ထိုက်သူ(စ/ဆုံး)
———-
“ဒီနေရာလေး လယ်တိုးအုန်းမှပဲ”
ညိုမောင် တစ်ယောက်ရွာလယ်ကွင်းတွေအဆုံးရှိတောစပ်တွင် ငါးရှာရင်း၊ဟင်းရွက်ချိုးရင်း လယ်ကွင်းနှင့်တောစပ်လျက်ပြန့်ကျယ်သောနေရာလေးကိုသေချာလှည့်ပတ်ကြည့်ရှုလေရာ တောကိုထွင်၍သေချာစွာရှင်းလင်းလိုက်လျှင် တစ်ဧကခန့်ရနိုင်မည့်အနေအထားကိုတွေ့ရသဖြင့်လယ်တိုးဖို့ကြံစည်နေခြင်းဖြစ်ပါသည်။
ညိုမောင်တို့ရွာသည်ပဲခူးရိုးမတောခြေတွင်ရှိသောဇနပုဒ်ရွာလေးဖြစ်လေရာ လယ်ကွက်၊ကိုင်းကွက်လိုချင်လျှင် တောကိုခုတ်ထွင်၍ သစ်ပင်ကြီးငယ်များကိုရှင်းလင်းကာ အမြစ်ပါမကျန်တူးဆွ၍ မြေကွက်ဖြစ်အောင်ဖော်ကြရလေသည်။ တချို့သစ်ငုတ်သစ်မြစ်များမှာ တစ်နှစ်ထဲနှင့်ဖော်၍မရ ၃/၄ နှစ်ခန့်အချိန်ယူကြရသည်။ စတင်ဖော်ကာစနှစ်တွင် ကျွဲနွားတို့ဖြင့်ထွန်ယက်၍မရ သစ်ငုတ်များအမြစ်များဖြင့်တိုးမိတိုက်မိ၍ ကျွဲနွားများလည်းပင်ပမ်း၊ ထယ်သွားများလည်းခဏခဏကျိုးတတ်သဖြင့် လူအားဖြင့်သာပေါက်တူးဖြင့်ပေါက်၍စိုက်ပျိုးရသည်လည်းရှိလေသည်။
လက်ကြောတင်းတင်းဖြင့်သစ်ငုတ်များကိုတူးဖော်နိုင်သူများကတော့ ကျွဲနွားဖြင့်ထွန်ယက်နိုင်သည်အဆင့်ထိရကြလေသည်။ထိုသို့တောကိုခုတ်ထွင်၍မြေကွက်ဖော်ဆောင်သည်ကို ညိုမောင်တို့အရပ်ဒေသကလယ်တိုးသည်ဟုခေါ်ကြလေသည်။ မြေပိုင်ယာပိုင်မရှိသူများအဖို့ ထိုသို့တက်နိုင်သမျှတောအတွင်းတိုးခွေ့ကာမြေကွက်ဖော်၍စိုက်ပျိုးစားသောက်ကြရသည်။ တချို့သောသူများက တစ်နှစ်နှစ်နှစ်စိုက်ပျိုးပြီးလျှင် ဆက်၍မရှင်းလင်းမစိုက်ပျိုးကြတော့ပဲ သည်အတိုင်းပင်ပစ်ထားတတ်ကြသလိုအချို့ကတော့ တဖြေးဖြေးချင်းလုံ့လအားဖြင့်ရှင်းလင်းကာလယ်အရိုင်းမှလယ်အယဥ်ဖြစ်လာကာ လယ်ပိုင်ရှင်အမည်ခံနိုင်သည်အထိ ကြိုးစားလုပ်ကိုင်ကြလေသည်။
ညိုမောင်သည် မီးတိုင်ရွာလေးတွင်နေထိုင်ပြီးလွန်ခဲ့သည့်၂နှစ်ခန့်ကအိမ်ထောင်ကျကာ သားလေးတစ်ဦးထွန်းကားထားလေသည်။ညိုမောင်နှင့်သူ့မိန်းမ မိမွှေးတို့သည် နှစ်ဘက်မိဘများကဆင်းရဲနွမ်းပါးသူများဖြစ်ကြသဖြင့် ဘယ်မိဘကမှလယ်တစ်ကွက်၊ကိုင်းတစ်ကွက်လုပ်ကိုင်ဖို့မပေးနိုင်၊ညိုမောင်လူပျိုဘဝကတည်းက အရီးဒေါ်ဆယ်ထံမှနွားမကြီးကိုမွေးဘက်ယူ၍မွေးထားသဖြင့်ထိုနွားမကြီးမှမွေးလာ၍ ညိုမောင်အပိုင်ရသောနွားပေါက်လေးတစ်ချဥ်းသာပိုင်ဆိုင်လေသည်။ထိုနွားပေါက်လေးတွေကိုယခုနှစ်မိုးဦးကျလျှင်၊ ထွန်ခိုင်းယက်ခိုင်း ၍ရပြီဖြစ်သောကြောင့်ညိုမောင့်ခမျာ စိုက်ပျိုးစရာမြေကွက်လေးလိုချင်နေခြင်းဖြစ်ပါသည်။ထို့ကြောင့်ပင်ရွာတောင်ဘက်လယ်ကွင်းများအဆုံးရှိ၊တောစပ်တွင်လယ်ကွက်တိုးလို့ရနိုင်မည့်နေရာလေးကို ဟင်းရွက်ခူးရင်းငါးရှာရင်း ရှာဖွေနေခြင်းပါ။
