ကြင်မည့်သူ (ဝတ္ထုတို)

 ကြင်မည့်သူ (ဝတ္ထုတို) 

---------------------------

--
ရွာတရွာတွင် ဈေးနှင့် မနီးမဝေးနေရာ၊ ညောင်ပင်ကြီးတပင်၏ အရိပ်အောက်၊ ထီးရွက်ထည်တခုဖြင့် တည်ခင်းလျက်ထားသော ဆိုင်သည် အပျိုချောသူငယ်မ မကျော့စိန်၏ မုန့်ဟင်းခါးဆိုင် ဖြစ်လေသည်။ နံနက်ခင်း၊ နေ့ခင်း၊ ညနေခင်းတိုင်း အထက်ပိုင်း အောက်ပိုင်းမှ အအို အပျို ယောက်ျား မိန်းမမှစ၍ ကလေးသူငယ်များပင် ထိုဆိုင်သို့လာ၍ ဝယ်ယူစားသောက်လေ့ ရှိလေသည်။
မုန့်သည် သန့်ရှင်းစင်ကြယ်၍ လတ်ဆတ် ဖြူဖွေးသောမုန့် ဖြစ်လေ သည်။ ဟင်းသည် ငါးခူ အသားများများ၊ ငှက်ပျောအူနု အကွင်းကွင်း ဖြင့် ချက်ထားသော အလွန်ချိုမြိန်သည့်ဟင်း ဖြစ်လေသည်။ ဆီချက် ပန်းကန် ထဲတွင် ကြက်သွန်ကြော်သည် ကျွတ်၍ ရွရွကလေး ကော့နေလေသည်။ ရောင်းသူ အပျိုမကလေး၏ ရုပ်ရည်မှာ လှလွန်းသည်ဟု မဆိုနိုင်သော်လည်း ယဉ်ကျေးသော အမူအရာ ရှိသည်။ ကြည်လင်သောမျက်လုံး ရှိသည်။ အေးဆေးသောမျက်နှာ ရှိသည်။ ထို့ကြောင့် သူခပ်သိမ်းတို့သည် မကျော့စိန် အား ဣန္ဒြေသူဌေးမကလေးပေပဲဟု ချီးမွမ်းပြောဆို ကြလေသည်။
ထိုကြောင့် မုန့်ဟင်းခါး စားချင်သူများသာလျှင် မကျော့စိန်၏ဆိုင်သို့ စားသောက်ရန် လာကြသည် မဟုတ်၊ မုန့်ဟင်းခါးကို မစားချင်သူများလည်း ယောင်လည်ယောင်လည်နှင့် ပေါက်လာတတ်ကြပေသည်။ ထိုသို့ ယောင်လည်ယောင်လည်နှင့် လာတတ်သူများအနက် မောင်ဘမြိုင်ဆိုသော လူပျို၊ ပေါက်စ တယောက်သည် သူများနှင့်မတူ၊ ပျက်ကွက်ခြင်းမရှိ၊ အချိန်မှန်မှန် ရောက်လာတတ်လေသည်။ တခါ တရံ အရီးဗျော်တို့၏အိမ်မှ မုန့်ဆန်း များကို မေ့မှား၍ စားလာမိစေကာမူ မကျော့စိန်၏ မုန့်ဟင်းခါးကို မစားချင် စားချင်နှင့် လည်ပင်းကိုစင်းကာ မျိုချတတ်လေသည်။

မောင်ဘမြိုင်သည် မကျော့စိန်၏ဆိုင်သို့ လာတိုင်း လာတိုင်း “တပန်းကန် ထည့်စမ်းပါဗျာ'' ဟု ပြောဆိုပြီးလျှင် ကျောက်ရုပ်ပမာ ငြိမ်သက်စွာထိုင်၍ မကျော့စိန်ကို ကြည့်နေတတ်လေသည်။
မကျော့စိန်၏ ပါးပြင်သည် ချောမွတ်သည်။ ပါးပြင်အထက် နားသယ်စပ်တွင် ပေါက်လျက် ရှိသော ဆံနုတို့သည် စိမ်းနေကြသည်။ တခါတရံ မောင်ဘမြိုင်၏ မျက်စိ သည် ဆီချက်ပန်းကန်မှသည် ငံပြာရည်ပန်းကန်သို့၊ ငံပြာရည်ပန်းကန်မှ သည် ငရုတ်သီးမှုန့်ပန်းကန်သို့ သွက်လက်စွာ လှုပ်ရှားသွားလာလျက် နေသော အဖျား ဒန်းနီရောင် လက်ချောင်းကလေးများဆီသို့ ရောက်သွား တတ်လေသည်။ တခါတရံ မောင်ဘမြိုင်သည် မိမိထံသို့ ကမ်း၍ ပို့လိုက် သော မုန့်ပန်းကန်ကို လှမ်း၍အယူလိုက်တွင် မကျော့စိန်၏ လက်ချောင်း များကို မတော်တဆ တို့ထိမိတတ်သည်။ သို့ တို့ထိမိသည့်အခါတွင် မောင်ဘမြိုင်သည် ဦးခေါင်းကိုငုံ့၍ နေတတ်လေသည်။ ရင်ထဲမှာလည်း ခဏ ခဏ ဖိုနေတတ်လေသည်။

