မေတ္တာရဲ့စွန့်လွှတ်မှု
*******************************
"အဖေရေ၊ ကျွန်တော့်အတွက် လက်ပ်တော့အသစ်တစ်လုံး ဝယ်ပေးပါလား။""သားရေ... အဖေတို့မှာ ဒီလအတွက် အိမ်ငှားခ၊ မီတာခ၊ ရေခတွေကို မကြေသေးတာ။ လက်ပ်တော့ဆိုတာ ဘယ်လောက်ဈေးကြီးတယ်ဆိုတာ သားလည်းသိပါတယ်။""အဖေကလည်း အကြောင်းပြချက်တွေချည်းပဲ။ ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံးမှာ ကိုယ်ပိုင်လက်ပ်တော့တွေရှိနေကြပြီ။ ကျွန်တော်တစ်ယောက်ပဲ မရှိသေးဘူး။ အတန်းထဲမှာ ဘယ်လောက် မျက်နှာပျက်ရတယ်ထင်လဲ။ အဖေတို့လို မိဘမျိုးနဲ့ ကံဆိုးလိုက်တာ။
""ဟင်... ဘယ်လိုများပြောလိုက်တာလဲ သားရေ။ အဖေတို့လို မိဘမျိုးနဲ့ကံဆိုးတယ်ဆိုတာ တကယ်လား။ အဖေတို့က သားလိုချင်တာကို အကုန်ဖြည့်ဆည်းပေးချင်တာပါပဲ။ ဒါပေမယ့် အဖေတို့ဘဝကအဆင်မှမပြေနေတာ သားသိပါတယ်။ စိတ်ပဲရှိပြီး နောက်ကလိုက်မယ့်ငွေကမရှိတာ။""ဟား... မသိဘူး။ အခုမှ ဆင်းရဲတာပြောပြီး မျက်ရည်ခံမထိုးပါနဲ့။ မဝယ်ပေးနိုင်ရင် ဒီအိမ်ကနေ ထွက်သွားမှာပဲ။""အဲဒီလိုမလုပ်ပါနဲ့ သားရေ။ အဖေ့လစာလကုန် ရတဲ့အခါ ကြိုးစားပီးဝယ်ပေးမယ်နော်"'
""ကောင်းပြီ။ မဝယ်ပေးရင်တော့ ဒီအိမ်မှာ ကျွန်တော်နေမှာမဟုတ်ဘူး။"တစ်ဦးတည်းသောသားဖြစ်သူ မောင်အောင်မင်းက လက်ပ်တော့ဝယ်ပေးရန် ဇွတ်အတင်းတောင်းဆိုသဖြင့် အဖေဦးဝင်းနိုင်သည် စိတ်ညစ်နေမိသည်။ ညဘက်အိပ်ရာထဲတွင် သူသည် ဇနီးဖြစ်သူအား ပြောပြသည်။"ဒေါ်သန်းသန်းရေ... သားက လက်ပ်တော့အကြီးတောင်းနေတယ်။ မဝယ်ပေးရင် အိမ်ကထွက်သွားမယ်လို့တောင် ခြိမ်းခြောက်နေတယ်။""အင်း... ဒီကလေးနဲ့တော့ စိတ်ညစ်ရတာပါပဲ။ ငယ်ငယ်ကတည်းက အလိုလိုက်မိတာ မှားပါတယ် ခုတော့ဘယ်လိုဆုံးမရမှန်းတောင်မသိတော့ပါဘူးဖေကြီးရေ ။ ဒါပေမယ့် သူအိမ်ကထွက်သွားရင် ဘယ်လိုလုပ်မလဲ။""ဒီလိုလုပ်ကြည့်ပါလား။ ကျွန်မတို့ လက်ထပ်မင်္ဂလာလက်စွပ်လေး ကို ရောင်းလိုက်မယ်လေ။ ငွေရရင် သားကိုဝယ်ပေးလိုက်မယ်။""ရှင်ကောဘယ်လိုသဘော ရှိမလဲဟင်။ အဲဒီဆင်တူလက်ထပ်လက်စွပ်လေးက ငါတို့ရဲ့ အမှတ်တရပစ္စည်းလေးဆိုတာ မင်းသိပါတယ်။ ငါတို့ဆင်းရဲချိန်ကတည်းက အတူရှိခဲ့တဲ့ ပစ္စည်းလေးပဲ။""အမှတ်တရတွေထက် ရှင့်သားလေး ပညာရေးက အရေးမကြီးဘူးလား။ ရှိတန်ဆာမရှိဝမ်းစာပဲ။ သူအိမ်ကထွက်သွားရင် ပိုဒုက္ခရောက်မယ်။""အေး... ကောင်းပြီ။ မနက်ဖြန်ငါ ရွှေဆိုင်သွားရောင်းမယ်။
