သံယောဇဉ်
“စက်ဘီးရောင်းမည်၊ နှစ်သောင်းကျပ်၊ ဝယ်နိုင်မှ လာစုံစမ်းပါ”
ဦးထွန်းမောင် အိမ်ရှေ့ ခြံစည်းရိုးတွင် သစ်သားပြားပေါ်၌ မြေဖြူနှင့် ရေးထားသည့် ကြော်ငြာလေးတစ်ခုကို ချိတ်ထားခြင်းဖြစ်သည်။
လူတိုင်းက ဆိုင်းဘုတ်ကိုဖတ်ပြီး ဖြတ်သွားသော်လည်း ခြံထဲကို ဝင်ခြင်းမရှိ။ အဘယ်မှာလျှင် ရှိနိုင်အံ့နည်း။ အပေါက်ဆိုးဆိုး၊ ဘုကလန့်သမားကို မည်သူကဆက်ဆံချင်မည်နည်း။ ဦးထွန်းမောင်ကား ပုလိပ်လူထွက်လည်း ဖြစ်ပြန်၊ ရပ်ကွက်အတွင်း ဟိုတိုင်၊ သည်တိုင်လုပ်တတ်လွန်းသောကြောင့်လည်း သူ့ကိုလူတွေက ရွံကြောက် ကြီးဖြစ်နေကြသည်။
လမ်းထိပ် ကာကာဆိုင်တွင် လူတစ်စုထိုင်နေကြသည်။ တစ်ယောက်က
“ဟေ့ … ဘိုးထွန်းမောင်ကြီးက စက်ဘီးရောင်းမလို့တဲ့ကွ”
“ဘယ်လောက်တဲ့လဲကွ”
“မသိဘူးလေ … သိချင်ရင်သွားမေးပေါ့”
“နှစ်သောင်းလို့လည်း ပြောသံကြားတယ်”
“အေး … သူစီးနေတဲ့ ရယ်လေးဘီးဆိုရင် နှစ်သောင်းတော့ လွှတ်တန်တယ်။ အဘိုးကြီးက သူ့စက်ဘီးကို သူ့မိန်းမထက်တောင် ယုယတာကွ”
ထိုစဉ်တစ်ဖက်ဝိုင်းမှ ချစ်အောင်ဆိုသူက သူတို့ဝိုင်းကို ကူးလာပြီး
“ဘိုးထွန်းမောင် စက်ဘီးက တကယ်ရောင်းမှာတဲ့လား”
“အေးလေ ခြံရှေ့မှာ ဆိုင်းဘုတ်ချိတ်ထားတာပဲ။ ဘာလဲ မင်းဝယ်ချင်လို့လား”
“အေးဗျာ သားလေးက ဒီနှစ် ၈ တန်းအောင်တယ်လေ။ အဲဒါ စက်ဘီးကောင်းလေးများ ဝယ်ပေးမလားလို့ စိတ်ကူးနေတာ။ သူစီးနေတဲ့ ရယ်လေးဘီးဆိုရင်တော့ အသန့်ကလေးပဲ။ နှစ်သောင်းကတော့ များသဗျာ”
“ဟေ့ကောင် … သူ့ဘီးက အားလုံး အော်ရီဂျင်နယ်တွေချည်းပဲ။ နတ်တွေကအစ အရင်ကတည်းကပါတာတဲ့။ အဘိုးကြီးကလည်း သူ့စက်ဘီးကိုသလိုက်တာမှာ စပုတ်တိုင်တွေကအစ ပြောင်လက်နေတာ”
“အေးဗျာ လိုချင်လိုက်တာ … ကျွန်တော့်မှာကလည်း တစ်သောင်းကျော်ကျော်လောက်ပဲရှိတာ”
“သွားမေးပြီး တိုက်တိုက်ဆိုင်ဆိုင်ဈေးဆစ်ကြည့်ပေါ့ကွ”
“ဒီအဘိုးကြီးအကြောင်းလည်း သိသားနဲ့။ စကားကိုမပြောချင်တာ”
“စကားမပြောဘဲနဲ့တော့ ဘယ်လိုအရောင်းအဝယ်လုပ်ကြမလဲ”
