ကြောက်စိတ်နှင့် သတ္တိ

------------------------
ကျွန်တော် ငယ်စဉ်က သရဲအလွန်ကြောက်တတ်သည်။ ဘာမှန်းမသိသည်ကို ကြောက်နေရခြင်းကပင် ငယ်စဉ်ဘဝတစ်ခုလုံးကို စိုးမိုးထားသည်။
“အိမ်နောက်ဖေးမှာ သရဲရှိတယ်”
“အိမ်အောက်ကို မဆင်းနဲ့ သရဲ ဂုတ်ချိုးလိမ့်မယ်”
လူကြီးတွေ၏ ထိုခြောက်လှန့်မှုများကြောင့် အကြောက်တရားထဲတွင် ကာလကြာရှည်စွာ မသွားရဲ၊ မလာရဲ၊ မပြောရဲ၊ မဆိုရဲတွေ ဖြစ်ခဲ့ရသည်။ မည်မျှအထိ ကြောက်သနည်းဆိုလျှင် မသာအိမ်ရှေ့ကပင် ဖြတ်မလျှောက်ရဲလောက်အောင်ဖြစ်သည်။
ကျွန်တော့် အဒေါ်တစ်ယောက် ကားတိုက်ပြီး ကွယ်လွန်သွားခဲ့ရသည်။ သူ့အလောင်းကို အိမ်ပြန်ယူလာပြီး ပြင်ဆင်ထားသည့်ညတွင် ကျွန်တော့်မှာ နေစရာမရှိ။ အမေ့ ထဘီကို ဆွဲကာ နောက်က တကောက် ကောက်လိုက်နေခဲ့သည်။ အမေ မျက်စိအောက်က ပျောက်သွားလျှင် အော်ငိုခဲ့ရသည်။ ငယ်စဉ်က။
ကျွန်တော် လူပျိုပေါက်အရွယ်တွင် ကြောက်စိတ်ကို အမြစ်ဖြတ်ပေးခဲ့သူမှာ အဖေဖြစ်သည်။
တစ်နေ့တွင် အဖေ့ညီမတစ်ဦး (ကျွန်တော့်ဒေါ်လေး) ကွယ်လွန်သည်။ အဖေက ဒေါ်လေးအိမ်ကို သွားရမည်ဖြစ်သဖြင့် ကျွန်တော့်ကို ခေါ်သည်။ ကျွန်တော်က မလိုက်ရဲ။
“မင်းမလိုက်လည်း အိမ်မှာ တစ်ယောက်တည်းနေခဲ့”
အိမ်မှာ တစ်ယောက်တည်း နေခဲ့ရမည်ကို ကျွန်တော်က ပိုကြောက်သည်။ ထို့ကြောင့် အဖေနှင့် လိုက်ခဲ့သည်။
အသုဘအိမ်တွင် လူတွေရှင်းနေသည်။ အဖေနှင့် ဦးလေးက အလောင်းကို ရေချိုးပေးရန် ပြင်နေကြသည်။ အဖေက ကျွန်တော့်ကို
“သားရေ … ရေတစ်ပုံးလောက် ဆွဲခဲ့ပေးပါကွာ” ဟု ခိုင်းသည်။
ကျွန်တော်က ကြောက်ကြောက်နှင့် ရေတစ်ပုံးကို ဆွဲကာ အဖေ့နားတွင်ချပေးပြီး ပြန်ထွက်ရန် ပြင်လိုက်စဉ်
“အဖေ့ကို ကူဦးကွာ … ရေလောင်းပေးစမ်းပါ” ဟုဆိုသည်။
ကျွန်တော့်ကို မသာရေချိုးရာတွင် ရေလောင်းခိုင်း နေခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ကြောက်လွန်း သဖြင့် မျက်နှာလွှဲကာ ရေလောင်းမည်ပြုစဉ်
“သား … ဒီမှာ ကိုင်ကြည့်စမ်းပါကွ”
အဖေက ကျွန်တော့်ကို ဒေါ်လေး လက်တစ်ဖက်အား ကိုင်ခိုင်းနေခြင်းဖြစ်သည်။ ကျွန်တော့် ဦးလေးက
“အလကား အစ်ကိုရာ ဒီကောင် ငကြောက်” ဟု ပြောလိုက်သည်ကို မခံချင် ဖြစ်သွားသည်။
ထို့ကြောင့် ဒေါ်လေးလက်ကို ကိုင်လိုက်မိသည်။ အေးစက်စက်ကြီးနှင့် ကြက်သီးထသွားသည်။
“ရေလောင်းပါကွ”
ကျွန်တော်က အလောင်းကို ရေတစ်ခွက်ပြီးတစ်ခွက်လောင်းနေသည်။ သိပ်မကြောက်တော့။ အကြောက်တရားကို အဖေက ရင်ဆိုင်ပေးလိုက်ပြီး မင်းကြောက်နေတာ ဘာမှမလုပ်နိုင်တဲ့ အလောင်းကြီး ပါကွာ၊ မင်းကို ဘာမှ မလုပ်နိုင်ပါဘူးဆိုခြင်းကို လက်တွေ့ ပြလိုက်သည်။
