အကြံအဖန် (စ/ဆုံး)

————–

အကြံအဖန် ဟူသောစကားကို ကြားဖူးနေသည်ကတော့ ကြာလှချေပြီ။
အဓိပ္ပာယ်အတိအကျကိုတော့ မဖွင့်ဆိုတတ်၊ အနည်းငယ် မရိုးမသားလုပ်ခြင်းဟူ၍တော့ အကြမ်းဖျင်း မှတ်ယူနိုင်မည်ထင်သည်။

‘လူတွေက တယ်ပြီး အကြံအဖန်များကြတာကိုး ‘ဟု ဒေါ်အေးညို ၏ခင်ပွန်းသည် ဦးစိုးမောင်က မကြာခဏ ပြောတတ်သည်။ဟုတ်ပါသည်၊အရပ်ထဲမှာ၊ဈေးထဲမှာ၊အလုပ်ထဲမှာ၊နေရာတကာမှာ အကြံအဖန်လေးတွေ ရှိနေတတ်လေသည်။

‘ အင်း ငါတို့ အိမ်ရှင်မတွေမှာရော ‘

ဒေါ်အေးညိုက တွေးရင်းငေးပြီး ၊ငေးပြီးရင်းလည်း တွေးနေမိတတ်လေသည်။

သူ့သား၊ သူ့သမီးတွေက ကွန်ပျူတာ၊ အီးမေးလ်၊ အင်တာနက်ဆိုတာတွေကို မကြာခဏပြောနေသော်လည်း ဒေါ်အေးညို၏ခေါင်းထဲသို့ ဘာ
မျှ မဝင်ချေ။ အသက်အစိတ်ထဲရောက်နေပြီဖြစ်သော အကြီးဆုံးသားကကွန်ပျူတာကို အလွန်အမင်း စိတ်ဝင်စားပြီး မြတ်နိုးတွယ်တာလှသည်။

ချစ်သူရည်းစားရှာရန်၊ အိမ်ထောင်ပြုရန်ကိုပင် လုံးဝစိတ်ဝင်စားခြင်းမရှိဘဲ ကွန်ပျူတာသင်တန်းတွေကိုသာ လောဘတကြီးလိုက်တက်နေ
သည်။ ထို့နောက် သူ့သူငယ်ချင်း၏ဆိုင်မှကွန်ပျူတာတစ်လုံးကို လပေးနှင့်ဝယ်လာသည်။ ထိုအခါကျမှ ကွန်ပျူတာကို အနီးကပ်မြင်ဖူးသောဒေါ်အေးညိုက “ဪ ကွန်ပျူတာဆိုတာ တီဗီနဲ့ လက်နှိပ်စက် နှစ်မျိုးပေါင်းထားတာပါလား’ ဟု သူ့နည်း သူ့ဟန်နှင့် သဘောပေါက်လိုက်ရ ရှာလေသည်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်ရသေးသော သမီးအလတ်မဆီကတော့ အယ်(လ်)စီစီအိုင်၊ ဂျီစီအီး၊ တိုဖဲလ်၊ ပေါ်လီ စသည်များကို ကြားရပြန်သည်။ ဒေါ်အေးညိုကတော့ ဂျီစီအီးထက် ဂျီအီး
စီကိုပိုပြီးစိတ်ဝင်စားသည်ကအမှန်ပင်။ သူ၏ ခင်ပွန်းသည်ဆီမှ ဂျီအီးစီထုတ် ပဲတို့၊ ဆပ်ပြာတို့၊ ဖယောင်းတိုင်တို့အပြင် အမြတ်ငွေကိုလည်း
ရဖူးသောကြောင့် ဖြစ်လေသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ညနေသင်တန်း တက်နေသော အငယ်ဆုံးသားကတော့ အိုတိုးစံ၊ အိုဘားစံ၊ ဒိုင်ဂျာ ဘုရူနိုင်းစသော ဂျပန်စကားများကို တော့တီးတော့နဲ့ပြောတတ်ပြန်သည်။ ဂျပန်
စကားကျွမ်းကျင်လျှင် တရုတ်စကားကို သင်ဦးမည်ဟုလည်း ပြောနေပြန်သည်။