“ငါလယ်တိုးစရာအကွက်လေးတွေ့ခဲ့ပြီမိမွှေးရေ”
“ဘယ်နားလည်းကိုညိုမောင်”
“ဘကြီးထွန်းလယ်အစပ်နားကတောခြေကပြန့်ကျယ်လေးကိုတိုးမလို့လေ”
“ဖြစ်ပါ့မလားကိုညိုမောင် ၊ဘကြီးထွန်းလောဘအိုးက သူ့လယ်အစပ်မို့သူပိုင်တယ်ပြောနေအုန်းမယ်၊”
“ဟ သူ့မှာလယ်တွေအများကြီး၊ဒီဘေးစပ်ထိလိုက်ပြီးလောဘတက်လို့ရမလားလေဟာ”
ပြောမယ့်သာပြောလိုက်ရသည်၊မမွှေးပြောမှညိုမောင်စဥ်းစားမိသွားသည်
သူတို့ရွာတွင်ဘယ်အစဥ်အဆက်ကတည်းကချမှတ်ခဲ့သည့်ဥပဒေမှန်းမသိပါ၊လယ်မြေဘေးတွင်ဆက်စပ်နေသောမြေဟူသမျှထိုလယ်ကိုပိုင်ဆိုင်သူကသာပိုင်လေသည်။တခြားသူခုတ်ထွင်၍စိုက်ပျိုးခွင့်မရှိ၊ ထို့ကြောင့်ပင်ညိုမောင်တို့ရွာတွင်အိမ်ခြေတစ်ရာကျော်ရှိသော်လည်းလယ်မြေပိုင်ဆိုင်သူက၁၃ ဦးသာရှိလေသည်။ကျန်သူများမှာမြေမဲ့ယာမဲ့လက်လုပ်လက်စားများသာဖြစ်ကြလေသည်။ထိုလယ်သမားများက သူတို့လယ်ဘေးစပ်များကိုလယ်လည်းဆက်လက်မတိုင်းနိုင်၊တခြားသူလည်းအတိုးမခံနှင့်လက်ဝါးကြီးအုပ်ထားကြလေရာ ရွာတွင် လူငယ်လူရွယ်လုပ်နိုင်ကိုင်နိုင်သူများပြားသော်လည်း မြေယာပိုင်ဆိုင်သူနဲလေသည်။
လယ်သမားများက ထိုသို့လူပါးဝကြယုံမက သူတို့လယ်ကွက်များအတွင်းသို့ တခြားသူမွေးထားသောဝတ်များဝင်လျှင်လှံဖြင့်ထိုးသတ်ခွင့်၊ဓားဖြင့်ခုတ်ပိုင်ခွင့်ရှိကြလေသည်။ ကျွဲနွားကြိုးမှလွတ်၍ဝင်မိလျှင်လည်းလယ်ကွက်ထဲကအပင်များကိုစားမိသည်ဖြစ်စေမစားမိသည်ဖြစ်စေ ဖမ်းဆီးအလျော်တောင်းခွင့်ရှိလေသည်။
ထို့ကြောင့်ပင်ရွာသားများခမျာ မွေးမြူရေးလည်းရဲရဲတင်းတင်းမလုပ်ရဲ ၊ဝတ်ကလေးတွေမွေးထားလို့အတန်အသင့်ကြီးလာသည်နှင့်လယ်ကွက်အစပ်သို့သွားမိလျှင်လှံဖြင့်ထိုးသတ်ခံကြရ၏၊ ကျွဲနွားဝင်မိလျှင်သူကြီးနှင့်ပေါင်း၍တစ်ကောင်ဝင်လျှင်တစ်သောင်းကျော်ဒဏ်ရိုက်ခံကြရလေရာ၊စားစရာမရှိလျော်စရာရှိနေရသည်ကခပ်များများဖြစ်ကြရသဖြင့်မွေးမြူရေးလည်းတွင်တွင်ကျယ်ကျယ်မလုပ်ရဲကြလေရာဆင်းရဲတွင်းသာနက်နေကြရလေသည်။ထိုဥပဒေဆိုးကြီးကိုဘယ်သူမှလည်းပြင်ဆင်မပေးနိုင်ကြပါ။
ယခုလည်းညိုမောင်လယ်တိုးလျှင် ဘကြီးထွန်းကတားလေအုန်းမလားမသိ၊
အို ဘာဖြစ်ဖြစ်ရအောင်တိုးမယ် ဒါမှသားလေးကြီးရင်လယ်ပိုင်ချောင်းပိုင်ဘဝနဲ့နေရမှာ ဟု ညိုမောင်ဆုံးဖြတ်ချက်ချလိုက်လေသည်။
နောက်တစ်နေ့နံနက်မှာတော့ညိုမောင် သည်လိုအပ်သောကိုင်းခုတ်ဓားပေါက်တူး၊တူရွင်းများယူဆောင်၍ လယ်ကွက်စတင်တိုးလေတော့သည်။
