နှောင်ကြိုး
----------
တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်လောက်အောင်ဖြစ်နေပြီဆိုမှတော့ ဘာတတ်နိုင်မည်နည်း။
“ကျွန်မကို ကွာရှင်းပေး”
“စဉ်းစားပါဦး။ ကွာရှင်းတယ်ဆိုတာ တို့နှစ်ယောက်အတွက် အလွယ်လေး။ သမီးလေးအတွက် မလွယ်ဘူး”
“မလိုချင်ဘူး … ကျွန်မကို ကွာရှင်းပေး”
“တိုးတိုးပြော … သမီးနိုးသွားမယ်”
“ရှင် ကွာရှင်းခွင့်မပေးရင် … ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ထားတယ်။ မြန်မြန်ကွာပေး”
“တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ယူကြတယ်။ ခုစိတ်ဆိုးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာကျည်း အောင်လည်း ဘာမှ မလုပ်ကြဖူးဘူး။ သမီးလေး ရလာချိန်မှာ ကွာရှင်းမယ်ဆိုတာကတော့ ကလေးကို စိတ်ဒဏ်ရာရအောင် လုပ်သလိုဖြစ်နေမယ်ထင်တယ်။ ငါ့ကို မကြည့်ချင်နေပါ။ ကလေးမျက်နှာကို ထောက်ပါ”
“မလိုချင်ဘူး … ကျွန်မ ဆုံးဖြတ်ပြီးပြီ … ကွာရှင်းမယ်”
“ဒီည … တစ်ညတည်း ထပ်စဉ်းစား … ဟုတ်ပြီလား။ မိုးလင်းမှ စိတ်ကို မပြင်နိုင်တော့ဘူးဆိုရင် ကိုယ် … မင်းစိတ်ကြိုက်ဖြစ်ရစေမယ်။ မင်း အေးအေးဆေးဆေး စဉ်းစားဖို့ ကိုယ်ရှောင်ပေးမယ်”
သူက အပြင်ကို ထွက်သွားသည်။ ကားကိုယူသွားသည်။ သူ့ကားသံ မကြားရတော့သည့်အဆုံးတွင် မျက်နှာကို အုပ်ပြီး သူမ ရှိုက်ငိုလိုက်သည်။
တံခါးဝတွင် သမီးလေးက ရောက်နေသည်။
“မေမေ … ဖေဖေ ဘယ်ကို သွားတာလဲ။ မေမေဘာလို့ ငိုနေတာလဲ”
သူမက သမီးလေးကို ဖက်လိုက်သည်။ ရှိုက်ပြီးတော့ ငိုကာ တင်းနေအောင် ဖက်ထားသည်။
“မေမေရယ် … သမီး အသက်ရှူကျပ်တယ်”
သမီးနှင့်သူ ဖက်ရင်းက အိပ်ရာထဲတွင် အိပ်ပျော်သလိုဖြစ်သွားသည်။ သူမ လန့်နိုးသွားသည် နာရီကိုလှမ်းကြည့် လိုက်တော့ ၃ နာရီ။
သမီးလေးကို စောင်လေးခြုံပေးလိုက်ပြီး သူမ အိပ်ခန်းထဲက ထွက်ခဲ့သည်။
မီးဖိုခန်းထဲကို ဝင်လိုက်ချိန်တွင် ငိုသံလိုလို ရှိုက်သံလိုလို ကြားလိုက်ရသည်။ အပြင်က လရောင်သည် မှန်ကိုထိုးဖောက်ပြီး မီးဖိုခန်းထဲကို ထိုးဝင်နေသည်။
