ကြောက်လို့ရယ် မဟုတ်ပါဘူး (စ/ဆုံး)
———————————
အပေါ်ထပ် ဘုရားစင် ရှေ့က သစ်သား ပက်လက် ကုလားထိုင်လေးတွင် အဘွား အမြဲထိုင် တတ်သည်။ နေ့ရောညပါ ထိုင်ရလွန်း သဖြင့်် စစ်စိမ်းရောင် ကုလားထိုင်၏ ဖျင်လေးမှာ အရောင်တွေပင် လွင့်ပြယ်နေပြီ ဖြစ်သည်။ အဘွား၏ အသက်က ရှစ်ဆယ်ကျော် နေပြီမို့ အပေါ်တက် အောက်ဆင်း သိပ်မလုပ်ဖြစ် တော့ပေ။ အပေါ်ထပ်တွင် ရေချိုးခန်းရော အိမ်သာပါ ရှိတော့ အောက်ထပ် ဆင်းရန်လည်း သိပ်မလိုလှပေ။
အပေါ်ထပ်တွင် အဘွားအတွက် သွားစရာ နေရာက သိပ်များများစားစား ရှိသည်တော့ မဟုတ်။ အခန်းထဲတွင် သူအိပ်သော ခုတင်နှင့် ကုတင်ဘေးက ကြိမ်ကုလားထိုင်။ ဘုရားစင်အောက်က ပက်လက်ကုလားထိုင်။ ထို့နောက် ရေချိုးရန် ရေချိုးခန်းနှင့် တပိုးတပါး သွားရန် အိမ်သာ။ ထိုနေရာ လေးခုကို အလှည့်ကျ သွားရင်း တစ်နေ့တာ၏ ရှည်လျားလှသော အချိန်များကို တရွေ့ရွေ့ ကုန်လွန်စေရသည်။
အဘွားနှင့် အတူနေသူက သမီးအကြီးဆုံး ဖြစ်သူ ဒေါ်ခင်ခင်ကြီး ဖြစ်လေသည်။ သူ့အသက် ကလည်း မသေး။ ငါးဆယ့်ငါးနှစ် ရှိပြီဆိုတော့ ဆံပင်တွေကလည်း ကြောင်ကြောင်ကျားကျား ဖြူကာ မျက်စိလည်း မှုန်နေပြီ ဖြစ်သည်။ ဒါတင် မကသေး။ ကိုယ်အလေးချိန် ကလည်း ပေါင်တစ်ရာငါးဆယ် ကျော်လေသည်။ ဒီတော့လည်း ဒီခန္ဓာကိုယ် ဝဝကြီးကို ထောက်ပြီး ထူမထားသော ဒူးတွေက နာလှပါသည်။
အဘွားကတော့ ပိန်ပိန်ပါးပါးလေး ဖြစ်သည်။ အသက်ကြီး သည်မှအပ ဘာရောဂါမှ ကြီးကြီးကျယ်ကျယ် မရှိချေ။ သွေးလည်း မတိုး၊ သွေးလည်း မချိုပေ။ မျက်စိမှုန် သော်လည်း နားမလေး။ သတိကလည်း ကောင်းဆဲပင်။ ထို့ကြောင့်လည်း ဒေါ်ခင်ခင်ကြီးက
“အမေက အသက်ကြီးပေမယ့် ကျန်းမာတယ်။ ငါသာ အမေ့ အသက်လောက်ထိ နေရရင် ရောဂါတွေ စုံနဖာကို စီနေမှာ”
ဟု မကြာခဏ တွေးမိတတ်သည်။ ယခု အသက်အရွယ် တွင်ပင် သူ့ခမျာ ဆီးချိုရော၊ သွေးတိုးရော ရှိနေပြီ ဖြစ်လေသည်။
“အဘွားကြီးကို အဘွားလေးက ပြုစုနေတာဟဲ့”
ကျန်သော မောင်နှမများ ရှေ့တွင် ဒေါ်ခင်ခင်ကြီးက ထိုသို့ပင် အသားယူကာ ပြောတတ်သည်။ သူ့ကိုယ်သူလည်း ထိုသို့ပင် ထင်သည်။ အရင်ကတော့ ဟုတ်ပါသည်။ အဘွားကို ကိုယ်ဖိရင်ဖိ ပြုစုနိုင်ခဲ့သည်။ သို့သော် ယခုနောက်ပိုင်း တွင်တော့ သူ့သမီး မွေးထားသော အမြွှာညီနောင်ကို မျက်ခြည်မပြတ် ထိန်းကျောင်း နေရရ၍ အဘွားနားသို့ပင် သိပ်ပြီး ကပ်ဖြစ်လှတော့သည် မဟုတ်ချေ။ ဂဂျီနှင့် ဂဂျောင်ဟု အမည်တွင်သော အမြွှာညီနောင်မှာ အသက်သုံးနှစ် ကျော်ခါစပင် ရှိသေးသည်။ စကားတတ်ကာစမို့ အမေးအမြန်း ထူလှသလို မျောက်ရှုံးအောင်လည်း ဆော့တတ်သည်။ အပေါ်ထပ်ကို အဘွား၏ ပိုင်နက်အဖြစ် သတ်မှတ်ထား၍ သူတို့၏ ဘေးရန်မှ လွတ်သော်လည်း အောက်ထပ် တစ်ထပ်လုံးကိုကား ဗြောင်းဆန်ပြီး ပွစာကြဲနေအောင် အစွမ်းပြလေ့ ရှိကြသည်။ ဒေါ်ခင်ခင်ကြီး ခမျာ
“ဟဲ့ ဟိုအကောင် ဂဂျီ ကြိမ်ကုလားထိုင်ပေါ် တက်မခုန်ပါနဲ့ဆို ပြောမရဘူးလား၊ အကုန်လုံး အပေါက်တွေ ဖြစ်ကုန်တော့မယ်”
“ဂဂျောင်နော် သံပန်းပေါ် ခိုတက် နေပြန်ပြီလား ဆင်းဆို ဆင်းစမ်း ၊ အခုဆင်းစမ်း”
ဟု သုံးမိနစ် တစ်ခါလောက် အာပြဲအောင် အော်ဟစ် နေရတော့ အဘွား၏ အနားသို့ သိပ်မရောက် ဖြစ်သည်မှာ မဆန်းလှပေ။