ထိုအခါမျိုးတွင် မကျော့စိန်သည်လည်း မျက်နှာပိုးသတ်ကာ အေးချမ်းငြိမ်သက်သော မျက်နှာဖြင့် ငေးတေးတေး နေတတ်သည်သာမက တခါတခါ သူ့ မျက်လုံးတို့သည်လည်း မောင်ဘမြိုင်၏ မျက်နှာရှိရာသို့ တချက်တချက် ဝဲကာ သွားတတ်လေသည်။ မောင်ဘမြိုင် စားသောက်ပြီး၍ ပြန်သွားသောအခါလည်း မကျော့စိန်မှာ
တကိုယ်တည်း နှုတ်ခမ်းစူလျက် ကျန်နေခဲ့တတ်လေသည်။ ဒေါသကလေးလည်း ထောင်းခနဲ ထွက်လာတတ်လေသည်။ သို့ရာတွင် ဒေါသကလေးမှာ ရှူးရှူးရှဲရှဲ ရိုးရိုးရဲရဲ မဟုတ်။ မေတ္တာဓာတ်၏ အညှို့ကို ခံနေရသော ကသီကရီ လုပ်လီလုပ်လဲ့ ဒေါနွဲ့နွဲ့ ကလေးသာ ဖြစ်သောကြောင့် တခဏချင်းပင် ပျောင်းခွေပြေလျော့ သွားရ ရှာလေသည်။

တခါလာ ဘာမှ မပြော၊ တခါလာ ဘာမှ မပြော။ နောက်တခါ လာပြန်တော့ သူတို့ရွာ ပင်နီပေါတယ်လို့ ပြောခဲ့ရှာတယ်လေး ဟူသော သီချင်းထဲက လူစားလို “မကျော့ရေ၊ ကျုပ်ဟာ မကျော့စိန်ကို ချစ်နေမိပြီဗျ...” ဟူသော စကားကလေး ဆယ်လုံးလောက်ကိုမျှ ရဲဆေးတင်ကာ နှုတ်က မလွှတ်ဝံ့ရှာသော မောင်ဘမြိုင်သည် အုံ့ပုန်းလုပ်လာခဲ့သည်မှာ လပေါင်း အတန်များလေပြီ။ ထို့ကြောင့် မကျော့စိန်သည် မောင်ဘမြိုင်အား သူ့အလို မပါ မေတ္တာမျှချင်သော လူပျိုကလေးတယောက်ပဲဟု မရွံ့တရွံ့ တွေးတော လာလေသည်။
စင်စစ် မောင်ဘမြိုင်သည် မကျော့စိန်ဆီသို့ လာသောအခါတိုင်း “မကျော့စိန်ကို ကျုပ်က ခင်ပါတယ်ကြင်နာပါတယ်” ဟု ပြောမည် ပြောမည်နှင့် အမူးအမော် ကြိုးစားအားခဲ၍ လာသည်ကား မှန်ပေ၏။ မြေကြီး လက်ခတ် ဆတ်ဆတ်မလွဲ မှန်ပေ၏။ သို့ရာတွင် သခွတ်ပန်း ပွင့်သောအခါတိုင်း ကသစ်ပန်းကို သတိရ၍ မိမိ၏ စံရာဟောင်း ဖြစ်ခဲ့ဖူးသော မာဃ သိကြား၏ သုဒဿနမြို့ကို ပိုင်နိုးပိုင်နိုးသဘောဖြင့် ချီတက်ရာ စိတ္တကုဋ် တံခါးခုံရှိ သိကြားရုပ်များကို မြင်ရသည်နှင့် တပြိုင်နက် ဗိုလ်ထုပါပျက်၍ လက်လွတ် ထွက်ပြေးရရှာသော အသူရာ သိကြားညိုကဲ့သို့ မောင်ဘမြိုင်သည် လည်း မည်မျှလောက်ပင် ဖွင့်ပြောတော့မည်၊ ဖော်ပြောတော့မည်ဟု အကြိမ်ကြိမ် အဖန်ဖန် ကြံစည်ခဲ့သော်လည်း မကျော့စိန်၏ အေးမြကြည်လင်သော မျက်နှာကို မြင်သောအခါတိုင်း ထိုအကြံအစည်တို့သည် သူ့ အလိုလို ပြိုကျ သွားတတ်လေသည်။ မောင်ဘမြိုင်သည် စစ်မရောက်ခင် မြားကုန်တတ်သော စစ်သူကြီးအစားထဲက မဟုတ် စစ်ပွဲသို့ ရောက်ခါမှ မြားကုန်တတ်သော စစ်သူကြီးနှင့် တူလှပေသည်။

