အမေ့နေရာ
------------
အဝေးပြေးကားပေါ်မှ လူငယ်လေးတစ်ယောက်ဆင်းလာသည်။ ကျောပိုးအိတ်ကို လွယ်ထားသည်။ ပုံစံကတော့ သန့်သန့်ပြန့်ပြန့် ဘောင်းဘီနှင့် တီရှပ်ကို ဝတ်ဆင်ထားသည်။
သူက ကားလမ်းဘေး ခြေလှမ်း ၅၀ ခန့်တွင် ဖွင့်ထားသည့် ထမင်းဆိုင်ကို လျှောက်လာသည်။ ဆိုင်ထဲမှ ကောင်မလေးတစ်ယောက်က ထွက်ကြိုသည်။
“အစ်ကို ... ဘာစားမလဲ ... ထမင်းစားမှာလား”
“ဟင့်အင်း”
“မစားလည်း ဝင်နားလို့ရပါတယ်”
“ကုတ် သံဘူးရှိလား”
“ကုတ်ဆိုတာ ဘာပြောတာလဲ”
“ဪ ... ကိုကာကိုလာ သံဘူးရှိလားလို့”
“ရှိတယ် ... ရေခဲနဲ့လား”
“ဟင့်အင်း ... ဘူးအတိုင်းပေးပါ”
ကောင်မလေးက ၂၀ ဝန်းကျင်ခန့်တော့ရှိမည်ထင်သည်။ အတော်လေးသွက်သည်။
အအေးဘူးကို ကောင်မလေးက လာချပေးသည်။ ကောင်လေးက
“ဒီမှာ ညီမလေး တစ်ခုလောက် မေးချင်လို့”
“ဟုတ်ကဲ့အစ်ကို”
“ရိုးချောင်းရွာကိုသွားချင်လို့ ကားဘယ်ကစီးရမလဲ”
“ရိုးချောင်းကို ဒီအချိန်ကားမရှိတော့ဘူး ... ကားက မနက်တစ်စီးလာ၊ ၁၀ နာရီလောက်ဆိုပြန်တက်သွားပြီ”
“လမ်းလျှောက်ရင် ဘယ်လောက်ကြာမလဲ”
“အနည်းဆုံး သုံးနာရီလောက်တော့ လျှောက်ရမယ်ထင်တယ်”
“ဟာ အဝေးကြီးပဲ”
“ဟုတ်တယ် ခုဟာက ညနေစောင်းဆိုတော့ ဆိုင်ကယ်လည်း ပြတ်တယ် ... အဲ ... တစ်ခုတော့ရှိတယ် ... ရိုးချောင်းကို ပြန်မယ့် ကောင်မချောချောလေးတစ်ယောက်တော့ ရှိတယ်။ သူက ဆိုင်ကယ်နဲ့ ဆိုတော့ သူဆိုင်ကယ်နဲ့ လမ်းကြုံလိုက်ပါရစေလို့ တောင်းတောင်းပန်ပန်ပြောရင် ရနိုင်မယ်ထင်တာပဲ”
“ဘယ်မှာလဲ ... သူဘယ်မှာလဲ”
“ဒီမှာလေ”
ကောင်မလေးက ရယ်မောပြီး သူ့ကိုယ်သူလက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဟာ ညီမက အတော်နောက်တာပဲ ... ဒါဆို ကိုယ်မင်းနဲ့ အတူတူ လိုက်ခဲ့လို့ရမလား”
“ရတာပေါ့ ... နေဦး ရိုးချောင်းရွာက ဘယ်သူ့ဆီကို သွားမှာလဲ”
ကောင်လေးက သူ ကျောပိုးအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်ပြီး
“သူ့ဆီကို”
“ဪ ...”
