နှစ်ရာတန်လေးတစ်ရွက်(စ/ဆုံး)
——————————–
ရိုးကန်လို့ခေါ်တဲ့ ရွာကလေးသို့ ဒီနေ့ ကျေးလက်
ကျန်းမာရေးဌာနအတွက် ဆရာမလေးတစ်ယောက်
ရောက်လာခဲ့သည်။
ယခင်ဆရာမက ငါးနှစ်ခန့် တာဝန်ယူပြီး
ပြောင်းရွှေ့ခွင့်အမိန့်ဖြင့် နယ်ပြောင်းသွားတဲ့အတွက်
ယခု ဆရာမအသစ် ရောက်လာခြင်းဖြစ်သည်။
ရိုးကန် ကျေးလက်ကျန်းမာရေးဌာနအပိုင်တွင်
တောင်တွင်း၊ညောင်ဝန်း၊မိုးကောင်း ဟူသော
ရွာများပါဝင်လေသည်။
ထိုကျေးရွာများကို ရိုးကန်ကျေးလက်ကျန်းမာရေး
ဌာန၌တာဝန်ကျသော ကျန်းမာရေးဝန်ထမ်းက
ကျန်းမာရေးဆိုင်ရာများကို ကုသဆောင်ရွက်ရလေသည်။
ထိုအချိန်က ယခု ကာလကဲ့သို့ တိုးတတ်ခေတ်မီခြင်း
မရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးများလည်း
မကောင်းသေးသောကြောင့်..
၎င်းရွာများသည် ကျေးလက်ကျန်းမားရေးဌာနကိုသာ
အားကိုးအားထားပြုရလေတော့သည်။
”ဆရာမလေး လိုအပ်တာရှိရင် ကျုပ်ကိုပြောပါ။
အကုန်အဆင်ပြေရပါ့စေမယ်။
ရွာလူကြီး ဦးတိုင်းကျော်က ဆရာမလေးကို
ပြောလိုက်ခြင်းဖြစ်သည်။
”ကျေးဇူးပါဘဘ သမီး မနက်ဖြန်ကစပြီး
သမီးဌာနအပိုင် ရွာတွေကို သွားချင်ပါတယ်။
ဆရာမလေးစကားကြားတော့ ရွာလူကြီးက
ခေါင်းတချက်ငြိမ့်၍….
”ဟုတ်ပါပြီ ဆရာမလေး…ရွာတွေက သုံးရွာတောင်
သွားရမှာဆိုတော့ တနေ့ကို တစ်ရွာကျ သွားပေါ့ကွယ်..
ဟေ့..မောင်ကျော်ကြီး ဒီနားခဏလာပါအုံးကွ….
ရွာလူကြီးက ရဲဒင်းတစ်လက်ဖြင့် ထင်းတွေကို
တခွမ်းခွမ်းခွဲနေတဲ့ လူတစ်ယောက်ကို လှမ်းခေါ်
လိုက်သည်။
”သူ့နာမည်က မောင်ကျော်ကြီးတဲ့ ဆရာမလေးကို
တနေ့ တစ်ရွာ စက်ဘီးနဲ့လိုက်ပို့လိမ့်မယ်။
ဆံပင် ကတုန်းပေါက် ပါးသိုင်းမွှေးနုတ်ခမ်းမွှေး
ဗလပျစ်နဲ့ချွေးသံတရွှဲရွှဲနဲ့လူကို ရွာလူကြီးက
ပြရင်း ပြောလိုက်သည်။
”ရှင်…ကျွန်မက သူနဲ့ အတူနှစ်ယောက်တည်း
သွားရမှာလား….
ကျော်ကြီးကို ကြည့်ရင်း စိတ်ပျက်သွားသည့်ဟန်ဖြင့်
ဆရာမလေးကပြောလိုက်သည်။
”ကျုပ်ကလည်း မအားပါဘူး မနက်ဖြန် အရီးလေး
မငွေမြတို့အိမ်သွားပြီး…အိမ်သာကျင်းတူးပေးရမှာ…
ခပ်ဆက်ဆက်ပြော၍ ကျော်ကြီးက ထွက်သွားသည်။
ထွက်သွားတဲ့ ကျော်ကြီးရဲ့နောက်ကျောကိုကြည့်ရင်း
ဆရာမလေးက ပြုံးလိုက်သည်။
ဒီလူ တော်တော်မာနကြီးတာပဲဆိုပြီး တွေးမိ၍
ဖြစ်သည်။
ဒါကိုရိပ်စားမိတဲ့ ရွာလူကြီး ဦးတိုင်းကျော်က…
”ဆရာမလေးက ကျော်ကြီးရဲ့ပုံစံကိုကြည့်ပြီး
မယုံကြည်လို့လား…
”ဟုတ်ပါတယ်ဘဘ ကျွန်မ အားမနာလို့မဟုတ်ပါဘူး..