ယင်းသို့ ဖွင့်မပြောနိုင်သော အကြောင်းကို စိစစ်သော် နှစ်ပေါင်း လပေါင်း များစွာက စုပုံနေ၍ ကြီးချင်တိုင်းကြီး၊ ဖွံ့ ချင်တိုင်းဖွံ့ ၊ ဖြိုးချင်တိုင်း ဖြိုးနေသော မေတ္တာ အစိုင်အခဲကြီးတခုကို မောင်ဘမြိုင်၏ နှုတ်မှ ရုတ်တရက် ထွက်စိမ့်သောငှာ အတိုင်းအဆတို့ပင် ရှိလေမလားဟု တွေးတော ဖွယ်ရာ ရှိလေသည်။

သို့တည်းမဟုတ် မောင်ဘမြိုင်သည် မကျော့စိန်အား အပင်ပေါ်တွင် စွင့်စွင့်ကားကား ပွင့်လျက်ရှိသော နှင်းဆီပန်း၊ စံပယ်ပန်းကလေးများသဖွယ် မှတ်ထင်၍ နေပေသလော။ အပင်ပေါ်တွင် သူ့အလိုလို နဂိုဓာတ်ဖြင့် လှပဆန်းကြယ်စွာ ပွင့်နေသော ထိုနှင်းဆီပန်း၊ စံပယ်ပန်းများသည် မနုဿ လူသားတို့၏ ဒုစရိုက်မှု မကင်းသောလက်ဖြင့် ခူးဆွတ်ချွေယူခြင်းကို ခံရပြီးနောက် ဖန်ဖလား၊ ငွေဖလားသို့ ရောက်နေသော အလှပြ နှင်းဆီ၊ စံပယ် တို့ထက် ပို၍ ရှုချင်စဖွယ် ကောင်းသလို အပျိုကလေး မကျော့စိန်သည် အိမ်ထောင်သည် မကျော့စိန်ထက် ပို၍ ရှုမောဖွယ်ရာ ကောင်းလှပေသည်ဟု မောင်ဘမြိုင်စိတ်ထဲ၌ အထင်ရှိနေသလော ဟူ၍လည်း ယူဆစရာ ရှိလေသည်။

သို့တည်းမဟုတ် ဘယ်အခါမျှ ကုန်ဆုံးပျောက်ကွယ်သွားသည် မရှိ။ နှစ်စဉ်နှစ်တိုင်း အချိန်မှန်ကန်စွာ ခါတော်မီ ပွင့်တတ်သော သဇင်ပန်း၊ ပိတောက်ပန်းများကဲ့သို့ မကျော့စိန်သည် သူ့ အချိန်ကျလျှင် မုန့်ဟင်းခါး ထွက်ရောင်းလိုက်၊ သူ့ အချိန်စေ့လျှင် အိမ်ပြန်လိုက်နှင့် ဤသို့ တသက်တာလုံး နေမည်မှာ အမှန်ပဲဟူ၍ မောင်ဘမြိုင်သည် စိတ်ကူးကောင်းတိုင်း ကူးနေသလော။

ထိုသို့ ရွံ့၍ မဝံ့သော မောင်ဘမြိုင်၊ အချစ်ဆို့၍ အ နေသော မောင်ဘမြိုင်၊ စိတ်ကူးတွေ၊ အတွေးတွေ အားကြီးနေသော မောင်ဘမြိုင်၊ ထိုသို့ ထိုသို့သော မောင်ဘမြိုင်သည် ဤနေ့နံနက်ခင်း၌ ခါတိုင်းကပင် မုန့်ဟင်းခါးကို ဆကာဆကာ စားသောက်ပြီးနောက် ပြန်တော့မည်ဟု အထတွင် “ကိုဘမြိုင်၊ ရှင် မြို့ကို သွားတဲ့အခါ ကျွန်မ တဆိတ်လောက် သိစမ်းပါရစေ ရှင်' ဟု ခွန်းထောက်လိုက်သော မကျော့စိန်၏ အသံကို ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ကနွဲ့ကလျ လှပနေသော မကျော့စိန်၏ မျက်လုံးများနှင့် မိမိ၏ မျက်လုံးတို့သည် အငေးသား ဆုံမိကြ၏။

ထိုကြည့်ခြင်းမျိုးဖြင့် ဘယ်အခါ ကာလကမှ အကြည့်မခံခဲ့ရဖူးသော မောင်ဘမြိုင်သည် မိမိ၏ ကိုယ်ကာယကို မထိန်းနိုင်၊ တိမ်းတော့မလို ညွတ် တော့မလောက် ရပ်တည်ရာ မရဘဲ ရှိရာမှ “ဘာကိစ္စများ အထူးရှိလို့လဲ၊ ..စိန်ရဲ့’' ဟု အထစ်ထစ် အငေါ့ငေါ့ ပြန်မေးလိုက်လေသည်။ မ…ကျော့..စိန်ရဲ့' မကျော့စိန်သည် မုန့်ပန်းကန်ကို အနီးရှိ သံပုံးထဲသို့ နှစ်မြုပ်ဆေးကြောရင်း “မြို့ကိုရောက်ရင် ကြယ်သီး
တစုံ လိုချင်လို့ ပိုက်ဆံပေးလိုက်ချင်ပါတယ်” ဟု ရေးကြီးခွင်ကျယ် မဟုတ်သော အမူအရာဖြင့် ဖြေလိုက်လေ၏။ ထိုအခါ မောင်ဘမြိုင်သည် “ကောင်းပါပြီ၊ အကြောင်းကြားပါ့မယ်။ နို့ပေမဲ့….” ဟု စကားကို အဆုံးမသတ်နိုင်ဘဲ ဆိုင်မှ ထွက်ခွာလာပြီးလျှင် ပထမအကြိမ် သူ့ထံမှ မရစတောင်း ရခဲ့၍ တပျံ့ပျံ့ တရှားရှား မွှေးကြိုင်လှသော စကား လက်ဆောင်ကို ယူဆောင်ကာ မိမိအိမ်သို့ ပြန်လာခဲ့လေသည်။