ညိုမောင်တိုးနေသောလယ်ကွက်နှင့်မလှမ်းမကမ်းတောင်ကြောလေးပေါ်တွင် ဘိုးဘွားများလက်ထက်ကတည်ထားခဲ့သောဘုရားလေးတစ်ဆူရှိသည်။အင်မတန်နတ်ကြီးသည်ဟုလည်းပြောကြ၏၊တချို့သူများကလပြည့်လကွယ်တွင်ဥစ္စာစောင့်များတွေ့ရသည်ဟုလည်းပြောကြလေသည်။
လယ်ကွက်စမတိုးမီညိုမောင်က ထိုစေတီလေးဆီသို့သွားကာသန့်ရှင်းရေးပြုလုပ်၍ ပါလာသည့်ထမင်းထုပ်ကိုဘုရားသို့အရင်ကပ်ကာ စွန့်ပြီးမှသူစား၏။လယ်ကွက်လေးကိုအဆင်ပြေပြေတိုး၍ရပါစေကြောင်းလည်းဆုတောင်းလေသည်။
လယ်တိုးနေသည့်ရက်များအတွင်းနေ့စဥ်တိုင်းပင်ညိုမောင်သည်ဝတ္တရားမပျက်စေတီလေးကိုသန့်ရှင်းရေးပြုလုပ်၊ဆွမ်းတော်တင်၍ဆုတောင်းခြင်းအမှုကိုပြုလေသည်။
မိုးဦးကျအချိန်ရောက်လာသောအခါ ညိုမောင်တိုးနေသောလယ်ကွက်လေးသည်လည်းကန်ဆင်းလေးများပင်တားပြီး၊စိုက်ပျိုးရန်အသင့်ဖြစ်သည့်အနေအထားသို့ပင်ရောက်ရှိခဲ့လေပြီ။ ထိုအချိန်တွင်ဘကြီးထွန်းသည်လည်းသူ့လယ်ထဲသို့လာရောက်သော်လည်းညိုမောင့်လယ်ကွက်လေးကို့ကည့်ကာ ဘာမှမပြောသွားသဖြင့်ညိုမောင်ကျိတ်ဝမ်းသာနေမိသည်။ဒီပုံအတိုင်းဆိုဘကြီးထွန်းဘာမှမကန့်ကွက်လောက်တော့ဘူး၊ဟန်ကျပြီဟုတွေးကာပျော်နေမိတော့သည်။
တကယ်တန်းကျတော့ ဘကြီးထွန်းကအချိန်ကောင်းကိုစောင့်ကာ လူပါးဝခြင်းဖြစ်ကြောင်းကို မိုးတွင်းစပါးရိတ်သိမ်းပြီး၍မတ်ပဲကျဲတော့မည့်အချိန်ကျမှညိုမောင်ကောင်းစွာသိခဲ့ရလေတော့သည်။
ထိုနှစ်ကညိုမောင့်လယ်ကလေးမှစပါးတင်း၅၀ရလေသည်။ညိုမောင်နဲ့မမွှေးပျော်လိုက်ကြသည့်ဖြစ်ခြင်း၊ ဒီနှစ်အဖို့ဆန်ဝမ်းစာအပြည့်ရလေပြီ နွေရာသီမတ်ပဲကြဲ၍ရလျှင်မမွှေးအတွက်ရွှေတိုရွှေစလေးဝယ်ပေးနိုင်မည်ဟုတွေးတာပျော်တပြုံးပြုံးနှင့်ရှိနေစဥ်
“ဗျို့ ကိုညိုမောင်၊ သူကြီးကသူ့အိမ်ကိုလာခဲ့ပါတဲ့အခု”
—–
ညိုမောင်သူကြီးအိမ်ရောက်တော့ သူကြီးနှင့်အတူဘကြီးထွန်းကိုပါတွေ့လိုက်ရသဖြင့် ညိုမောင့်ဝမ်းထဲသိမ့်ကနဲလန့်သွားမိလေသည်။
“သူကြီးကျွန်တော့်ကိုခေါ်တယ်ဆိုလို့”
“အေး ဟုတ်တယ်ညိုမောင်၊ဒီကဘကြီးထွန်းက မင်းသူ့လယ်မြေထဲအကွက်ဝင်တိုးထားတာလာတိုင်ထားလို့”
“ဟ သူကြီးရ ၊ ကျုပ်ဘာသာ တောခုတ်ပြီးလယ်တိုးတာလေဗျာ၊ဘယ့်နှယ့်သူ့လယ်မြေထဲဖြစ်ရတာလဲ၊ကျုပ်တို့လက်မဲ့တွေအဲ့လိုမှလယ်မတိုးရင်၊ဒီတစ်သက်လယ်ပိုင်ယာပိုင်ဖြစ်ဖို့မလွယ်ဘူးဆိုတာသူကြီးလည်းသိတယ်လေဗျာ”
ညိုမောင့်စကားအဆုံးတွင် ဘကြီးထွန်းကလက်သီးလက်မောင်းတန်းကာ
“ဟေ့ကောင်ညိုမောင်၊ မင်းတို့ မျိုးရိုးမှာ လယ်နဲ့ချောင်းနဲ့ကိုယ်ပိုင်မရှိခဲ့ကြဘူးတိုင်းလယ်စည်းကမ်းမသိလာမပြောနဲ့၊ လယ်မြေနဲ့စပ်တဲ့နေရာဆိုတာလယ်ရှင်ပိုင်တယ်ကွ၊ ”
