက်သည်။ထိုအခါ၎င်းလည်ပင်းကို ညစ်ထားသော သရဲမ၏လက်သည် တဖြည်းဖြည်းပြေလျော့သွားပြီး နောက်ဆုံးတွင် လုံးဝလွတ်သွားလေသည်။ သရဲမ၏ပါးစပ်မှလည်းငြီးညူသံများထွက်ပေါ်လာသည်။ ထိုနောက်တွင်တော့သရဲမသည်မီးခိုးငွေ့များသဖွယ် လွင့်မျောပျောက်ကွယ်သွားလေတော့သည်။ကိုထွန်းလင်းသည် ခြောက်ခြားဖွယ်ကောင်းသောမဟူရာစံအိမ်ကြီးထဲတွင် ဆက်နေရန်မဝံ့ရဲတော့သဖြင့်အောက်ထပ်သို့ ဆင်းပြေးလာခဲ့သည်။ ကျွန်းလှေကားဆီသို့ရောက်သော် လသာဆောင်မှ ပြုတ်ကျသွားသောမိန်းကလေးသည် အကောင်းအတိုင်းပင်အပေါ်ထပ်သို့တက်လာနေသည်ကို တွေ့လိုက်ရလေသည်။ထိုမိန်းကလေးသည်လည်း သရဲမသာလျှင်ဖြစ်မှန်းသိလိုက်ရ၏။ သရဲမသည် ကျွန်းလှေကားကြီးအတိုင်းအပေါ်ထပ်သို့တဖြည်းဖြည်းတက်လာခဲ့သည်။ မကြာမီသူတို့နှစ်ဦးမှာ သုံးပေခန့်သာကွာဝေးတော့ပြီး မျက်နှာချင်းဆိုင်အနေအထားသို့ရောက်သွားလေသည်။ကိုထွန်းလင်းသည် ထွက်ပြေးလျှင်လည်းလွတ်မည်မဟုတ်မှန်း သိနေသောကြောင့် အသင့်အနေအထားဖြင့် အခြေအနေကိုစောင့်နေ၏။သရဲမသည် ကိုထွန်းလင်းကို ဂရုမစိုက်ဘဲ အပေါ်ထပ်သို့သာ တန်းတန်းမတ်မတ် တက်သွားလေသည်။၎င်းအားကျော်တက်သွားသည့်အချိန်ကျမှ ကိုထွန်းလင်းသည် သက်ပြင်းချနိုင်တော့၏။ကိုထွန်းလင်သည် အဖိုးတန်ပစ္စည်းများအား ဆက်လက်ရှာဖွေရန် စိတ်မကူးတော့ဘဲ မဟူရာစံအိမ်ကြီးထဲက ခပ်သွက်သွက်ပင် ပြေးထွက်လာခဲ့သည်။စံအိမ်အပြင်သို့ရောက်သော် ဆူဆူညံညံအော်ဟစ်နေသောကျီးကန်းများသည် ၎င်းအားထိုးဆိတ်ရန် ဆင်းလာခဲ့ကြသည်။ ကျီးကန်သုံးလေးကောင်ခန့် ဝိုင်းဆိတ်သဖြင့် ကိုထွန်းလင်း၏ကျောပြင်သည် ပူစပ်နာကျင်လာသည်။ နားကျင်မှုကိုအောင့်အီးသည်းခံကာ ခြံအပြင်သို့ရောက်အောင် သွက်သွက်ကလေးပြေးလာခဲ့သည်။နောက်ဆုံးတွင်ကိုထွန်းလင်းသည် မလွယ်ပေါက်မှတစ်ဆင့် ခြံဝန်းအပြင်သို့ပြေးထွက်လာခဲ့သည်။ ခြံဝန်းအပြင်သို့ရောက်သော် ဒေါသတကြီးလိုက်ဆိတ်နေကြသော ကျီးကန်းတို့သည် ဆက်မလိုက်ဆိတ်ကြတော့ဘဲပြန်လည်ဆုတ်ခွာသွားကြလေသည်။ကျီးကန်းတို့ကဝိုင်းဆိတ်ထားသဖြင့် သွေးသံရဲရဲဖြစ်နေသောကိုထွန်းလင်းသည် သရဲခြောက်သော မဟူရာစံအိမ်ကြီးနှင့်ဝေးရာဆီသို့ ခပ်သွက်သွက်ထွက်ပြေးလာခဲ့လေသည်။၄။ကိုထွန်းလင်း၏ ကျောပြင်တွင် ကျီးကန်းဆိတ်ထားသည့် ဒဏ်ရာများကိုတွေ့နေရသည်။ သို့သော်နောင်ရိုးသည် စားရဂွင်ကောင်းကောင်းတွေ့ထားသောကြောင့်အသားအနာခံကာ လိမ်ဆင်ထားခြင်းဖြစ်သည်ဟု ထင်နေသည်။မည်သို့ပင်ဆိုစေ နောင်ရိုးသည် မဟူရာစံအိမ်ကြီးထဲသို့ ဝင်ရောက်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။ နောက်တစ်နေ့ညနေခင်းတွင် နောင်ရိုးသည် သူ၏သူငယ်ချင်းနှစ်ဦးနှင့် အရက်ဆိုင်တွင် ထပ်မံဆုံတွေ့လေသည်။အရက်ဝိုင်းတွင် သူငယ်ချင်းနှစ်ဦးက မဟူရာစံအိမ်ကြီးဆီသို့မတားရန်တားမြစ်ကြလေသည်။” မနေ့ညတုန်းက ငါတို့မူးနေလို့ ပြောလိုက်မိတာပါကွာ။ မင်းမသွားရင်လဲ မင်းအရက်သောက်နေသရွေ့ငါတို့ပဲတိုက်ပါ့မယ်။ ကိုထွန်းလင်းလိုတော့ မင်းကိုမကြုံစေချင်ဘူးကွာ။ နော်နောင်ရိုး မသွားပါနဲ့ ”” ဟုတ်သားပဲနောင်ရိုးရာ။ ငါတို့အရှုံးပေးပါတယ်။မင်းသွားစရာမလိုတော့ဘူး။ မင်းနိုင်သွားပါပြီ ”အရင်းနှီးဆုံးသူငယ်ချင်းနှစ်ဦးက ဤသို့ပြောဆိုကြလေရာ နောင်ရိုးသည် ကျေနပ်စွာပြုံးရယ်ကာ_” မင်းတို့စေတနာကိုငါနားလည်ပါတယ်။ ဒါပေမယ့်ငါဆုံးဖြတ်ပြီးသွားပြီ။ ဒီညငါအဲ့ဒီမဟူရာစံအိမ်ကြီးထဲကိုဝင်မယ်။ ငါအတွက်ဘာမှစိတ်မပူပါနဲ့ကွာ။ တစ္ဆေ၊ သရဲဆိုတာ ဝတ္ထုစာအုပ်တွေထဲမှာပဲရှိတာကွ။ ဘာပဲဖြစ်ဖြစ်ဒီညငါမဟူရာစံအိမ်ကြီးထဲကိုဝင်မယ် ”နောင်ရိုး၏ပြတ်သားလှသော ဆုံးဖြတ်ချက်ကြောင့်နောက်ဆုံး၌ သူ့သူငယ်ချင်းနှစ်ဦးမှာ လက်လျော့လိုက်ရလေတော့သည်။၅။ညကိုးနာရီထိုးခါနီး အချိန်သို့ရောက်သော် နောင်ရိုးသည် မြို့ပြင်သို့တစ်ဦးတည်ထွက်လာခဲ့သည်။ မြို့ပြင်သို့ရောက်သောအခါ မဟူရာစံအိမ်ကြီးဆီသို့ ဦးတည်၍ထွက်ခွာလာခဲ့သည်။လပြည့်ညရောက်ရန် နှစ်ရက်သာ လိုတော့သဖြင့်သဖြင့် လမင်းကြီးကဝိုင်းစက်ပြီးထိန်ထိန်သာနေသည်။လရောင်ဖြာကျနေသဖြင့် ယူဆောင်လာသောလက်နှိပ်ဓာတ်မီးကိုပင် အသုံးပြုရန်မလိုချေ။နောင်ရိုးသည် ခပ်သွက်သွက် လျှောက်လာခဲ့လေရာ မဟူရာစံအိမ်ကြီးဆီသို့ရောက်လာခဲ့၏။ ၎င်းသည်လည်း ကိုထွန်းလင်ကဲ့သို့ပင် မလွယ်ပေါက်မှတစ်ဆင့်ခြံဝန်းထဲသို့ဝင်လာခဲ့သည်။တစ်လမ်းလုံးလျှောက်လာစဉ်က ဘာမှမခံစားရဘဲမဟူရာစံအိမ်ကြီး၏ ခြံဝန်းထဲသို့ရောက်သွားသည့်အခါမှ တစ်ကိုယ်လုံးအေးစိမ့်လာခဲ့လေသည်။နောင်ရိုးသည် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသောကြောင့် အေးစိမ့်လာခြင်းဖြစ်မည်ဟုတွေးကာ အထဲသို့ဆက်လျှောက်လာခဲ့သည်။ ခြေသံလုံလုံလျှောက်လာခဲ့ရာ မည်သည့်အသံကိုမှကြားရခြင်းမရှိဘဲ အပ်ကျကိုပင်ကြားရလောက်အောင်တိတ်ဆိတ်နေသည်။သစ်ပင်ကြီးများကို ခပ်သွက်သွက် ဖြတ်ကျော်လာခဲ့ရာ မဟူရာစံအိမ်ကြီးကို ‘ဘွားခနဲ’ မြင်တွေ့လိုက်ရလေသည်။ မြို့ထဲကကြည့်လျှင် မြင်ရသည့်အတိုင်း မဟူရာစံအိမ်ကြီ၏အုတ်နံရံသည် မည်းမှောင်နေ၏။ သို့ဖြစ်ရာညအချိန်တွင် တစ္ဆေတစ်ကောင်ထိုင်နေသည့်ပမာ သိပ်ကိုခြောက်ခြားဖွယ်ကောင်းနေ၏။နောင်ရိုးကမူလုံးဝမတုန်လှုပ်ချေ။ မကြောက်ဘူးဟုဆိုသော်လည်း စံအိမ်ကြီး၏ ရှေ့သို့ရောက်သောအခါကြက်သီးမွေးညင်းများက တဖျန်းဖျန်းထလာခဲ့သည်။နောင်ရိုးသည် ထိုအဖြစ်ကိုဂရုမစိုက်ဘဲ စံအိမ်ကြီးထဲသို့ ဝင်ရောက်ရန်သာစိတ်ကူးနေ၏။ အထဲသို့ဝင်နိုင်ရန် အပေါက်တွေ့လိုတွေ့ငြား စံအိမ်ကြီးကို တစ်ပတ်ပတ်ကြည့်သည်။ အိမ်တစ်ပတ်မပြည့်မီ ခြတက်သဖြင့်ဆွေးမြေ့နေပြီဖြစ်သော ပြတင်းပေါက်တစ်ခုကို တွေ့လိုက်ရလေသည်။ထိုပြတင်းပေါက်မှတစ်ဆင့် မဟူရာစံအိမ်ကြီးထဲသို့ဝင်လာခဲ့၏။ အထဲသို့ရောက်သော် လရောင်မရှိသဖြင့်ယူဆောင်လာသောဓာတ်မီးအား ထုတ်သုံးရလေတော့သည်။ နောင်ရိုးသည် ဘေးပတ်ပတ်လည်ကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။ ထိုအခါသူရောက်နေသောနေရာမှာ စာဖတ်ခန်း(သို့မဟုတ်) စာကြည့်ခန်းဖြစ်မှန်းသိလိုက်ရသည်။ အကြောင်းမှာ အခန်းတစ်ခုလုံးတွင်စာအုပ်စင်အချို့နှင့် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးကိုသာတွေ့ရသောကြောင့်ဖြစ်ပါသည်။စာအုပ်စင်များပေါ်တွင်တော့ စာအုပ်အများအပြားကိုတွေ့လိုက်ရလေသည်။ ထိုစာအုပ်များသည် အရက်သမားပင်ဖြစ်သော်လည်း စာဖတ်ရတာ အလွန်ဝါသနာပါသောနောင်ရိုးကို အမျိုးမျိုးဆွဲဆောင်နေ၏။ သို့ဖြစ်ရာနောင်ရိုးသည် စာအုပ်တစ်အုပ်ကိုယူ၍ အနည်းငယ်မျှဖတ်ရှုကြည့်နေ၏။ထိုအချိန်စာကြည့်ခန်းတံခါးသည် အလိုလိုပွင့်လာခဲ့သည်။ ရုတ်တရက်ကြုံလိုက်ရသည့်အခါ နောင်ရိုးသည်ထိတ်လန့်သွားလေသည်။ သို့သော်စိတ်ထိန်းကာ ဖတ်လက်စစာအုပ်အား စာအုပ်စင်ပေါ်တွင် ပြန်ချထားကာတံခါးပေါက်ဆီ လျှောက်လာခဲ့သည်။ တံခါးပေါက်ဆီသို့ရောက်သော် ဘေးပတ်ပတ်လည်အား သေချာကြည့်ရှုလိုက်သည်။လှုပ်ရှားမှုကိုမတွေ့ရဘဲ တစ်အိမ်လုံးငြိမ်သက်နေသည်။ နောင်ရိုးသည် အခြားသောအခန်းများကို စူးစမ်းလိုစိတ်ဖြစ်လာသောကြောင့် စာကြည့်ခန်းထဲက ထွက်လာခဲ့သည်။ဧည့်ခန်းသို့ရောက်သော် မြင်လိုက်ရသည့်မြင်ကွင်းများက နောင်ရိုးကို လုံးဝအံ့ဩမှင်သက်သွားစေသည်။ဧည့်ခန်းပတ်ပတ်လည်တွင် လက်ရာမြောက် ပန်းပုရုပ်များကအသက်ဝင်စွာတည်ရှိနေကြ၏။ ရှေ့ခေတ်အဖိုးတန်ပစ္စည်းများကိုလည်းစုံလင်စွာတွေ့နေရသည်။ထိုအဖိုးတန်ပစ္စည်းများကို တွေ့လိုက်ရသည့်အခါနောင်ရိုးစိတ်ထဲတွင် လိုချင်တက်မက်သည့်စိတ်များဖြစ်ပေါ်လာခဲ့သည်။ သို့သော်နောင်ရိုးသည် ထိုစိတ်များကိုထိန်းချုပ်လိုက်၏။အရက်သမားတစ်ဦးဖြစ်လင့်ကစား