စောဝတီ
--------
တပြင်လှရွာသို့ ကျွန်တော်ရောက်ချိန်မှာ မိုးချုပ်နေပြီ။ ကျွန်တော့်ကို လမ်းကြုံခေါ်လာသောလှည်းက ကုက္ကိုပင်ကြီးတစ်ပင်အောက်တွင် ရပ်လိုက်ပြီး
“ဟိုးမှာ မီးရောင်လေးတွေမြင်နေရတဲ့ရွာပဲ ... ဒီလမ်းအတိုင်းသာ တည့်တည့်လျှောက်သွား” ဟု လှည်းသမားက ပြောလိုက်သည်။
ကျွန်တော်က ကျောပိုးအိတ်နှင့် အိပ်ရာလိပ်ကို လှည်းပေါ်က ချလိုက်ပြီး
“ကျေးဇူးပဲဦးလေး”
“ရပါတယ် ... လိုက်ပို့ချင်တာ ... မိုးချုပ်နေလို့”
“ဒီလောက်ရောက်လာတာပဲ တော်ပါပြီခင်ဗျာ”
လှည်းက ဆက်ထွက်သွားသည်။ ကျွန်တော်က ကျောပိုးအိတ်ကိုလွယ်၊ အိပ်ရာလိပ်ကိုထမ်းပြီး လှည်းသမားညွှန် ပြသည့် လမ်းအတိုင်း လျှောက်ခဲ့သည်။
ဆောင်းဝင်ပြီဖြစ်သောကြောင့် အအေးဓာတ်က သိသာသည်။ ကွင်းထဲမှ ဖြတ်တိုက်လာသော လေကြောင့် ပိုပြီး အေးစိမ့်နေသည်။ ရွာက မီးရောင်သာမြင်ရသည် အတော်လေးလှမ်းသည်။
“စွပ် ... စွပ် ... စွပ်”
ကျွန်တော်က အသံကြားလိုက်ရသောကြောင့် နောက်ကို လှည့်ကြည့်သည်။ အသံက ဗွက်တောထဲ လျှောက်သည့် ခြေသံမျိုး
“စွပ် ... စွပ် ... စွပ်”
လက ထွက်ပြီဖြစ်သော်လည်း အမြင်က မသဲကွဲ။ ကျွန်တော်က
“ဘယ်သူလဲ” ဟု အော်မေးလိုက်မိသည်။
ဘေး လယ်ကွင်းထဲက ဘွားခနဲ တက်လာသော လူရိပ်ကြောင့် ကျွန်တော်က လန့်သွားပြီး
“ဘယ်သူလဲ” ဟုထပ်မေးလိုက်သည်။
သူက ကျွန်တော့်အနီးကို လျှောက်လာသည်။ လက်ထဲတွင် မြှုံးတစ်လုံးကို ကိုင်လာသော အမျိုးသမီး တစ်ယောက်ဖြစ်နေသည်။
“ဘယ်သူလဲ”
သူက ကျွန်တော့်ကို ပြန်မေးနေခြင်းဖြစ်သည်။
“ကျောင်းဆရာပါ ... တပြင်လှကို တာဝန်ကျလို့လာတာ”
“ဟာ ... ဆရာလား ... ရွာက မျှော်နေတာ ... ပေး ... ပေး ... ကျွန်မကို အထုပ်ပေး”
“ရပါတယ်”
“မဟုတ်တာ”
သူက ကျွန်တော့်ထံမှ အိပ်ရာလိပ်ကို အတင်းဆွဲသည်။
“လာ ... လာ ... မျှော်နေကြတာ”