မကျော့စိန်၏ ဆိုင်နှင့် မနီးမဝေးနေရာသို့ ရောက်သောအခါ မောင်ဘမြိုင်သည် တစုံတခုကို ကြည့်၍ ပြုံးနေလေသည်။ သူ၏ ရှေ့နားဆီရှိ စိမ်းမြမြ ရွက်နုကလေးများဖြင့် လည်းကောင်း၊
နီရွှေရွှေ အပွင့်ကလေး များဖြင့် လည်းကောင်း
ဝေလွင်လွင်ရှိလှသော မန်ကျည်းကိုင်းစွန်းပေါ်တွင် တကောင်သော ဆက်ရက်ငှက်သည် တကောင်သော ဆက်ရက်ငှက်ကို နှုတ်သီးဖြင့် တို့လိုက်သည်။ ထိုအခါ အကျီစယ်ခံရသော ဆက်ရက်သည် လေထဲတွင် အငြိမ့်စီးကာ ပျံတက်ပြီးမှ တဖန် ပြန်နားလေသည်။ မောင်ဘမြိုင်သည် ထိုဆက်ရက်မောင်နှံကို ငေးစိုက်ကြည့်နေမိလေသည်။ ထိုသို့ ကြည့်နေရာမှ မကျော့စိန်ရှိရာသို့ လှည့်ကြည့်လိုက်ပြန်ရာ နေအရုဏ်ကို ငံ့လင့်ကြိုက်တွင် ရုတ်တရက် ရှောင်တခင် လေညင်းယူဆင်သဖြင့် ခပ်ယဉ်ယဉ် ယိမ်းနွဲ့ရရှာသော နှင်းဆီပန်းကဲ့သို့ မကျော့စိန်၏ တိမ်းငဲ့လျက်နေသော မျက်နှာကို မြင်လိုက်ရလေ၏။ မောင်ဘမြိုင်သည် အတိုင်းမသိသော ဝမ်းသာခြင်းဖြင့် မိမိလက်ကို မြှောက်ကာ ခါကာ ပြမိမှန်းမသိ ပြမိလေသည်။ ထိုနောက်မှ သတိကို ပြန်ထိန်းလျက် လက်ကို ရုပ်သိမ်းပြီးလျှင် အိမ်ဘက် ဆီသို့ သွက်လက်စွာ လျှောက်လာခဲ့လေသည်။

ထိုနေ့ညနေ မိုးချုပ်ခါစတွင် မောင်ဘမြိုင်၏ ဆွေရိပ်မကင်း မျိုးရိပ် မကင်းသူ ဦးလေးတော်သူတယောက်သည် ရွာအထက်ပိုင်းမှ ပြန်လာပြီးလျှင် “ဟေ့-မောင်ဘမြိုင်၊ ငါ အခု မြို့ကို သွားစရာရှိတယ်။ မင်း ငါနဲ့အတူ လိုက်ခဲ့ကွာ” ဟု အရေးတကြီး ပြောလိုက်လေ၏။ မောင်ဘမြိုင်သည် ပျာယီး ပျာယာ အဝတ်အင်္ကျီများကို လွယ်အိတ်တခု၌ ထည့်၍၊ ထည့်ရင်း “မကျော့စိန်ကလေးဆီကို သွားရကောင်းမလား။ ဟာ-မသွားပါဘူး၊ တော်တော်ကြာ ပိုက်ဆံ အတင်းပေးနေဦးမယ်” ဟု တွေးကာ သမ္ဗန်ဆိပ် ဆီသို့ ဆင်းသွားလေ၏။ များမကြာမီ သမ္ဗန်သည် ရွာနှင့်တကွ မကျော့စိန်ကို လင်းတော့မလိုမှိန်တော့မလို သောကတွေ ဝိုင်းနေဟန် တူသော လခြမ်းအောက်တွင် ငြိမ်သက်စွာ ထားပစ်ခဲ့လေသည်။

