ပွဲစျေးတန်းမှ ကချေသည်(စ/ဆုံး)

————————–

“ကလန်ကာ ကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာစားလေးရယ်တီးပေးပါဦးဆိုလို့ကောင်းနေတုန်း
လက်ခုပ်သံလေးတီးပေးပါဦး ရင်ခုန်ကောင်းနေတုန်း
မလေးလေးရယ် ပြောပေးပါဦး ပျော်လျက်ရွှင်လို့မဆုံး”
မိုးလင်းပေါက်ကကြသည့် ဇာတ်ပွဲသိမ်းပြီမို့ စျေးတောင်းလေးကိုခေါင်းပေါ်ရွက်ကာ အိမ်သို့ပြန်လာခဲ့သည်။ ဇာတ်မင်းသမီးကြီးဟောင်း ဒေါ်မြစံပယ်သည် ငယ်စဥ်တုန်းကတော့ မကွေးတိုင်းအတွင်း နယ်ပွဲတိုင်း၏ ဇာတ်ပွဲတိုင်းတွင် နာမည်ကြီးခဲ့ဖူးသော မင်းသမီးကြီးဖြစ်ခဲ့ဖူး၏။ ဟိုတုန်းက “မမမြ”နှင့် ခေတ်စားခဲ့သော ဒေါ်မြစံပယ်မှာ ယခုတော့ ပွဲစျေးရှိသည့် အရပ်သို့လိုက်ကာ စျေးရောင်းရသော စျေးသည်အဖွားအိုဖြစ်လာခဲ့ရလေပြီ။ သားသမီးနှစ်ယောက်ရှိသော်လည်း ကိုယ့်ဝမ်းစာကိုယ်သာရှာစားရသေးသည်။

“အရီးမြရေ ဒီနှစ်တော့ ရုပ်စုံကျောင်းပါပွဲထည့်မယ်တဲ့တော့ ပွဲက ဝါခေါင်လဆန်း ခုနှစ်ရက်ရှစ်ရက်ဆိုတော့ နိဗ္ဗာန်ကျောင်းပွဲကလည်း ဝါခေါင်လဆုတ်၁၄ရက်နဲ့လကွယ်ညပါ ပွဲပါဦးမှာဆိုတော့ ဒီလတော့နှစ်ပွဲဆက်ပြီပေါ့ အရီးမြကော ဘာတွေရောင်းဦးမလဲ”

“ပွဲစျေးတွေတော့ လိုက်မရောင်းနိုင်တော့ပါဘူးအေ အအေးဒဏ်မခံနိုင်လို့ဒီကြားထဲမိုးပါမိရင် အိပ်ယာထဲလဲမှာစိုးရတယ် အသက်ကလည်းစကားပြောလာပြီအေ ဗွိဒီယိုရုံလေးမှာပဲ ရသလောက်လေးပဲရောင်းပါတော့မယ်အေ” မအေးတုန်သည် ဒေါ်မြစံပယ်နှင့်အတူ ပွဲစျေးတိုင်းအတူရောင်းနေကြဖြစ်သည်။

ဒေါ်မြစံပယ်သည် မြို့မအနောက်ပိုင်းရပ်ကွက်လေးတွင် သုံးပင်အိမ်နှင့်နေသည်။ မြို့မတွင် “ရွှေဓူဝံ” ဇာတ်သဘင်ခေတ်ကောင်းခဲ့စဥ်က ဒေါ်မြစံပယ်မှာ မင်းသမီးဖြစ်ခဲ့ဖူးသည်။ အရွယ်ကျလာတော့ မင်းသမီးအဖြစ်မှ ရိုးရိုးသာမန်အရပ်သူဖြစ်ခဲ့ရပြန်၏။ မင်းသမီးဟောင်းဆိုတော့လည်း အလုပ်ကြမ်းတွေသိပ်၍မလုပ်နိုင်၊ သူများတွေ ယာတော၊ကိုင်းတော လုပ်နိုင်ပေမယ့် ဒေါ်မြစံပယ်မှာ မလုပ်နိုင်၍ စျေးရောင်းခဲ့သည်။
သားသမီးနှစ်ယောက်ထွန်းကားခဲ့သော်လည်း သားသမီးနှင့် မြေးများကမခင်တွယ်သည်မို့ ခြောက်ဆယ်ကျော်ချိန်ထိ စျေးဗန်းကို ခေါင်းပေါ်ရွက်နေရသေးသည်။