"မနက်ခင်းတွင် ဦးဝင်းနိုင်သည် ဆင်တူလက်စွပ်ကို သေချာထုပ်ပြီး အိတ်ထဲထည့်ကာ သားအား ခေါ်၍ ရွှေဆိုင်သို့ထွက်ခွာသည်။ လမ်းခရီးတွင် မောင်အောင်မင်းက စိတ်တွင်း၌ လက်ပ်တော့အသစ်ကို မျှော်လင့်နေသည်။"အဖေ၊ လက်ပ်တော့ဆိုင်သွားမယ်ဆိုပြီး ရွှေဆိုင်ကို ဘာလို့ဝင်မှာလဲ။""အဖေ့မှာ ရွှေလေးရောင်းစရာရှိလို့ပါသား။ ငွေရရင် သားလိုချင်တဲ့ လက်ပ်တော့ဝယ်ပေးမယ်။"ရွှေဆိုင်တွင် ဦးဝင်းနိုင်သည် ဆင်တူလက်စွပ်လေးကို ဆိုင်မန်နေဂျာထံ ယူဆောင်သွားသည်။ သူ၏လက်များက တဖျစ်ဖျစ်တုန်နေသည်။"ဒီဆင်တူးလက်စွပ်လေးကို ရောင်းချင်လို့ပါဗျာ။"ဆိုင်မန်နေဂျာက ဆင်တူလက်စွပ်ကို သေချာစစ်ဆေးသည်။ ရွှေသားကောင်းမွန်ကြောင်း၊ ဒီဇိုင်းကြည်လင်ကြောင်း တွေ့ရသည်။"ဦးကြီး၊ ဒီဆင်တူလက်စွပ်လေးက ရွှေသားကောင်းတယ်။ ဒါပေမယ့် အလေးချိန်နည်းနည်းပါးပါးနဲ့ ဒီဇိုင်းကလည်းရိုးရိုးပါပဲ။ သိန်းနှစ်ဆယ်ပဲတတ်နိုင်ပါတယ်ဗျာ။""အမှန်တော့ ဒီဆင်တူလက်စွပ်လေးက ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်ဘူးဗျ။ ဒါပေမယ့် သားကလက်ပ်တော့ဝယ်ချင်လွန်းလို့... ကောင်းပါပြီ။ သိန်းနှစ်ဆယ်ပေါ့။
"ဆိုင်မန်နေဂျာက ဆင်တူလက်စွပ်လေးကို ထပ်မံကြည့်ရှုပြီး "ဦးကြီး၊ ဒီဆင်တူလက်စွပ်လေးကို ဘယ်လိုရတာပါလဲ" ဟု မေးသည်။"ဒါက... ကျွန်တော့်ဇနီးနဲ့ လက်ထပ်ချိန်က ဆင်တူလက်စွပ်လေးဝတ်ဖို့ ဝယ်ပေးတဲ့ မင်္ဂလာလက်စွပ်လေးပါ။
ကျွန်တော်တို့ အရမ်းဆင်းရဲချိန်ကတည်းက အတူရှိခဲ့တဲ့ တစ်ခုတည်းသော တန်ဖိုးကြီးပစ္စည်းပါပဲ။"ဆိုင်မန်နေဂျာသည် ဦးဝင်းနိုင်အား သနားသောအကြည့်ဖြင့် ကြည့်ကာ "ဦးကြီး... တကယ်ရောင်းမှာလား" ဟု ထပ်မေးသည်။"အင်း... သားက ကျောင်းမှာ မျက်နှာမပျက်ချင်ဘူးဆိုတော့... ရောင်းမှာပါပဲ" ဟု ဦးဝင်းနိုင်က မျက်ရည်များကို တင်းခံကာ ပြောလိုက်သည်။ငွေရပြီးသည့်နောက် သားအဖနှစ်ယောက်သည် လက်ပ်တော့ဆိုင်သို့သွားကြသည်။
မောင်အောင်မင်းသည် သူလိုချင်နေသော လက်ပ်တော့အမျိုးအစားကို ဝယ်ယူပြီး အလွန်ပျော်ရွှင်နေသည်။"ကျေးဇူးပဲ အဖေရေ! ကျွန်တော် သူငယ်ချင်းတွေဆီ ပြဖို့သွားလိုက်မယ်။""သားရေ... ခဏလောက်...""ဘာလဲ အဖေရေ? ကျွန်တော် အလျင်လိုနေတယ်။""ဘာမှမဟုတ်ပါသားရေ... ဂရုစိုက်သွားနော်" ဟု ဦးဝင်းနိုင်က ဝမ်းနည်းစွာဖြင့် ပြောလိုက်ရသည်။အိမ်ပြန်ရောက်သောအခါ မောင်အောင်မင်းသည် လက်ပ်တော့အသစ်နှင့် သူငယ်ချင်းများထံသို့ ပြေးလွှားသွားလေသည်။
