#ကျောင်းတော်ကရန်စ
-------------------------
အမှန်တော့ ဆရာကန်တော့ပွဲဆိုတာတွေကို မတက်ချင်။ လွန်ခဲ့သော သုံးနှစ်က တစ်ကြိမ်တက်ဖူးသည်။ စိတ်ပျက်သဖြင့်အခမ်းအနားကျင်းပသည့် ခန်းမထဲပင် မဝင်ခဲ့ဘဲ ပြန်ခဲ့သည်။ ထိုကြောင့် မည်သူနှင့်မျှမတွေ့ခဲ့။
ကျွန်တော် တွေ့ချင်သည့် သူငယ်ချင်းနှင့် RC ရှေ့ထိုင်ခုံလေးတွေ ထိုင်ပြီးစကားပြောသည်။ သူအမေရိကမှ ယူလာသည့် စာအုပ်လက်ဆောင်ယူသည်။ ထိုနောက်ပြန်ခဲ့သည်။
“ဟေ့ကောင် ... ဟိုက ကားပေါ်ဆင်းလာတာ ဆွေမဟုတ်လား”
ကားပေါ်မှ မိန်းမကြီးတစ်ယောက်ဆင်းလာသည်။
“မသိဘူး ... ငါသွားတော့မယ်”
ဝေးလည်းဝေး မျက်လုံးတွေကလည်း မကောင်းသောကြောင့် မျက်နှာကို သဲကွဲစွာ မမြင်။
“ငါသွားတော့မယ်”
“ပွဲလေးတော့ ရောက်မှ တက်လိုက်ပါကွာ”
“နေပါကွာ ... ငါက ဒီလိုပွဲတွေ ရှောင်မှန်း မင်းသိပါတယ်”
ကျွန်တော်ကလှည့်အထွက်တွင် အောင်မြင့်က
“မင်းကတော့ ... တစ်သက်လုံး ဒီအတိုင်းပဲသွားမှာပါ” ဟု မှတ်ချက်ပြုသည်။
သုံးနှစ်ကြာသွားပြီ။ အောင်မြင့် အမေရိကမှ တစ်ခေါက်ပြန်ရောက်လာသည်။
“ဟေ့ကောင် ... ငါဆရာကန်တော့ပွဲတက်မလို”
“မင်းဘာသာသွားကွာ ... ငါမတက်ချင်ဘူး”
“အေးပါ ... မင်းကို မခေါ်ပါဘူး ... ဒါပေမဲ့ ညစာစားပွဲတော့ တက်ရမယ် ... ဒီည ရွှေဘဲမှာ သူငယ်ချင်းတွေ အားလုံးဆုံဖို စီစဉ်ထားတယ် ... မင်းကို အားလုံးက တွေ့ချင်နေကြတယ် ... မင်းရဲ့ ဝတ္ထုကို စိတ်ဝင်စားနေကြတာကွ ... အဲဒါ ငါတိုသူငယ်ချင်းမှန်းသိသွားလို တွေ့ချင် နေကြတာ ... ဒီညတော့ လာရမယ် ... ငါလာခေါ်မယ်”
အချိုသောကိစ္စများသည် ရှောင်လွဲရခက်ပါသည်။ သူငယ်ချင်းတွေချည်းသက်သက် တွေ့ဆုံပွဲဆိုလျှင်တော့ ကိစ္စမရှိ။ ခေတ္တတွေ့လိုက်ပြီး ပြန်ခဲ့လျှင်ရနိုင်သည်။
ဤသိုဖြင့် ညစာစားပွဲကို ရောက်ခဲ့ရတော့သည်။
ကျွန်တော့်ဘေးနားတွင် အောင်မြင့်ကထိုင်သည်။ သူတိုက အသောက်သမားတွေ။ အရက်ပုလင်းတွေ ဖွင့်နေကြသည်။ အမျိုးသမီးတွေကတော့ ဝိုင်အနီတွေသောက်နေသည်။ ကျွန်တော်ကတော့ Coke တစ်ဘူးဖွင့်ပြီး ငိုင်နေမိသည်။
“ဟေ့ ... ဟိုမှာ ဆွေလာပြီ”
ကျွန်တော်က အဝင်ဝကို လှမ်းကြည့်လိုက်သည်။ အနက်ရောင်ချိတ်ဝမ်းဆက်နှင့် ဆွေ။ သူက ထုံးစံအတိုင်း နှုတ်ခမ်းနီတွေကို ရဲနေအောင်ဆိုးထားသည်။
အောင်မြင့်က ဆွေ့ကို ခေါ်လာပြီး ကျွန်တော့်ဘေးမှခုံတွင် ထိုင်စေသည်။
“ဆွေ ... ဒါဘယ်သူလဲ ပြောစမ်း”
