သောကြာည(စ/ဆုံး)
—————
‘ဟိုင်း ဟယ်လင်’
‘ဟေးနေကောင်းလား၊ဒီနေ့ဘယ်လိုအခြေအနေရှိလဲ’
‘သောကြာနေ့လေ၊ အေးဆေးပေါ့
အကုန် ဘီယာဘားတို့၊ နိုက်ကလပ်တို့၊ ဒိတ်လုပ်တာတို့၊ ဟိုတယ်အနားယူတို့
သွားကုန်တော့ အေးဆေးဘဲ ထုံးစံအတိုင်း’
‘၆နာရီဆို ပြီးပြီ’
‘ဒါဆို ငါပြီးချိန် နင်ပြန်ပြီပေါ့’
‘ဒါပေါ့’
‘ခုထဲက နှုတ်ဆက်တယ်နော်၊ ဂွတ်နိုက်’
‘ကောင်းသောညပါ ဟယ်လင်’
ဟယ်လင်တစ်ယောက် သူတို့၏ ဂျင်ကလပ်ထဲအ၀င်တွင်
ကောင်တာမှ ၀န်ထမ်းကို နှုတ်ဆက်ပြီးနောက် သူ့အိပ်ကိုလွယ်ခါ မိန်းကလေးအခန်းထဲ၀င်လိုက်သည်။
မိန်းကလေးအခန်းထဲရှိသူမသုံးနေကျလော်ကာ နံပါတ် ၁၄၁ ကိုကြည့်တော့ အလွန်ကြီးဘဲ၊
တခါတရံကိုယ်သုံးနေကျသော်လည်း သူများက သုံးထားလျင် ကိုယ်ထည့်မရတာမျိုးရှိတတ်၏။
သည်လို သောကြာညဆို ဟယ်လင်တို့နိုင်ငံတွင် တနလာ်ကနေ၊ သောက်ြာအလုပ်လုပ်လာသမျှ
ကိုယ့်ကိုယ်ကို ပြုစုဇိမ်ခံဘို့ ကလပ်ပေါင်းစုံကိုပြေးကြသည်။
သောကြောနေ့တွင် အများဆုံးသွားသည်ကတော့ ဘီယာကလပ်၊ နိုက်ကလပ်၊ဟိုတယ်နှင့် အနားယူစရာများသာ ဖြစ်ပြီး ခါတိုင်းအားကစားရုံ( Gym) သွားနေကျလူများပင် အလာပါးပြီ။
အကုန်မှန်းဆတွက်လို့ရသည်။ သူတို့က ဒီနေ့ဒါလုပ်မည်၊ မိုးတွင်း၊ ဆောင်း၊ နွေ၀တ်သည့်
အ၀တ်အစားကအစ အစဥ်အတိုင်းဘဲ၀တ်သည်။ ဒီသောကြာညဆို စားသောက်ဆိုင်၊ ဘား၊
ကလပ်အကုန် စည်ကားမည်၊ ညဥ့်နက်သည်အထိနေမည်၊ နာမည်ကြီးကလပ်တွေမှာဆို
ရန်ဖြစ်မည်၊ ရဲတွေပတ်တရောင်လှည့်မည်။ ထိုးကြကြိတ်ကြသည်လည်းရှိမည်။
ယခုလို ဂျင်မှာလူမလာတော့သဖြင့် ခါတိုင်းညနေ အလုပ်ဆင်းချိန် ညနေ၅နာရီခွဲကစပြီး သင်တန်းသုံးချိန် ၇နာရီခွဲအထိရှိသည်မှာ မရှိတော့၊ ယခုဟယ်လင်တက်မည့် ၅နာရီခွဲတစ်တန်းပြီးလျင် ပိတ်ပြီ၊ Gym ကတော့
နှစ်ဆယ့်လေးနာရီ ဖွင့်ထားပေးသည်မို့ အော်တိုမက်တစ်တခါးများနှင့် အသင်း၀င်ကဒ်က ချစ်ပြားလေးများနှင့် အလုပ်ဖြစ်သည်။
လူနည်းသဖြင့် ကားကိုအနီးဆုံးပါကင်နေရာတွင်ရပ်ထားခဲ့သည်။
ဒီနေ့လူပိုပါးနေသလို ဖြစ်သည်ဟုလည်း သတိထားမိသလိုရှိသည်။ မတတ်နိုင် ထုံးစံအတိုင်း
နောက်ဆုံးကစားသည့် အတန်းတက်မည်။ ပြီးလျင် ရေနဲနဲကူးမည်။ Spa တွင်ရေနွေးငွေ့လေး နည်းနညး်ခံလိုက်မည်။ ရေချိုးပြီးမှ အေးအေးဆေးဆေး အိမ်ပြန်မည်။ နိုက်ကလပ်သွားတာထက်တော့