နောက်တနေ့ မြို့တွင် မောင်ဘမြိုင်၏ ဦးလေးတော်သူသည် ရုံးသို့ သွားသည်နှင့် တပြိုင်နက် မောင်ဘမြိုင်သည် သင်္ဘောဆိပ် ဈေးတန်း ဘက်သို့ ခြေဦးလှည့်လေသည်။ ဈေးတန်းထဲတွင် ကြယ်သီးဆိုင်ကို လိုက်လံ ရှာဖွေရာ နောက်ဆုံး၌ ကုလားဆိုင်တဆိုင်ကို တွေ့ လေသည်။ ကြယ်သီးများကို ကြည့်လိုက်ပြန်သောအခါ သူ သဘောကျသော ကြယ်သီးကို မတွေ့ သဖြင့် ခေါင်းကုတ်ကာ တွေဝေလျက် “ဟယ်...ရှိတာပဲ ဝယ်သွားမယ်”ဟု တွေးကာ ကျောက်စိမ်းရောင်၊ ကြက်သွေးရောင်၊ စစ်စီးရောင် အပြောက် အပြောက် ခြယ်ထားသော ကြယ်သီး
တစုံကို ဝယ်လိုက်လေသည်။ ညနေ လေးနာရီလောက်တွင် ဦးလေးလုပ်သူသည် ရုံးမှပြန်လာ၍
“ဟေ့-မောင်ဘမြိုင်ငါ ရန်ကုန်မှာ ဝတ်လုံကြီးနဲ့ တွေ့ စရာ ရှိသေးတယ်။ မင်း လိုက်ခဲ့ဦးကွာ” ဟု ပြောလိုက်သောအခါ မောင်ဘမြိုင်သည် စိတ်ပျက်သော အမူအရာဖြင့် ခေါင်းကို ဆေးလေးစွာ ညိတ်လိုက်ရလေသည်။

နောက်တနေ့ ဆယ့်နှစ်နာရီလောက် အချိန်တွင် မောင်ဘမြိုင်တို့ စီးနင်းလိုက်ပါလာသော သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်လေ သည်။ ထို့နောက် ပစ္စည်းများကို တည်းအိမ်တွင် ထားကြပြီးလျှင် ဆိုင်ရာသို့ ထွက်သွားကြလေသည်။ မောင်ဘမြိုင်၏ ဆိုင်ရာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်လေသည်။ မောင်ဘမြိုင်သည် ကုန်းတော်သို့ အတက်တွင် နှင်းဆီပန်းက နှစ်စည်း၊ သပြေပန်း နှစ်ခိုင်၊ ဖယောင်းတိုင်က နှစ်ထုပ် ဝယ်ပြီးလျှင် ဗဟန်းဘက်တန်ဆောင်း၊ ဓမ္မစေတီမင်းတရားကြီး တည်တော်မူသည့် ဆုတောင်းပြည့်ဘုရားတွင် ကန်တော့ဝတ်ချပြီးလျှင် တနာရီကျော် ကျော်လောက် ကြည်ညိုနေလေသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ကို လက်ယာရစ် သုံးပတ် ပတ်၍ ဘုရားဈေးဘက်မှ ဆင်းလာလေသည်။ အဆင်းတွင် (ပီလောပီနံ လိပ်ခွံဘီးအစစ် ရောင်းရန် ရှိသည်)ဟု စာလုံးကြီး ရေးသားထားသော ဆိုင်းဘုတ်တခုကို မြင်လိုက်သဖြင့် အတန်ငယ် တွေဝေ ကာ ရပ်ပြီးမှ ဆိုင်းဘုတ်ဆွဲထားရာ ဆိုင်သို့ လှမ်းမိလေသည်။
မှန်သေတ္တာတွင်း တည်ခင်းထားအပ်သော ပစ္စည်းအရပ်ရပ်တို့သည် မောင်ဘမြိုင်၏ စိတ်ထဲတွင် ပြုံး၍ ပြုံး၍ နေကြသလို ထင်ရလေသည်။ ဆိုင်နားသို့ ရောက်သွားသောအခါမှာလည်း မောင်ဘမြိုင်သည် မိမိနောက်က မကျော့စိန်ကလေး လိုက်ပါလာသလိုလို ထင်မှတ်ကာ အမှတ်မဲ့ နောက်သို့ လှည့်လိုက်မိလေသည်။ ပြီးမှ ရယ်ချင်သလိုလိုဖြစ်၍ ဆိုင်ဘက်သို့ ပြန်လှည့် လိုက်သည်။ ရှေးဦးစွာ မိမိမျက်စိကို ဖြားယောင်းသွေးဆောင်လိုက်သော ရူပါရုံသည် သလင်းကျောက် ကြယ်သီးများ ဖြစ်လေသည်။ မောင်ဘမြိုင် သည် စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာဖြစ်၍ ထိုကြယ်သီး တစုံကို မဆိုင်းမတွ မမေးဆစ်ဘဲ ဝယ်ယူလိုက်လေသည် အတန်ကြာသောအခါ လိပ်ခွံဘီးတစင်း၊ နောက် စိုက်ဘီးတခုနှင့် ဆံနှိပ် ဆံညှပ်ကလေး များသည် မောင်ဘမြိုင်၏ ကျေနပ်ကြည်နူးသော မျက်စိအောက် ကြင်နာယုယသော လက်တွင် ရောက်ရှိနေကြပြန်လေသည်။ ဤတွင်မျှမကသေး မှန်သေတ္တာ ထောင့်တထောင့်ရှိ စက္ကူသေတ္တာ တခုထဲတွင် အခွေလိုက် သား နေရှာသော တက်တင်း ဇာကလေးများသည်လည်း မောင်ဘမြိုင်အား မျှော်ကြည့်သကဲ့သို့ နေလေသည်။ သို့ရာတွင် မောင်ဘမြိုင်သည် မိမိ၏ အင်္ကျီအိတ်ကို စမ်းကြည့်ရာ ဓာတ်ရထားခသာ ကျန်ရှိတော့သည်၏ အဖြစ်ကို သိရ၍ ချက်ချင်းပင် ဆိုင်မှ ထွက်ခွာလာခဲ့လေသည်

