အလိုရှိသည်(စ/ဆုံး)

——————
ဖိနပ်ဆိုင်တစ်ဆိုင်ရှေ့တွင် ကောင်မလေးတစ်ယောက်သည် ဆိုင်းဘုတ်ကိုကြည့်လိုက်၊ ဆိုင်ထဲကို ဝင်ရန်၊ မဝင်ရန် ချိန်ဆလိုက်နှင့် တွန့်ဆုတ်နေသည်။

ဆိုင်ရှေ့တွင်ထောင်ထားသော ကျောက်သင်ပုန်းပေါ်တွင် ရေးထားသည်မှာ

“အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးအလိုရှိသည်၊ အခြေခံလစာ ၃ သိန်း” ဟူ၍ဖြစ်သည်။

နောက်ဆုံးတွင် ကောင်မလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဆိုင်ထဲကို အရဲစွန့်ကာ ဝင်လိုက်သည်။

ဆိုင်ထဲတွင် ဆိုင်ရှင်ဖြစ်ဟန်တူသော လူကြီးတစ်ယောက်ကထိုင်နေသည်။

“ကလေးမ ဘာအလိုရှိလို့လဲကွယ်”

“သမီး အလုပ်ခေါ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့လို့ပါရှင်”

“ဪ အလုပ်လျှောက်ချင်လို့လား”

“ဟုတ်ကဲ့ပါရှင်”

“အေးကွယ် အလုပ်လာလျှောက်တဲ့သူတွေကများတယ်။ တစ်ယောက်မှ စိတ်တိုင်းမကျပါဘူး။ သမီးကိုလည်း အလုပ်တော့ ဒီအတိုင်း မခန့်နိုင်ဘူး။ စမ်းသပ်ပြီးမှ ခန့်နိုင်မယ်ကွယ့်”

“ဟုတ်ကဲ့ စမ်းသပ်နိုင်ပါတယ်”

“ဒီမှာတွေ့လား … သားရေခြေညှပ်ဖိနပ်နှစ်ရန်”

“ဟုတ်ကဲ့တွေ့ပါတယ်ရှင်”

“အဲဒီဖိနပ်က နာမည်ကြီးဖိနပ်တွေပေါ့။ နှစ်ရန်ပဲကျန်တော့တယ်။ တစ်ရန်ကို ငါးသောင်းလောက်ရောင်းရ တယ်။ တကယ်လို့ နှစ်နာရီအတွင်း ဒီဖိနပ်တစ်ရန်လောက်ကို ရောင်းပြနိုင်မယ်ဆိုရင် သမီးကို အလုပ်ခန့်မယ်။ သမီးဈေးရောင်းတဲ့အရည်အချင်းကိုကြည့်ပြီးတော့ လစာကိုလည်း သုံးသိန်းမဟုတ်ဘူး။ လေးသိန်းအထိ ပေးမယ်”

“ဟုတ်ကဲ့ သမီးကြိုးစားကြည့်ပါမယ်”

ကောင်မလေးကချက်ချင်းပင် ဆိုင်ထဲလိုက်ကြည့်သည်။ ကြက်မွှေးတံမြက်စည်းလေးကိုယူပြီး စင်ပေါ်မှ ဖိနပ်တွေကို လိုက်သုတ်နေသည်။ ထို့နောက် တံမြက်စည်းတစ်ချောင်းကိုယူပြီး လိုက်လှည်းနေပြန်သည်။ ဆိုင်ရှင်လူကြီးက သတင်းစာဖတ်ရင်း မသိမသာကြည့်နေသည်။

ထိုစဉ် ဆိုင်ထဲကို လူတစ်ယောက်ဝင်လာသည်။

“ကြွပါရှင် … ဘယ်လိုဖိနပ်မျိုးများ ပြပေးရမလဲရှင်”

“သားရေဖိနပ်ကောင်းကောင်းတစ်ရန်လောက် လိုချင်လို့ပါ”

ကောင်မလေးက စင်ပေါ်မှ သားရေဖိနပ်တွေကို တစ်ရန်ပြီး တစ်ရန်လိုက်ပြသည်။ ကောင်တာပေါ်ရှိ ဘူးထဲတွင် ထည့်ထားသော ဖိနပ်တွေကို မပြ။ ဖိနပ်တွေပေါ်တွင်ဈေးတွေရေးထားသဖြင့် ဝယ်သူကလည်း ဈေးကို ကြည့်လိုက် ခေါင်းခါလိုက် လုပ်နေသည်။

“ကျွန်မတို့ဆိုင်ရဲ့ အကောင်းဆုံးဖိနပ်တော့ရှိပါတယ်ရှင်။ ဒါပေမဲ့ နှစ်ရန်ထဲကျန်တော့လို့ပါ။ ဈေးကလည်း သိပ်များလွန်းတာကြောင့် ဒီကဦးလေးအဲဒီဖိနပ်များ ကြည့်ချင်ပါသလားရှင်”

“ပြကြည့်လေ”

ထိုအချိန်မှ ကောင်မလေးသည် ဆိုင်ရှင်ရောင်းခိုင်းသော ဖိနပ်တစ်ဘူးကိုယူလာပြီး

“ဒါကမန္တလေးဖိနပ်စစ်စစ်ပါရှင်၊ သားရေကလည်းအစစ်ပါ။ စပယ်ရှယ် အော်ဒါချုပ်ပေါ့”

