*မေ့ကွက်ကိုရှာ *(စ/ဆုံး)

———————

“အမေ သားပြန်လာပြီ”

ကျွန်တော်က တံခါးကိုဖွင့်ပြီး အော်လိုက်သည်။ လက်ထဲတွင် ကိုင်လာသည့် ပလတ်စတစ်အိတ်လေးကို မီးဖိုချောင်ထဲယူလာပြီး

“အမေကြိုက်တဲ့ အမဲသားဝယ်လာတယ်။ နူးနေအောင် ချက်ပေးမယ်။ ခရမ်းချဉ်သီးလည်းပါတယ်။ မန်ကျည်းရွက်လည်းပါတယ်။ အမဲသားထဲကို ခရမ်းချဉ်သီးထည့်ဦးမလား … မန်ကျည်းရွက်လေးကတော့ မြေပဲဆန်လေးကို ညက်နေအောင် ထောင်းပြီးတော့ သုပ်ပေးမယ်”

ကျွန်တော်က စီကာပတ်ကုံးပြောရင်း အိတ်ထဲမှ ပစ္စည်းတွေကို တစ်ခုချင်းထုတ်နေသည်။

“သြော် … သားမေ့လာပြန်ပြီ … အမေမှာလိုက်တဲ့ သရက်သီး … ဒီနေ့တော့ သရက်သီး မစားပါနဲ့ အမေရယ် … သတိတွေ မေ့တတ်လိုက်တာ … ဈေးထဲဝင်ဝင်ချင်း မချစ်စုသရက်သီးတွေ တွေ့သေးတယ် … အမေ အမဲသားထဲကို ခရမ်းချဉ်သီးထည့်မလား”

ကျွန်တော်က အမဲသားကိုရေးဆေး၊ လှီးဖြတ်၊ ဆား၊ နနွင်းများနှင့်နယ်ကာ မီးဖိုပေါ်တင်လိုက်သည်။

ကျွန်တော် နောက်လှည့်ကြည့်လိုက်သည်။ အမေမရှိ။ အမေ့ကို ကြောင်အိမ်နားကခုံတွင် ထိုင်နေမည်ထင်ပြီး စကားပြောနေခြင်းဖြစ်သည်။ အမေကမရှိ

“အမေ … အမေ ဘယ်သွားနေလဲ”

ကျွန်တော်က အပေါ်ထပ်ကိုလှမ်းကြည့်သည်။ လှေကားတွင် လဲကျနေမည်လား။ အပေါ်ထပ်တက်ပြီး အဖေ့စာကြည့်ခန်းထဲကို ဖွင့်ကြည့်သည်။ အမေက အဖေ့ကိုလွမ်းလျှင် စာကြည့်ခန်းထဲ လာထိုင်နေတတ်သည်။

“အေမ”

ကျွန်တော် အောက်ထပ်ပြန်ဆင်းသည်။ အိမ်သာ တံခါးကို ခေါက်သည်။ အမေမူးများလဲနေသလား

“အမေ အိမ်သာထဲမှာလား”

တံခါးဖွင့်ကြည့်သည် အမေမရှိ။ ရေချိုးခန်းကို ဖွင့်ကြည့်ပြန်သည်။ အမေမရှိ။ ကျွန်တော် စိတ်ပူလာသည်။

“အမေ … အမေ …”

အမေက ခြေထောက်သိပ်ကောင်းသည်မဟုတ်။ ဝေးဝေးလည်း မသွားနိုင်။ ယိမ်းတိမ်းယိုင်တိုင်နှင့် ဘယ်လျှောက်သွားနေမှန်းမသိ။

“သြော် … ပန်းခြံထဲမှာနေမယ်”

ကျွန်တော် ပန်းခြံထဲ အမေထိုင်နေကျ ခုံတန်းလေးကို လာကြည့်သည်။ အမေ့ကိုမတွေ့။ ရေကန်နားများ သွားပြီး ခြေချော်ကျနေသလား။ ကျွန်တော် စိုးရိမ်စိတ်နှင့် ရေကန်အနီးကို အပြေးလေးလာသည်။ အမေမရှိ

