ရေကြည်ကိုသူမွှေနှောက်လို့(စ/ဆုံး)
———————–
ရေကြည်ကိုမွှေနှောက်လို့ခန်းခြောက်စေပြန်တဲ့တရားခံကိုလက်ညှိးထိုးညွှန်ပြလိုက်ပါတယ် တောင်စောင်းမှာသူ့သဘာဝနဲ့သူ..လွတ်လွတ်လပ်လပ်လှလှပပအေးအေးချမ်းချမ်းပွင့်လန်းနေတဲ့ပန်းကလေးကို..ခူးဆွတ်ပြီး..နွံထဲပစ်ချ..ခြေနဲ့နင်းလိုက်တဲ့အခါ..ပန်းကလေးဟာ..ဘယ်သူ့ကိုမှအပြစ်မတင်ပဲ..တိတ်တိတ်ဆိတ်ဆိတ်လှို့လှို့ဝှက်ဝှက်..ကြေမွပျက်စီးပျောက်ကွယ်သွားခဲ့ပါတယ်..တစ်ခါတစ်လေ..ရိုးအတယ်လို့ထင်ရတဲ့သူတွေဟာ..အများကြီးသိနေနားလည်နေတတ်ပါတယ်..တစ်သက်လုံးရိုးအသူသဖွယ်ဟန်ဆောင်ပြသွားခဲ့တာ..ချစ်မိခဲ့သူ ကိုယ့်ကိုလှည့်စားခဲ့သူကိုပင်..အားနာနေမိလို့..သံယောဇဥ်ပြတ်တောက်စေမယ့်စကားတွေမပြောချင်လို့..ပစ်ပစ်ခါခါမမုန်းတီးရက်လို့..ပြီးတော့လောကကြီးကအကြောင်းစုံသိသွားမှာရှက်လို့ပါကွယ်..သိပ်လည်တဲ့ချစ်သူကြီးတွေသိစေချင်လှပါတယ်💜💜💜
(ရေကြည်ကို သူနှောက်လို့ ခန်းခြောက်စေပြန်သောအခါ)
“မှတ်မှတ်ရရ. … အစ်မ ရောက်လာသည့်နေ့က… မိုးအတော်ရွာသည်။ လေပြင်း ပင် တစ်ချက်နှစ်ချက် တိုက်လိုက်သေးသည်။ မိုးဦး လေဦးပေမဲ့… မိုးလယ်ကြီးလိုပင် မှိုင်းညို့နေသည်။ ထိုအချိန်တွင် ကြီးကြီးရေ ဟု ခေါ်သံ အသံစာစာလေး နှင့်အတူ အစ်မရောက်လာလေသည်။ ခေါင်းပေါ်မှာ တောင်းအလေးကြီးကို ရွက်ထားရ၍ ဒယီးဒယိုင်ဖြစ်နေသည်။ မိုးရေမထိအောင် အုပ်မိုးထားသော ပလတ်စတစ် အစ မှာလည်း မိုးရေစက်လက်ပင် ဖြစ်သည်။ ကျွန်မကား အစ်မကိုမြင်တော့ ပျော်လိုက်သည့် ဖြစ်ခြင်း။ ကျွန်မတို့ရွာကို မကြာခဏ သွားလည်ချင်သည်မှာ အစ်မကို တွေ့ချင်လွန်း၍ ဖြစ်သည်။ ရယ်စရာ မောစရာလေးများကို ရှာရှာဖွေဖွေ ပြောတတ်သည့် အစ်မကို ကျွန်မတို့ အလွန် သဘောကျလေသည်။ ယခုတော့ အစ်မ ကျွန်မတို့နှင့် အတူနေရန် မြို့တက်လာ ချေပြီ။
အစ်မ၏ အသားအရေက ညိုညိုစိုစို ဖြစ်သည်။ မျက်နှာဝိုင်းကလေး မှာ မျက်ဝန်းမျက်တောင် တွေက စိမ်းညို့နေသည်။ ကိုယ်လုံးကိုယ်ထည် အလောတော်ပေမဲ့ အရပ်အနည်းငယ်ရှည်သည်မို့ ပိန်သွယ် သယောင်ထင်ရသည်။ အစ်မ အသားအရေက စိုပြေသကဲ့သို့ ဆံပင်အရောင်ကလည်း နက်မှောင်စိုလက်နေသည်။ ကျစ်ဆံမြီးထိုးထားသော ဆံပင်အုံကြီးက သန်စွမ်းလှသည်။ ၁၄ နှစ်အရွယ် အစ်မကား ပွင့်အာစ တောပန်းကလေး တစ်ပွင့်နှင့်တူလေသည်။ အမေကတော့ အစ်မ ၏မျက်နှာကို မြင်သည်နှင့် စတင် နှုတ်ပူလေတော့သည်။
“ဟဲ့. . မိခင်ဘုန်း….ဒီလောက်ကြီး မိုးများနေတာ… ညည်းက အင်္ကျီလက်ပြတ်ကလေးနဲ့ လေးခင်းပြနေရ သလား. . တောင်းကလည်း အလေးကြီး သယ်ချလာလိုက်တာ ဒီမနက် ဒီတစ်ချီ သယ်ရုံနဲ့ ဒီကိစ္စပြီးသွားမှာ ကျနေတာပဲ”
အစ်မကလည်း အမေ ဆူပူသမျှ. . . ပန်းနဲ့ပေါက်သည်ဟုပင် ထင်ဟန်ရှိသည်။ တောင်းကြီးဘေးချပြီး ခြံ ထောင့်သို့ပြေးသွားကာ ဆိတ်ဖလူးပန်းကြွေများ သွားကောက်လေသည်။
“ဪ.. မိခင်ဘုန်း နှယ် ရူးလည်းရူးပါ့ မိုးစိုခံပြီး ပန်းပြေးကောက်နေပြန်ပြီ”
အမေသည် အစ်မ အပေါ် နားပူနားဆာနိုင်လှ သော်လည်း ချစ်သည်ကတော့ သမီးအရင်းနှင့်မခြားချေ။ စိတ်လိုလက်ရ ရှိလျှင် ခင်ဘုန်းတင့်ဟု နာမည်အပြည့်အစုံခေါ်ပြီး စကားပြောတတ်လေသည်။ မိဘ များမရှိတော့၍ အစ်မအပေါ် အသနားပိုနေခြင်းလည်းဖြစ်နိုင်ပါသည်။ အစ်မငယ်စဉ် ကပင် ဖခင်ဆုံးပါးသွားခဲ့ပြီး အစ်မ၏အမေ အမေ့ညီမ ဒေါ်လှခကလည်း လွန်ခဲ့သည့် ၆လကပင် ဆုံးသွားခဲ့ပါသည်။ အစ်မတို့သားအမိ အတူနေထိုင်ခဲ့သောရွှေကွမ်းပင်ရွာမှ ခြေတံရှည်သစ်သား အိမ်ကလေးလည်း စစ်တောင်းကြီး ရေအလျဉ်မှာ မျောပါ သွားခဲ့ပြီ။ အစ်မလည်း ရွာကို စွန့်ခွာခဲ့ရလေသည်။ အစ်မကား ပျော်ရာမှာမနေ တော်ရာမှာနေရပေမဲ့ တော်ရာမှာလည်း ရက်အနည်းငယ် အတွင်းမှာပင် ပျော်နိုင်သွား သည်ပင်. . ညဥ့်သန်းခေါင် အချိန်မှာ ကမ်းပါးတွေ တဝုန်းဝုန်းပြိုသည့် အကြောင်း ဝုန်းခနဲအသံကြားပြီး အိမ်ကြမ်းပြင် နိမ့်ဆင်းသွားလျှင် ဟိုက် ငါ့အိမ်ပါသွားပြီဆိုပြီး အိမ်ပြတင်းမှ ခုန်ချကြကြောင်း ညကြီးမင်းကြီး သောင်ပြင်ပေါ် ဟိုဒီလျှောက်ပြေးနေ ပြီးမှ ပြိုသွားသည်မှာ သူများ အိမ်ဖြစ်နေကြောင်း ဟာသနှော၍ ပြောပြတတ်ပါသည်။ အစ်မရောက်လာပြီးမှ အမေ အတော်အသက်ရှူချောင် သွားသည်ဟု ပြောရပါမည်။ မီးဖိုချောင်မှာလည်း အစ်မ ဝင်ကူပါသည်။ ကျွန်မတို့ အိမ်က ဘယဆေးထုတ်လုပ် ရောင်းချသည့် အိမ်မို့ ဆေးထောင်း၊ ဆန်ခါတိုက်၊ ဆေးလုံး အခြောက်လှမ်း စသည်တို့ တွင်လည်း အစ်မ ဝင်ကူပါသည်။ တောင်ငူအိမ်ကလည်း အလုပ်ခပ်များများမို့ အပျင်း မခိုတတ်သည့် အစ်မနှင့် အံကိုက်ဖြစ်နေပါသည်။
ကျွန်မနှင့် ညီမလေး မြိုင်မြိုင်မှာ အစ်မရောက်လာ သည့်နေ့မှစ၍ ပါးစပ်စေ့ထား ရသည်မရှိပါ. . . အစ်မက ရိုးရိုးသားသားပဲပြောပြော.. ရယ်စေလို၍ပဲ ပြောပြော အစ်မ ပြောလေသမျှ သဘောခွေ့ စရာပင်ဖြစ်သည်။ သံဆုံဖြင့် ဆေးထောင်းရင်း သံကျည်ပွေ့သံ တချွမ်ချွမ်အပြင် အစ်မအသံကလည်း ဝေစည် နေလေတော့သည်။ အစ်မ ရောက်ပြီး တစ်လအကြာတွင် ကျွန်မတို့ကျောင်းများ ဖွင့်ပြီဖြစ်၍ လွယ်အိတ်ကိုယ်စီ ပြင်ဆင်ရလေတော့သည်။ အစ်မကလည်း ကျောင်းလိုက်တက်မည်ဆိုကာ ကျောင်းလွယ်အိတ် ပြင်ဆင်ပါသည်။ သူ ၇ တန်းတက်ရမည်ဟု ပြောပါသည်။ ကျွန်မက ၅ တန်း၊ ညီမ မြိုင်မြိုင်က ၃တန်း၊ တစ်ဖက်ခြံမှ ညီအစ်မ ဝမ်းကွဲ ရီရီဌေးက ၇ တန်း တက်ရမည် ဖြစ်ပါသည်။ ကျောင်းကို ရောက်လျှင် အစ်မက ၇တန်းခုံတန်းများတွင် ရီရီဌေးနှင့်အတူ ဝင်ထိုင်နေပါသည်။ အတန်းပိုင်ဆရာမ ဝင်လာသောအခါ ကျောင်းသားသစ်ဖြစ်သော အစ်မထံမှ ကျောင်းထွက်လက်မှတ် တောင်းပါသည်။ အစ်မက အိမ်ကမ်းပါးပြိုသည့်အထဲ ပါသွားပြီဟုပြောပါသည်။ ဆရာမက အစ်မကို သနားလှသော်လည်း အတန်းထဲ၌ လက်ခံ၍မရ ဖြစ်နေပါသည်။ သူ ကျောင်း အုပ်ဆရာကြီးနှင့် တိုင်ပင်ကြည့်ပါဦးမည်ဟု ပြောပါ သည်။ ထိုနေ့ညနေမှာပင် အစ်မနေခဲ့သော ရွှေကွမ်းပင် ရွာမှ အမေ့မောင်ဝမ်းကွဲ ဦးထိန်ကြီး ရောက်လာ၍ အစ်မကျောင်းအပ်ခြင်းကိစ္စကို စကားစပ်၍ပြောမိရာ အစ်မ ၇တန်းမှာ သွားတက်မည်ဆိုသည့် အကြောင်းကို ကြားရလျှင် ဦးထိန်ကြီးက တဟားဟား အော်ရယ်ပါသည်။
“မိခင်ဘုန်းတို့များ တတ်လည်းတတ်နိုင်ပါ့… ရွာမှာ ငါးတန်းတောင် နှစ် ကုန်အောင် မတက်လိုက်ရ ဘဲနဲ့. . . ဘယ့်နှယ် ၇ တန်း သွားတက်ချင်ရတာတုံး’ဟု ပြောပါသည်။ ထိုအခါ အစ်မက
“ဦးကြီးကလည်း ကျွန်မနဲ့ ဟိုဘက်အိမ်က ရီရီဌေးက အရွယ်တူပဲ သူ ၇တန်းတက်ရင် ကျွန်မလည်း ၇တန်းတက် ရမှာပေါ့ ကျွန်မက ၅တန်း မှာ သွားတက်ရင် လှိုင်လှိုင်နဲ့ အတန်းအတူတူ ဖြစ်နေမှာ ပေါ့… ရှက်စရာကြီး’ဟု ပြောပါသည်။ ထိုအခါမှ အမေက သဘောပေါက်သွားပြီး အစ်မကို ထဆူ ပါသည်။
