လက်ဖဝါးတွင် ထင်ဟပ်သော
--------------------------------------
ခုတလော ဘယ်ဘက် လက်ဖဝါးပြင်ကို အမှတ်တမဲ့ ငုံ့ကြည့်မိ လေတိုင်း အမေ့ကို ကျွန်မ သတိတရ ရှိနေ ပါသည်။
ကျွန်မ၏ ဘယ်ဘက်လက်ဖဝါးပြင်တွင် ရှိနေသော၊ အသက်လမ်းကြောင်းဟု ခေါ်ဆိုကြသော လမ်းကြောင်း သည် ခုတော့ အရင်ကလောက် မမှုန်ဝါးတော့ပါပြီ။ သူတကာလို ထင်းနေသည်မဟုတ်သော်လည်း အရင်ကတော့ သိသိသာသာ ပြတ်တောက်နေခဲ့သည် မဟုတ်လား။ သေသေချာချာ ကြည့်မှပင် အသက် လမ်းကြောင်းပါသည်ကို သိရတတ်သည် မဟုတ်လား။ သည်နှစ်ပိုင်းမှာတော့ အဲသည် အသက် လမ်းကြောင်း အရင်ထက် ထင်ရှားလာသည်ကို ကျွန်မ သတိပြုမိပါသည်။ နည်းနည်းတော့ ရှည်လျားလာ သည်ဟုလည်းမြင်လာရပြီ။ ဗေဒင်လက္ခဏာကိုအကျွမ်းမ၀င်သူမို့ ဘာသဘောကြောင့်ရယ်တော့ နားမလည်။ သို့သော် ကျွန်မ နားလည်သည်မှာတော့ သည်လက်ဖဝါးပြင်ကို အမေ တွေ့ရလျှင် ၀မ်းမြောက်လိမ့်မည် ဆိုတာပင်။
သည် လက်ဖဝါးပြင်၏ အကြောင်းကို လွန်ခဲ့သော နှစ်နှစ်ကျော် သုံးနှစ်လောက်က အမေ့ကို ကျွန်မ ပထမဆုံး ပြောပြခဲ့ မိပါသည်။ သည်တုန်းကတော့ ကျွန်မသည် ရယ်မောစရာ အကြောင်းအရာ သဖွယ်တော့ သဘောထား ပြောခဲ့သည်။ အထွေအထူး တွေးခဲ့သည်မဟုတ်။ အချို့သော အလေးအနက်ထား ပူပန် ရမည့် အကြောင်း အရာများကို ဟာသ လုပ်ကာ စိတ်ပေါ့ပါး စေရခြင်းနှင့် ယဉ်ပါးခဲ့ရသူ မို့လားမသိ။ အဲသည်တုန်း ကလည်း ကျွန်မ ရယ်ရယ် မောမောပင် ပြောပြမိခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်ကာလ။
အမေနှင့် ပြန်ဆုံ ရချိန်ပင်။ အမေသည် ကျွန်မ ကျင်လည် အလုပ်လုပ်ကိုင်ရာ ရန်ကုန်မြို့ဆီ ရောက်လာ ခဲ့သည်။ ဘုရားလည်း ဖူးရင်း အိမ်မပြန်နိုင်သေးတော့ သမီးကိုလည်း တွေ့ရင်း ရောက်လာခဲ့ပါသည်။ ကျွန်မက အဆောင်တွင် နေရသူမို့ အမေ့ကို ခေါ်မထားနိုင်။ ခေါ်ထားခွင့်ပင် ပေးစေဦး၊ အခန်းက ကျဉ်းလှ သည်ပင်။ တာမွေ တွင်ရှိသော အမေ့အသိအိမ်မှာ တည်းခိုရသည်မို့ ကျွန်မလည်း အဲသည်အိမ်မှာပင် တစ်ညတော့ သွားနေရသည်။ အမေတို့ ရောက်ပြီး နှစ်ရက်မြောက်ညတွင် ဖြစ်လေသည်။
တိုက်ခန်းတို့ ထုံးစံအတိုင်း အခန်းလေးက ကျဉ်းမြောင်းလေရာ အိမ်ရှင်တို့က တစ်ပြန်တစ်လှည့်ပင် အားနာနေကြသည်။ ဧည့်ခန်းထဲတွင် အိပ်ရာခင်းကာ သိပ်ရသည်ကို မျက်နှာပူသည်တဲ့။ သို့သော် ဒါသည် ရန်ကုန်ပေပဲ။ ကျွန်မကတော့ နေသားကျနေပြီ။ အမေသည်လည်း သမီးကို တွေ့ရသည်မို့လားမသိ။ ဘာကိုမဆို တပြုံးပြုံးနှင့်ကျေနပ်နေရှာသည်။
