သာယာသောအိမ်(စ/ဆုံး)
—————–
” မိုက်လိုက်တဲ့ ညီမ၊ အမိုက်မ… အကို့ရင်ကိုစုံကန်
လင်နောက်လိုက်သတဲ့လား … ရေဆုံးမြေဆုံး တွေ့အောင်ကိုရှာဦးမယ် ”
” အမိုက်မ ”
ခံပြင်းစိတ်ကြောင့် ကိုကျော်ခေါင်
ဒေါသတွေဖြစ်နေသည် ။
” ရှာမယ်၊လိုက်ရှာမယ် …လိုက်ရှာပြီး
ရအောင်ကိုခွဲအုံးမယ် ”
” ဘယ့်နှယ့်ဗျာ! အပြေးအလွှားရေကြည့်မှ ဒီမောင်နှမလေး နှစ်ယောက်တည်းရှိတာ … သံယောဇဉ်တွေမှမထောက် ဒင်းမို့လို့ လုပ်ရက်တယ် ”
” တောက် ”
လင်ဖြစ်သူကိုကြည့်ပြီး
မိစန်းရီ စိတ်ပျက်သည်။
” ဟင်းးးး ”
ညီမမှ ညီမ ။ ကိုကျော်ခေါင် ညီမ ချစ်သည်က လွန်လွန်း၏ ။
ဘေးအိမ်တွေက ပြောကြသည် ။
” လွန်တာလည်း မပြောနဲ့လေ။ သူ့မှာ
ဒီညီမလေး တစ်ယောက်ပဲ ရှိတာကိုး။ မိဘတွေမရှိတော့ကတည်းက စောင့်ရှောက်လာရတာ ချစ်မှာပေါ့ ”
အကိုကြီးအဖရာဆိုပေသည့် အဖေလိုတမျိုး၊ အမေလိုတဖုံ ကျွေးမွေး စောင့်ရှောက်လာခဲ့၏။ ညီမမျက်နှာ တချက်အညှိုးမခံ။ အရိပ်တကြည့်ကြည့်နဲ့ ချစ်ရှာသည်။ သူမကိုပင် မညားခင်က ကြိုပြောထား၏။
” ကျုပ်ကို ခင်ဗျား ယူချင်မှယူနော်။ ပြောထားပြီးသား။ ပြီးမှ ညီမကိုပိုတယ် မလုပ်နဲ့ ။ ကျုပ်မှာ ဒီညီမလေး
တစ်ယောက်တည်းရှိတာ …ကျုပ်က
သူ့ကို တအားချစ်တာ ”
ညီမလုပ်သူကလည်း လိမ္မာရှာသည် ။ ရည်းစားမရှိခင်အထိတော့ တော်ရှာပေ၏ ။ အကိုကြီး စိတ်တိုင်းကျ နေရှာသည် ။ စီစဉ်သမျှ ဖြစ်ရ၏။
” ငါ့ ညီမ ”
” ရှင်… အကိုကြီး ”
” ဒီနေ့ ညည်း တောထဲ မလိုက်တော့နဲ့ ။ ဈေးပဲသွားလိုက်တော့… အကို့ဖို့ ကွမ်းလေးနည်းနည်းရယ်၊ ညည်းအမဖို့ လက်ဖက်၊ပဲခြမ်းလေးရယ် ဝယ်ခဲ့ ”
” ဟုတ် အကိုကြီး၊ နောက်ရော ”
” ရပြီ … အဲ့ဒါပဲ ”
” ဟုတ် ၊ အကိုကြီး။ ဟုတ် ၊ ဟုတ် ”
အကိုကြီး ထားရာနေစေရာသွား နေတတ်ရှာသည်။ ယောင်းမ မိစန်းရီ အပေါ်လည်းသည်းခံ၏။ ဘာပြောပြော စောကြောမတက်။ ယောင်းမနဲ့မတည့် ဟူ၍လည်းမရှိ။ အေးအေးနေ၏ ။
” အမ … မမစန်းရီ၊ ထမင်းချက်ပြီးပြီ၊
ဘာဟင်းချက်ရဦးမှာတုန်းဟင်”
” ပဲလေးပဲ နှပ်လိုက်တော့ အေးကြည်မ ရေ ”