နေ့ခင်းကျတော့လည်း သူ့မြေးတွေကို အတင်း အိပ်ခိုင်းပြီး ကလေးတွေ အိပ်လျှင် သူပါရောပြီး အိပ်သွားတတ်သည်။ ညနေစောင်း၍ ကလေးတွေ အမေ ပြန်ရောက်ခါမှ သူက အဘွား အနားသို့ ခဏတဖြုတ် လာထိုင်နိုင်သည်။ အရေခွံလေးတွေ ပျော့ကာ ရှုံ့နေသော အဘွား၏ ခြေသလုံးလေး တွေကို တစ်ချက် နှစ်ချက်လောက် ဝင်နှိပ်ရင်း ရောက်တတ်ရာရာ ပြောလေ့ရှိသည်။
“အမေ မနက်က ထမင်းစားလို့ ဝင်ရဲ့လား”
“မနက်ဖြန်မနက် မုန့်ဟင်းခါး စားမလားဟင်”
“နေခင်းတုန်းက ခင်လေးဆီက စာလာတယ်။ မကွေးမြသလွန် ဘုရားပွဲ အရမ်း စည်တယ်တဲ့။ ဘုရားပွဲမှာ အညာစောင်တွေ တွေ့လို့ အမေ့ဖို့ တစ်ထည် ဝယ်ထားတယ်တဲ့”
ဟု ပြောလို့မှ မဆုံးသေး။ သူ့ယောက်ျား ဦးလှဆောင် ထမင်းစားတော့မည် ဆိုတော့ အဘွားကို ထားခဲ့ပြီး ယောက်ျားနား ပြေးရပြန် လေသည်။
အဘွားနားတွင် နေရန် ကလေးမလေး တစ်ဦးကိုတော့ အမြဲလွှတ် ထားသည်။ သို့သော် သူစိမ်းဆိုတော့ သူစိမ်းလိုပင်။ အဘွားအတွက် ကွေကာအုတ် ဖျော်ပေးလျှင် ခွက်ထဲတွင် သူသောက်ရန် တစ်ဝက်လောက် ချန်ထားတတ်သည်။ သနပ်ခါး သွေးလျှင်လည်း စက်သွေးတွေ ရောကာ ထည့်ထားတတ်သည်။ ပက်လက် ကုလားထိုင်ပေါ်တွင်ထိုင်ရင်း အဘွား တရားမှတ်နေပြီ ဆိုလျှင်တော့ သူက ဘေးတွင်လှဲကာ အိပ်ပျော်သွား တတ်သည်။ အဘွား တစ်ခုခု လိုချင်၍ နှိုးလျှင်လည်း တော်တော်နှင့် မနိုးတတ်။ ဇွတ်ပေပြီး ဆက်အိပ် နေတတ်သည်။ အဘွားခမျာ ဘယ်သို့ ဘယ်ညာလည်း မပြောချင်တော့ သဖြင့် ရတတ်သမျှသော ဝတ်ကျေတမ်းကျေ အပြုအစုလေးများကို ခံယူကာ နှုတ်ကိုသာ ပိတ်ထား လိုက်သည်။ ရှည်လျားလှသော နေ့ရက်များကို အတွေးဖြင့်သာ အဖော်ပြုရ လေသည်။
အဘွားမှာလည်း လွန်ခဲ့သော ရှစ်နှစ်ကျော်ကျော်က ကွယ်လွန် သွားခဲ့သော အဘိုးနှင့် သူ၏သားသမီးတွေ အကြောင်းမှ လွဲ၍ တွေးစရာ အကြောင်း များများစားစား မရှိလှ။ သမီးအကြီးဆုံး ခင်ခင်ကြီး အပြင် မောင်မောင်ကြီး၊ မောင်မောင်လတ်၊ မောင်မောင်လေး၊ ခင်ခင်လတ်၊ ခင်ခင်လေး၊ ခင်ခင်ထွေး ဟူသော သားတွေ သမီးတွေ ရှိသေးတော့ တစ်ယောက် အကြောင်းမှ တစ်ယောက် အကြောင်းကို ကူးပြောင်း တွေးတောရင်း အတွေးမျှင်တွေ ရောယှက် နေတတ်သည်။
အငယ်ဆုံးသမီး ဖြစ်သော ခင်ခင်ထွေးပင် လေးဆယ် ကျော်နေပြီ ဆိုတော့ အဘွား၏ သားသမီးများမှာ ခေတ်စကားနှင့် ပြောရလျှင် အန်ကယ်ကြီး၊ အန်တီကြီးတွေ ဖြစ်နေကြပြီ ဖြစ်သည်။
“အကြီးကောင် မောင်မောင်ကြီးက မအေကို သိပ်ချစ်တာ ၊ အငယ်တွေ တစ်ယောက်ပြီး တစ်ယောက် မွေးလာတော့ သူ့ခမျာ အမေ့အနား မကပ်နိုင် ရှာတော့ဘူး။ ဒီတော့ အမေ့ အင်္ကျီဟောင်းလေးကို ဖက်ပြီး အိပ်တတ်တာ။ အင်္ကျီမှာစွဲနေတဲ့ တောင်နံကြီးနံ့နဲ့ ချွေးနံ့ကို သူက အမေ့ရဲ့ အနံ့တဲ့”
အဘွားက စိပ်ပုတီးလေး တဂျောက်ဂျောက် စိပ်ရင်း တွေးသည်။
“ကျောင်းပျင်းတာက အလတ်မ မိခင်လတ်၊ ကျောင်းနောက်ဘက် အိမ်သာနားက ခွေးတိုးပေါက်ကနေ တိုးထွက်ပြီး အိမ်ကို ပြန်ပြန်ပြေး လာတတ်တာ၊ သူ့အဖေက စိတ်တိုတိုနဲ့ အတော်နာအောင် ရိုက်လိုက်မှ အဲဒီအကျင့် ပျောက်တော့တယ်”
“ငါ နို့နာပေါက်လို့ နို့ကောင်းကောင်း မတိုက်နိုင်တာက အငယ်ကောင် မောင်မောင်လေး၊ သူ့ကျတော့ နို့ဘူး တိုက်ရတာ။ မတ်တပ်ပြေး တတ်တော့ နို့ဘူးကြီး တန်းလန်းကိုက်လို့”