“အေမ”

ကျွန်တော် စိတ်ပူစပြုပြီ။ တစ်အိမ်လုံးရှာသည်။ အမေမရှိ။ ကျွန်တော် ဈေးသွားစဉ်က ဝင်းတံခါးကို သော့ခတ်သွားသဖြင့် အမေ အပြင်ကို ထွက်သွားသည်လည်း မဖြစ်နိုင်။

ကျွန်တော် ဝင်းတံခါးကိုဖွင့်ပြီး အပြင်ကို ခေါင်းပြူကာ

“အေမ”

အိမ်ရှေ့အိမ်က ကိုညိုထွက်လာသည်။

“ကိုညို … ကျွန်တော့်အမေကို တွေ့သေးလား”

အိမ်ဘေးက မကြည်ထွက်လာသည်။

“မကြည် အမေပျောက်နေတယ်”

ပဲပြုတ်သည် မမိုးရောက်လာသည်။

“မမိုး အမေ့ကို လမ်းမှာ တွေ့ခဲ့လား”

သူတို့အားလုံးက ကျွန်တော့်ကို ကြည့်နေကြသည်။

“အဘိုး … မေ့နေပြန်ပြီလား”

“ကျုပ်ဘာကိုမေ့ရမှာလဲ … ဒီမှာ အမေပျောက်နေလို့ စိတ်ညစ်နေရတဲ့အထဲ …”

“အဘိုး မေ့နေပြန်ပြီ”

“ဟ … စော်ကားလှပါလား … အမေပျောက်နေပါတယ်ဆိုမှ … ဘာမေ့ရမှာလဲ”

“အဘိုးရယ် … အဘိုးအမေဆုံးသွားတာ နှစ်တွေအများကြီးကြာခဲ့ပြီလေ”

“ငါ့အမေက ဘာဖြစ်လို့ ဆုံးရမှာလဲ”

“ဦးလေး … ဒီနေ့ဘာနေ့လဲ သိလား”

“ဒီနေ့ … ဒီနေ့ ဘာနေ့ပါလိမ့်”

“ဘယ်နှခုနှစ်ထဲရောက်နေပြီလဲ သိလား”

“သောက်ရူးတွေ အမေပျောက်လို့ စိတ်ညစ်နေရတဲ့အထဲ ဘာတွေ လာမေးနေတာလဲ … အမေ”

ကျွန်တော် ဝင်းတံခါးကိုပိတ် အိမ်ထဲပြန်ဝင်ကာ အမေ့ကို ရှာနေမိသည်။

“ဟော … တွေ့ပြီ …”

အမေက စန္ဒရားပေါ်တွင် ထိုင်နေသည်။ ကျွန်တော့်အမေက စန္ဒရားပေါ်တွင်ထိုင်ပြီး ကျွန်တော့်ကို ပြုံးပြ နေသည်။

“အမေဘယ်တွေ လျှောက်သွားနေတာလဲ … ရှာလိုက်ရတာ”

မီးဖိုထဲတွင် တူးနံ့ နံလာသည်။

“မီးဖိုထဲမှာ အမေ ဘာတွေချက်ခဲ့သလဲ”

ကျွန်တော် အမေ့ကို စန္ဒရားပေါ် ပြန်ထားလိုက်ပြီး မီးဖိုထဲပြေးလာမိသည်။ မီးဖိုထဲတွင် အမဲသားအိုးက တူးနေပြီ။

“အမေကလည်း ဟင်းကိုချက်ထားခဲ့ပြီး ဘယ်သွားနေတာလဲ … အမေ ဒီမှာ ဟင်းတွေ တူးနေပြီ”

#တင်ညွန့်
၁၅.၅..၂၀၁၉