အဲသည်ညက အမေနှင့်အတူရှိရသည်ကို ကျွန်မလည်း ကျေနပ်ပျော်ရွှင်နေခဲ့သည်။ ကျွန်မ ထုံးစံအတိုင်း စကားများစွာ ပြောလျှင် အမေ့မှာ နားထောင်သူသာ။ နှစ်နှစ်လောက် ဝေးခဲ့ရသော အမေ့ရင်ခွင်သည် အဲသည်ညက ကျွန်မစိတ်ထင်လို့များလားမသိ။ ပို၍ပင် နွေးထွေး နေခဲ့သည်။ အမေနှင့် ဘေးချင်း ယှဉ်အိပ်ရင်း၊ အမေ့ ရင်ခွင်ထဲ ကလေးသဖွယ် ခေါင်းထိုး ထည့်ရင်း၊ စကားပြောရင်းက ကျွန်မသည် ဘယ်ဘက် လက်ဖဝါးပြင်ကို အမှတ်တမဲ့ ကြည့်နေမိ ခဲ့သည်။ အမှတ်တမဲ့မှ တကယ်ကို အမှတ်တမဲ့ပါ။ သို့သော် အမေကတော့ ဘယ်အချိန်ကတည်းက သတိထားမိနေသည် မသိ။
“ကိုယ့်လက်ဝါး ကိုယ်ကြည့် နေတာများ ဗေဒင် တွက်မှာ ကျနေတာပဲကော”
ဟု ရယ်မောလျက်ဆိုပါသည်။
“သမီးလား။ တွက်တတ်သားပဲ အမေ မသိဘူးလား”
အမေက ကျွန်မ စကားကို မယုံပါ။ ရယ်လျက်သာနေပါသည်။ မယုံဆို ကျွန်မက အမေ့ကို စနောက်နေတတ်သူမဟုတ်လား။ အိမ်တွင် ကျွန်မရှိပြီဆို အမေ့မှာ နှစ်သိမ့်ပျော်ရွှင်နေရတတ်သည်။ သမီး ပြန်သွားရင် အိမ်မှာ ခြောက်နေတာပဲဟု ကျွန်မ မြို့ပြ ပြန်ရောက်လျှင် အမေက ဖုန်းထဲမှ ပြောပြ တတ်သည်။ ခုလည်း အမေသည် ကျွန်မ ဟာသ လုပ်ပြောနေသည်မှတ်ကာ ရယ်မောနေတာပင်။ တကယ်လည်း ကျွန်မသည် ဘာရယ် မဟုတ်ဘဲ ရယ်စရာအသွင်ဖြင့်သာ စကားပြန် လိုက်မိသည်။ အဲသည် စကားများသည် နောင် တစ်ချိန် အမေ့ကို ဒဏ်ရာ ဖြစ်စေမည် လို့တော့ ထိုစဉ်က မတွေးတတ်သေး။
“သြော်၊ အမေကလည်း သမီး တကယ်ကြည့်တတ်တာတော့ မဟုတ်ဘူးပေါ့။ သူများတွေ ဟောပေးရင် မှတ်ထားတာပေ့ါ။ မိန်းကလေး ဆိုတာ ဘယ်ဘက် လက်ဖဝါးကို ကြည့်ရတယ် ဆိုပဲ။ အဲ၊ အဲဒါ အသက် လမ်းကြောင်းပေါ့။ သမီးမှာ အသက်လမ်းကြောင်းက ပြတ်နေတာကော။ တစ်၀က်ပဲ ရောက်တယ်နော် တွေ့လား အမေ။ အောက်ဘက်ဆို ကောင်းကောင်းတောင် မပေါ်တော့ ဘူးလေ။ အဲဒါကို အသက် တိုမှာကို ပြတာတဲ့”
ဟု အရယ်တစ်၀က်နှင့် ဆိုမိပါသည်။
“သမီးကလည်း မပြောကောင်း ပြောကောင်း”
အမေ့အသံ တိမ်၀င် သွားသည်ဟု ခံစားရတော့ ကျွန်မ ငဲ့ကြည့် လိုက်ပါသည်။ အမေ့မျက်နှာမှာ တကယ်ပင် အလေးအနက်ဟန်နှင့် ပျက်ယွင်းလျက်။ အမေ့မျက်လုံးများတွင် ပူပင် သောကသည် အရိပ်ထင် လျက်သား။ ဘုရား...ဘုရား ကျွန်မ စကားမှား သွားခဲ့ပြီလား။ တကယ်တော့ ကျွန်မသည် သေခြင်း တရားကို တွေးကြောက် နေတတ်သူ မဟုတ်ပါပေ။ ဘ၀တွင်မက်မောစရာပိုင်ဆိုင်မှုများနည်းပါး၍လားမသိ။ မနက်ဖြန် သေမည်ဆိုလျှင်တောင် သေမင်းနောက် အေးအေးချမ်းချမ်း လိုက်နိုင်ပါမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်မြဲ။ ဒါကြောင့်သည် စကားကို ပေါ့ပေါ့ပါးပါး ပြောထွက်သည်။
