ဖြတ်တော့မည်ဆိုလျှင်

---------------------
မီးက ၁ နာရီထိုးသော် ပြတ်လေသည်။ ကွန်ပျူတာကို ပိတ်ကာ ခြံထဲဆင်းပြီး စာဖတ်နေမိသည်။ မိုးက ရွာမလိုလို အုံ့နေသည်။ အိမ်ထဲတွင် ပိုအိုက်သည်။
ကျွန်တော်က မောင်ကျော်စွာ ခြံထဲ ဝင်လာသည်ကို ကြည့်နေမိသည်။ သူက ပါးစပ်ထဲမှ ဝါးလာသော ကွမ်းတွေကို ထွေးထုတ်သည်။ လက်ထဲတွင် ကိုင်လာသော စီးကရက်ကိုလည်း မီးသတ်ပြီး ခြံစည်းရိုးတွင် ထိုးခဲ့သည်။
သူက ကျွန်တော့်ဘေးတွင် ချထားသည့် ခုံ၌ ဝင်ထိုင်ပြီး
“ဆရာ စားပြီးပြီလား”
“အေးကွ ... မင်းရော”
“ခုပဲစားခဲ့တယ်ဆရာ”
“ဘာကိစ္စလဲကွ”
“ဆရာ ... ပိုက်ဆံ တစ်သောင်းလောက် ချေးပါလား”
“ဘာလုပ်မလို့လဲကွ”
“အကြွေးဆပ်စရာ ရှိနေလို့ပါဆရာ”
“ဘာလဲကွ ... ချဲကြွေးလား”
“မဟုတ်ပါဘူးဆရာ ... ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်စားထားတာ ကြွေးဆပ်ချင်လို့ပါ”
“ကွမ်းယာဖိုး အကြွေးက တစ်သောင်းတောင်လား ... ဒါနဲ့ မသိလို့ မေးပါရစေ ... တစ်နေ့ ကွမ်းဘယ်လောက်ဖိုးလောက် စားသလဲကွ”
“တစ်နေ့ တစ်ထောင်ဖိုးစရာ”
“ဆေးလိပ်ကရော”
“ဆေးလိပ်လည်း တစ်နေ့ တစ်ထောင်ဖိုးလောက်တော့ရှိမယ်ဆရာ”
“ကွမ်းနဲ့ ဆေးလိပ်နှစ်ခုတည်းတင် မင်းတစ်ယောက်တည်း ကုန်ကျစရိတ်က တစ်လ ၆ သောင်းလောက် ဖြစ်နေပြီနော်။ မင်းရတဲ့ လစာက ဘယ်လောက်လဲ”
“တစ်လ နှစ်သိန်းလောက်ရတယ်ဆရာ”
“နှစ်သိန်းထဲက ခြောက်သောင်းနုတ်တော့ တစ်သိန်းလေးသောင်းပဲကျန်မယ် ... မင်းအိမ်ကို ဘယ်လောက် ပြန်ပေးသလဲ”
“အမေ့ကို တစ်လ တစ်သိန်းပြန်ပေးတယ်ဆရာ”
“တစ်နေ့ သုံးထောင်ကျော်ကျော်လောက်နဲ့ မင်းကို မင်းအမေက တစ်နေ့ ထမင်းသုံးနပ် ကျွေးထားရတယ် ဆိုပါတော့။ ဒါတောင် လမ်းစရိတ်၊ အဝတ်အစား၊ မင်းစီးနေတဲ့ ဆိုင်ကယ်ထဲထည့်ရမယ့် ဆီဖိုး ... အဲဒါတွေရော ဘယ်က ရသလဲ”
“ဟဲ ... ဟဲ ... ဆရာကလည်း ဒါကတော့”