ဒီမှာဘကြီးထွန်း စကားကိုဆင်ချင်ပြောပါ၊ကျုပ်နဲ့ပြောရင်ကျုပ်ကိုပဲပြော မဆိုင်တဲ့မျိုးရိုးကိုထိခိုက်စရာမလိုဘူး၊ ကျုပ်ခင်ဗျားလယ်ဘေးကတောကိုခုတ်ပြီးလယ်တိုးထားလို့အခုစပါးတောင်ရိတ်ပြီးပြီလေ၊ ခုမှခင်ဗျားကဘာ ထ ဖောက်ရတာလဲ”
“ငါ့ပိုင်နက်ထဲမင်းဝင်ပြီးကျူးကျော်နေတာငါဘယ်အချိန်ပြောပြောတရားဝင်တယ်ကွ၊ ”
“ခင်ဗျားခုမှသက်သက်ညစ်တာ”
ညိုမောင်နှင့်ဘကြီးထွန်းတို့တစ်ယောက်တစ်ခွန်းစကားများကြလေတော့သည်။
ထိုစဥ်သူကြီးက”ဟေ့ကောင်ညိုမောင်၊ဒါလူကြီးအိမ်ကွ၊မင်းပြောချင်ရာစွတ်ပြောလို့မရဘူး၊ငါပြောတာနားထောင်ရမှာ၊ဒီကိစ္စကမင်းဘက်ကမှားနေတာလေကွာ”
“ဗျာ သူကြီး အဲ့လိုတော့တစ်ဘက်သတ်ကြီးမပြောနဲ့လေဗျာ၊ကျုပ်ကဘာမှားနေလို့လဲ”
“မမှားလားကွ၊ မင်းအခုလယ်ကွက် ကဘကြီးထွန်းအပိုင်နေရာကွ၊ မင်းဒီရွာရဲ့စည်းကမ်းကိုမသိတာလား ၊ သူများလယ်ဘေးအကွက်ဝင်ခုတ်ခွင့်မရှိဘူးကွ၊” သူကြီး၏စကားကြောင့်ညိုမောင်အတော်ပင်စိတ်ပျက်သွားမိငည်။ဒီပုံအတိုင်းသာဆိုလျှင်တော့သူကြီးသည်မျှတစွာဆုံးဖြတ်ပေးမိပုံမပေါ် ပိုက်ဆံရှိလယ်သမားဘက်ကသာ လိုက်ပြောတော့မည်မှာသေချာပေသည်။
ထင်သည့်အတိုင်းပင်သူကြီးကဆက်၍
“မင်းလယ်ကွက်ကိုဘကြီးထွန်းကအပိုင်သိမ်းပစ်လို့ရတယ်ကွ၊ခုဟာဘကြီးကအကြီးပီပီ သသမင်းနဲ့ညှိနှိုင်းပေးဖို့ငါ့ကိုလာပြောတာ၊ငယ်တဲ့မင်းဘက်ကစမရိုင်းလာနဲ့၊ ”
“ကျုပ်က ဘာတွေရိုင်းနေလို့လဲဗျာ”
“မင်းပါးစပ်ကို ပိတ်ထားညိုမောင်၊ အခုငါဆုံးဖြတ်ပေးသလိုမှလက်မခံရင်၊ မင်းအဲ့ဒီလယ်ထဲ လုံးဝမဆင်းရတော့ဘူး၊ ဆင်းတာနဲ့ ရဲခေါ်ပြီးဖမ်းခိုင်းမယ်၊ ”
ရဲ ဆိုသည့်အသံကြောင့်ညိုမောင်ထိတ်လန့်သွားမိသည်။အမှုဖြစ်ခဲ့လျှင်သူ့မှာကုန်စရာငွေမရှိ၊မျက်နှာမွဲဖြစ်သဖြင့် သူ့ဘက်ကလိုက်ပေးမည့်သူလည်းမရှိနိုင်ပေ၊အခုပင်သူကြီးက သူ့ဘက်ကမပါ ၊သူ့ကိုသာဖိနှိပ်နေလေပြီ။
ညိုမောင်ငိုင်တွေ၍စဥ်းစားနေစဥ်သူကြီးက
“အဲ့တော့ညိုမောင်၊မင်းလယ်ကွက်ကိုအပိုင်လိုချင်ရင်ငါဘကြီးထွန်းနဲ့ညှိနှိုင်းပေးမယ်၊မင်းအခုတိုးထားတဲ့လယ်ကွက်ကတစ်ဧကလောက်ကျယ်တယ်အခုလယ်တစ်ဧက၁၂သိန်းလောက်ပေါက်နေတာ၊ဘကြီးထွန်းကိုမင်းဘက်က၆သိန်းပေးလိုက်၊ အဲ့လိုမှမပေးဘူးဆို မင်းအဲ့လယ်ကွက်မလုပ်ရတော့ဘူး၊”
“ဗျာ သူကြီးရယ် စဥ်းစဥ်းစားစားလဲပြောပါ၊ ကျုပ်က၆သိန်းပေးရအောင်၊ သူ့လယ်ကိုဝယ်တာမဟုတ်ဘူးလေဗျာ၊ကျုပ်ဟာကျုပ်ခုတ်ထွင်ရှင်းလင်းထားတာလေ”