နောင်ရိုးသည်သူတစ်ပါးပစ္စည်းအား ခိုးယူလိုစိတ်လုံးဝမရှိပါ။ မဟူရာစံအိမ်ကြီးထဲသို့ ရောက်ခဲ့ကြောင်း သက်သေပြနိုင်ရန်ယူဆောင်သွားမည့် အဖိုးတန်ပစ္စည်ကိုလည်း နောက်တစ်နေ့နံနက်တွင်ပြန်လာပို့မည်ဟု အစောကတည်းကဆုံးဖြတ်ထားပြီးဖြစ်သည်။၆။ဧည့်ခန်းထဲ၌ပန်းပုရုပ်တုများကို ငေးကြည့်နေသည့်အချိန် ၎င်းမျက်စိရှေ့တွင် အရိပ်ဖြူတစ်ခုဖြတ်ပြေးသွားသည်ကို သတိထားမိလိုက်သည်။ သို့သော်အဖြူရောင်အရိပ်ကိုမြင်တွေ့လိုက်ရသည်မှာ တစ်စက္ကန့်ပင် မကြာလိုက်ချေ။ ထိုအရိပ်သည် ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ထိုအချိန်မှာမိန်းကလေးတစ်ဦး၏ ကျေနပ်အားရစွာရယ်မောနေသော ရယ်သံအား စတင်ကြားလိုက်ရလေသည်။ ရယ်သံသည် အိမ်အောက်ထပ်က အခန်းတစ်ခုတွင်ကြားနေရခြင်းဖြစ်သည်။ လူမနေသောအိမ်ထဲတွင်ရယ်မောသံကိုကြားလိုက်ရသဖြင့် လွန်စွာမှအံ့ဩသွားသွားလေသည်။သို့သော်တစ္ဆေ၊သရဲ ပရလောကသားများရှိသည်ကိုလုံးဝအယုံအကြည်မရှိသော နောင်ရိုးသည် လူတစ်ဦးပင်ဖြစ်မည်ဟုမှတ်ချက်ချလိုက်သည်။ ကျေနပ်အားရစွာရယ်မောနေသောမိန်းကလေးသည် မည်သူဖြစ်မည်ကိုသိလိုသဖြင့်နောင်ရိုးသည် ရယ်မောသံကြားနေရသည့်အခန်းဆီသို့လျှောက်လာခဲ့သည်။အခန်းရှေ့သို့ရောက်သောအခါ အခန်းတံခါးသည်စေ့ရုံ စေ့ထားသည်ကိုတွေ့လိုက်ရလေသည်။ နောင်ရိုးသည် အနည်းငယ်ဟနေသောတံခါးရွက်ကြားမှ အခန်းထဲသို့ချောင်းကြည့်လိုက်သည်။ထိုအခါစားပွဲခုံနံဘေးက ကုလားထိုင်ပေါ်တွင် ထိုင်နေသော မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရလေသည်။ထိုမိန်းကလေးမှာ ကျေနပ်အားရစွာ ရယ်မောနေသောမိန်းကလေးပင်ဖြစ်သည်။တစ်စုံတစ်ခုကိုသတိထားမိဟန်ဖြင့် ထိုမိန်းကလေးသည် နောင်ရိုးရပ်နေသောတံခါးပေါက်ဆီ လှည့်ကြည့်လာခဲ့သည်။ မိန်းကလေးသည် တံခါးရွက်နှစ်ခုကြားမှနောင်ရိုးကိုမြင်တွေ့သွားဟန်တူပါသည်။နောင်ရိုးသည်လည်း မိန်းကလေး၏မျက်နှာကို မြင်တွေ့လိုက်ရလေသည်။ မိန်းကလေး၏ အသားအရည်မှာ ပန်းနုရောင်သန်းပြီး ဆံနွယ်တို့ကလည်း ရှည်လျားနက်မှောင်နေသည်။မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းသားတို့ကလည်း ပြောစရာမလိုအောင် လှပလွန်းသည်။ အားလုံးကိုခြုံငုံကြည့်လျှင် အလှပဆုံးစာရင်းထဲတွင်ပါဝင်သော မိန်းကလေးဖြစ်ပါသည်။နောင်ရိုးကိုမြင်သော် မိန်းကလေးသည် ထိုင်နေရာမှ မတ်တပ်ထရပ်လာခဲ့သည်။ ထိုနောက်နောင်ရိုးဆီသို့လျှောက်လာခဲ့သည်။ သရဲ၊တစ္ဆေများကို