ရှင်းရှင်းပြောရလျှင် ဒေါ်အေးညိုသည် ကွန်ပျူတာကို လည်းကောင်း၊ ဂျီစီအီးကိုလည်းကောင်း၊ အိုတိုးစံကိုလည်းကောင်း စိတ်မဝင်စားလှပေ။ မြစ်တစ်စင်းလို စီးမျောနေသောခေတ်ကြီးဝယ် ကိုယ့်လှေနှင့်
ကိုယ့်တက်နှင့်ကြိုးစား၍သာလှော်ကြပေတော့ဟု သဘောထားမိသည်။

သူ၏ ခင်ပွန်းသည် ဦးစိုးမောင်ကတော့ သူ့လိုမဟုတ်၊ သားကြီး၏ကွန်ပျူတာကို တောက်လျောက် ဝင်နှိပ်တတ်သလို၊ အီးမေးလ်
နှင့် အင်တာနက်တို့၏ ထိရောက်မြန်ဆန်ပုံကိုလည်း အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးတတ်သည်။

ပေါ်လီ၊ ပေါ်လီနှင့် ဒေါ်ပေါ်လီဖြစ်နေသောသမီးကိုတော့ ဝိုင်အိုင်တီ ညနေသင်တန်းတက်ခိုင်းသည်။ နှစ်နှစ်နေလျှင် ဒီပလိုမာရမည်ဆိုတော့ သမီးလည်း စိတ်ဝင်စားသွားလေသည်။

“ပေါ်လီတက်တာကတော့ ဟုတ်ပါပြီ၊ ပြီးရင်စင်ကာပူမှာ ပညာသင်ရမှာက သုံးနှစ်၊ အလုပ်လုပ်ရမှာက သုံးနှစ်၊ အနည်းဆုံး ခြောက်နှစ်နေရမှာ အမေကြီးရဲ့ ၊ တို့တတွေက ကုန်ကျစရိတ်ကို တတ်နိုင်တယ် ထားပါဦး၊ သမီးက အခုအသက်နှစ်ဆယ် ပြည့်တော့မယ့် နောက်ခြောက်နှစ်ဆိုရင် နှစ်ဆယ့်
ခြောက်၊ အဲဒီအရွယ်မှာ ချစ်သူရှာပြီး အိမ်ထောင်ရက်သားကျရမယ့်အရွယ်ပဲ ဟိုမှာနေရင်း ကိုယ့်မြန်မာချင်းတွေ့လို့ မေတ္တာမျှကြရင် တော်
ရဲ့ လူမျိုးခြားနဲ့ညာပြီးပါသွားရင် ဒုက္ခဟု ဒေါ်အေးညိုကို တီးတိုးပြောပြတတ်သည်။ ဒေါ်အေး ညိုကလည်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း ‘ မောင်မင်းကြီးသား အမျှော်အမြင်ကြီးပါပေရဲ့ ‘ဟု ကိုယ့်ယောကျာ်းကို ကိုယ်အထင်ကြီးရသည်။ နိုင်ငံနှင့်လူမျိုးကို လည်းကောင်း ဘာသာတရားကိုလည်းကောင်း အရေးထားလေးစားတတ်သူဆိုတော့ဒီအချက်က မတွက်လို့မဖြစ်။ရောက်
ရာအရပ်တွင် ကြုံသလိုအိမ်ထောင်ကျသွား
မည်ကိုကား သူလည်းစိုးရိမ်မိသည်ကတော့ အမှန်ပင်။

သားအငယ်ကိုတော့ ဦးစိုးမောင်က ‘ ကြိုးစားကွ ငါ့သား ၊ဘာသာစကားဆိုတာ များများတတ်လေကောင်းလေပဲ ‘ဟု အားပေးတတ်သည်။ ထို့နောက် ‘ ဒါပေမယ့် အင်္ဂလိပ်စကားက ကမ္ဘာသုံးစကားနော်။
အဲဒါကိုတော့ အရင်ကျွမ်းကျင်ဖို့လိုတယ်’ဟု အလေးအနက် သတိပေးတတ်သည်။

ခေတ်ရေစီးထဲတွင်မျောကြသူချင်းအတူတူသူ၏ခင်ပွန်း သည်ဦးစိုးမောင်က ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာမှတ်သားရင်း ကူးခတ်နေသူနှင့်တူပြီး သူကတော့ သစ်တုံးကြီးမျောသလို အသိမဲ့စွာ တငြိမ့်ငြိမ့် မျောပါနေသလားဟု ဒေါ်အေးညိုက တွေးမိတတ်လေသည်။

“ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ငါစိတ်ဝင်စားတာရှိပါတယ်”

ဒေါ်အေးညိုက သူ့အတွေးကိုသူ ချက်ချင်းပြန်ကာ ငြင်းချက်ထုတ်မိသည်။ သူ စိတ်ဝင်တစားနှင့် မျက်ခြည်မပြတ်လေ့လာပြီး ရင်ခုန်နေရတာ တစ်ခုတော့ အရှိသားပင်။ ထိုအရာကတော့ ပျိုပျိုမေရှောင်ကာ ပုန်းချင်သည့် ကိုကိုမောင် ကုန်ဈေးနူန်းပင်။

တစ်နေ့တုန်းကတော့ ဦးစိုးမောင်က မဂ္ဂဇင်းတစ်စောင်ကိုဖတ်ရင်း’ သက်ရှိဆဲလ်ကိုယူပြီး သက်ရှိပုံတူပွားလို့ ရနေပြီ။ ဒီမှာ ကြည့်စမ်း တိရစ္ဆာန်ကို သက်ရှိပုံတူပွားတာ အောင်မြင်နေပြီ၊ နောင်ဆိုရင်
လူကိုတောင် ပုံတူပွားလို့ ရတော့မယ်တဲ့၊ သိပ္ပံပညာ တိုးတက်ပုံကတော့အံ့ဩလောက်အောင်ပါပဲဗျာ’ ဟုပြောသည်။

ဒေါ်အေးညိုကတော့ ဦးစိုးမောင်၏စကားကို နားထောင်ရင်းကမ္ဘာကြီးမှာ လူဦးရေမထိန်းနိုင်လို့တောင် မနည်း လျှော့ချနေရာ၊
လူတစ်ယောက်ကိုနှစ်ယောက်သုံးယောက်ပွားတော့ ဘာလုပ်ရမှာလဲဟုတွေးနေမိသည်။ သူက သဘာဝလွန် ဖြစ်ရပ်များကို သိပ်ပြီး မနှစ်သက်လှပေ။ သုံးလောကထွတ်ထား မြတ်စွာဘုရားပင် သေခြင်းကို တားဆီးတော်မမူဘဲ ပရိနိဗ္ဗာန်ပြုခဲ့ပြီးဖြစ်၍ ဖြစ်စဉ်၊ ဖြစ်ဆဲ၊ ဖြစ်မြဲ သဘာဝများကို သူ၏ စိတ်ထဲတွင် စောဒကမတက်လိုလှပေ။

‘သက်ရှိပုံတူပွားမယ့်အစား သက်မဲ့ပုံတူပွားလို့ ရရင် ပိုပြီးမကောင်းပေဘူးလား၊ ဈေးခြင်းထဲကကြက်တစ်ကောင်ကနေ နှစ်ကောင်ဖြစ်၊ ငါးနှစ်ကောင်ကနေ လေးကောင်ဖြစ် ဟင်း ဟင်း ခုနှစ်ကောင်
ရှစ်ကောင်ဖြစ်ရင် ပိုလို့တောင် ကောင်းဦးမယ်’

ဒေါ်အေးညိုကအတွေးနှင့်ပင်အတော်ပျော်သွားသည်။ တစ်နေ့တွင် သူ သိပ္ပံပညာရှင်ကြီးများကိုပင် သွားပြီး နားပူနားဆာတိုက်လိုက်ချင်သေးသည်။ အကြံပေး ပြောပြလိုက်ချင်သေးသည်။

ဒီနေ့တော့ အိမ်မှာ ငါးရံ့ခြောက်နှစ်ပြား ဖြုန်းခနဲ ပေါ်လာသည်။ သက်ရှိပုံတူပွားခြင်းလည်းမဟုတ်၊ သက်မဲ့ပုံတူပွားခြင်းလည်းမဟုတ်။ ဦးစိုးမောင်၏ မိတ်ဆွေတစ်ဦးက လက်ဆောင်ပေးလိုက်ခြင်း ၊
ဖြစ်သည်။