“မိခင် ဘုန်းရယ် ညည်းဒီလောက်ကြီး အူရ အ,ရသလား ကျောင်းဆိုတာ တက်ချင်တိုင်းတက်လို့ရတာ မှမဟုတ်တာ… ၆ တန်း အောင်မှ ၇ တန်းတက်လို့ရ မှာပေါ့ဟဲ့…ညည်းအစား ၇တန်းဆရာမကို တောင် အားနာမိပါရဲ့၊ သွား မိလှိုင်နဲ့ အတူ ၅တန်းမှာ ကျောင်း သွားတက် မနက်ဖြန်က စတက်ရမယ်”
အစ်မက ခေါင်းကြီး ငုံ့ကာ ပေထိုင်နေပါသည်။ မျက်ရည်တွေက ကြမ်းပြင် ပေါ် တတောက်တောက်ကျ နေပါသည်။ ၇ တန်းမှာမတက်ရလျှင် ကျောင်းမနေ လိုတော့ပါဟုပြောပြီး တရှုံ့ရှုံ့ ထိုင်ငိုနေပါသည်။ အစ်မက အတန်းကို အသက်အရွယ် နှင့်သတ်မှတ်ထားသည်ဟု သူ့စိတ်ထဲရှိသလို မှတ်ယူထားဟန် ရှိပါသည်။ ဒါကြောင့် လည်း သူ လွယ်အိတ်ကိုဆွဲ၍ ၇တန်းမှာ ရဲရဲဝံ့ဝံ့ထိုင် နေဝံ့ခြင်းဖြစ်သည်။ အဖေကတော့ အမေတို့ တူအရီးနှစ်ယောက်အဖြစ် အပျက်ကိုနားထောင်ရင်း.. မမြခရယ် ခင်ဘုန်း ကျောင်းမတက်ချင်ရင် အတင်းမတက်ခိုင်းပါနဲ့ ကလေးစိတ်ဆင်းရဲ နေပါ့မယ်ဟုပြောကာ အမေ့ကို ဖျောင်းဖျလေသည်။ ထို ပြဿနာများဖြစ်ပျက်သွား ပြီး တစ်ပတ်ခန့်အကြာတွင် ကျွန်မတို့အုပ်စု ရယ်ရယ် မောမော ဆော့ကစားနေကြ ရာမှ အစ်မက စကားတစ် ခွန်း ထပြောလေသည်။ “ဟေ့. . လှိုင်လှိုင်. . နင်တို့ကျောင်းသွားတော့ ငါသိပ်ပျင်းတာပဲ. တကယ် တော့ ၇ တန်းဆရာမက ငါ့ကို အရမ်းသနားနေပြီ သူ့အတန်းမှာလက်ခံတော့မှာ ရွာက ဦးထိန်ကြီးသာ ရောက်မလာခဲ့ရင် ငါအခုဆို ရီရီဌေးနဲ့အတူ ၇ တန်းမှာ စာသင်နေရပြီပေါ့”တဲ့။
အစ်မကား သနား စဖွယ်ကောင်းလောက်အောင်ပင် ရိုးအ,သူတစ်ဦးဖြစ်ပါသည်။ အမှန်မှာတော့ အစ်မ အတန်းမရသည်မှာ မဆန်း လှပါ။ ကမ်းပါးတစ်ကြိမ်ပြို၍ အိမ်ပါသွားတိုင်း အိမ်ပြန် ဆောက်ရာတွင် ကူညီရန် အစ်မ ကျောင်းတစ်နှစ်နားရ
ပါသည်။ ယခု သုံးကြိမ် မြောက် အိမ်ပါသွားမှ ပြန် မဆောက်တော့ဘဲ ရွာကို စွန့်ခဲ့ခြင်းဖြစ်ပါသည်။
အစ်မသာ အေးအေးလူလူ သူများနည်းတူ စာသင်ခွင့်ရခဲ့လျှင် အစ်မလည်း တစ်နှစ်တစ်တန်း မှန်မှန် အောင်မြင်သွားလိမ့်မည်ဟု ကျွန်မထင်ပါသည်။ အစ်မဉာဏ်ရည်က မခေလှပါ. . အစ်မ ပွဲတစ်ညသွားကြည့်လျှင် ပြဇာတ်သီချင်း နှစ်ပါးသွားသီချင်းတွေ ပါးစပ်ထဲစွဲပါ လာတတ်ပါသည်။ ညကမိုးလင်းပေါက် ပွဲကြည့်ထားသော်လည်း နောက်တစ်နေ့မှာ ငူငူငိုင်ငိုင်မရှိ ပကတိ ရွှင်ရွှင်လန်းလန်း ဆေးထောင်းရင်း ဆေးလုံးရင်း ညကပြဇာတ်ကို ဇာတ်လမ်းဇာတ်ကွက် အချိတ်အဆက်မိမိ အကွက် စေ့အောင် ပြန်ပြောပြနိုင် လေသည်။ ကျွန်မတို့ပွဲခင်းမှာ ထိုင်ကြည့်နေသည်ထက်ပင် အစ်မ ပြန်ပြောပြသည်ကို နားထောင်ရသည်က ပိုအရသာ ရှိပါသည်။ ရွှေမန်းဇာတ်ပွဲ အောင်ဘာလေပြဇာတ်မှ မင်းသားဝင်းဗိုလ်ဆိုသော သီချင်းကို သူက ဝင်းဗိုလ် စတိုင်လ်ဖမ်း၍ ရေထမ်း ရောင်းသူသဖွယ် ထမ်းပိုးကြီး ကို ဟန်ပါပါထမ်းကာ သီဆို ပြလျှင် ကျွန်မတို့ အလွန် သဘောကျလေသည်။
“ထိုးမယ် ထိုးမယ်. . ကျုပ်ထိုးမယ် ဒီအောင်ဘာ လေသိန်းထီကြီးကိုထီပေါက် ရင် ပျော်ပျော်နေမယ်. . . လူဆိုတာ အရွယ်သုံးပါး..တစ်ပါးပါးမှာ ကံဇာတာ တက်မယ်”
အစ်မကား စိတ်ဆင်းရဲစရာ မှန်သမျှ ကြာကြာမတွေး. . . . တကယ်ကို ပျော်ပျော်နေတတ်သည့် အစ်မဖြစ်ပါသည်။ အစ်မ ကံကိုလည်း အလွန်ယုံကြည်ပါသည်။ ကံဇာတာတက်မည့် အကြောင်းတွေပဲ ပြော၍ အကောင်းချည် တွေးကာ ကြိုပျော်နေတတ်သူ ဖြစ်ပါသည်။
အသက် ၂ဝ နားကပ် လာလျှင် အစ်မ အတော် လှပလာပါသည်။ မြို့ရောက် လာ၍ မြို့အဆင်အတိုင်း ပြုပြင်ပြောင်းလဲ လာတာလည်းပါပါသည်။ တစ်ပတ်လျှိုကလေးနှင့် ယဉ်စစဖြစ်လာပါပြီ။ ပြဇာတ်တွေ အကြည့်များပြီး မင်းသမီးဝတ်ပုံစားပုံများကို အတုခိုးတတ်လာပါသည်။ အစ်မမျက်လုံးတွေက နဂိုကထက် စိမ်းမှောင် တောက်ပလာပါသည်။ မနက်မိုးလင်းလျှင် သနပ်ခါးဖုံဖုံ လိမ်း၍ ဆံထုံးမှာ ပန်း ၂မျိုး ၃မျိုးဝေနေအောင် ပန်ထား တတ်သည်။ အမေကတော့ အစ်မပုံစံကိုကြည့်ရင်း မျက် စောင်းတခဲခဲ အံတကြိတ်ကြိတ်ဖြစ်လာပါသည်။“မိခင် ဘုန်းနော် လိမ်းထားလိုက်တဲ့သနပ်ခါးကလည်း ဇာတ်သမပွဲထွက် မှာကျနေတာပဲ. . ပန်းကလည်း ခေါင်းပေါ်စိုက်ထား လိုက်တာ ၂မျိုး ၃မျိုး၊ ညည်း တော့ နတ်ကတော်… ညောင်ရေအိုးထိုးသလို သူ့ ခေါင်းပေါ်တစ်ဝက် ညောင်ရေ အိုးတစ်ဝက်ဖြစ်နေပြီ” အမေက ပူပန်သောကဖြင့် အစ်မကို ဇာတ်သမဖြစ်လိုက်၊ ညောင်ရေအိုးဖြစ်လိုက်၊ နတ်ကတော်ဖြစ်လိုက် စိတ်ရှိတိုင်း ဆူပူကြိမ်းမောင်းနေသော်လည်း အစ်မကဖြင့် အပြုံးအပျော် မပျက် အိမ်နှင့် မနီးမဝေးရှိ ပုဂ္ဂလိက သကြားစက်ရုံမှာ ကြံသကာထုပ်သည့် အလုပ်ကို သွားလုပ် လိုကြောင်း အမေ့နား ကပ်ကာ ပူဆာလေတော့သည်။ အမှန်တော့ အမေက အစ်မကို အိမ်ပြင်ပမှာ ရှုပ်ရှုပ်ထွေးထွေး မနေစေချင်ပေ။ ဒါပေမဲ့ သူ့ခမျာ ကျောင်းနေချင်ရက်နဲ့လည်း မနေရ (ဒါ. . . အမေ အမြဲတွေးနေသည့် ရှေ့ဆုံးမှ အတွေးဖြစ်သည်) ကိုယ်ပိုင်ပိုက်ဆံလေး ရယ်လို့မှလည်း မရှာဖူးမကိုင်ဖူးတာ ညှိုးငယ်ရှာမှာပေါ့ အသက်ကလည်း ၂ဝ ပြည့်တော့မှာပဲ လူတောထဲ ဝင်ဖူးမှလည်း လူ့အကြောင်းသိရှာမှာလေ…သည်လိုအတွေးတွေနှင့် အစ်မကို အလုပ်လုပ် ခွင့်ပြုလိုက်လေသည်။
သည်မှာတင် အစ်မတို့.. လောကပင်လယ်မှာ တက်စုံရွက်ကုန်လွှင့်လေတော့သည်။ သကြားစက်မှာ ကြံသကာလုပ်ရင်း ကြံကားမောင်းသော ကိုမင်းဝေနှင့် တွေ့လေသည်။ အစ်မပြောသည့်အတိုင်း ပြန်ပြောရ လျှင်ဖြင့် ကိုမင်းဝေက ကြံကားသာမောင်းနေသည် ဆွေကြီးမျိုးကြီးထဲကဖြစ်သည်။ လူချမ်းသာမျိုးရိုးမို့ ငွေသုံး လိုက်လျှင် ဟောခနဲ ဟောခနဲ အနှမြော မရှိချေ။ လူပုံက အကျော့သား ထာဝစဉ် သေသပ်သပ်သပ်နေသည်။ ပြီးတော့ ပညာတတ်ကြီးဖြစ် သည်။ (၁၀တန်းအထိကျောင်း နေဖူးတာကို ပြောတာပါ) အစ်မက သည်ဆယ်တန်း ကို အတော်အထင်ကြီးသည်။ အစ်မက သည်လူကို စိတ်ဝင်စားနေချိန်တွင် သကြားစက်မှ လုပ်ဖော်ကိုင်ဖက် လုပ်သမများကလည်း အစ်မ ရည်းစားထားဖြစ်အောင် ဝိုင်းတိုက်တွန်းကြလေသည်။ အမေကလည်း သတင်းသိုးသိုး သန့်သန့် ကြားသည်နှင့် ကိုမင်းဝေအကြောင်း စုံစမ်းလေတော့သည်။
အမေ့ဘက်မှ ကြားသိရလေသမျှ အကြောင်းအရာများ ကဖြင့် အစ်မနှင့် ဆန့်ကျင်ဘက်ဖြစ်လေသည်။ ကိုမင်းဝေကား လူဘော်ကြော့ အဝေးပြေးကားမောင်းသမား၊ အဆိုးဝါးဆုံးအကြောင်းအရာကဖြင့် မိန်းမရှိသည်။ ကလေးနှစ်ယောက်ပင် ရနေပြီ။ သည်အကြောင်းကို သိရလျှင် အမေဒေါသထွက်ပြီး အစ်မကို ရိုက်လေသည်။ အစ်မလည်း အမေပြောမှ ကိုမင်းဝေ လူပွေကြီးအကြောင်း အသေအချာသိရလေသဖြင့် မျက်လုံးကြီးများ ဝိုင်းစက် လာအောင် ကြောက်လန့် နေရှာသည်။
“ရိုက်ပါ ကြီးကြီးရဲ့ ခင်ဘုန်းကို အသေရိုက်သတ်လိုက်ပါ။ ခင်ဘုန်း ကျိန်ဝံ့ပါတယ်.. သူ့မှာ သားမယား ရှိတာ မသိလို့ပါ”