သူက ရှေ့မှ သွက်လက်စွာလှမ်းနေသည်။ ကျွန်တော်က တောသူတစ်ယောက်၏ ခြေလှမ်းကို မနည်း မီအောင်လိုက်နေရသည်။
ရွာအဝင်ဟု ထင်ရသည့် ညောင်ပင်ကြီးတစ်ပင်အောက် အရောက်တွင်
“ကဲ ဆရာလေးရေ ... ဟိုကုန်းလေးပေါ်က စာသင်ကျောင်းပဲ”
“ကျွန်တော် အဲဒီကို သွားရမှာလား”
“မဟုတ်ဘူး ... ဒီကနေ ရှစ်အိမ်မြောက်က ရွာလူကြီးအိမ်ပဲ ... ညာဘက်နော် ... အိမ်ရှေ့မှာ ရေအိုးစင်ရှိပါတယ် ... ရော့ ဆရာလေးအိပ်ရာလိပ် ... ကျွန်မသွားတော့မယ်”
“ရွာထဲကို မဟုတ်ဘူးလား”
“မဟုတ်ဘူး ... ကျွန်မနေတာ ဟိုနားမှာ”
သူက ကျောင်းသွားသွားလမ်းအတိုင်း ဝင်သွားသည်။ ကျွန်တော်ကလည်း သူညွှန်သည့်အတိုင်း ရွာလူကြီး အိမ်ကို ရောက်အောင်သွားရသည်။
ရွာလူကြီးအမည်က ဦးမေအောင်ဟုခေါ်သည်။ သူက ဝမ်းသာအားရဖြင့် ကျွန်တော့်ကို ကြိုဆိုသည်။
“ဆရာရေ ... မနေ့ကသွားစောင့်နေကြသေးတာ”
“ဟုတ်လား ... ကျွန်တော်က ကိစ္စလေးတွေရှိနေလို့ပါ”
“ကဲ ... ရေမိုချိုး ... ထမင်းစားရအောင်”
“အေးတယ် ... ခြေလက်ပဲဆေးတော့မယ်”
ထိုညက ကျွန်တော် ဦးမေအောင်အိမ်တွင် အိပ်လိုက်ရသည်။ နောက်တစ်နေ့တွင် ကျွန်တော့် နေရေးထိုင်ရေးကို ဆွေးနွေးကြသည်။ ကျွန်တော်ကလည်း အခြားမိသားစုများနှင့် ရောနှောနေထိုင်ရမည်ကို မနှစ်သက်၊ ကိုယ်နှင့် မရင်းနှီးသေးတာကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် ဦးမေအောင်ကို
“ဦးမေအောင် ... ကျောင်းဆရာဆိုတော့ ထုံးစံအတိုင်း ကျောင်းမှာပဲ နေထိုင်နိုင်အောင် စီစဉ်ပေးပါလား”
“အို မဟုတ်တာဆရာရယ် ... ဘာဖြစ်လို့ ကျောင်းမှာ နေရမှာလဲ ... ကျွန်တော်နဲ့နေလည်း ရပါတယ်”
“မဟုတ်တာ ကျွန်တော် ကျောင်းမှာပဲ နေပါမယ်”
“ကဲ ဒါဆိုရင် ကျောင်းကို လိုက်ကြည့်ဦး"
သူနှင့်ကျွန်တော် ကျောင်းကို ရောက်လာကြသည်။ ကျောင်းက ခြေတံရှည်၊ ကျောင်းအောက်တွင် ကလေးဆိုလျှင် တစ်ရပ်လွတ်သည်။ လေးခန်းတွဲ သစ်သားဆောင်၊ အမိုးကား တောင်ထန်းတွေ မိုးထားသည်။ ကျောင်းသားစာရင်းအရ ကျောင်းအရွယ်အစားက ပိုကြီးနေသည်။