” ပြီးတော့ ရော ”
” ပြီးရင်တော့ ချဉ်ပေါင်လေးချက်၊ ငြုပ်သီးလေးထောင်းထားလိုက် ”
” ဟုတ် ၊ ဟုတ် ”
အကိုကြီးနဲ့ ယောင်းမအပေါ် မိဘများ သဖွယ် တလေးတစားရှိရှာ၏။
—————————————————-
ထိုသို့နေလာရာက အေးကြည်မ တစ်ယောက် ရည်းစားလေးရလာတော့
မူပျက်လာသည် ။ အကိုကြီး စကား နားမဝင်တော့ ။ ကလန်ကဆန်လေးတွေ
ပြောလာ၊ လုပ်လာတော့သည် ။
” ငါ့ ညီမ… ရေမခပ်တော့နဲ့၊ ပဲခွဲလိုက်တော့ ”
” ဟာ အကိုကြီးကလည်း… ပဲ မခွဲချင်ပါဘူး။ အကိုကြီးဘာသာခွဲ
ရေပဲ သွားခပ်မယ်”
စူအောင့် ပြောတော့ ကိုကျော်ခေါင်မှာ အောင့်သက်သက်။
ရေခပ်လမ်းမှာ ရည်းစားနှင့်တွေ့ဖို့ ချိန်းထားသည်ကိုး ။ ရေအိုးလေးပိုက်၊ ခေါင်းမြီးဆုပ်လေးယူ ထွက်သွားတော့သည် ။
” ဟာ ! ဒီကောင်မလေး။
ပြောစကားဆိုစကား နားမထောင်တော့ဘူး၊ …ဘယ်လို ဖြစ်တာတုန်း ”
ညီမဖြစ်သူ၏ အပြုအမူကိုကြည့်ပြီး
ကိုကျော်ခေါင် အံ့သြနေသည် ။ အေးကြည်မ တစ်ယောက်
ယောင်းမ အပေါ်မှာလည်း အပြစ်တွေ မြင်တတ်လာ၏ ။
” မမစန်းရီက သူကျဘာမှ မလုပ်ချင်ဘူး …ငါ့ပဲ ခိုင်းတယ် ဟွန့်”
ရည်စားနဲ့ အသွားအလာ အနေအထိုင်ဆင်ခြင်ဖို့ရန် ပြောသည့်အခါတိုင်းလည်း …
” အို တော် … အမကလည်း ဒါပဲပြောနေတော့တာ၊
နားမထောင်ချင်ပါဘူး ဆိုမှ ”
” ဟဲ့ ၊ မထောင်ချင်လို့ ဖြစ်မလား ။ ညည်း
အကိုသိရင် ဒုက္ခ ။ မိုးမီးလောင်လိမ့်မယ် ”
သူရည်းစားထားတဲ့ကိစ္စ အကိုဖြစ်သူသိရင် ပြဿနာတက်မှာစိုးလို့ တိုးတိုးတိတ်တိတ် ပြောသော်လည်းမရ ။ သဘောမပေါက်။ လွတ်လပ်မှုကို ရှာလာတော့သည် ။ မကြာခဏဆိုသလို
စိတ်ကောက်ပြ၏ ။
မိစန်းရီ ခမျာ ကြားထဲက အနေခက်လှသည် ။
ယောက်ျားလုပ်သူကလည်း ညီမမှ ညီမ ။
ယောင်းမ လုပ်သူကလည်း ရည်းစားမှရည်းစား။ မောင်နှမနှစ်ယောက်ကြား
ဗျာများတော့၏ ။
” စိတ်တွေလည်း ညစ်ပါတယ် အေ ဟဲ့ ။ ဒီမောင်နှမနဲ့ ငါ ရူးမှာပါပဲ ”
——————————————————
အေးကြည်မ လင်နောက်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကိုကျော်ခေါင် စိတ်ဆင်းရဲနေ၏ ။ မိန်းမဆိုတော့ မိစန်းရီ မနေသာ ။