အာ့မို့၆သိန်းပဲပေးခိုင်းတာပေါ့ကွ၊ သူ့ပိုင်နက်ထဲကိုမင်းဝင်ခုတ်ထားတာလေ၊ဒီအတိုင်းသိမ်းရင်တောင်မင်းပြန်ပေးရမှာ၊ခုပဲတစ်မိုးတွင်းမင်းလုပ်စားပြီးပြီ”
“အဲ့လို တစ်မိုးတွင်းလုပ်စားလို့ရမှန်းသိလို့၊ဒီအဘိုးကြီးလောဘတက်ပြီးကျုပ်လယ်ကွက်လေးကိုလိုချင်လို့သူကြီးဆီတိုင်တောင်းတာပေါ့၊အသက်ကြီးပြီးငယ်သူတွေအပေါ်စာနာစိတ်လုံးဝမထားဘူး”
ညိုမောင့်စကားကြောင့်ဦးထွန်းမှာရှူးရှူးရှားရှားဖြစ်ကာ
“ဟေ့ကောင်ညိုမောင်၊မင်းအပိုတွေပြောမနေနဲ့ တစ်ပါတ်အတွင်းငါ့ကိုပိုက်ဆံ၆သိန်းပေးရင်ပေးမပေးရင်အဲ့အကွက်ထဲငါမတ်ပဲ ဆင်းကြဲပြီမှတ်၊မင်းကြိုက်တဲ့နေရာသွားတိုင်၊ ဒါပဲ”
ဦးထွန်း၏စကားကြောင့်ညိုမောင်စိတ်ဓာတ်ကျစွာဖြင့်ဘာမှမပြောတော့ပဲ သူကြီးအိမ်ထဲမှထွက်လာခဲ့ပါသည်။ အိမ်သို့မပြန်ပဲ သူ့လယ်ကွက်လေးထဲသို့သာထွက်လာခဲ့ပါသည်။
လယ်ကွက်လေးထဲရောက်တော့ ညိုမောင်ဝမ်းနည်းစွာဖြင့်မျက်ရည်ကျရလေသည်။ဒီလယ်ကွက်လေးရဖို့သူ့မှာပင်ပမ်းကြီးစွာကြိုးစားလုပ်ကိုင်ခဲ့ရသည်။ အခုစပါးလေးလည်းရလာရော သူကြီးနှင့်ဘကြီးထွန်းတို့ပေါင်းကာသူ့ကိုအနိုင်ကျင့်ကြပေပြီ။သူကြီးတောင်းသောငွေ၆သိန်း သည်ယခုသူ့လယ်ကွက်လေးထဲမှထွက်သောစပါး၅၀ ဖိုးဖြစ် လေသည်။
ညိုမောင်စိတ်ပျက်လက်ပျက်ထိုင်နေရင်း စေတီလေးကိုသတိရကာ၊စေတီရှိရာ တောင်ကုနိးလေး ပေါ်သို့တက်လာခဲ့လေသည်။
စေတီရှေ့ရောက်တော့ဦးချကာဆုတောင်းမိလေသည်။
“အရှင်ဘုရား၊ဘုရားတပည့်တော်သည်ဤလယ်ကွက်လေးရရှိရန်အတွက်၊ခွန်အားနှင့်ရုန်းကန်ကာနဖူးမှချွေးခြေမကျသည်အထိခုတ်ထွင်ခဲ့ရပါသည်။သူတပါးပစ္စည်းကိုမတရားရယူခဲ့ခြင်းမဟုတ်ပါ၊ဤမှန်ကန်သောစကားကြောင့်ဘုရားတပည့်တော်၏အခက်အခဲနှင့်ဒုက္ခကိုကူညီမည့်သူပေါ်ပေါက်လာပါစေသား”ဟုသစ္စာပြုကာအိမ်သို့ပြန်လာခဲ့လေသည်။
———
ညနေစောင်းမှ ကိုညိုမောင်အိမ်သို့ပြန်လာခဲ့လေသည်။
“တော့ ကိုညိုမောင်ရှင်ဘယ်တွေလျှောက်သွားနေတာလဲ၊ကျုပ်ရှင့်ကိုလိုက်ရှာနေတာတစ်ရွာလုံးနှံ့နေပြီ၊”
“ငါစိတ်ညစ်လို့ လယ်ထဲကိုသွားထိုင်နေတာပါဟာ၊ ဘကြီးထွန်းကသူ့လယ်ပိုင်နက်ထဲကိုငါကလယ်ဝင်တိုးထားလို့ဆိုပြီးသူကြီးတိုင်ထားတယ်၊ အဲ့ဒါသူကြီးက ငါ့ကို ငွေ၆သိန်း ဘကြီးထွန်းကိုပေးရမယ်တဲ့ ငါတို့ကိုသက်သက်အနိုင်ကျင့်ကြတာဟ၊မပေးရင်လယ်ကိုဆက်မလုပ်ရတော့ဘူးတဲ့”
“ကျုပ်ကြားပြီးပါပြီ တော်ကြာနေလို့သူကြီးအိမ်ကိုလိုက်လာတာ၊တော့်ကိုမတွေ့ပဲသူကြီးနဲ့ဘကြီးထွန်းနဲ့ထိုင်နေတယ်၊သူတို့ကကျုပ်ကိုခေါ်ပြီးပြောပြလိုက်ကြတာ ငွေ၆သိန်းမပေးနိုင်ရင်ကျုပ်တို့ရထားတဲ့စပါး၅၀သူ့ကိုပေးလို့ဘကြီးထွန်းကပြောလိုက်တယ်၊ဒီယုံမြင်လို့ဒီချုံထွင်တာပေါ့တော်၊ကျုပ်တို့စပါးရတာမြင်လို့ တရားစွဲတောင်းတာ”