“ကျွန်တော် ဒီထောင့်လေးကို ရုံးခန်းလုပ်လိုက်မယ်။ အဲဒီအထဲမှာပဲ နေမယ်။ ရွာထဲမှာ ထရံရှိရင် အခန်းဖွဲ့ပေး ပါလား”
“ဆရာ ... ပြောမှ ဖြစ်တော့မယ် ... ရွာနဲ့လည်းလှမ်းတယ် ... ပြီးတော့ ဟိုမှာကြည့်လိုက်”
သူက ပြတင်းပေါက်မှ ကျွန်တော့်ကို လက်ညှိုးထိုးပြလိုက်သည်။ အုတ်ဂူလေး တစ်လုံးစ နှစ်လုံးစနှင့် ဇရပ်လေး တစ်ခုကိုတွေ့လိုက်ရသည်။
“အဲဒါ သင်္ချိုင်းကြီးဆရာ”
“ဘာဖြစ်လဲ ... ကျွန်တော် မကြောက်တတ်ပါဘူး ... ကျွန်တော့်ကို အခန်းလေးတစ်ခန်းသာ ကူညီပါ”
“ပြောမရလည်း နေပေါ့ဆရာ ... သတိတော့ထားပါ”
“ဘာဖြစ်လို့လဲ”
“ကျောင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတယ်ဆရာ”
“အင်း ... ဦးမေအောင် ... သရဲကို မယုံလို့တော့ မဟုတ်ပါဘူး ... ဒါပေမဲ့ ကျွန်တော် ကျောင်းဆရာဘဝမှ သရဲခြောက်တယ်ဆိုတဲ့ ကျောင်းတွေမှာပဲ နေခဲ့တာ။ ကျောင်းကသရဲတွေက ဆရာတွေကို မခြောက်ပါဘူး”
“ဒီဆရာတော့ ခက်တော့တာပဲ”
ရွာက ကျွန်တော့်ကို ကျောင်းပေါ်၌ အခန်းလေးတစ်ခန်း လာလုပ်ပေးသည်။ ကျွန်တော်က နေစရာ ရသွားသဖြင့် ပျော်နေသည်။ စားသောက်ရေးအတွက် ကျောင်းအောက်တွင် မီးဖိုခန်းလုပ်ရသည်။ ရွာထဲက အိုးခွက်ပန်းကန် ငှားရသည်။ ဆန်ဝယ်၊ ဆီဝယ်အလုပ်တွေ ရှုပ်သွားသည်။ မနက်ဖြန်ကျောင်းဖွင့်ပြီ။
ကျောင်းဆရာတစ်ယောက်အတွက် ကျောင်းတက်ခေါင်းလောင်းလေးကို ကိုယ်တိုင်တီးခေါက်လိုက်ရသည့်အ ရသာလောက် ကောင်းသည့်အရသာမျိုး မရှိဟုထင်ပါသည်။ စစ်ကျန် ဗုံးဆန်လုံးကြီးကို သံချောင်းဖြင့်
“ဒေါင် ... ဒေါင် ... ဒေါင်” ဟု ခေါက်လိုက်သည်နှင့် ကျောင်းသားတွေက အပြေးလေး ရောက်လာကြသည်။ ကျောင်းပေါ်ကို ခေါင်းပေါင်းနှင့် အမျိုးသမီးတစ်ယောက် တက်လာသည်။ သူက
“ဆရာကြီးနော် ...”