“အင်း ဒီနှစ် သီတင်းကျွတ်မှာ သားတွေ သမီးတွေ အိမ်မှာ လာစုကြရင် ဘယ်လောက် ကောင်းမလဲ၊ ငါမသေခင် သားသမီး အစုံနဲ့ စုစုရုံးရုံး ဓာတ်ပုံရိုက်ချင် လိုက်တာ”
ပဋ္ဌာန်း ရွတ်ရင်းလည်း တွေး၊ ရေချိုးရင်းလည်း တွေး၊ အစာစားရင်းလည်း တွေးနှင့် အဘွား၏ အဖော်က အတွေးများသာ ဖြစ်နေသည်။ အဘွားကသာ သားသမီးတွေ အကြောင်း တတွေးတည်း တွေးနေရ သော်လည်း အလုပ်တာဝန် ဖိစီးနေသော သားသမီးတွေကမူ အဘွား၏ အကြောင်းကို တွေးရန် အချိန် သိပ်မရှိကြပေ။ ငယ်စဉ်က အဘွား၏ အင်္ကျီ အဟောင်းလေးကို ဖက်အိပ်တတ်သော မောင်မောင်ကြီးပင် ရန်ကုန် တစ်မြို့တည်းတွင် ရှိနေပါလျက် အဘွားဆီသို့ မှန်မှန် မရောက်ဖြစ် သည်မှာ ကြာချေပြီ။ မှော်ဘီဘက်တွင် ခြံဝယ်ကာ သီဟိုဠ်သရက်တွေ စိုက်နေတော့ အချိန်အားလေး ရလျှင် မှော်ဘီခြံဘက် ပြေးလေ့ရှိပြီး အဘွားဆီ ခြေဦးမလှည့် နိုင်တော့ချေ။
ခင်ခင်ကြီးနှင့် မောင်မောင်ကြီးတို့က ရန်ကုန်တွင် ရှိကြသော်လည်း ကျန်ငါးဦးကတော့ မန္တလေး၊ မကွေး၊ ပုသိမ်၊ ပျဉ်းမနားနှင့် မော်လမြိုင်တို့တွင် ရောက်နေကြ သည်မို့ မြန်မာပြည် အနှံံ့ ပျံ့လို့နေသည်။ တစ်ခါတစ်လေ ကျတော့လည်း အဘွားသည် ငယ်ငယ်တုန်းက ဩဇာစေ့ ကလေးများနှင့် ဇယ်တောက် ကစားခဲ့ဖူးသည်ကို သတိရသည်။ လက်ထဲတွင် စုဆုပ်ထားသော ဩဇာစေ့ ကလေးများကို ကြမ်းပေါ်သို့ ကြဲချလိုက်သလို သူ့သား၊ သူ့သမီးများသည် နေရာအနှံ့ ကျဲပြန့်၍ သွားလေသည်။ တစ်ယောက်လျှင် တစ်နေရာ၊ တစ်ယောက်လျှင် တစ်ဘဝစီနှင့်။ သူတို့၏ ကိုယ်ပိုင်ဘဝထဲတွင် သူတို့နှင့် သက်ဆိုင်သော အလုပ်တာဝန်၊ မိသားစု တာဝန်တို့သာမက လူမှုရေး ပြဿနာ စီးပွားရေး ပြဿနာများနှင့်ပါ အဖိစီး ခံနေကြရလေသည်။
အဘွားဆီသို့ ကြုံလျှင် ကြုံသလို ဝင်လာကြ ၊ စာရေးကြ၊ တယ်လီဖုန်း ဆက်ကြ၊ စားစရာတွေ ပို့ကြသော်လည်း သူတို့မိခင်အိုကြီး အတွက် သူတို့၏ ကိုယ်ပိုင် အချိန်များကို များများစားစားတော့ ဖဲ့ပြီး မပေးနိုင် ကြတော့ပေ။
ဒီလိုနှင့်ပင် ဒီနေ့ ဘယ်သူများ ပေါ်လာမလဲ၊ ဘယ်သူများ တယ်လီဖုန်း ဆက်မလဲ၊ ဘယ်သူ့ဆီကများ စာလာမလဲ၊ ဘယ်သူ့ဆီကများ လူကြုံရောက်မလဲ စသည်ဖြင့် မျှော်ရင်း ငေးရင်း အချိန်တွေ ကုန်လာခဲ့သည်။ နေတစ်ခါ ထွက်လိုက်၊ နောက်ပြီး ပြန်ဝင်သွားလိုက်၊ နောက်တစ်ခါ နေထွက်လာလိုက်၊ ပြန်ဝင်သွားနှင့် အဘွား၏ နေမင်းများသည် ဘာထူးခြားမှုကိုမှ မပေးခဲ့သည်မှာ ကြာမြင့်လှချေပြီ။
အခုတလောတော့ နည်းနည်း ထူးခြားနေသည်။ အကောင်း ထူးခြားသည်တော့ မဟုတ်။ နေမကောင်း မဖြစ်ဘူးသော အဘွားခမျာ ပျို့ချင်ချင် အန်ချင်ချင် ဖြစ်နေခြင်းပင်။ ဗိုက်ထဲတွင် တင်းတင်းကြီး ဖြစ်ကာ ထမင်းလေး တစ်လုတ် နှစ်လုတ်လောက် စားပြီးလျှင်ပင် ပြည့်ကယ်ကယ်ကြီး ဖြစ်သွားတတ်သည်။ အစာလည်း ကောင်းကောင်း မကြေဘဲ ချဉ်နံ့တွေ တက်နေတတ်သည်။ ဒီနေ့မနက်တော့ ဗိုက်ကြီးက တင်းနေရုံ မကတော့။ နာချင်ချင်၊ အောင့်ချင်ချင်နှင့် အနေရ အထိုင်ရပါ ခက်လာသည်။ မတတ်သာတော့ ခင်ခင်ကြီးကို ခေါ်ရသည်။
“နေမကောင်းရင်လည်း စောစောက ပြောရောပေါ့ အမေရယ်။ ဟုတ်ပါရဲ့၊ ကျွန်မလည်း အမေ့အနား မကပ်နိုင်”
“အစာမကြေတာ ကြာပြီ သမီးရယ်။ လျက်ဆားလေး လျက်လိုက်ရင် သက်သာ သွားမလား ထင်နေလို့ မပြောတာ”
“အခုရောဟင်”
“အခုတော့ ဗိုက်ကြီး တင်းပြီး နာတာတာ ဖြစ်လာတာနဲ့”