” ကိုကျော်ခေါင်ရယ် … တော့်မလည်း
ဒီညီမနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲရပေါင်း
များပြီ ၊ တော်ပါတော့ ”
” မတော်ဘူး… တော် စကား မပြောနဲ့ ။ ဒီကောင်မကို ဆုံးမရမှ ကျေနပ်မယ် ”
” စိတ်တွေလည်း ပျက်ပါတယ်။ တော်တို့နဲ့ ကျုပ် စိတ်တွေလည်း တော်တော်
ဆင်းရဲနေပြီ ”
ပြောတော့ ပိုဒေါသထွက်သည် ။
” စိတ်ဆင်းရဲလို့ မနေချင်ရင်ဆင်းသွား… မတားဘူး ”
မဆီမဆိုင် မိန်းမကိုပါ နှင်ထုတ်တော့သည်။
” ကိုကျော်ခေါင် ”
” ကိုကျော်ခေါင် ”
ခေါ်နေသော်လည်းမထူး ။ ငူငူကြီးထိုင်မြဲ ထိုင်နေ၏ ။ ပြောမှသိမယ့်အခြေမို့ ပြောရတော့သည် ။
” ကိုကျော်ခေါင် ရေ… တော့်မှာသာ ဒီလိုတွေဖြစ်နေတာ ၊ ဟိုကဖြင့် ပျော်ဖွယ် ရောက်နေလောက်ပြီ ”
ပြုံးတုံ့တုံ့ မျက်နှာထားနဲ့ ခနဲ့တဲ့တဲ့ ပြောလိုက်တော့ အံအားသင့်သည်။
” ဘာ ”
” ပျော်ဘွယ် ”
နားစွန်နားဖျားအကြားနဲ့ ခေါင်းထောင် လာ၏ ။
” ဘယ်က ပျော်ဘွယ်တုန်း ။ ရမည်းသင်း
နားက ပျော်ဘွယ်လား…”
ပျာပျာသလဲ မေးတော့သည် ။ လင်ဖြစ်သူကိုကြည့်ပြီး မိစန်းရီ
ရယ်ချင်သည်။
” ဘယ်ကလာ မြို့ပျော်ဘွယ် ဖြစ်ရမတုန်း
ကိုကျော်ခေါင် ရယ် …
တော့်မလည်း အ ပါ့ ၊ အ ပါ့ ”
” ဘာတုန်း ဟ ။ ဒါဆို ဘာတုန်း ၊ ပျော်ဘွယ် ဆိုတာ.၊
မြို့မဟုတ်လို့ ဘာဖြစ်ရမတုန်း ”
” ဟင်း ဟင်းး ဟင်းးး
တော့်ညီမ …ချစ်တဲ့သူနဲ့ပျော်နေလို့
ပျော်ဖွယ်ရောက်တယ် ပြောတာ၊ ရှင်းပလား”
” သြော ”
သည်တော့မှ သဘောပေါက်တော့သည် ။
” အမလေး ဟာ ၊ ဘာပျော်ဖွယ်တုန်း ၊
အလကား ပျော်ဖွယ် ။ နောက်ကျမှ ပျင်းတယ် ဖြစ်မယ် ”
ကိုကျော်ခေါင် တစ်ယောက်
တစ်နေ့တစ်နေ့ အေးကြည်မတို့ သတင်း စုံစမ်းရသည်နှင့် အလုပ်တွေပျက်မှန်းမသိ
ပျက်ကုန်တော့သည်။ မိစန်းရီ မကြည်သာတော့။
” ကိုကျော်ခေါင် …တော် ဘယ်အချိန်ထိ
ဒီလိုကြီး နေနေမှာတုန်း၊ ဟိုညီမကဖြင့် လင်နောက်လိုက်တာကြာလို့
