အနီး_အဝေး(စ/ဆုံး)

—————

တီ … တီ … တီ

ဖုန်းလာနေသည်

ပက်လက်ကုလားထိုင်တွင် အိပ်ပျော်နေသော ဦးအောင်ဘွားက လန့်နိုးသွားပြီး ရင်ဘတ်ပေါ်တင်ထားသည့် လယ်တီဒီပနီပေါင်းချုပ် စာအုပ်ကြီးက ပြုတ်ကျသွားသည်။

သူက ဘေးခုံပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး

“ဟဲလို” ဟု ပြန်ထူးလိုက်သည်

“ဖေဖေ အိပ်နေလား”

“အေး”

“နေကောင်းရဲ့လား … အသံကြီးက တစ်မျိုးကြီးပဲ”

“ခုမှ အိပ်ရာက နိုးတာ”

“ဖေဖေ … သား ပြန်လာလို့ မရဘူး … ခွင့်လွှတ်ပါ … ကားတွေက မထွက်ဘူး … ထွက်လည်း ရန်ကုန်ရောက်ရင် ကျူဝင်ရမှာတွေ ဘာတွေနဲ့ အလုပ်ရှုပ်မှာစိုးလို့ပါ”

“အေး … အေး … ရပါတယ် … ဖေဖေကလည်း မင်းတို့ လာမှာပဲ စိုးရိမ်နေတာ”

“ဖေဖေ့ကို ဖုန်းထဲကပဲ ကန်တော့လိုက်ပါတယ်နော်”

“အေး … အေး … သာဓု သာဓု သာဓု”

သူကဖုန်းကို ချလိုက်သည်။ အမှန်တော့ သားကြီးကို ညကပဲ အိပ်မက်တွေ မက်နေသေးသည်။ သူ့အတွက် ကန်တော့ပစ္စည်းဗန်းလေး ကိုင်ပြီး ဝင်လာသည်ကိုတွေ့ခဲ့ရခြင်းဖြစ်သည်။

“တီ … တီ … တီ”

ဖုန်းဝင်လာပြန်သည်

“အေး … သမီးကြီး ပြော”

“ဖေဖေ … ဘယ်သူနဲ့ စကားပြောနေတာလဲ … သမီးဖုန်းဆက်နေတာ ကြာလှပြီ”

“သမီးကိုကိုနဲ့လေ”

“ဘာလဲ … ကိုကို မလာနိုင်ဘူးတဲ့လား”

“အေးလေ … ရန်ကုန်ထဲ ပြန်ဝင်ဖို့ မလွယ်ဘူးလေ”

“ဖေဖေ … သမီးလည်း ဒီနေ့ မလာနိုင်ဘူးလို့ လှမ်းပြောတာ”

“သမီးက ဘာဖြစ်လို့လဲ”

“ဟိုလေ … ဒီနေ့က မောင့်မွေးနေ့လေ ဖေဖေရဲ့ … အဲဒါ အိမ်မှာ မွေးနေ့ပွဲ လုပ်မလို့”

“မနက်ဖြန်လာပေါ့”

“မနက်ဖြန် မောင်ကပြန်တော့မှာ … အဲဒါ လိုက်သွားမလို့”

“ရန်ကုန်ထဲက ထွက်လို့ရသလား”

“သူတို့ကရတယ် ဖေဖေ … ဟိုရောက်ရင် ကျူဝင်လိုက်မယ် … အရေးကြီးတာဝန်နဲ့ပဲ”

“အေးပါ … သွား … သွား … သတိထားကြ”

“ဟုတ်ကဲ့ပါ ဖေဖေ … ဖေဖေ့ကို သမီးဖုန်းထဲကပဲ ကန်တော့လိုက်ပါတယ်”

“အေးကွယ် … သာဓု … သာဓု … သာဓု … မြေးလေးတွေတော့ သတိရသား … သူတို့ရော လိုက်မှာလား”

“မလိုက်ဘူး ဖေဖေ သူတို့ကို ယောက္ခမကြီးနဲ့ ထားခဲ့မှာ”

မျှော်လင့်ချက်တွေ ကုန်ခန်းသွားပြီ။ ကိုဗစ်ကရက်စက်သည်။ မနှစ်ကလို သားတွေ၊ သမီးတွေ၊ သမက်တွေ၊ ချွေးမတွေ၊ မြေးတွေနှင့် ပျော်ပျော်ပါးပါး မနေရတော့ပြီ။

ဦးအောင်ဘွားက ဓာတ်ပုံရှေ့သွားရပ်နေသည်။

“မခင်လေးရေ … ငါလည်း ထုံးစံအတိုင်း တစ်ယောက်တည်းပါပဲကွယ်”