“ဟုတ်ကဲ့ ... ဘာကိစ္စရှိလို့လဲ အဒေါ်”
“ကျွန်မ ... ခင်မြတ်ပါဆရာကြီး”
အလို ကျွန်တော့်ကျောင်းမှ တစ်ဦးတည်းသော လက်ထောက်ဆရာမကြီး
“ဟာ ဆရာမကြီး ... ကျောင်းလာတာ ... လယ်ထဲကထလာသလိုဖြစ်နေတာပဲ ... အဲဒီလို မလုပ်ပါနဲ့”
“ဆရာကြီး ရောက်နေမှန်း မသိလို့ပါ ... ကျွန်မကို နာရီဝက်လောက်ခွင့်ပေးပါ ... ရေချိုး အဝတ်အစားလဲပြီး ပြန်လာပါ့မယ်”
“ဟုတ်ကဲ့”
ကျွန်တော်က ကလေးတွေကို စုဝေးခိုင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။ ကလေးတွေကတော့ ပျော်နေကြသည်။
ဒေါ်ခင်မြတ်ကတော့ တစ်နာရီလောက်နေမှ ပြန်ရောက်လာသည်။
“ဆရာမကြီးရေ ... နောက်နေ့လည်း ဝတ်စုံလေးနဲ့ပဲ လာပေးပါနော်”
“ဟုတ်ကဲ့ပါဆရာကြီး”
“ဆရာပဲလုပ်ပါဗျာ ... မကြီးသေးပါဘူး
ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် နေ့လယ် နှစ်နာရီခန့်တွင် ရွာထဲက အသုဘတစ်ခု ချလာသည်။ ကလေးတွေက ကြေးစည်သံကြားသည့်အခါ အပြင်ကိုပြေးထွက်ပြီးကြည့်ကြသည်။ ကျွန်တော်က အသားလေးကြည့်နေလိုက် သည်။ အားလုံး စာသင်ခန်းတွေထဲပြန်ရောက်မှ စုဝေးခိုင်းလိုက်ပြီး
“နောက်တစ်ခါ ကျောင်းမလွှတ်သေးဘဲ စာသင်ခန်းထဲက ထွက်ရင် အပြစ်ပေးခံမယ်” ဟုပြောရသည်။ ဆရာမကြီးကိုလည်း
“ဆရာမကြီး ကျွန်တော်တို့ စည်းကမ်းလေးတွေအတိုင်းတော့ ကလေးတွေကို ပြုပြင်ကြရအောင်နော်” ဟု ပြောရသည်။
“ဟုတ်ကဲ့ပါဆရာ ... အရင်က သူတို့ကို ခွင့်ပြုထားတော့ လုပ်လို့ရမယ် ထင်နေတာပေါ့”
တော်သေးသည် ဒေါ်ခင်မြတ်က နားလည်မှုအပြည့်ရှိနေသော ဆရာမကြီးဖြစ်နေသည်။ ဒေါ်ခင်မြတ်က အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ သူ့ဇာတိက မအူပင်ဘက်ကဟု သိရသည်။ ဤရွာကိုရောက်လာပြီး ရွာသားနှင့်ညားကာ ဤရွာသူဖြစ်နေသည်။ သူ့သားလေးတစ်ယောက်က သုံးတန်းတွင်ဖြစ်သည်။
“ဆရာ တစ်ယောက်တည်းနေရတာ မကြောက်ဘူးလား ... သားသားကို ခေါ်ထားမလား”
“မခေါ်ထားပါဘူးဗျာ ... ကျွန်တော်အေးအေးဆေးဆေး နေချင်တာပါ။ ကလေး မထိန်းပါရစေနဲ့”
ဆရာမကြီးက သူ့သားကို ကျွန်တော်နှင့်ထားပေးမည်ဆိုသော်လည်း ကျွန်တော်က အေးဆေးစွာ နေလိုသော ကြောင့် ငြင်းလိုက်သည်။