ဒါပေမယ့်အောင်မင်း မိဘများ၏ စွန့်လွှတ်မှုအကြောင်း လုံးဝမသိရှိခဲ့ပေ။အိမ်တွင်းမှာတော့ ဦးဝင်းနိုင်နှင့် ဒေါ်သန်းသန်းတို့ ကျန်ရစ်ခဲ့ကြသည်။ ဦးဝင်းနိုင်သည် ရွှေဆိုင်မှပြန်လာချိန်ကတည်းက စိတ်ဆင်းရဲနေခဲ့သည်။"ဒေါ်သန်းသန်းရေ... မင်းနဲ့ငါနဲ့ဆင်တူလက်စွပ်လေး... ငါတို့ရဲ့အမှတ်တရ...""မပူပါနဲ့... သားလေးပျော်တယ်ဆိုရင် ကျွန်မတို့လည်း ဝမ်းသာပါတယ်။ နောက်တစ်ချိန်ကျရင် ငွေစုပြီး ထပ်ဝယ်လို့ရပါသေးတယ်။"ဒေါ်သန်းသန်း ပြောသော်ငြားလည်း မျက်ရည်များကို အလိုလိုကျလာသည်။ ဦးဝင်းနိုင်ကလည်း ဇနီးကို ဖက်ရင်း မျက်ရည်သီကာ ရှိခဲ့ကြသည်။
"ငါတို့သားလေး... ငါတို့ရဲ့အခက်အခဲတွေကို နားလည်နိုင်မလားဟင်... သူများတွေမှာရှိတော့ သူလည်းလိုချင်တာ သဘာဝပါပဲ။ ငါတို့က မပေးနိုင်တဲ့အတွက်...""တော်... မပူပါနဲ့။ သားလေးကြီးလာရင် နားလည်သွားမှာပါ။ အခုအရွယ်ဆိုတော့ သူငယ်ချင်းတွေကြားထဲ မျက်နှာပျက်ခံချင်မှာမဟုတ်ဘူးလေ။
"ညနေခင်းရောက်သောအခါ မောင်အောင်မင်းသည် အိမ်ပြန်ရောက်လာသည်။ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများနှင့် ပြည့်နေသည်။
"အမေ... အဖေ... သူငယ်ချင်းတွေအကုန်လုံးက ကျွန်တော့်လက်ပ်တော့ကို အရမ်းကြိုက်သွားတယ်။ သူတို့အားလုံးက ဒီလက်ပ်တော့အမျိုးအစားကို ဝယ်ချင်နေကြတယ်။""အေး... သားပျော်ရင် အဖေတို့လည်း ပျော်တာပါပဲ" ဟု ဦးဝင်းနိုင်က ပြုံး၍ ပြောလိုက်သည်။ညဘက်စားပွဲဝိုင်းတွင် မောင်အောင်မင်းက "အဖေ... ဒီလက်ပ်တော့ဝယ်ဖို့ ဘယ်လိုငွေရခဲ့တာလဲ။ အဖေ့မှာ ရုတ်တရက်ငွေရလာတာလား" ဟု မေးလိုက်သည်။
ဦးဝင်းနိုင်နှင့် ဒေါ်သန်းသန်းတို့ မျက်နှာချင်းဆိုင်ကြည့်မိကြသည်။"အင်း... အဖေကံကောင်းလို့ပါသားရေ" ဟု ဦးဝင်းနိုင်က ရှောင်ရှားပြောလိုက်သည်။သို့သော် မောင်အောင်မင်းသည် မိဘများ၏ မသက်မသာဖြစ်နေသော အကြောင်းကို သတိထားမိသည်။ သူသည် ညဘက်အိပ်ရာထဲတွင် စဉ်းစားနေမိသည်။ "အဖေတို့မှာ ငွေကြေးအခက်အခဲရှိနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဘယ်လိုငွေရသွားတာလဲ..."နောက်နေ့မနက်တွင် မောင်အောင်မင်းသည် မိခင်အား ရွှေဆိုင်သို့သွားရန် အကြောင်းပြုကာ ထွက်ခွာသည်။ ရွှေဆိုင်ရောက်သောအခါ သူသည် မနေ့က ဆိုင်မန်နေဂျာနှင့် တွေ့ဆုံပြီး မေးမြန်းမိသည်။
"ဆရာကြီး... မနေ့က အဖေဒီဆိုင်ကိုလာရတဲ့အကြောင်းလေး သိချင်လို့ပါ"မန်နေဂျာက "အို... မနေ့က ဆင်တူလက်စွပ်လာရောင်းတဲ့ ဦးဝင်းနိုင်ရဲ့သားလေးနေပါ့။ သူတို့လက်ထပ်တုန်းက စင်တူဝယ်ထားတဲ့လက်ထပ် လက်စွပ်လေးလာရောင်းသွားတာ။ ငါ့အနေနဲ့တောင် စိတ်မကောင်းဖြစ်သွားတယ်"မောင်အောင်မင်းသည် ဤစကားကိုကြားရသောအခါ လေဖြတ်သွားသလိုရှိသည်။
