ပေးတဲ့ ဆု(စ/ဆုံး)

 ပေးတဲ့ ဆု(စ/ဆုံး)

————-

အညာမှာ..ဓလေ့ထုံးစံတစ်ခုရှိသည်။
ညားပြီးစ ကြင်စဦး..ဇနီးမောင်နှံ နှစ်ယောက်.
ဟာ.မင်္ဂလာဆောင်ပြီးတာနဲ့ နှစ်ဖက်ဆွေမျိုး
တွေထဲက..သက်ကြီးဝါကြီး.အဘိုးအဘွား..
ဦးလေး.. ဒေါ်လေးတွေကိုလိုက်.ကန်တော့
ရတဲ့.ဓလေ့….

ကန်တော့တဲ့ ပစ္စည်း တွေက..ငှက်ပျောနှစ်ဖီး..
အုန်းတစ်လုံးကို ဇောက်နက်တဲ့ ဇလုံတစ်ခုထဲထည့်ပြီး…
..ကန်တော့ပွဲပြင်လိုက်တယ်..
အဲဒီကန်တော့ပွဲကို ..သတို့သမီးကရွက်ပြီး
ဆွေမျိုးတွေအိမ်ကိုလိုက်.ကန်တော့ကြတာပါ..
ကန်တော့ခံရတဲ့ ဆွေမျိုးတွေအတွက်လည်း..
သိပ်ပြီးတော့ .မစားသာလှပါဘူး..
ဘာလို့လည်းဆိုတော့..ကန်တော့ပွဲတစ်ပွဲရဲ့
တန်ကြေးက..
.ဘာမှတန်ဖိုးကရှိတာမဟုတ်ဘူးလေ..
မုန့်ဖိုးဆိုပြီး လာကန်တော့တဲ့ ကြင်စဦး..
မောင်နှံကိုပေးရတာက..နှစ်သောင်း..
သုံးသောင်း..အဲဒီတော့အီတာပေါ့..
…………………. …

ကျနော် အိမ်ထောင်ကျတော့ အမျိုးသမီးက
အညာကမဟုတ်ဘူး..
သူတို့ဖက်က..ဓလေ့မရှိပေမဲ့ ကျနော်တို့
ဒေသရဲ့ ရိုးရာအတိုင်း..ဆွေမျိုးတွေအိမ်ကို
တစ်အိမ်တက်ဆင်း..လိုက်ကန်တော့ဖို့..
ဖြစ်လာတယ်..

“ဝေ..ကိုယ်တို့ ဆွေမျိုးတွေအိမ်ကို လိုက်ကန်
တော့ရမယ်..

“ကန်တော့ပွဲကြီးတော့..ဝေ.မရွက်ရဲဘူးနော်..

“အင်းပါ..ကို.ထမ်းခဲ့မယ်..ဒါပေမဲ့..
ခုသွားကန်တော့မှာက.ဦးမောင်ဆိုတဲ့..
အဖိုးကြီးအိမ်ကို.သွားကန်တော့မှာ..
ကိုတို့နဲ့ ဘာမှတော့ဆွေမျိုးမတော်ဘူး..

“ဆွေမျိုးတော် မှ ကန်တော့တာဆို..

“ဟုတ်တယ်..ဒါပေမဲ့.. ဟိုတုန်းကတည်းက.
ကိုကရည်ရွယ်ထားလို့..ငါမိန်းမရရင်..
ဖိုးမောင်ကိုကန်တော့မယ်ဆိုပြီးလေ..
ဖိုးမောင်က.ဆင်းရဲတယ်..အဲဒါကြောင့်..
ကိုက..ကန်တော့ချင်တာပါ..

ဒီလိုနဲ့..ကျနော်က..ကန်တော့ပွဲကြီးထမ်းပြီး..
ကျနော့်အမျိုးသမီးက.ပုဆိုးတစ်ကွင်း..
အိုဗာတင်းတစ်ဗူး..ဘီစကစ်တစ်ထုပ်..
ထည့်ထားတဲ့ ခြင်းလေးဆွဲပြီး..
ဖိုးမောင်တို့အိမ်လေးဆီရောက်လာတယ်..

ဖိုးမောင်တို့အိမ်ရောက်တော့ အိမ်ရှေ့တမာ
ပင်ရိပ်ကလေးမှာ..ကုလားထိုင်လေးနဲ့..
ထိုင်နေတဲ့..ဖိုးမောင်ကိုတွေ့ရတယ်..
ကျနော်အညာမှာ မရှိတဲ့ သုံးနှစ်တာ..
ကာလတွင်းမှာ..ဖိုးမောင်က..ပိုပြီး..
အိုစာသွားတယ်.. ဖိုးမောင်.မြေးမလေးက
ကျနော်တို့ထိုင်ဖို့ ဖိုးမောင်ရှေ့မှာတင်.ဖျာကြမ်း
တစ်ချက်မြေပြင်မှာ..ခင်းပေးလိုက်တယ်..

“ဘယ်သူ တွေတုန်းဟ…

မျက်စိပေါ်လက်ကလေးမိုးပြီး..အဖိုးမောင်က
မေးလိုက်တယ် …

“ရွာရှေ့ပိုင်းက..ဘကြီးကြည်မြိုင်သား..
ဒီနေ့.မင်္ဂလာဆောင်တဲ့..ကိုကြီးစိန်မင်းထွန်း
တို့အဖိုး.. ဆိုပြီး..ဘေးက.
သူ့မြေးကောင်မလေးက
ဖြေလိုက်သည်။

.”အဖိုးမောင်ကို..ကျနော်တို့လာကန်တော့တာပါ..