တော်နဲ့ ကျုပ်ကိုတောင် မေ့နေရော့မယ် ၊ တော့်မှာသာ မပြီးနိုင်၊မစီးနိုင် ဖြစ်နေတယ် ။ တော်တော့ ၊ ကိုယ့်အလုပ် ကိုယ် လုပ်တော့ ”
သည်တော့မှ လယ်ထဲ ပြန်ဆင်းသည် ။
ညီမဖြစ်သူစိတ်နှင့် အတော်လေးလည်း ပိန်ကျသွား၏ ။
” တကတည်းတော် ၊ ပြော မပြောလိုက်ချင်ဘူး ။ ညီမလင်နေတာများ
ခံစားနေလိုက်တာ ။ စိတ်ပျက်စရာ ”
—————————————————–
အေးကြည်မတို့ ရွာပြန်ရောက်သည့် သတင်းက တစ်ရွာလုံး ပျံ့လာသည် ။ သူ့ယောက်ျား ဖိုးအေးတို့အိမ်မှာပင် နေကြသည်ဆို၏ ။ ဖိုးအေးတို့ အိမ်က ကိုကျော်ခေါင်တို့လို အိမ်ကြီးရခိုင်မျိုးတော့ မဟုတ်။ ဝါးကပ်မိုး၊ ထရံကာ ၊ မြေစိုက်အိမ်ကလေးသာ ။
ထိုအိမ်လေးတွင် ဖိုးအေး၏
မိသားစု၊ မောင်နှမ သားချင်းတွေလည်း.ရှိသေးသည် ။
ဖိုးအေးက မောင်နှမတွေထဲ အကြီးဆုံး
ဖြစ်၏ ။
” ငါ့ညီမလေး ၊ ဘယ်လိုများ နေပါ့ ”
ကိုကျော်ခေါင် တွေးပူသည် ။ ပူပင်သော်ငြား ဟန်လုပ်နေ၏ ။
” တော့် ညီမတော့ အဆင်မပြေဘူး”
” ပြေပြေ ၊ မပြေပြေ ၊ ငါ့လာ မပြောနဲ့ ။ စိတ်မဝင်စားဘူး ”
”
စိတ်ဆိုးဟန်ပြ ထသွားတော့သည် ။
” အပိုတွေ… သူလား စိတ်မဝင်စားမှာ ဟင်းး”
အခြေအနေကို သွားစုံစမ်းမည့် မိစန်းရီအတွက်တော့ အေးကြည်မက
ယောင်းမဆိုသော်ငြား
ညီမအရင်းလေးပမာ သူမက
သဘောထားသည်။ ငယ်ငယ်လေးကတည်းက သူ့အကို ကိုကျော်ခေါင်နှင့်အတူ သူမတို့အိမ် ရောက်လာခဲ့သည် မဟုတ်ပါလား ။
သူမကို တွေ့တော့ အေးကြည်မ ငိုသည် ။
” မမစန်းရီ ရယ် ၊ အကိုကြီးက ကျုပ်ကို
စိတ်တွေ ဆိုးနေသေးလားဟင် ”
” ဆိုးတာပေါ့ အေ ။ ဘာပြောကောင်းမတုန်း ။ ခုထိ ဆိုးတုန်း ”
” ဟုတ်လား ”
” အေး”
” ဒါနဲ့ …နေရတာ အဆင်ပြေလား ”
ဟိုဟိုသည်သည် ဝေ့ဝိုက်ကြည့်ရင်း
မေးလိုက်တော့ ခေါင်းလေးခါပြသည် ။
” အေးလေ … ဘယ်ပြေပါ့မတုန်း ၊ ဒီလောက် လူတွေအများကြီးကို… ”
” အင်း ”
မိစန်းရီ တစ်ယောက် ယောင်းမကိုကြည့်ပြီး သနားနေသည် ။
” အေးပါ ၊ အမ ပြန်တော့မယ် ။ ဒီလာတာ
ညည်းအကို မသိဘူး ။ သိရင် ပြောနေလိမ့်မယ် ၊ သွားတော့မယ် ”
အေးကြည်မ ငိုကျန်ခဲ့သည် ။
မိစန်းရီလည်း စိတ်မကောင်း ။