ဟုပြောပြီး ငိုကြွေး ပါသည်။ ကြာတော့… အမေရိုက်ရင်း မောလာပါသည်။
“အ,တယ် တုံးတယ် ဆိုတာလည်း အတိုင်းအတာ ရှိတယ် ခင်ဘုန်းရဲ့ ဘဝပျက် လောက်အောင် မအ,ရဘူး။ မလည်ဘဲလည်း ရှုပ်လို့မရ ဘူး. . . မလည်ဘဲရှုပ်တော့ သူများမယားငယ်ဖြစ်တော့မလို့ တဲတဲကလေး.. အခု နင့်အကောင် လူလား ဘီလူး လား သေချာသိပြီ. . သိရင် ပြုပြင်ပါ… ခင်ဘုန်းကို အိမ်ထဲကအိမ်ပြင် မထွက်စေနဲ့ လှိုင်လှိုင်တို့ သေချာ စောင့်ကြည့်ထားကြ”
သည်လိုနှင့်ပင် အစ်မ အိမ်ထဲမှာ အကျဉ်းကျသွား တော့သည် . . . တစ်ခု ကောင်းတာက အစ်မက ရက်ကြာကြာမှိုင်တွေမနေ၊ သုံးရက်လောက် အချိန်ကာလနှင့်ပင် ပုံမှန်အနေအထား ပြန်ရောက်သွားလေသည်။ ဆေးထုပ်နေသော အလုပ်သမများနှင့် ရောရောနှောနှော ရယ်ရယ်မောမော ဖြစ်ကာ သူကြည့်ထားသော ရုပ်ရှင်များအား ပြန်လည်ဖောက်သည်ချနေလေသည်။
ဪ.. အစ်မ.. အစ်မ ဟိုလူကြီးကို ခဏတဖြုတ် စွဲလမ်းသွားတာ ထင်ပါရဲ့၊ လူအိုကြီးမှန်းသိသွားတော့ သူ မကြိုက်တော့ဘူးပေါ့။ သည်လိုပင် ကျွန်မတို့က ခပ်ပေါ့ပေါ့ တွေးမိခဲ့ကြသည်။ ပြဿနာဖြစ်ပြီး တစ်လခန့်ကြာလျှင် အစ်မ ဈေးဝယ်ခွင့်ရလာသည်။ တစ်ယောက်တည်းကား မဟုတ် ကျွန်မတို့နှင့်အတူ သွားလာရခြင်း ဖြစ်လေသည်။ ညီအစ်မနှစ်ယောက် ဈေးဝယ်နေစဉ် ‘အစ်မ. . . တောင်ဘက် ဟင်းရွက်တန်းမှာ ကြက်ဟင်းခါးသီး သွားဝယ်လိုက်ဦးမယ်. . လှိုင်လှိုင်. ငါးသည်ဆီမှာ ခဏလေးစောင့်နော်..” ဆိုပြီး အစ်မ ပျောက်သွားခြင်းဖြစ်သည်။ တစ်ဈေးလုံး မွှေနှောက် ရှာသော်လည်း မတွေ့ ရတော့ ပါ။ ဈေးသည်အချို့က အစ်မ ယောက်ျားတစ်ယောက်နှင့် စကားရပ်ပြောနေတာ တွေ့ လိုက်ရသည်ဟု ပြောကြပါ သည်။ ကျွန်မက အိမ်ကို ခြေကုန်သုတ်ပြန်ပြေးပြီး အမေ့ကိုတိုင်လျှင် ဆွေမျိုးအုပ်စု လူစုခွဲပြီး အစ်မကို အပူတပြင်း လိုက်ရှာကြပါသည်။ နောက်ဆုံး အသိတစ်ယောက် သတင်းပေး၍ အစ်မ မြို့နယ်တရားရုံး၌ ရောက်နေမှန်း သိလိုက်ရလေသည်။ တရားရုံးသို့ အပြေးအလွှား လိုက်သွားကြလျှင် အစ်မကို ကိုမင်းဝေနှင့်တွဲလျက် တွေ့ ရပါသည်။ သူတို့က လက်ထပ် စာချုပ်တွင် လက်မှတ်ထိုးရန် အဆင်သင့်ပင် ဖြစ်နေပါပြီ။ ကျွန်မတို့ ရုံးကိုရောက်သွားသည်ကလည်း အချိန်မီရုံ လက်မတင်လေးဖြစ်ပါသည်။ အမေက အစ်မကို အတင်း ဆွဲခေါ်သည်။ အစ်မက ကိုမင်းဝေကျောနားကပ်ကာ ပုန်းနေသည်။
“ဟဲ့. . မိခင်ဘုန်း.. နင်ပြန်မလိုက်ဘူးလား. . . လိုက်မလား… ဒီကောင် ဘယ်လိုကောင်ဆိုတာ နင်သိပြီးသားလေ”
အစ်မက မျက်ရည် လည်ရွဲဖြင့် ပြန်ပြောသည်။
“သူ့မိန်းမနဲ့ ပြတ်စဲ ပြီးသားပါကြီးကြီး ကင်းကင်းရှင်းရှင်းပါ”
“ဘာ…အဲဒါနဲ့ပဲ နင်အပျိုလေးက သူ့ကိုယူရရောလား အ,အ မ လာစမ်း”
အမေက စိတ်တိုတိုဖြင့် ထီးနှင့်ဆွဲရိုက်သည်။ အဖေက မျက်နှာကြီးနီမြန်းလျက် အမေ့ကို ဝင်ဆွဲသည်။ “ဟဲ့…မြခ,,, ပြန်ကြစို့. . . ဒါရုံးတော်နော်”
အမေကား….တားမရ… အစ်မကို ထီးရိုးကျိုးသည်အထိ ရိုက်ဆဲဖြစ်သည်။
“မြခ. . တော်တော့ နင့်တူမက ဟိုကောင့်ဘက်ပါသွားပြီ နင်ဘယ်လိုထိန်းထိန်း. . ခု မပါ. . နောက်ပါမှာပဲ.. . လာ. . . ပြန်စို့”
ဒီစကားသံကြားမှ အမေ တွေခနဲ ဖြစ်သွားသည်။ ဟုတ်သည် အမေ့တူမက ဟိုကောင့်ဘက် ပါသွားပြီ အမေ မျက်ရည်လည်ရွှဲနှင့် အစ်မကို ဒေါသတကြီးပြော ဆိုခဲ့သည်။
“အေး…. နေခဲ့….မိခင်ဘုန်း နင်နဲ့ငါ သေခန်းပြတ်ပြီ… ငါသေလည်း နင်မလာနဲ့ နင်သေလည်း ငါမလာဘူး”
သည်လို .. ပြောပြီး တရားရုံးမှ အရှုံးနှင့် ပြန်ထွက်ခဲ့ရလေသည်။ သည်ကိစ္စမှာ အမေ အတော် စိတ်ထိခိုက်သွားဟန် ရှိသည်။ သုံးလေး ရက် ထမင်းမစားနိုင်ချေ။ ညဆိုလျှင် တဟင်းဟင်းနှင့် သက်ပြင်းတွေချပြီး အိပ်မပျော်နိုင်…အဖေတရားပြလည်း အမေ မမြင်နိုင်တော့ပြီ။ ကျွန်မတို့တစ်အိမ်လုံး ခြောက်ကပ်ကပ်ကြီးဖြစ်နေသည်… အစ်မကိုလည်း သတိရနေမိပါသည်။ အစ်မအဆင်ပြေပါလေစ. ….
တစ်လလောက်ကြာလျှင် အိမ်အနောက်ဘက် ရေတွင်း၌ ကျွန်မရေငင်နေစဉ် ရှူးရှူးဟု အသံကြား၍ လှည့်ကြည့်လိုက်ရာ အစ်မ ဖြစ်နေသည်။ ခြံထဲကို နောက်ဖေး..ခွေးတိုးပေါက်မှ ခိုးကြောင်ခိုးဝှက် ဝင်လာ ခြင်းဖြစ်သည်။ အမေကြိုက် တတ်သော ဟင်းခပေါင်းသီးများ တစ်ထုပ်ကြီးဝယ်လာသည်။ အစ်မက ကျွန်မတို့ နှင့် မနီးမဝေးရပ်ကွက်မှာ အိမ်ငှားနေသည်တဲ့။ အစ်မ အဆင်ပြေရဲ့လားဟု မေးတော့ အေး. . ပြေပါတယ် ဟိုလူကြီးက ရသမျှငွေ အစ်မကို ပေးတာပဲတဲ့။ သည်လိုနှင့်ပင် အစ်မ အိမ်ကို မကြာခဏ ခိုးလာလေသည်။ အမေ မရှိသောအချိန်တွင် အိမ်ထဲ၌ ထဲထဲဝင်ဝင်ပင် လျှောက်သွားနေပြီ. . . အမေလည်း. . . စိတ်ပြေစပြုပြီ. . မိုးတွေ သည်းသည်း မဲမဲရွာလျှင် အမေတစ် ယောက်တည်း ညည်းညူ သလိုပြောနေသည်။
“မိခင်ဘုန်းကို အတင်းရိုက်နှက်ပြီး ကျောင်းထားလိုက်ရမှာ စာမတတ်တော့ အကန်းပဲ၊ ဗဟုသုတ အလွန် ခေါင်းပါးတာပဲ… ကိုယ့်ဘဝကိုယ် တန်ဖိုးထား ရကောင်းမှန်းတောင် မသိရှာဘူး”
ဟု ပြောလေသည်။ တစ်နေ့မှာတော့ အစ်မ ဆေးဝင်ထုပ်ရင်း အသံကျယ်ကျယ်နှင့် ရယ်စရာ မောစရာ စကားများ ပြောကာ စကား ကြွယ်နေစဉ် အမေ ဖျတ်ခနဲ အိမ်ပြန်ရောက်လာသည်။ အစ်မက ပြေးပေါက်မရှိသည့် ကြွက်စုတ်ကလေးလို နံရံနားကပ်ပြီး ပေရပ်နေသည်. . အမေက မျက်နှာ ထားတင်းတင်းနှင့် ကြိမ်းမောင်းလေသည်။
“ညည်း မျက်နှာပြောင်နဲ့ ငါ့အိမ်ပေါ် ဘာလို့ တက်လာရသလဲ. . . ခုထွက်သွား”
“ကြီးကြီးပဲ တရားရုံးမှာပြောတော့ ငါသေရင် နင်မလာနဲ့ နင်သေရင် ငါမလာဘူးဆို. . . ခု ကြီးကြီးမှ မသေသေးဘဲ ခင်ဘုန်း လာမှာပေါ့.. သေမှ မလာရမှာ.. မဟုတ်ဘူးလား”
“ဒီအနှမ်းမ….ငါ့လက်ချက်မိတော့မယ်” ဟုသာ ပြောပြီး အမေ အိမ်ခန်းထဲ ဝင်သွားလေတော့သည်။ အမေနှင့်အစ်မကား ထိုအချိန်မှစ၍ တဖြည်းဖြည်း ပြန်လည်သင့်မြတ် သွားကြလေသည်။ မနက်ရှစ်နာရီထိုးလျှင် ကြီးကြီးရေဟု အဝေးမှ အော်လာသော အသံစာစာလေးကို နေ့တိုင်းလိုလို .. ကြားနေရသည်။ တစ်နေ့လုံး အိမ်မှာရှိသမျှ အလုပ်တွေ ကြုံးလုပ်သည်။ အမေ့အတွက် သနပ်ခါး သွေးပေးသည်။ လင်ယူပြီးမှ အစ်မက ပိုချစ်ဖို့ကောင်းလာလေသည်။
“ညည်း.. အိမ်ရှင်မ မဟုတ်ဘူးလား. . . အိမ်မကပ်တော့ ညည်းလင်က မဆူဘူးလား”
“အဲဒီလူကြီးက ရေခဲတုံးကြီး ကြီးကြီးရဲ့ ခင်ဘုန်း ဘာလုပ်လုပ် ဘာမှမပြောဘူး ကားတစ်ခါ ထွက်သွားရင် ၂ ညအိပ်လောက် ကြာတာ. . . သူရှိလည်း ဝရန်တာမှာထိုင်ပြီး ဆေးလိပ်ဖွာနေတာပဲ… ဟိုတစ်နေ့ ခင်ဘုန်းယူလာတဲ့ ဂေါ်ရခါးသီးနဲ့ ပန်းထုပ်တွေ ဟာ အဲဒီလူကြီး ရှမ်းပြည်က ဝယ်လာတာပေါ့. . ကြီးကြီး ကို လက်ဆောင်ပေးဖို့တဲ့ သူက ကြီးကြီးကို လာကန်တော့ချင်ရှာတာ ဟိုးတစ်နေ့က ပင်လောင်းလက်ဖက်ခြောက် လည်း သူဝယ်လာပေးတာပဲ”
“နေစမ်းပါဦး သူ့မိန်းမကြီးနဲ့ တကယ်ပဲ ပြတ်ပြတ်စဲစဲဖြစ်ရဲ့လား”