နောက်ဆုံးတွင် ချစ်အောင်တစ်ယောက် ဦးထွန်းမောင် ခြံဝကိုရောက်လာသည်။ သူက ဝင်သင့်၊ မဝင်သင့် ချိန်ဆနေစဉ်မှာပင်
“ငါ့ခြံရှေ့မှာ ဘာလုပ်နေတာလဲကွ” ဟုမေးသံကြားလိုက်ရသဖြင့် ချစ်အောင်က နောက်လှည့်ကြည့်လိုက်သည်။ ဦးထွန်းမောင်ဖြစ်နေသဖြင့် လန့်သွားပြီး
“ဟို … ဟို … စက်ဘီးရောင်းမယ်ဆိုလို့ပါ … ဒီဘီးလားခင်ဗျာ”
“မင်းက စက်ဘီးဝယ်မလို့လား”
“ဟုတ်ကဲ့ ဝယ်ချင်လို့ပါခင်ဗျာ”
ဦးထွန်းမောင်က စက်ဘီးပေါ်ကဆင်းလိုက်ပြီး စက်ဘီးကို ဒေါက်ထောက်လိုက်သည်။
“အေး … ဟုတ်တယ် … ဒီဘီးပဲ”
“ဈေးဘယ်လောက်များခေါ်ထားသလဲခင်ဗျာ”
“နှစ်သောင်း”
ချစ်အောင်က ဖင်ကုတ်၊ ခေါင်းကုတ်လုပ်နေသည်။
“ဘယ်လိုလဲ ဝယ်နိုင်လား၊ ဝယ်နိုင်မှကြည့်။ မဝယ်နိုင်ရင် ငါအိမ်ထဲဝင်တော့မယ်”
“မဝယ်နိုင်ပါဘူးခင်ဗျာ”
“မဝယ်နိုင်ဘဲနဲ့များ ဘာဖြစ်လို့လာကြည့်သလဲ”
“ကျွန်တော့်သားလေးအတွက် ဝယ်ပေးချင်လို့ပါ။ ကျွန်တော့်မှာကလည်း တစ်သောင်းနှစ်ထောင်လောက်ပဲ ရှိတော့ မတတ်နိုင်ဘူးဖြစ်နေလို့ပါ”
“ဒါဆိုလည်း ငါသွားတော့မယ်။ နှစ်သောင်းနဲ့ ဝယ်နိုင်ရင်လာခဲ့”
“ဒီလိုလုပ်ပါလားခင်ဗျာ”
“ဘယ်လိုလုပ်ရမလဲ”
“ကျွန်တော့်ဆီက တစ်သောင်းနှစ်ထောင် ယူထားပါလားခင်ဗျာ။ စက်ဘီးကတော့ မပေးနဲ့ဦးပေါ့။ ကျွန်တော် သုံးလအတွင်း ကျန်ငွေကိုပေးပါ့မယ်။ ငွေကျေပေးမှ စက်ဘီးယူပါ့မယ်။ ကျွန်တော့်သားလေး ကျောင်းသွားရင် စက်ဘီးစီးချင်လို့တဲ့ခင်ဗျ”
“အိုကွာ ရှုပ်ရှုပ်ရှက်ရှက်”
“ဟုတ်ကဲ့ ကျွန်တော်တတ်နိုင်တာကိုပြောတာပါခင်ဗျာ။ မရလည်းနေပါ။ ကျွန်တော်သွားပါတော့မယ်”
ချစ်အောင်က ဦးထွန်းမောင်အနီးမှထွက်သွားသည်။ သူက လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး တစ်ယောက်တည်းငေးကာ ထိုင်နေသည်။ ငွေ ရှစ်ထောင်ကိုဘယ်ကရှာရမည်နည်းဟု စဉ်းစားနေသည်။
ယခုမှ ချစ်အောင်သည် နေ့တိုင်းလိုလို ဦးထွန်းမောင်အိမ်ရှေ့ကိုဖြတ်လျှောက်ကာ ဆိုင်းဘုတ်လေးချိတ်ထား သေးလားဆိုပြီး လာကြည့်နေတတ်သည်။ သူက အစိုးရလခစားဖြစ်သောကြောင့် အပိုဝင်ငွေရအောင် ရှာနိုင် စွမ်းလည်းမရှိ။ သူ့မှာ စက်ဘီးကြောင့် စိတ္တဇလိုဖြစ်နေရရှာသည်။