ဒေါ်ခင်ခင်ကြီး ချက်ချင်းပင် ဆရာဝန် ပြေးခေါ်သည်။ ရပ်ဆွေရပ်မျိုး ဖြစ်နေတော့ ဆရာဝန်လေး ကလည်း ချက်ချင်း လိုက်လာသည်။ အဘွားကို အသေအချာ စမ်းသပ်ပြီး
“အဘွားက အူအတက် ရောင်နေတာပဲ” ဟု ပြောသည်။
“အဘွားကို ဆေးရုံတင်ဖို့ လုပ်ပါ။ အူအတက် ရောင်တာက ကြာရင် ပေါက်ထွက် တတ်တယ် ”
“မပေါက်ထွက်အောင် ဘယ်လို လုပ်မလဲ လူလေးရယ်”
“ဗိုက်ခွဲပြီး ဖြတ်ပစ်ရမှာ အဘွားရဲ့”
“ဘုရား ဘုရား ”
ကလေး ခုနစ်ယောက် မွေးဖူးသော်လည်း တစ်ခါမှ ဗိုက်အခွဲ မခံရဖူးသော အဘွား ကြောက်သွားသည်။ ဘုရား ဘုရား၊ သူ့ဗိုက်ကြီးကို ဆွဲဖွင့်ပြီး အထဲက အူအတက် ဆိုတာကို ဖြတ်ထုတ် ပစ်မည်တဲ့။
“အဘွားကို အရည်က လွဲပြီး ဘာမှ မပေးနဲ့တော့။ အရည်တောင် တတ်နိုင်ရင် သိပ်မသောက်နဲ့တော့နော် အဘွား”
ဆရာဝန်လေး ပြန်သွားတော့ အဘွားခမျာ ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေး အိပ်ကာ ကျန်ရစ်သည်။ သူ့ဗိုက်ကို လက်ဝါးလေးနှင့် အုပ်ကာ သမ္ဗုဒ္ဓေ ရွတ်သည်။ ဗိုက်ထဲက အနာက သက်သာ သလိုလို ရှိလိုက် တိုးပြီး နာလာလိုက်နှင့် စိတ်တွေက ဘယ်လိုမှ မတည်ငြိမ်။
“အင်း ဗိုက်ခွဲရင်း ငါ သေသွားရင်တော့ ငါ့သားသမီးတွေကို တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သူတို့လည်း လူလားမြောက် နေပါပြီလေ။ စိတ်ချ နေရပြီပဲဟာ”
ဟုတွေးရင်း မျက်စိကိုမှိတ်ကာ ဝင်သက် ထွက်သက်ကို ရှုမှတ်သည်။ ခဏနေတော့ အတန်ငယ် ငြိမ်သွားသည်။
မငြိမ်သူကတော့ ဒေါ်ခင်ခင်ကြီး ဖြစ်သည်။ ပေါင်ချိန် တစ်ရာ့ငါးဆယ်ကျော် ရှိသော ခန္ဓာကိုယ်ကြီးကို သယ်ရင်း အပေါ်တက်လိုက် အောက်ဆင်းလိုက် တယ်လီဖုန်း ပြေးဆက်လိုက်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အဘွားကို မဟာမြိုင် တင်ရမလား၊ ဆာကူရာ တင်ရမလား၊ ယူအိတ်(ခ်ျ)စီ ပို့ရမလား သူ မသိ။ ဘယ်နေရာက ဘယ်ခွဲစိတ်ဆရာဝန်က တော်လည်း သူ မသိ။ သူက ထမင်းဟင်း ချက်တတ် ဈေးသွားတတ် သော်လည်း မြေးထိန်း တတ်သော်လည်း အူအတက် ရောင်ခြင်း တည်းဟူသောရောဂါကို မည်သည့် နေရာတွင် မည်သူနှင့် ကုရမည်ကို မသိရှာချေ။ ထို့ကြောင့် ယောက်ျားဆီ တယ်လီဖုန်း ဆက်လိုက်၊ သမီးနှင့် သမက်ဆီ တယ်လီဖုန်း ဆက်လိုက်၊ ရန်ကုန် တစ်မြို့တည်း ရှိနေသူ မောင် ဖြစ်သူဆီ ဆက်လိုက်၊ ကျန်နေသော မောင်ညီမတွေ ရှိရာ နယ်အဝေးတွေ ကိုလည်း လှမ်းခေါ်လိုက်နှင့် ပျာယာခတ် နေသည်။ သူ့ဟာသူလည်း ဘာမှ မဆုံးဖြတ် တတ်ရှာပေ။
ခဏနေတော့ အိမ်ရှေ့တွင် ကားတစ်စင်း ဆိုက်လာသည်။ ပျာယိပျာယာနှင့် ဆင်းလာသူက မောင်မောင်ကြီး ဖြစ်သည်။
“နင့်ဆီကလည်း ဖုန်းခေါ်ရတာ ခက်လိုက်တာ ငမောင်ရယ်”
“အမေရော”
မောင်မောင်ကြီးက အဘွားဆီသို့ တန်းပြီး တက်လာသည်။ အိပ်ရာထဲတွင် အေးအေးချမ်းချမ်း လဲလျောင်းနေသည်ကို တွေ့သောအခါမှ သက်ပြင်းတစ်ချက် ရှိုက်ကာ
“စိတ်ပူလိုက်တာ အမေရယ်”
ဟု ပြောသည်။ ခင်ခင်ကြီးကတော့ သူ့မောင် ရောက်လာ၍ အတော်ကြီး အားရှိသွားသည်။ ဝုန်းဒိုင်းကျဲနေအောင် ဆော့နေသော ဂဂျီနှင့် ဂဂျောင်ကို ထမင်းချက် အဝတ်လျှော် တာဝန်ယူ ထားရသော ဒေါ်လှချစ်နှင့် အဘွား၏ အပါးတော်မြဲ ကောင်မလေးတို့ လက်ထဲသို့ တစ်ယောက် တစ်ကောင်စီ အပ်လိုက်သည်။ သိပ်ပြီး စိတ်ချစရာ မရှိသော်လည်း မျက်နှာလွှဲ လိုက်သည်။