“ဖြစ်ပါတယ် ကြီးကြီးရဲ့ အဲဒီအကြောင်း စကားထဲ ထည့်ပြောရင်တောင် သူက မကြိုက်ဘူး. . .အငယ်လေး ၂နှစ်သား ကတည်းက ကွဲတာ ခုဆို ကလေးက ၅ နှစ် တောင်ရှိပြီတဲ့”
“အင်း… တကယ်ပဲ ပြတ်စဲရင်တော့ ကောင်းတာပေါ့အေ.. ဒီအကောင်က အပြောကလည်း ကောင်းပါ့”
“အပြောကောင်းသလို စိတ်ထားလည်းကောင်းပါတယ်ကြီးကြီးရဲ့. . ကျွန်မကအပျို သူကလူအို ကလေး နှစ်ယောက် အဖေဆိုပေမဲ့ ကျွန်မက ၅ တန်းအထိပဲ နေဖူးတာ သူက ပညာတတ် ၁၀ တန်း အင်္ဂလိပ်စာများ ဖတ်လိုက်ရင် ဒိုးဒိုးဒေါက် ဒေါက် ကြီးကြီးရဲ့”
“အေး… အဲဒီလို ဒိုးဒိုးဒေါက်ဒေါက်နဲ့ ညည်း ငေါက်ခနဲ ပါသွားတာပေါ့”
အမေနှင့်အစ်မ အချီ အချ စကားပြောကြသည်ကို ခိုးနားထောင်လျှင် အလွန် သဘောကျဖို့ ကောင်းပါသည်။ တခွိခွိနှင့် ပါးစပ်ပိတ် ရယ်ကြရပါသည်။ နောက်ပိုင်းမှာတော့ အိမ်ကို ကိုမင်းဝေ ကြီးပါ ဝင်ထွက်လာပါသည်။ အိမ်သားများအတွက် လက်ဆောင်များ . . . လူစေ့ တက်စေ့ ယူလာတတ်သဖြင့် အားနာဖို့တောင် ကောင်းနေပါသည်။ အစ်မကတော့ ကိုမင်းဝေကြီး အိမ်ကိုပါလာ ချိန်မှာ စကား အကြွယ်ဆုံးပါပဲ။
တစ်ခါမှာတော့ကိုမင်း ဝေကြီးကားနှင့် အစ်မ ရှမ်းပြည်ဘက် လိုက်လည်ပါသည်။ လက်ဖွာလှသည့် လင်မယား ပေမို့ ပြန်လာတော့ ဝယ်လာလိုက်တဲ့ လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်ကြီးပါပဲ။ တစ်ပတ်လောက် ခွဲခွာနေ လိုက်ရသော အစ်မကို ရှမ်းပြည်နယ်အကြောင်း ဗဟုသုတများ ဝိုင်းဝန်းမေးမြန်းကြရာမှ အစ်မ၏အတွေ့ အကြုံတစ်ခုကို ကြားလိုက်ရသောအခါ တအံ့တဩကြီး ဖြစ်သွားကြပါသည်။
“ငါကလေ ကားခေါင်းခန်းမှာ ထိုင်တယ်မဟုတ်လား. . . မျက်နှာချင်းဆိုင်က..ကုန်ကားကြီးတစ်စင်း မောင်းလာပါလေရော. . .အဲဒီကားကြီးက တို့ကားနဲ့ ဘေးချင်းယှဉ်ရပ်ပြီး ကားမောင်းသမားချင်း နှုတ်ဆက် ကြတာပေါ့.. အဲဒီမှာ ကုန်ကားကြီး ကားမောင်းသမားက လှမ်းပြောတယ်သိလား..
“ကိုမင်းဝေ ခင်ဗျား စမောလေးသိပ်လှပါလား…နောက်ည ကျွန်တော့်ကိုမျှဗျာ” တဲ့။
သည်စကားကို ကြားရလျှင် ကျွန်မတို့ အထိတ်တလန့်တအံ့တဩနှင့်ပါးစပ် အဟောင်းသား ဖြစ်သွားကြပါ သည်။ ကျွန်မတို့လည်း လူမှု ကိစ္စများကို အတော်အသင့် နားလည်သောအရွယ်ရောက် နေပါပြီ။ စမောဆိုတာ ဘာကိုဆိုလိုမှန်း သိပြီးပါပြီ။ ကိုမင်းဝေကြီး ကားထွက်တိုင်း.. ကားခေါင်းခန်းမှာ အပျော်မိန်းမတွေကို ခေါ် တင်နေတတ်ပါသလား အဲဒီလိုဆို ဒုက္ခပါပဲ။
တို့အစ်မကတော့ သည်လိုမတွေး. . . သူတို့က ငါ့ကို … ဟိုလူကြီးမိန်းမလို့ မထင်ကြဘူးဟ၊ ဟိုလူကြီး မိန်းမဆိုရင် ဝဝခန့်ခန့်ကြီးလို့ ထင်ထားတာဖြစ်မယ်။ ငါက ငယ်ငယ်ချောချောလေးဖြစ်နေတော့ အထင်မှားတာဖြစ်မှာပေါ့။
“အစ်မကလည်း ကိုမင်းဝေကြီး မကောင်းတဲ့မိန်းမတွေ ကားပေါ်ခေါ်တင်နေ ဦးမယ်”
“အောင်မယ်လေး..ဝေလာဝေး.. ဝေလာဝေး. .ခုတောင် အဲဒီကားသမားကို အရမ်းစိတ်ဆိုးသွားတာ ခင်ဗျား… ပေါက်ကရတွေ မပြောနဲ့ ဒါကျုပ်မိန်းမဗျ တဲ့၊ အော်ပစ်လိုက်တာ ဟိုလူက ဟာဗျာ… မသိလို့ ဆောရီးလို့ပြောပြီး မောင်းပြေးသွားရော”
“သူ…..အစ်မကို ဘာပြောသလဲ”
“သူ…အကြာကြီး ငြိမ်သွားတယ် . . . ပြီးမှ ခင်ဘုန်း….နောက်ကို အစ်ကိုနဲ့ဘယ်တော့မှ ကားလိုက်မစီးနဲ့.. ဒီကောင်တွေ အတော် ပါးစပ်သရမ်းတယ်. . . တဲ့ သူ… အတော်ဒေါပွသွားတာ….. နင်တို့ကို မြင်စေ့ချင်တယ်… မျက်ထောင့်ကြီးနီပြီး ဟိုကားသမားကို ချက်ချင်း ထထိုးတော့မယ့်အတိုင်းပဲ”
အစ်မက သူ့လူကြီး အပေါ် ယုံယုံကြည်ကြည်ရှိလှပြန်တော့ ကျွန်မစိတ်ထဲက သံသယပင် လွင့်စင်သွား
ပြန်သည်။ အစ်မကတော့ သည်ပြဿနာကို ပေါ့ပေါ့ပါးပါးပင် သဘောထားကာ ကိုမင်းဝေကြီး ဝယ်ပေးသည့် ဆွယ်တာများ အလွန်လှပကြောင်း ဆက်ပြောနေလေတော့ စမောလေး.. နောက်ညမျှခိုင်းသည့် ကိစ္စပင်.. မေ့လျှော့သွားကြပါသည်။ ကိုမင်းဝေကြီးကလည်း ကျွန်မတို့ အမြင်မှာဖြင့် ထူးထူးခြားခြား ဝေဖန် အပြစ်ထောက်ပြ စရာ မရှိပါ။ ကလေး ၂ ယောက် အဖေကြီး ဖြစ်နေသည်မှ အပ အနေအထိုင်လည်း အတော်အေးဆေး သည်။ အစ်မ ဘာလုပ်လုပ်… ဘယ်လိုနေနေ ငြိုငြင်သည့် ဟန်ပန် တစ်စက်တစ်ရွေးပင် မပြ အားလုံး မရွှေဘုန်း သဘော.. အရာရာ မရွှေဘုန်းသဘော ဆိုပြန်တော့လည်း ကျွန်မတို့ ညီအစ်မပါ ကိုမင်းဝေ ဘက်တော်သားများ ဖြစ်သွားကြပါသည်။
ဆွေမျိုးစုများ ပြေပြေလည်လည်ဖြစ်သွားကြသော်လည်း အစ်မတို့လင်မယားမှာ ဟာကွက်ကြီးတစ်ကွက် ရှိနေပါသည်။ အိမ်ထောင်သက် ၂ နှစ်ကျော်ပြီ ဖြစ်သော်လည်း သူတို့ ကလေးမရကြပါ။ အစ်မကဖြင့် ကလေးရူး အတော်ရူးပါသည်။ ကလေးရနိုင်သော အင်းအိုင် ခါးလှည့် လက်ဖွဲ့များ သူ့ထံ မှာ အတော်စုံလင်ပါသည်။ ကလေးဆုပန်၍ ရနိုင်သည် ဆိုသော ဘုရားများကို အရောက်သွားလေ့ရှိပါသည်။ ကြုံရာအဖော်နှင့် ပါသွားတာ များပါသည်။ ပျဉ်းမနားဘက် ပန်းသွားတင်သော အဒေါ်ကြီးများနှင့်လည်း လိုက်သွားတတ်ပါသေးသည်။
ကိုမင်းဝေကြီးကတော့ ဘာမှထူးထူးထွေထွေ မပြောပါ. . အိမ်ပြန်လာ၍ အစ်မ မရှိလျှင် ဝရန်တာမှာ ရေနွေး ကြမ်းတစ်အိုးနှင့်ထိုင်ရင်း ဆေးလိပ်ထိုင်ဖွာနေတတ်ပါသည်။ တစ်ခါမှာတော့ အစ်မ ပျဉ်းမနားဘက်မှ အပြန် ၇နှစ်အရွယ် ကလေးငယ်တစ်ယောက် ခေါ်လာပါသည်။ ကလေးက ယောက်ျား လေးပါ။ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူ၊ မျက်လုံးနက်နက် တောက်တောက်ကလေးနှင့် ချစ်ဖို့ကောင်းပါသည်။
“ဟဲ့. . မိခင်ဘုန်း. . ညည်း ဘယ်သူ့ကလေး ခေါ် လာတာလဲ… ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်နဲ့နော်” “မရှုပ်ပါဘူး ကြီးကြီးရဲ့ ကလေးက လိမ္မာလွန်းလို့ပါ ကိုမင်းဝေ နယ်ထွက်သွားတော့ ခင်ဘုန်း အဖော်ရ တာပေါ့”
အမေက သည်မျှပဲ ပြောပြီး ဘုရားပန်း ဆက်လဲနေပါသည်။ အစ်မပြန်သွားမှ. . . အမေက သက်ပြင်း ကြီးချပြီး ညည်းညူပါသည်။
“မိခင်ဘုန်း. . . မိခင်ဘုန်း သနားစရာကောင်း လိုက်တဲ့ ကလေးမ၊ ကလေး လိုချင်တာ တစ်ပိုင်းသေနေ ရှာပြီ။ ခုသူများကလေးတွေ ခေါ်ချလာတာသာ ကြည့်ပေတော့၊ ကိုယ်ကလေး မရလည်း ဘာဖြစ်လဲ သူများ ကလေးနဲ့ အစားထိုးရုံပေါ့လို့ သူလွယ်လွယ်လေးတွေးထား မှာပေါ့”တဲ့။
အမေ သူ့တူမအတွက် စိတ်မကောင်းဖြစ်နေရှာ၍ ဆူဆူပူပူစကားများ ဆက် မပြောတော့ခြင်း ဖြစ်ပါသည်။ တကယ်တမ်းမှာတော့ အစ်မက အမေထင်ထားသည်ထက် များစွာ ခြေလှမ်းသွက် လေသည်။ အစ်မ ပျဉ်းမနားဘက် ဘုရားဖူး သယောင်ယောင် ပန်းမျိုးဝယ်သူများနှင့် အပျော်လိုက်သွား သယောင်ယောင် ပြုလုပ်နေသည်မှာ အလကား မဟုတ်ပါ. . . သူ ပျဉ်းမနား အယောင်ပြပြီး သာဝတ္ထိသို့ သွားနေခြင်းဖြစ်သည်။ သာဝတ္ထိမှာ ကိုမင်းဝေ၏ မိန်းမကြီး မအေးမူရှိ သည်… မအေးမူကား အတော်နွမ်းပါးနေရှာပြီ. .