ရံဖန်ရံခါတော့ လောကကို ခင်တွယ်စိတ်၊ မိဘများကို ချန်မထားလို စိတ်များနှင့် တွေဝေ ဖူးတာ ၀န်ခံ လိုသည်။ သို့ပေမဲ့ အသက်လမ်းကြောင်းပဲ ပြတ်တောက်နေသူမို့လားမသိ။ သေခြင်း တရားကိုတော့ ခေါင်းထဲ အစဉ်လို ထည့်ထားတတ်ပေသည်။
သူတကာလို နိမိတ်မရှိ၊ နမာ မရှိလည်း မတွေး တတ်ဘဲ ငါသေရင်လေ ဟု ခဏခဏ ပြောဖြစ်သည်။ မျက်ကြည်လွှာကို လှူကာ သူငယ်ချင်းထံ မျက်စိ ဆေးရုံကြီးက ပေးထားသော ကတ်ကလေးကို အပ်ထား ဖူးသည်။
“ငါ သေတယ် ကြားတာနဲ့ ဆေးရုံကို ဖုန်းဆက်လိုက် သိလား။ လေးနာရီကျော်ရင် လှူလို့မရတော့ ဘူးရယ်” ဟု မှာဖူးသည်။ ကျွန်မလိုပင် အယူနည်းပါးသော သူငယ်ချင်းကလည်း စိတ်ချဟုဆိုကာ တာ၀န်ခံဖူးသည်။
တစ်ခါတလေ တော့လည်း အဆောင်မှာနေ ထိုင်ရင်းက ကြံဖန် စိတ်ပူ နေတာမျိုးလည်း ရှိတတ်ပြန်သည်။ ငါသာ ရုတ်တရက် သေသွားရင် စုထားတဲ့ ပိုက်ဆံလေး (တကယ်တော့ မဖြစ်စလောက်ဟု အများက ရယ် မောမည့် ပမာဏ) နဲ့ ပစ္စည်းလေးတွေ အိမ်ကို ဘယ်သူများ ပို့ပေးဖို့ သတိရမှာပါလိမ့်။ အိမ်ဖုန်းလည်း သိကြမှာ မဟုတ်ဘူး။ နံရံမှာ မှာချင်တာတွေ စာရေးကပ်ထားရင် ကောင်းမလား။ သို့ပေမဲ့ အခန်းဖော် သူငယ်ချင်းက ထိတ်လန့် မည်စိုးသည်နှင့် စာကပ်မည့် အစီအစဉ်ကိုတော့ အကောင်အထည် မဖော်ဖြစ်။
အိမ်ပြန်ဖြစ်သည် ဆိုတိုင်းလည်း ရန်ကုန်က မိတ်ဆွေတို့ကို ဒါနောက်ဆုံး ဖြစ်ရင်ဖြစ်မှာဟု နှုတ်ဆက် ဖူးသည်။ သူတို့တွေ၏ ဆူပူသံများကို နာခံကာ ပြန်ဖူးသည်။ ရှိသမျှ အကြွေး အကုန်ဆပ်ခဲ့တတ်သည်။ တကယ်တော့ ခရီး လမ်းကြမ်းသည့်အတွက် သေခြင်းသည် လက်တစ်ကမ်းမှာပင် ရှိနိုင်သည် မဟုတ်လား။ သူများ တတွေတော့မသိ။ ကျွန်မကတော့ ကိုယ့်လက်ဖဝါးပေါ်က အသက်လမ်းကြောင်းတစ်၀က် တစ်ပျက်နှင့်မို့ စိတ်တုံးတုံး ချထားတတ်သူပင်။ ဒါတွေတော့ အမေ့ကို ပြောမပြလိုတော့ပါပြီ။ ခုပင် အမေ့မှာ မျက်နှာပျက်လှပြီ။
ကျွန်မသည် စကားလမ်းကြောင်း ပြောင်းရတော့၏။ အလုပ်ခွင်က အကြောင်းများ ပြောပြရသည်။ အဆောင်က သူငယ်ချင်းများအကြောင်း ပြောပြရသည်။ ဟာသလေးများ စွက်ကာ စကားများစွာ ပြောဖြစ်တော့ အမေ့မျက်နှာ ပြုံးရွှင်လာသည်ကို မြင်ရသည်။ အမေ စိတ်ပေါ့ပါးသွားပြီ။ ကျွန်မ ဟာသ လုပ်ပြောသည်ဟု ထင်ကာ မေ့လျော့သွားပြီ။ သည်လိုသာ ကျွန်မ ထင်ခဲ့သည်။