သူ့လိုလူ ပုံစံနဲ့ နှစ်ယောက်တည်း ခရီးအတူသွားရမှာ
ကျွန်မ မဝံရဲလို့ပါ။
ဆရာမလေးကလည်း အမှန်တိုင်းပြောလိုက်သည်။
”အဲဒါတော့စိတ်ချပါ ဆရာမလေး ကျော်ကြီးရဲ့
ကိုယ့်ကျင့်တရားကို ၊ဘဘအာမခံပါတယ်။
နောက်ပြီး ဒီရွာလေးမှာ စက်ဘီးစီးတတ်တဲ့ လူ
အနည်းငယ်ထဲက ကျော်ကြီးက အဆင်ပြေဆုံးမို့ပါ။
ထိုအချိန်ကရိုးကန်ရွာလေး၌ စက်ဘီးသုံးစီးသာရှိရာ…
တစ်ဦးက ကျောင်းဆရာကိုလှသောင်းဖြစ်၍
တစ်ဦးက ကုန်စုံဆိုင်ပိုင်ရှင် မသန်းမြင့်
ကျန်တစ်ဦးမှာ ရွာလူကြီး ဦးတိုင်းကျော်ဖြစ်လေသည်။
”ဘဘ သင့်မယ်ထင်ရင် ပြီးတာပါပဲ…
”စိတ်ချပါကွယ်..ဒီရွာမှာ မောင်ကျော်ကြီးထက်
ရိုးသားတဲ့သူ မရှိပါဘူး..စိတ်ချသာသွားပါ ဆရာမလေး။
နောက်တနေ့၌ ကျော်ကြီးက စက်ဘီးကိုရှေ့ကနင်း၍
ဆရာမလေးကို နောက်ကတင်ကာ ညောင်ဝန်းရွာလေးသို့
ထွက်လာခဲ့သည်။
ညောင်ဝန်းရွာလေးသို့ ရောက်တော့ ရွာလူကြီးအိမ်သို့
သွားပြီး ဆရာမလေးက မိတ်ဆက်ပေးရသည်။
ကျော်ကြီးကတော့ စက်ဘီးရပ်ထားတဲ့ တမာပင်အောက်တင် ငုတ်တုတ်ထိုင်ရင်း စောင့်နေလိုက်သည်။
ထမင်းစားချိန်ရောက်တော့ ဆရာမလေးကို
ညောင်ဝန်းရွာလူကြီးက ထမင်းကျွေးသည်။
”လာလေကွာ..မောင်ကျော်ကြီး မင်းပါတခါတည်း.
ဆရာမလေးနဲ့အတူစားလိုက်….
”နေပါဘကြီးကျောက်…ကျုပ်မဆာလို့ပါ။
ဒီလိုနဲ့ ညနေပိုင်း နေချိုတော့ စက်ဘီးဖြင့်
ညောင်ဝန်းမှ ပြန်လာခဲ့ကြသည်။
လမ်းတွင် ကျော်ကြီးကလည်း စကားမပြောသလို
ဆရာမလေးကလည်း စကားမပြောပေ။
နောက်ဆုံး ကျော်ကြီးက ဆရာမလေးကို
စေ့စေ့ပင်မကြည့်။
ဒီတော့မှ ဆရာမလေးလည်း ကျော်ကြီးရဲ့စိတ်ထားကို
တဖြည်းဖြည်း သိလာရတော့သည်။
ညဖက်တွင် ဆရာမလေးရဲ့ ဆေးခန်းသို့ ရွာထဲမှ
မိန်းကလေးနှစ်ယောက် အဖော်ပြု၍ လာရောက်
အိပ်ပေးကြသည်။
ဒီတော့မှ ဆရာမလေးလည်း…ကျော်ကြီးအကြောင်းကို
မေးမြန်းစပ်စုကြည့်မိတော့သည်။
”မမြနှင်း ကိုကျော်ကြီးက မိန်းမ မရှိဘူးလား….
ဆရာမလေးစကားကြားတော့ မြနှင်းဆိုတဲ့
မိန်းကလေးက တဟက်ဟက်ရယ်ရင်း
”ဆရာမလေးရယ် ကျော်ကြီးလိုလူကို ဘယ်သူက
ကြိုက်မှာလဲ….
မိဘမဲ့ တစ်ကောင်ကြွက် ဟိုအိမ်ကခိုင်းတာလုပ်
ဒီအိမ်ကခိုင်းတာလုပ်၊အဲလိုလူကို ဘယ်မိန်းမက
ယူမှာလဲ..ဆရာမလေးရယ်….
ကျော်ကြီးအကြောင်းကြားတော့ ဆရာမလေး
စိတ်မကောင်းဖြစ်သွားမိသည်။
”အဲလိုတော့မပြောပါနဲ့အေ…ကျော်ကြီးက
တစ်ကောင်ကြွက်ဆိုပေမဲ့ ရိုးသားရှာပါတယ်။
ခိုင်းသမျှအလုပ်တွေ လုပ်တယ်ဆိုတာကလဲ..
ဘယ်သူ့ဆီကမှ အခကြေးငွေ မယူရှာပါဘူး။
စေတနာသက်သက်နဲ့ဝိုင်းကူလုပ်ပေးရှာတာပါ။
တင်တင်ခိုင်ဆိုသော မိန်းကလေးက ဝင်ပြောလိုက်
ခြင်းဖြစ်သည်။
”သူ့မိဘတွေကရောဟင်…
”သူက မိဘတွေမရှိဘူး ဆရာမလေးရဲ့
သူငယ်ငယ်ကတည်းက မိဘတွေက တောထဲမှာ
ပစ်ထားခဲ့တာ..အဲဒါရွာက ဦးဖိုးလူဆိုတဲ့ လူကြီးက
တောထဲ ထင်းဝင်ခုတ်ရင်း တွေ့လို့ မွေးစားခဲ့တာ…
သူဆယ်နှစ်သားလောက်အရွယ်မှာ ဦးဖိုးလူက
ဆုံးသွားခဲ့တာ..အဲဒီကတည်းက ကျော်ကြီးက
တစ်ယောက်ထဲ နေခဲ့ရရှာတာ။
ဒီကနေ့အထိပဲ။
”အဲလိုဆို ညဥ်း ကျော်ကြီးကိုယူလိုက်ပေါ့။
”ကောင်မနော် ငါက ဆရာမလေးကမေးလို့
ပြောပြနေတာ…ဟင်း…
ကျော်ကြီးအကြောင်းကြားတော့
ဆရာမလေး ကျော်ကြီးကို သနားသွားမိသည်။
သူ့ကို စေ့စေ့ပင်မကြည့်ပဲ စက်ဘီးကိုသာ တဝီးဝီး
နင်းနေတဲ့ ကျော်ကြီးကို ပြန်ပြီး မြင်ယောင်လာသည်။
နောက်နေ့ မိုးကောင်းရွာကိုသွားတော့..