ဦးစိုးမောင်က ကျွတ်ကျွတ်အိတ်နှင့်ထုပ်ထားသော ငါးရံ့ခြောက် နှစ်ပြားကို လှမ်းပေးရင်း’ မိန်းမရေ နက်ဖြန်ခါကျတော့ မီးဖုတ်ပြီး နာနာသာထုပေတော့ကွာ” ဟုပြောတော့ သူအတော် ကြည်နူးသွားသည်။

လွန်ခဲ့သော နှစ်ပေါင်း အစိတ်ကျော်ကျော်ကတော့ ချစ်သူတို့ဘဝပေမို့ အင်းလျားရေပြင်၊ တက္ကသိုလ်အဓိပတိလမ်းနှင့် ကံ့ကော်ပင်တန်းသို့ ဒေါ်အေးညိုကို ရင်ခုန်ကြည်နူးစေခဲ့ဖူးသည်။ ချစ်သူ လက်
ဆောင်ပေးသော ကံ့‌ေကာ်၊ ခရေ၊ စပယ်ပန်းလေးများကို တမြတ်တနိုးပန်ဆင်ပြီး ခြောက်လျှင်ပင် လွှင့်မပစ်ရက်ဘဲ သိမ်းဆည်းခဲ့ရဖူးသည်။
အခုတော့ သူပြောင်းလဲလာပုံက ပြုံးချင်စရာကောင်းလှသည်။ စပယ်၊ခရေကံ့ကော်ရနံ့သင်းပျံ့ပျံ့တို့ထက် ငါးပိ၊ ငါးခြောက်နံ့ညံ့တီတီကိုပင်
ပိုပြီး နှစ်သက် သလိုဖြစ်နေသည်။ စပယ်ပန်းက ဟင်းချက်၍မရ၊ ငါးရံခြောက်ကတော့ ဟင်းကောင်းတစ်ခွက် ဖြစ်လာမည် မဟုတ်ပါလား။

‘အညာဆီ စစ်စစ်ကလေး တစ်ပုလင်း ကျန်နေသေးတာနဲ့အတော်ပဲ၊ ငါးရံ့ခြောက်ကို နပ်နေအောင်ဖုတ်၊ မွနေအောင်ထု၊ ဆီကလေး ရွှဲရွှဲဆမ်း’

ငါးရံ့ခြောက်နှင့်အတူ ထောပတ်ပဲဆိမ့်ဆိမ့်ချိုချိုကြီးတွေကိုအိုးကပ်ကလေးနှပ်မည်၊ ငါးပိရည်ကျဲကျဲဖျော်ပြီး ဖန်ခါးသီး လေးတို့၊
ချဉ်ပေါင်ရွက်ဟင်းချိုချက်၊ ဒေါ်အေးညိုက စိတ်ကူးထဲတွင် ဟင်းစပ်ရင်း
ထမင်းပင်ဆာလာသည်။

သို့သော် ငါးရံ့ခြောက်အကောင်လှလှကြီးတွေကို မီးဖုက်ပြီးနာနာထုလိုက်တော့ ထင်သလိုဖြစ်မလာသည်က ခက်လှပါသည်။ စား ချင်စဖွယ် မွလာသော ငါးခြောက်သားမျှင်မျှင်လေးများကို ပန်းကန်ထဲ
ဖဲ့ထည့်ရင်း တစ်ဖတ်ကောက်ဝါး ကြည့်လိုက်တော့ ငန်လိုက်သည်မှာတူးနေသည်။

ဒုက္ခပဲ၊ ငါးတစ်ကောင်ကို ဆားတစ်ပိဿာနှုန်းနဲ့ နယ်ထားလား မသိဘူး’

ဒေါ်‌ေအးညိုခမျာ အတော်ကို စိတ်ညစ်သွားရှာသည်။ သူရော ၊ဦးစိုး‌ေမာင်ရော အသက်ငါးဆယ်ကျော် ဆိုတော့ သွေးတိုးတို့၊ ဆီးချိုတို့က ခြိမ်းခြောက်နေပြီဖြစ်သည်။ ရောဂါဟူ၍ မည်မည်ရရ မဖြစ်သေးသော်လည်း အချိုကိုလည်းကောင်း၊အငန်ကိုလည်းကောင်း တတ်နိုင်သမျှ ရမည့်အရွယ်များ ဖြစ်သည်။