အကျိုးရှိသည်ဟု ဟယ်လင်တွေးလိုက်သည်။
သူ့ပစ္စည်းများကို လော်ကာထဲထည့်သည်။ သော့ခပ်သည်။ လိုအပ်သည့် သောက်ရေဗူး၊ မျက်နှာသုတ်ပု၀ါတို့ကိုထည့်ခါ အပေါ်ထပ်ခန်းမကြီးထဲကို တက်လာလိုက်သည်။
ဟယ်လင်တို့ကလပ်က ဂျင်သည်အလွန်ပစ္စည်းစုံသည်၊ ခါး၊ ခြေ၊ လက်၊ တစ်ခုချင်းစီအတွက်
အသေးစိတ်ပြည့်စုံသည့် စက်ကရိယာပေါင်းစုံရှိသည်။ စက်များက အိုဟောင်းမနေဘဲ
နောက်ဆုံးပေါ်ပစ္စည်းများလည်းဖြစ်သဖြင့် ကလပ်အသင်း၀င်များအလွန်များသည်။
သည်အရပ်မှလူများကလည်း သောကြာနေ့ညမို့သာ လူရှင်းသည်။
စနေနေ့လို အလုပ်ပိတ်ရက်မနက်ဆိုလျင် ကားပါကင်လည်းမရ။တခါတလေ ခပ်ေ၀းေ၀းမှာ ရပ်ပြီးလမ်းလျောက်လာရသည်။
ထရိန်နာများကလည်း သူများထက်ပိုကောင်းသူများကို ထိုနေ့များတွင်ထားပေးသဖြင့်
လူများသဖြင့် လေ့ကျင့်ခန်းလုပ်သည်ပင် တစ်ယောက်နှင့်တစ်ယောက် မထိခိုက်မိအောင်
မနည်းလုပ်ကြရသည်။ သောကြာညတော့ ထိုသို့မဟုတ်ပြန်၊ သင်တန်းချိန် တစ်ချိန်ရှိသဖြင့်
ကိုယ့်လိုလူတွေ ရောက်နေကြပြီ။ ၀ိတ်မသည့်လေ့ကျင့်ခန်းဖြစ်သဖြင့် အမျိုးသမီး ထက်
အမျိုးသားဦးရေက ပိုများသည်။
ဟယ်လင်တော့ ကိုယ်မနိုင်သည့် ၀ိတ်ပြားလေးများနှင့် သင်တန်းဆရာကို ကောင်းကောင်းမြင်ရသည့်
နေရာကို ရွေးကာ စိတ်ကြိုက်ချထားလိုက်သည်။ ဆရာမလာခင် ၅မိနစ်လောက်လိုနေသဖြင့် Gym
ဘက်သို့ခနသွားကာ ဒါပြီးလျင် နဲနဲတော့ထပ်လုပ်မည်ဟု လမ်းလျောက်နေလိုက်သည်။ စက်ဘီးစီးမလား၊
ခြေထောက်လေ့ကျင့်ခန်းလုပ်မလား၊ စံချိန်ပြည့်ရန် နဲနဲထပ်လုပ်မည်။ ရေနည်းနည်းကူးမည်။
လုပ်တာများ များနေမလား၊ မများပါဘူး။ မဟုတ်လျင် အိမ်ပြန်ပြီး ဘီယာတို့၀ိုင်တို့ကစ်မိနေသဖြင့်
ဗိုက်ကလည်း အပျိုငါးလဗိုက်လောက်ဖြစ်နေသည်။ ကြိုးစားမှရမည်။
ဆရာလာတော့ ဆရာနှင့် အတူ လေးဆယ့်ငါးမိနစ်လောက် အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်ကြသည်။
ရှေ့က ဆရာကနည်းပြတော့ လိုက်လုပ်ရင်း ချွေးထွက်လာသည်။
မဆိုးဘူး၊ ဒါဆိုနောက်ထပ် လမ်းလျောက်စက်မှာဘဲ နည်းနည်း လမ်းလျောက်တော့မည်ဟု
ဟယ်လင်ဆုံးဖြတ်လိုက်သည်။
သင်တန်းဆရာရော အချို့သူတွေပါ နှုတ်ဆက်ပြီး ပြန်ကုန်ကြသည်။ တချို့လည်းကျန်သေးသည်။