အရင်နေ့ကလိုပင် ကျော်ကြီးက စက်ဘီးကိုသာ
အာရုံစိုက်နင်းနေပြီး ဆရာမလေးကို စကား
တစ်ခွန်းမျှမပြောပေ။
”ကိုကျော်ကြီး ရှေ့နားက အပင်ရိပ်မှာ နားပါအုံး…
လမ်းဘေးမှာ အုပ်ဆိုင်းနေတဲ့ တမာပင်ကြီးအောက်
ကျော်ကြီးက စက်ဘီးကိုရပ်လိုက်သည်။
ရိုးကန်နှင့်မိုးကောင်းသည် ၈မိုင်မျှခရီးကွာဝေးလေသည်။
တမာပင်ရိပ် ထိုင်မိကြတော့ ဆရာမလေးက
အသင့်ယူလာတဲ့ ရေဘူးလေးကိုထုတ်ပြီး…
”ကိုကျော်ကြီး ရေသောက်ပါအုံး…
နောက်ပြီး မုန့်ဆီကြော်လည်းစား…ညက ရွာထဲက
လာပို့လို့ အဲဒါ ကိုကျော်ကြီးကို ကျွန်မ သတိရလို့
ယူလာတာ…
ရေဘူးကို ကျော်ကြီးဆီကမ်းပေးရင်း
ဆရာမလေးကပြောလိုက်သည်။
”ကျုပ်ကို သတိရလို့….
ဆရာမလေးစကားကို သံယောင်လိုက်၍
ကျော်ကြီးက ပြောသည်။
”ဟုတ်တယ်လေ ညက မမြနှင်းတို့ မတင်ခိုင်တို့
ဆီက ကိုကျော်ကြီးအကြောင်း
သူတို့တွေပြောလို့ ကျွန်မသိပြီးပါပြီ..
”ကျုပ်အကြောင်းကို တခုတ်တရမေးပြီး
ကျုပ်ကိုသတိရတာ ဆရာမလေးပဲရှိပါတယ်ဗျာ…
ခေါင်းငုံ့ရင်း ကျော်ကြီးက ပြောရှာသည်။
”ကျုပ်မိဘတွေတောင် ကျုပ်ကို မွေးပြီး
တောထဲမှာ ပစ်သွားသေးတာ…
အဘဖိုးလူ မရှိကတည်း ကျုပ်ကို သနားမဲ့သူ
သတိရမဲ့သူမရှိတော့တာ..ခု ဆရာမလေးက
ကျုပ်ကိုသတိရတယ်ဆိုတော့ ကျုပ်လေ….
ကျော်ကြီးက စကားကိုမဆက်နိုင်ပဲ.. ဆို့နင့်နေသည်။
နောက်…မျက်ရည်တွေဝိုင်းနေသည်။
”အို…ကိုကျော်ကြီးရယ် ဘာမှစိတ်မကောင်းမဖြစ်နဲ့
ဒီကရှေ့ ကိုကျော်ကြီး ဘာပဲလိုလို ကျွန်မကိုပြောနော်..
ကိုကျော်ကြီးအနားမှာ ကျွန်မရှိတယ်….
ဆရာမလေးက ကျော်ကြီးလက်ကို ကိုင်၍
အားပေးလိုက်သည်။
ဤသို့ဖြင့် ကျော်ကြီးနှင့်ဆရာမလေးတို့သည်..
ရက်တိုတိုအတွင်း၌ ရင်းနှီးခင်မင်၍ သွားကြလေတော့သည်။
မိုးကောင်းရွာကအပြန်…ယခင်ကလို မဟုတ်တော့ပဲ
စက်ဘီးပေါ်၌ နှစ်ယောက်အတူစီးရင်း စကားတွေ
ဖောင်ဖွှဲ့ပြောဆိုကြလေသည်။
”ကိုကျော်ကြီး မိုးတွေညို့လာပါလား…ရွာတော့မယ်
ထင်တယ်နော်….
အလိပ်လိိုက် ညိုမည်း၍တက်လာသော တိမ်ဆိုင်များကို
ကြည့်၍ ဆရာမလေးက ပြောလိုက်သည်။
”ဟုတ်မယ်ဗျ…မိုးရွာတော့မယ်ထင်တယ်…
ပြောရင်း မိုးပေါက်များက ကောင်းကင်ထက်ကနေ
တဖောက်ဖောက်ကြွေကျလာတော့သည်။
”ဆရာမလေး စက်ဘီးနင်းလို့ အဆင်မပြေတော့ဘူး..
အလာတုန်းက နားခဲ့တဲ့ တမာပင်ကြီးအောက်..
မိုးဝင်ခိုရလိမ့်မယ်ဗျ..
နှစ်ယောက်သား တမာပင်ရိပ်ရောက်တာနဲ့
မိုးက တဝုန်းဝုန်း ရွာချတော့သည်။
မိုးကြောင့် ကြည့်လေရာမှာ ဘာမျှသဲသဲကွဲကွဲ
မမြင်ရပဲ မည်းမှောင်၍နေလေသည်။
”ဂျိမ်း….ဂျိမ်း….
ကျယ်လောင်တဲ့ မိုးခြိမ်းသံကြားတော့
ဆရာမလေးက ….ကျော်ကြီးကို အတင်းသိုင်းဖက်
လိုက်သည်။
”ကျွန်မကြောက်တယ် ကိုကျော်ကြီး…
မိုးခြိမ်းသံထက် ကျော်ကြီးရင်ထဲမှာ
တအုံးအုံး ခုန်နေတဲ့ နှလုံးသားက ပိုပြီး
ကျယ်လောင်ဗြောင်းဆန်နေသည်။
ကျော်ကြီးကသူ့ဘဝမှာ ခုလို မိန်းကလေးတစ်ယောက်နဲ့
နီးနီးကပ်ကပ်မနေဘူးတော့…
နတ်ဝင်သည်တစ်ယောက်လို ကတုန်ကယင်ကြီး
ဖြစ်နေရှာသည်။
သည်းသည်းမည်းမည်း ရွာနေတဲ့
မိုးရေတွေထဲမှာ…
တင်းတင်းကြပ်ကြပ်သိုင်းဖက်ထားတဲ့
ဆရာမလေးရဲ့ ရေစိုနေတဲ့
ဆံစလေးတွေကို ဆုပ်ကိုင်ရင်း
ကျော်ကြီး ရင်ခုန်နေရသည်။
တအုံးအုံးခုန်နေတဲ့ ရင်ဘတ်ထဲက
နှလုံးသားက ပြုတ်ထွက်သွားမလားတောင်…
ကျော်ကြီးထင်နေမိသည်။
မိုးရေတွေစဲသွားတော့…ဆရာမလေးက
ကျော်ကြီးကို သိုင်းဖက်ထားတဲ့လက်တွေကို
လွှတ်ပြီး….