“မောင်ကျော်စွာ ဆေးလိပ်နဲ့ ကွမ်းအပြင် အရက်လေးများ သောက်တတ်သေးလား”
“ဆရာကလည်း ဒါကတော့ သူငယ်ချင်း အပေါင်းအသင်းနဲ့ တစ်လတစ်ခါ ဘီယာဆိုင်ထိုင်ဖြစ်တာပေါ့”
“ဘီယာဆိုင်ထိုင်တာကရော အလကားသောက်ရတာပဲလား”
“တစ်သောင်းနှစ်သောင်းလောက်တော့ ထွက်တာပေါ့ဆရာရယ်”
“မင်းက မင်းအမေကို တစ်သိန်းပေးတယ်ဆိုရင် ... ကျန်တစ်သိန်းက ဆေးလိပ်၊ ကွမ်း၊ ဘီယာဖိုးနဲ့ ကုန်သလောက် ဖြစ်နေပါပြီကွယ် ... တကယ်လို့ ဆေးလိပ်ဖြတ်၊ ဘီယာဖြတ်၊ ကွမ်းဖြတ်လိုက်ရင် ကျန်တစ်သိန်းကို မိသားစုအတွက် အခြား အကျိုးရှိတဲ့ နေရာတစ်ခုခုမှာ မသုံးနိုင်ပေဘူးလား”
“ဆရာရယ် ဖြတ်ဖို့ခက်ပါတယ်”
“ဘာကြောင့် ဖြတ်ဖို့ခက်နေတာလဲ သိလား”
“မသိဘူးဆရာ”
“မင်းက ကိုယ့်အောက်က လူတွေနဲ့ တန်းညှိနေတာကိုး ... အထက်ကိုမှ မော့မကြည့်တတ်တာ”
“ဘာကို ဆိုလိုတာလဲဆရာ”
“မင်း ဆေးလိပ်၊ ကွမ်း၊ ဘီယာ သောက်တတ်လာတာတွေဟာ မင်းအဖေနဲ့အမေက မွေးကတည်းက လေ့ကျင့် သင်ကြားပေးခဲ့တာလားကွယ်”
“မဟုတ်ပါဘူးဆရာ ... သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပျော်သဘော စားရင်း ဝါးရင်း သောက်ရင်းက စွဲသလို ဖြစ်လာတာပါပဲ”
“အဲဒါပြောတာပေါ့ကွာ ... မင်းက အထက်ကို မော့မကြည့်တတ်ဘူးဆိုတာ။ မကောင်းတာ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်လယ်ဗယ်တန်းတွေနဲ့ ကိုယ့်ထက် နိမ့်တဲ့ သူတွေ ဘာလုပ်နေကြသလဲဆိုတာ ငုံ့ကြည့်တတ်တာ ငါတို့ လူမျိုး အရိုးစွဲနေပြီကွ။ ငါတို့ထက် တော်တဲ့လူတွေ၊ ငါတို့ထက် တတ်တဲ့သူတွေ၊ ငါတို့ထက် ကြီးမြတ်တဲ့သူတွေ ဘာတွေလုပ်၊ ဘယ်လိုနေ၊ ဘယ်လိုကျင့်ကြတယ်ဆိုတာ မလေ့လာကြဘူး။ ဒါကြောင့် မင်းကို စာဖတ်ခိုင်းနေတာပေါ့ကွယ်။ မင်း အိုင်စင်ဟောင်ဝါဆိုတာကြားဖူးသလား”
“မကြာဖူးဘူးဆရာ”
“အေးမကြားဖူးရင် နားထောင် ...”