——-
ကလေးအတွက် ကျောင်း စရိတ်ရှာရ စားဝတ်နေရေး လုံးပန်းရခြင်းဖြင့် အတော်ကို ပင်ပန်းနေပါပြီ။ သူ့ကိုပစ်ပြီး နောက်မိန်းမယူသွားသည့် ကိုမင်းဝေကိုလည်း စိတ်နာ လှသည်။ သူ့အကူအညီလည်း မယူလိုပြီ.. ခုတော့ ရွာထိပ်ညောင်ပင်ကြီးအောက်၌ အကြော် ကြော်ရောင်းနေရရှာသည်. . . အစ်မ,သည်ဆိုင်မှာ အကြော်ဝယ်စားသည်. . . . ထင်းမီးထိုးပေးလိုက် အကြော်ဆယ်ပေးလိုက်နှင့် ကူညီလိုက်သေးသည်။ နောက်တော့ မအေးမူ အစ်မကို ခင်မင်လာသည်. . ။ သူ. . ကိုမင်းဝေ၏ နောက်မိန်းမ ခင်ဘုန်းတင့်ကို မမြင်ဖူးသေးချေ. . အစ်မနှင့် အတော်ရင်းနှီး သွားမှ အစ်မက သူ ခင်ဘုန်းတင့် ဖြစ်ကြောင်း. . . အိမ်ထောင်ရှိမှန်း မသိ၍ လက်ခံခဲ့မိကြောင်း..ပြီးမှ စိတ်မကောင်းအလွန်ဖြစ်ရကြောင်း မျက်ရည် တစမ်းစမ်းနှင့် ပြောပြလေသောအခါ . . မအေးမူပင် ငေးငေးငိုင်ငိုင်ကြီး ဖြစ်သွားလေသည်။ မျက်ရည်စတွေကို အင်္ကျီလက်ဖြင့် ပင့်ကာ ပင့်ကာသုတ်ရင်း “မင်းဝေ…… မင်းဝေ….. သူများသားသမီး သဘောဖြူဖြူလေးကို လိမ်ညာပြီး အငယ်အနှောင်းပြု ရက်တယ်… ယောက်ျား ဆိုတာ ဒီလိုပါပဲ.. ခင်ဘုန်း တင့်ရယ်’ဟု ပြောရှာသည်။ အစ်မနှင့် မအေးမူကြီး. . . ခရီးစဉ် ၄ ခေါက်လောက်မှာပင် စည်းစည်းလုံးလုံး ဖြစ်သွားခဲ့သည်။ အစ်မက ဝယ်သူများကို အကြော်ပန်းကန် အချဉ်ရည်ချပေးရသော အငယ်ကောင်လေးကို အလွန်ချစ်လေသည်။ ကောင်လေးနာမည်က ရန်မျိုးနိုင် တဲ့ အရပ်ထဲကတော့ ပုလုံးငယ်ဟု ခေါ်ကြပါသည်။ အစ်မက ပုလုံးငယ်ကို အရုပ်လေးများ. . . စာအုပ် ဘောလ်ပင်များ ဝယ်ပေးလေသောအခါ ပုလုံးငယ်ကလည်း အစ်မကိုချစ်လေသည်။
“ရန်မျိုးနိုင်ရေ. . .မင်း… ဒေါ်ဒေါ်ပြန်ရင် တောင်ငူ လိုက်လည်ပါလား” ဆိုတော့ ပုလုံးငယ်က သူ့အမေမျက်နှာ လှမ်းကြည့်သည်။ မအေးမူကလည်း အစ်မကို ချစ်သနားလေးမို့ အစ်မ စေလိုရာစေ အစ်မ စကားတစ်ခွန်း ဖြစ်နေပြီ
“လိုက်သွားလေ. . ကျောင်းဖွင့်မှပြန်လာပေါ့. ဟိုမှာ ဒေါ်ဒေါ့် စကားနားထောင်… ဒေါ်ဒေါ်ကို ကူညီလုပ်ကိုင်ပေးနော်”
သည်လိုနှင့်ပင် ပုလုံးငယ်တစ်ယောက် အစ်မနှင့် တောင်ငူပါလာခြင်း ဖြစ်သည်။ ကိုမင်းဝေကြီး အလုပ်မှ
ပြန်လာတော့ ပုလုံးငယ်က အိမ်ရှေ့ဝရန်တာမှာ ဆော့ကစားနေသည်. . သူ့သား ကို ၅ နှစ် ခွဲခွာနေရသည်မို့ မမှတ်မိတော့ချေ. . ။ ဒါ. . ဘယ်က ကလေးလဲဟုတစ်ခွန်း သာမေးသည်။ သိပ်စိတ်ဝင်စား၍ မေးခြင်းလည်း မဟုတ်ပါ… ခင်ဘုန်းသဘော တစ်ခုပဲမဟုတ်ပါလား။
“ဒါ. . . ရန်မျိုးနိုင် လေ.. အစ်ကို.. အစ်ကို့ သားလေ”
ဆိုမှ ပါးစပ်ကြီး အဟောင်းသားနှင့် တအံ့တသြ ဖြစ်သွားလေသည်။
“မင်းကို သာဝတ္ထိ ဘက်ယောင်လို့တောင်မသွားပါနဲ့လို့ မှာထားရက်နဲ့ ဘာလို့သွားရတာလဲ ခင်ဘုန်းရယ် ဟိုက စိတ်အခန့်မသင့် လို့ ဆွဲပြုရိုက်ရင် မခက်ပါလား. . . ညည်းတစ်ယောက် တည်း လုပ်ချင်ရာလျှောက်လုပ်နေတာ ကံကောင်းပေလို့သာပေါ့ . . အင်း. . . အစ်ကိုက မပြတ်နိုင်ရင်တောင် ညည်းက စိတ်ဆိုးရမှာ ခုတော့. . . ညည်းက ကြိုးစားပမ်းစား ပြန်ဆက်သွယ်ပေးနေတယ်. . ခင်ဘုန်း. . . ခင်ဘုန်း. . . ညည်းကလေး စိတ်ထားကတော့ ရှားမှရှားပါပဲ” ဟု ညည်းညူသလို ပြောရှာသည်။
အစ်မကလည်း. . .တကယ့်ကို အံ့ဖွယ်ကောင်း တဲ့ ခင်ဘုန်းပါပဲ။ လင်ပါသားလေးကို သူများတွေ ခေါ်သလိုပင် ပုလုံးငယ်ဟု မခေါ်ရက်. . ရန်မျိုးနိုင်. . ရန်မျိုးနိုင်နှင့် သားအရင်းနှင့်မခြား ချစ်ရှာသည်။ ရန်မျိုးနိုင်ကလည်း ကျောင်းဖွင့်၍ အိမ်ပြန်ရလျှင်ပင် မျက်ရည်တစမ်းစမ်း ဒေါ်ဒေါ့်ကို လွမ်းနေရှာပြီ။ ဒေါ်ဒေါ် တံခါးချက်ကို သေချာစစ်ပြီး မှ အိပ်နော်… တော်ကြာ ဟိုတစ်ခါလို တံခါးချက်ချဖို့ မေ့နေဦးမယ်ဟုပြောရင်း. . နောက်ဆံတငင်ငင် ဖြစ်နေရှာသည်။
“ဒါ …ရှေးကပြုခဲ့ တဲ့ ရေစက်တွေပဲ. . ဘယ်လိုမှ လွှဲဖယ်လို့ မရဘူး”ဟု အမေက ဝေဖန် လေသည်။
တစ်နေ့မှာတော့ အစ်မ ပုလုံးငယ်ကို လက်ဆွဲ၍ အိမ်ရောက်လာသည်။ အဖျားပြတ်ဆေး ၂ဖုံလောက် ပေးပါ ကိုမင်းဝေကြီး ရှမ်းပြည်က အပြန်ငှက်ဖျား ပါလာလို့တဲ့. . .အမေက ဆေးစပ်ပေးလိုက်လျှင် အိမ်မှာ ဖင်ပူအောင်ပင် မထိုင်ဘဲ ခပ်လောလော ပြန်ထွက်သွားကြသည်။ သည့်နောက်ပိုင်း အစ်မ အိမ်အလာကျဲ သွားပြန်သည်. . . လာပြန်လျှင်လည်း ကိုမင်းဝေ၏ ကျန်းမာရေးအကြောင်းသာ ပြောဖြစ်လေသည်
“သူ့အဖျားက ငှက်ဖျားမဟုတ်ပြန်ဘူးတဲ့ ကြီးကြီးရဲ့ အူရောင်ငန်းဖျားဆိုလား ဘာဆိုလား ဖြစ်နေဆိုပဲ.. တစ်ဆေးခန်းသွား တစ်မျိုးပြော ခုနောက်ဆုံးဆေးခန်းက ရန်ကုန်သွားပြဖို့ ပြောနေပြန်ပြီ”
“ဟင်.. ဟုတ်လား.. မင်းဝေကြည့်ရတာ.. ဖြူဖတ်ဖြူရော်ကြီး အတော်အားနည်းနေပုံပဲ…ဒါနဲ့ ဓာတ်မှန်ကောရိုက်ကြည့် ပြီးပြီလား”
“အို.. သွေးစစ်. . ဆီးစစ်. . . ဓာတ်မှန်ရိုက်တွေ စုံနေအောင် လုပ်ကြတာပါပဲ ကြီးကြီးရယ် သူ့ဟာက အနာနဲ့ဆေး တလွဲဖြစ်နေ ထင်ပါရဲ့”
“အေး. . ဒါဆိုလည်း ရန်ကုန်သွားကြပေါ့အေ… ပိုက်ဆံလိုရင် အိမ်ကယူသွားပေါ့”
“မလိုဘူး ကြီးကြီး ခင်ဘုန်းမှာ အစ်ကိုဝယ်ပေး ထားတဲ့ ရွှေတွေရှိပါတယ်..”