ကျွန်တော့်ဘဝ အပြောင်းအလဲဖြစ်သွားသည်။ ထိုနေ့ကစပြီး အကြောက်တရားတွေ သိပ်မရှိတော့။ အမေကခြောက်လည်း အိမ်နောက်ဖေးကို တစ်ယောက်တည်း သွားသည်။ အစ်မတွေက ခြောက်လည်း အိမ်အောက်ကို ဆင်းသည်။ သူငယ်ချင်းတွေနှင့် ကင်းတဲတွင် ညဥ့်နက်အောင်နေပြီးမှ ပြန်လာတတ်သည်။
ကျွန်တော့အဖေက
“ငါ့သားသတ္တိရှိလာပြီ” ဟုချီးမွမ်းသည့် စကားမှာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးစကားဖြစ်သည်။
ကျွန်တော် ၉ တန်းလောက်တွင် ကောင်မအလေးတစ်ယောက်ကို ချစ်မိသည်။ သူ့ကို ရည်းစားစာ လိုက်ပေးရန် အားထုတ်သော်လည်း ကြောက်နေသည်။
သူငယ်ချင်းတွေက ကျွန်တော့်ကို
“မင်းသတ္တိမရှိဘူးလား” ဟု ဝိုင်းပြောသည်။
ထိုအချိန်မှ သတ္တိဆိုသည်ကို ဆန်းစစ်ကြည့် မိသည်။ သရဲမကြောက်ခြင်းသည် သတ္တိလား၊ ရည်စားစကား လိုက်ပြောရဲခြင်းသည် သတ္တိလား။ ကောင်မလေးအား စာလိုက်ပေးရဲခြင်းသည် သတ္တိလား။
သူငယ်ချင်းတွေက မြှောက်ပေးသောကြောင့် ကောင်မလေးကို စာလိုက်ပေးသည်။
“ငါသတ္တိရှိတယ်” ဆိုသည့် ဂုဏ်ကို ပြလိုခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
ကောင်မလေးက ကျွန်တော်တို့ အတန်းထဲကဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးနှင့် သွားတိုင်တော့သည်။ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ကို ခေါ်ခိုင်းသည်။ ထူပူပြီး ဘာလုပ်ရမှန်းမသိ။ မြှောက်ပေးသော သူငယ်ချင်းတွေက
“ခုမှ ကြောက်မနေနဲ့” ဟု ဆိုပြန်သည်။
ထို့ကြောင့် ဘာကြောက်စရာလိုလဲ။ ရိုက်လည်း ခံလိုက်မယ်။ စိတ်ကို တင်းကာ ရုံးခန်းထဲကို ဝင်သွားသည်။ ကျောင်းအုပ်ဆရာကြီးက
“ထိုင်” ဟု တစ်ခွန်းတည်း ပြောလိုက်သော်လည်း ကျွန်တော် ဆတ်ဆတ်တုန်သွားသည်။
ကြောက်ကြောက်နှင့် ထိုင်လိုက်ပြီး ဆရာကြီးကို မော့မကြည့်ရဲ။ ဆရာကြီးက
“ငါ့ကိုကြည့်စမ်း” ဟုဆိုလိုက်မှ မော့ကြည့်မိသည်။
ဆရာကြီးက
“ကျောင်းသားဆိုတာ ရည်းစားထားရလားကွ” ဟုမေးသည်။
ကျွန်တော်က ဘာပြန်ပြေရမှန်းမသိ
“မေးနေတာ ပြောလေကွာ”
ကျွန်တော် တုန်သွားသည်။ ကြောက်သော်လည်း ထူပူသွားပြီးမှ ရဲတင်းသလို ဖြစ်သွားကာ
“ကျောင်းသားတွေ ရည်းစားဖြစ်နေကြတာ အများကြီးပါ” ဟု ပြောလိုက်မိသည်။
“ဘာကွ”
ဆရာကြီး မျက်လုံးတွေက ဝင်းဝင်းတောက်နေသည်။
“ဘယ်သူတွေလည်း ပြောစမ်း … ဘယ်သူတွေလဲ”
“ကြိုက်တဲ့သူတွေက လာမတိုင်တော့ ဆရာကြီး ဘယ်သိမလဲ … ကျွန်တော်ကိုတော့ ပြန်မကြိုက်တော့ အတိုင်ခံရတာပေါ့”
ကျွန်တော့် ပါးစပ်က အလိုလို ထွက်သွားသော စကားများဖြစ်သည်။ ပြောပြီးမှ နောင်တ ရသွားသည်။ ငါတော့သွားပြီ၊ အဆော်ခံရတော့မည်။