သင်တန်းခန်းမကြီးက မီးပိတ်ထားပြီ။ ထိုအခါ စက်ကရိယာတွေနှင် ခန်းမ ကျယ်ကြီးကျန်နေသည်။
စက်တွေကလည်း အများကြီး၊ ဟိုးဘက်ကဒေါင့်ဘက်အထိ စက်ကရိယာပေါင်းများစွာ။ သောကြာညမို့သာ
လူနည်းနေခြင်းဖြစ်၏။ အနီးအနားတွင် စက်ဘီးစီးနေသူတစ်ယောက်၊ ခပ်လှမ်းလှမ်းတွင် ၀ိတ်မနေသူနှစ်ယောက်၊ ဟိုးဘက်က ခြေထောက်အတွက်လေ့ကျင့်ခန်း သီးသန့်စက်များတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဒါဘဲရှိသည်။
‘ကိုယ်တစ်ယောက်ထဲမှမဟုတ်တာလေ’
ဟယ်လင်တွေးလိုက်သည်။
‘လူတော့နည်းသား၊ ခါတိုင်း သောကြာညနေတော့ ပုံမှန်မလာဘူးပါ၊ လာစဥ်ကလည်း
အတန်းပြီးသည်နှင့်ပြန်ခဲ့သည် မဟုတ်ပါလား။ သည်နေ့တော့စိတ်အေးလက်အေးနေမည်
ဟု စဥ်းစားမိသောကြောင့်ဖြစ်သည်။
ချွေးထွက်နေသဖြင့် မျက်နှာသုတ်ပု၀ါပိုင်းနှင့်သုတ်လိုက်သည်။
နောက်ထပ်နည်းနည်းလုပ်မည်။ လမ်းလျောက်စက်နဲ့ဘဲ နဲနဲ ပြေးမည်။
လမ်းလျောက်စက်များဘက်သို့ ရေဘူးလေးကိုင်ကာ ဟယ်လင်သွားသည်။ ထိုအခါ
စက်ဘီးစီးနေသူကို ဖြတ်ရသဖြင့် ထိုလူက ဟယ်လင့်ကို
‘ဟေး’ ဟုနှုတ်ဆက်သဖြင့် ပြန်ပြီး ‘ဟိုင်း’လိုက်ရသည်။
သူလည်းချွေးတွေသံတွေတရွဲရွဲနှင့်ကျိုးစားနေပုံဖြစ်သည်။ ဗိုက်ကလည်းရွှဲသည်ကိုး။
စားချင်တိုင်းတွေစားပြီးမှ ပြန်ကြိုးစားနေရသူများပင်၊ အစထဲက ပုံမှန်းဘဲစားခဲ့ရမှာ၊
ဟယ်လင်ဆို ပြောနေကျစကားရှိသည်။
‘စားမှာဘဲ၊ စားမှာဘဲ၊ ငါအိုနေပြီ
ဘာမှအရေးမကြီးဘူး’
ထိုသို့ပြောပြီး စားချင်တိုင်းစားခဲ့သည်မှာ ကိုယ့်ပုံကို ဓါတ်ပုံထဲ
မမှတ်မိတော့မှ ယခုအားကစားကလပ်ကို ၀င်မိသည်။ သည်တော့မှ နောင်တတွေရလေ၏။
သူမကဟိုင်းဆိုပြီးချိန် ဦး၀တုတ်လည်း သူ့စက်ဘီးပေါ်မှ ဆင်းလေသည်။
‘အော ပြီးပြီလား’
‘ပြီး ပြီ၊ တစ်နာရီတောင် လုပ်ပြီးပြီ၊ အိမ်ပြန်ရေချိုးပြီး
စားချင်တာစားလို့ရပြီ’ ဟုပြောပြီးသွားလေ၏၊
‘စားချင်တိုင်းစားလို့ကတော့ စားလိုက်၊ သေအောင်လေ့ကျင့်ခန်းလုပ်လိုက်နှင့်
သံသရာလည်ပေတော့မည်။
လမ်းလျောက်စက်များထဲမှ ထောင့်ဆုံးကစက်ကိုရွေးလိုက်သည်။ ရေဗူးကို ထည့်စရာခွက်နေရာလေးထဲထည့်သည်။ စက်ဖန်သားပြင်ပေါ်မှ အဆီချ ဆိုသည်ကိုရွေးပြီး ခလုတ်များကို ပြင်ဆင်လိုက်သည်။ ပြီးမှဘဲ တဖြေးဖြေးမြှင့်လိုက်မည်ဟု စဥ်းစားကာ စက်နှင့်အတူ ခပ်ဖြည်းဖြည်းစပြေးလိုက်သည်။ ပြေးရင်းနှင့် ဖန်နံရံမှမြင်နေရသည့် အောက်ဘက်က ရေကူးကန်ကို ကြည့်မိသည်။ ရေကူးကန်ထဲလည်း လူနှစ်ယောက်လောက်ဘဲ ရေကူးနေကြသည်။