ကျောင်းက ကုန်းလေးလိုဖြစ်နေသည်။ ကုန်းစောင်းတွင် ရေတွင်းတစ်တွင်းရှိသည်။ သောက်ရေရသည်။ မောင်းတံဖြင့် ရေခပ်နိုင်စေရန် ရွာကစီစဉ်ပေးထားသည်။ ရေတွင်းကို သစ်သားဖြင့် ကာထားသည်။ ကျွန်တော့် အတွက် ရေနီးသဖြင့် အဆင်ပြေလှသည်။
ညနေစောင်းသော် ကျောင်းလွှတ်ပြီး ရွာထဲကဝယ်လာသည့် အာလူးကိုကြော်ကာ ငါးပိရည်အိုးတည်နေစဉ်
“ဆရာ” ဟုခေါ်သံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်မိသည်။
“ဘယ်သူလဲမသိဘူး”
အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲတွင် ပန်းကန်လေးတစ်ချပ်ကိုင်ထားသည်။
“မမှတ်မိဘူးလားဆရာရဲ့ ... ဆရာရွာကိုလာတုန်းက လမ်းမှာတွေ့ခဲ့တာလေ ... ဆရာ့ အိပ်ရာလိပ်ကိုတောင် ကူရွက်ပေးခဲ့သေးတာ”
“ဪ ... အဲဒီအချိန်က မှောင်တော့ သိပ်မမှတ်မိဘူး ဖြစ်နေတာ ... စိတ်မရှိနဲ့နော် ... ဘာလဲဗျ”
သူက ကျွန်တော့်ကို ပန်းကန်ထိုးပေးသဖြင့် မေးလိုက်ခြင်းဖြစ်သည်။
“ဟင်းလေးရလို့ လာပို့တာ”
“ဘာဟင်းလဲ”
“ဝက်သားဟင်းဆရာရဲ့”
“ဟာ ကောင်းတာပေါ့ ... ကျွန်တော်က အာလူးကြော်နေတာ ... ထမင်းစားသွားပါဦး”
“နေပါဆရာ ... နေပါ ပန်းကန် မဆေးနေပါနဲ့”
ကျွန်တော်က ပန်းကန်ကိုလှယ်ပေးပြီး ဆေးရန်ပြင်နေသည်ကို သူကအတင်း လုသွားသည်။
“ပြန်ဦးမယ်ဆရာ”
“ဘယ်မှာနေတာလဲဗျ”
“ဒီနားတင်လေ ... ဆရာနဲ့နီးတယ်”
“ဟင်းတွေ လာမပို့ပါနဲ့ဗျာ ... ကျွန်တော်က တစ်ယောက်တည်း သမားပါ ... ရပါတယ်”
“ဆရာရယ် ... တစ်ယောက်တည်း သမားမို့ လာပို့တာပေါ့”
ထိုညက ဝက်သားဟင်းလေးနှင့် ထမင်းမြိန်လှသည်။
မေ့မေ့ပျောက်ပျောက် နောက်ထပ် သုံးလလောက်ရှိသွားသည်။ တစ်ကျောင်းလုံးမှ ကောင်းသားက ၆၀ ကျော်သာရှိပြီး နောက်နှစ်တွင် ကျောင်းသားဦးရေ တိုးလာမည်ဟု ခန့်မှန်းရသည်။ ကျောင်းက ပိတ်ထားတာ များသောကြောင့် ကျောင်းသားတွေ သိပ်မလာသေးခြင်းဖြစ်သည်။ ကျောင်းပုံမှန် ပြန်ဖွင့်ပြီဆိုလျှင် ကျောင်းသား ဦးရေတိုးမည်။
တစ်နေ့ နေ့လယ်ခင်းတွင် ကြေးစည်သံကြားရပြန်သည်။ အသုဘချလာသည်။ စည်းကမ်းထုတ်ထားသော ကြောင့် ကျောင်းသားတွေ ယခင်ကလို ကျောင်းပြင်ကို ပြေးမထွက်ရဲတော့။
“ဆရာရေ ... ရွာထဲက မီးမဖွားနိုင်လို့ ဆုံးသွားတာ”