“အေး. . . အေး .. လိုရင်ပြော ရန်ကုန်ကို မိလှိုင် ခေါ်သွားပါလား”
“ရပါတယ်ကြီးကြီး. . ဟိုမှာ ကိုမင်းဝေ မိတ်ဆွေတွေရှိပါတယ်. . ကလေးတွေ.. အလကား ပင်ပန်း နေပါ့မယ်”
သည်တစ်ခါမှာဖြင့် ကိုမင်းဝေကြီး ကျန်းမာရေးကိစ္စက အရေးကြီးနေပြီမို့ အမေတို့ တိုင်တိုင်ပင်ပင် စီစဉ်နေကြပါသည်။ သူတို့နှစ်ယောက်ကြား အဆူအပူ အငြင်းအခုံတွေပင် မကြားရတော့ပါ။ အစ်မတို့ လင်မယား ရန်ကုန်ဆေးကု ထွက်သွားပြီးလေမှ ကိုမင်းဝေကြီး နှင့်ပတ်သက်သည့် သတင်း ဆိုးများ ဟိုတစ်စဒီတစ်စ ဖြင့်ကြားလာရလေသည်။ သူ ဖြစ်နေတာက ဟိုရောဂါ ဆိုး.. လေးလုံးရောဂါကြီး တဲ့။ ဒီဆေးခန်းက ဒီရောဂါ လို့ပြော အစ်မက အခြား ဆေးခန်းကို ပြောင်း. . . နောက်ဆေးခန်းကလည်း သည်ရောဂါပဲပြောပြန်၊ အစ်မက နောက်တစ်ခန်း ထပ်ပြောင်းပြန်နှင့် အတန်ကြာ လုံးချာ လည်နေပြီးမှ. . . . သူတို့ ရန်ကုန်ထွက်ပြေးကြခြင်းဖြစ် သည်. . . တဲ့။
အို… ဖြစ်မှဖြစ်ရ လေ. . . သည်စကားတွေ ကြားရတော့ အမေ… အလွန်စိတ်ထိခိုက်တုန်လှုပ် သွားလေသည်။ ကံဆိုးလိုက်တဲ့ ကလေးမ…လင်ဆိုးဆီက ရောဂါတွေ သူ့ဆီ ကူးကုန်မှဖြင့် ဒုက္ခပါပဲဟု ညည်း ရှာသည်။ ကျွန်မတို့ကတော့ ကိုမင်းဝေကြီး လေးလုံး ရောဂါဖြစ်နေသည်ဟုကြား ကြားချင်း အစ်မပြောဖူး သော ကားပေါ်က စမောလေး ဆိုသည့် ဇာတ်လမ်းကို ပြေးသတိရလိုက်ပါသည်။ ဒါမျိုးတွေနှင့် ရှုပ်ထွေးနေ သည့် ကားပေါ်မှာ လေးလုံး ရောဂါပိုးတွေလည်း တပျော် တပါးရှိနေကြမှာပေါ့။ ကျွန်မ ကတော့ အစ်မကို သနားလှ ပါသည်။ သည်ရောဂါ အတွက် ဆေးကောင်းတွေ မြန်မြန်ပေါ်ပါစေ။ ကိုမင်းဝေ ကြီး မြန်မြန်ကျန်းမာလာပါစေ…
အစ်မတို့ ရန်ကုန်က ပြန်ရောက်သည်နှင့် အစ်မ အိမ်ကိုချက်ချင်းပင် ရောက်ချလာပါသည်။ အစ်မအနည်း ငယ် ပိန်သွားသော်လည်း မျက်နှာကအံ့ဩဖွယ်ကောင်း လောက်အောင် လန်းလန်း ဆန်းဆန်းဖြစ်နေပါသည်။
အမေက ဒဲ့ဒိုးပင် မေးပါသည်။
“ဟဲ့ မိခင်ဘုန်း ညည်း ယောက်ျားရောဂါကိုရန်ကုန် ဆေးခန်းကဘာပြောသလဲ. . ဒီမှာပြောနေကြတာကတော့ မင်းဝေက ၄ လုံးရောဂါဆို”
အစ်မက အပြုံးမပျက်ချေ.. အမေ့ဘေးထိုင် ကာ ချဉ်ပေါင်ရွက် ဝင်သင် ပေးရင်း ပြောသည်။
“အလကား… လျှောက်ပြောနေကြတာပါ ကြီးကြီးရယ် ဓာတ်ခွဲခန်းတွေကလည်း မှန်တာမဟုတ်ပါဘူး။ လူနာနဲ့အဖြေ လွဲရေးချင် ရေးနေကြတာပါ… ဟိုရုပ်ရှင်တောင် ရှိသေးရဲ့ မဟုတ်လား သွေးစစ်အဖြေ အမှားကြီးကို ယုံပြီးဇာတ်လိုက်က သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အားလုံးလှူပစ်ရော. . .သူသေတော့မယ် ထင်သွားတာ ပေါ့ .. ပြီးမှ သွေးစစ် အဖြေ အမှားကြီးဖြစ်နေတော့. .. ပက်လက်လန်ပါလေရောလား…”
အစ်မက AIDS ဟာသရုပ်ရှင်ကားအကြောင်း ရယ်ရွှမ်းပတ်ရွှမ်းပင် ပြောပြနေသေးသည်။
“ပြီးတော့ ဒီရောဂါက လည်း မျိုးရိုးလိုက်တယ် … ကြီးကြီးရဲ့… အစ်ကိုက မျိုးကောင်းရိုးကောင်း… သူ့မိဘတွေမှာ ဒီလိုရောဂါ မျိုး မကြားဖူးပါဘူး မိဘ နှစ်ပါးလုံး လူကြီးရောဂါနဲ့ပဲ အိုမှ သေကုန်ကြတာပါ”
“ဘာမျိုးရိုးရောဂါလဲ. . ငါဖြင့် ဒီလိုမကြားဖူးပါဘူးအေ”
“မျိုးရိုးရောဂါပေါ့ ကြီးကြီးရဲ့ . . . အဖေဖြစ်ရင် အမေဖြစ်တာပဲ. . . အဖေဖြစ်ရင် သားလိုက်ဖြစ်တာပဲ…ဒါမျိုးရိုးလိုက်တာပေါ့ .. အစ်ကို့အဖေက အရမ်းအိုမှ အဆုတ်ပွပြီး သေသွားတာ ကြီးကြီးလည်း သိနေတာပဲ”
အစ်မ၏ ကြီးကျယ်ခမ်းနားလှသော အတွေးများ တွင် အမေပင် ခေါင်းရှုပ် သွားခဲ့သည်။ ဘယ်လိုပြန် ချေပရမည်ပင် အမေမသိနိုင်တော့ပြီ။ အမေက.. ဦးနှောက်ခြောက် မခံတော့ဘဲ လိုရင်းကိုဆက်မေးသည်။
“ခုကော ရန်ကုန် ဆေးခန်းကြီးတွေကဘာပြော လဲ… ဘာရောဂါတဲ့လဲ”
“ဆေးခန်းတွေ ကို သွားပြတာမဟုတ်ဘူးကြီးကြီးရဲ့ ပျောက်စေဆရာသိန်းကြီး ဆိုတာကို သွားပြတာ… ဆရာကြီးက သိပ်တော်တာ ကြီးကြီးရယ် … ကိုမင်းဝေ မျက်နှာကိုမြင်မြင်ချင်း ရောဂါ ကိုတန်းသိတာပဲ. . အလုပ် တူ လုပ်ဘက်ချင်းအငြိုးထား အပင်းသွင်းထားတာတဲ့… သူကယ်ပေးမယ်တဲ့၊ ခုတော့ ကိုမင်းဝေကို ဝတ်ကြောင်စွန့် ပြီး အညိုရောင်ဝတ်ခိုင်းထား တယ်… အတော်လည်း ကျန်းမာသွားပါပြီ. .အစားလည်းစားနိုင်လာတယ်. . . ဖျားလည်း မဖျားသလောက်ပါပဲ”
“ဟင်…ညည်းတို့ ကလည်းလေ ရန်ကုန်ကြီး ဆေးသွားကုပြီးမှ ဒီပျောက်စေဆရာနဲ့ ကုရတယ်လို့ ဆေးခန်းမှာ အသေအချာစစ်ပြီး တိတိကျကျကုသင့်တာပေါ့”
“အခု အများကြီး သက်သာသွားပြီလေ ကြီးကြီးရဲ့၊ လူလည်း တည်ငြိမ် အေးချမ်းလို့. . . ညတိုင်း ပုတီးစိပ်တာများ ဂုဏ်တော်တစ်ထောင်ကို တစ်ရက်မှ မပျက်ဘူး”
“အေး. . . ညည်းတို့ အရပ်နဲ့ညည်းတို့ဇာတ် ကိုက်နေတာပဲ ကြည့်လုပ်ကြပေါ့”
အစ်မက AIDS ကို မကြောက်တာလား. . မလန့်တာလား နားမလည်တာလား… နားမလည်ချင်ယောင်ဆောင်တာလား.. ကြောက် လွန်းလို့ ကွေ့ပတ်ရှောင် တာလား … ဘာရယ်တော့ အတိအကျမသိ။ အစ်မကတော့ ဒီရောဂါဆိုးကြီးကိုပေါ့ပေါ့ပါးပါးပင် ရင်ဆိုင်သွားခဲ့သည်။ သူကပင် နိုင်သွားပြီလိုလို ဝမ်းပမ်းတသာ ပြောဆိုနေခဲ့သေးသည်။ နောက်ဆုံး စာရင်းချုပ်လိုက်ပြန်တော့လည်း ထုံးစံအတိုင်း AIDS ကပင် အနိုင်ယူသွားလေသည်။
ကိုမင်းဝေ အညို ရောင်ဝတ်စုံဝတ်ပြီး ဥပုသ်ဆောင် ဝင်နေချိန်မှာပင် ဆုံးသွားခဲ့သည်။ သည်ရောဂါ ဖြစ်ပြီး ၂လခန့်အကြာ ကိုယ် ခန္ဓာ သိပ်မယိုယွင်းချိန်မှာ ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဒူးရင်းသီးနှင့် ထမင်းပူပူ နယ်စားပြီး နာရီဝက်အကြာ မူးမေ့လဲကျသေဆုံးသွားခြင်း ဖြစ်သည်။ အစ်မကပင် သေဆုံးရခြင်းအကြောင်းရင်း ကို တိတိကျကျ အမည်တပ် လိုက်ပါသည်။ ဦးနှောက် သွေးကြောပြတ်၍သေဆုံး ခြင်းတဲ့ ပတ်ဝန်းကျင်ရှိ မိတ်ဆွေများကလည်း အစ်မ ကိုသနားပြီး ဒီလိုပင် ခေါင်း ညိတ်အတည်ပြုပေးလိုက်ကြပါသည်။
ကိုမင်းဝေကြီးကတော့ အစ်မကိုထားခဲ့ပြီ. . ။အသေအချာကို ထားခဲ့ပါဟုလည်း ကျွန်မက တောင်းပန်လိုပါသည်။ အစ်မကို သူနဲ့အပါ ခေါ်သွားမှာ စိုးရိမ်လွန်းလို့ ပါ။ ကိုမင်းဝေကြီး အသုဘ မှာ အစ်မ ရင်ကွဲပက်လက် ငိုပါသည်. . . မအိပ်မစား ဆံပင်ဖားလျားချလျက် အစ်မ ၏ ပူပုံပန်းအသွင်မှာ သနား စဖွယ်ကောင်းလှပါသည်။ ကျွန်မကဖြင့် အစ်မမျက်ရည် တွေကို နှမြောပါသည်။ လင်ကို လူကဲ့ရဲ့မခံရအောင် ရောဂါဆိုးကြီး၏ အပုပ်နံ့ မထွက်အောင်ဖုံးဖိနေရသည့် အစ်မကို ကျွန်မသနားလှပါသည်။ အစ်မက သည်ရောဂါ ကို အလွန်ကြောက်ရွံ့ထိတ် လန့်ဟန်ရှိပါသည်။ သည်ရောဂါအကြောင်း နားဝလေသံ ပင် မကြားလိုပါ. . . သည် အကြောင်းပြောလျှင် စိတ်ဆိုးတတ်ပါသည်။ အလွန်ရှက်ရွံ့ဖွယ်ရောဂါ လူတောထဲ မပြောဝံ့ လူသိမခံဝံ့သော ရောဂါအဖြစ် သူမှတ်ယူထားပုံရပါသည်။ သူ ဒီရောဂါကြီး ကို ကြောက်လန့်လွန်း၍ သူ့ အသိစိတ်ထဲမှ အတင်းနှင် ထုတ်ပစ်ပါသည်။ အတင်းပင် မေ့ပျောက်နိုင်အောင်ကြိုးစားခဲ့ပါသည်။