ရေကူးကန်မှတဆင့်အပြင်ဘက်ကို ပြေးနေရင်း ကြည့်နေမိသည်။
လူတော်တော်နည်းတာဘဲ ဒီနေ့၊ ခရစ်စမတ်နားနီးလို့ပိုနည်းတာဖြစ်မည်။
ခါတိုင်း လမ်းဘေးကပ်ရပ်ထားသော ကားတွေလည်းမရှိ။ တောက်ပသော မီးရောင်များနှင့်တော့
သူ့ပုံမှန်အတိုင်းလှပနေသည်။
ရေကူးကန်မှန်နံရံနှင့်ကပ်လျက် စိုက်ထားသည့် သစ်ပင်များက လူသွားလမ်းတလျောက်
အပြည့်ဖြစ်သည်။ လူသွားလမ်းတွင် လမ်းသွားလမ်းလာအချို့တွေ့သည်။
တချို့က ကလပ်နှင့်ကပ်ရက်က တရုပ်စားသောက်ဆိုင်ကိုလာကြသည်။
စားသောက်ဆိုင်က စီချွမ်ပြည်နယ်လက်ရာဖြစ်ပြီး ဟယ်လင်တစ်ယောက် ငြုတ်သီးစပ်စပ်နှင့်
ကြော်ထားသည့် ခေါက်ဆွဲကြော်ကိုကြိုက်သည်။
လေ့ကျင့်ခန်းလုပ်ရင်း စားစရာအကြောင်းတွေးနေတာပါလားဟု
သတိရလိုက်သည်။ သည်စားစရာတွေကဘဲ လူတစ်ကိုယ်လုံး ၀တုတ်လုံးကာပုံပျက်ပန်းပျက်၊ ရုပ်ပျက်နေရခြင်းပင်။
မဟုတ်ပါဘူးလေ။ အသက်ကြောင့်လည်းနေမှာပါဟု တွေးမိပြန်သည်။
တွေးလိုက် မှန်နံရံမှ အပြင်ဘက်ကို လှမ်းကြည့်လိုက်နှင့် ခပ်မှန်မှန်လေးပြေးနေမိသည်။
မဆိုးပါဘူး။ သည်လိုလေးပုံမှန်ဆို အရမ်းလည်းမစားမသောက်မိလျင်
အနည်းဆုံးတော့ကျန်းမာနိုင်သည်။
ခပ်လှမ်းလှမ်းရှော့ပင်းစင်တာကြီးမှ မီးရောင်စုံများကလည်း လင်းလက်ပြိုးပျက်နေသည်။
ထိုသို့ပြေးနေသခိုက် ၀ိတ်များမနေသည့် ဘက်မှလူများကလည်း စကားတပြောပြောနှင့် ပီးလို့ ထွက်လာကြသည်ထင်၏။
လှေကားမှတဆင့် အောက်ထပ်သို့ဆင်းသွားကြသည်။
အမယ်သူတို့ကလည်း ရေချိုးပြီး နိုက်ကလပ်သွားဦးမည်ဆိုဘဲ။ အေးလေ အနည်းဆုံးတော့
သူတို့လေ့ကျင့်ခန်းတွေလုပ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုပြုစုရတော့မည်ပေါ့။
သူတို့ကလည်း ဂျင်မှာ စည်းကမ်းထားသည့်အတိုင်းလူလက်ကျန်နည်းသဖြင့်
၀ိတ်တုံးများနှင့် ခြေထောက်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလုပ်သည့် ပစ္စည်းများခန်း ဘက်မှာ
လူမရှိတော့သဖြင့် မီးပိတ်သွားကြသည်လား။ ဆင်ဆာတွေမို့လို့ လူလှုပ်ရှားမှုမရှိတော့သဖြင့်