ဒွိုက် အိုင်စင်ဟောင်ဝါသည် နော်မန်ဒီကမ်းခြေကို သက်ဆင်းလိုက်သည်
သူသည် နာဇီတို့ကို ချေမှုန်းနိုင်ခဲ့ပြီး ဂျာမနီကို သိမ်းပိုက်နိုင်ခဲ့သည်
သူသည် ၁၉၄၉ ခုနှစ်တွင်
“ငါသည် ငါ့ဘဝတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့သည့် တိုက်ပွဲကြီးကို အောင်နိုင်ခဲ့ပြီ” ဟု ကြွေးကြော်လိုက်သည်
သူဘဝတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ရသည့် တိုက်ပွဲကြီးကား အဘယ်နည်း
သူ ၃၈ နှစ်လုံးလုံး စွဲမက်စွာ သောက်သုံးလာခဲ့သော ဆေးလိပ်သောက်သုံးခြင်း အလေ့အထကို ဖြတ်တောက်လိုက် ခြင်းဖြစ်သည်။
သူသည် ပြင်ပရန်သူများကို အောင်မြင်စွာ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သူဖြစ်သော်လည်း သူ့အတွင်းစိတ်ထဲရှိ ရန်သူတော်ကြီးကို ၃၈ နှစ်တိုင် မနှိမ်နင်းနိုင်ခဲ့ပေ။ သူ့အတ္ထုပ္ပတ္တိကို ရေးသားသူ အက်ဒ်ဝပ်စမစ်က
“တစ်နေ့တွင် စီးကရက် သုံးဘူးမှ လေးဘူးအထိ သောက်သုံးခဲ့သူ အိုင်စင်ဟောင်ဝါသည် စီးကရက်ကို တိခနဲ ဖြတ်နိုင်ခဲ့သူဖြစ်သည်။ သူသည် မသောက်တော့ဟု ဆုံးဖြတ်လိုက်သည့် အချိန်ကစပြီး စီးကရက်ကို လုံးဝ မကိုင်တော့သူလည်းဖြစ်သည်” ဟု ရေးသားခဲ့သည်။
အိုင်စင်ဟောင်ဝါ ပြောသည့် စကားတစ်ခွန်းမှာ
“ဖြတ်တယ်ဆိုရင် ပြတ်အောင်ဖြတ်ရတယ်။ ဘယ်သူက ဖြတ်ခိုင်းလို့ ဆိုတာထက် ကိုယ်တိုင်က ပြတ်အောင် ဖြတ်နိုင်မှ ပြတ်တယ်”
ကျွန်တော်က မောင်ကျော်စွာကို ကြည့်လိုက်သည်။ သူက မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး နားထောင် နေသည်။
“အိုင်စင်ဟောင်ဝါဆိုတာ မင်းထက်ရော ငါ့ထက်ပါ အများကြီး မြင့်တဲ့သူပေါ့ကွာ။ သူ့ကို မော့ကြည့်လိုက်စမ်းပါ။ သူဟာ ကမ္ဘာကြီးအတွက် အများကြီးလုပ်ပေးခဲ့သူပေါ့။ သူတို့လိုလူမျိုးတွေက နမူနာယူစရာ၊ အတုယူစရာတွေ အများကြီး ထားခဲ့တာပဲ။ မော့ကြည့်လိုက်စမ်းပါကွာ”
“ပြောဦးမယ် ... အဲဒီ ၁၉၄၉ ခုနှစ်မှာ အခြားတစ်ယောက်ကလည်း သူ့လိုပဲ တိခနဲ ဖြတ်ခဲ့တာ တိုက်တိုက် ဆိုင်ဆိုင် ရှိသေးတယ်”
“သိပါရစေဆရာ”
“ရူပဗေဒပညာရှင် ရစ်ချတ် ဖိုင်းမင်းဆိုသူပဲကွ”
ရစ်ချတ်ဖိုင်းမင်းသည် အလုပ်မှအပြန်တွင် ဘားဆိုင်ကို ဝင်လိုက်သည်။ အရက်တစ်ခွက်မှာသည်။ အရက်ကို သောက်မည် ပြုပြီးမှ စဉ်းစားမိသည်
“ငါဘာကြောင့် အရက်သောက်မှာလဲ”
သူက ယနေ့မှ ထူးထူးခြားခြား စဉ်းစားမိခြင်းဖြစ်သည်။
“အလုပ်ပင်ပန်းလို့”
သူက အဖြေတစ်ခုထုတ်လိုက်သည်။ ထို့နောက် ပြန်တွေးသည်။
“ပင်ပန်းတဲ့ သူတိုင်း အရက်သောက်သလား”
“အရက်ကို ပင်ပန်းလို့ သောက်တယ်ဆိုတာ အဖြေလား”
သူက သောက်ရန်ပြင်ထားသော အရက်ခွက်ကို ပြန်ထားလိုက်သည်။ ထို့နောက် ပိုက်ဆံရှင်းပြီး ဘားထဲက ထွက်ခဲ့သည်။
