လွဲခဲ့ရသူ(စ/ဆုံး)

————
ဆရာကန်တော့ပွဲကို ကျွန်တော်ရှောင်နေခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော်က အဖွဲ့အစည်းနှင့် လှုပ်ရှား လုပ်ဆောင်ရသည်များကို သိပ်ပြီးသဘောမတွေ့သောကြောင့်လည်းဖြစ်သည်။ သို့သော် နိုင်ငံခြားက ပြန်လာသော သူငယ်ချင်းအယ်ဒီကြောင့် ကျွန်တော် ဆရာကန်တော့ပွဲကို ရောက်ခဲ့သည်။

အယ်ဒီအမည်ရင်းက စိုးသူအောင်ဖြစ်သည်။ သို့သော် နိုင်ငံခြားတွင် သူက အယ်ဒီအမည်နှင့်နေသောကြောင့် သူ့ကို အယ်ဒီဟုသာခေါ်ကြသည်။ သူ့အိမ်နာမည်ကလည်း အယ်ဒီဖြစ်သည်။

“ဟေ့ကောင် ဒီနှစ်တော့ ဆရာကန်တော့ပွဲ မင်းလာမှရမယ်”

“နှစ်တိုင်း ငါမလာလည်း ဆရာကန်တော့ပွဲကတော့ ဖြစ်နေတာပါပဲကွာ”

“ငါ နိုင်ငံခြားက ခဏပြန်လာတာကွ။ သူငယ်ချင်းတွေကိုတွေ့ချင်တယ်။ အဲဒီသူငယ်ချင်းတွေထဲမှာ မင်းကို အတွေ့ချင်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းနဲ့ငါက ညီအစ်ကိုအရင်းတွေလို ချစ်ကြတာ မဟုတ်လား။ ငါ ဒီတစ်ခေါက် ပြန်လာတာ နောက်ဆုံးဖြစ်ကောင်းဖြစ်မယ်။ မြန်မာပြည်မရောက်တာ ကြာပြီလေကွာ။ ဒီတော့ ဒီတစ်ခါလေး တက်ဖြစ်အောင်တက်ပေးပါကွာ တောင်းပန်ပါတယ်။ မင်းနဲ့တွေ့ချင်လို့ပါ”

အယ်ဒီက ကျွန်တော့်ကို ဖုန်းထဲကတောင်းပန်သဖြင့် ဆရာကန်တော့ပွဲကို ရောက်ခဲ့ပါသည်။

ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး ၇၀ ဝန်းကျင်တွေဖြစ်ကုန်ပြီ။ အယ်ဒီက အတော်လေးဝလာသည်။ အသားတွေကလည်း ဖြူဖွေးနေသည်။ တကယ့်နိုင်ငံခြားသားကြီးတစ်ယောက်လိုပင်။ ပြီးတော့ သူက အနောက်တိုင်းဝတ်စုံနှင့် ပွဲကိုတက်လာသည်။

ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် မမှတ်မိတာတွေက များသည်။ အသက်အရွယ်တွေ ရလာပြီ ဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်တွေနှင့် ဖြစ်နေသည်။ အယ်ဒီတစ်ယောက်သာ ဟိုပြေးသည်ပြေး အလုပ်တွေများ နေသည်။

သူက အမျိုးသမီးတစ်ယောက်ကို အတင်းလက်ဆွဲလာသည်။

“ဟေ့ ထွန်းအောင် … ဒီမှာ ဘယ်သူလဲကြည့်လိုက်စမ်း” ဟု သူက ကျွန်တော့်အနီးတွင်ရပ်လိုက်ပြီး မေးလိုက်သည်။

ကျွန်တော်က အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။ သူ့ကိုတွေ့သည်နှင့် ကျွန်တော်ချက်ချင်းမှတ်မိသည်။ မမှတ်မိစရာအကြောင်းမရှိ။ အသက်ကြီးလာသဖြင့် ရင့်ကျက်တည်ငြိမ်ခြင်း၊ ကျက်သရေရှိခြင်းတို့နှင့်အတူ တွေ့လိုက်ရသည့် ယုယုခိုင်။