“ဈေးကရော”

“ငါးသောင်းပါရှင်”

“ဖိနပ်ကတော့ကြိုက်တယ် ဈေးကများလွန်းတယ်”

“ကောင်းတာကလည်း သိပ်ကောင်းတာကိုးရှင့်။ ဒီဆိုင်မှာတောင် နှစ်ရန်ပဲရှိတာ။ စီးကြည့်လိုက်ပါဦးရှင်”

ဈေးဝယ်ကစီးကြည့်သည်

“အတော်ပဲကွယ် … ဒီအရောင်ပဲရှိသလား”

“ဟုတ်ကဲ့ ကတ္တီပါနှစ်ရောင်ပဲကျန်ပါတယ်ရှင်။ ကတ္တီပါဆိုတာ နန်းသုံးအရောင်ပါရှင်။ နန်းဆန်တာပေါ့”

“အင်း … ဖိနပ်ကတော ကြိုက်ပါတယ်ကွယ်။ ဒါပေမဲ့ ဦးလေးဆီမှာ အဲဒီလောက် ပိုက်ဆံ ပါမလာဘူးကွယ့်”

“ဦးလေးမှာ ပိုက်ဆံ ဘယ်လောက်များပါလို့လဲရှင်”

“လေးသောင်းပဲပါတယ်ကလေးရယ်”

“လေးသောင်းပါတော့လည်း … လေးသောင်းပဲပေါ့ရှင်။ ကျန်တဲ့တစ်သောင်း ဘယ်တော့လာပေးမလဲ”

“မနက်ဖြန်လာပေးမယ်”

“ကောင်းပါပြီရှင် … ရောင်းလိုက်ပါ့မယ်။ မနက်ဖြန် ကျန်တဲ့ တစ်သောင်းလာပေးပါနော်”

“လာပေးမယ် စိတ်ချ”

ကောင်မလေးက ကောင်တာကို ပြန်လာပြီး ဖိနပ်ဘူးများကိုဖွင့်ကာ ဖိနပ်တွေကိုထည့်သည်။ ထို့နောက် ဖိနပ်ဘူးကို အိတ်ထဲထည့်ပြီး ဝယ်သူလက်ထဲကို အိတ်အားသွားပေးလိုက်သည်။

“ဒီမှာပါရှင် ဖိနပ် … နောက်လည်း လာအားပေးပါနော်”

“အေးပါ … ရော့ လေးသောင်း”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်”

ဈေးဝယ်သူက ဖိနပ်အိတ်ကိုဆွဲကာထွက်သွားသည်။

ဆိုင်ရှင်က နောက်တွင် ခါးထောက်ကာရပ်ရင်း

“ဟေ့ ကလေးမ … ဘယ်လိုလဲကွယ့်။ ငါးသောင်းနဲ့ ရောင်းခိုင်းတဲ့ဖိနပ်ကို ဘာဖြစ်လို့ လေးသောင်း တည်းနဲ့ ရောင်းလိုက်ရတာလဲ”

“တစ်သောင်းအကြွေးပါဦးလေး … မနက်ဖြန် ကျန်တဲ့တစ်သောင်းကို သူလာပေးပါလိမ့်မယ်”

“သူကလာပေးပါ့မယ်လို့ပြောရအောင် ညည်းက သူ့ကို သိလို့လား”

“မသိပါဘူးရှင်”

“မသိဘဲနဲ့များ ညည်းကဘာဖြစ်လို့ အကြွေးပေးလိုက်တာလဲ။ ပြန်မလာရင် ဘယ်လိုလုပ်မလဲ”

“သူပြန်ကိုလာမှာပါရှင့်”

“ဘာဖြစ်လို့လဲ အဲဒီလူ ပြန်မလာရဘူး ကြည့်နေ။ ငါ့ပိုက်ဆံလည်း ဆုံးပြီ။ ညည်းနဲ့တော့ မဖြစ်ပါဘူး။ အလုပ်ခန့် လိုက်ရင် ငါ့စည်းစိမ်ပြုတ်လိမ့်မယ်”

“သူပြန်လာမှာပါဦးလေးရယ် … သမီး သူ့ကိုထည့်ပေးလိုက်တာက ဖိနပ်နှစ်ဖက်စလုံးဟာ ဘယ်ဘက်တွေ ချည်းဖြစ်နေလို့ပါ။ မနက်ဖြန် သူပြန်လာပြီး ဖိနပ်လည်းလဲရင်း ကျန်တဲ့ငွေတစ်သောင်းလည်း ပေးပါလိမ့်မယ်”

“‌ဟေ … ကောင်းကွယ် … ညည်းကို အလုပ်ခန့်လိုက်ပြီ။ မနက်ဖြန်ကစပြီး ၈ နာရီထိုးတာနဲ့အလုပ်လာဆင်း”

“လစာလေးသိန်းနော်ဦးလေး … ဦးလေးကတိအတိုင်း”

“အေးပါကွယ်”

(အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပါသည်)

တင်ညွန့်

၁၂.၁၁.၂၀၂၅