“နင်ဘာပြောခဲ့လိုက်လဲမမွှေး”
“ကျုပ်တို့ကိုသက်သက်အနိုင်ကျင့်တာ၊တရားကိုနတ်စောင့်တယ်သူတော်ကောင်းမှန်ရင်နတ်ကောင်းစောင့်တယ်၊ကျုပ်တို့ကိုကူညီမယ့်သူပေါ်လာလိမ့်မယ်လို့ပြောခဲ့တယ်၊ ဘကြီးထွန်းကပြောလိုက်သေးတယ်တစ်ရွာလုံးငါနဲ့ကင်းတဲ့သူတစ်ယောက်မှမရှိဘူးနင်တို့ကိုဘယ်သူကကူညီမှာလဲတဲ့”
“ဟုတ်တယ်လေဟာ၊ငါတို့မျက်နှာမွဲဘက်က ဘယ်သူကကူညီမှာလဲ”
“ကိုညိုမောင်ရယ်၊ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချလိုက်တာ၊ကျုပ်တို့ကိုကူညီနိုင်မယ့်သူကိုစဥ်းစားပြီးသား၊သူ့ဆီသွားဖို့တော့်ကိုစောင့်နေတာ၊ လာအခုသွားမယ်ပြန်လာမှညစာစားတော့”
“ဟ ဘယ်သူ့ဆီသွားမှာမို့လဲ”
ကျုပ်တို့ဆရာမကြီးဆီကိုပေါ့တော်၊ ကျုပ်တို့ရွာမှာဒိထက်အားကိုးရတဲ့သူရှိအုန်းမလား”
မိမွှေးပြောတဲ့ဆရာမကြီးဆိုတာက မီးတိုင်ရွာစာသင်ကျောင်းရဲ့ကျောင်းအုပ်ဆရာမကြီးဖြစ်ပါသည်။ ဆရာမကြီးသည်သဘောကောင်းသလောက်စည်းကမ်းအလွန်ကြီးသည်။စကားပြောပြတ်သားပြီးမဟုတ်မခံ မတရားမှုကိုအလွန်ရွံမုန်းသူဖြစ်သည်။နွမ်းပါးသူများကိုစာနာနားလည်ကာနှုတ်၏ဆောင်မခြင်းလက်၏ဆောင်မခြင်းဖြင့်ကူညီတတ်သူဖြစ်သည်။ဒါကိုညိုမောင်သတိမရ၊မိမွှေးပြောမှသာသတိရမိလေသည်။ဒါ့ကြောင့်လည်းကျဥ်းထဲကြပ်ထဲရောက်ရင်မိန်းမတွေရဲ့အကြံညဏ်ကိုယူလို့ပြောကြတာဖြစ်လိမ့်မည်။ ခုကြည့်ညိုမောင်စိတ်ညစ်နေသလောက်မိမွှေးကအားကိုးရာရှိသည်ဆိုသည့်ပုံဖြင့်တတ်ကြွနေလေသည်။
ဆရာမကြီး ဆီရောက်တော့ အကျိုးအကြောင်းပြောပြလိုက်ကြသည်။
“အဲ့ဒါပါပဲဆရာမကြီးရယ်၊ ကျွန်တော်တို့မှာအားကိုးစရာလူဆိုလို့ဆရာမကြီးပဲရှိပါတယ် ကူညီပါဆရာမကြီးရယ်”
“မတရားတာကြီးကိုပဲ၊ကူညီရမှာပေါ့၊ နက်ဖြန်ညနေကျောင်းဆင်းရင်သူကြီးအိမ်ကိုသွားကြမယ်၊ဘကြီးထွန်းကိုလည်းလာခဲ့ဖို့ပြောထားမယ်၊”
နောက်နေ့ညနေ သူကြီးအိမ်သို့ရောက်သောအခါ ဆရာမကြီးက
“သူကြီးတို့ ကိုညိုမောင်ကို ဦးထွန်းလယ်ပိုင်နက်ကိုဝင်တိုးထားလို့ငွေ၆သိန်းပေးရမယ်ဆိုတာနည်းလမ်းမကျဘူးနော်၊ကိုညိုမောင်ကဦးထွန်းလယ်ကွက်ကိုအတင်းယူတာမို့လို့လား၊သူ့ဘာသာတောခုတ်ပြီးလယ်တိုးတာလေ၊ပြီးတော့ စ တိုးကတည်းက တားပါလား အခုလယ်ကွက်ဖြစ်ပြီးအသီးအနှံပေါ်မှတားတယ်ဆိုတာအဓိပ္ပါယ်မရှိဘူးလေ”