“ငါ့အိမ်မှာ အေးအေးဆေးဆေးနေခဲ့ရတဲ့ ကလေး ။ အခုတော့ မပြည့်မစုံနဲ့ … ”
—————————————————-
အေးကြည်မဆီ သုံး၊လေးခေါက်
ရောက်အပြီးမှာတော့ မနေသာတော့ ။ ကိုကျော်ခေါင်ကို
ပြောတော့သည် ။
” တော့် ညီမ … အဆင်မပြေဘူး”
” နေပေ့စေ”
” နေပေ့စေ လုပ်မနေနဲ့။ နည်းနည်းလေးမှ မပြေတာ”
“မွဲချင်တဲ့ခွေး၊ပြာပုံတိုး တဲ့ ။ ထားလိုက် အဲ့အတိုင်း။ ဂရုစိုက်မနေနဲ့ ”
” မစိုက်ဘဲ မနေနိုင်လို့ ပေါ့တော် ။
ယောင်းမဆိုပေမယ့် ညီမလေးလို
ဖြစ်နေတာ သိသားနဲ့။ သူ ဆယ်နှစ်သမီးလောက် ကတည်းက တော်နဲ့အတူတူ ကျုပ်ရင်ခွင်ထဲ ရောက်လာတာလေ ၊ သူ့လက်ကလေးဆွဲပြီး ၊ တော် ရောက်လာတာ လေ။
ကျုပ်မိဘတွေ သဘောကောင်းတော့
တော်တို့ မောင်နှမ ပျော်ခဲ့ရတယ် မဟုတ်လား ။
ဘယ်မှာ အပူအပင် ရှိခဲ့လို့တုန်း ”
ကိုကျော်ခေါင် နားထောင်နေသည် ။
သူ့ဘဝက တစ်ဦးတည်းသောသမီးနှင့်
အိမ်ထောင်ကျ၍ ကံကောင်းသော်ငြား ၊ ညီမလေးကျ သူ့လိုမဟုတ်၍ စိတ်မကောင်း ။
သို့ပေမယ့်လည်း သူ့အပြစ်နဲ့သူ
သိသွားအောင်တော့ လွှတ်ထားလိုက်ချင်သေး
သည် ။
မိစန်းရီကတော့ တစ်ဦးတည်းသော သမီးလည်းဖြစ်ပြန် ၊ သည်ကြားထဲ သားထောက်၊သမီးကံလည်း
မရှိပြန်၍ ယောင်းမဖြစ်သူကို ခင်တွယ်နေသည် ။
သံယောဇဉ်လည်း ဖြစ်နေရှာ၏ ။
” ကျုပ်သဘောကတော့ … ”
” ဘာဖြစ်တုန်း ”
” ကျုပ်တို့မှာ သားထောက်၊သမီးခံလည်း မရှိဘူးလေတော် ”
” အဲ့ဒါ ဘာဖြစ်လဲ ”
” အိမ်ကြီးက အကြီးကြီးဆိုပေမယ့်
ကလေးမရှိ၊ ဘာမရှိဆိုတော့ နေရတာ … ခြောက်ကပ်ကပ်ကြီး ၊ အေးကြည်မတို့ လင်မယားကို ခေါ် … ခေါ် ”
” တော် … တော် ”
စကားပင် မဆုံးလိုက် ထသွားပြန်တော့သည် ။
” ခက်တော့တာပဲ … ခေါ်ချင်ရက်နဲ့ တင်းခံနေတယ် ဘယ်နှယ့် လုပ်ရပါ့”
ညီမဖြစ်သူကို သနားသော်လည်း၊ စိတ်တိုနေဆဲဖြစ်သည့်
ယောက်ျားကိုပြောမရသည့်အဆုံး မိစန်းရီ နည်းလမ်း ရှာရတော့သည်။ တစ်နည်းသာ ရှိတော့၏ ။
” ဟုတ်ပြီ ၊ အဲ့အတိုင်း လုပ်ရမယ်”
သူ့အကြံနှင့်သူ အေးကြည်မကို အိမ်ခေါ် လာတော့သည် ။
” လာ.”