မီးပိတ်သွားကြသလိုဖြင့် ထိုဘက်အခြမ်းတွင် မှောင်မဲတိတ်ဆိတ်လို့သွားသည်။
သူမအသုံးပြုနေသည့် လမ်းလျောက်စက်နှင့်စက်ဘီးများ၊ လှေကားကို တက်သလို အပေါ်ကိုဆက်တိုက်တက်သကဲ့သို့ လှုပ်ရှားရသည့်စက်များ စသည့်အခြမ်းဘက်တွင်သာ အလင်းရောင်ကျန်နေတော့သည်။ ခါတိုင်း သီချင်းများဖွင့်ထားသည့် တီဗီ စခရင်ကြီးလည်း ပိတ်သွားပြီ။
သောကြာနေ့မှာထိုသို့ဖြစ်သည်။ လူတွေကနားပြီလေး။ ပြဇာတ်တွေ၊ ကပွဲရုံတွေ၊ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေမှာလူပြည့်သည့်နေ့ဖြစ်သည်။ အားကစားကလပ်တွင်တော့ ခါတိုင်းနှင့်မတူ။ တိတ်ဆိတ်နေသည်။သေချာကြည့်မိမှ အပေါ်ထပ်ခန်းမကြီးထဲ သူမတစ်ယောက်ထဲသာကျန်တော့သည်။
‘အမလေးနော်၊ လူတွေကလည်း အကုန် နိုက်ကလပ်ပြေးသွားကြပီထင်ပါ့’
သူမရေကူးကန်ထဲကြည့်လိုက်သော် ထိုနှစ်ယောက်တော့ ရေကူးနေဆဲဖြစ်သည်။
အောက်ထပ်က စက်တွေတွင် ရှိကောင်းရှိနေနိုင်သေးသည်။
ပြောလို့ပြောသည်မဟုတ် သည် အားကစားကလပ်သည် ဂျင်ရော၊ ရေကူးကန်၊စပါး၊ စားသောက်ဆိုင်၊
စသဖြင့်အတော်ပြည့်စုံသည်ပြောရမည်။ နေရာအနေအထားလည်း ကောင်းလေသည်။ ထို့ကြောင့်လည်း
အမြဲစည်ကားနေတတ်သည်။
သို့သော် သည်နေ့လို ထူးထူးခြားခြားလူရှင်းသည့် သောကြာညနေတော့ ဒီတခါဘဲ
ကြုံဘူးသေးသည်။
နာရီမှတ်စက်နှင့်ပြေးနေသည်မို့ နောက်ဆယ်မိနစ်ဆိုပြီးပြီ။
လူလည်းချွေးတော်တော်ထွက်နေပြီ။ ရေကူးကန်ထဲ ပြီးလျင် သွားခုန်ချလိုက်မည် ဟု
ဟယ်လင်တစ်ယောက်တွေးနေမိသည်။
ထိုအခိုက်နားထဲ အသံတမျိုးလေးကြားလိုက်သည်။
++++Sandar Wai, Alexander+++++
‘ချွတ်ချွတ်’
တစ်ယောက်ယောက်များ အပေါ်ထပ် ခန်းမကိုတက်လာသည်လား။ ဖြစ်နိုင်သည်။
သူ့လိုဘဲ လုပ်ချင်သည့်အချိန်လုပ်နိုင်သည်မို့ ခုမှလာသည်လား။
သူတို့ဆီမှာကလည်း သူလည်းလုပ်ချင်တာလုပ်၊ ကိုယ်လည်းလုပ်ချင်တာလုပ်၊
အများပိုင်နယ်မြေမို့ သိပ်လည်းမစပ်စု၊ ဟိုင်း၊ ဟယ်လိုပြီးလျင် ကိုယ့်အခွင့်အရေးနှင့်ကိုယ်၊
မစပ်စုကြတော့။
ဟယ်လင်ခြေသံလိုလိုကြားသဖြင့် တစ်ယောက်ယောက်တက်လာသည်ဖြစ်မည်
ဟုသေချာလိုက်သည်။ ထို့ကြောင့်ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေသည်။ နှုတ်ဆက်သံလည်းမကြား။
သူ့စိတ်ထဲတစ်ယောက်ယောက်လာသည်ကိုသိပါသည်။ ထားလေ၊ တချို့လည်းခပ်ရိုင်းရိုင်းတွေလည်း