ဆရာမကြီး စကားဆုံးတော့ဦးထွန်းက “ဒီမယ်ဆရာမကြီးညိုမောင်လယ်တိုးတာကျုပ်ပိုင်နက်ထဲဗျ၊ အဲ့ဒီအကွက်ကို ကျုပ်သိမ်းပစ်လို့တောင်ရတယ်သနားလို့သူကြီး၆သိန်းနဲ့ဖြတ်ပေးတာကိုလက်ခံထားတာ နောက်ထပ်အတွန့်တက်လာရင်ဘာငွေမှလက်မခံတော့ဘူး၊အဲ့လယ်ကွက်ကိုကျုပ်သိမ်းမယ်”
“ရမယ်အထင်ရှိရင်သိမ်းကြည့်လိုက်လေဘကြီးထွန်းရဲ့၊ ဒီမှာသူကြီး
သူကြီးနဲ့ပဲကျမစကားပြောမယ်၊ သူကြီးတို့အခုလယ်တွေနဲ့ပါတ်သက်ရင်ထုတ်ထားတဲ့ဥပဒေတွေက ဘယ်ဟာမှနည်းလမ်းမကျဘူး၊ကျမတို့မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးနိုင်ငံမို့လယ်သမားတွေကိုဦးစားပေးတာမှန်တယ် ဒါဘေမယ့်စိုက်ပျိုးရေးအပြင်မွေးမြူရေးပါပါတယ်ရှင့် တပိုင်တနိုင်မွေးမြူရေးကနေစီးပွားဖြစ်မွေးမြူရေးအထိနိုင်ငံတော်ကချမှတ်ပေးထားတာ၊ သူကြီးရွာမှာလယ်ယာမရှိတဲ့သူတွေမွေးမြူရေးကိုတွင်တွင်ကျယ်ကျယ်မလုပ်ရဲဘူး၊လယ်ထဲကြက်ဝင်ရင်လယ်ရှင်ကအဲ့ဒီကြက်ကိုလေးနဲ့ပစ်ပြီးယူထားတယ်၊ဝတ် ဝင်ရင်ဝတ်ကိုလှံနဲ့ထိုးတယ်၊ကျွဲနွားဝင်တော့မတန်တဆဒဏ်ကြေးတောင်းတယ် ၊ဒါဖြစ်သင့်လား ဟိုတလောကမဝိုင်းပုဝတ်ပေါက်ကလေးငထူးလယ်ထဲဝင်လို့ဆိုပြီးလှံနဲ့ထိုးသတ်ပြစ်တယ် အမှန်တကယ်ကဝတ်ကလယ်ထဲကိုမဆင်းဘူး ကန်သင်းပေါ်လျှောက်သွားမိယုံလေးဝိုင်းပုခမျာဝတ်ကလေးကြီးရင်ရောင်းချပြီးသူ့သမီးလေးကိုနားကပ်ဝယ်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မွေးထားရှာတာ၊အခုတော့အသားလည်းစားလို့မရသေးတဲ့အရွယ်လေးကိုသတ်ပစ်တယ်၊ သူကြီးဘာတာဝန်ယူလဲ၊ လယ်သမားကသူ့လယ်ထဲဝင်လို့သတ်တါဆိုပြီးဒီအတိုင်းကြည့်နေတယ် ၊စပါးကအဖိုးတန်သလို၊ဝတ်ကလည်းတန်ဖိုးရှိတယ်ရှင့် ပြီးခဲ့တဲ့လကလည်းကျမတပည့်ကိုလင်းလေးကျောင်းပိတ်ရက်နွားအငှားကျောင်းတာ ဒေါ်သိန်းလယ်ကွက်ထဲနွားတွေဝင်စားလို့ဆိုပြီး၃သောင်းအလျော်တောင်းတယ်ကိုလင်းမိဘတွေကမပေးနိုင်တော့ ကလေးကိုဒေါ်သိန်းကသူ့နွားတွေတစ်လ အလကားကျောင်းပေးရမယ်ဆိုလို့အခုကျမတပည့်လေးကျောင်းမတက်ရပဲနွားကျောင်းနေရပြီ၊ပညာရေးတွေနောက်ကျကုန်ပြီလေ၊ သူသားအရင်းအမြစ်နဲ့ စပါးနှံလေးငါးနှံနဲ့ဘယ်ဟာအရေးကြီးလဲ၊အခုလည်းညိုမောင့်ကိုဦးထွန်းလယ်ကွင်းအစပ်မှာလယ်တိုးလို့ဆိုပြီးမတရားလုပ်နေကြတာ ညိုမောင်တိုးတာတောထဲလေ လယ်ကွင်းနဲ့စပ်တိုင်းလယ်သမားပိုင်တယ်ဆိုဒီရိုးမတောကြီးတစ်တောလုံးရှင်တို့ရွာလယ်သမားပိုင်တာပဲလား၊လယ်မဲ့ယာမဲ့လေးတွေဒီလိုပဲကျင်းပြန့်လေးတွေမှာလယ်တိုးပြီးစိုက်ပျိုးစားကြရင် သူတို့ရဲ့စားဝတ်နေရေးတွေပြေလည်လာမယ်၊စားဝတ်နေရေးပြေလည်ကြရင်ကလေးတွေစာသင်ကျောင်းကိုပို့နိုင်မယ်၊လှူနိုင်တန်းနိုင်မယ် ၊ကလေးတွေကျောင်းကိုစိတ်ချမ်းချမ်းသာသာတက်ရရင်ရွာမှာစာတတ်တဲ့သူတွေပေါလာမယ်တွေးခေါ်ဆင်ခြင်တတ်လာလို့ရပ်ရွာတိုးတက်လာမယ်၊အလှူအတန်းတွေပေါများလာလို့ဘာသာသာသနာဖွံ့ဖြိုးလာမယ်၊စားဝတ်နေရေးတွေပြေလည်လာကြရင်သူခိုး၊ဓမြတွေနဲလာမယ်လေသူကြီးရဲ့စဥ်းစားကြည့်ပါအုန်း ၊