အယုံအကြည်မရှိ၊ ကြောက်လန့်ခြင်းမရှိသော်လည်း ထိုမိန်းကလေးထိတ်တိုက်ရင်ဆိုင်ရန် ကြောက်လန့်ရင်လေးနေသည်။သို့ဖြစ်ပါသောကြောင့်သူ(မ)နှင့် ထိတ်တိုက်မတွေ့ရလေအောင် အဝေးသို့ရှောင်တိမ်းရန်စိတ်ကူးမိသည်။သို့သော်နောက်ကျသွားလေပြီ။ သူ(မ)သည် နောင်ရိုးအနားသို့ရောက်လာခဲ့ပြီဖြစ်သည်။” ရှင်ဘယ်သူလဲ။ ဘာဖြစ်လို့ဒီကိုလာခဲ့တာလဲ ”” ကျုပ်…ကျုပ်…ကျုပ် ”သူ(မ)၏မေးခွန်းကြောင့် နောင်ရိုးသည် လွန်စွာမှအံ့ဩသွားသဖြင့် ကြောင်တောင်တောင် ဖြစ်သွားလေသည်။” မေးနေတယ်လေ ရှင်ဘယ်သူလဲလို့ ”” ကျုပ်…ကျုပ်နာမည်နောင်ရိုး ”” ဒီကိုဘာလာလုပ်တာလဲ ”သူ(မ)၏မေးခွန်းကို နောင်ရိုးပြန်မဖြေနိုင်ချေ။” အစ်ကို့မိတ်ဆွေများလား ”ဘာပြန်ပြောရမှန်း မသိသောနောင်ရိုးသည် သူ(မ)အား ခေါင်းငြိမ့်ပြလိုက်သည်။” စောစောကတည်းက အစ်ကို့မိတ်ဆွေလို့ပြောပါလားရှင်။ အားနာစရာတွေဖြစ်ကုန်ပါပြီ။ အစ်ကိုတော့အိမ်မှာမရှိဘူးရှင့်။ ရှမ်းပြည်ဖက်ကို ခရီးထွက်သွားတာတစ်ပတ်ကျော်နေပြီ ”သူ(မ)တစ်ဦးတည်းက မနားတမ်းပြောဆိုနေသောကြောင့် နောင်ရိုးသည် ဘာမှပြန်ပြောနိုင်ခြင်းမရှိသေးပါ။ ထိုအချိန်အမျိုးသမီးကြီးတစ်ဦး အိမ်အပေါ်ထပ်ကဆင်းလာသည်။ အမျိုးသမီးကြီး၏မျက်နှာသည် အလွန်တင်းမာနေ၏။ နောင်ရိုးအား ဝါးစားမတတ်ကြည့်ရှုနေ၏။” ဟဲ့ကောင်မ ဒီအချိန်ကြီး ဘယ်လင်ငယ်နဲ့ စကားပြောနေတာလဲ။ နင့်မှာလင်ရှိတယ်ဆိုတာကိုသတိရဦး။အေးပေါ့လေ နင်လိုအောက်တန်းစားမိန်းမက အောက်တန်းစားအကျင့်စာရိတ္တရှိနေတာမဆန်းပါဘူး ”” ဘာမှမသိပဲနဲ့ ကျွန်မကိုမစွတ်စွဲပါနဲ့။ ကိုနောင်ရိုးက အစ်ကို့သူငယ်ချင်းပါ ”” လက်ပူးလက်ကျပ်မိတာတောင် ငြင်းချင်နေသေးတယ်။ ငါ့သားသူငယ်ချင်းတွေအကုန်လုံးငါသိတယ်ဟဲ့။ငါ့သားသူငယ်ချင်းတွေထဲမှာ နင့်အကောင်မပါဘူး ”သူတို့နှစ်ဦးအပြန်အလှန်ပြောဆိုနေကြသည့်အချိန်နောင်ရိုးသည် ဘာမှပြန်မပြောနိုင်ပါ။ ကြောင်၍ရပ်နေမိသည်။ နောင်ရိုးသည် ကိုထွန်းလင်းပြောပြထားသောအကြောင်းအရာများကိုပြန်သတိရလာခဲ့သည်။တစ္ဆေ၊ သရဲအယုံအကြည်မရှိသော နောင်ရိုးသည်အနည်းငယ်သံသယဝင်လာခဲ့၏။ သို့သော်သူတို့နှစ်ဦးသည် သာမန်အတိုင်းသာ ပြောဆိုငြင်းခုန်နေကြသောကြောင့် ကိုထွန်းလင်းသည် တကယ့်လူအစစ်များအားတစ္ဆေ၊ သရဲအဖြစ်ထင်မြင်နေခြင်းဖြစ်မည်ဟု မှတ်ချက်ချလိုက်သည်။နောင်ရိုးသည် အမျိုးသမီးနှစ်ဦးကို ပြန်၍ပြေလည်သွားစေလိုသည်။ ထိုကြောင့်အကြောင်းစုံအား အမှန်အတိုင်းပြောပြရန်ဆုံးဖြတ်လိုက်သည်။ထိုအချိန်အမျိုးသမီးနှစ်ဦး၏ ပုံသဏ္ဍာန်မှာ ကြောက်မက်ဖွယ် ကောင်းသော အသွင်ဖြစ်သွားကြလေသည်။နက်မှောင်ရှည်လျားသော အမျိုးသမီးကြီး၏ဆံပင်သည်ကျိုးတိုကျဲတဲသာကျန်တော့ပြီး မျက်လုံးနှစ်ဖက်ကလည်းနီရဲလာသည်။ မျက်နှာပေါ်ကအရေပြားများသည် တွန့်လိမ်သွားသည်။ အမျိုးသမီးငယ်၏ မျက်နှာကမူ အသားစများ တဖြည်းဖြည်းပဲ့ကြွေကျလာခဲ့ပြီး သွေးသံရဲရဲဖြစ်သွားလေသည်။” သ…သရဲ…သရဲ ”နောင်ရိုး၏ပါးစပ်မှ ယခင်က အယုံအကြည်မရှိဘူးဟုဆိုခဲ့ဖူးသော သရဲဆိုသည့်နာမ်စကားလုံးထွက်လာခဲ့သည်။” ဟား…ဟား…ဟား ”” ဟား…ဟား…ဟား ”သရဲမနှစ်ဦး၏ ကျယ်ကျယ်လောင်လောင် ရယ်မောသံသည် မဟူရာစံအိမ်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။ နှစ်ဦးစလုံးသည် လက်နှစ်ဖက်ကိုအရှေ့သို့ဆန့်တန်းကာ နောင်ရိုးဆီသို့လျှောက်လာခဲ့သည်။ကြောက်မက်ဖွယ်ရုပ်ဆင်းသွင်ပြင်များကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သောနောင်ရိုးသည် သရဲမနှစ်ဦးက ၎င်းအနားသို့လျှောက်လာနေမှန်းကို သိလိုက်ရသည့်အခါ လွန်စွာမှတုန်လှုပ်သွားသည်။နောင်ရိုးသည် ထိုအနားကထွက်ပြေးရန် ကြိုးစားသည်။ ထိုနောက်တွင်နောက်သို့ဆုတ်ခွာထွက်ပြေးလာလာခဲ့လေသည်။ ကြောက်အား၊လန့်အားထွက်ပြေးလာနောင်ရိုးမှာ ကိုထွန်းလင်းလိုတော့ လွတ်မြောက်မသွားခဲ့ပါ။ စံအိမ်ကြီးထဲသို့ဝင်ရောက်နိုင်ရန် ဝင်ပေါက်အဖြစ်အသုံးပြုခဲ့သော စာကြည့်ခန်းပြတင်းပေါက်ဆီ ရောက်ခါနီးအချိန်တွင် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသွားပြီးမှောက်ယှက်လဲကျသွားလေသည်။ ထိုအချိန်နောင်ရိုး၏ဦးခေါင်းကို တစ်စုံတစ်ခုဖြင့်ဆောင့်မိသွားပြီး သတိမေ့မြောသွားလေတော့သည်။၇။အခြားတစ်ဖက်တွင်တော့ နောင်ရိုးအား စိတ်ပူနေကြသောသူငယ်ချင်းနှစ်ဦးမှာ အချိန်အတော်ကြာသည်အထိမပြန်လာသေးသော သူတို့၏သူငယ်ချင်းနောင်ရိုးအတွက်အလွန်အမင်းစိတ်ပူနေကြသည်။သို့ဖြစ်ပါသောကြောင့် ခင်မင်ရင်းနှီးသော မိတ်ဆွေများအား အကူအညီတောင်းခံကာ မဟူရာစံအိမ်ကြီးဆီလိုက်သွားရန်ဆုံဖြတ်လိုက်ကြသည်။ သူတို့နှစ်ဦးသည်အနီးအနားရှိ အပေါင်းအသင်းမိတ်ဆွေများကို လိုက်လံအကူအညီတောင်းခံလေရာ လူခုနှစ်ဦးသည် သူတို့နှင့်အတူမဟူရာစံအိမ်ကြီးဆီသို့လိုက်ပါလာခဲ့ကြသည်။ဤသို့ဖြင့်လူကိုးဦးသည် လက်နှိပ်ဓာတ်မီးများအားကိုယ်စီကိုင်ဆောင်ကာ မဟူရာစံအိမ်ကြီးဆီသို့ ချီတက်လာခဲ့ကြလေသည်။သူတို့သည် ဘေးအနှောင့်အယှက် မကြုံတွေ့ရဘဲမဟူရာစံအိမ်ကြီးဆီသို့ရောက်လာခဲ့ကြသည်။ လူအင်အား များသောကြောင့်ဖြစ်ဟန်တူပါသည်။ ပရလောကသားများက ၎င်းတို့ကိုအနှောင့်အယှက် မပေးကြသလိုကျီးကန်းများကလည်း အနှောင့်အယှက်မပေးကြချေ။မဟူရာစံအိမ်ကြီးထဲသို့ ရောက်သော် အခန်းတိုင်းတွင် နောင်ရိုးအားရှာဖွေကြလေသည်။ နောက်ဆုံးတွင်ဟောင်းနွမ်းနေပြီဖြစ်သော စာအုပ်အများအပြားတည်ရှိနေသော အခန်းတစ်ခုတွင် လဲကျနေသောနောင်ရိုးကိုတွေ့လိုက်ရလေသည်။သူငယ်ချင်းနှစ်ဦးသည် နောင်ရိုးအား ပြေးထူလိုက်သည်။ ထိုနောက်သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်သည်။နောင်ရိုးမသေသေးမှန်း သိလိုက်ရသည့်အခါ အားလုံးသည် စိတ်အေးသွားကြပြီး နောင်ရိုးသတိရလာအောင်ကြိုးစားကြသည်။ အချိန်အတော်ကြာသည်အထိ သတိမရသဖြင့် သူတို့သည်နောင်ရိုးအား ထမ်းပိုးကာ စံအိမ်ကြီးထဲက ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။၈။နောင်ရိုးသည် အိမ်သို့ပြန်ရောက်သည့်အခါမှ ပြန်လည်သတိရလာခဲ့သည်။ သို့သော်အကြောက်လွန်ကာတစ်ပတ်ခန့်အထိ လန့်ဖျား ဖျားသွားလေသည်။ အဖျားပျောက်သွားသည့်အချိန်မှစ၍ တစ္ဆေ၊ သရဲနှင့်ပတ်သက်၍မယုံကြည်သည့်အကြောင်း ထပ်မပြောတော့ချေ။လအနည်းငယ်ကြာသောအခါ မဟူရာစံအိမ်ကြီးထဲက ပရလောကသား သရဲမနှစ်ဦး၏ အတိတ်ဘဝဇာတ်ကြောင်းကိုသိလိုက်ကြရလေသည်။လွန်ခဲ့သည့်နှစ်ငါးဆယ်ခန့်က မဟူရာစံအိမ်ကြီးကိုပိုင်ဆိုင်သူမှာ မောင်ထွန်းခန့်ဆိုသည့်လူငယ်ဖြစ်သည်။ကုန်သည်တစ်ဦးဖြစ်သော မောင်ထွန်းခန့်သည် အဖေမရှိတော့ဘဲ မုဆိုးမအမေနှင့်အတူနေထိုင်သည်။တစ်နေ့တွင်မောင်ထွန်းခန့်သည် ခရီးသွားလာရင်းချစ်ကြိုက်ခဲ့သောမိန်ကလေးကို လက်ထပ်ထိမ်းမြားကာမဟူရာစံအိမ်ကြီးဆီ ခေါ်ဆောင်လာခဲ့သည်။မောင်ထွန်းခန့်၏မိခင်သည် ဆင်းရဲသော အသိုင်းအဝိုင်းကလာသည့် ထိုမိန်ကလေးကို သဘောမကျချေ။ထိုကြောင့်မောင်ထွန်းခန့် အပြင်သွားသည့်အချိန်တိုင်းအကြောင်းအမျိုးမျိုးပြ၍ ထိုမိန်းကလေးအား ဆူပူဆဲဆိုလေ့ရှိသည်။တစ်နေ့တွင်မောင်ထွန်းခန့်သည် အလုပ်သမားများနှင့်အတူ ကုန်ကူးသန်းရောင်းဝယ်ရန် ရှမ်းပြည်နယ်သို့ထွက်သွားသည်။သို့ဖြစ်ရာမဟူရာစံအိမ်ကြီးထဲတွင်မောင်ထွန်းခန့်၏အမေ၊ ဇနီးသည်နှင့် အိမ်စေအမျိုးသမီးသုံးဦး စုစုပေါင်းငါးဦးသာကျန်ရစ်ခဲ့သည်။တစ်ညတွင်အမျိုးသမီးငယ်သည် ယောက္ခမဖြစ်သူ၏ အကြောင်းမဲ့အပြစ်ရှာ ဆဲဆိုခံရခြင်း၊ ခင်ပွန်းဖြစ်သူမောင်ထွန်းခန့်ကို လွမ်းဆွေးသတိရနေခြင်းတို့ကြောင့်အိမ်အပေါ်ထပ်လသာဆောင်တွင် တစ်ဦးတည်းထိုင်၍ငိုကြွေးနေ၏။ ထိုအချိန်ယောက္ခမဖြစ်သူ အမျိုးသမီးကြီးရောက်လာခဲ့သည်။” ဟိုကောင်မ ဘာဖြစ်လို့ အဲ့ဒီလောက်ထိကို ငိုနေရတာလဲ။ တိတ်စမ်း ကျက်သရေကိုမရှိဘူး ”အမျိုးသမီးငယ်မှာ တုတ်တုတ်ပင်မလှုပ်ချေ။” ပြောနေတယ်လေ မကြားဘူးလား။ အခုချက်ချင်းတိတ်စမ်း။ ငါ့အိမ်မှာကျက်သရေယုတ်တယ်။ ငိုချင်ရင်နင့်အိမ်မှာသွားပြန်ငို ”ထိုအချိန်ထိအမျိုးသမီးငယ်မှာ တုတ်တုတ်ပင်မလှုပ်ချေ။ ထိုကြောင့်အမျိုးသမီးကြီးသည် အလွန်အမင်းစိတ်တိုဒေါသထွက်သွားဟန်တူပြီး မိန်းကလေးဆီသို့ ပြေးသွားသည်။ ထိုနောက်မိန်းကလေးကို ကုလားထိုင်ပေါ်အားဖြင့်တွန်းချလိုက်သည်။ကံဆိုးစွာဖြင့်ကုလားထိုင်ပေါ်က ပြုတ်ကျသွားသည့်အချိန် မထိန်းချုပ်နိုင်သောအရှိန်ကြောင့် ဝရန်တာတွင်ကာရံထားသော သစ်သားချောင်းများသည် ကျိုးပဲ့သွားကြကုန်ပြီး မိန်းကလေးသည်လည်း ဝရန်တာကိုလွန်၍အောက်သို့ပြုတ်ကျသွားလေသည်။အိမ်အပေါ်ထပ်မှပြုတ်ကျသွားသော အမျိုးသမီးငယ်သည် အသက်ရှင်ဖို့ရန် အခွင့်အရေးလုံးဝမရှိတော့ပါ။ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိတော့အောင်ဖြစ်သွားပြီးအသက်သေဆုံးသွားလေသည်။ချွေးမဖြစ်သူအား သတ်လိုက်မိမှန်းသိလိုက်ရသော်မောင်ထွန်းခန့်အမေသည် ထိတ်လန့်စိတ်လှုပ်ရှားသွားပြီး နောက်ဆုံး၌စိတ်မထိန်းနိုင်တော့ဘဲ အမောဖောက်ကာသေဆုံးသွားလေသည်။ထိုနေ့တစ်ရက်တည်းမှာ ကုန်ကူးသန်းရောင်းဝယ်ရန် ရှမ်းပြည်သို့တက်သွားသော မောင်ထွန်းခန့်သည်လည်း လမ်းခုလပ်တွင်လမ်းဓားပြတို့၏တိုက်ခိုက်သတ်ဖြတ်ခြင်းကိုခံလိုက်ရလေသည်။သို့ဖြစ်ရာမောင်ထွန်းခန့်တို့သားအမိ၌ အခြားသောဆွေမျိုးသားချင်းမရှိသဖြင့် မဟူရာစံအိမ်ကြီးမှာ ပိုင်ရှင်မဲ့ဖြစ်သွားလေသည်။အစောပိုင်းတွင်အစေခံများသည် ၎င်းတို့၏မိသားစုများကိုခေါ်ယူကာနေထိုင်ခဲ့ကြသော်လည်း သရဲခြောက်သဖြင့်မနေဝံ့ကြတော့ဘဲ အိမ်ပေါ်ကဆင်းသွားကြလေရာ မဟူရာစံအိမ်ကြီးသည် လူနေထိုင်ခြင်းမရှိတော့ဘဲအဖော်မဲ့အထီးကျန်စွာကျန်ရစ်ခဲ့လေသည်။ထိုအကြောင်းကိုသိလိုက်ရသော် အချို့က ထိုအမျိုးသမီးနှစ်ဦးမှာ မပြန်လာနိုင်တော့သည် မောင်ထွန်းခန့်ကို စောင့်မျော်နေကြသောကြောင့် မကျွတ်မလွတ်ခြင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးကြလေသည်။မည်သို့ပင်ဖြစ်စေ နောင်ရိုးသည် မဟူရာစံအိမ်ကြီးဆီသို့ နောက်ထပ်တစ်ကြိမ်ခြေဦးလှည့်ရန် မဝံ့ရဲတော့ချေ။ပြီးပါပြီဆက်လက်ကြိုးစားပါဦးမည်။
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.