သူက ဇနီးသည်၏ ဓာတ်ပုံထဲက မျက်နှာလေးကို ပွတ်ပေးလိုက်ပြီး

“ဘာလိုလိုနဲ့ မင်းထွက်သွားတာ ငါးနှစ်တောင် ရှိသွားပြီနော်” ဟုပြောလိုက်သည်။

သူက သက်ပြင်းကြီးချကာ

“ကောင်းပါတယ် … ခုလည်း ကိုဗစ်ကြောင့် တဖြုတ်ဖြုတ်ကြွေနေကြတာ။ မင်းစောစောလေး ငြိမ်းချမ်းရေး ရသွားတာ အေးတာပေါ့ … ခုတော့ ငါတစ်ယောက်တည်းပဲလေ … ငါလည်း ဘယ်နေ့လဲပါကွယ်”

“ဒေါက် … ဒေါက်”

ဦးအောင်ဘွားက တံခါးထဖွင့်ပေးလိုက်သည်။ သူက အံ့အားသင့်သွားပြီး

“ဟင် … အငယ်ကောင် … ဘာလာလုပ်တာလဲ”

“ဖေဖေ့ကို လာကန်တော့တာပါ”

“မင်း ငါ့ကိုသတိရသေးသားပဲနော် … ခုမှ ဘယ်ကပေါ်လာတာလဲ”

“မပြည့်စုံတဲ့ဘဝဆိုတော့ အားငယ်တယ်ဖေဖေရယ် … ဒီလိုနေ့မျိုးဆို ကိုကိုတို့ မမတို့နဲ့ ရင်မဆိုင်ရဲဘူး”

“ဘာဖြစ်လို့လဲ”

“သူတို့က ချမ်းသာကြ … ပညာတတ်ကြ … ရာထူးတွေရှိကြ … ပြည့်စုံကြတယ်လေ”

“မင်းကရော”

“သားမှာ သူတို့ရှိတဲ့ အရည်အချင်းတွေ တစ်ခုမှ မရှိဘူးဖေဖေ”

“ဒါဆို ဘာဖြစ်လို့ ခု လာသလဲ”

“ဒီနေ့ သူတို့ မလာနိုင်ဘူးဆိုတာ သိနေတယ်ဖေဖေ … သားဖုန်းဆက်မေးပြီးပြီ … ဒါကြောင့် ဖေဖေ့ကို လာကန်တော့တာ”

“ငါက မင်းကို သိပ်စိတ်ဆိုးတယ် … ဘာဖြစ်လို့ မလာရသလဲ … ခုရော ဘာတွေ လုပ်စားနေသလဲ … ငါ့ဆီကိုလာတာ ဘာမှမလိုဘူးကွ … လာဖို့ပဲလိုတာ”

“သားမိန်းမက ဈေးထဲမှာ ဈေးရောင်းတယ် … သားက ဆိုက်ကားနင်းတယ်”

“ပညာတတ်အောင်သင်ဆိုတော့ မသင်ချင်တဲ့အကျိုးပဲ”

“ဖေဖေရယ် … သားမှ မသင်ချင်တာ ထားလိုက်ပါလေ”

“နေဦး … မင်းမိန်းမနဲ့ ကလေးတွေရော”

“လမ်းထိပ်မှာနေခဲ့တယ်”

“ဘာဖြစ်လို့ ခေါ်မလာတာလဲ”

“ဖေဖေ့ကို ကြောက်လို့တဲ့ လိုက်မလာရဲဘူး”

“ခေါ်လိုက်”

သားငယ်က ဖုန်းဆက်သည်။

“အေး … ဖေဖေက ခေါ်ခိုင်းတာ”

“———.”

“ဟုတ်ပါတယ်ဆို”

“ပေးစမ်းမင်းဖုန်း”

ဦးအောင်ဘွားက သူ့သားလက်ထဲမှ ဖုန်းကို ယူလိုက်သည်။

“သမီးလား”

“———-.”

“အေး … ခုလာခဲ့ … နောက်လည်းလာခဲ့ … လာချင်တဲ့အချိန်လာခဲ့”

ဦးအောင်ဘွားမျက်နှာ ပြုံးရွှင်နေသည်။ သားနှင့်သမီးအပြင် မမြင်ဘူးသေးသည့် မြေးလေးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။

“ဖေဖေ သားတို့ ကန်တော့မလို့”

“အေး”

သားငယ်နှင့် သူ့မိန်းမက သူ့ရှေ့တွင် ကိတ်မုန့်လေးတစ်လုံးချကာ ကန်တော့ကြသည်။

“လာပါဦး မြေးလေး”

“ကိတ်မုန့်စားမလား”

“ဟုတ်”

“ဟေ့ … ကိတ်မုန့်လှီးကွာ … တို့အားလုံး စားကြရအောင်”

#တင်ညွန့်

၁.၁၁.၂၀၂၀

Crd – Tin Nyunt