နာကျင်သော အလွမ်း
----------------------
“မေမေ သားအိပ်ချင်ပြီ”
“အိပ်တော့လေ သားလေး ... စာတွေပြီးပြီလား”
“ပြီးပြီမေမေ”
မကျော့မေက သားကို သွားတိုက်ခိုင်းသည်။ ထို့နောက် အိပ်ရာထဲသွင်းကာ ခြင်ထောင်ကို သေသေချာချာ ဖိပေးခဲ့သည်။
“မေမေ မအိပ်သေးဘူးလား”
“မေမေ မအိပ်သေးဘူးသားလေး ... လုပ်စရာတွေ မပြတ်သေးလို့”
မကျော့မေက စားပွဲတွင် ပြန်ထိုင်ပြီး ကွန်ပျူတာကိုဖွင့်ကာ အလုပ်လုပ်နေသည်။
အိမ်ခန်းထဲမှ သားလေးက
“ဖေဖေ” ဟု အော်လိုက်သည်။
မကျော့မေက အပြေးလေး အိမ်ခန်းထဲကို သွားကြည့်သည်။ သားလေးက ယောင်နေခြင်း ဖြစ်သည်။
“သားရယ် ... ဒီလူယုတ်မာကို ဘာဖြစ်လို့များ တမ်းတနေရတာလဲကွယ်”
သူမက စားပွဲတွင် ပြန်ထိုင်ပြီး အလုပ်ကို ဆက်လုပ်ရန် ပြင်သော်လည်း အလုပ်ထဲ စိတ်မရောက်တော့။
လွန်ခဲ့သည့် ၅ နှစ်
ထိုနေ့က သူ သားလေးနှင့်အတူ အိမ်ကို ပြန်လာခဲ့သည်။ မိဘတွေအိမ်ကို တစ်ပတ်ခန့် သွားလည်ပြီးနောက် ပြန်လာခြင်းဖြစ်သည်။
“မေမေ သားထမင်းဆာနေပြီ”
“အိမ်ရောက်တော့ စားရမှာပေါ့ကွယ် ... နေဦး လမ်းထိပ်က ဟင်းနဲ့ ထမင်းဝယ်သွားမှ။ သားအဖေက ချက်ထားမှာ မဟုတ်ဘူး။ မေမေက သူအံ့ဩသွားအောင် တိတ်တိတ်လေး ပြန်လာတာ”
မကျော့မေက လမ်းထိပ်ထမင်းဆိုင်မှ ထမင်းနှင့် ဟင်းများဝယ်သည်။ ထို့နောက် သူတို့နေထိုင်သည့်လမ်းကို ဝင်ခဲ့သည်။ အိမ်တွင် မီးတွေလင်းနေသည်။
“မင်း အဖေပြန်ရောက်နေပြီ”
မကျော့မေက တံခါးခေါက်လိုက်သည်။ ခဏအကြာတွင် ကိုထွန်းမြတ်က တံခါးလာဖွင့်သည်။ သူ့မျက်နှာတွင် အံ့ဩသည့် အရိပ်အယောင်တွေ တွေ့လိုက်ရသည်
“ကျော့ ... အကြောင်းမကြား ဘာမကြားနဲ့”
“မောင် အံ့ဩသွားအောင် လုပ်ချင်လို့”
မကျော့မေ အောက်ကို ငုံ့ကြည့်လိုက်မိသည်။ အမျိုးသမီး ဖိနပ်တစ်ရံ
“ဒါ ဘယ်သူ့ ဖိနပ်လဲ”
“ကျော့ ... မောင် ရှင်းပြမယ် ... ဟိုလေ”
ထိုစဉ် အခန်းထဲက အမျိုးသမီးတစ်ယောက်ထွက်လာသည်။ မကျော့မေက
“သား ... သားနောက်ဖေးကိုသွား ... မေမေ ထမင်းကျွေးမယ်”
မကျော့မေက သူနှင့် ထိုမိန်းမကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သားနောက်ကို လိုက်သွားသည်။ သားကို ထမင်းပြင်ကျွေးနေစဉ် ကိုထွန်းမြတ်က မီးဖိုချောင်ထဲကို ဝင်လာသည်
“ကျော့ ... မောင်ရှင်းပြမယ်”
“ကိုထွန်းမြတ် ဘာမှ ရှင်းပြစရာမလိုဘူး ... ကျွန်မ မရှိတုန်း မိန်းမတစ်ယောက်က ကျွန်မအခန်းထဲရောက် နေတာ ဘာကို ရှင်းပြဦးမှာလဲ။ တော်ပြီ ... ရှင့်မျက်နှာကို ကျွန်မ မကြည့်ချင်ဘူး။ ကျွန်မ ရှေ့က ထွက်သွား”
“အေး မင်းလိုပဲ ... မင်းမျက်နှာကိုလည်း ငါမကြည့်ချင်ဘူး”
“ဘယ်သူက ရှင့်ကို ကြည့်ခိုင်းနေသလဲ”
“သွားမယ်”
“သွား ... သွား”
ထိုညကစပြီး ကိုထွန်းမြတ်ကို သူမတွေ့ရတော့။ ဘာလိုလိုနှင့် ၅ နှစ်ကျော်ကာလ ရောက်ခဲ့ပြီ။ သားတစ်ယောက်နှင့် ဘဝအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရင်း တည်ငြိမ်အောင် ကြိုးစားနေရသည် မကျော့မေမှာ ယခုမှ အနည်ထိုင်ရုံလေးသာ ရှိသေးသည်ဟု ဆိုရမည်။ သို့သော် ညဆိုလျှင် အိပ်မရသည့်ညတွေ ဖြစ်နေတတ်သည်။