အဲသည်ညက အမေ့ကို ဖက်ကာ စကား ပြောရင်းက ကျွန်မ အိပ်မောကျသွားခဲ့သည်။ အိပ်မက်များလည်း မက်လိုက် သေးသည်။ ပျော်ရွှင်ဖွယ်အိပ်မက်များ။ အမေနှင့် အတူ လျှောက်လည် နေသော အိပ်မက်များ။
ကျွန်မ နိုးလာတော့ နံနက်ခင်း၏ အလင်းတို့ သက်၀င်စပြုပြီ။ မျက်လုံးကို ဗြုန်းဆို ဖွင့်မိတော့ အမေ့ကို မျက်နှာ ချင်းဆိုင် တိုးဖက် ထားမိသည်ကို သိရ၏။ အမေ့ မျက်နှာဆီ အကြည့်ရောက်လျှင် အမေသည် မျက်လုံးလေး ပွင့်လျက်သား။ ကျွန်မကို ဘယ်အချိန် ကတည်းကများ ငေးကြည့် နေသည်လဲမသိ။ မျက်လုံးတွေက တစ်မျိုးပဲ။ ဘယ်သို့သော အရိပ်ဟု ဆိုရမည်လဲ။ အမည်တပ်ရ ခက်ခဲသော၊ ခံစားမှု တစ်စုံတစ်ရာ ပျော်၀င်နေသော မျက်လုံးများ နှင့် အမေသည် ကျွန်မကို စူးစိုက် ငေးမောလျက်ရှိ၏။
“အမေ နိုးတာ ကြာပြီလား”
အမေသည် အမေးကို မဖြေ။ ကျွန်မကို တိုးဖက် လိုက်ပါသည်။
“သမီး အသက်ဆိုတာ ကုသိုလ်နဲ့ ဆက်လို့ရ တယ်သိလား။ လက္ခဏာ အရေးအကြောင်း ဆိုတာ ပြောင်းလဲ နေတယ်လို့ အမေ ကြားဖူးတယ်။ ဘာမှ စိတ်မပူနဲ့ အသက်ဆက်လို့ ရတယ်နော့”
“အမေကလည်း သမီးက ပြောပြီး မေ့တောင် နေပြီ။ အဲဒါ စဉ်းစား နေတာလား ကြည့်ဦး”
“အမေက ညက တစ်ညလုံး အိပ်လို့တောင် မရဘူးကော။ ဒီအကြောင်းတွေပဲ စဉ်းစားနေတာ”
ထိုခဏတွင် ဘယ်သို့ ခံစားလိုက်ရသည်ကို ကျွန်မ ပြောမပြ တတ်ပြီ။ ၀မ်းနည်းသော၊ ယူကျုံး မရ ဖြစ်သော၊ စကားတစ်ခွန်းကို လက်လွယ် စပယ် ပေါ့ပေါ့ပါးပါး ပြောမိခြင်းကို နောင်တရသော စသောစသော ခံစားမှု များစွာ။ ကျွန်မ ရုတ်ခြည်း ဆိုသလို ငိုချင် လာမိသည်။
“အမေကလည်း”
ဆိုကာ ရင်ခွင်ထဲ ခေါင်း ထိုးရင်း မျက်နှာကို တိုးဖွက် ထားမိ သေးသည်။
အမေသည် ကျွန်မကို ကလေး တစ်ယောက် ကို ထွေးပွေ့ ထားသည့်ပမာ သိုင်းဖက် ထားပါသည်။ ကျွန်မမှာ မျက်ရည်ရစ်ခဲ ချင်သည်ကို မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ဖြေဖျောက်ရသည်။ အမေ့ကို သည့်ထက် ၀မ်းမနည်း စေသင့်တောပြီ။ မျက်ရည်ကို မြင်ရ၍ အမေ ၀မ်းမနည်းစေသင့်တော့ပြီ။ သည်အကြောင်း၊ သေခြင်းတရားအကြောင်း၊ လက္ခဏာအကြောင်း နောင်ဘယ်သောအခါမျှ ရယ်စရာ လုပ်မပြော တော့ပြီ။
သေခြင်းတရားအကြောင်းများ ပြောရမည်ကို ကျွန်မက အထူးအထွေ လုပ်မတွေးသည်ပဲထားဦး။ သည်စကားများကို ကြားရချိန် မှာတော့ အမေ့ရင်၌ နာကျင်ရသည် မဟုတ်လား။ ခွဲခွာခြင်းကို တစ်နေ့ကြုံရမည်ဆိုတာ လက်ခံထား သော်ငြား အမေ့မှာလေသံမျှကြားရလျှင်ပင် စိတ်ထိခိုက်မည် မဟုတ်လား။ သားသမီးကို စိုးရိမ်ပူပန်ရမည် မဟုတ်လား။ ဒါကို ခုမှပင် နားလည်တွေးတတ်လာသည်။ သို့သော်ပြောတုန်း ကတော့ ပြောခဲ့မိပြီ။ နောင်တနှင့်ပင် ကျွန်မစိတ်မှာ ပြိုလဲမတတ်ဖြစ်ရသည်။