တဲအိမ်သို့ ပြန်ရောက်သောအခါ မြို့ ကလေးက ဝယ်လာခဲ့သော ကြယ်သီးကတ်ကို လွယ်အိတ်တွင်းမှ ထုတ်ယူပြီးလျှင် “ကုသလို ကျောက်အိုးကွဲ ကြယ်သီး၊ မောင်မင်းကြီးသား ကြွပေရော့ကွာ” ဟု မြည်တွန်တောက်တီးကာ ပြတင်းမှ ပစ်ချလိုက်လေသည်။ ထို့နောက် အသစ်ဝယ်လာသော ကြယ်သီးများကိုကြည့်ကာ “နက်ဖြန် ကျောင်းပိတ်လိမ့်မယ်ကွယ့်” ဟု ကျောင်းသားကြီးတို့၏ တီးတိုးစကားသံကို နားစွန်နားဖျား ကြားလိုက်ရသော ကျောင်းသားသူငယ်သည် လေမမြင် မိုးမမြင် ခုန်ပေါက်မြူးထူး၍ ဤနေ့အဖို့ရာ၌ “နက်ဖြန် ကျောင်းပိတ်တော့မည်၊ နက်ဖြန် ကျောင်းပိတ် တော့မည်” ဟု တစိမ့်စိမ့်တွေးတောကာ ပီတိသောမနဿ ဖြစ်နေသကဲ့သို့ မောင်ဘမြိုင်သည်လည်း မိမိလက်တွင်းရှိ ဤကြယ်သီး ဤဘီး ဤဆံနှိပ် ကလေးများသည် မိမိ၏ ချစ်ရင်းစွဲသူ၊ စုံမက်ရင်းစွဲသူ၊ မြတ်နိုးရင်းစွဲသူ၊ ယဉ်စစ မကျော့စိန်၏ပစ္စည်း ဖြစ်ရချိမ့်တော့မည်တကား။ မိမိ၏ ရည်းစားလောင်း နုနုနယ်နယ် အချစ်သယ်၊ တီတီတာတာ မကျော့စိန်၏ စီမံရာကို ခံရချိမ့်တော့မည် တကားဟု အဖန်တလဲလဲ အောက်မေ့ကာ အပျော်ကြီး ပျော်လျက် နေရှာလေသည်။

မောင်ဘမြိုင်သည် ရန်ကုန်မြို့တွင် လေးရက်တိတိ ဆိုင်းငံ့၍ နေရလေသည်။ သို့ရာတွင် မောင်ဘမြိုင်သည် ထိုသလင်းကြယ်သီးကို ဝယ်လိုက်သည့် နေ့မှစ၍ ရန်ကုန်မှ ထွက်ခွာလာသည့်နေ့အထိ ထိုအပျော်လုံးသည် တိုး၍တိုး၍ မှည့်ဝင်းနေရာ ပြန်ရဖို့ရက် နီးကပ်လာလေလေ မှည့်ဝင်းလေလေ ဖြစ်လေသည်။ တဖန် မြို့ကလေးသို့ သင်္ဘောဖြင့် စီးလာလေပြန်ရာ သင်္ဘော ရွေ့တိုင်း ရွေ့တိုင်း ထိုအပျော်လုံးသည်လည်း အရှိန်ကဲ၍ ကဲ၍ မှည့်ကာ လိုက်ပါလာလေသည်။ တဖန် မြို့ ကလေးမှ မကျော့စိန်ရှိရာသို့ ချောင်းရိုး တလျှောက်၌ သမ္ဗန်ဖြင့် ပြန်အလာတွင်လည်း ကွမ်းသီးပင်တပင်ကို ကျော်လိုက်လျှင် ဝင်းခနဲ၊ ခရာချုံတချုံကို လွန်မိလျှင် ထိန်ခနဲ။ ယင်းသို့ အားဖြင့် ထိုအပျော်လုံးကြီး ရွှန်းရွှန်းဝေလာသည်မှာ ညဆယ့်တနာရီ လောက် ရွာဆိပ်သို့အရောက်တွင် အလွန်အေးမြ၍ အနံ့အရသာဖြင့် ပြည့်စုံ သော အပျော်လုံးကြီးတလုံး ဖြစ်လာလေသည်။