“ဒီနေ့တော့ အမေ့ အနားမှာပဲ နေတော့မယ်။ ဒီမျောက်လောင်း နှစ်ကောင် မိုးပျံအောင် ဆော့လည်း မတတ်နိုင်ဘူး။ ထိပ်ပေါက်ပေါက် ခေါင်းကွဲကွဲ ဖြစ်ချင်တာဖြစ် မတတ်နိုင်ဘူး” ဟု တွေးသည်။
နေ့ခင်းကျတော့ အဘွားကို သားနှင့် သမီးက ဘယ်တစ်ဖက်၊ ညာတစ်ဖက် တွဲကာ ဆေးရုံသို့ ခေါ်လာကြသည်။ ပုဂ္ဂလိက ဆေးရုံဆိုတော့ နေ့ခင်းပိုင်းတွင် လုပ်စရာ ရှိသည်များကို ပြုလုပ်ပြင်ဆင် ထားပြီး ညနေကျမှ ခွဲကြရမည် ဖြစ်သည်။
“ခန္ဓာရှိလို့ ဝေဒနာ ရှိတာပဲ အမေရာ”
အဘွားက ကြောက်နေမှန်း သိတော့ သားကြီးက တတ်သမျှ မှတ်သမျှ အားပေးသည်။ သားသမီးတွေ စိတ်မပူအောင် ကြိုးစားပြီး ပြုံးထားသော်လည်း အဘွား၏ အပြုံးက မပီပြင်ချေ။ မချိပြုံးလေးဖြစ်နေသည်။ သတိမေ့နေလျှင် တော်ဦးမည်။ အခုတော့ ခါးရိုးထဲသို့ ထုံဆေး ထိုးထည့်ပြီး သူ့ဗိုက်ကြီးကို ဓားနှင့် ခွဲချမည် ဆိုတော့ အဘွားခမျာ ဘယ်လိုပင် အားတင်း ပါသော်လည်း မကြောက်ပဲ မနေနိုင်ရှာပေ။
ညခုနစ်နာရီတွင် ခွဲမည်ဖြစ်ရာ ခြောက်နာရီလောက် ကျတော့ သားအငယ် မောင်မောင်လေး တစ်ယောက် မောကြီးပန်းကြီးနှင့် ရောက်လာသည်။
“အလုပ်တွေ အကုန်လွှဲပြီး တောက်လျှောက် မောင်းချလာတာ အမေရေ့။ ညောင်တုန်း တံတားကြီး ပြီးသွားတာ သိပ်ဟန်ကျတာပဲ၊ ပုသိမ် – ရန်ကုန်ခရီး မြေကြောရှုံ့လိုက်သလို တော်တော်မြန် သွားတယ်။ အရင်ကလိုသာ ဇက် စောင့်ပြီး မြစ်ကူး နေရရင် အမေ့ကို ခွဲခန်းထဲ မသွင်းခင် မီချင်မှ မီမှာ”
မောင်မောင်လေးက အဘွားလက်ကို တင်းတင်းဆုပ် ထားသည်။ အဘွားကို ချစ်ကြင်နာစွာ ကြည့်ရင်း
“မကြောက်နဲ့နော် အမေ။ ကျွန်တော် ဗေဒင် မေးလာတယ်။ အမေ့အသက် တစ်ရာကျော် နေရမယ်တဲ့”
ဟု ပြောသည်။ အတည်ပေါက်နှင့် ဖြီးတတ်သော သူ့သား အကြောင်းကို သိပြီးသားမို့ အဘွားက ကြောက်စိတ်တွေ လျော့ကာ ရယ်ချင်လာသည်။ အမေ့ကို ခွဲစိတ်ခန်းထဲသို့ မပို့မီ မြင်ချင်၍ တရကြမ်း မောင်းလာသည် ဟူသော စကားကြောင့် တသိမ့်သိမ့် ကြည်နူးသွားသည်။
“ငါ ကံကောင်း လိုက်တာ။ ငါ့သားသမီးတွေက သိတတ်လိုက်တာ”
ဟု အခါခါ တွေးရင်း ခွဲစိတ်ခန်းထဲသို့ ခပ်ပြုံးပြုံး ဝင်သွားသည်။
ဘာမှ မပူနဲ့။ အမေက တရားမှတ် နေလိုက်မှာ။ မကြောက်တော့ပါဘူး”
ဟု ပြန်၍ အားပေး သွားသေးသည်။
အဘွားပြောသလိုပင် ဖြစ်သည်။ အဘွားကို အောင်မြင်စွာ ခွဲစိတ်၍ ပြီးသွားသည်။ ထိုနေ့ညက အဘွား ခွဲစိတ်ခန်းထဲမှ အပြင်ရောက် လာပြီး တစ်နာရီလောက် နေမှ သားနှစ်ယောက် ပြန်သွားသည်။ ခင်ခင်ကြီးကတော့ အိမ်မပြန်။ သူနာပြုဆရာမနဲ့ အတူ အဘွားဘေးတွင် စောင့်နေရစ်သည်။ နှာခေါင်းပိုက်တွေ တန်းလန်း ထည့်ထား၍ အနေခက်လှ သော်လည်း မျက်စိဖွင့်ကြည့် လိုက်တိုင်း သမီးဖြစ်သူ ခင်ခင်ကြီးက
“အမေ ခင်ကြီး ရှိတယ်နော်”
ဟု တိုးတိုး ပြောတတ်တော့ အဘွားခမျာ အားတွေ အထပ်ထပ် ရှိနေသည်။
နောက်နေ့ မနက်ကျတော့ မန္တလေးမှ မောင်မောင်လတ်၊ မကွေးမှ ခင်ခင်လေးနှင့် မော်လမြိုင်မှ ခင်ခင်လတ်တို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ပြုံးရယ်နေသော အဘွားကို တွေ့လျက်နှင့် ခင်ခင်လတ်က
“စိတ်ပူလိုက်တာ အမေရယ်”
ဟု ပြောပြီး မျက်ရည်တွေ ကျနေသေးသည်။ မောင်မော်လတ် ကလည်း