“သိလို့လား”
“ဒီနယ်မှာ သူ့ကို မသိတဲ့လူ ဘယ်သူရှိမလဲ ... ကျွန်မတို့ ဆရာမကြီး ... ကျွန်မတို့ ချစ်တဲ့ မေမေကြီး”
“ဟုတ်လား ... အဲဒီရွာကို လိုက်ပို့ပေးပါလား”
“အစ်ကို ဒါဆိုရင်တော့ သွားစရာ မလိုတော့ဘူး”
“ဘာဖြစ်လို့လဲ”
“ဆရာမကြီးက ပင်စင်ယူပြီးကတည်းက သူ့သားဆိုလား ဘာလားမသိဘူး ရှိတဲ့ အမေရိကကို လိုက်သွားပြီ”
“ကိစ္စမရှိပါဘူး ... အဲဒီရွာလေးကို ရောက်ရင်တော်ပါပြီ”
“အစ်ကိုနဲ့ ဆရာမကြီးက ဘယ်လို ပတ်သက်လို့လဲ”
“ကိုယ့် အမေလေ”
“ဟယ်တော် ... ဆရာမကြီး ပြောပြောနေတဲ့ သူ့သားဆိုတာ အရှင်လတ်လတ် တွေ့လိုက်ရလို့ ဝမ်းသာလိုက်တာ ... ခဏစောင့် ... ဆိုင်ရှင်ဆီမှာ သွားပြီး ခွင့်တောင်းလိုက်ဦးမယ်”
ကောင်မလေးက ဆိုင်ရှင်ဆီသို့ ပြေးထွက်သွားပြီး
“ကြီးကြီး ... သမီး ဒီနေ့ စောစောပြန်တော့မယ်”
“အေး ... အေး လူပါးတာပဲ ပြန် ပြန်”
ကောင်မလေးက လက်ကိုင်အိတ်လေးနှင့် ဆိုင်ကယ်စီး ဦးထုပ်ကိုယူလိုက်သည်။ ထို့နောက်
“ကြီးကြီး ... ဧည့်သည်တစ်ယောက်ကို ခေါ်သွားရမှာမို့ ဦးထုပ်တစ်လုံး ယူသွားမယ်”
“အေး ... အေး”
ကောင်မလေးက ကောင်လေးကို ဦးထုပ်တစ်လုံးပေးသည်။ ထို့နောက် သူက ဦးထုပ်ကို ဆောင်းကာ ဆိုင်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ဆီသို့ လျှောက်လာသည်။ ကောင်လေးက ဦးထုပ်ဆောင်းပြီး နောက်က လိုက်လာသည်။ ဆိုင်ကယ်အနီးသို့ရောက်သည့်အခါ ကောင်မလေးက
“ရော့”
“ဘာလဲ”
“သော့လေ”
“ဘာလုပ်ရမှာလဲ”
“ဆိုင်ကယ်မောင်းလေ”
“ကိုယ်မှ မစီးတတ်တာ”
“တကယ်ကြီးလား”
“တကယ်ကြီးပေါ့”
“ကောင်းပြီလေ ... နောက်က ထိုင်စီးရမယ် ... လူကို သိပ်မကပ်ရဘူး။ မဖက်ရဘူး ... ဘယ်ယောကျ်ားလေးနဲ့မှ ဆိုင်ကယ်အတူ စီးဖူးတာ မဟုတ်ဘူး”
“ဟုတ်လား ... သဘောတူတယ် ... ဆိုင်ကယ်ခ ဘယ်လောက်ပေးရမလဲ”
“ခရီးအနေအထားကို ကြည့်လိုက်လေ ... ဟိုရောက်မှ အခြေအနေအရပဲ ဟဲ ဟဲ”
ကောင်မလေးက ဆိုင်ကယ်ကို စက်နှိုးသည်။ ကောင်လေးက နောက်မှတက်သည်။ ဆိုင်ကယ်လေးက ဆောင့်ကြီး အောင့်ကြီး ထွက်သွားသည်။
ရိုးချောင်းရွာလေးက တောင်ပေါ်ရွာလေးတစ်ရွာဖြစ်သည်။ မြေနီလမ်းလေးအတိုင်း ဆိုင်ကယ်လေးက ပြေးနေသည်။
“မင်းက ဆိုင်ကယ်စီး ကျွမ်းတာပဲ”