”မိုးတွေခြိမ်းရင် ကျွန်မက အရမ်းကြောက်တာ
ကိုကျော်ကြီးရဲ့….
ရှက်အမ်းအမ်းနဲ့ ခေါင်းလေးငုံ့ပြီး ဆရာမလေးက
ပြောသည်။
ရွာပြန်ရောက်တော့…ကျော်ကြီးခမျာ..
တစ်ညလုံး အိပ်မပျော်နိူင်ပဲ…
မိုးရွာထဲက ဆရာမလေးနဲ့အဖြစ်ကို တွေးရင်း
တလှပ်လှပ် ရင်တွေခုန်နေမိသည်။
ဘဝမှာ ကျော်ကြီးအတွက် ခုလို ခံစားချက်က
ပထမဆုံးဖြစ်သည်။
နောက်ပြီး မိန်းမတစ်ယောက်က အနီးကပ်
ထွေးပွေ့နေခြင်းခံရတဲ့…ခံစားမှု့။
ဒါတွေကို တွေးရင်း လင်းခါနီးမှ ကျော်ကြီး
မှေးကနဲ့ အိပ်ပျော်သွားရတော့သည်။
ကျော်ကြီးက ဆရာမလေးပါးကို ခပ်ဖွဖွ
နမ်းလိုက်သည်။
ဆရာမလေးကလည်း ကျော်ကြီးကို
ရွရွလေးပြန်နမ်းသည်။
ကျော်ကြီးက အနီးရှိနှင်းဆီပင်က နှင်းဆီပန်း
တစ်ပွင့်ကို ခူးပြီး ဆရာမလေးရဲ့
ဦးခေါင်းထက်က ဆံကေသာမှာ
ပန်ပေးလိုက်သည်။
ဆရာမလေးက ရွှန်းလဲ့နေတဲ့
မျက်လုံးတောက်တောက်တွေနဲ့ကြည့်ရင်း
ကျော်ကြီးရင်ခွင်ထဲတိုးဝင်လာသည်။
”ကိုကျော်ကြီး…ကိုကျော်ကြီး
အိမ်အပြင်က ခေါ်သံကြောင့် အိပ်ယာထဲကနေ
ကျော်ကြီး ထထိုင်လိုက်ပြီး အိမ်အပြင်ကို
ကမန်းကတမ်း ထွက်လိုက်တော့…
ဆရာမလေးဖြစ်နေသည်။
ဆရာမလေးမြင်တော့…စောစောကမက်ခဲ့တဲ့
အိပ်မက်ကိုတွေးပြီး ကျော်ကြီးပြုံးလိုက်မိသည်။
”ကိုကျော်ကြီး ဒီနေ့ရွာထဲသွားတာမမြင်လို့
မနေ့က မိုးမိပြီး နေမကောင်းဖြစ်နေလားလို့
စိတ်ပူပြီး ကျွန်မလာကြည့်တာ….
”ကျုပ်တောင် ညကတွေးနေသေးတာ…
ပန်းလေးတွေ ဖျားနာရင်
နေမင်းကြီးက သူ့အလင်းရောင်နဲ့ကုသပေးတယ်..
ငှက်ကလေးတွေ နေမကောင်းဖြစ်ရင်
သူ့ဖေ သူ့မေ ငှက်ကြီးနဲ့ငှက်မကြီးက
ပြုစုပေးကြတယ်…
ကျုပ်သာနေမကောင်းဖြစ်ခဲ့ရင်
ဘယ်သူကများ ပြုစုကုသပေးပါ့မလဲလို့
တွေးနေမိတယ်….
ကျော်ကြီးစကားကြားတော့ ဆရာမလေးက
ခပ်ဟဟရယ်ရင်း….
”အံမယ် ကိုကျော်ကြီးက ခုလိုတွေလည်း
ပြောတတ်တယ်ပေါ့…
စိတ်ချပါရှင် ကိုကျော်ကြီးနေအကောင်းဖြစ်ရင်
ကျွန်မက ဆေးကုပေးမှာပေါ့. …
”ဆရာမလေးက ကျုပ်ကို…
”ဟုတ်တယ်…ကျွန်မက ကိုကျော်ကြီးကို
ပြုစုကုသပေးမယ်။
…………………………….
နေ့မြင့်လေအရူးရင့်လေ ဆိုတာလို
ဆရာမလေးပေါ် ကျော်ကြီးစိတ်တွေက..ယိမ်းယိုင်
ပြိုလဲလာပြီး ကျိတ်မနိူင်ခဲမရဖြစ်လာတော့သည်။
ဒီနေ့ ကျောင်းဆရာ ကိုလှသောင်းအိမ်မှာ..ကျော်ကြီး
ရေထမ်းပေးရသည်။
ရေထမ်းလို့ပြီးတော့ ကျောင်းစာရင်းတွေလုပ်နေတဲ့
ဆရာကိုလှသောင်းအနား ကျော်ကြီးသွားလိုက်သည်။
”ဆရာကြီး…
”ဟေ…မောင်ကျော်ကြီးပြောလေကွာ…
ပြောရခတ်နေဟန်ဖြင့် ကျော်ကြီးက ခေါင်းကို
ကုတ်နေသည်။
”ဟိုလေ…ဆရာကြီး..ကျုပ်ကို ရည်းစားစာလေး
ရေးပေးပါလား….