သို့သော် သူ့သဏ္ဍန်ကို ကောင်းကောင်းသိသည်။ သူက မီးဖိုခန်းထဲတွင် ထိုင်နေသည်။ ဘယ်အချိန်ပြန်လာပြီး ထိုင်နေသည်မသိ။ ကားသံလည်းမကြား။
သူမက ရေခဲသေတ္တာထဲက ရေပုလင်းကိုထုတ်ပြီး မော့သောက်လိုက်သည်။
“စဉ်းစားပါဦးကွာ”
သူမက လှည့်မကြည့်
“စဉ်စားပါဦးကွယ် … ကိုယ့်အတွက် မဟုတ်တောင် သမီးလေးအတွက်ပေါ့”
သူမက ရေပုလင်းကိုပြန်ထည့်ပြီး လှည့်ထွက်လိုက်သည်။
“တောင်းပန်ပါတယ်။ မင်း ငါနဲ့ သမီးလေးကို မခွဲပါနဲ့”
“သမီးကို ရှင်နဲ့ ထားခဲ့လို့ မဖြစ်ဘူး။ သမီးကို ကျွန်မခေါ်သွားမယ်။ ဒီ အိမ်နဲ့ ရှိသမျှ စည်းစိမ်ပစ္စည်း အားလုံး ကျွန်မ စွန့်သွားမယ်။ မိုးလင်းတော့မယ်။ ကျွန်မစိတ်ကို မပြင်နိုင်ဘူး။ ကျွန်မကို ကွာရှင်းပေး”
“ငါ အရှုံးပေးပါပြီကွယ် … မင်းစိတ်တိုင်းကျ ဖြစ်ရပါစေ့မယ်။ ဒါပေမဲ့ မင်းနဲ့ သမီးလေး ဒီအိမ်က ထွက်သွားစရာ မလိုပါဘူး”
“ရှင် ဘာပြောပြော ကျွန်မ စိတ်မဝင်စားဘူး။ မိုးလင်းရင် ကွာရှင်းမယ်။ ရှင် အသင့်ပြင်ထားပါ”
“ငါ အရှုံးပေးပါတယ်”
သူမက လှည့်မကြည့်တော့ … အခန်းထဲပြန်ဝင်လိုက်ပြီး တံခါးကို ချက်ထိုးထားလိုက်သည်။ ထို့နောက် သမီးလေး ဘေးတွင် ဝင်အိပ်နေလိုက်သည်။
“ဒုံး … ဒုံး … ဒုံး”
တံခါးကို လာထုနေပြန်ပြီ။ အပြင်ဘက်တွင် မိုးလင်းနေပြီ။ သူမက ကုတင်ပေါ်ကဆင်းပြီး တံခါးကိုဖွင့်ကာ မီးဖိုခန်းထဲကို လှမ်းကြည့်လိုက်သည်။ မီးဖိုခန်းထဲတွင် သူမရှိ။ ဘယ်အချိန်က ပြန်ထွက်သွားသနည်း
“ဒုံး … ဒုံး … ဒုံး”
သူမက အိမ်ပြင်တံခါးကို ဖွင့်လိုက်သည်။ ရဲများရောက်နေခြင်းဖြစ်သည်။
“ဘာကိစ္စလဲရှင်”
“ဒီ ပုံလေး တစ်ချက်ကြည့်ပေးပါ။ အစ်မကြီးနဲ့ ပတ်သက်နေပါသလား”
သူမက ဓာတ်ပုံကို ယူကြည့်လိုက်သည်။ သွေးတွေ မျက်နှာတွင် ပေနေသော်လည်း သူ့ကို ကောင်းကောင်း သိသည်။
“သူဘာဖြစ်လို့လဲ”
“အစ်မကြီး ယောက်ျားပါလားခင်ဗျာ”
“ဟုတ်တယ်”
“အစ်မကြီး ယောက်ျား ညက ကားမှောက်ပြီး ကွယ်လွန်သွားပါတယ်”
“မဖြစ်နိုင်ဘူး … သူနဲ့ ကျွန်မ မနက် ၃ နာရီလောက်က စကားပြောခဲ့သေးတယ်”
“မဖြစ်နိုင်ပါဘူးခင်ဗျာ … သူက ည ၁ နာရီတိတိမှာ ဆေးရုံရောက်မှ ကွယ်လွန်သွားတာပါ”
“ရှင်”
တင်ညွန့်
၃၀.၁၁.၂၀၁၈