ကိုမင်းဝေကြီးဆုံးပြီး တစ်လခန့်ကြာသောအခါ အစ်မပုံမှန်အနေအထားသို့ ပြန်ရောက်စပြုလာပါသည်။ ပုလုံးငယ်ကလည်း အစ်မနှင့် နေထိုင်ရန် ကျောင်းထွက်၍ တောင်ငူသို့အပြီး ပြောင်းရွှေ့လာပါသည်။ ကိုမင်းဝေကြီးကို ဟိုကု ဒီကုလုပ်လိုက်ရ သဖြင့် အစ်မ စုဆောင်းထားသော ရွှေများ အတော်ပြုတ် ထွက်သွားပါသည်။ ယခု ငွေရှာပေးသူလည်း ဆုံးသွား ပြန်သောအခါ အစ်မရရာ အလုပ် ဝင်လုပ်ရလေတော့သည်။ ကိုမင်းဝေ ဆုံးပြီးမှ ပုလုံးငယ်ကလေးက အစ်မ အပေါ် အခေါ်အဝေါ်တွေ ပင်ပြောင်းလာသည်။ ‘အမေ’တဲ့ အစ်မကလည်း အားကိုး တကြီးဖြင့် ခေါ်လိုက်သည်မှာ ‘သားကြီး’တဲ့။ အမေ ခင်ဘုန်းနှင့်သားကြီး ရန်မျိုး နိုင် တက်ညီလက်ညီ စီးပွား ရှာလိုက်ကြသည်မှာ တစ်ခါ တရံ မုန့်ဟင်းခါးသည်ဖြစ် တစ်ခါတစ်ရံ ကောက်ညှင်းပေါင်းသည်ဖြစ် နှစ်ယောက်သား သနပ်ခါးလေးတွေ ဖုံဖုံလိမ်းလို့ ဪ. . . လိုက်လည်းလိုက်တဲ့ သားအမိ ဟုသာတွေးမိပါတော့သည်။
ကျွန်မကတော့ သည် AIDSရောဂါကြီးကို မုန်းမုန်းနှင့်ပင်အတော်လေ့လာထားခဲ့ပါပြီ. . . လေ့လာပြီးသမျှ အစ်မကို တတွတ်တွတ်ပြန် ပြောပြနေမိသည်။
“ဒီရောဂါကုဖို့ ဆေးပေါ်နေပြီအစ်မ ဆေးမှန်မှန်ကန်ကန်သောက် မယ်ဆိုရင်. . . သူများနည်းတူ အသက်ရှည်ရှည်.. . နေသွားနိုင်တယ်.. ဒါကြောင့် အစ်မ ဒီရောဂါပိုး ကိုယ့်မှာရှိမရှိ အမြန်ဆုံးသိရဖို့လို တယ်. . . ရှိရင် စောစောကု ရောဂါဆိုးကြီး ထကြွသောင်းကျန်းလာမယ့် အချိန်ကို ကြို တားနိုင်တာပေါ့… ဒီပိုး တွေက ရောဂါအသွင်ပြောင်းသွားရင် ဝေဒနာတွေရှုပ်ထွေးလာရင် ဆေးမနိုင်တော့ဘူးသိပ်ကို ကြောက်ဖို့ကောင်း သွားပြီ”
ကျွန်မဘယ်လိုပြော ပြော အစ်မက နားမဝင် သေချာလည်းနားစိုက်မထောင် စကားလှီးလွှဲပစ်တာများပါ သည်။ အစ်မရယ်. . သွေး စစ်လိုက်ပါ. . . လှိုင်ပါလိုက် ခဲ့မယ်နော်… ဟုချော့မော့လျှင် အေး စစ်တာပေါ့.. အစ်မ ခုမအားသေးလို့ပါ…ဘာညာနှင့် ကွေ့ရှောင်နေလေသည်။
“သိပ်လည်း စိတ်ပူမနေပါနဲ့ ညီမလေးရယ် သူ့အဖေက ဒီရောဂါကြီးဆိုရင်.. သူ့သား ရန်မျိုးနိုင်မှာလည်း ဒီရောဂါရှိရမှာပေါ့.. ရန်မျိုးနိုင်များ ကျန်းမာလိုက် တာ ဒေါင်ဒေါင်မြည်လို့. . . ဒါကြောင့် ကိုမင်းဝေမှာလည်း ဒီရောဂါမရှိဘူး အစ်မလည်း ဒီရောဂါနဲ့ပတ်သက်စရာမလိုဘူး ဆိုတာကို လှိုင်လှိုင် ယုံစမ်းပါ”
ရော်… တို့အစ်မကတော့ ခက်ပြီ.. သိသိကြီးနဲ့ကို ခေါင်းမာနေပြီ… ကိုယ့် အချင်းချင်းတောင် လက်တစ်လုံးခြား လှည့်စားနေပြီ၊ ဝေ့လည်ချောင်ပတ် နှင့် အတင်းထွက်ပြေး ကွေ့ ရှောင်နေသော အစ်မကို လိုက်ဖမ်းရခက်လှသည်။
တစ်ခါတစ်ခါတော့လည်း လောကဓံကို ကြံ့ကြံ့ခံပြီး အပြုံးမပျက် အလိုက် သင့် အလျားသင့်နေသွားနိုင်သော အစ်မကို ချီးမွှမ်းမိ သည်။ အနားမှာလည်း အစ်မ ကြံဖန်ရှာဖွေလာသော သားကလေးက အဆင်သင့် မဟုတ်ပါလား။ အမှန်တော့ အစ်မက ပုလုံး ငယ်၏ မိထွေးဖြစ်သည်။ သည်မိထွေးနှင့် လင်ပါသား ကဖြင့် ပြောစမှတ်တွင်လောက် အောင် ထူးထူးခြားခြား ချစ်ကြပေသည်။ ဒါကလည်း အစ်မ၏ သူတစ်ပါးအပေါ်အကောင်းမြင်စိတ်. . သနား ကြင်နာတတ်သော စိတ်အရင်းခံကြောင့် လောကသဘာဝကြီးက ပြောင်လဲသွားခြင်းဖြစ်ပေမည်။ အစ်မနှင့် ပုလုံးငယ်… ကိုမင်းဝေကြီးနှင့် နေခဲ့သော နေအိမ်ကလေး မှာပင် ဆက်လက်နေထိုင်ကြလေသည်။ သူတို့နှစ်ယောက်အတွက် တစ်ဝမ်းတစ်ခါးမှာ မပူပင်ရချေ. .နှစ်ယောက် လုံး ရရာအလုပ်ကို လုပ်ကြ သည်။ အလုပ်အဆင်ပြေ လျှင် ခေါက်ဆွဲကြော်၊ ကြာဇံ ကြော်ထုပ်ကလေးများကိုင်ကာ ကျွန်မတို့အုပ်စုထဲ ပြေးဝင် လာကြသည်၊ အစ်မရောက် လာလျှင် ခေါက်ဆွဲကြော် တစ်ထုပ်ကို လူ ၁ဝ ယောက် လောက် ဝိုင်းနှိုက်စားရင်း ရယ်မောပျော်ရွှင်နေကြလေသည်။ သည်လိုနှင့်ပင် ၅ နှစ်ဆိုသော အချိန်ကာလကို အစ်မတို့ ပေါ့ပေါ့ပါးပါးလေး ကျော်ဖြတ်သွားကြလေသည်။ ဘုရားပွဲ စလျှင် ပွဲကြိုက်သော အစ်မနှင့် ဝါသနာတူ သားကြီးရန်မျိုးနိုင်တို့ အတွဲညီညီ ဇာတ်ရုံဘက်သို့ ဦးတည်သွား ကြလေသည်။ အစ်မက ပို၍ လွတ်လပ်သွား၍ လားမသိ ပို၍လန်းဆန်းတက်ကြွလာ သည်။ ပိုမို ဝစိုလာသယောင် ပင် ထင်ရသည်။ဒီတော့လည်း ကျွန်မ အနေနှင့် အစ်မသွေးစစ်ပါ ဆိုသောစကားကို အစ်မ အငြိုအငြင်ခံပြီး အထပ်ထပ် အခါခါ မပြောလိုတော့ပါပြီ။ သူလည်း ကျန်းမာပျော်ရွှင်နေတာပဲလေ. . . တစ်ခါတစ်ရံ.. အစ်မပြောစကား များ ကိုပင် ဟုတ်လေသယောင်ယောင်… ထင်လာမိသေးသည်။ ကိုမင်းဝေကြီး ဟိုရောဂါနှင့်ဆုံးတာမှ ဟုတ်ပါလေစ အစ်မပြော သလိုပင် သူ့ယောက်ျား သူ တော်ကောင်းကြီး မျိုးကောင်း ရိုးကောင်းကြီး ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းများဖြစ်နေလေမလား…. အဲဒီလိုသာဖြစ်ပါစေဟု ဆုတောင်းရင်း. . .သနပ်ခါးအဖွေးသားနှင့် ပန်းတွေဝေနေအောင် ပန်ကာ ရယ်မောပျော်ရွှင်နေသော အစ်မကို ငေးကြည့်နေမိသည်။
အစ်မတို့ သားအမိ တစ်ပတ်လောက် ပျောက် ချက်သားကောင်းနေပြီးမှ ပြန်ပေါ်လာသောအခါ အစ်မတို့ ပဲလှော်ဖို တစ်ဖိုမှာ အလုပ်ဝင်နေကြောင်း .. အစ်မက ခဲသဲရွေးကြောင်း. . . ပုလုံးငယ်က ပဲဝင်လှော်နေကြောင်း သိလိုက်ရသည်။ ဩော်. . . ဘာလိုလိုနှင့် ပုလုံးငယ်တောင် အရွယ်ရောက်လာပြီပဲ. . . ၁၄ နှစ်သားအရွယ်ပေမဲ့ ပုလုံးငယ်က လူကောင်ထွားသည်။ အတော်သန်မာသည်။ တော်ရုံအလုပ်ကြမ်းတော့ မညည်းမညူ လုပ်နိုင်သည်။ ယခုလည်း မိုးဗြဲဒယ်ကြီးများနှင့် ပဲလှော်သည့်အလုပ်ကို တော်ရုံလူ မလုပ်နိုင်ပါ… လက်မောင်းအောင့်သည့်ဒဏ်. .မီးအပူဟပ်သည့် ဒဏ်ကြောင့် အလွန်ပင်ပန်းသည့် လုပ်ငန်းဖြစ်ပါသည်။ ပဲရွေး ခဲရွေးထက် လုပ်ခကလည်း ပိုရပါသည်။ ယခု ပုလုံးငယ် ပဲဝင်လှော် နေပါပြီ။ ငွေစလေးရွှင်လာလျှင် သူတို့သားအမိ… သာဝတ္ထိကို မကြာခဏ ပြန်ကြပါသည်။ မအေးမူကြီးဆီ ငွေသွားပို့တာဖြစ်မှာပါ။
တစ်နေ့မှာတော့ အစ်မ ဖျားနေသည်ဟု ပြောပြီး ပုလုံးငယ် ဆေးလာယူပါ သည်။ဘာလို့ဖျားတာလဲ. .မိုးမိလို့လားဟု မေးတော့ အပူလျှပ်သွားတာပါ… ပဲဝင်လှော်ပြီး ရေတန်းချိုးလိုက်တာ တစ်ညလုံး မေးတွေရိုက် ပြီး ခိုက်ခိုက်တုန်အောင် ဖျားတော့တာပဲဟု ပြောလေသည်။
“ဟယ်. . . အစ်မက ပဲဝင်လှော်တယ်”
“ဟုတ်တယ်. . ဒေါ်ဒေါ် ရေ ပြောလို့လဲမရဘူး. . . ပဲရွေးရတာ ပျင်းလို့တဲ့”
ဪ… ဒုက္ခပါ ပဲ. . မီးအပူဒဏ်အလွန်ခံရ သည့်အလုပ်… ပင်ပင် ပန်းပန်း ပဲမွှေရ. . . လှော်ရသည့် အလုပ်ကို အစ်မက ဘာလို့လုပ်ချင်ရတာ ပါလိမ့် ခက်တော့တာပါပဲ. . အမှန် တော့ အစ်မက လောဘ တက်လာပြီး ငွေပိုရအောင် ရှာခြင်းဖြစ်သည်. . . ငွေပိုရ လျှင်လည်း သူသုံးဖို့ မထင်ပါနှင့် သာဝတ္ထိအုပ်စုကို ဆို့ဖို့ ထောက်ပံ့ဖို့ဖြစ်မှာပါ။
“ဒေါ်ဒေါ်ရေ အမေ ဝမ်းပျက်နေလို့ ဝမ်းပိတ်ဆေး စပ်ပေးပါဦး”
“ဟဲ့… ဘာတွေ သွားစားလို့လဲ”
“စားတာတော့ အစုံပဲ အဖျားပျောက်ကာစ.. ..ပါးစပ်ခါးလို့ ဆိုပြီး. . ရှောက်သီးသုပ် စားလိုက်တာ. . . ဝမ်းလျှောတော့တာပဲ”
တစ်ပတ်လောက်နေတော့ ပုလုံးငယ် ထပ်လာပြန်သည်။ ဝမ်းလျှောပြန်ပြီတဲ့။ သည်လိုမျိုး အမေ့အတွက်. . အမေ့အတွက်နှင့် မကြာ ခဏ ဆေးလာတောင်းပြန် သောအခါ ကျွန်မစိတ်ထဲ
တစ်စုံတစ်ရာသော ဖြစ်နိုင်ချေကို ပြန်လည်စဉ်းစား မိသွားကာ ရင်ပူလာပါသည်။ အစ်မရဲ့ ဝမ်းပျက်ဝမ်းလျှော က အကွက်စိပ်လှချည့် လား။ အစ်မကို လူကိုယ်တိုင် လည်းမတွေ့ရ. . ဆေးချည့် ထိုင်ပေးနေရတာလေ. . ကျွန်မ ငါးနှစ်တိတိ မေ့လျော့ ထားပြီဖြစ်သော ဟိုရောဂါ ကြီးကို ပြန်တွေးမိလာပြန် သည်။ ယခု ဝမ်းပျက်ဝမ်းလျှောက အဲဒါကြီးနဲ့များ သက်ဆိုင်နေလေမလား။
“ခဏနေဦး. .ပုလုံး ငယ် ငါလည်း နင်တို့အိမ် လိုက်ခဲ့မယ်”
စိတ်မြန်လက်မြန်ဖြင့် ပုလုံးငယ်နှင့်အတူ အပြေး တစ်ပိုင်း အစ်မအိမ်သို့ လိုက်လာခဲ့သည်။