ထိုညနေခင်းက သူဘားထဲမှ ထွက်လာခြင်းသည် ထာဝရ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ နောက်နောင် ဘယ်တော့မှ ဘားဆိုင်ထဲကို ခြေဦးမလှည့်တော့။ သူအရက်ကို တုံးတိဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုနေ့က သူဆိုခဲ့သည့် သီချင်း လေးကို သူက ပြန်ရွတ်ပြသည်
“အကြိမ်ကြိမ်အခါခါ ကျိန်ဆိုခဲ့ပြီး ... မဖြတ်နိုင်ခဲ့တာတွေကို ငါထပ်မလုပ်တော့ဘူး”
ကျွန်တော်က ဆက်ပြောလိုက်သည်
“အိုင်စင်ဟောင်ဝါနဲ့ ဖိုင်းမင်းတို့ကို ကြည့်လိုက်ကွယ် ... တကယ့်ကို သူ့နေရာနဲ့သူ ထူးချွန်သူတွေပဲ။ ကိုယ့်ထက် မြင့်တဲ့ သူတွေကို ကြည့်လိုက်ရင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ တကယ့်ကို ထူးချွန်ထက်မြက်လို့လည်း အဲဒီလို ထူးချွန်တဲ့နေရာတွေကို ရောက်နေကြတာပေါ့”
“လူတိုင်းဟာ ကျေးကျွန်ဘဝကို အလိုလိုအရောက်ခံနေကြတာကွ။ အချစ်ရဲ့ ကျေးကျွန်၊ ငွေရဲ့ ကျေးကျွန်၊ ဆန္ဒရဲ့ ကျေးကျွန်၊ ကာမရဲ့ ကျေးကျွန် အားလုံး ကျေးကျွန်ဘဝကို မရောက်ရောက်အောင်သွားပြီး စွဲလမ်းတပ်မက်မှုဆိုတဲ့ နှောင်ကြိုးနဲ့ ချည်နှောင်ခြင်း ခံနေကြရတာ။ အဲဒီလို တပ်မက်စွဲလမ်းခြင်းတွေနဲ့ တုတ်နှောင်ခံလိုက်ရပြီဆိုရင် အစွဲဆိုတာကို မဖြုတ်နိုင်လောက်အောင် ... ဖြုတ်ရ ဖြတ်ရမှာ ကြောက်တဲ့သူတွေ ဖြစ်ကုန်တော့တာပဲ”
“ဆရာ ကျွန်တော် ပြန်တော့မယ်။ ဆရာပြောတာတွေကို ကျွန်တော် သဘောပေါက်ပါတယ်ဆရာ။ အိုင်စင်ဟောင်ဝါ ပြောသလို ဘယ်သူကဖြတ်ခိုင်းလို့ ဖြတ်တယ်ဆိုတာထက် ကိုယ်တိုင်က ဖြတ်နိုင်အောင် ကြိုးစားပါ့မယ်”
“ဆေးလိပ်၊ ကွမ်း၊ ဘီယာသောက်မယ့်အစား စုဆောင်းထားတဲ့ ငွေလေးနဲ့ အဖေ့ဖို့ လုံချည်လေးတစ်ထည်၊ အမေ့ဖို့ ထဘီလေးတစ်ထည်လောက် ဝယ်ကန်တော့နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ မောင်ကျော်စွာ။ မိဘဆိုတာ ကိတ်မုန့်လေးတစ်လုံး အဖေ့ဖို့ အမေ့ဖို့ ဝယ်လာတာဆိုရင်တောင် ကြည်နူးနေတတ်ကြတဲ့ သူတွေပါ။ ကိုယ့်အတွက်လည်း ဘေးဖြစ်၊ ကိုယ့်မိသားစုအတွက်လည်း ဘယ်လိုမှ အကျိုးမဖြစ်နိုင်တာကို ဆင်ခြင်နိုင်သမျှ ဆင်ခြင် ကြည့်ပေါ့ကွာ”
“ကျွန်တော် ပြန်မယ်ဆရာ”
“အေး ... အေး”
မောင်ကျော်စွာက ပြန်ထွက်သွားသည်။ ခြံဝတွင် ထိုးထားခဲ့သော စီးကရက်တိုကို သူယူမသွားတော့။ ပြီးတော့ ကျွန်တော့်ထံ လာချေးသည့် ငွေ နှစ်သောင်းကို သူမေ့သွားပြီထင်သည်။
တကယ်တော့ မေ့ချင်မှလည်းမေ့မည်
ကျွန်တော်က ပိုက်ဆံကို ဘယ်သူ့ကိုမျှ ချေးလေ့မရှိဆိုသည်ကို သူကောင်းကောင်း သိထားသောကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မည်။
တင်ညွန့်
၂၀.၁၁.၂၀၂၂