ရှိတာဘဲ၊ နင်မခေါ် ငါမခေါ်ယုံပေါ့။ မသိမသာလေး ဘယ်နေရာသွားမလဲတော့ အသံကိုနားထောင်နေမိသည်။
ဘာသံမှ ဆက်မကြားသဖြင့် ကိုယ့်စခရင်ကိုကြည့်တော့နောက်ထပ် သုံးလေးမိနစ်ဘဲ။
အပြင်ဘက်မှာလည်း မီးရောင်တွေနဲ့၊ ရေကန်ထဲကလူလည်း ကူးနေကြဆဲ၊
ထိုအခိုက် သူမလမ်းလျောက်စက်၏ တစ်ခုကျော် လမ်းလျောက်စက်ကို လူရောက်လာသလို
ခံစားရသည်။ နောက်လာသူသည် လမ်းလျောက်စက်သုံးမည်ထင်၏။
ကိုယ်လည်းကိုယ့်ဖါသာဆက်သုံးနေသည်။
ထိုအခိုက်ထိုတစ်ယောက်ကျော်စက်လည်း လှုပ်ရှားလာပြီး တစ်ယောက်ယောက်ပြေးနေသလိုမျိုး
စက်သည်အလုပ်လုပ်နေသည်။
အဖေါ်ရပြီပေါ့၊ ရလည်းကိုယ်က ပြီးပြီး၊
တမိနစ်၊ ၃၀ စက္ကန့်၊ ၁၅ စက္ကန့်၊ ၀ စက္ကန့်၊ ပြီးပါပြီ၊
သတ်မှတ်ထားသည့်အတိုင်း စက်က အလုပ်လုပ်သဖြင့် လမ်းလျောက်စက်ရပ်သွားပြီ။
ဟယ်လင်သူမကိုယ်ကိုကျေနပ်သွားသည်။ သူမစက်နှင့်တစ်ခုကျော်စက်က အလုပ်လုပ်နေသဖြင့်
သူမ၏ရေဗူး၊ မျက်နှာသုတ်ပု၀ါတို့ကိုယူကာ စက်ပေါ်မှအဆင်းတွင် ထိုစက်သည် မည်သူမျှ မရှိဘဲ
အလိုအလျောက် စက်ပွင့်နေခြင်းကိုတွေ့လိုက်ရတော့သည်။
‘ဟင်’
“ခုနက လူတစ်ယောက်လာတယ်ထင်ပြီး သုံးတယ်ထင်နေတာကို’
‘မည်သို့ပါလိမ့် ဟုတွေးရင်းဟိုဟိုသည်သည် မျက်လုံးကစားကြည့်လိုက်သော်
အပေါ်ထပ်မှာ သူမတစ်ယောက်တည်း စက်သုံးနေသည်။
သည်စက်က အလိုလို ထပြီးပွင့်နေခြင်းပင်။ တစ်ယောက်ယောက် စက်ကို
အချိန်ကိုက်ဖွင့်ခဲ့လို့လား၊ တစ်ခုခုဘဲဟု သူမတွေးလိုက်သည်။
သို့နှင့် ထိုအလိုအလျောက်ပွင့်သွားသော လမ်းလျောက်စက်ကို သူမပိတ်လိုက်သည်။
ခုခေတ်ကြီးမှာလည်း စက်တွေကို အမိန့်ပေးရတာတွေကများ၊ မလုပ်တတ်လျင် ဂဂျိုး ဂဂျောင်၊
ခုလည်း ညဘက်ကြီး ထပွင့်နေသည်ဘဲဟု သူမတွေးကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
အပေါ်ထပ်တွင် တစ်ယောက်မျှ မရှိတော့။
အောက်ထပ် ဧည့်ကြိုနေရာမှာလည်း ၀န်ထမ်းမရှိတော့ပြန်သွားပြီ၊ တခါးပိတ်သွားသည်။
အပြင်ကလူက တစ်ညလုံး၀င်လိုအသုံးပြုလိုက အသင်း၀င်ကဒ်နှင့်၀င်နိုင်သည်။ စားသောက်ဆိုင်လည်းပိတ်သည်။ ရေကူးကန်ဘက်ကို သွားသည့်နေရာနှင့်နီးသည့်ဘက်တွင်
လူငယ်တစ်ယောက်နှင့် ကောင်မလေးတစ်ယောက် စက်များနှင့်လေ့ကျင့်နေသည်။
အဖေါ်ရှိသေးသည်။