“နေ့တိုင်း ထမင်းဆိုင်ကို ဆိုင်ကယ်နဲ့ပဲ လာနေတာ”
“ထမင်းဆိုင်မှာ လုပ်တာလား”
“အဒေါ့်ဆိုင်လေ ... နေ့တိုင်းလာဝိုင်းကူတာ”
“မေမေနဲ့ ဘယ်နှတန်းလောက်တုန်းက သင်ဖူးသလဲ”
“ဆရာမကြီးနဲ့ သူငယ်တန်းကနေ လေးတန်းအထိ သင်ဖူးတယ်”
“ကျောင်းက မူလတန်းလား”
“ဟုတ်တယ် ... လေးတန်းအောင်ရင် မြို့ကို သွားတက်ရတယ်”
“ခဏလေးနော် ... ဒီနေရာက ရှုခင်းကောင်းတယ်”
ကောင်မလေးက ဆိုင်ကယ်ကို ရပ်လိုက်သည်။ ဝင်လုဆဲ နေလုံးကြီးနှင့် တောင်တန်းကြီးသည် အမှန်တကယ် ကြည့်ကောင်းသည့် ရှုခင်းဖြစ်နေသည်။ ကောင်မလေးက သူ့အိတ်ထဲမှ ဖုန်းလေးကို ထုတ်သည်။ ဆယ်ဖီဆွဲနေသည်။
“အစ်ကို ဒီရောက်တုန်း တစ်ပုံလောက်”
“မရိုက်ချင်ပါဘူး”
“အမှတ်တရပေါ့”
ကောင်မလေးက သူ့ကို လက်လာဆွဲသည်
“ဟေ့ ... ငါ့လက်ကို မင်းက ဆွဲတာနော်”
“အော်မှာလား”
“မအော်ပါဘူး”
“ရပ် ... အဲဒီနေရာလေးမှာရပ် ... ကျွန်မနဲ့ အတူတူ ပထမဆုံး ဆိုင်ကယ်အတူစီးဖူးတဲ့ ဆရာမကြီးသား လူချောလေးတို့ အမှတ်တရ”
ကောင်မလေးက ဖုန်းလေးနှင့် ဓာတ်ပုံကို လှည့်ပတ်ရိုက်နေသည်။
“တော်ရောပေါ့”
“နှစ်ယောက်အတူတူ တစ်ပုံလောက်”
“ဘယ်သူရိုက်မှာလဲ”
“ဒါများ ကျွမ်းပါတယ်နော်”
ကောင်မလေးက သူ့ဘေးတွင် ပူးကပ်ပြီး လာရပ်သည်။ ထို့နောက် ဖုံးလေးကို မြှောက်ပြီး နှစ်ချက်လောက် ရိုက်လိုက်သည်။
“ကောင်းလိုက်တာ ရွာရောက်ရင် ကြွားစရာရပြီ ... ဆရာမကြီးသားနဲ့ ဓာတ်ပုံအတူတူရိုက်တယ်ဆိုတာ”
သူတို့ဆိုင်ကယ် ဆက်ထွက်လာသည်။ တောင်အဆင်းအတိုင်း ဆိုင်ကယ်က ဆင်းသွားသည်။ ထို့နောက် တောင်ကုန်း အတက်တစ်ခုကို တက်သည်။
“မရောက်သေးဘူးလား”
“ရောက်တော့မယ် ... ဒီကုန်းအလွန်ဆိုရင် ရွာကို လှမ်းမြင်နေရပြီ”
ဆိုင်ကယ်လေးက တအိအိအော်ကာ တက်ရင်း တောင်ထိပ်ရောက်ခါနီးတွင် ထိုးရပ်သွားသည်။
“ဘာဖြစ်တာလဲ”
“ဟာ ... ဆီကုန်သွားပြီ”
တောင်ကုန်းအတက်နားရောက်လုပြီဖြစ်သဖြင့် ဆိုင်ကယ်ကို တွန်းတက်လာကြသည်။ ကောင်မလေးက ရှေ့ကတွန်းသည်။ ကောင်လေးက နောက်မှတွန်းသည်။
တောင်ကုန်းပေါ်သို့ရောက်လာသည်။ ကောင်လေးက ချွေးတွေကို ကျောပိုးအိတ်ထဲမှ တစ်သျှူးထုတ်ကာ သုတ်သည်။ ကောင်မလေးကိုလည်း တစ်သျှူးတစ်ရွက်ပေးသည်။
“ချွေးတွေ”
“ကျေးဇူး ... လာပါ ဒီမှာ တစ်ပုံလောက် ရိုက်ရအောင်”