“အလို… ဦးလေး၊ စက်ဆိပ်က တံတားဟာ ဘယ်ရောက်သွားပါ လိမ့်။ ရေထဲ မျောပါသွားလေရော့သလား ကြည့်စမ်းပါဦး"
“ဟေ့-လာကွယ်...စကားမများစမ်းနဲ့၊ ငါ အိပ်ချင်လှပြီ”

မောင်ဘမြိုင်သည်လည်း “ဒီလိုကြီးမားတဲ့ တံတားကြီးများ ပျက်သွားမယ်ဆိုလျှင် အံ့သြစရာကြီးပဲ။ ရေစောင်းများ အလွန်ထက်တာပဲနော်” ဟု တယောက်တည်း တွေးရင်း လျှောက်လာရာ အိမ်သို့ ရောက်ကြ လေသည်။

ကောင်းကင်သည် တိမ်ကင်းစင်လှသည်။ မောင်ဘမြိုင်တို့ တူဝရီး ရွာမှ ထွက်ခွာသွားစဉ်က အနောက်ဘက်တခွင်တွင် တဆူတည်း ကျန်ရစ် ခဲ့သော လခြမ်းသည် ထိုညတွင် ကြယ် အထိန်းအရံ ရံရွေတော်များ ခြံရံလျက် ပြည့်ပြည့်ဝန်းဝန်း ရှိနေလေပြီ။

မောင်ဘမြိုင်သည် မကျော့စိန်နှင့် တွေ့ ရမည့်အရေးကို မျှော်တွေးကာ စောစော အိပ်ရာမှ ထ နိုင်ရန် အိပ်ပါတော့မည်ဟု အိပ်ရန် ကြိုးစားပါသော်လည်း မအိပ်နိုင်သဖြင့် အိပ်ရာမှ ထ ရလေ၏။ ထို့နောက် နံဘေးရှိ လွယ်အိတ်ကို ထိုမှ ဤမှ စမ်းသပ်၍ ကြည်လင်ရွှင်ပျသော အမူအရာဖြင့် စက္ကူသေတ္တာတခုကို ထုတ်ယူပြီးလျှင် အိမ်ရှေ့ရှိ ကွပ်ပျစ်ဆီသို့သွား၍ ထိုင်လေ၏။“ဒီအချိန်ဆိုတော့ မကျော့စိန် အိပ်မောကျနေရှာရော့မယ်။ ဟောဒီမှာ မကျော့စိန်ဖို့ ကြယ်သီးကလေးတွေလေ”ဟု နှုတ်က ဖွင့်ဟ၍ မတမ်းတသော်လည်း တမ်းတသလို အမူအရာဖြင့် မောင်ဘမြိုင်သည် စက္ကူ သေတ္တာကိုဖွင့်၍ လရောင်ကစားနေသော သလင်းကြယ်သီးများကို လက်ဖြင့် တို့ကာတို့ကာ ကြည့်နေလေသည်။

အတန်ကြာသောအခါ “ဆောင်လယ်ဘုံမှာလေ မောင်မယ်စုံ အတူ စက်စဉ်က ယူရက်လေ အကြံတော်ပေါ်၍ ဘယ်ရန်သူလဲ။ အမယ်မင်း.… မင်းကြီးများတို့ရဲ့၊ ကြည့်နေကြတော့မလား။ ကျုပ်မိဖုရား ပျောက်ချင်းမလှ ပျောက်သွားပေါ့”ဟု ဟစ်၍ သီဆိုလိုက်သော သီချင်းသံသည် မောင်ဘမြိုင်၏ နားသို့ ရောက်လာလေသည်။ မောင်ဘမြိုင်သည် ဝင်းထရံ တံခါးဝသို့ ထသွား၍ ထိုနေရာတွင် တခဏမျှ ရပ်နေပြီးသောအခါ “ဟေ-သန့်ကြီး၊ မင်းက တယ်လွမ်းပါကလား။ အချိန်မတော် ဘယ်က ပြန်လာသလဲ” ဟု `လှမ်း၍ မေးလိုက်လေသည်။