‘အင်း ငန်တံတံမကဘူး ငန်တူးတူးဖြစ်နေတာ ခက်လှတယ်’

ဒေါ်အေးညိုက ငါးခြောက်ခွဲသူကိုပင် လှမ်းပြီး စိတ်ဆိုးချင်နေသည်။ဆိုကောက်ခွဲကိုမင်းလှမ်းပြီး
သည်။ ဆားကလေးများ နည်းနည်း‌ေလျှာ့လိုက်ပါတော့လား’ ဟု ရန်ထောင်ချင်နေသည်။

ငါးခြောက်ကငန်တော့ ပဲကြီးနှပ်မှာ ဆားလျှော့ထားလိုက်မယ်၊ ငပိရည်ဖျော်မထည့်တော့ဘူး၊ ပဲပုတ်လေး ဆီဆမ်းပေးလိုက်မယ်၊ ဒါဆိုရင် မဆိုးပါဘူး’

ဒေါ်အေးညိုက သူ့ကိုယ်သူ အားပေးသည်။ ညနေကျတော့ -ငါးခြောက်ဖုတ်ပန်းကန်က ထမင်းပွဲ အလယ်တွင် ဝင့်ထည်လို့နေသည်။ ဦးစိုးမောင်က ထမင်းပွဲကို တစ်ချက်လှမ်းကြည့်ရင်း
‘ကောင်းသဟေ့ ‘ဟု‌ေပြာသည်။ သားသမီးတွေကတော့နှုတ်ခမ်းနီကြော်ငြာထဲကလို” ရှယ်ပဲ” ဟု ပြိုင်တူအော်ကြသည်။ငါးခြောက်ပန်းကန်ကို ခပ်သွက်သွက် နှိုက် ကြသည်။

” အားပါး ငန်သဟေ့ ”

ဦးစိုးမောင်၏မျက်နှာက ရှုံ့သွားသည်။

“ငန်တာမှ တူးနေတာပဲ”

သားကြီးက ထောက်ခံသည်။

“ငါးရံ့ခြောက်မဟုတ်ပဲ ငါးရံ့ငါးပိကောင်ကြီးများ မှားပြီး မီးဖုတ်မိတာလား မေမေရဲ့”

သမီးနှင့်သားလတ်က ရယ်ရယ်မောမောနှင့် မေးကြသည်။

“ငါးခြောက်က ငန်နေတော့ ငါးပိရည် စားစရာ မလိုတော့ဘူးပေါ့၊ ဖန်ခါးသီးကို ငါးခြောက်နဲ့ မြှုပ်စားလိုက်”

သားကြီးက အကြံပေးသည်။ မည်သို့ပင်ဆိုစေ၊ ငါးခြောက်ပန်းကန်သို့ လှမ်းနေသည့်လက်များ သိသိသာသာကြီး နှေးကျသွားသည်ကတော့ အမှန်ပင်၊ ငါးခြောက်ပန်းကန်ကို နှိုက်မလိုနှင့် ပဲကြီးနှပ်
ဆီသို့သာ ယိုင်ကျသွားသောလက်များကြောင့် အားလုံး ထမင်းစားပြီးသည်အထိ ပန်းကန်တစ်ဝက်ပင် မကုန်ချင်ပေ။

” အများကြီးပဲ ကျန်နေတယ်”

ဒေါ်အေးညိုက ကြည့်ရင်းနှမြောနေသည်။ ဒီငါးခြောက်တွေကို နောက်တစ်နေ့ ဆက်ကျွေးလျှင်လည်း သိပ်ပြီး ကြည်သာကြမည် မဟုတ်ချေ။

‘ဒီတော့လည်း ငါးခြောက်ဖုတ်ကို ငါးခြောက်ဟင်း လုပ်ပစ်လိုက်မှာပေါ့’

ဒေါ်အေးညိုက ငရုတ်၊ ကြက်သွန်ဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ် နိုင်နိုင်ကလေးနှင့် ငါးခြောက်ဟင်းအသွင် ပြောင်းလိုက်သည်။
မဆလာနံ့တသင်းသင်းမွှေးနေသော ငါးရံ့ခြောက်ဆီပြန်ဟင်းကလေးသည် စားပွဲပေါ်သို့စားချင့်စဖွယ်ရောက်လာသည်။