“မင်းကွာ ... ဆိုင်ကယ်ဆီကုန်တော့ ဘယ်လိုဆက်သွားမလဲဆိုတာ မပူဘူးလား”
“ဘာပူစရာ ရှိလို့လဲ ... ရွာထဲက ကိုဖူးကြီးကို ဆီတစ်ပုလင်းလောက် ယူခဲ့ဖို့ လှမ်းမှာလိုက်မယ်လေ”
ကောင်မလေးက ဖုန်းဆက်သည်။ ထို့နောက်
“ခဏလေးစောင့် ... ၁၅ မိနစ်လောက်ဆို ရောက်လာလိမ့်မယ် ... လာ ဒီနေရာကို လာပါဦး”
ကောင်လေးက သူခေါ်သည့် ထင်းရူးပင်အောက်ကိုလိုက်လာသည်။ ထင်းရူးပင်အောက်တွင် ထင်းရူးပင်စည်လုံးကို ထွင်းထားသည့် ထိုင်ခုံတန်း တစ်ခုကို တွေ့လိုက်ရသည်။
“အစ်ကို့ ဆီမှာရှိတဲ့ ဆရာမကြီးဓာတ်ပုံ ခဏပြပါလား”
ကောင်လေးက အိတ်ထဲမှ ဓာတ်ပုံကို ထုတ်ပေးလိုက်သည်။ ကောင်မလေးက ဓာတ်ပုံကို ထောင်ပြီး ကြည့်နေသည်။
“အစ်ကို လာကြည့်”
“ဘာလဲ”
“ဟိုမှာ”
ကောင်မလေးက တောင်ကြောမှ ရွာလေးကို တစ်လှည့် ဓာတ်ပုံကိုတစ်လှည့် လက်ညှိုးထိုးပြသည်။
“တွေ့လား”
“ဘာကိုလဲ”
“ဆရာမကြီးကို ဒီနေရာမှာ ဖူးသစ်ပဲ ဟောဒီ ဓာတ်ပုံရိုက်ပေးခဲ့တာ”
“မင်းနာမည်က ဖူးသစ်တဲ့လား”
“ဟုတ်”
“အေးနော် ဒီနေရာပဲ ... မေမေက ဒီနေရာမှာ ဓာတ်ပုံအရိုက်ခံခဲ့တာပဲ”
“ဒါနဲ့ အခြားအမှတ်ရစရာတစ်ခု ဖူးသစ်မှာရှိသေးတယ်”
“ဘာများလဲ”
“သုံးမိနစ်ပဲစောင့်”
ကောင်မလေးက ရွှတ်နောက်နောက်ဖြင့်ပြောကာ ဖုန်းထဲတွင် ရှာသည်။ ထို့နောက်
“ဟော တွေ့ပြီ”
ဖူးသစ်က ဖုန်းကို သူ့ထံယူလာပြီး ပြသည်
“ဟာ မေမေ”
“ဟုတ်တယ် ... ဖူးသစ် ဆရာမကြီးကို နောက်ဆုံး ရိုက်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်”
ဆရာမကြီးက ဓာတ်ပုံထဲကနောက်ခံအတိုင်းရပ်ကာ ပြုံးနေသည်။ ထို့နောက် တစ်လုံးချင်း ပြောလိုက်သည်
“သားလေး ... တစ်နေ့ သားလေး ဒီနေရာကို ရောက်ချင်လည်း ရောက်လာလိမ့်မယ်။ မရောက်ချင်လည်း မရောက် နိုင်ပါဘူး။ သားလေးက နိုင်ငံခြားကို ခင်တာကိုး။ မေမေတို့ နိုင်ငံမှာ ဒီလောက်လှတဲ့နေရာ ရှိသေးတယ်ဆိုတာ သားလေးကို ပြချင်လိုက်တာ။ ဒါပေမဲ့ မေမေခေါ်တိုင်း သားက မရောက်လာခဲ့ဘူး။ မေမေ သားကို တစ်ခုလောက် တောင်းဆိုချင်တယ်သိလားသားလေး။ မေမေသေရင်လေ ဒီရွာလေးမှာ ပြန်သေချင်လိုက်တာ။ ဒါပေမဲ့ သားက မေမေ့ဆီကို မလာတော့ မေမေကပဲ သားဆီကို လိုက်လာဖို့ ဆုံးဖြတ်လိုက်ရပြီ။ သားလေးကို တွေ့ချင်တာကိုး။ သားလေး မေမေသေရင်လေ ဒီရွာလေးမှာ မေမေ့ကို လာမြှုပ်ပေးနော်။ မေမေ သူတို့နဲ့ပဲပျော်တယ်။ ဒီရွာက ကလေးတွေက သားမရှိတဲ့အချိန်မှာ မေမေ့ သားတွေ သမီးတွေအဖြစ် ထွေးပိုက်ခွင့်ရခဲ့တာ ကံကောင်းလိုက်တာ။ မေမေသေရင် ဒီမှာခေါင်းချချင်တယ်”