“ရရာ ရထားတွဲနဲ့ လိုက်လာတာ ဆိုတော့ အိပ်စင် မရဘူးလေ။ ဆောင့်လိုက် ခါလိုက်တာ ကလည်း လွန်ပါရော။ ကျွန်တော်က အအိပ်မက်တော့ မီးရထား ဘယ်လောက်ခုန်ခုန် အိပ်တာပဲ။ အိပ်လိုက်တာနဲ့ အိပ်မက်ထဲမှာ အမေ သေတယ်ချည်း မက်နေတော့တာ။ ဘယ်နှစ်ခါမှန်းတောင် မသိဘူး။ အမလေး စိတ်ဆင်းရဲလိုက်တာ မပြောပါနဲ့တော့ အမေရာ”
ဟု ညည်းညည်းညူညူ ပြောသည်။ သူ့မျက်စိရှေ့မှ ပျောက်ထွက်သွားမှာ စိုးသလို အဘွား၏ လက်ကို တင်းတင်းဆုပ် ထားတော့ အဘွားက
“အမေ မသေသေးပါဘူး သားရယ်၊ အသက် တစ်ရာကျော် နေရမယ်လို့ ဗေဒင်က ဟောသတဲ့”
ဟု သူကိုယ်တိုင် မယုံဘဲနှင့် ပြန်ပြောမိသေးသည်။
နောက်ဆုံးမှ ရောက်လာသူက အငယ်ဆုံးသမီး ခင်ခင်ထွေး ဖြစ်သည်။ သူက အလယ်တန်း ကျောင်းအုပ် ဆရာမကြီး ဆိုတော့ သူ့တပည့်တွေ ကန်တော့သမျှ ဟောလစ်တို့ အိုဗာတင်းတို့ အဘွားအတွက် တစ်ထမ်းတစ်ပိုးကြီး သယ်ချလာသည်။
“ဟေ့ ဟောလစ်တွေ၊ အိုဗာတင်းတွေ ဘာလုပ်ဖို့လဲ။ နောက်ဆုံးမှ လာပြီး ဒါတွေ သယ်လာလို့ ဘာလုပ်မှာလဲ”
အတည်ပေါက်နှင့် စဟောက်သူက မောင်မောင်လေး ဖြစ်သည်။ သူက မျက်စိတစ်ဖက် မှိတ်ပြထားတော့ ကျန်အစ်ကို အစ်မများကပါ တစ်ယောက်တစ်ပေါက် ဝိုင်းပြီး ဆူကြသည်။
“ဟုတ်သားပဲ။ အရေးကြီးတာက အမေ နေမကောင်းဘူး ဆိုရင် ချက်ချင်း အရောက်လာဖို့ပဲ”
“အမေကတော့ သမီးမျက်နှာလေး ကြည့်ချင် မြင်ချင်ရှာတာ”
“အလုပ်ကတော့ အလုပ်ပေါ့။ ဒါပေမယ့် အဲဒီအလုပ်က အမေ့ထက် အမြဲတမ်း အရေးကြီနေလား”
ခင်ခင်ထွေး ခမျာ သူ့ကျောင်းမှာသာ သူက ကျောင်းအုပ် ဆရာမကြီး ဖြစ်သော်လည်း မိသားစုဝင် ထဲမှာတော့ အငယ်ဆုံး ဖြစ်သည်။ အစ်ကိုတွေ အစ်မတွေ ဘယ်သူ့ကိုမှ သူက ပြန်မပြောရဲရှာချေ။ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဟိုကြည့် ဒီကြည့် ဖြစ်နေရှာသည်။ အားလုံးက မျက်နှာထိ မျက်နှာထားတွေနှင့် ဆိုတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်။
“ခင်ထွေး၊ ခင်ထွေး လာချင်ပါတယ်။ အဟုတ် အဟုတ်ကို လာ … လာလို့ မရတာပါ”
ဟု အထစ်ထစ် အငေါ့ငေါ့ ပြောတော့မှ တဝါးဝါး ဝိုင်းရယ်ကြသည်။ ခင်ထွေး၏ ခေါင်းကို ချစ်စနိုး ဝိုင်းပုတ်ကြရင်း
“ငအမလေး” ဟု ထောမနာ ပြုကြသည်။
အဘွား ခမျာမှာတော့ အသက် လေးဆယ်ကျော် ငါးဆယ်ကျော် သူ့သား သူ့သမီးတွေကို ကြည့်ရင်း ကလေးလေးတွေလို ထင်မိသည်။ သူတို့ တစ်ဦးနှင့် တစ်ဦး ပြောကြဆိုကြ ရယ်မောကြနှင့် ပျော်နေကြသည်ကို ကြည့်၍မဝ၊ နားထောင်၍ မဝနိုင်အောင် ရှိလှသည်။
နောက်ရက်တွေ ကတော့ အဘွားအတွက် ရွှေရောင်လွှမ်းသော နေ့ရက်များ ဖြစ်သည်။ ရှားရှားပါးပါး လာဆုံရသော သားသမီး ခုနှစ်ဦးနှင့် အတူတကွ ဓာတ်ပုံ ရိုက်ရခြင်းပင်။ ရိုက်ရသည့် နေရာကလည်း ကြည့်ဦး။ လူနာခုတင် ပေါ်တွင် အဘွားက ကိုယ်တစ်ပိုင်း မှီကာ ထိုင်နေရင်း သားသုံးယောက်နှင့် သမီးလေးယောက်က ဘေးမှ ဝိုင်းထိုင် နေကြသည်။ ခွေးခြေလေးနှင့် ထိုင်နေသော မောင်မောင်ကြီးက အဘွား၏ ခုတင်ပေါ်တွင် ဟန်ပါပါနှင့် လက်တစ်ဖက် ထောက်ထားသည်။ သူ့နောက်က ခင်ခင်လတ်က နှင်းဆီပန်းတွေ ထိုးထားသော ပန်းအိုးကို သူ၏ ခေါင်းနောက်ဖက်တွင် ဝှက်လျက် ကိုင်ထားသည်။ အမှတ်မဲ့ ကြည့်လျှင် မောင်မောင်ကြီး ခမျာ ပန်းတွေ ဝေနေအောင် ပန်ထားသည်နှင့် တူနေသည်။ ခင်ခင်လတ်၏ ခေါင်းနောက်ဘက် တွင်လည်း