“ဘယ်သူလဲ”
ကျွန်တော်ကတော့ ဟန်ဆောင်ကောင်းသည့်မိန်းမဟုထင်နေသည်။
“သေသေချာချာကြည့်လေ”
“ဆံပင်က ခေါင်းတုံးလိုလို ... တိုက်ပုံနဲ့ဆိုတော့ ဘုန်းကြီးလူထွက်လား”
“ဟား ... ဟား ... ဟား”
အားလုံးကရယ်လိုက်ကြသည်။
မြသွေးက
“ဆွေ ... ဝိုင်သောက်မလား”
“ပျော့တယ်”
“ဒါဆိုလည်း ကိုအောင်မြင့်ဘေးက ပုလင်းကို ဖွင့်လိုက်လေ”
ဆွေက ကျွန်တော့်ဘက်လှည့်လိုက်ပြီး
“ဆရာတော်ဘုရား ... အဲ ... ယောင်လို မောင် ... တစ်ခွက်လောက်”
ကျွန်တော်က ပြုံးလိုက်သည်။
“ဟေး ... မောင်တဲ့ ... ဝမ့်စ်မိုး ... မောင်”
အားလုံးက လက်ခုပ်တွေ ချီးမြှောက်နေပြန်သည်။
“ဆွေ ကိုယ့်ကို မှတ်မိသားပဲ”
“မှတ်မိတာပေါ့ ... ဆွေက မောင့်စာတွေ အမြဲစောင့်ဖတ်နေတာ”
ကျွန်တော်က သူချလာပေးသည့် ဝိုင်ဖန်ခွက်ကို လက်နှင့်တွန်းလိုက်ပြီး
“ကိုယ် မသောက်ပါဘူး” ဟုပြောလိုက်သည်။
ဆွေက ဝိုင်ခွက်ကို ဟန်ပါပါမော့လိုက်ရင်း
“တကယ်မသောက်တာလား ... သောက်ခဲ့တဲ့တစ်ညတုန်းကတော့ တော်တော်သွေးဆိုးတာပဲ”
ကျွန်တော်ကပြုံးလိုက်ပြီး
“အရွယ်တွေ ကွာခဲ့ပြီလေ ... နှစ်ပေါင်း ၄၀ တောင်ကျော်နေမှ”
အားလုံး သူ့အဖွဲနှင့်သူ စကားတွေကောင်းနေကြသည်။ ဆွေ က ကျွန်တော့်ဘေးတွင်ထိုင်ကာ စီးကရက်ကို ဟန်ပါပါသောက်နေသည်
“မောင် ... ဘာမှ မပြောင်းလဲဘူး”
“ပြောင်းလဲပါတယ်”
“ဘာတွေ ပြောင်းသွားလိုလဲ”
“ခုဆိုရင် မင်းရော ကိုယ်ပါ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကနဲ့ မတူတော့ဘူးလေ ... ခေါင်းတွေဖြူ ... အခေါက်တွေထူ ... လူတွေကဝ ... ပုံမကျ ပန်းမကျတွေဖြစ်ကုန်ပြီ”
“အို ပြောရက်လိုက်တာ”
“ဟုတ်တယ် ... ကိုယ်ကံကောင်းခဲ့တာ”
“ဘာများလဲ”
“ခုလိုပုံပန်းကြီးအတိုင်းသာဆို မဆုံစည်းခဲ့တာ ကံကောင်းတာပဲ”
“စော်ကားလှချည်လား”
“အမှန်အတိုင်း ပြောတာလေ ... ကိုယ့်ပုံတွေ ကိုယ်မှန်ထဲပြန်ကြည့်လေ တရားရလေပဲ”
“ဟိုတုန်းကတော့ ချစ်တယ်လို ပြောခဲ့ဖူးတယ်ထင်ပါရဲ့နော်”
“ဒီလိုကြီးဖြစ်မယ်မှန်း မသိလိုပါ”
“ရှင် မိန်းမတစ်ယောက်မာနကို စော်ကားနေတာပဲ”
“နိုး ... ကိုယ်က အမှန်အတိုင်းပြောတာ ... ကိုယ်တို မဆုံခဲ့မိတာ ကံကောင်းလိုက်တာ”
“ရှင် ဆုံချင်တိုင်း ဆုံရအောင် ကျွန်မက ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး ... လူဆိုတာ ကံစီမံတဲ့အတိုင်းပဲဆိုတာ သိပ်မှန်တာ”
“အလကားလူ”