”ရည်းစားစာ..ဟ…အဆန်းပါလားကွ
နေပါဦး…မင်းက ဘယ်သူ့ကို မေတ္တာရှိနေလို့လဲ…
”ဆရာကြီးကိုယုံလို့ ကျုပ်ကပြောမှာနော်…
ဘယ်သူ့မှတော့ ပြန်မပြောပါနဲ့ဗျာ….
”အေးပါ..ဟကောင်ရ..
”ကျုပ်…ဆရာမလေးကို ချစ်နေမိလို့ဗျ..
”ဟေ…ဗုဒ်ဓါ…ဆရာမလေး…
”ဟုတ်တယ် ဆရာကြီး အဲ့ဒါ ကျုပ်ကို စာလေး
တစ်စောင်လောက်ရေးပေးစမ်းပါ။
မေတ္တာစာလေးပေါ့ဆရာကြီးရယ်။
ကျောင်းဆရာကြီး ကိုလှသောင်း အခက်တွေ့သွားသည်။
ဆရာမလေးက ကျော်ကြီးလိုလူကို ဘယ်နည်းနှင့်မျှ
မေတ္တာမတုန့်ပြန်နိူင်တာလဲ သိသည်။
မဖြစ်နိူင်ပါဘူး ကျော်ကြီးရာလို့ ပြောရမှာလည်း…
ကောင်လေးကို သနားသည်။
ဒီတော့ သူဘာလုပ်ရမလည်း စဥ်းစားရတော့သည်။
”ရေးပေးမယ် မဟုတ်လား ဆရာကြီး….
ကျော်ကြီးက စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။
”အေးပါကွာ…ရေးပေးလိုက်မယ်..
မင်းခဏစောင့်….
ဆရာကိုလှသောင်းက ဗလာစာရွက် တစ်ရွက်ကို
ဖြုတ်ယူပြီး စာရေးလိုက်သည်။
စာရေးပြီးတော့ စာရွက်လေးခေါက်ပြီး
ကျော်ကြီးကို ပေးလိုက်သည်။
”ဒါ..ဆရာမလေးအတွက် မေတ္တာစာပေါ့နော်..
ဆရာကြီး။
”အေး…ဟုတ်တယ်..ဒီစာကိုဖတ်ပြီးလို့
ဆရာမလေးက မင်းကို ငွေနှစ်ရာပေးခဲ့ရင်
မင်းအပေါ် သူမေတ္တာမျှနေလို့ပဲ…..
”ဒီစာကို ပေးလိုက်လို့ ဆရာမလေးက ကျုပ်ကို
ပိုက်ဆံနှစ်ရာတန်လေးပြန်ပေးရင်
ကျုပ်ကို ချစ်လို့… အဲလိုလား ဆရာကြီး….
”အေးဟုတ်တယ်….
”ကျေးဇူးပါ ဆရာကြီးရာ…ကျုပ် ရေမိုးချိုးပြီးတာနဲ့
ဆရာမလေးကို ဒီစာလေးသွားပေးမယ်။
ဝမ်းပမ်းတသာနဲ့ထွက်သွားတဲ့ ကျော်ကြီးကိုကြည့်ပြီး
ကျောင်းဆရာကိုလှသောင်း ခေါင်းရမ်းမိသည်။
………………………….
”ဆရာမလေး….
”ဟယ်.. ကိုကျော်ကြီးက မုဆိတ်တွေရိတ်
ပုဆိုးအကျီင်္ သားသားနားနားနဲ့ဆိုတော့
ကြည့်လို့ကောင်းလှချည်လား…
”ဟာဗျာ…ဆရာမလေးကလဲ…
ကျော်ကြီးက ရှက်သွားသည်။
”အဟုတ်ပြောတာ ကိုကျော်ကြီးရဲ့..
”ကြည့်ကောင်းရင် ပြီးတာပဲဗျာ…
ကျုပ်ဆရာမလေးကို ပြောစရာရှိလို့ လာခဲ့တာ…
”ကဲပြောပါဦး..ဘာပြောမှာလဲ…
အရောင်တွေတဖျက်ဖျက်လက်နေတဲ့
မျက်လုံးတွေနဲ့ဆရာမလေးကိုကြည့်ရင်း
ကျော်ကြီးက ပြောလိုက်သည်။
”ကျုပ်က တချိန်လုံး ဥတစ်လုံးတစ်ကောင်ကြွက်
ဘဝနဲ့နေလာခဲ့ရတာဆိုတော့…
ခုချိန်မှာ ခိုနားစရာ ချစ်ကမ္ဘာလေးတစ်ခု ရချင်လာမိတယ်။
ကျော်ကြီးစကားကြားတော့ ဆရာမလေးက ရယ်ရင်း…
”ဟင်..ဒါဆို ကိုကျော်ကြီးမိန်းမယူတော့မယ်ပေါ့…
”ဟာဗျာ..ကျနော်စဥ်းစားတုန်းပါဗျ…
အဲဒီမိန်းကလေးကို ကျုပ်ဖွှင့်ကိုမပြောရသေးပါဘူး။
”ဘယ်သူလဲပြော..ကျွန်မကူပြောပေးမယ်…
ဆရာမလေးကို ကြည့်ပြီး ကျော်ကြီး ပျော်သွားသည်။
အိတ်ကပ်ထဲက စာလေးကိုထုတ်ပြီး…
”ဆရာမလေးရော့…
”ဟင်…စာ ဟုတ်လား…
”ဟုတ်တယ်..ကျုပ်ဆရာမလေးကို လိုချင်လို့…
ဆရာမလေးက ကျော်ကြီးပေးတဲ့စာကို
ချက်ချင်းဖတ်လိုက်သည်။
နောက်ဖတ်ရင်းပြုံးပြီး…
”ကိုကျော်ကြီးရယ်…ခဏနေဦး…
ဆရာမလေးက အခန်းတွင်းဝင်သွားပြီး..