“အင်း ဒါတောင် အတော်ငန်သေးတယ်”

ဦးစိုးမောင်က မှတ်ချက်ချသည်။

“အနှစ်ကတော့ ကောင်းပါတယ် ဖေဖေရ၊ မွှေးနေတာပဲ”

သားတွေ သမီးတွေကတော့ သူတို့အမေကို အားပေးကြရှာသည်။ သို့သော် ငါးခြောက်ဖတ်ကလေးတွေကို မသိမသာ ရှောင်ကာ ၊အနှစ်ကို အားပြုပြီး စားသွားကြလေသည်။ ထို့ကြောင့် ပန်းကန်ထဲမှာ
အနှစ်တွေသာကုန်သွားပြီး ငါးခြောက်ဖတ်လုံးတီးကလေးများက ရှက် .ပြုံးကလေးများပြုံးကာ ကျန်ခဲ့ကြရှာသည်။

“အကောင်းကလည်း ကြိုက်တတ်လိုက်ကြတာ လျှာတွေလည်း သိတက်လိုက်ကြတာ ”

ဒေါ်‌ေအးညိုက ငြူငြူစူစူတွေးရင်းအကြံထုတ်နေမိသည်။ ကုန်စိမ်းသည်ဆီမှ တညင်ခရမ်းသီးနုနုထွားထွားကြီးတွေ တွေ့တော့မှ အကြံရသွားသည်။ ခရမ်းသီးနှပ်ထဲကို ပုဇွန်ခြောက်အစာမထည့်ဘဲ ကျန်နေသော ငါးခြောက်ဖက်များလှည့်လိုက်သည်။ ထို့နောက်အချိုမှုန့်ကလေး
အနည်းငယ်ကူလိုက်သည်။ နုပြီးချို နေသော ခရမ်းသီးများက ရေနည်းနည်း ထည့်ရုံနှင့် အိကျသွားသည် ။

ထူးထူးဆန်းဆန်း မဆလာနံ့သင်းနေသော ခရမ်းသီးနှပ် ပန်းကန်သည် ထမင်းစားပွဲပေါ်သို့ ဣန္ဒြေကလေးနှင့် ရောက်လာပြန်လေသည်။ သူတစ်ဦးတည်းတော့မဟုတ်၊ ဝက်အူချောင်း ဆယ်ငါးကျပ်သားကိုပါ အားဖြည့်ထားတော့ သူတို့ တစ်အိမ်သားလုံး ထမင်းမြိန်ကြလေသည်။ ခရမ်းသီးဖတ် ချိုချိုအိအိကလေးများနှင့်ရောနေသော ငါးခြောက်
ဖတ်ကလေးများက အပေါင်းအသင်း မှန်သွားသောကြောင့်လားတော့မသိ၊ ရောပြီး ချိုသလိုလိုဖြစ်နေသည်။ ညက်ညက်ဝါးလျှင် ငန်နေသေး
သော်လည်း မည်သူကမျှ ဘာမျှ ပြောမနေဘဲ လျှာနှင့်သိမ်းကာ မြိုချလိုက်ကြလေသည်။

“ဒါတောင် ကျန်ဖြစ်အောင် ကျန်သေးတယ်”

ခရမ်းသီးများသွားသောကြောင့်လားမသိ၊ အိုးထဲတွင် တစ်ပန်းကန်စာလောက် ကျန်နေရစ်သည်၊ သိုးသွားမှာစိုး၍ ရေခဲ သေတ္တာထဲထည့်သိမ်းထားရင်း ဒေါ်အေးညို အကြံထုတ်ပြန်သည်။

နောက်တစ်နေ့ကျတော့ ဒန့်ဒလွန်သီး လေးတောင့်က စစ်ကူလိုက်လာသည်။ ခရမ်းချဉ်သီး၊ အာလူး၊ မုန်လာဥတို့ကိုပါ ရော၍လုံးပြီးမန်ကျည်းရေထည့်သည်။ ရေဆူတော့ လက်ကျန်ခရမ်းသီးနှပ်ကို ဟင်းအိုးထဲသို့ ဒိုင်ဗင်ထိုးပြီးဆင်းခိုင်းလိုက်သည်။ ရုံးပတီသီး လေးငါးခြောက်တောင့်ကို လှီးထည့်လိုက်ပြီး မဆလာဖြူးလိုက်သည်။ ဒီတော့လည်း
ဒေါ်‌ေအးညို၏ သီးစုံ ကုလားဟင်းက စားချင့်စဖွယ် မွေးပျံ့လို့နေပြန်သည်။

