ရန်ဖြစ်လိုက် ပြန်ချစ်လိုက်

-----------------------------------
ထိုနေ့က သူနှင့် ကျွန်တော် ရန်ဖြစ်ကြသည်။
ရန်ဖြစ်တာမှ ဆိုးဆိုးရွားရွားဖြစ်သည်။ သို့သော် ကျွန်တော်တို့ လက်မပါ။ စကားနှင့် အပြိုင်ပြောရာတွင် သူ့ကို ကျွန်တော် မနိုင်ပါ။ ပတ်ဝန်းကျင် ကြားမည် စိုးရိမ်သဖြင့်
“မင်း တိုးတိုးပြော”
“မပြောနိုင်ဘူး”
ကျွန်တော်က သူ့ကို ဆက်မငြင်းတော့။ ပက်လက်ကုလားထိုင်တွင်ထိုင်ပြီး စိတ်ကိုလျှော့နေရသည်။ သူကတော့ အိမ်နောက်ဖေး မီးဖိုချောင်ဝင်ပြီး အိုးခွက်တွေကို လွှတ်ချလိုက် ကျွန်တော့်အပေါ် မကျေနပ်တာတွေ ပြောလိုက်နှင့် မဆုံးနိုင်အောင်ဖြစ်သည်။
နောက်ဆုံး နားမခံသာတော့သဖြင့် ကျွန်တော် အပြင်ကို ထွက်သွားသည်။ သူက နောက်မှ
“သွား ... သွား ... ဘယ်တော့မှ ပြန်မလာနဲ့” ဟု အော်ကာ ပိတ်လိုက်သော တံခါးကို တစ်ခုခုနှင့် ပစ်လိုက်သည်။
“ဒိုင်း”
ကျွန်တော် အပြင်ကိုထွက်ခဲ့သည်။
၁၅ မိနစ်ခန့်လျှောက်ရသော နေရာတွင် ပန်းခြံတစ်ခြံရှိသည်။ ကျွန်တော်က ထိုပန်းခြံထဲတွင် သွားထိုင်နေလိုက် သည်။ ပန်းခြံထဲတွင် လူရှင်းနေသည်။ ညနေ မိုးချုပ်တော့မည်ဖြစ်သောကြောင့် ပြန်သူတွေ ပြန်ကုန်ကြပြီ။ နှစ်ယောက်တန်း ထိုင်ခုံတစ်ခုံတွင် ထိုင်ချလိုက်ပြီး သစ်ပင်တွေကို လိုက်ကြည့်နေမိသည်။
ကျွန်တော်ထိုင်နေသော ထိုင်ခုံရှိရာကို ဘောလုံးလေးတစ်လုံး လိမ့်လာသည်။ ကျွန်တော်က ဘောလုံးကို ထိုင်ခုံအောက် ဝင်မသွားစေရန် ခြေထောက်ဖြင့် တားလိုက်သည်။
အသက် ၃ နှစ်ခန့်ရှိမည်ထင်ရသော ကလေးတစ်ယောက်ပြေးလာသည်။
“အဲဒါ မီးမီးဘောလုံး” ဟု သူကပြောသည်။
ကျွန်တော်က ဘောလုံးကို ကောက်ပေးလိုက်သည်။ မြက်ခင်းတွင် ထိုင်နေသော ကလေးမိဘများ ဖြစ်ဟန် တူသည့်နှစ်ယောက်က သူ့ကို ကြည့်နေသည်။
ကျွန်တော်က ဘောလုံးကို ကောက်လိုက်ပြီး ကလေးကို လှမ်းပေးလိုက်သည်။ ကလေးက
“ကျေးဇူးတင်ပါတယ်ရှင့်” ဟု ပြန်ပြောလိုက်သည်။ ကျွန်တော်ကလည်း
“မပြေးနဲ့နော် လဲကျလိမ့်မယ်” ဟု သူ့ကို ပြောလိုက်သည်။