ဖူးသစ်က ခုံတန်းလေးတွင်ထိုင်ရင် မျက်ရည်တွေကို သုတ်နေသည်
“ဖူးသစ် ဒီ ဗီဒီယိုလေးကို ကြည့်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းဘူး။ ဆရာမကြီးကို သတိရတိုင်းပေါ့”
ကောင်လေးကလည်း တစ်သျှူးလေးထုတ်ပြီး တစ်ဖက်ကိုလှည့်ကာ မျက်ရည်သုတ်နေသည်။
ထိုစဉ် ဆိုင်ကယ်တစ်စီး ရောက်လာသည်
“ဖူးသစ် ... နင်ကဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း”
“ကိုဖူးကြီး ... ဒါ ဆရာမကြီးသား”
“ဟေ ... ဟာ ဝမ်းသာလိုက်တာကွာ ... ငါ့ဆရာမကြီးသားဆိုတော့ ငါ့ညီပေါ့ကွာ ... ညီလေး ရွာကို လာလည် တာလား”
ကောင်လေးက သူကျောပိုးအိတ်ထဲမှ ကြွေအိုးလေးတစ်လုံးကို ထုတ်လိုက်သည်။
“အဲဒါဘာလဲ”
“ဒါ မေမေလေ”
“ဟင် ... ဆရာမကြီး”
“ဟုတ်တယ် ... ဒါမေမေ့ အရိုးပြာအိုးပဲ”
“အို”
“ကျွန်တော် မေမေ့ဆန္ဒအရ ဒီပြာအိုးကို ဒီအရောက်လာပို့ပေးတာပါ”
“ဆရာမကြီး”
ဖူးသစ်ကို ဒူးထောက်ထိုင်ချလိုက်ကာ မျက်နှာကိုအုပ်ပြီး ငိုသည်။ ကိုဖူးကြီးကလည်း တဟီးဟီးနဲ့ ဆို့နင်စွာ
“ဟာ … ဆရာမကြီးသေပြီတဲ့” ဟုပြောကာငိုသည်။
သူတို့နှစ်ယောက်ကိုကြည့်ပြီး ကောင်လေးကလည်း မျက်ရည်တွေကျနေသည်။
“ညီမလေးဖူးသစ်”
“ဟုတ်ကဲ့အစ်ကို”
“ဒီနေရာလေးက အမေ့အကြိုက်ဆုံး နေရာလေးလား”
“ဟုတ်တယ်”
“အစ်ကို ဒီနေရာမှာပဲ မေမေ့ပြာတွေကို ကြဲလိုက်ချင်တယ်”
“ကောင်းလိုက်တာ ... ဆရာမကြီးက သူသေရင် ဒီနေရာလေးမှာ သေချင်လိုက်တာလို့ပြောဖူးတယ်”
“ကဲ ဒါဆို ပြာတွေကို ကြဲလိုက်ရအောင်”
“နေပါဦး နောက်ဆုံးအနေနဲ့ ကန်တော့ချင်လို့”
သူတို့သုံးယောက်စလုံး ခုံတန်းလေးပေါ်တွင် ကြွေပြာအိုးလေးကိုတင်ပြီး ကန်တော့ကြသည်။
ထို့နောက် တောင်ပေါ်မှ ရွာဘက်သို့ တိုက်ခတ်သော လေကြောင်းအတိုင်း ပြာတွေကို သွန်ချလိုက်သည်။
“မေမေ ရွာကို ရောက်မှာပါ”
“ဆရာမကြီးက ဖူးသစ်တို့ရွာမှာ အမြဲရှိနေတာပါ”
၂၇.၁၀.၂၀၂၂