ထို့ကြောင့် မိန်းကလေးများအခန်းကို၀င် လော်ကာမှ အိတ်ကိုထုတ်ကာ ရေကူးလျင်ကောင်းမလားတွေးသည်။
တော်ပါပြီ၊ ခုတောင် တော်တော်လုပ်ပြီးနေပြီ။ တနေ့နည်းနည်းပုံမှန်လုပ်လျင်
လုံလောက်သည်။ရေချိုးတော့မည်၊ ထိုအခိုက် ဆံပင် ရွှေရောင်နှင့် အမျိုးသမီးတစ်ယောက်
သူမနားကဖြတ်ကာ ရေချိုးခန်းဘက်သွားလိုက်သည်ဟုထင်လိုက်သည်။
‘တစ်ယောက်ယောက်ရှိနေသေးသည်။ သူမလိုပင် ရေချိုးပြီးမှ ပြန်မည့်သူ ဖြစ်မည်။
ဟယ်လင်လည်း အဖေါ်လေးရှိတုန်းရေချိုးခန်း၀င်လိုက်မည်။ ရေချိုးခန်းက စုစုပေါင်း ၁၂ ခန်းရှိသည်။
ဟယ်လင်က ညာဘက်ခန်း တတိယမြောက်အခန်းကိုပိုကြိုက်သည်။ ရေအပူအအေး ချိန်ဆရာတွင်
မိမိစိတ်တိုင်းကျသဖြင့် ဖြစ်သည်။
ခုနကအမျိုးသမီးဟု သူမထင်သည့်တစ်ယောက်က လေးခန်းမြောက်တွင် ရေချိုးနေသံကြားနေရသည်။
ထိုအခန်းနှင့်ကပ်ရက် တွင်ဟယ်လင်၀င်လိုက်သည်။
ထို့နောက်ချွေးသံတရွှဲရွှဲမို့ ကောင်းကောင်းခေါင်းလျှော်ရေချိုးနေလိုက်တော့သည်။
ဘေးအခန်းကလည်း ရေတွေချိုးသံကောင်းကောင်းကြားနေရသည်။
တော်သေးသည်ဘဲ၊ ကိုယ့်လိုဘဲ သောကြာညမှာ အားကစားကလပ်မှာ
လူရှိနေကြသည်။ ဟယ်လင်ရေချိုးပြီးသွားသည်။ ဘေးအခန်းမှ ရေတွေကျပြီး အားရပါးရရေချိုးနေသည်မှာ
မပြီးသေး။
ထို့နောက်ဟယ်လင် ခေါင်းခြောက်အောင်သုတ်ခါ၊ ခေါင်းကို မှုတ်စက်နှင့်အခြောက်ခံသည်။
ပါလာသည့် လိုးရှင်းလေးလူးပြီးသည့် အခါ အ၀တ်အစာ၀တ်သည်။ အိတ်ထဲကို ပစ္စည်းများပြန်ထည့်ရင်း
ဆပ်ပြာရည်ဗူးလေးကျန်နေသည်ကို သတိရသွားသဖြင့် သူမရေချိုးသည့်အခန်းကိုပြန်လာခဲ့သည်။
ထိုသို့ပြန်လာရင်း ခုနက သူမနှင့်ဘေးချင်းကပ်မှာရေချိုးနေသူ
ထွက်လာတာမတွေ့သလိုတွေးမိသွားသည်။
အပူငွေ့သွားခံနေတာဖြစ်မည်။
တော်တော်ဇိမ်လုပ်တတ်သူနေမည်ဟုပါ တဆက်တည်းတွေးလိုက်သည်။
အကုန်တိတ်ဆိတ်နေသည်။ တခါဘူးမျှ ကလပ်တွင် ထိုသို့
တိတ်ဆိတ်သည်မျိုးမကြုံဘူးခဲ့သဖြင့်ဟယ်လင် အသိစိတ်ထဲ ထူးထူးခြားခြား
ခံစားလို့သိနေသည်။ တမျိုးကြီးဖြစ်သည်။
သူမရေချိုးသည့် အခန်းတွင် ကျန်ခဲ့သည့် ဆပ်ပြာရည်ဗူးလေးကိုယူပြီး ဘေးခန်းကို
ကြည့်မိသည်။
သူမစိတ်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ယခုနက ရေတွေ အများကြီး ချိုးနေသည့်အခန်း။