ဦးအေးသောင်ရှိစဥ်က စုဆောင်းထားသမျှလေးသည်လည်း တတိတိနှင့်ကုန်ခါနီးချေပြီ။ သားသည်လည်း အားသာမကိုးရပေမယ့်
“အမေ ကျွန်တော့်သားကိုဘော်ဒါအပ်ချင်လို့ ပိုက်ဆံကဘယ်ကမှလည်း လှည့်မရဘူးအမေရာ အမေ့ဆွဲကြိုးလေးခဏလောက် ပေါင်ပေးပါလား ပြီးရင်သားပြန်ရွေးပေးမှာပါ”ဆိုပြီး ယူ၍ပေါင်လိုက်၊ သမီးက အဆင်မပြေလို့ပါဆိုပြီး ခဏငှားလိုက်နှင့် နောက်ဆုံးမှာ လုံးဝအပြတ်ရောင်းလိုက်ပြီး သမီးနှင့်သားကိုခွဲပေးလိုက်သည်။ သို့မဟုတ်က သားကယူပေါင်လိုက်၊ သမီးကယူပေါင်လိုက်နှင့် သားမို့မျက်နှာလိုက်သည်နှင့် သမီးကကြေးတိုက်ပြန်၏။ သမီးကို အိမ်မှာခေါ်ထားမည်ဆိုတော့လည်း သားဖြစ်သူကလက်မခံ။ ထို့ကြောင့် ဘယ်သားသမီးမှ အားကိုးမနေပါဘဲ လုပ်နိုင်သမျှ လုပ်မည်ဟု ဒေါ်မြစံပယ်က ဆုံးဖြတ်ထား၏။

ဒေါ်မြစံပယ်သည် သုံးလုံးထီလေးလည်းဝါသနာ​ပါသည်။ ချဲကိုလည်းမစွန့်လွှတ်နိုင်၊မင်းသမီးလိုနေလာခဲ့သူမို့ အလုပ်ကြမ်းလည်းမလုပ်ချင်တော့၊ ပွဲစျေးတိုင်း စျေးလိုက်ရောင်းရသည့်ဘဝကို ရောက်ခဲ့ရသည်။ ပွဲရှိသည်ဆိုသောအရပ်သို့စျေးလိုက်ရောင်းရသည်မှာ အသက်ငါးဆယ်ကျော်အရွယ်တုန်းက အဆင်ပြေသော်လည်း ကူသူမရှိသော ဒီအချိန်မှာ စျေးလိုက်ရောင်းရသည်ကလည်း အဆင်မပြေတော့ချေ။ ရိုးရိုးစျေးမှာရောင်းသည်ထက် ပွဲစျေးတစ်ရက်ရောင်းရသည့်ဝင်ငွေက တစ်လလောက်တော့ထိုင်စား၍ရသည်။ ရသမျှကိုမစုမိတော့ အသက်ကြီးမှနောင်တတွေရနေမိ၏။

စျေးရောင်းပြီးအားသည့်အချိန်လေးများကို ဇာတ်စင်နောက်သို့ဝင်ကာ မင်းသမီးလေးများနှင့်
“သမီးတို့ ထိုင်မသိမ်းခတ်ရင် အနားစကိုမြောက်နေအောင်ခတ်မှ ကြည့်လှတာ၊မိတ်ကပ်တွေတအားအထူကြီးမလိမ်းနဲ့နော် မီးစားရင်ချွေးတအားကျပြီးပူတယ် ၊ချွေးခဏခဏသုတ်ရင် မိတ်ကပ်တွေပျက်တယ်” ငယ်စဥ်ကဝါသနာတွေသည် တား၍မရ။

“ရွှေဓူဝံ”ဇာတ်သဘင်သာ မပြိုကွဲခဲ့လျှင် ဒေါ်မြစံပယ်သည် ရသည့်နေရာမှာနေ၍ ထမင်းကျွေးထားရုံမျှနှင့် သဘင်သည်ဘဝကို စွန့်လွှတ်မည်မဟုတ်။ ရွှေဓူဝံ ပြိုကွဲသွားတော့ မည်သည့်ဇာတ်အဖွဲ့ကမှ လက်မခံတော့၍သာ လက်လျော့ခဲ့ရသည်။ ဇာတ်မင်းသမီးတို့၊ဆိုင်းဆရာတို့ဆိုသည်မှာ ဇာတ်ခေါင်းကွဲရုံနှင့် လုပ်စရာအလုပ်မရှိတော့။ အနုပညာဆိုသည်မှာလည်း ဝမ်းဝမှသာ အနုကို ပညာသည်ဟု တင်စားနိုင်မည်။ရေမျောကမ်းတင်၊ သဘင်သည်အလုပ်မှန်းသိပါလျက်နှင့် ဝါသနာကြီးလွန်းသူတို့မှာ သူတို့အနုပညာကို စွန့်လွှတ်ရခြင်းကို ဝမ်းနည်းကြသည်။

“ကလန်ကာ ကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာစားလေးရယ်တီးပေးပါဦးဆိုလို့ကောင်းနေတုန်း

လက်ခုပ်သံလေးတီးပေးပါဦး ရင်ခုန်ကောင်းနေတုန်း

မလေးလေးရယ် ပြောပေးပါဦး ပျော်လျက်ရွှင်လို့မဆုံး” ထိုသီချင်းသံကြားတိုင်း ဝမ်းနည်းရသည်။