ကျော်ကြီးကို နှစ်ရာတန်ငွေစက္ကူလေး
တစ်ရွက်ပေးလိုက်သည်။
”ကဲ..ရော့ ကျေနပ်ပြီလား….
”ဟာ…ဆရာမလေးက တကယ်ပေးတယ်..
”အင်းပေါ့… ပေးရမှာပေါ့…
”ပျော်လိုက်တာဗျာ….ကျုပ်သွားတော့မယ်..
”ကိုကျော်ကြီးစာ ပြန်ယူသွားလေ…
”ဟုတ်ကဲ့..ဆရာမလေး…
ကလေးတစ်ယောက်လို ပြေးထွက်သွားတဲ့
ကျော်ကြီးကိုကြည့်ရင်း ဆရာမလေးတောင်..
သိမ့်ကနဲ့ ပီတိတွေဖြစ်ရသည်။
သူမြင်ရသလောက် ခုလို ကိုကျော်ကြီး
ပျော်နေတာ တစ်ခါမှ မမြင်ဖူး၍ဖြစ်သည်။
”ကိုကျော်ကြီးရယ်….
……………………………..
နှစ်ရာတန်ငွေစက္ကူလေးကို တရှူံ့ရှူံ့နမ်းရင်း
ရွာသချိုင်္ င်း ဘက်ဆီ ကျော်ကြီး ပြေးလာခဲ့သည်။
သုဿန်ထဲကလူသေတွေ မြုပ်တဲ့နေရာရောက်တော့
နေရာတစ်ခုမှာ ကျော်ကြီးက ဒူးထောက်ချလိုက်သည်။
နှစ်များစွာကြာပြီဆိုတော့ အဲဒီနေရာမှာ
ဘာအမှတ်သားတစ်ခုမှမရှိတော့။
”အဘ…ကျုပ်ကိုမွေးခဲ့တဲ့ လူတွေကတောင်
စွန့်ပစ်သွားခဲ့တာ….
ဒါပေမဲ့ အဘက ကျုပ်ကို ကောက်ယူ
ကျွေးမွေးခဲ့တယ်…
အဘမဆုံးခင်မှာ…လူလေး တစ်ကောင်ကြွက်မနေနဲ့
မိန်းကလေးတစ်ယောက်ကို အိမ်ထောင်ထူလို့မှာခဲ့တာ..
ခု…ကျုပ် အိမ်ထောင်ပြုတော့မယ်အဘ…
သူက ကျုပ်ကို ချစ်တယ်ဗျ..
ဟောဒီမှာ နှစ်ရာတန်လေး ကျုပ်ကို ပေးလိုက်တယ်….
အဲဒါ အဘကို ကျုပ်လာပြောတာ….
မြေကြီးကို ကုန်းကန်တော့ရင်း ကျော်ကြီးက
ပြောလိုက်သည်။
………………….
ညနေဘက်ရောက်တော့ ခြံထဲက အလှဆုံးနှင်းဆီပန်း
တစ်ပွင့်ကို ကျော်ကြီးခူးလိုက်သည်။
အိပ်မက်ထဲကလို နှင်းဆီပန်းလေးပန်ပေးပြီး..
ဆရာမလေးရဲ့ ပါးကို ဖွဖွလေး နမ်းလိုက်မည်.ဟု
ကျော်ကြီးတွေးရင်း ဆရာမလေး ရှိတဲ့
ဆေးခန်းဆီကို လာခဲ့လိုက်သည်။
”ဟယ် ကိုကျော်ကြီး…လက်ထဲမှာ နှင်းဆီပန်းလေး
လှလိုက်တာ..ကျုပ်ကိုပေးပါလားတော်….
လမ်းမှာတွေ့တဲ့ မြနှင်းက ကျော်ကြီးကိုပြောလိုက်သည်။
”မလုပ်နဲ့ဟ…ဒါ ဆရာမလေးအတွက်…
နင်ရော..ဆရာမလေးဆေးခန်းဒီည သွားမအိပ်ဖူးလား…
”ငါးရက်ခြောက်ရက်တော့ အိပ်ရမယ်မထင်ဘူး…
ဆေးခန်းမှာ ဆရာမလေး ယောကျ်ားရောက်နေတယ်လေ…
မြနှင်းစကားကြားတော့ ကျော်ကြီး ထိတ်ကနဲ့
ဖြစ်သွားသည်။
”မဟုတ်ကဟုတ်ကဟာ…ဆရာမလေးမှာ
ဘယ်ကယောကျ်ားရှိမှာလဲ….
”တော်မယုံလည်း သွားသာကြည့်တော့….
မြနှင်းက ဘုဆက်ဆက်ပြော၍ ကျော်ကြီးကို
ရှောင်ထွက်သွားသည်။
နှင်းဆီပန်းလေးကို ကိုင်ပြီး ကျော်ကြီး
ငိုင်နေမိသည်။
နောက်တော့ ဆေးခန်းလေးဆီ ကျော်ကြီး
ပြေးလာခဲ့တော့သည်။
ဆေးခန်းလေးရောက်တော့…ရှေ့ဧည့်ခန်းထဲမှာ
ဘယ်သူမှမရှိပဲ…ခန်းစီးစလေးကာထားတဲ့
ဆရာမလေးရဲ့အိပ်ခန်းထဲက ရယ်သံသဲ့သဲ့ကို
ကြားလိုက်တာနဲ့ ခန်းစီးစကို ဆွဲဖယ်ပြီး
အခန်းထဲကို ကျော်ကြီးက ကြည့်လိုက်သည်။
”ဟင်..ကိုကျော်ကြီး…
ထိတ်လန့်သွားဟန်နဲ့ ဆရာမလေးက အော်လိုက်သည်။
အခန်းထဲမှာ ရေချိုးပြီးစ ဆရာမလေးကို
နောက်ဖက်ကနေ ယောကျ်ားတစ်ယောက်က
ဘရာစီယာချိတ်..ချိတ်ပေးနေတာကို ကျော်ကြီး
တွေ့လိုက်ရတော့…
”ဆရာမလေး ဒါဘာလုပ်တာလဲ…
တုန်အက်နေတဲ့ အက်ကွဲကွဲအသံနဲ့ ကျော်ကြီးက
မေးလိုက်သည်။
”ခင်ဗျားကရော ဘာကိစ္စ ခွင့်မတောင်းပဲ..