“ဆရာမလေးတွေ မရှိဘူးလား”
“အရပ်လက်သည်နဲ့ သွားမွေးတာ ... သားဖွားဆရာမက မရောက်လာသေးဘူး”
“ဖြစ်ရလေဗျာ”
“သနားပါတယ် ... နှစ်တန်းက ခင်ဌေးရီအမေလေ”
“ဟုတ်လား ... ဒါဆိုရင် ညကျတော့ အသုဘအိမ်သွားဦးမယ်”
“ဦးမေအောင်အိမ်နဲ့ မျက်နှာချင်းဆိုင်ပဲဆရာ”
ညနေ ကျောင်းလွှတ်ချိန်တွင် ကျွန်တော် ရေချိုးပြီးကျောင်းကုန်းပေါ် ပြန်တက်လာသည်။ ကျောင်းအတက် အဆင်း လှေကားတွင် အမျိုးသမီးတစ်ယောက်ထိုင်နေသည်။ ကျွန်တော့်ကို ဝက်သားဟင်း လာပို့သွားသည့် အမျိုးသမီးဖြစ်သည်။
“ဪ ... ရောက်လာပြန်ပြီ ... ဘာတွေလဲ”
“ဆရာရေ ... အမဲသားဟင်း လာပို့တာ ... အူစုံအသည်းစုံ”
“ကောင်းလှချည်လား ... နေဦး ခင်ဗျား နာမည်ကို ကျွန်တော် မသိရသေးဘူး”
“ဘာဖြစ်လို့လဲဆရာ”
“ဟာ နာမည်မသိတော့ မခေါ်ရဘူးပေါ့”
“စောဝတီ”
“ဟာ နာမည်ကအဆန်းပဲ ... ဘာလူမျိုးလဲ”
“ဗမာပါဆရာရဲ့”
“ကိုင်း စောဝတီရေ ... ဖယ်ဦး အပေါ်တက်မလို့ ... ပန်းကန်ပေးလိုက် ... အပေါ်တော့ တက်လိုက်မလာနဲ့ ကျုပ်က တစ်ယောက်တည်း”
“အို ဆရာကလည်း”
ကျွန်တော်က ယခုတစ်ကြိမ်တော့ ပန်းကန်မဆေးပေး
“ပန်းကန်ဆေးပေးလိုက်ရင် နောက်လာမပို့တော့မှာစိုးလို့”
“ဟင်းစားလေးရလာရင်တော့ လာပို့မှာပါဆရာရယ်”
ထိုညက ကျွန်တော် အသုဘအိမ်ကို ရောက်လာသည်။ ရွာထုံးစံအတိုင်း ဖဲဝိုင်းက ကြီးကျယ်လှသည်။ ရွာလူကြီး ဦးမေအောင်က ကျွန်တော့်ကို
“ဆရာ ထမင်းစားရမယ်”
“စားခဲ့ပြီးပြီ”
“ဘာဟင်းနဲ့ စားခဲ့သလဲ”
“အမဲဝမ်းတွင်းသားဗျ”
“နေဦး ရွာမှာ အသုဘအတွက် အမဲပေါ်တာ ဒီအိမ်ပဲ ရှိတာ ... ဆရာ့ဆီကို ဘယ်သူလာပို့သလဲ”
“စောဝတီလေ”
“ဗျာ ... စောဝတီက လာပို့သွားတာ”
ဦးမေအောင် မျက်စိမျက်နှာ ပျက်နေသည်။
“ဆရာ ... ဟုတ်ရဲ့လားဗျာ”
“ဘာလို့ မဟုတ်ရမှာလဲ ... ကျွန်တော် ရောက်ရောက်ချင်းနေ့ကတော့ ဝက်သားလာပို့သွားသေးတာ”
“ဆရာ တကယ်လားဟင်”
“တကယ်ပေါ့ ... ပြီးတော့ ကျွန်တော် ရွာကို လာလာချင်း သူပဲ ကျွန်တော့်ကို ကြိုလာတာလေ။ အိပ်ရာ လိပ်တောင် ရွက်လာပေးသေးတာ”
“ဆရာ”
“ဗျာ”
“စောဝတီ သေတာ တစ်နှစ်လောက်ရှိပြီ”
“ဟာ ခင်ဗျားကလည်း သေတဲ့သူက လာပေးမလား”
“စောဝတီလို့ပြောလား”