ဘဲဥလေးလုံးကို အနှစ်နောက်။ နာနာခေါက်ပြီး မွှေကြော်ကာထပ်မံအားဖြည့်ပေးလိုက်တော့ ဦးစိုးမောင်တို့ သားအဖတစ်တွေ ခေါင်းမဖော်ကြတော့ပေ။ ကုလားဟင်းကိုလှမ်းသောလက်များ ခဏခဏ ဆုံနေ၍ ရယ်ကြရသေးသည်။

“ခရမ်းသီးက နုလို့လားမသိဘူး နူးပြီးပျော်နေတယ်နော် အမေ”

စေ့စေ့စပ်စပ်ရှိလှသော သားငယ်က ပြောသည်။သို့သော် သီးစုံ ကုလားဟင်းထဲသို့ ခရမ်းသီးနှပ်ကို ရေငုပ် ဆင်းခိုင်းထားကြောင်းကိုကား ရိပ်မိဟန်မတူပေ။

‘ သီးစုံဟင်းလေးက ကောင်းသကွာ ‘

ဦးစိုးမောင်က ဟင်းရည်ပျစ်ပျစ်‌ေလး ဆမ်းလိုက်၊ တညင်းသီးဆားစိမ်လေးကိုက်လိုက်နှင့်ထမင်းပင်တစ်ပင် တစ်ပန်းကန် ထပ်ထည့်ရသည်။

ဒေါ်အေးညိုလည်း အခုမှပင် ကြည်ကြည်လင်လင် ပြုံးနိုင်လေတော့သည်။

တစ်နေ့တုန်းကတော့ တစ်အိမ်ကျော်မှ ဘုရားကိုးဆူကပ်ရာတွင် သူတို့အိမ်ရှင်မ သုံးလေးဦး ဆုံမိကြသည်၊ ဆုံမိတော့လည်း ထုံးစံအတိုင်း
သားဈေး၊ ငါးဈေးနှင့် မီးဖိုချောင်အကြောင်းပင် ပြောမိကြသည်။ ဒါကလွဲလို့လည်း ဒီပြင်အကြောင်းကို စိတ်မဝင်စား၊ သူတို့က သာမန် အိမ်ရှင်မတွေဆိုတော့ အိမ်ဈေး၊ မြေဈေး၊ စိန်ရွှေဈေးနှင့် မော်တော်ကားများကိုလည်း မပြောတတ်ကြရှာပေ။

‘တစ်နေ့ တစ်နေ့ ဟင်းစပ်ကို စဉ်းစားနေရတာ ဦးနှောက်တွေပြန်မတတ်ပါပဲ” ဟု တစ်ဦးက စကားစသည်။

‘ဟုတ်ပါ့ ၊ စားလို့လည်းကောင်းအောင်၊ အကုန်အကျလည်းသက်သာအောင်ချက်ရတာ လွယ်တာမှတ်လို့၊ဒီကြားထဲ ဟင်းမကြိုက်ကြလို့ ပိုနေရင် သိပ်စိတ်ညစ်ရတာပဲ”

“ကျွန်မကတော့ ဟင်းကျန်ရင် ဘယ်တော့မှ အလကားမထား ဘူး၊ တစ်ခုခုအသွင်ပြောင်းပစ်လိုက်တာပဲ”

အိမ်ရှေ့အိမ်မှဒေါ်သိန်းကပြောတော့ ဒေါ်အေးညိုလည်း ငါးရံ့ခြောက်နှစ်ပြားကိုသတိရသည်။ ငါးခြောက်ဖုတ်မှ ငါးခြောက်ဟင်း၊ ငါးခြောက်ဟင်းမှ ခရမ်းသီးနှပ် ခရမ်းသီးနှပ်မှ သီးစုံကုလားဟင်း အဆင့်ဆင့်ပြောင်းလဲလာခြင်းကိုး သူ့သားသမီးတွေက ရုပ်ပြောင်းလဲခြင်းသတ်မှတ်မလား။ ဓာတ်ပြောင်းလဲခြင်းဟု သတ်မှတ်မလား။ သူအသေ
အချာ မစဉ်းစားတတ်ချေ။