ခြေတွေ၊ လက်တွေ ကောင်းနေချိန်အထိ ကချင်ခဲ့သော်လည်း ဒေါ်မြစံပယ်မှာ အခွင့်မသာခဲ့။

ပွဲစျေးတွေ မလိုက်နိုင်တော့၍ ဗွီဒီယိုရုံရှေ့မှာ ချဥ်ပေါင်းရောင်းတော့လည်း ရောင်းမကောင်းတော့ပြီ။ ဒေါ်မြစံပယ်မှာ ကျန်းမာရေးသိပ်မကောင်းတော့၍ သမီးနှင့် သားမက်ကို အိမ်မှာခေါ်တင်ထားရရှာသည်။

သမီး မမြတ်မော်သည် ဒေါ်မြစံပယ်နှင့်အတူလာနေသော်လည်း နဂိုတည်းက သားသမီးတွေအပေါ်မှာ မှီခိုလေ့မရှိသည်မို့ စျေးရောင်းမြဲသာရောင်းသည်။

မြို့မအရှေ့ပိုင်းက စန္နကူးဘုရားကျောင်းအတ်က် ဒီနှစ်ပွဲထည့်ကြလိမ့်မည်ဆိုတော့ ဒေါ်မြစံပယ်သည် ကရေကရာမုန့်လုပ်ရောင်းမည်။ မအေးတုန်တို့ ငှားသောဆိုင်ခန်းလေးဘေးကနေကပ်ပြီး ကရေကရာတစ်ဗန်းစာလောက် ခွင့်တောင်းပြီးရောင်းသည်မို့ ဆိုင်ခန်းခရယ်လို့ သီးသန့်မကုန်တော့ပါချေ။

မအေးတုန်တို့သည် ပွဲစျေးတွေတိုင်းအတူစျေးရောင်းလာကြသူတွေမို့
“အရီးမြ နှစ်ပါးသွားကြည့်ချင်ရင် သွားကြည့်လေ စျေးဗန်းကိုဒီမှာပဲထားခဲ့လိုက်ပေါ့ ကျွန်မဆိုင်စောင့်ရဦးမှာမို့ ကိုကျော်အေးလာမှ ပွဲထဲလာခဲ့တော့မယ်နော်” ဒေါ်မြစံပယ်သည် နှစ်ပါးသွားကြည့်တာကို အလွန်ကြိုက်သူလည်းဖြစ်သောကြောင့် ပွဲကြည့်ရန်ထလာခဲ့တော့သည်။

အသက်လည်းရပြီး၊ကျန်းမာရေးမကောင်းတာကိုသိပေသိ၊ ဆေးခန်းလည်းမပြဖြစ်။ အဆစ်ရောင်ရောဂါရနေသည်မှာ ကြာပြီဖြစ်သော်လည်း ဆေးခန်းပြရမည့်ကုန်ကျစရိတ်လည်းမတတ်နိုင်၊ သမီးကိုလည်း ပြောမပြချင်၍ ကြိတ်ခံခဲ့သည်။

“အရီးမြ အရီးမြ ထတော့လေ ပြန်ကြရအောင်”အရီးမြကို မအေးတုန်လှုပ်နှိုးလိုက်မှ အရီးမြ ခန္ဓာကိုယ်က ကွေးနေသောလက်နှင့်ခြေများကတောင့်နေသည်။ အရီးမြ အသက်မရှိတော့မှန်းသိလိုက်ရတော့ အလန့်တကြားနှင့်
“အမလေး လုပ်ကြပါဦး အရီးမြအသက်မရှိတော့ဘူးတော့”

မြေကြီးအစိုဓာတ်၊ အဆစ်ရောင်ရောဂါနှင့် အသက်ကြီးသူမို့ အအေးဓာတ်နှင့်အပူမမျှဖြစ်ကာ ပွဲကြည့်ရင်းဆုံးပါးသွားခဲ့သည်။
အရီးမြဆုတောင်းတွေ ပြည့်သွားခဲ့ရှာပါသည်။

“ငါတော့အေ အိပ်ယာထဲလဲနေပြီး ဟိုလူကပြုစုရလို့ငြိုငြင်၊ဒီလူငြိုငြင်နဲ့ ဘဝကြီးတော့မရောက်ချင်ဘူးအေ၊ သေရမယ်ဆိုရင် ခွေခနဲ၊ခေါက်ခနဲနဲ့ ဘယ်သူ့မှဒုက္ခမပေးပဲသာ သေချင်တော့တယ်”
အရီးမြပြောခဲ့ဖူးသော စကားတွေကနားထဲကမထွက်။ ဝါသနာကြီးလွန်းသောအရီးမြသည် ပွဲခင်းအလယ်မှာပဲ သူ့ဆုတောင်းတွေပြည့်သွားခဲ့လေရှာသလား။

ဒေါင်းရှင်သွေး
8/5/2025Thursday