ကျွန်တော့်အထင်နှင့် အမြင် လွဲသွားသည်
“ဟား … ဟား … ဟား”
ဆရာကြီးက ကျယ်လောင်စွာ အော်ရယ်လိုက်သည်
“ကျလည်း ကျတဲ့ကောင်ကွာ … ဟုတ်တာပေါ့ … ကြိုက်တော့ ငြိမ်နေကြတာ … မင်းကို ကောင်မလေးက မကြိုက်ဘူးကွ … နောက်မလိုက်နဲ့တော့ ဟုတ်ပြီလား”
ကျွန်တော်က အံ့အားသင့်နေမိသည်။ ဆရာကြီးက
“မင်းကို ငါမရိုက်ပါဘူး … မင်းက အမှန်ပြောတာပဲ … လူတိုင်းက သူများ မြှောက်ပေးတိုင်း လုပ်တာကို သတ္တိရှိတာလို့ ထင်နေကြတာကွ … မဟုတ်ဘူးတပည့်။ သတ္တိရှိတယ်ဆိုတာ စိတ်ထဲမှာ ရှိတဲ့အတိုင်း အမှန်အတိုင်း ပြောရဲဆိုရဲတာလည်း သတ္တိရှိတာပဲ။ အမှန်အတိုင်း ပြောနိုင် ဆိုနိုင်အောင် ကြိုးစား။ ဟုတ်ပြီလား … သွားတော့”
ကျွန်တော့်ဘဝအတွက် သတ္တိကို အမျိုးမျိုး ဖွင့်ဆိုပြသွားသူများအား ယနေ့တိုင်မမေ့။ ဆရာကြီး သွန်သင် လိုက်သည့်အတိုင်းလည်း ငါအမှန်အတိုင်း ပြောမည်ဟု ဆုံးဖြတ်ကာ အမှန်တရားဘက်မှ ရပ်တည်ပြီး ပြောနိုင်အောင် ကြိုးစားခဲ့ပါသည်။
အတန်းထဲ ပြန်ရောက်သည့် အခါတွင် သူငယ်ချင်းတွေက ဝိုင်းမေးသည်
“ဘယ်နှချက် အဆော်ခံလိုက်ရသလဲကွ”
“တစ်ချက်မှ အဆော်မခံလိုက်ရဘူး”
“ဟုတ်ရဲ့လားကွာ ဆရာကြီးက တကယ်တီးတာနော်”
“ငါ့ကို မတီးပါဘူးကွ”
ထိုနေ့ ကျောင်းဆင်းသည့်အခါတွင် ကျွန်တော် စာလိုက်ပေးသည့် ကောင်မလေးက ကျွန်တော့်ခုံရှေ့ လာကာ စာတစ်စောင်ချသွားသည်။
ကျွန်တော်က စာဖွင့်ဖတ်လိုက်မိသည်
“ငါ့ကြောင့် ရုံးခန်းရောက်သွားတာ စိတ်မကောင်းပါဘူး”
စာက စာတိုလေးဖြစ်သည်။ ကျွန်တော်က စာကို လုံးပြီး အမှိုက်ခြင်းထဲထည့်လိုက်သည်။ ကျောင်းအောက်ကို ဆင်းလိုက်သည့် အခါတွင် ထိုကောင်မလေးသည် ကျောင်းဝတွင် ရပ်စောင့်နေသည်။ ကျွန်တော့်ကို ဟုတ်ချင်မှလည်း ဟုတ်မည်။ သူ့သူငယ်ချင်း တစ်ယောက်ယောက်ကိုလည်း ဖြစ်နိုင်သည်။
ကျွန်တော်က သူ့ရှေ့က ဖြတ်လျှောက်ရမည်ကို ရွံ့နေမိသည်။
“ဘာဖြစ်လဲ … ဘာဖြစ်လို့ သူ့ရှေ့က ဖြတ်မလျှောက်ရဲရမှာလဲ”
သူက ကျွန်တော့်ကို ပေးလိုက်သည့် သတ္တိမှာ ရင်ဆိုင်နိုင်အောင် ကြိုးစားခြင်း ဖြစ်သည်။
ကျွန်တော်က ခပ်တည်တည်ပင် သူ့ရှေ့က ဖြတ်လျှောက်ခဲ့သည်။ သူ့ကိုလည်း မကြည့်။ သူက ကျွန်တော် လွန်သွားမှ
“ဟေ့” ဟု လှမ်းခေါ်သည်။
ကျွန်တော် လှည့်မကြည့်။ ကျွန်တော့်လမ်းကို ကျွန်တော် ဆက်လျှောက်သည်။ ထိုနေ့ကစပြီးတော့လည်း သူ့ကို ကြည့်လည်း မကြည့်၊ စကားလည်း မပြော။
ကျွန်တော်အတွက်တော့ မျက်ကွယ်ပြုရမည့်အရာတွေကို မျက်ကွယ်ပြုကာ၊ လျစ်လျူရှုနိုင်ခဲ့ရခြင်းများ မှာလည်း သတ္တိဖြစ်ခဲ့ပါသည်။
တင်ညွန့်
၂၅.၁၁.၂၀၂၁