“ဟေ့ မယု … နင် သူ့ကို မသိဘူးလို့တော့ မပြောနဲ့နော်”

“သိပါတယ် … ကိုထွန်းအောင်”

“အေး … နင်တို့ကို ပြန်ဆုံစေချင်လို့ အတင်းခေါ်လာရတာ။ ဟေ့ကောင် မင်းလက်ထဲ မယုကို ငါအပ်ခဲ့ပြီ”

အယ်ဒီကပြောပြောဆိုဆိုနှင့် ပြန်ထွက်သွားသည်။ မယုက ကြောင်တောင်တောင်နှင့် ရပ်ကာ သီချင်းဆိုနေ သူများကို ငေးနေသည်။

ကျွန်တော်က အရဲစွန့်လိုက်ပြီး

“မယု … ထိုင်လေ” ဟုပြောလိုက်သည်။

သူက ကျွန်တော့်ဘေးနားခုံတွင် ဝင်ထိုင်လိုက်သည်။ စားပွဲဝိုင်းတွင် ကျွန်တော်တို့နှစ်ဦးသာ ရှိသည်။

“ကိုထွန်းအောင် … နေကောင်းတယ်နော်”

“ကောင်းတယ် … မယုရော”

“ကောင်းပါတယ် … ကိုထွန်းအောင် အမျိုးသမီးရော”

“ကျွန်တော့်မှာ အမျိုးသမီးမရှိပါဘူး။ တစ်ယောက်တည်းပါ။ မယုအမျိုးသားရော”

မယုကရယ်လိုက်ပြီး

“ဘာလဲ ကျွန်မကို စုံစမ်းတာလား”

“မဟုတ်ပါဘူး … ဒီအတိုင်းပဲမေးကြည့်လိုက်တာပါ”

ထိုစဉ် ကျွန်တော့်နောက်မှ အမျိုးသမီးအသံတစ်သံကို ကြားလိုက်ရသည်။

“ဟေ့ … မိယု … ကောင်မ ဒီမှာလာပြီးတော့ အကြည်ဆိုက်နေတယ် … ဘယ်သူနဲ့လဲ”

ထိုအမျိုးသမီးက ကျွန်တော့်ရှေ့လာရပ်လိုက်သည်

“ဟယ် … ကိုထွန်းအောင်ကြီးပါလား”

“ကျွန်တော့်ကို မှတ်မိသလား”

“မှတ်မိတာပေါ့ … သိပ်အပြောင်းလဲကြီး မဖြစ်သွားပါဘူး”

“မချယ်ရီထိုင်လေ”

သူက မယုဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဘာတွေပြောနေကြသလဲ”

“ဘာမှကိုမပြောရသေးဘူး … ကိုထွန်းအောင်က ငါ့အမျိုးသားရောလို့ မေးနေချိန်မှာ နင်ရောက်လာတာ”

“ဪ ကိုထွန်းအောင်က ယုအမျိုးသားကို သိချင်လို့လား”

“မဟုတ်ပါဘူး … ဒီလိုပဲ သူက ကျွန်တော့်အမျိုးသမီးရောလို့ မေးလိုက်လို့ ကျွန်တော်ကလည်း ပြန်မေး ကြည့်တဲ့ သဘောပါ”

“ယုဆိုတဲ့ကောင်မလေးက သူချစ်တဲ့သူနဲ့ လွဲသွားပြီးကတည်းက ဘယ်ယောက်ျားမှ လောကမှာ ရှိတယ်လို့ကို မထင်တော့တာ ကိုထွန်းအောင်”

ကျွန်တော်နှုတ်ဆိတ်နေမိသည်။ ဘာဆက်ပြောရမှန်းမသိတာလည်းပါသည်။ ချယ်ရီက

“သူချစ်တဲ့သူက ဘယ်သူလဲ မမေးတော့ဘူးလား ကိုထွန်းအောင်”