ရေတစက်မျှ မရှိ၊ မည်သူမျှ ရေချိုးခဲ့သည့်ပုံစံရှိမနေ၊ သူမရေမချိုးခင် အနားက ရွှေရောင်ဆံပင်နှင့်
ရိပ်ခနဲ ရေချိုးခန်းထဲ၀င်သွားသည်ကို သတိထားမိခဲ့သည်ကရော။
ရုတ်တရက် ဟယ်လင် ကြက်သီးများ ဖြန်းကနဲထသွားပြီ။
ခုနကလမ်းလျောက်စက်အလုပ်မလုပ်ခင်၊လူတစ်ယောက်တက်လာသလို
သူမသေချာကြားလိုက်သည်။ ယခုကတော့ ပိုထင်ရှားသည်။ ရေချိုးခန်းမှာ နှစ်ယောက်
အပြိုင်ရေချိုးခဲ့သည်မှာ အသေအချာကို ယခု ရေတပေါက်ပင်စိုမနေ။ ဘယ်လိုမှ
ယုတ္တိရှိသည့်အချက်စဥ်းစားမရဘဲ လူက ကြောက်သလိုလိုကြီးဖြစ်လာသည်။
ကလပ်မှာ ကိုယ်တစ်ယောက်ထဲ အမျိုးသမီးခန်းထဲမှာ၊
ဟိုတွေးဒီတွေး တွေးရင်း အပေါ်ထပ်က စက်ဘီး တွေကြီးဘဲ ထားသည့် စက်ဘီးလေ့ကျင့်ခန်းအခန်းထဲက
သင်တန်းဆရာမပုံကို ရုတ်တရက် သတိရလာသည်။
သူမသည်ရွှေရောင်ဆံပင်နှင့်။ သူမ၏ ဓါတ်ပုံကို သေချာစွာချိတ်ဆွဲထားသည်။
ကလပ်တွင် ၁၄နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီး
မလေးရှားသို့ ဟောလီးဒေး ( အားလပ်ရက် ခရီးစဥ်) အလည်အပတ်သွားခဲ့သည်။
အပြန်တွင် Malaysia MH—–(၂၀၁၄) ခရီးစဥ်တွင် စီးနင်းလိုက်ပါရင်း လေယာဥ် ပျောက်ဆုံးသွားသဖြင့်
မည်သည့် အခါမျှ အိမ်မပြန်နိုင်တော့ကြောင်း၊ သူမ၏ ကလပ်နှင့် အသင်းသားများအတွက် လုပ်ဆောင်ချက်မှန်သမျှကို အမြဲတမ်း အမှတ်ရနေမည့်အကြောင်းရေးထားတာတွေသတိရသွားသည်။
ဘာရယ်မှန်းတော့ တကယ်မသိ၊ ကျောထဲ အရိုးထဲပင် စိမ့်ခနဲ ဖြစ်ခါ အိတ်ကို ကမန်းကတန်းလွယ်ပြီး
အမြန်ပြန်ထွက်လာသည်။
သူမရေမချိုးခင်က လေ့ကျင့်နေသူများလည်း မရှိတော့ပြီ။
အော်တိုမက်တစ်တခါးအတွက် နှိပ်ရမည့် ဘုအစိမ်းကို နှိပ်ရင်းနှင့်လက်တွေကတုန်၊ ကျောတွေချမ်းလိုက်သည့် ဖြစ်ခြင်း၊
ဘာလို့တိတိပပမသိ၊ စိတ်ထဲ တကယ်တမျိုးကြီးဖြစ်ခါ ကားရပ်ထားသည့်နေရာသို့
အမြန်လေး လျောက်လာမိတော့သည်။
နောင်တွင် သောကြာညကိုရှောင်ပါမည်။
၀လို့သာမက တကိုယ်လုံးကြီးဘဲ စည်ပိုင်းကြီးဖြစ်နေပါစေလေဟု
ဟယ်လင် တစ်ယောက် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ကြီးချလိုက်ပါတော့သည်။
ပြီးပါပြီ
Sandar Wai, Alexander
စာချစ်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာများပြည့်၀ကြပါစေ။
၂၄/၁၁/၂၄