သူများအခန်းထဲဝင်လာတာလဲ….
ဆရာမလေးနဲ့အတူ ရှိနေတဲ့လူက ကျော်ကြီး
ရင်ဘတ်ကို တွန်းထုတ်ရင်း ဒေါသတကြီး
ပြောလိုက်သည်။
တွန်းလိုက်တဲ့ အရှိန်ကြောင့် ကျော်ကြီးက
အခန်းအပြင်မှာ ခေါက်ကနဲ့ ခွေခွေလေးလဲကျသွားသည်။
လဲကျသွားတဲ့ကျော်ကြီးကို ထိုးကျိတ်ဖို့ ထိုလူက
ထွက်မယ်လုပ်တော့…ဆရာမလေးက အတင်းလက်ကို
ဆွဲထားပြီး….
”မလုပ်ပါနဲ့ကိုကိုရယ်…သူက လူဆိုးလူရမ်းကား
မဟုတ်ပါဘူး…
အနီးမှာရှိတဲ့ မွှေးပွတဘတ်ကြီးကို ဆရာမလေးက
သူမကိုယ်အထက်ပိုင်းကို ခြုံလိုက်ပြီး…
ကျော်ကြီးဆီသွားလိုက်သည်။
”ကိုကျော်ကြီး ထနော် ကျွန်မတောင်းပန်ပါတယ်…
လဲကျနေရာက ဆရာမလေးကို မော့ကြည့်ရင်း
ကျော်ကြီးမျက်လုံးမှာ မျက်ရည်တွေပြည့်နေသည်။
”ဒီလူနဲ့ဘာလို့ အတူနေ နေတာလဲဆရာမလေး….
ကျော်ကြီးစကားကြားတော့ ဆရာမလေးအနားကလူက
ဒေါသတကြီးဖြင့်….
”ငါ့မိန်းမမို့ ငါကအတူနေတာလေကွာ…
အဲဒါမင်းက ဘာဆိုင်လို့ပြောနေတာလဲ..ဟေ့ကောင်
နောက်တစ်ခါ ထိုးကျိတ်ဖို့ ထိုလူ လုပ်ပြန်သည်။
”ကိုကိုရယ်..ဝေရှင်းပြပါ့မယ်..သူ့ကိုမထိပါနဲ့
သူက ကျပ်မပြည့်ရှာပါဘူး….
“ဗျာ….ကျုပ်ကို အရူးလို့ ဆရာမလေးက
ပြောလိုက်တာလား…..
ဝမ်းပမ်းတနည်းနဲ့ ကျော်ကြီးက ပြောလိုက်သည်။
”အဲ..အဲလိုမဟုတ်ဖူးနော်…ကိုကျော်ကြီး..
ကျွန်မပြောတာ အဲလိုမဟုတ်ပါဘူး…
မျက်နှာလေးငယ်သွားတဲ့ ကျော်ကြီးကို ဆရာမလေးက
ပျာပျာသလဲ တောင်းပန်လိုက်သည်။
”ဒါဆိုရင် အရူးတစ်ယောက်ကို ခဗျား….
ဘာလို့ချစ်ခဲ့တာလဲ..ပြောလေဗျာ
ငိုသံပါကြီးဖြင့် ကျော်ကြီးက ပြောလိုက်သည်။
”ခဗျားက ချစ်တယ်ဆိုပြီး ကျုပ်ပေးတဲ့
မေတ္တာစာကိုလည်း လက်ခံတယ်…
ကျုပ်ကိုလည်း ချစ်တဲ့ကြောင်း နှစ်ရာတန်လေး
တစ်ရွက်ပေးပြီး အသိမှတ်ပြုတယ်…
အဲဒါတွေက ဘာသဘောလဲဗျ..ပြောစမ်းပါ..
ပြောလေဗျာ….
”မင်းဘာတွေ ရှူပ်ထားတာလဲဝေ…
ဆရာမလေးဘေးက လူက စိတ်ဆိုးမာန်ဆိုးနဲ့
ဆရာမလေးလက်မောင်းနှစ်ဖက်ကို ကိုင်လှုပ်ပြီး
မေးလိုက်သည်။
“ပြောပြီးလေကိုကို သူက…..
မပြောရက်၍ ဆရာမလေးက စကားကို တပိုင်းတစနဲ့
ရပ်ထားလိုက်သည်။
”ခင်ဗျားညာတာ…ဟောဒီမှာ ခင်ဗျားပေးခဲ့တဲ့
နှစ်ရာတန်လေး…ဒါက ကျုပ်ပေးခဲ့တဲ့မေတ္တာစာ…
”ပေးစမ်း…
ကျော်ကြီးလက်ထဲက စာရွက်ကလေးကို
ဆရာမအနားက လူက ဆွဲယူလိုက်သည်။
နောက်တော့..စာကိုဖတ်ပြီး…
တဟားဟားရယ်ရင်း…
”ဟေ့ကောင်…မင်းစာရော တတ်ရဲ့လား…
ဒီစာထဲမှာ ဘာတွေရေးထားလဲ မင်းသိရောသိလား…
စာရွက်ကို ကျော်ကြီးဆီ ပစ်ပေါက်ပြန်ပေးရင်း
ထိုလူက သရော်လိုက်ခြင်းဖြစ်သည်။
”ကိုကိုရယ် သူ့ကို အဲလိုမပြောပါနဲ့…..
မျက်ရည်တွေ တွေတွေကျရင်း ကြောင်ငေးကြည့်နေရှာတဲ့
ကျော်ကြီးကိုကြည့်ပြီး ဆရာမလေးက
စိတ်မကောင်းဖြစ်နေမိသည်။
”ဝေရယ်…မင်းမှ စာမတတ်တဲ့အရူးနဲ့တွေ့ရတယ်လို့
ဟား..ဟား..