“ဟာ-ဘမြိုင်ပါလား ဟေ့၊ ဘယ်တုံးက ရောက်ကြသလဲ။ ငါ ကက်ဝိုင်းက ပြန်လာတယ်ကွ။ မင်း မသိသေးဘူး ထင်ပါရဲ့။ ဟိုအပိုင်းမှာ ကျော့စိန်ကလေးဆုံးလို့၊ ကက်ဝိုင်းကတော့ အလွန်ကောင်းပဲ။ ငါတော့ ဖြူခါပြာခါ ကျခဲ့ပြီမောင်’ဟု ပြန်ပြောလိုက်ရာ “ဟင်” ဟူသော စကား တလုံးသာ မောင်ဘမြိုင်၏နှုတ်မှ ရုတ်တရက်ထွက်လာ၍ တိတ်သွားလေ ၏။ သန့်ကြီးသည် “အိပ်ချင်ပြီကွာ” ဟု ညည်းညူကာ ထွက်သွားလေသည်။ မောင်ဘမြိုင်မှာ ဝင်းထရံ၏ တံခါးတိုင်ကို မှီလျက်သား ကျန်ရစ်ရှာ လေသည်။
တစ်ဖန် “ဆောင်လယ်ဘုံမှာလေ မောင်မယ်စုံ ယူရက်လေ အကြံတော်ပေါ်၍ ဘယ်ရန်သူတော်လဲ' ဟူသော အသံသည် ငြိမ်သက်သော လေထဲတွင် ပျင်းရိဖင့်နွှဲစွာ ပေါ်လာပြန်လေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ သြကာသလောကကြီးသည် ထိုသီချင်းသံကို လည်ပင်းက ကိုင်ကာ ဖျစ်ညှစ်၍ သတ်လိုက်သကဲ့သို့ တရွာလုံး ငြိမ်သွားပြန်လေသည်။ မောင်ဘမြိုင်သည် တံခါးတိုင်ကို မှီလျက် မလှုပ်မယှက် နေလေ သည်။ နာရီဝက်ခန့် ကြာသောအခါ မိမိ၏အရှေ့ ခပ်လှမ်းလှမ်းနေရာ ဗန်ဒါပင်ကြီးမှ မည်းနက်သော ကိုယ်ကာယရှိသော လင်းဆွဲများသည် ရုတ်တရက် အတောင်သံပေး၍ အထက်ကောင်းကင်သို့ ပျံတက်လိုက်ကြလေ သည်။ မောင်ဘမြိုင်၏ မလှုပ်မယှက်နေသော ကိုယ်ကာယလည်း ဆတ်ဆတ်ခါ တုန်လှုပ်လျက် မြေပေါ်သို့ ထိုင်လျက်သား လဲကျသွားလေသည်။ ထိုအခိုက်တွင် လမင်းသည် ထူး၍ ကြည်လင်လာပြီးလျှင် မှော်ဆရာကြီးပမာ မောင်ဘမြိုင်ကို ဖမ်းစားနေသကဲ့သို့ မှတ်ထင်ရလေသည်။ ဤညအဖို့ရာ၌ မောင်ဘမြိုင်သည် မထသော ထိုင်ခြင်းဖြင့် ထိုင်တော့မည်ဟု သန္နိဋ္ဌာန် ချလိုက်သည့်ပမာ ဤမဟာပထဝီ မြေကြီးပေါ်တွင် စွဲမြဲစွာ ထိုင်နေလေ တော့သည်။

နံနက်မိုးသောက်လာသောအခါ မောင်ဘမြိုင်သည် ခြံတွင်း၌လည်း မရှိ၊ အိမ်ထဲမှာလည်း မရှိ။ ခါတိုင်း ဤအချိန်၌ မောင်ဘမြိုင်သည် မုန့်ဟင်းခါးစား ထွက်သွားတတ်သဖြင့် ဦးလေးလုပ်သူသည် အမှုမဲ့ နေလိုက်လေ သည်။ သို့ရာတွင် မောင်ဘမြိုင်သည် ကွင်းသို့ဆင်းရမည့် အချိန်၌လည်း ပေါ်မလာ၊ နေ ထန်းတဖျားသို့ ရောက်နေပြီဖြစ်သော်လည်း ပေါ်မလာ။ ဦးလေးလုပ်သူသည် အိမ်နီးနားချင်းကို မေးမြန်းစ ပြုလေသည်။ အိမ်နီးနား ချင်းများသည်လည်း ညက သူတို့ရောက်လာမှန်းကိုမျှ မသိကြသဖြင့် မောင်ဘမြိုင်၏ အကြောင်းကို စိုးစဉ်းမျှ မရိပ်မိကြချေ။
ထိုအခိုက်တွင် လုံချည်ကွင်းသိုင်းလျက် ခြံထဲသို့ အပြင်းအထန် ပြေးဝင်လာသော ကျွဲ ကျောင်းသားကလေးတယောက်သည် အိမ်ပေါ်သို့ ပြေးတက်လာ၍ “ဦးကြီးရေ၊ ကိုဘမြိုင်တယောက် သင်္ချိုင်းဇရပ်ထဲမှာ ဘာလုပ်နေမှန်း မသိဘူး၊ လာကြပါဦး”ဟု ထိတ်လန့်သော မျက်နှာထားနှင့် ဆူညံစွာ အော်၍ ပြေးလာလေသည်။

ဦးလေးလုပ်သူသည် အိမ်နီးချင်းနှစ်ယောက်နှင့် ဇရပ်သို့ ပြေးသွားရာ ဇရပ်ထဲတွင် ကျုံ့ကျုံ့ထိုင်၍ သလင်းကျောက် ကြယ်သီးများကို ယုယစွာ ကိုင်တွယ်လျက် ခြောက်သွေ့ နေသော နှုတ်ခမ်းကလေးများကလည်း ဆီမန်းမန်းသလို တိုးတိုး တိုးတိုးနှင့် တယောက်တည်း စကားပြော နေသော မောင်ဘမြိုင်ကို မြင်ကြရလေသည်။

🔸🔸🔸

ဇော်ဂျီ

[ ဂန္ထ လောက၊ ဒီဇင်ဘာ၊ ၁၉၃၃ ]