ပိန်လှီရှုံ့တွနေတဲ့ အဖိုးမောင်လက်ကလေး
တစ်ဖက်ကို..ကိုင်ပြီး..ကျနော်ကပြောလိုက်တယ်..

“အဖိုး..ဒါက..အဖိုးဝတ်ဖို့..ပုဆိုးရယ်
ဒါက..အိုဗာတင်း.အဖိုးအားရှိအောင်သောက်..
ဒါက..ဘီစကစ်..အိုဗာတင်း သောက်တဲ့
အခါ..စားနော်အဖိုး..

ကျနော့်ရဲ့ ပူပူနွေးနွေးဇနီးလေး..ဝေရည်ညွန့်က
ခြင်းထဲက ပစ္စည်းလေးတွေကို..အဖိုးမောင်ကို
တစ်ခုချင်းပြနေတယ်၊။
နောက်တော့ ကန်တော့ပွဲနဲ့ပစ္စည်းတွေ
ရှေ့မှာချပြီး..ကျနော်တို့လင်မယား နှစ်ယောက်
ဖိုးမောင်ကို..ဦးသုံးကြိမ်ချပြီး..ကန်တော့
လိုက်သည်။
.
မြန်မာ့ဓလေ့ထုံးတမ်းအရ..ကန်တော့ခံ..
ပုဂ္ဂိုလ်ဟာ..ကန်တော့ခံပြီးတာနဲ့..မိမိကို..
ရိုသေသမှု့နဲ့ ကန်တော့နေကြသူတွေကို..
ဆုပြန်ပေးလေ့ရှိတယ်..
ကျနော်တို့.ကန်တော့ပြီးတာတောင်..
ဖိုးမောင်ဆီက..ဘာဆုပေးသံမှမကြားရတော့
ကျနော်ရော.အမျိုးသမီးပါ.ဖိုးမောင်မျက်နှာကို
ပြိုင်တူ မော့ကြည့်မိတယ်…

“အဖိုးတစ်သက်..ဒါဟာ..ပထမဆုံး..
ကန်တော့ခံဘူးတာပဲ..
ငယ်ငယ်က..ချိုးထောင်.ငှက်ထောင်..
ဒီကြားထဲ.ဆင်းရဲတဲ့အပြင်..စာပါမတက်တော့
ဘယ်သူမှ..လူရာမသွင်းကြဘူး…
ခု…ငါ့မြေးတို့…
ငါ့မြေးတို့..

ဖိုးမောင်က စကားကို..ရှေ့မဆက်နိုင်ပဲ..
ဆိုနင့်နေရှာသည်။

ချိုင့်ဝင်နေတဲ့..မျက်တွင်းနက်ထဲက..

တောက်တောက်ပပ မရှိတော့တဲ့..

မျက်လုံးတစ်စုံမှာ..

မျက်ရည်ကြည်တွေက..

အိုခြင်းရဲ့..သင်္ကေတဖြစ်တဲ့..

ပါးပြင်ပေါ်က.အရေးအကြောင်းတွေပေါ်

ဖျက်ပြီး….

အရှိန်မပါတဲ့..ရေစီးလို..

ဖြည်းဖြည်းချင်း..စီးကျနေတယ်..

“ကန်တော့မခံဘူးတော့..တစ်ခါမှလည်း..
ဆုမပေးဖူးဘူးကွာ…
အဲဒီတော့..အဖိုး..ပေးတက်သလို..
ဆုပေးလိုက်မယ် ..

ကျနော့်အမျိုးသမီးတော့မသိဘူး..
ကျနော်ကတော့..အဲဒီတုန်းက..
တစ်ခါမှ..ကန်တော့မခံဘူးတဲ့..
အဖိုးကြီးတစ်ယောက်ကို..ကန်တော့လိုက်
ရလို့..တလှပ်လှပ် နဲ့ကို..ရင်ထဲမှာ..
ပီတိတွေ ဖြစ်နေမိတာ..
ဆုမပေးဖူးတဲ့..အဖိုးကြီးတစ်ယောက်ပေးမဲ့
ပထဆုံး..ဆုကိုလည်း.. စိတ်လှုပ်ရှားပြီး
ငံ့လင့်နေမိတယ်…

“ဒီလင်ဒီမယား.. .ခုချိန်ကစပြီး.. .
ကောင်းရာသုဂတိလားကျပါစေဗျာ…

“😳…

“😁….

ဆုပေးပြီး..ဖိုးမောင်က ကျနော်တို့နှစ်ယောက်ကို
ကြည့်နေတယ်…
ကျနော်တို့လင်မယား နှစ်ယောက်ကလည်း
ငိုရမလို..ရယ်ရမလိုနဲ့..
တစ်ယောက်ကိုတစ်ယောက်..
ကြည့်နေကြတယ်…

[ပေးတဲ့ဆုနဲ့ပြည့်ပါစေ]..
ဆိုပြီး..ကျနော်တို့က..ပြန်မလုပ်တော့..
အဖိုးမောင်လည်း..ကြောင်တောင်တောင်..
ဖြစ်နေဟန်တူတယ်…
ဒါနဲ့..ကျနော်က..မိန်းမကို..တတောင်နဲ့
တို့ပြီး..ခေါင်းဆက်ပြလိုက်တယ်..

အဲဒီနောက်…ပြုံးပြုံးကြီးလုပ်ပြီး
ကျနော်တို့လင်မယားကို ကြည့်နေတဲ့
ဖိုးမောင်မျက်နှာကို.ကြည့်ပြီး..

ငိုသံပါလေးဖြင့်.. …

“ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. ..ဖိုး..😩😫

……………………………………

၁၇.၆.၂၃…..နေ့လည်..၂ နာရီ၂၇…

#ပီယ