အခုတော့သူနားလည်သွားပါပီ- သူ့ရဲ့လက်ပ်တော့သည် မိဘများ၏ အမှတ်တရပစ္စည်းတစ်ခု၏ စွန့်လွှတ်မှုနှင့် လဲလှယ်ထားခြင်းဖြစ်ကြောင်း။အိမ်ပြန်ရောက်သောအခါ သူသည် ချက်ချင်းပင် မိဘများထံသို့သွားကာ ပွေ့ဖက်ငိုကြွေးလိုက်သည်။
"အဖေ... အမေ... ကျွန်တော်သိသွားပါပြီ။ အဖေတို့ရဲ့ဆင်တူလက်စွပ်လေးကို ရောင်းပြီး လက်ပ်တော့ဝယ်ပေးရတာကို သိသွားပြီ။ ကျွန်တော်... ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလက်ပ်တော့ကို ကျွန်တော်မယူတော့ဘူး။ ပြန်ရောင်းပြီး ဆင်တူလက်စွပ်လေးကို ပြန်ဝယ်လိုက်ပါ။"ဦးဝင်းနိုင်က "မလိုအပ်ပါဘူးသားရေ... သားပျော်ရင် အဖေတို့လည်း ပျော်တာပါပဲ။ ဆင်တူလက်စွပ်လေးကို နောက်တစ်ချိန်ကျရင် ထပ်ဝယ်လို့ရတာပဲ""
မဖြစ်နိုင်ဘူးအဖေ... ဒီဆင်တူလက်စွပ်လေးက အဖေတို့ရဲ့အမှတ်တရပစ္စည်း။ ကျွန်တော့်အတွက် အဖေတို့ စွန့်လွှတ်လိုက်ရတာ... ကျွန်တော် တကယ်ကို အရမ်းနားလည်သွားပြီ။ ကျွန်တော် ကျေးဇူးမသိတတ်တဲ့သားတစ်ယောက်ဖြစ်နေခဲ့တယ်။"ဒေါ်သန်းသန်းက သားကို ပွေ့ဖက်ရင်း "သားရေ... သားကိုယ်တိုင်ကိုက အဖေတို့ရဲ့အမှတ်တရ တန်ဖိုးအကြီးဆုံးရတာနာပါပဲ။ သားပျော်ရွှင်နေမယ်ဆိုရင် အဲဒါထက်ကောင်းတဲ့အရာတေကိုတောင်အမေတို့ကဝယ်ပေးချင်ပါသေးတယ်။
ထိုညသည် မောင်အောင်မင်းအတွက် ဘဝသင်ခန်းစာတစ်ခုဖြစ်ခဲ့သည်။ သူနားလည်သွားပီး - မိဘမေတ္တာ၏ အနက်အဓိပ္ပာယ်၊ စွန့်လွှတ်မှု၏ တန်ဖိုးနှင့် အလိုက်သိမှု၏ အရေးပါပုံတို့ကိုသိလိုက်ရသည်။
နောက်နေ့တွင် မောင်အောင်မင်းသည် လက်ပ်တော့ကို ပြန်ရောင်းပြီး ဆင်တူလက်စွပ်လေးကို ပြန်ဝယ်ယူခဲ့သည်။ ထို့နောက်အောင်မင်း မိဘများအား ပြန်လည်ပေးအပ်ရင်း "ဒီဆင်တူလက်စွပ်လေးကို သေခြာ သိမ်းထားပေးလိုက်သည်။
နောင်တစ်ချိန်ကျရင် ကျွန်တော်ကိုယ်တိုင် အဖေတို့ကို ဒီထက်ကောင်းတဲ့ လက်စွပ်လေးတစ်စုံ ဝယ်ပေးမယ်" ဟု ကတိပြုခဲ့သည်။ဦးဝင်းနိုင်နှင့် ဒေါ်သန်းသန်းတို့သည် သားတွင် အလိုက်သိစိတ်များ ပေါက်ဖွားလာသည်ကို တွေ့ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရသည်။
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။မိဘများရဲ့ စွန့်လွှတ်အနစ်နာခံမှုကို နားလည်တတ်ပြီး အလိုက်သိသော သားသမီးကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း... 
crd စာရေးသူ- လူချော ⁽ᴴᵃⁿᵈˢᵒᵐᵉ⁾