ထိုအခိုက်၌ အိမ်ရှင်အစ်မကြီး နိုးလာကာ ဧည့်ထောက်ခံ စကားတချို့နှင့် နှုတ်ဆက်သည်ကိုပင် ကျေးဇူးတင်ရသည်။ အမေနှင့်အတူလာသောခရီးဖော် အန်တီညိုက မနက်စာစားဖို့ ပြင်ဆင်ရန် နှိုးဆော်သည်ကိုလည်း ကျေးဇူးတင်ရသည်။
အဲသည့်နေ့ တစ်နေ့လုံး ရန်ကုန်မြို့တွင်း ဘုရားများ၊ ပန်းခြံများသို့လိုက်ပို့ရာတွင် ကျွန်မသည် အမေ့မျက်နှာကိုပင် အရိပ်တကြည့်ကြည့် အကဲခတ်နေခဲ့မိသည်။ အန်တီညိုနှင့် ရယ်ကာမောကာ စကားပြောနေလျှင် စိတ်ချမ်းသာရသည်။ ပတ်၀န်းကျင်အပေါ် စိတ်၀င်စားစူးစမ်းလိုသည်ကို မြင်ရလျှင် စိတ်ကြည်နူးရသည်။
ကျွန်မ စိတ်ထဲရှိရာ ပြောခဲ့မိသည်များကို အမေ မေ့ဖျောက်နိုင်ပါစေတော့။ မနက်ဖြန်ဆိုလျှင် အမေ့မှာမန္တလေးကို သွားရတော့မည်။ မန္တလေးကမှ ကချင်ပြည်နယ်ကို ပြန်ရမည်။ သည် နေ့ကလေး အတူရှိနေခိုက် အမေ စိတ်ချမ်းသာစေလိုသည်။ စိတ်ချမ်းသာ ပျော်ရွှင်နေရသည်ဟု လည်း မြင်ရ၏။ ဒါနှင့်ပင် ကျွန်မမှာတစ် ပြန် တစ်လှည့်ကြည်နူးခြင်း ဖြစ်လာရပေသည်။
ကျွန်မ နေသောအဆောင်ကို အလည်ခေါ်သွားတော့ အခန်းကိုမြင်သည်နှင့် အမေမှာ မျက်စိ ပျက်မျက်နှာပျက် ဖြစ်ရပြန်သည်။ အခန်းလေးက ကျဉ်းလိုက်တာတဲ့။ နယ်၌ အိမ်ကျယ်ကျယ်လွင့်လွင့်နှင့် ခြံ၀န်းကျယ်ထဲမှာ သစ်ပင်တွေကြားထဲမှာသာ နေသားကျခဲ့သော အမေသည် ခုတင်နှစ်လုံး ချထားသည့်ကြားက နေရာကျဉ်းလေးမှာ ကျွန်မတို့ အခန်းဖော်နှစ်ယောက် အချင်းချင်း ရှောင်ကာ တိမ်းကာ သွားလာရသည်ကို စိတ်မကောင်းဖြစ် နေရှာ၏။
သည့်ထက် ကျဉ်းမြောင်းသော အခန်းလေးထဲ နေရတုန်းက အမေ ရောက်မလာခဲ့သည်ကိုပင် စိတ်ဖြေသာစရာ ဖြစ်ရသည်။
“ရန်ကုန်မှာ နေစရာကတော့ ဒီလိုပဲ အန်တီ ရေ”
ဟုဆိုကာ အခန်းဖော်က ရယ်မောနေသည်။
အမေကတော့ ကျွန်မ၏ အခန်းဖော်ကို မေးခွန်းများလည်း မေးသေးသည်။ သူရှမ်းပြည်နယ်က လာသည့်အကြောင်း၊ မိဘများ၏ အဝေးတွင် ကိုယ့်ဘ၀ကိုယ် ကြိုးစားတည်ဆောက်နေရဆဲ အကြောင်းများ သူငယ်ချင်းက ပြောပြသည်ကို ကျွန်မ အသာပင်နားထောင်နေခဲ့မိသည်။ သူနှင့် အမေကတော့ အပြန်အလှန်စကားဆိုကောင်းဆဲ။
“မိဘများက လွမ်းနေမှာပေါ့။ အိမ်လည်း ပြန်တယ် မဟုတ်လားသမီး”