“သူ့နာမည်ကိုမေးတော့ အဲဒီလို ပြောတာပဲ”
ကျွန်တော်က နောက်တစ်နေ့တွင် ကျောင်းပိတ်သဖြင့် အိပ်ရာထဲလှဲရင်း စာဖတ်နေစဉ်
“ဆရာ ... ဆရာ”
“ဘယ်သူလဲ ရှိတယ် တက်ခဲ့လေ”
ဦးမေအောင် တက်လာသည်။
“ဆရာ ... လိုက်ခဲ့ ကျွန်တော် ပြစရာ ရှိတယ်”
“ဘာလဲဗျ”
“လိုက်ခဲ့ပါ”
ဦးမေအောင်က ကျွန်တော့်ကို ခေါ်သွားသည်။ သင်္ချိုင်းဆီကိုဖြစ်သည်။ သင်္ချိုင်းအရောက်တွင် အုတ်ဂူတစ်ခုကို ပြပြီး
“အဲဒီမှာ ဖတ်ကြည့်”
“မစောဝတီ၊ အသက် ၂၇ နှစ်၊ ၁၉၈၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကွယ်လွန်သည်”
ထိုရက်စွဲအတိုင်းဆိုလျှင် တစ်နှစ်ရှိနေပြီ
“ဦးမေအောင် ... တခြားစောဝတီများ ဖြစ်နေမလား”
“လာခဲ့ဆရာ ရှေ့မှာ ဓာတ်ပုံကို သွင်းထားတာ ရှိတယ်”
ကျွန်တော့်ကို အုတ်ဂူရှေ့ပိုင်းသို့ခေါ်ပြသည်။
“ဟာ သူပဲ”
ဓာတ်ပုံထဲမှ အမျိုးသမီးနှင့် ကျွန်တော့်ဆီကို ဟင်းလာပို့သော အမျိုးသမီးမှာ တစ်ဦးတည်းဖြစ်သည်။
“ဆရာ”
“ဗျာ”
“သူ ဟင်းလာပို့တာ ရွာထဲက အသုဘချတဲ့နေပဲနော်”
“ဟုတ်တယ်”
“ဆရာ ... ဒီမှာ ထုံးစံက အသုဘချရင် ထမင်းနဲ့ ဟင်းတွေကို ဗန်းနဲ့ထည့်ပြီး ကျွေးခဲ့တာဗျ”
“ဟာ ဒါဆိုရင်”
“ဟုတ်တယ်ဆရာ ... ကျောင်းမှာ မနေပါနဲ့တော့ ရွာထဲပြန်လိုက်ခဲ့ပါ။ အိမ်တစ်အိမ် အားနေတယ်ဆရာ ... သူတို့က လယ်ထဲပြောင်းနေကြတယ်။ ဆရာ့တစ်ယောက်တည်း စိတ်ကြိုက်နေပါ”
“သူဘာဖြစ်လို့ သေတာလဲ”
“ဘာဖြစ်မှန်းမသိဘူး ... ကိုယ်ဝန်ပျက်ကျပြီး သုံးရက်လောက်နေတော့ ဆုံးသွားတာ”
“အို ... စိတ်မကောင်းလိုက်တာ”
“ဆရာ ပိုပြီးစိတ်မကောင်းဖြစ်စရာ ပြောရဦးမယ်”
“ဘာလဲဗျ”
“စောဝတီဆိုတာ ... ဆရာ့ အရင် ကျောင်းအုပ်ကြီး ဦးမျိုးအေးရဲ့ မိန်းမလေ ... ဒီမှာ ဆုံးခဲ့တာ ... သူလည်း စိတ်ဓာတ်ကျပြီး ပြောင်းသွားတာနေမှာ”
“ဗျာ”
ကျွန်တော့်ကို ရွာထဲသို့ ချက်ချင်းပြောင်းပေးကြသည်။
ထိုနေ့ကစပြီး မစောဝတီနှင့်ကျွန်တော် မဆုံဖြစ်တော့ပါ။
သို့သော် ကျောင်းလွှတ်ချိန်တွင် သူလာမလားဟု မျှော်တော့ မျှော်မိသည်။
(ကျွန်တော့် မိတ်ဆွေ ဆရာလေးကိုနိုင်ဝင်း၏ အတွေ့အကြုံကို သူပြောပြသည့်အတိုင်း ပြန်ရေးပြခြင်း ဖြစ်ပါသည်)
၂၂.၁၁.၂၀၂၀