ဆရာမကြီးသည် စကားကိုရှည်လျားစွာပြောလိုက်ရ၍မောသွားဟန်ဖြင့်ရေနွေးကြမ်းခွက်ကိုကောက်၍သောက်နေပါသည်။ဆရာမကြီးပြောသမျှစကားများသည်လည်းမှန်နေသောကြောင့်သူကြီးနှင့်ဘကြီးထွန်းလည်းဘာပြန်ပြောရမည်မသိပဲငိုင်၍နေကြပါသည်။
အတန်ကြာတော့မှသူကြီးက “ဆရာမကြီးပြောတဲ့စကားတွေကမှန်တာတော့မှန်ပါတယ် ဒါဘေမယ့်ဆရာမကြီးရယ်ဒီဥပဒေတွေစည်းကမ်းတွေကဟိုးဘိုးစဥ်ဘောင်ဆက်ကတည်းကချမှတ်ထားတာတွေလေ”
“ဘယ်အချိန်ကတည်းကချမှတ်ထားထား အခြေအနေအချိန်အခါနဲ့မကိုက်ညီတော့ရင်ပြုပြင်သင့်တာပြုပြင်ရမယ်၊ပြောင်းသင့်တာပြောင်းရမယ်ရှင့်၊
သူကြီးဘက်ကမပြောင်းဘူးဆိုရင် ဒီရွာမှာဒီလိုတွေဖြစ်နေပါတယ်ဆိုတာ၊မြို့နယ်အုပ်ချုပ်ရေးကိုစာတင်ရလိမ့်မယ်”
ဆရာမကြီး ၏စကားကြောင့်သူကြီးလန့်ဖြန့်သွားတာ”ဟာ အဲ့လိုတော့မလုပ်နဲ့လေ၊ကျွန်တော်တို့ညှိနှိုင်းကြတာပေါ့၊”ဟုပြောလေတော့သည်။
ဘကြီးထွန်းကိုလည်းဆရာမကြီးမှ “ဦးထွန်းလည်းညိုမောင့်ကိုပြသနာမရှာပါနဲ့တော့၊သူ့ဘာသာခွန်နဲ့အားနဲ့လုပ်ထားတဲ့လယ်ကွက်မတရားမလိုချင်ပါနဲ့၊ဦးထွန်းမှာလယ်တွေဒီလောက်ပေါတာ ၊မရှိတဲ့သူလေးတွေလုပ်စားပါစေ
“ကျုပ်သဘောပေါက်ပါပြီဆရာမကြီးရယ်၊ကျုပ်ဘာမှမပြောတော့ပါဘူးအမှန်အတိုင်းပြောရရင်၊သူစပါးရတာကိုကျုပ်မနာလိုလို့ခုလိုလုပ်မိတာပါအမှန်ကသူ့ကျိုးစားမှုကြောင့်သူနဲ့ထိုက်တန်တာရတာပါ”
နောက်ဆုံးတော့ ဆရာမကြီး ၏လမ်းညွှန်ပြသမှုဖြင့်မီးတိုင်ရွာဥပဒေတွေလည်းပြောင်းလဲသွားခဲ့ပါသည်။လယ်ထဲကြက်ဝင်ဝတ်ဝင်လျှင်မသတ်ဖြတ်ရ၊ခြောက်လှန့် လွှတ်ရမည်လယ်သမားဘက်ကလည်းလယ်ကိုလုံခြုံအောင်ကာရံရမည်။ကျွဲနွားဝင်စားလျှင်လည်းစားရာစားကွက်ကိုကြည့်ရှု၍အနည်းအများကြည့်ကာဒဏ်ငွေပေးရမည်။ဟူ၍ပြောင်းလဲပင်ဆင်ခဲ့ပါသည်။
ဆရာမကြီး ကသူမပြောင်းရွှေ့ရမီတွင်တိုးချဲ့လယ်မြေလေးများအားတရားဝင်ပုံစံ၇ရ၍ နိုင်ငံတော်၏စိုက်ပျိုးစားရိတ်ချေးငွေ ထုတ်ယူနိုင်သည်အထိကူညီပေးသွားခဲ့ပါသည်။
ဆရာမကြီး မီးတိုင်ရွာမှပြောင်းရွှေ့သွားခဲ့သော်လည်း
ရွာ၏အားကိုးထိုက်သူ
ကန်တော့ထိုက်သူ
အမြဲသတိရထိုက်သူအဖြစ်မီးတိုင်ရွာသားတို့ရင်ထဲအမြဲသတိရနေကြရပါတော့သည်။
(တချိန်ကစွမ်းနိုင်သမျှဆောင်ရွက်ပေးခဲ့ရသည်များကိုသတိတရဖြင့်)
#ခင်မေခ (တောင်ငူ)