“ဟုတ်၊ ပြန်ပါတယ် အန်တီ။ အန်တီ့သမီး ကိုလည်း အန်တီလွမ်းနေရမှာပေါ့ ဟုတ်လား”
အမေက ကျွန်မကို လှမ်းကြည့်ကာ ပြုံး လိုက်ပါသည်။
“လွမ်းတာပေါ့ကွယ်။ သူကြိုက်တဲ့ဟင်းကလေးများ ချက်ရင်ပိုလွမ်းရတာကော။ တစ်ယောက်တည်း အဝေးမှာ အစားဆင်းရဲနေမလားလို့ မျိုမကျချင်ဘူး”
“အဆောင်မှာတော့ ဒီလိုပါပဲ အန်တီရေ။ ကြက်ဥများ မမြင်ချင်မှအဆုံးပဲ ရှင့်။ ဒါပေမဲ့ ဒီရွှေခေါင်းပြောင်ကို မုန်းလို့လည်းမရ စားရတာပဲ။ ကြက်သားလေး၊ ၀က်သားလေးတော့ လဆန်းရက်ဆို ပိုက်ဆံတရွှမ်းရွှမ်း ထုတ်ပြီး စားထားရတာပဲ။ မှတ်မိနေအောင်လို့။ လလယ်ကျော်ရင်တော့ ပတ်ချာလည်နေတော့တာ အားလုံးပဲ”
စကားရွှင်သော၊ အရယ်သန်သော သူငယ်ချင်းက သူ့ဘာသာရယ်မောနေ ပြန်သည်။ ကျွန်မသည် သူ့ကိုဘယ်သို့ မျက်ရိပ်ပြရမည်မသိဘဲ အကြံအိုက်နေ၏။ သူက နဂိုကစကားက ခပ်ကြွယ်ကြွယ်ရယ်။ ပြောရင်း၊ ပြောရင်းနှင့် အရှိန်လွန်လာတတ်သူ။ ခုလည်းပြောရင်းက သရုပ်မှန်များပါလာပြီ။ အမေ့ မျက်နှာ မကောင်းတော့ပြီ။
“အဲဒါကြောင့် အိမ်ကိုပိုက်ဆံမပို့နဲ့လို့ သမီးကိုပြောတာ။ ဒီမှာပဲအဆင်ပြေအောင်နေလို့ ခဏခဏ ပြောလည်း မရ”
“အဆင်ပြေပါတယ်ဆို အမေကလည်း”
ကျွန်မ အသံမှာ တိုးလျလျ။ သည်တော့မှ သူငယ်ချင်းက အမေ့ကိုအကဲခတ်ကာ၊ ကျွန်မ မျက်နှာကိုအကဲခတ်ကာနှင့် စကားလမ်းကြောင်း လွှဲတော့သည်။ သို့သော်လည်း အမေ့အကြောင်းကို ကျွန်မ သိပါသည်။ အနည်းဆုံး တော့ ကျွန်မ ပိုက်ဆံပို့ချိန်တိုင်း သည်စကားကို သတိရပြန်ပြောတော့မည်။
အဆင်ပြေပါတယ် ပြောလေ့ရှိသော သမီးလုပ်သူကို အမေက နဂိုကပင် ယုံလှသူမဟုတ်။ ခရီးဝေးလှသော်လည်း အမေသည် ကျွန်မအတွက် ဒေသထွက်စားသောက်ဖွယ်များစွာ တကူးတက သယ်လာပေးသည်။ ကြာကြာခံမည့်ဟင်းအကြော်များစီစဉ်လာသည်။ ပြီးတော့ စွန်တန်ခြောက်များ၊ မုန်ညင်းချဉ်၊ ခေါပုတ်များ၊ မြေပဲများ။ အမေ့မှာ မလေးတတ်သလို သယ်လာရှာသည်။
“အဆောင်မှာ အစားဆင်းရဲမယ်ကော။ ဒါတောင် ဒီထက် သယ်လာပေးချင်တာ။ သမီး အဖေက နောက်လူကြုံရှိမှ ထည့်ပေးတာပေါ့ဆိုလို့”
ဟု ခရီးရောက်မဆိုက်ပင် ပြောခဲ့သေးသည်။
“ဒီလောက်ဆို များနေပြီဟာ။ သမီးလည်း ဒီမှာအဆင်ပြေပါတယ်”
ပြောနေကျစကားကိုပင် ကျွန်မ အဲသည်တုန်းက ပြန်ပြောခဲ့မိသည်။ ခုတော့ အဆောင်ကို အကဲခတ်တော့ အနေအစားဆင်းရဲခြင်း၊ အခန်းကျဉ်း မြောင်းခြင်း၊ လူများ၍အသံဆူညံခြင်းတို့ကို အမေ မြင်တွေ့ရ ကြုံရပြီ။ ရန်ကုန်က လိုင်းကားစီးရခြင်း၏ဒုက္ခကို အမေမြင်ရပြီ။ လူနေမှုစရိတ်ကြီးမြင့်သော၊ အပြင်ထွက်သည်နှင့်ပင် ငွေစက္ကူလေးများကလည်း အိတ်ထဲက လိုက်ထွက်တတ်သော ရန်ကုန်ကို အမေ တွေ့ရပြီ။ နောက်များတော့ ကျွန်မကအဆင်ပြေပါ တယ်ပြောတိုင်း အမေ ယုံပါတော့မလား။