“ကျွန်တော်မေးခွင့် မရှိပါဘူး မချယ်ရီ”

“မမေးလဲပြောရမှာပဲ … သူက ကျောင်းမှာတုန်းက ရှင့်ကိုချစ်နေတာ”

“ဟဲ့ … ချယ်ရီ ဘယ်လိုပြောလိုက်တာလဲ”

“ဘာလဲ မဟုတ်လို့လား … နင်ပဲ ကိုထွန်းအောင်ကသာ ချစ်ခွင့်ပန်မယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ ခေါင်းညိတ် လိုက်မယ်လို့ပြောခဲ့တယ်လေ”

“ဟာ ချယ်ရီကလည်း ကိုထွန်းအောင်ကို အားနာစရာ”

“ကိုထွန်းအောင် ကျောင်းမှာတုန်းက ယုကို ရှင်ခိုးခိုးကြည့်တာ ကျွန်မတို့သိနေတယ်။ ယုကို ကြိုက်နေတာ မဟုတ်လား”

ကျွန်တော်ဘာပြောရမှန်းမသိ

“အဲဒီအချိန်က စာပေးတာပဲဖြစ်ဖြစ်၊ လိုက်ပြောတာပဲဖြစ်ဖြစ် ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ ကိုထွန်းအောင်”

“ဟေး … ဒီမှာ အဖွဲ့ကျနေတာပဲ … ဟာ ချယ်ရီ နင်လည်း ရောက်နေတာလား … ဟိုမှာ ဆရာတွေကို ကန်တော့ဖို့ပြင်နေပြီ သွားကြရအောင်”

ကျွန်တော့်ကို အယ်ဒီက ကယ်လိုက်ခြင်းဖြစ်သည်။ သို့သော် ချယ်ရီက ကျွန်တော့်ကို ရအောင်မေးနေသည်။

“ကိုထွန်းအောင်ပြောလေ … ယုကိုကြိုက်နေသားနဲ့ ဘာဖြစ်လို့ ဖွင့်မပြောတာလဲ။ ယုက ရှင့်ကြောင့် တစ်သက်လုံး အိမ်ထောင်မပြုဘဲ အပျိုကြီးလုပ်နေတာ။ ကျွန်မက သူနဲ့တွဲနေတာ သူ့အကြောင်း ကောင်းကောင်းသိတယ်။ သူက ရှင့်ကိုကြိုက်နေတာ။ အဲဒီအချိန်ကသာ ဖွင့်ပြောလိုက်ရင် ကိစ္စပြီးပြီ”

အယ်ဒီက နောက်ပြန်လှည့်လိုက်ပြီး

“ဘာ ဒီကောင်က ယုကိုကြိုက်တယ် ဟုတ်လား … မှားနေပြီနဲ့တူတယ်။ ဒီကောင်ကြိုက်တာ ယုကို မဟုတ်ဘူး”

“ဟေ့ကောင် အယ်ဒီတော်တော့ကွာ”

“မတော်နိုင်ဘူး … ချယ်ရီ ဒီကောင်ကြိုက်နေတာဘယ်သူလဲ သိလား”

“သိဘူးလေ”

“ဒီကောင်က နင့်ကို ကြိုက်နေတာ မပြောရဲလို့တဲ့။ အဲဒီလို နှုတ်စအာစ နည်းလို့လည်း ခုထိလူပျိုကြီး ဖြစ်နေတာ”

ကျွန်တော် အမျိုးသမီးနှစ်ယောက်ကို မကြည့်ရဲသဖြင့် အယ်ဒီနောက်ကို သွက်သွယ်လေး လိုက်ခဲ့သည်။

ကန်တော့ပွဲပြီးသည့်နောက်တွင်လည်း တိတ်တိတ်လေးပြန်ခဲ့သူမှာ ကျွန်တော်ဖြစ်သည်။

တင်ညွန့်

၁.၁၁.၂၀၂၅