တစ်နေ့ ချစ်အောင်သည် ဦးထွန်းမောင်အိမ်ရှေ့ကအဖြတ်တွင်
“ဟေ့ ချစ်အောင်ရေ … ခဏလောက်လာဦး” ဟု အိမ်ထဲက ခေါ်သံကြားလိုက်ရသဖြင့် ချစ်အောင်လည်း တုံ့ခနဲ ရပ်လိုက်ပြီး နောက်ပြန်လှည့်လိုက်သည်။
အိမ်ရှေ့ဝရံတာမှာ ရပ်နေသော ဦးထွန်းမောင်ကိုတွေ့သဖြင့်
“ကျွန်တော့်ကိုခေါ်တာလား ဦးလေး”
“အေးကွ”
ချစ်အောင်က ဦးထွန်းမောင်အိမ်ပေါ်ကို ကြောက်ကြောက်နှင့် တက်လာသည်။
“ထိုင်ကွာ”
သူကခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။
“မင်းစက်ဘီးရသွားပြီလား”
“မရသေးပါဘူးခင်ဗျာ”
“ငွေရော ထပ်ရှာလို့ရပြီလား”
“မရပါဘူးခင်ဗျာ”
“စက်ဘီးရော လိုချင်စိတ်ရှိသေးလား”
“လိုချင်တာပေါ့ခင်ဗျာ”
“မင်းမှာပိုက်ဆံဘယ်လောက်ရှိတယ်”
“သောင်းနှစ်ထောင်ပါ”
“အေး … ငါကလည်း နှစ်သောင်းမရရင် မရောင်းဘူးကွ”
“ကျွန်တော့်ကို သုံးလလောက် စောင့်ပေးရင်တော့ ဝယ်ဖြစ်သွားမှာပါ”
“သုံးလပြည့်လို့ ကျန်တဲ့ငွေ မပေးနိုင်ရင်ရောကွာ”
ချစ်အောင်တွေသွားသည်။
“မဝယ်ရုံပဲ ရှိတော့တာပေါ့ခင်ဗျာ”
“ဒါဆိုရင် သုံးလအတွင်း ငါက မင်းကလွဲပြီး ဘယ်သူ့ကိုမှ မရောင်းရဘူးဆိုသလိုကြီး ဖြစ်မနေဘူးလား”
“လာဆိုင်လို့ရှိရင် ရောင်းပေါ့”
“ဒီလိုလုပ်ပါလား”
“ဘယ်လိုလုပ်ရမလဲ”
“မင်းစစ်တုရင်ကောင်းကောင်း ထိုးတတ်တယ်ကြားတယ်။ ဟုတ်သလား”
“မြို့နယ် ချန်ပီယံပါ”
“ကောင်းပါပေ့ကွယ် … ဒီလိုလုပ် … မင်း ငါ့ကို သောင်းနှစ်ထောင်ပေးထား။ သုံးလတိတိ ငါနဲ့ ညနေတိုင်း စစ်တုရင်ထိုးရင်း စကားလာပြောရမယ်။ တစ်ရက်မှ မပျက်ရဘူးနော်။ ည ၆ နာရီကနေ၊ ၉ နာရီအထိပဲ။ မင်းကို နေ့တိုင်းကော်ဖီတိုက်ဦးမယ်”
“ဟာဗျာ … သုံးလတောင် ဦးလေးအိမ်မှာ စစ်တုရင်လာထိုးနေရင် ကျွန်တော့်နားချိန် ဘယ်ရှိတော့မှာလဲ။ ကျွန်တော် သုံးလပြည့်လို့မှ မဝယ်နိုင်ရင်လည်း နေ့တိုင်းလာပေးရတာဘယ်တန်မလဲ”