မောင်မောင်လေးက လက်ဆယ်ချောင်းကို ဖြန့်ကာ ကားကားကြီး ထောင်ထားပြန်သည်။ ခင်ခင်ကြီးက အဘွားအတွက် ဆန်ပြုတ် ပန်းကန်ကိုကိုင်ကာ ဓာတ်ပုံရိုက်ရာဘက် လှည့်ပြီး အစွမ်းကုန် ပြုံးပြနေသည်။ သူ့နောက်မှ မောင်မောင်လတ်က ဓာတ်ဘူးကြီး ကိုင်ပြီး (ဓာတ်ဘူးထဲမှာ တကယ်တော့ ဘာမှမရှိ) သူ့ခေါင်းပေါ် လောင်းချမည့်ဟန် ပြင်နေသည်။ ခင်ခင်လေးနှင့် ခင်ခင်ထွေးက ပန်းတွေနှင့်ဝေ ဖြစ်နေသော သူ့တို့ အစ်ကိုကြီးအား ကြည့်ကာ အားရပါးရ ရယ်နေကြလေသည်။
အဘွားဘေးတွင် အားလုံး ဣနြေ္ဒရရ ရပ်ကာ ရိုက်ထားသော ဓာတ်ပုံတစ်ပုံ ရှိသေးသော်လည်း ပထမပုံလောက် သူတို့က မကြိုက်။ သားမယားတွေလည်း မပါ၊ ကလေးတွေလည်း မပါဘဲ သူတို့မောင်နှမချည်း သက်သက် ပြန်ဆုံရသဖြင့် သူတို့ကိုယ် သူတို့ လူငယ်တွေလို ပြန်ဖြစ်ပြီး ငယ်ငယ်တုန်းက အကြောင်းတွေကို ပြော၍မဆုံး ရယ်၍မဆုံးနိုင်အောင် ဖြစ်နေကြသည်။
ဒီလိုနှင့်ပင် အချိန်တွေ လျင်မြန်စွာ ကုန်သွားသည်။ အဘွားလည်း အနာကျက်ကာ ချုပ်ရိုးဖြေရသည်။ ဆီးချိုလည်း မရှိ ၊ သွေးတိုးလည်း မတက်။ နှလုံးကလည်း ကောင်း၊ အဖျားကလည်း မတက်။ အနာလည်း ပိုးမဝင်။ အဘွား၏ အခြေအနေက ဆရာဝန် လက်ဖျားခါလောက်အောင်ပင် ကောင်းနေသည်။
“ဒီလို အသက်အရွယ်မှာ ခွဲစိတ်ပြီး ဒီလောက် ကောင်းတာ သိပ်ရှားတာ။ အဘွားကတော့ ထူးရှယ်ပါပဲ”
အစောင့် သူနာပြုဆရာမလေးက ပြောသည်။ အဘွားကတော့ အရင်တုန်းကလောက် မရွှင်တော့ပေ။ သူ နေကောင်းလျှင် အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရောက် ပြီးလျှင်တော့ သူ့သား သူ့သမီးတွေလည်း သူတို့တာဝန် သူတို့မိသားစုများ ရှိရာသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်ကြတော့မည်။
အဘွား စိုးရိမ်သော အချိန်သည် ချက်ချင်းပင် ရောက်လာသည်။ စ၍ ပြန်သူက မန္တလေးမှ မောင်မောင်လတ် ဖြစ်သည်။
“ခွင့်နေ့ စေ့နေပြီ အမေရဲ့။ သီတင်းကျွတ်မှ တစ်ခေါက် ပြန်လာခဲ့မယ်နော်”
ဟု ပြောကာ အဘွား၏ခြေအစုံကို ခေါင်းနှင့်တိုက်၍ ကန်တော့သွားသည်။ ခင်ခင်လတ် ကိုတော့ သူ့ယောက်ျားက တယ်လီဖုန်း ဆက်သည်။ သားအငယ်လေး ဖျားနေသည်။ အမြန်ပြန်လာပါ တဲ့။ မောင်မောင်လေး ကတော့ အဘွား ဆေးရုံမှ မဆင်းမီကတည်းက ပုသိမ်ကို တစ်ခေါက် ပြန်ပြေးပြီး ဖြစ်သည်။ ဟိုက အလုပ်တွေကို ကြည့်ရှု စစ်ဆေးပြီး အဘွားဆီ ပြန်လာသည်။ ဒီမှာ လေးငါးရက် နေပြီးလျှင်တော့ တစ်ခါ မပြန်လျှင် မဖြစ်တော့။ သူ့အလုပ်တွေက အရေးကြီးသည်။
“ပုသိမ် – ရန်ကုန် နီးနီးလေးပါ အမေရာ၊ ဒီတစ်ခါ ကျွန်တော်လာရင် ဗေဒင်ဆရာပါ ခေါ်လာဦးမယ်”
ဟု ရယ်မောကာ ပြောသွားသည်။ တက္ကသိုလ်မှ ဆရာမ ဖြစ်သော ခင်ခင်လေး ကလည်း စာမေးပွဲကိစ္စ၊ မေးခွန်းကိစ္စ အရေးကြီး နေရှာသည်။ အမေ့ကိစ္စမို့ ဇွတ်ထွက်လာရ သော်လည်း သူ့အလုပ်နှင့် တာဝန်က သူ့ကို စောင့်နေသည်။
မောင်မောင်ကြီး၏ ခြံမှ သီဟိုဠ်သရက်များ မှည့်ရင့်ခါနီးပြီ ဖြစ်သည်။ ဒီအချိန်က ကြပ်ကြပ်မတ်မတ် မစောင့်ရှောက်လျှင် သူခိုးလက်ထဲ ပါတတ်၍ သူ၏ခြေဦးက မှော်ဘီဘက်သို့ လည်နေပြီ ဖြစ်သည်။
“ကျွန်တော့်ခြံကို တစ်ရက်လောက် လိုက်ကြည့်ပါဦး အမေရာ။ ကျွန်တော် လာခေါ်မယ်နော်။ အဝင်လမ်းက နည်းနည်းကြမ်းလို့ အမေ အားမွေးလိုက်ဦး” ဟု ပြောသည်။