သူက သူ့ကိုယ်သူ ပြန်မေးနေသည်
“ဒီကောင့်ကို ငါသတိရနေသေးလား”
သူ့ဘာသာသူ ပြန်ဖြေသည်
“ဘာလို့ သတိရနေမှာလဲ”
သတိရစရာလည်း အကြောင်းမရှိတော့။ သူတို့ဘဝဇာတ်လမ်းက ပြတ်ပြီ။ ကိုထွန်းမြတ်က နောက်အိမ်ထောင်ပြုသွားပြီ မဟုတ်ပါလား။
မကျော့မေက အလုပ်ကို ပြန်လည် အာရုံစိုက်လိုက်သည်။ ထိုစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ သူက တံခါးကို ထဖွင့် ပေးလိုက်သည်။ တံခါး အပြင်တွင် ရပ်နေသူမှာ ကိုထွန်းမြတ် ဖြစ်နေသည်။ သူက မူးလာသည်။ အရက်နံ့တွေလည်း ရနေသည်။
မကျော့မေက နောက်ကို ပြန်ဆုတ်ပြီး တံခါးကို ပိတ်ရန် ပြင်သည်။ သူက တံခါးကို တွန်းပြီး ကိုယ်လုံးနှင့် မှီထားသည်။
“ဘာလာလုပ်တာလဲ လူယုတ်မာ”
“ငါ့ အိမ်ကို ငါပြန်လာတာ”
“ဘာ ဒါ ရှင့်အိမ်ဟုတ်လား”
“ဟုတ်တယ်”
“ထွက်သွား ... ရှင် ခုထွက်သွား”
“ကျော့ရယ် မောင်မှားပါပြီကွာ ... မောင် ... ကျော့ဆီကို ပြန်လာတာ”
“မလာနဲ့ ထွက်သွား”
“မသွားဘူး ... ဒါ ငါ့အိမ် ... မင်းက ငါ့မယား ... ငါ့သားရော ဘယ်မှာလဲ”
“ထွက်သွား ... ရှင်ထွက်သွားနော် ... မသွားရင် ကျွန်မ အော်လိုက်မှာ”
“အော်လိုက်”
ထိုစဉ် စက်ဘီးတွေနှင့် ကင်းလှည့်နေသည့် ပတ္တရောင်ရဲများက အိမ်ရှေ့ကို ရောက်လာပြီး လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်သည်။
“ဘာဖြစ်နေကြတာလဲ”
“ကယ်ပါဦးရှင်”
သူတို့က စက်ဘီးတွေနှင့် ခြံထဲကို ဝင်လာကြသည်
“အစ်မကြီး ဘာဖြစ်လို့လဲ”
“ဒီမှာ လူတစ်ယောက် ကျွန်မကို လာပြီး နှောင့်ယှက်နေလို့ပါရှင်”
“ဟေ့လူ ခင်ဗျား ဘယ်ကလဲ”
“ဘာလဲကွ ... ဒါ ငါ့အိမ် ... ဒါ ငါ့မိန်းမ”
“အစ်မကြီး ဟုတ်လား”
“မဟုတ်ပါဘူးရှင် ... တံခါးခေါက်သံကြားလို့ ကျွန်မ ထဖွင့်ပေးလိုက်တာ အိမ်ထဲကို အတင်းဝင်ဖို့ လုပ်နေလို့ပါ”
“ဟေ့လူ ... လာ ရဲစခန်းလိုက်ခဲ့ ... ဟာအရက်တွေသောက်ထားတာလား။ နံစော်နေတာပဲ”
“မလိုက်ဘူးကွ ... ဒါ ငါ့အိမ်”
ထိုစဉ် သူတို့ သားလေးက အိမ်ခန်းထဲမှ မျက်စိတွေကို ပွတ်ကာ ထွက်လာသည်။
“ဟိုမှာ ကျုပ်သား မယုံရင် သားကို မေးကြည့် ... သား ဖေဖေ ပြန်လာပြီ”
သားလေးက သူ့ကို သေသေချာချာကြည့်နေသည်
ရဲတပ်သားတစ်ယောက်က ကလေးကို မေးလိုက်သည်
“သားလေး ... ဒါသားလေး ဖေဖေလား”
ကလေးက သူ့ကို သေသေချာချာ စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်
“မ ဟုတ် ဘူး”
“ကဲ ဟေ့လူ ဘာညာ ဦးမလဲ ... ခေါ်ခဲ့ကွာ”
“မလိုက်ဘူးကွ”
“ခင်ဗျား ကောင်းကောင်းမလိုက်ရင် ဖမ်းချုပ်ပြီး ခေါ်သွားရလိမ့်မယ်”
“မလိုက်ဘူး”
ရဲတွေက သူ့ကို လက်ထိပ်ခတ်ပြီး အတင်းဆွဲခေါ်သွားသည်။
မကျော့မေက အခန်းတံခါးကို ပိတ်လိုက်သည်။
သားကို သေသေချာချာကြည့်ပြီး
“သားရယ်” ဟု ခေါ်ကာ ဖက်လိုက်သည်။
“မေမေ မအိပ်သေးဘူးလား”
“အိပ်မယ်လေ သားလေး”
မကျော့မေက မီးတွေကို ပိတ်လိုက်သည်။ ထို့နောက် သားလက်ကိုဆွဲကာ အခန်းထဲ ဝင်ခဲ့သည်။
သားကို ခုတင်ပေါ်တင်ပေးပြီး စောင်လေးခြုံပေးလိုက်သည်။ သားက သူ့ကို ဖက်ထားသည်။
ထိုညတွင် မကျော့မေတစ်ယောက် ကောင်းစွာ အိပ်ပျော်သွားတော့သည်။
တင်ညွန့်
၁၂.၁၁.၂၀၂၂