“တန်ဖိုးဆိုတာ ရှိတယ်လို သိတဲ့လူမှ သိတာပါ ... အသက်ရှင်နေသမျှ အလကားတော့ မဖြစ်နိုင်ပါဘူး”
“မသောက်ဘဲ မူးနေသလား”
“မင်းကတော့ သောက်ပြီး မူးနေပြီ ... အဘွားကြီး”
“ရှင် ကျွန်မကို အဘွားကြီးလိုမခေါ်နဲ့”
“၆၀ ကျော်ဆိုတာ ဇရာထဲဝင်နေပါပြီကွာ”
“ရှင်လည်း သေခါနီး”
“လူတိုင်း သေခါနီးပဲ ... ခုချက်ချင်းလည်း ဦးနှောက်သွေးကြောပြတ်ပြီး သေသွားနိုင်တာပဲ”
“ရှင် ... ရှင်”
ကျွန်တော်တို ပြောနေသည့်အချိန်မှာပင် ဆွေက နားထင်ကိုဖိပြီး ထိုင်ခုံမှ ရှေ့စားပွဲပေါ် ငိုက်ခနဲကျသွားသည်။ သူ့ဘေးမှ လတ်လတ်စိုးက
“အို ... အစ်မ” ဟုအော်ကာဖမ်းလိုက်သည်။
“လုပ်ကြပါဦး ... ဒီမှာ ဆွေ ... ဆွေ ဘာဖြစ်သွားလဲ မသိဘူး”
ကျွန်တော်ဘာလုပ်ရမှန်းမသိ။ ခေါင်းမှုတ်သူမှုတ်၊ ခြေထောက်ချိုးသူချိုး။
“အင်း ... အင်း ...”
“ဆွေ သတိရပြီလား”
“ဘာဖြစ်လဲ”
“သူတို စကားများနေကြတာလေ”
“ဆွေ ... ဆွေ ... သတိထားပါ”
ကျွန်တော်က မတ်တတ်ရပ်ပြီးအေးအေးဆေးဆေး မြင်ကွင်းကို ငေးကြည့်နေမိသည်။ အောင်မြင့်က ကျွန်တော့်ဘေးလာရပ်ပြီး
“မင်းဘာတွေ သွားပြောလိုက်တာလဲ”
“စကားတွေလေ”
“ဆွေကစိတ်ကြီးတယ် ... မင်းလည်း သိသားနဲ့”
“၆၀ ကျော်တာတောင် တရားမရသေးတာလား”
အခြေအနေတွေက အားလုံးပုံမှန် ပြန်ဖြစ်သွားသည်။
“ပြန်တော့မယ်”
ဆွေက အားလုံးကိုနှုတ်ဆက်ပြီးထလိုက်သည်။ ထိုနောက် ကျွန်တော့်ကို တည့်တည့်ကြည့်လိုက်ပြီး
“အလကားလူ” ဟုအော်လိုက်သည်။
“အလကားဆိုတာလည်း တန်ဖိုးတစ်ခုပဲဆွေ”
“ရှင်”
ဆွေက ကျွန်တော့်ကို ဖန်ခွက်နှင့်လှမ်းပေါက်သည်။ ကျွန်တော်ရှောင်လိုက်နိုင်ပါသည်။
“ခွမ်း”
ဖန်ခွက်ကနံရံကိုထိပြီး ကွဲသွားသည်။ အောင်မြင့်က
“ပွဲကြမ်းပြန်ပြီ” ဟုပြောလိုက်သည်။ ကျွန်တော်က ပြုံးလိုက်ပြီး
“ဆွေ ... တစ်ခါပဲရမယ် ... ဟိုး လွန်ခဲ့တဲ့ နှစ် လေးဆယ်လောက်ကတော့ မင်းမလုပ်လောက်ဖူး ထင်ပြီးတော့ ငါမရှောင်ခဲ့လို နဖူးမှာ အမာရွတ်ဖြစ်ခဲ့တာ ... နောက်တစ်ခါ အမာရွတ်တစ်ခု ငါအဖြစ်မခံတော့ဘူး”
ဆွေက ထွက်သွားသည်၊ သူ့နောက်က လတ်လတ်စိုး ပြေးလိုက်သွားသည်။ ကျွန်တော် လှမ်းပြီးတော့ သတိပေးလိုက်ပါသည်။ သူကြားလား။ မကြားလားမသိ။
“ဆွေ ... ကားကိုတော့ သတိထားမောင်း”
ဆွေသည်ကားမတိုက်၊ ကားမမှောက်ပါ။ သိုသော် မနေ့ကသတင်းစာတွင် သူ့နာရေးသတင်းပါလာသည်။
“ဪ ... ၆၄ တဲ့လား”
ဆွေနှင့်ကျွန်တော် အသက်က အတူတူဖြစ်သည်။
#တင်ညွန့်
၂၈.၁၁.၂၀၁၉