”တော်ဗျာ…တော်ကြဗျာ…
ကျုပ်မကြားချင်ဘူး…ဆရာမလေး…ခင်ဗျား..
ကျုပ်ကို လိမ်တယ်…
ဆေးခန်းလေးထဲကနေ ကျော်ကြီးပြေးထွက်လာခဲ့သည်။
လမ်း၌ သံဘီးလှိမ့်၍ကစားလာသော
ကလေးတစ်ယောက်ကိုတွေ့တော့
ကျော်ကြီးက…
”ကလေး ဦးကျော်ကြီးကို ဒီစာလေး ဖတ်ပြစမ်းပါ…
လက်ထဲက စာရွက်လေးကို ကျော်ကြီးက
ကလေးကို ပြလိုက်သည်။
”ဟာဗျာ ဦးကျော်ကြီးကလည်း ကိုယ့်ဖာသာ
ဖတ်လည်းရတာကိုဗျာ…
”ဦးကျော်ကြီး မဖတ်တတ်လို့ပါကွာ…
”လူကြီးဖြစ်ပြီး ဦးကျော်ကြီးက စာမဖတ်တတ်ဖူး
ဟုတ်လား…အဲ့တာဆိုပေးဗျာ…
ကလေးက ကျော်ကြီးဆီက စာရွက်ကို
ဆွဲယူပြီးဖတ်လိုက်သည်။
”ဆရာမလေး…
ကျုပ်ကိုခင်ရင် ပိုက်ဆံနှစ်ရာပေးပါဗျာ…
စာကအဲတာပဲ ဦးကျော်ကြီး….
ကလေးက ပြောပြီး သူကစားနေတဲ့ သံခွေကို
လှိမ့်ပြီးထွက်သွားသည်။
”ဝေရယ်..မင်းကျမှ စာမတတ်တဲ့ အရူးနဲ့
တွေ့ရတယ်လို့..ဟားဟား…
ဆရာမလေးဘေးက လူပြောတာကို ပြန်ကြားရင်း
ကျော်ကြီး ရှက်ရွံံ့အားငယ်သွားမိသည်။
………………………….
တမာပင်ကြီးဆီ ကျော်ကြီးရောက်တော့
မိုးစုန်းစုန်းချုပ်သွားပြီ။
ဒီတမာပင်ကြီးအောက်မှာ
ကျော်ကြီး ရင်ခုန်ခဲ့ရတာ…
ဒီတမာပင်ကြီးအောက်မှာ
ကျော်ကြီး ချစ်တတ်ခဲ့တာ…
ခိုစရာတွယ်စရာမရှိတဲ့…သူ့ဘဝ
စာနာမဲ့သူကင်းတဲ့…သူ့ဘဝကို
ဒီတမာပင်ကြီးအောက်မှာပဲ..
ခိုနားစရာကမ္ဘာလေးတစ်ခု တွေ့ပြီဆိုပြီး
သူမှတ်ထင်ခဲ့တာ….ခုတော့
ဂျိမ်း….ဂျိမ်း…
ဝေါ…ဝေါ…
မိုးတွေခြိမ်းပြီး သည်းသည်းထန်ထန် ရွာချလိုက်သည်။
မိုးရွာထဲမှာ စတင်ခဲ့တဲ့ သူ့ရဲ့ချစ်ဇာတ်လမ်းကို
တွေးရင်း ကျော်ကြီး ရင်တွေနာလာသည်။
”မိုးတွေခြိမ်းရင် ကျွန်မက အရမ်းကြောက်တာ
ကိုကျော်ကြီးရဲ့….
သူ့ကို အတင်းဖတ်တွယ်ရင်း..
ဆရာမလေးရဲ့ စကားပြန်ကြားမိတော့…
”ဆရာမလေးကျုပ်ကိုညာတယ်…
ဆရာကြီးလည်း ကျုပ်ကိုညာတယ်…
မိုးကြားထဲမှာ သံကုန်အော်ရင်း…
ရှိုက်ကြီးတငင် ကျော်ကြီးက ငိုလိုက်သည်။
နှလုံးသားအချစ်ကံနည်းတဲ့ သူ့ဘဝကိုလည်း
ကျော်ကြီးက ဝမ်းနည်းပက်လက်ဖြစ်နေရှာသည်။
ထိုညက မိုးသည် တစ်ညလုံး သည်းသည်းထန်ထန် ရွာသည်။
နောက်နေ့တမနက်ရောက်တော့…
ရိုးကန်နဲ့မိုးကောင်း ကြားက တမာပင်ကြီးအောက်မှာ
လူတစ်ယောက်….တမာပင်ကြီးကိုမှီရင်း
သေဆုံးနေတာကို လမ်းသွားလမ်းလာများ
တွေ့ကြရတော့သည်။
သူ့လက်ထဲမှာ…ရေစိုနေတဲ့ စာရွက်လေးတစ်ရွက်ရယ်။
သူရင်ဘတ်မှာ ကပ်ထားတဲ့ နှစ်ရာတန်ငွေစက္ကူလေး
တစ်ရွက်ရယ်။
💔💔 💔💔 💔💔
အချစ်ပုံပြင်ပေါင်းမြောက်များစွာနဲ့
လွမ်းစရာ အချစ်ဇာတ်လမ်းပေါင်းများစွာကို
ကျနော်တို့တွေ ကြားဖူးမြင်ဖူး…ဖတ်ဖူးကြပါသည်။
သို့သော်…ကျော်ကြီးမည်သော…
အညာရွာလေးတစ်ရွာက အညတြလူတစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းကိုတော့..သိသူ ရှားပေလိမ့်မည်။
ထို့ကြောင့် နှစ်ရာတန်လေးတစ်ရွက် အမည်နဲ့…
အချစ်သမားကိုကျော်ကြီးကို…
ဂုဏ်ပြုလိုက်ရပေတော့သည်။
#ပီယ_ရွှေညာမြေ