ကလေးက ကျွန်တော့်ထံမှ ဘောလုံးကို ယူလိုက်ပြီး လှည့်အထွက်တွင် ခြေထောက်လိမ်ပြီး လဲကျသွားသည်။ ကျွန်တော်က ထိတ်လန့်စွာဖြင့် မတ်တတ်ထကာ သူ့ကို ဆွဲထူပေးလိုက်သည်။ ကလေးမလေးက
“အား ... နာသွားပြီ”
“ဘယ်နားက နာလို့လဲ”
“ခါးက နာသွားပြီ ... အား ... သမီး လမ်းမလျှောက်နိုင်တော့ဘူး။ သမီးကို ဖေဖေ့ဆီပို့ပေးပါနော်” ဟုပြော လိုက်သည်။
ကျွန်တော်က ကလေးကို ပွေ့ချီပြီး ဘောလုံးကို လက်တစ်ဖက်က ကိုင်ကာ သူ့အဖေနှင့် အမေထိုင်နေသည့် နေရာကို ခေါ်သွားလိုက်သည်။ ထူးဆန်းသည်ကတော့ ကလေးမိဘများသည် သူတို့ကလေး လဲကျသည်ကို အေးအေးဆေးဆေး ကြည့်နေကြခြင်းဖြစ်သည်။
“ဒီမှာ ကလေးလဲကျသွားလို့ ခါးနားသွားပြီတဲ့ ... အဲဒါ လိုက်ပို့ပေးတာပါ”
ကျွန်တော်က ပြောလည်းပြော ကလေးကိုလည်း အောက်ကို ချပေးလိုက်သည်။
ကလေးမိခင်က
“ကျေးဇူးတင်ပါတယ် ... ဒီက အစ်ကိုတော့ ပူစူးလှည့်ကွက်ထဲ ဝင်သွားပြီ” ဟု ရယ်မောကာ ပြောသည်။
“ဘာဖြစ်လို့လဲဗျ”
သမီးလေးက ကျွန်တော်လှမ်းပေးသည့် ဘောလုံးကိုယူကာ
“ဟေး ... ဦးဦးအညာမိသွားပြီ ... မီးမီးက ဦးဦးချီတာ ခံချင်လို့” ဟုပြောကာ ဘောလုံးပိုက်ပြီး ထွက်ပြေးသွား သည်။ ကလေး ဖခင်ဖြစ်သူက
“ကျွန်တော့် သမီးလေးက ဒီလိုပဲဗျ။ သူ့ကို ဂရုစိုက်တာ သိပ်ခံချင်တာ။ ဒါကြောင့် ဒီက အစ်ကို့ကို ဂရုစိုက်တာ ခံချင်လို့ ခါးနာချင်ယောင် ဆောင်လိုက်တာ။ အားနာလိုက်တာ”
“ရပါတယ်ဗျာ ... ကျွန်တော်ကလည်း ကလေးချစ်တတ်ပါတယ်” ဟု ပြောလိုက်သည်။
ကျွန်တော် ပန်းခြံထဲက ပြန်ထွက်လာသည်။
တစ်လမ်းလုံး စဉ်းစားလာသည်မှာ
“ငါတို့မှာ ဒီလို သမီးလေးတစ်ယောက်လောက်များ ရှိခဲ့ရင်”
ကျွန်တော် ကလေးလိုချင်လာသည်။ အိမ်ကို အမြန်ဆုံး ပြန်လာသည်။ တစ်အိမ်လုံး မီးမှောင်ချထားသည်။ အခြား အိမ်တွေ မီးလာသော်လည်း ကျွန်တော့်အိမ်မှာ မှောင်နေသည်။
ကျွန်တော်က အိမ်ပေါ်တက်လိုက်ပြီး တံခါးကို ဖြည်းဖြည်း ဖွင့်လိုက်သည်။ မီးခလုတ်ကို ဖွင့်လိုက်ရာ နောက်ဖေး မီးဖိုချောင်တံခါးဝတွင် ငုတ်တုတ်ထိုင်နေသော သူ့ကို တွေ့လိုက်ရသဖြင့်
“မင်းကွယ် ... မီးလေး ဘာလေးများ ဖွင့်ရောပေါ့” ဟု ပြောလိုက်ရာ သူက
“မီးဖွင့်ပြီး ဘာလုပ်ရမှာလဲ” ဟု ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်ပြောသည်။