‘မနေ့တုန်းက ဝက်သားဟင်းချက်တာ
အဆီများနေတော့ သိပ်မကြိုက်ကြဘူးလေ၊
အသားတွေချည်း‌ေရွးစားသွားကြတာ
ဝက်ဆီတုံးကြီးပဲ ကျန်ရစ်တယ်၊ဒါနဲ့ ဒီနေ့တော့
ချဉ်ပေါင်နှင့်မျှစ်ကိုခပ်ပြစ်ပြစ်‌ေမွပြီး အဲ့ဒီအဆီတုံးတွေကိုပါ အရာထည့်ပြီး ချက်ပေးလိုက်တယ်။ နောက်ပြီး ငါးပိထောင်းစပ်စပ်လေး‌ေထာင်းပေးလိုက်တော့စားလိုက်ကြတာ လောက်တောင် မ‌ေလာက်တော့ဘူး”

ဒေါ်ခင်ခင်က သူ့အတွေ့အကြုံကိုဖောက်သည်ချသည်။ ဒေါ်အေးညိုက သူ့တိုင်းကြည့်နေရင်း’ အင်း သူကတော့ ချဉ်ပေါင်ရွက်နဲ့
ငါးပိထောင်းကို စစ်ကူခေါ်လိုက်တာကိုး” ဟု တွေးနေမိသည်။

“ကျွန်မလည်း ချဉ်ပေါင်ဟင်းလက်သုံးပဲ၊ ဘာဟင်းပဲ ကျန်နေ နေ၊ ချဉ်ပေါင်ချက်ပြီး ‌ေရာထည့်ပစ်လိုက်ရင် အရသာတစ်မျိုး ထူးပြီး
စားကောင်းသွားတာချည်းပါရှင့်”

ဒေါ်လှ လှဆွေက ခေါင်းလေးတညိတ်ညိတ်နှင့် ထောက်ခံသည်။

“အိမ်ရှင်မဆိုတာ ဟင်းကောင်းကောင်းချက်တတ်ရုံနဲ့ မပြီးတော့ဘူး၊ ကျန်တဲ့ဟင်းကိုလည်း မလေမလွင့်ရအောင် စပ်ဟပ်ပြီး ရောတတ်၊ နှောတတ်၊ ပြုပြင်တတ်ဖို့ လိုသေးတယ်နော်”

တစ်ချိန်လုံးငြိမ်နေသော ဒေါ်အေးညိုက တွေးတွေးဆဆ ဝင်ပြောတော့ ဒေါ်သိန်းက ရယ်ချင်နေသောမျက်နှာနှင့် မျက်စောင်းထိုးသည်။

“အောင်မယ်လေး ရှင်အေးညိုရယ်၊ စကားလုံးတွေ ရှည်ရှည်ဝေးဝေးပြောမနေပါနဲ့၊ အကြံအဖန်တတ်ဖို့လိုတယ်လို့ပဲ ရှင်းရှင်း ပြောလိုက်စမ်းပါ နားလည်လွယ်ပါတယ်”

ဒေါ်သိန်း၏စကားအဆုံးတွင်တော့ သူတို့အားလုံး ရယ်မိကြလေသည်။လူတွေက တယ်ပြီး အကြံအဖန်များကြတာကို ဟု သူ၏ခင်ပွန်းသည်
ဦးစိုးမောင်က ပြောတတ်သည်။ ဟုတ်ပါသည်။ အရပ်ထဲမှာ၊ ဈေးထဲမှာ၊အလုပ်ထဲမှာ နေရာတကာမှာ အကြီးတန်ကလေးတွေ ရှိတတ်သည်။

“အင်း ငါတို့ အိမ်ရှင်မတွေမှာရော”

ဒေါ်အေးညိုက တွေ့ရင်းပြံုးပြီး ၊ ပြုံးရင်းလည်း တွေးနေမိတတ်လေသည်။

📖📖📖

#မစန္ဒာ

( မြန်မာ့ဂုဏ်ရည် ၂ဝဝဝ ပြည့်နှစ်)

ဝတ္ထုတိုများ ( ၆ )

#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