အိမ်ရောက်တော့ အစ်မကို ဝရန်တာမှာ ထိုင်၍ နေစာလှုံနေသည်ကို တွေ့ရသည်။ စောင်ပိုင်း ကလေးပင် ခြုံထား လိုက်သေးသည်။ အရင်က ကိုမင်းဝေကြီး ထိုင်ပြီး ရေနွေးကြမ်းသောက်နေကျ နေရာလေးမှာပဲပေါ့…နားထင် နားရင်းတွေ ကျပြီး အစ်မဆံပင်တွေက ဖွာလန်ကျဲနေသည်။ ဖျော့တော့သော မျက်ဝန်းများနှင့် ကျွန်မကို ကြောင်ငေးငေးကြီး ကြည့်နေသည်။
“အစ်မ… ဘယ်လို နေသလဲဟင်…ဖျားသေးလား”
“အင်း… ဖျားတာကတော့ သက်သာပါတယ်. . ဝမ်းခဏခဏ လျှောနေတာက ခက်တယ်.. အစားကို အတိမ်းမခံတော့ဘူး”
အစ်မအသံက ကြည်ကြည်လင်လင် မရှိ. . အသံ အားပင် အတော်ဆုတ်ယုတ် သွားသည်. . နေထိုင်မကောင်း ဖြစ်နေသည် တစ်ပတ် အတွင်း ဤမျှချုံးကျသွား သည်မှာ အံ့ဩဖို့ကောင်းလှသည်။ ကျွန်မ၏ စိုးရိမ်ကြောင့်ကျမှုက ပိုမိုမြင့်တက်လာသည်။
“အစ်မနော်.. ဒီလို ဆေးသောက်နေရုံနဲ့မဖြစ်ဘူး …ဆေးခန်းသွားပြမှဖြစ်မယ်. . . လာ. . ခုပဲ သွားကြစို့. လှိုင်လှိုင်လည်းလိုက်မယ်”
“ဟင့်အင်း. . ဆေးခန်း တော့မသွားချင်ဘူး. . . တော်ကြာ သွေးစစ် ဆီးစစ်နဲ့ ရှုပ်ကုန်ပါ့မယ်”
“စစ်သင့် စစ်ရမှာပေါ့ အစ်မရဲ့ . . . ခေါင်းမာ မနေစမ်းပါနဲ့ လူကဖြင့် အတော် အားယုတ်နေပြီ”
“စိတ်ပူမနေပါနဲ့ လှိုင်လှိုင် ငါ အစားမှားလို့ဖြစ်တာပါ. . မကြာဘူး ပြန်ကောင်း လာမှာပါ ငါ့ကိုယ်ငါ အသိဆုံးပေါ့”
“အစ်မကလည်းလေ ခက်တော့တာပဲ”
ကျွန်မ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်လာ ခဲ့သည်။ သည်ရောဂါမျိုးက အေးအေးငြိမ်ငြိမ်နေလျှင် ရောဂါငုပ်လျိုးနေတတ်ပေမဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်လျှင် ရုတ်တရက် ပြန်ပေါ်လာ ဒုက္ခပေးတတ်သည်ဟု ကျွန်မကြားဖူးခဲ့သည်။ ယခုကာ အစ်မက အေးအေးဆေးဆေး မနေဘဲ မီးအပူရှိန်ဒဏ်ကို အံတုကာ ယောက်ျားများနှင့် အပြိုင် ပဲဝင်လှော်လေတော့ အလွန်ပင်ပန်းပြီး ရောဂါ ထကြွလာခြင်း ဖြစ်နိုင်ပေသည်။အမေ့ကို သည်အကြောင်း ပြောပြတော့.. အမေလည်း အလွန်စိတ်ထိခိုက်သွားလေသည်။
“ခင်ဘုန်း. . ခင်ဘုန်း. . လင်က ပေးခဲ့တဲ့ရောဂါကြီးကို ဖုံးဖိပြီး အသေခံသွားမယ် ထင်တယ်. . ခုလည်း ဒီလင် ရဲ့ မိသားစုအတွက် ချွေးဒီးဒီး ကျအောင် အလုပ်လုပ်ရင်း ဒီလိုဒီပုံ ဖြစ်သွားရတာပဲလေ.. ဝဋ်ရှိသမျှပေါ့.. တတ်နိုင်သမျှ ပြုစုစောင့် ရှောက်ပေးကြတာပေါ့ သမီး ရယ်. . ဆေးခန်းပြဖို့. . . မပြဖို့ကတော့ သူ့သဘောကို လည်း ထည့်တွက်ရဦးမယ်လေ”
အစ်မကား. . အလွန်ကို ဟန်ဆောင်ကောင်းသူဖြစ်လေသည်။ နောက်တစ် ပတ်အတွင်းမှာပင် သနပ်ခါး နှင့် ပန်းနှင့် ကျော့ကျော့ ရှင်းရှင်းပြင်ဆင်ပြီး အိမ်ရှေ့ ဝရန်တာမှာ ထိုင်နေသည်ကို တွေ့ရသည်။ အမေ့ကိုပင် ကျွန်မနေကောင်းသွားပြီ ကြီးကြီးရဲ့၊ သားကြီးဝယ်လာတဲ့ ကြက်ပေါင်းရည်လေးနဲ့ ဓာတ်တည့် သွားတာ. . . ထမင်းလည်းစားလို့ကောင်းလာပြီဟု ပြောနေပြန်သဖြင့် အမေပင် မျက်စိလည်သွားလေသည်။
“ကျွန်မ – သာဝတ္ထိ ခဏသွားလိုက်ဦးမယ်ကြီးကြီး ခရီးထွက်တော့ စိတ်ပြေ လက်ပျောက်လည်း ဖြစ်တာပေါ့. . . အုန်းထန်းလျက်ကလေး နည်းနည်းဝယ်လာပြီး ဒီမှာပြန်ရောင်းမလားလို့” “အေး.. ညည်း ပင်ပင်ပန်းပန်းတွေ သယ်လား ပြုလားတော့မလုပ်ပါနဲ့နော်. . မရွှေဘုန်း အိပ်ရာထဲပြန်လဲသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်..”
“စိတ်ချပါကြီးကြီးရဲ့ သားကြီးပဲသယ်မှာပါ. . . ခင်ဘုန်း ဘာမှမလုပ်ဘူး. . စိတ်ချ ပြန်လာရင် ကြီးကြီးဖို့ ခရမ်းချဉ်သီးယို ဝယ်လာခဲ့မယ်”
သည်လိုအပြောကောင်းကောင်း စကားချိုချိုဖြင့် အစ်မတို့ သားအမိ ခရီးထွက်သွားကြသည်။ နှစ်လကျော်ကျော် ကြာသည်အထိ ပြန်မလာလေမှ စိတ်ထဲ စနောင့် စနင်းဖြစ်လာသည်မို့ သူ့အိမ် သွားကြည့်မိလေသည်။ အစ်မကား ကျွန်မတို့ ကို အသိမပေးဘဲ ပုန်းလျှိုး ကွယ်လျှိုး ပြန်ရောက်နေ သည်မှာ ၂ပတ်လောက်ရှိ ပါပြီ။ ပုလုံးငယ်ကလေးက မျက်နှာငယ်လေးဖြင့် အိမ်ရှေ့ မှာထိုင်နေသည်. . . သူ့ မျက်လုံးအစုံက ငိုထားသူလို နီရဲနေသည်။
“မင်းအမေကော ဘယ်မှာလဲ”
“အမေ ခြင်ထောင်ထဲမှာ အပြင်မထွက်တော့ဘူး.. ဘယ်သူလာလာ မရှိဘူးလို့ ကျွန်တော့်ကိုပြောခိုင်းထားတယ်”
“တယ်.. ဒီကလေးမ”
အမေက အိမ်ခန်းထဲ ဝင်သွားကာ စိတ်မြန်လက်မြန်ဖြင့် . ပိတ်ခြင်ထောင်စကို ဆွဲမလိုက်သည်။
“အို… ကြီးကြီး ရောက်လာပြီ”
အစ်မက သူ့တစ် ကိုယ်လုံး လုံအောင် စောင် တစ်ထည်ကောက်ဆွဲ၍ခြုံ သည်။ ကမန်းကတန်းမို့ သူတစ်ကိုယ်လုံး . လုံအောင် မဖုံးကွယ်နိုင်ခဲ့ပေ…..
ဪ……အစ်မ.. ဒါ အစ်မခင်ဘုန်းတင့်ပါဟု ကျိန်ဆိုပြောလျှင် ပင် ယုံချင်ဖွယ်မရှိတော့ပါ။ ကိုယ်ခန္ဓာက အရိုးပြိုင်းပြိုင်း ကျနေပါပြီ. . . မျက်လုံး နက်နက်ကလေးတစ်စုံနှင့် အစ်မ၏ ညီညာရှည်သွယ် သော သွားဖွေးဖွေးကလေး တွေ့မြင်၍သာ အစ်မဟူ၍ မှန်းဆယုံကြည်လိုက်ရပါတော့သည်။ အစ်မ မျက်လုံးအစုံမှ မျက်ရည်တွေတွေကျဆင်းနေပါသည်။
အမေက-
“အမိုက်မ အမိုက်မ သေသည်အထိ မိုက်သွား မယ့် အမိုက်မ နင့်ကို ဒီလိုပုံနဲ့ ငါမမြင်ချင်ဘူး… ဒီလို ထိုင်ကြည့်နေရမယ့်အစား.. ငါကိုယ်တိုင် ရိုက်သတ်ပစ် ချင်တယ်”ဟု မချိတင်ကဲ ပြောလေသည်။
“ခင်ဘုန်း မနေရတော့ပါဘူးကြီးကြီးရယ်. . ခင်ဘုန်းသေတာနဲ့ ချက်ချင်းကြီး သင်္ဂြိုဟ်ပစ်ပါနော်”
“အမိုက်မ ညည်း က ပုန်းလျှိုးကွယ်လျှိုး သေဖို့ ကြိုးစားနေပြန်တာပေါ့လေ၊ ဂြိုဟ်ကောင်ကို လင်လုပ်ချင် တဲ့မိန်းမ၊ ခု ဂြိုဟ်ကောင်က ညည်းကိုအပါခေါ်သွားတော့ မယ်၊ ဖြစ်မှဖြစ်ရလေ ခင်ဘုန်းရယ်… ငါ ညည်းကို ဘယ်လိုကယ်ရပါ့မလဲ”
နောက်ဆုံးမတော့ ကျွန်မတို့တစ်တွေ ခေါင်းချင်း ဆိုင်ကာ မျက်ရည်ဖြိုင်ဖြိုင် ကျကာ ငိုယိုနေကြပြီး ည ၂နာရီခန့်မှာ အစ်မသေဆုံး သွားခဲ့ပါသည်။ ခန်းခြောက် ယိုယွင်းနေသော ကိုယ်ခန္ဓာမှ အသက်ပျောက်သွားသည် မှာ တကယ်ကို ညင်ညင် သာသာဖြစ်သည်။ မဆုံးမီ ၅ မိနစ်လောက်အလိုမှာပင် အမေနှင့် စကားပြောနေ သေးသည်။ အမေ့ကို အကြိမ်ကြိမ်သောကရောက် စေခဲ့သော သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေသေးသည်။ အသက်မျှင်းမျှင်းလေး ရှူနေရာမှ တစ်ဖက်နံရံသို့ ဖြည်းညှင်းစွာခေါင်း အလှည့်လိုက်မှာ ငြိမ်ကျသွား ခြင်းဖြစ်သည်။ အစ်မ၏ အရိုးချည့်ကျန်သော လက်ဖဝါးကလေးကို ဆုပ်ကိုင်ကာ အမိုက်မတော့ သွားရှာပြီဟု ရေရွတ်ရင်း အမေငိုကြွေးလေသည်။ အစ်မ မှာကြားခဲ့သည့်အတိုင်း အစ်မ၏အသုဘကား သုတ်သုတ်သွက်သွက် မြန်မြန်ဆန်ဆန် အကျဉ်းရုံးလိုက်ကာ မနက် မိုးလင်း၍ ၈ နာရီ မထိုးမီမှာပင် အလုံးစုံ ပြီးစီးသွားခဲ့လေသည်။ အစ်မကား အသက် ၂၉ နှစ် အရွယ်မှာပင် ဤလောကမှ လျှို့လျှို့ဝှက်ဝှက်ကြီး ထွက်ခွာသွားခဲ့လေပြီ။
အားလုံး ကိစ္စပြီး၍ အိမ်ကို ရှင်းလင်းနေစဉ် ပုလုံးငယ် အိတ်တစ်အိတ်ကို ဆွဲကာ အခန်းထဲမှ ထွက်လာသည်။ သူ. . . သာဝတ္ထိပြန် ပါတော့မည်။ သူ… လှေကားနား ရောက်ပြီးမှ အိမ်ထဲပြန်ဝင်လာပြီး. . . ဘုရားစင် ဘေး ထရံမှာ ချိတ်ထားသော အစ်မ၏စိပ်ပုတီးလေးကို လှမ်းယူလိုက်သည်။ သူ့အမေကိုယ်စား ယူဆောင်သွားရန် ဖြစ်ပေမည်။ ကျွန်မကား ထိုစိပ်ပုတီးလေး အနီးရှိ ထရံကြား၌ ထိုးထားသော ယပ်တောင်တစ်ချောင်းကိုသာ ငေးကြည့်နေမိသည်။ ထိုယပ်တောင်ကား….သွားနှင့်လေသူ ကိုမင်းဝေ၏ ကုသိုလ်ဖြစ်သည်။ အစ်မ၏ အသုဘကား ယပ်တောင်ပင် မကမ်းလိုက်ရချေ. . .။
ညိုနှင်းအိမ်