ကျွန်တော် ရန်မဖြစ်ချင်တော့ပါ။ ထို့ကြောင့် ပက်လက်ကုလားထိုင်တွင် ထိုင်လိုက်ပြီး ဘေးနားတွင် ချထားသည့် စာအုပ်ကို ဖတ်နေမိသည်။
အချိန်မည်မျှ ကြာသွားပြီမသိ
“ဒီလိုပဲ နေတော့မှာလား ထမင်းမစား တော့ဘူးလား” ဟု သူက မေးသည်။ ကျွန်တော်ကလည်း
“စားမှာပေါ့” ဟု ပြောလိုက်သည်။
“ကိုယ့်ဘာသာကိုယ်ခူးစား ... ကျန်နေရင် သိုးကုန်မှာစိုးလို့”
“လာလေကွယ် အတူတူစားကြတာပေါ့။ မင်းလည်း မစားရသေးဘူး မဟုတ်လား”
“မစားဘူး”
ကျွန်တော်ထပ်ပြောလျှင် ပြဿနာက ထပ်ကြီးလာဦးမည်။ ထို့ကြောင့် ကျွန်တော် ပက်လက် ကုလားထိုင်က ထလိုက်သည်။
“အမလေးဗျ”
ကျွန်တော့်ခါးက နာသွားသည်။ ကျွန်တော် ထိုင်ချလိုက်ပြီး
“အား ... ကျွတ် ကျွတ် ကျွတ် ဟု စုတ်သပ်လိုက်ကာ ခါးကို နှိပ်နေသည်။
သူကထိုင်နေရာမှ ထလာပြီး
“ဘာဖြစ်တာလဲ”
“ခါး ... ခါး ... နာသွားတယ် ဘာဖြစ်သွားမှန်းမသိဘူး”
သူက ကျွန်တော့အနီးလာရပ်ပြီး
“ကိုယ့်ဘာသာကိုယ်ထ”
“မထနိုင်တော့ဘူး ... ခါးထဲက တော်တော်လေး နာနေတာ”
သူက ကျွန်တော့်လက်မောင်းကို လာဆွဲသည်။
“အား ... မရဘူး ... မထနိုင်ဘူး ... နာတယ်”
“တကယ်ကြီးလား”
“နောက်စရာလားကွယ် ... အား ကျွတ် ... ကျွတ် ... ကျွတ်”
“ပရုပ်ဆီ လိမ်းမလား”
“အေး”
သူက ပရုပ်ဆီ သွားယူလာပြီး
“ရော့ ကိုယ့်ဘာသာကိုယ်လိမ်း”
“ထိုင်တောင်မထိုင်နိုင်တာကွာ ... ဘယ်လိုလုပ်ပြီး လိမ်းရမှာလဲ"
“အဲဒါဆိုလည်း လှဲလိုက်”
ကျွန်တော် လှဲလိုက်သည်။
“မှောက်ခုံမှောက်”
ကျွန်တော် မှောက်လိုက်သည်။
သူက ကျွန်တော့်အင်္ကျီကို ပင့်ပြီး ခါးကို ပရုပ်ဆီနှင့် လူးပေးသည်။
“အိုး ... နာတယ်ကွ ... အရမ်းမလုပ်နဲ့”
ထိုအချိန်မီးပြတ်သွားသည်။
“အို ဘယ်လို လုပ်တာလဲ ဖယ်စမ်းပါ”
“မဖယ်ဘူးကွာ ... မောင့်ကို စိတ်ဆိုးနေတုန်းလား”
“ဆိုးတယ်”
“မောင်တို့ ကလေးယူကြရအောင်ကွာ”
“ဒီအချိန်မှ ဘာအရူးထတာလဲ”
“ကလေးတစ်ယောက်လောက်ရှိရင်ကောင်းမယ်လို့ တွေးမိလို့ပါ”
“သွားပါ ... သူများကိုလွှတ် .... မလွှတ်ဘူးလား”
“မလွှတ်ဘူး”
“ကဲ”
“အမလေး ပူလိုက်တာဗျ”
တင်ညွန့်
၁၂.၁၁.၂၀၂၄