အမေ့ခရီးစဉ်၏ နောက်ဆုံးနေ့သည် ကျွန်မအတွက်တော့ လွမ်းဖွယ်အတိသာတည်း။ အမေလည်း လွမ်းနေရမှာပဲ။ သို့သော် လတ်တလောမှာ တော့ကျွန်မက ကျန်နေရစ်ရမည့်သူ။ နှစ်များစွာ ကျွန်မ အိမ်အပြန်ကို မျှော်ခဲ့ရ သော၊ အိမ်ကအပြန်တွင်လည်း လွမ်းမောကျန်ရစ်ခဲ့သော အမေ့ကို ခုမှပင် စာနာတတ်လာသည်။
“နောက်နှစ်နွေတော့ ပြန်လာမယ် မဟုတ်လား”
ဟု အမေက တာမွေအိမ် သို့ အပြန်လမ်းတွင် မေး၏။
ပြန်လာမှာပေါ့ဟု ကျွန်မက ရယ်မောကာ ဆိုမိပါသည်။ အမေ့သမီးသည် မကြာခဏ သည်သို့ ပြောမြဲပေမဲ့ ပြန်ဖြစ်ချင်မှလည်း ပြန်ရောက်လိမ့် မည်ကို အမေ ကြိုသိမည်ပင်။
ဘယ်သို့ပင် မခွဲခွာချင်သော်ငြား ခွဲရမည့် ညနေခင်းက ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက် လာခဲ့လေသည်။ အောင်မင်္ဂလာ အဝေးပြေး၀င်းအထိ ကျွန်မက လိုက်ပို့စေချင်သော်လည်း အမေကမပို့စေလို။ အပြန်မှောင်လိမ့်မည်တဲ့။ ဒါနှင့်ပင် တာမွေက တည်းခိုအိမ်မှာပဲ တက္ကစီ ပေါ်တင်ပေးရသည်။
ကျွန်မသည် အမေနှင့်အန်တီညို၏ ပစ္စည်းများကို တစ်ခုချင်းသယ်ပေးရင်း ငိုချင်နေခဲ့သည်။ သို့သော် မျက်ရည်ပင် မဝဲမိအောင် ကြိုးစားနေရသည်။ အမေက ကျွန်မ မျက်နှာရိပ်ကို စာအုပ်လို ဖတ်တတ်သူ။
အမေ့မျက်နှာမှာလည်း နွမ်းနေသည်ကို မြင်ရ၏။ အမေလည်း ကျွန်မလိုပဲ ၀မ်းနည်းနေရှာမှာ။ ပြီးတော့ မျိုသိပ်နေမှာ။ အမေ့မျက်လုံးများက မှိုင်းပျပျ အရိပ်လေးကို တွေ့ရသည်နှင့်ပင် စကားများစွာ ပြောစရာမလိုဘဲ စိတ်နှလုံးကို မြင်ရပါသည်။
နှုတ်ဆက်စကားများကို ဟန်မပျက်ပင် ပြောရသည်။ အမေတို့ကို ကားပေါ်တင်ပေးကာ ကားတံခါးကို ပိတ်ပေးရသည်။ ကားကလေး စထွက်လျှင် ကျွန်မလက်ပြကျန်ရစ်ခဲ့သည်။ လှမ်းမျှော်ကြည့်လျှင် အမေသည် ကျွန်မကို လည်ပြန် ငေးမောဆဲ။ လမ်းအကွေ့အချိုးလေးရောက်သည် အထိ နောက်ပြန်လှည့်ကြည့်ဆဲ။
လက်ကို ဝေ့ယမ်းပြရင်းကပင် မျက်ရည်များ စီးကျလာခဲ့သည်ကို ကျွန်မ မသုတ်မိပါ။ သုတ်ရန်လည်း မလိုတော့ပါ။ အမေ့ရှေ့တွင် မဟုတ်၍ လွတ်လပ်စွာ မျက်ရည်ကျနိုင်ပေပြီ။
အမေ ရန်ကုန် ပြန်သွားသည့်ရက်မှ ရေတွက်လျှင်ငါးရက်၊ ခြောက်ရက်လောက်နေမှ ကျွန်မ အိမ်ကိုဖုန်းဆက်ဖြစ်ပါသည်။ အမေက မန္တလေးတွင် ဘုရားဖူး၀င်ဦးမည် ဆိုသောကြောင့် မဆက်ဖြစ်။ အမေ ပြန်ရောက်လောက်ပြီ ထင်သည့်အချိန်ကို မှန်း၍ ဖုန်းခေါ်ရသည်။