“အရာရာတိုင်းမှာ သူ့တန်ကြေးနဲ့သူ ရှိပြီးသားပါချစ်အောင်ရာ။ မင်း ငါ့ဆီကို သုံးလတိတိ နေ့တိုင်းလာလို့ အကျိုး မယုတ်ပါဘူး။ ငါက မင်းဆီက အဲဒီ သောင်းနှစ်ထောင်ပဲယူမှာ။ ငါ့ကို တစ်ပြားမှ ထပ်ပေးစရာမလိုဘူး။ နေ့တိုင်း ငါနဲ့လာပြီး စစ်တုရင်ထိုးရင်း စကားလာပြောပေးရုံပဲ။ အေး … သုံးလပြည့်တဲ့နေ စက်ဘီးနဲ့သော့ကို မင်းလက်ထဲထည့်လိုက်မှာ။ တစ်ပြားမှ ထပ်ပေးစရာမလိုဘူး”
“ဟာ တကယ်လား ဦးလေး”
“လူကြီးစကားပါကွ … နောက်နေရမှာလား”
“ကြိုက်ပြီဗျာ … စိန်လိုက်”
ဤသို့ဖြင့် ချစ်အောင်တစ်ယောက် နောက်တစ်နေ့ကစပြီး ဦးထွန်းမောင်အိမ်ကို ညတိုင်းပုံမှန်ရောက်လာသည်။
သုံးလပြည့်သောအခါတွင် ချစ်အောင်သည် ဦးထွန်းမောင်၏ ရယ်လေးစက်ဘီးကြီးကို ကြွားဝင့်စွာဖြင့်စီးကာ လဖက်ရည်ဆိုင်ကို ရောက်လာသည်။
“ချစ်အောင် မင်း အဘိုးကြီးဆီကတကယ်ပဲ စက်ဘီး ဝယ်လိုက်နိုင်ပြီပေါ့”
“အေးကွ”
“ဘယ်လောက်နဲ့လဲ”
“တစ်ပြားမှ မပေးရဘူး”
“မဖြစ်နိုင်တာ … ဒီပုလိပ်လူထွက်ဆီက အလကားရဖို့ဆိုတာ အဝေးကြီး”
“မင်းတို့ ယုံချင်ယုံမယုံချင်နေ … ငါတစ်ပြားမှ မပေးလိုက်ရဘဲ ဒီဘီးကိုရလာတာ”
အမှန်ပင် ချစ်အောင်သည် ထိုစက်ဘီးကို အလကားရသွားသည်။
သူသည် နေ့တိုင်းဦးထွန်းမောင်အိမ်ကိုသွားပြီး စစ်တုရင်ထိုးရင်း စကားပြောပေးရသည်။ အဘိုးကြီးမှာ သူ့ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးကတည်းက အထီးကျန်စွာဖြင့် ဘဝကိုဖြတ်သန်းနေရသူဖြစ်သည်။ သူ့မှာ သားသမီးလည်းမရှိ။ စောင့်ရှောက်မည့် သူလည်းမရှိ။
ချစ်အောင် သူ့အိမ်ကိုရောက်လာပြီးကတည်းက ဦးထွန်းမောင်အိမ်မှာ စည်ကားလာသည်။ ချစ်အောင်ကလေး တွေလိုက်လာပြီး ကစားကြသည်။ နောက်ပိုင်း ချစ်အောင်မိန်းမပါလိုက်လာကာ အိမ်သန့်ရှင်းရေး ဝိုင်းလုပ် ပေးကြသည်။ သူတို့နှစ်အိမ့်တစ်အိမ် မိသားစုလိုဖြစ်လာသည်။ ချစ်အောင်အိမ်က စားစရာတွေချက်ပို့သည်။ လူခွစာအဖိုးကြီးမှာ ပျော်ပျော်ရွှင်ရွှင်နှင့် သူ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားရသည်။
ဦးထွန်းမောင်က ချစ်အောင်ထံမှ ယူထားသောပိုက်ဆံ သောင်းနှစ်ထောင်ပြန်ပေးသည်။
“ချစ်အောင်”
“ခင်ဗျာ”
“မင်းဟာ ငါ့သားတစ်ယောက်လိုပါပဲကွာ”
“ခင်ဗျာ”
#Credit - တင်ညွန့်
၁၈.၁၁.၂၀၂၅