အကိုမရှိချိန် လာရသည်ကို အေးကြည်မ စိတ်ထဲ စိုးရွံ့ နေဟန် တူသည် ။ မဝံ့မရဲ ဖြစ်နေ၏ ။
” လာပါ ဆို ”
မိစန်းရီ ဇွတ်အတင်းခေါ်မှ
အထဲဝင်၏။
” ခုတလော အစားအသောက်တွေပျက်၊
နေထိုင်မကောင်းတော့ ဟိုမှာလည်း မပျော်ပါဘူး”
” အေးပါ… ဒီမှာပဲ နေတော့။
ဟိုကို မပြန်နဲ့ တော့ ”
ရင်တွေ တလှပ်လှပ်နဲ့ ခေါင်းတွေမူး ၊ မလှုပ်ချင်မကိုင်ချင် ဖြစ်နေသည်မို့
အေးကြည်မ တန်းလျားလေးပေါ် မှေးနေသည် ။
ကိုကျော်ခေါင် ရောက်လာတာ မသိလိုက် ။
” အဟမ်းး ”
ချောင်းတစ်ချက် ဟန့်လိုက်တော့ လန့်သွားပုံရ
သည်။
” အကိုကြီး ”
မျက်နှာငယ်လေးနဲ့ ထထိုင်၏ ။
အားပျက်နေပုံရသည့် ညီမဖြစ်သူကိုမြင်ပြီး သနားသွားသည်ထင် ။
လှည့်ပြန်သွားတော့၏ ။
” အမရေ … မမစန်းရီ ”
” အမ …”
” ဟေ့ ”
” စောစောက အကိုကြီး လာသွားတယ် ”
” အေးး ”
မိစန်းရီ သဘောပေါက်လိုက် ပြီ။ သည်လောက်ဆိုရပြီ။
” စိတ်ဆိုတာ ထားတတ်ရင် မြတ်တယ် ကိုကျော်ခေါင်ရဲ့ ။ အေးကြည်မ ဟာ .ယောင်းမလေး ဆိုပေမယ့် ၊ ကျုပ်က ယောင်းမလို သဘောမထားဘူး ။ ညီမလေးလိုပဲ သဘောထားတယ်. ။
သွေးမတော်သားမစပ်ပေမယ့် ၊ တော်စပ်သလို တွေးလိုက်တော့ ၊
ချမ်းမြေ့တာပေါ့ ။ လောကမှာ စိတ်အေးချမ်းဖို့ အဓိကပဲလေ”
နောက်နေ့ကစ သည်အိမ်ကြီးမှာ အေးကြည်မ တို့ ရောက်လာတော့မည် ။ ကိုကျော်ခေါင် လည်း စိတ်ဆိုးပြေ၊ သူမလည်း ဝမ်းမြောက်နေ၏။
ပီတိတွေနဲ့ …
မိစန်းရီ ပြုံးနေတော့သည်။
စိတ်ထဲမှာလည်း ပြောနေတော့၏။
” သေချာတယ် …
တို့အိမ်ကြီးး မေတ္တာတွေနဲ့
စိုပြေဦးတော့မယ် …. ”
။ ။
#သိမ့်ဝတ်မှုံပြည့်စုံမိုး
#သာယာသောအိမ်
၁၂ ၊ ၁၂ ၊ ၂၂
( သက်တံရောင်နှလုံးသား ရသဝတ္ထုတိုများ စာအုပ်မှ တစ်ပုဒ် ဖြစ်ပါတယ်)