အမေ့အသံကို ဖုန်းထဲတွင် ကြားရသည်မှာ သည်တစ်ကြိမ် ပို၍လွမ်းစဖွယ်ကောင်းနေ၏။ အမေကလည်း အရင်ထက်ပိုလွမ်းနေရပါသတဲ့။ မျက်ရည်ဝဲလာသော်လည်း ကျွန်မ ရယ်မောနေရသည်။
အမေက စကားများစွာ ပြောသည်။ သည်တစ်ကြိမ်တွင် ကျွန်မသည် နားထောင်သူသာ။ ခရီးစဉ်အကြောင်းများ၊ ရွာက သူ့ကျောင်းသားလေးများကို လက်ဆောင်လေးများ ပေးရသည့် အကြောင်း၊ မောင်လေးကလည်း ကျွန်မကို သတိရနေကြောင်း၊ အဖေနှင့် မောင်လေး ထုံးစံအတိုင်း စကားနိုင်လုနေကြကြောင်း စသည်စသည်ဖြင့် စကားများစွာပြောသည်။ ကျွန်မသည် အင်းလိုက်ကာ နားထောင်နေဆဲ။
“သမီးရေလက်က အသက်လမ်းကြောင်းဟာ ဘာမှမပူနဲ့။ အဲဒါ အသက်ဆက်လို့ရတယ်နော့။ သမီးလည်းကောင်းမှုကုသိုလ်များများလုပ်။ အမေလည်း သမီးအတွက် လုပ်ပေးနေမယ်ကြား လား”
ဟု ပြောသည်ကို ကြားရလျှင် ကျွန်မသည် စကားပင် မပြန်နိုင်ဘဲ စက္ကန့်အတော်ကြာအောင် ဆွံ့အနေခဲ့မိသည်။
အမေသည် မိုင်ရာချီဝေးကွာသောအရပ်သို့ ရောက်သည်အထိ ကျွန်မအတွက် သောကကို သယ်ဆောင်သွားမည်ဟု ကြိုသိခဲ့လျှင် ထိုစကားတစ်ခွန်းကို ကျွန်မ ဘယ်တော့မှပြောခဲ့မည်မဟုတ်။ လွန်လေပြီးသောစကားတို့သည် လေထဲတွင်လွင့်ပျောက်သည်သာမက ကြားရသူ၏ စိတ်နှလုံး၌ပါ ခိုအောင်းတတ်သည်ကို ခုတော့ ကျွန်မ နားလည်ရပြီ။
ခုတလော ဘယ်ဘက်လက်ဖဝါးပြင်ကို အမှတ်တမဲ့ ငုံ့ကြည့်မိလေတိုင်း အမေ့ကို ကျွန်မ သတိတရရှိနေပါသည်။ အသက်လမ်းကြောင်း အရင်ထက် ထင်ရှားလာသည်ကို သည်နှစ်ပိုင်းမှာ ကျွန်မ သတိပြုမိလာသည်။ နည်းနည်းတော့ ရှည်လျားလာသည်ဟုလည်း မြင်လာရပြီ။ ဗေဒင်လက္ခဏာကို အကျွမ်းမ၀င်သူမို့ ဘာသဘော ကြောင့်ရယ်တော့ နားမလည်။ အဲသည်အသက်လမ်းကြောင်းဘာကြောင့် ရှည်လျားလာသည်လဲ ကျွန်မ မသိပါ။ အမေ ကျွန်မအတွက် တကယ်ပင် အသက်ဆက်ပေးနေသလား မမေးဖြစ်ပါ။ နောက်တစ်ကြိမ် အစဖော်ရာရောက်မည်စိုးသည် နှင့်လည်း သည်အကြောင်း မပြောဖြစ်ပါပေ။
ကျွန်မသည် တကယ်ပင် အသက်ရှည်ရှည် နေရမည်လား။ မကြာလှသော အချိန်တွင်လောကကို စွန့်ခွာရလေမည်လား။ ကိုယ်တိုင်လည်း မသိနိုင်။ ဘယ်သူမှလည်း သိနိုင်မည် မဟုတ်ပါ။ သို့သော် အမေ့ချစ်ခြင်းမေတ္တာကို ပို၍သိမြင်ခွင့်ကြုံရသည့် အတွက်တော့ ဘယ်သို့သော အဆုံးသတ်ကို ကြုံရမည်ပင်ဖြစ်စေဦးသည် လက်ဖဝါးပြင်လေးကို ကျွန်မကျေးဇူးတင်နေပါသည်။
စံပယ်ဖြူနု