နောက်ဆုံးမှ ရောက်လာသော ခင်ခင်ထွေးက နောက်ဆုံးမှ ပြန်သည်။ အဘွားနှင့်အတူ အချိန်ပြည့် ကပ်နေရင်း အဘွားကို ကလေး တစ်ယောက်လို ဂရုတစိုက်နှင့် ပြုစုသည်။ တောင်နံကြီးတွေကို ကျောက်ပျဉ်အပြည့် သွေးပြီး အဘွား တစ်ကိုယ်လုံး မွှေးကြိုင်နေအောင် လိမ်းပေးသည်။ အဘွား ဆန်ပြုတ်သောက်လျှင် ငါးကြော် အရိုးလေးများ အသေအချာ ထွင်ပေးသည်။ အဘွား ရောက်တတ်ရာရာ ပြောသမျှကို စိတ်ဝင်တစား နားထောင်သည်။ သူ့ကျောင်းမှ တပည့်လေးများ အကြောင်းကိုလည်း ပုံပြင်တွေလို ပြောပြသည်။ နောင်အခါ အဘွား အဖော်လုပ်ရမည့် အတွေးထဲတွင် ခင်ခင်ထွေး၏ တပည့်များလည်း တစ်ခါတစ်ရံ ရောက်လာလိမ့်မည် ဖြစ်လေသည်။
“သူလည်း ပြန်ရမှာ ပါပဲလေ”
အဘွားက သက်ပြင်းလေးနှင့် အတူ တွေးနေဆဲမှာပင် ခင်ခင်ထွေးက
“ခင်ထွေးလည်း ခွင့်ရက်စေ့ပြီ အမေရယ် ”
ဟု ပြောသည်။ ဒီမှာသာ ကလေးလုပ် နေသော်လည်း သူ့ကျောင်းမှာ သူက လူကြီး မဟုတ်လား ဟုတွေးရင်း အဘွားက
“ပြန်လေ သမီးရယ်။ စိတ်ချလက်ချ ပြန်။ အမေက နေကောင်း နေပြီပဲဟာ” ဟု ပြောရသည်။
နောက်ဆုံးတွင်တော့ အဘွား၏ ဘေးတွင် အတူနေ သမီးကြီး ခင်ခင်ကြီး တစ်ယောက်သာ ကျန်လေတော့သည်။
အခုတော့ အဘွားသည် ဘုရားစင် အောက်က ပက်လက် ကုလားထိုင်တွင် ပြန်ထိုင် နေရပြီ ဖြစ်သည်။ ခါတိုင်းလိုပင် ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်၊ ပုတီးစိပ်၊ တရားမှတ်နှင့် ရှည်လျားလှသော နေ့တာများကို တရွေ့ရွေ့ကုန်လွန်စေရသည်။
ပက်လက် ကုလားထိုင်ဘေးက စားပွဲပုလေး ပေါ်တွင်ကား အဘွား၏ ဆေးပုလင်း၊ စိပ်ပုတီး၊ ရေပုလင်းနှင့် ရေခွက်စသော ပစ္စည်းပစ္စယများ အပြင် မှန်ဘောင်သွင်း ထားသော မိသားစု ဓာတ်ပုံ တစ်ပုံပါ တိုးလာသည်။ ဗရုတ်သုတ်ခ ရိုက်ထားသော ပုံကလေးကို ငေးကြည့်မိတိုင်း အဘွား၏ မျက်နှာတွင် အပြုံးရိပ် ထင်လာ တတ်သည်။ အူအတက် ခွဲခဲ့ရသော နေ့ရက်များကို ပြန်ပြောင်း တွေးရသည်က အဘွားအတွက် ကြည်နူးစရာပင် ဖြစ်သည်။ အဘွားအတွက် ရှည်လျားလှသော နေ့တာများသည် ထိုရက်များ အတွင်းက ဘယ်လို ကုန်လွန်သွားမှန်းပင် မသိရအောင် တိုတောင်းခဲ့ရသည်။
ဒေါ်ခင်ခင်ကြီး ခမျာလည်း ထုံးစံအတိုင်း “ဟဲ့ ဂဂျီ၊ ဟဲ့ ဂဂျောင် ” နှင့် အော်ဟစ် နေရရှာပြီ ဖြစ်သည်။ လူကလည်း ပိုပိုဝ လာသည်။ ထိုင်လျှင်ပင် အီးခနဲ အားခနဲ အားယူနေရတော့ အဘွား၏ ပက်လက် ကုလားထိုင် ဘေးက ကြမ်းပြင်တွင် တစ်နေ့တစ်ခေါက် ထိုင်နိုင်ဖို့ပင် အတော်လေး ကြိုးစားရ ရှာသည်။ ဒီနေ့တော့ အဘွားက ထူးထူးဆန်းဆန်း မေးသည်။
“သမီးရေ အူအတက် ဆိုတာ ဘယ်နှစ်ခု ရှိလဲဟင်”
“ဟာ အမေကလည်း တစ်ခုပဲ ရှိတာပေါ့”
“အဲဒါဆိုရင် အမေ့မှာ နောက်ထပ် ရောင်စရာ အူအတက် မရှိတော့ဘူးပေါ့”
“ဖြတ်ထုတ် လိုက်ပြီလေ အမေရဲ့၊ သူ့ကို လုံးဝ ကြောက်စရာ မလိုတော့ဘူး။ ဘာဒုက္ခမှ မပေးနိုင်တော့ဘူး”
ဒေါ်ခင်ခင်ကြီးက သူ့အမေ တွေးပြီး ကြောက်နေသည် ထင်၍ အားပေးသည်။ အဘွားကတော့ အားတက်ဟန် မတူ။ သက်ပြင်းလေးကို မသိမသာ ရှိုက်ရင်း ငြိမ်သွားသည်။ မိသားစု ဓာတ်ပုံလေးကို ငေးကြည့်ရင်း စိတ်ထဲမှ ဝမ်းနည်းတကြီး ရေရွတ် နေမိလေသည်။
“ငါ့မှာ ရောင်စရာ အူအတက် မရှိတော့ပါလား”
🔸🔸🔸
#မစန္ဒာ
#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