သူ့ပင်စည်နှင့်သူ့အပွင့် (ဝတ္ထုတို)

✍️ လယ်တွင်းသားစောချစ်
📕📕📕
ဒီနေ့ သီတင်းကျွတ် လပြည့်နေ့။
အိမ်မှာ သားသမီး သုံးယောက်နဲ့ သူတို့ရဲ့ ဇနီး ခင်ပွန်းတွေ၊ သားသမီးတွေ အစုံအလင် ရောက်နေ ကြတယ်။ ပင်စင်စား နေရပြီ ဖြစ်တဲ့ ဖိုးဖိုးနဲ့ ဖွားဖွား (ဘိုးဘိုးနဲ့ ဘွားဘွား) ကျုပ်တို့ လင်မယားကို ကန်တော့ကြ မလို့ပေါ့။ သား အကြီးဆုံးက မွေးတဲ့ မြေးကြီး ကိုထွေး တစ်ယောက်သာ ကျန်နေ လေရဲ့။ ဆွမ်းသိမ်းပွဲ မြသပိတ် လှည့်ရာမှာ ပါသွားလို့တဲ့။ ကောင်းပါ့။
ကျုပ်ဇနီး အဘွားကြီး ကတော့ သမီး နှစ်ယောက်၊ ချွေးမ တစ်ယောက်နဲ့ အတူ အားလုံး စားဖို့ နန်းကြီးသုပ် လုပ်နေလေရဲ့။ သူ့ မြေးမတွေက ဝင်ကူရင်း ခြေရှုပ် နေကြလို့ အော်ထုတ် လိုက်ကြ၊ ထွက်ပြေးကြ။ ပြန်ရှုပ်လိုက်ကြ အော်လိုက်ကြနဲ့ ပျော်စရာကြီး။
သားကြီးနဲ့ သမက် နှစ်ယောက်တော့ ဧည့်ခန်းမှာ ထိုင်ပြီး သူ့အလုပ် အကြောင်း ကိုယ့်အလုပ် အကြောင်း၊ ဟိုအကြောင်း သည်အကြောင်း သောင်းပြောင်း ပြောနေ လိုက်ကြတာ။ ညီအစ်ကိုတွေလို ခင်ခင်မင်မင်မို့ မြင်ရတာ ရင်အေးစရာ။
ကျုပ်ကတော့ ဒီလိုရက်မှာ မြေးတွေ ခြံရံပြီး အိမ် အလယ်ခန်းက ကြမ်းပြင်မှာ ထိုင်ရတာ သိပ်ပျော်တာပဲ။ သူတို့ ပြောတာ နားထောင်ပြီး ကိုယ်က ရယ်လိုက်။ ကိုယ်ပြောတာ နားထောင်ပြီး သူတို့က ရယ်လိုက်။
ကျုပ်တို့ ဝိုင်းက ရယ်သံတွေ သိပ်ညံရင် အဘွားကြီးက မျက်စောင်း ထိုးတယ်။ အဘိုးကြီး မြေးတွေ ကြားမှာ သူငယ်ပြန် နေပြီပေါ့။ ကျုပ် မြင်သားပဲ မကြား တကြား ပြောတာလဲ ကြားသားပဲ။ ကျုပ် နေရာ ရွေးထားတာကိုက နောက်ဘက်က ချက်ပြုတ်တဲ့ လူတွေကိုလဲ မြင်ရတဲ့ နေရာ။ ဧည့်ခန်းက သားနဲ့ သမက်တွေကိုလဲ မြင်ရတဲ့ နေရာ။
“ဟော ... နားထောင်စမ်း ...”
ကျုပ်က ပြောလိုက်လို့ ဆူညံနေတဲ့ မြေးတွေ ငြိမ်သွားတယ်။
လေယံမှာ လွင့်ပျံလာတဲ့ အော်ဂင်သံ။
“ကျေးသံ ငှက်သံနှော ပြော ပြောကြရှာ ေဩာင်း ဥုံသံတွေ ပြင်း ဂျီမင်း ဖေဝိဇ္ဇာ”
“သေချာတယ်ကွ ကိုထွေးတို့ လာပြီ ...”
ကျုပ်စကား ဆုံးတာနဲ့ ကလေး အားလုံး ထိုင်ရာက ထပြီး ဆူဆူညံညံ ဖြစ်ကုန်တယ်။
“ကိုကိုကြီးတို့ လာပြီဟေ့ ...”
“ကိုထွေးတို့ ဆွမ်းသိမ်းအဖွဲ့ လာပြီဟေ့ ...”
“သွားကြည့်မယ်ဟေ့ ... လာကြဟေ့ ...”
ခုန်ကြ ပေါက်ကြ၊ ခေါ်ကြ အော်ကြနဲ့ ခြံရှေ့က လမ်းမကြီး ဆီကို ပြေးထွက် သွားကြတယ်။
“ဖွားဖွား (ဘွားဘွား) ရေ ... လာဟေ့၊ မြေးကြီး ကိုထွေးတို့ အဖွဲ့ကို အားပေး ရအောင် ...”
ကျုပ်က အဘွားကြီးကို မြေးတွေ ခေါ်သလို ခေါ်လိုက်တယ်။
“လာမယ် ... လာမယ် ဖိုးဖိုး (ဘိုးဘိုး) ရေ၊ ဟဲ့ ... သမီးတို့လဲ လာကြလေ၊ အုပ်သင့်တာတွေ အုပ်ထားခဲ့၊ လာကြ၊ ဟဲ့ သစ်သီးပွဲနဲ့ ဆွမ်းဆန်ပွဲ ယူခဲ့ကြဦး ...”
“သွားကြ ... သွားကြ မေမေတို့ သွားနှင့်ကြ၊ မမတို့လဲ လိုက် သွား၊ ကြက်သွန်ကြော်အိုး ချပြီး နှင်း လိုက်ခဲ့မယ် ...”
အတူနေ သမီးငယ်က ဆီချက်အိုးနှင့် ခဏ ကျန်ရစ်သည်။
ဧည့်ခန်းက သားကြီးနဲ့ သမက် နှစ်ယောက်လဲ ထ,လာကြပြီ။
“လာ ... လာ ... မေမေ သား တွဲမယ် ...”
သားကြီး ကိုဦးက အုတ်ခုံလေးက ဆင်းနေတဲ့ သူ့အမေကို လက်ကမ်း လိုက်တယ်။
“နေပါ ... သားရယ် ရပါတယ်။ မေမေက တွဲဖို့ မလိုပါဘူး၊ မင်း ဖေဖေ အဘိုးကြီးကိုသာ သွားတွဲ ...”
“ဟား ... ဟား ... ကျုပ်တို့က မြေးတွေနဲ့တောင် ပြိုင်ပြေး နိုင်ပါ့ဗျာ၊ မင်းကို စောင့်နေရလို့ပါ”
ကျုပ်တို့ နှစ်ယောက်ကို ကြည့်ပြီး လူငယ်တွေ ရယ်ကြတယ်။
ခြံရှေ့က လမ်းပေါ် ရောက်တော့ ကျုပ်ကို နှစ်ယောက်က ပေါက်ဖွားပြီး သားသမီး သုံးယောက်က ပြန့်ပွါးလိုက်တဲ့ မြေးတွေ။ တစ်ပေါင်း တစ်စုတည်း ဆိုတော့ အားရစရာ။
“ဖိုးဖိုး (ဘိုးဘိုး) ချီပါ ...”
“ဖွားဖွား (ဘွားဘွား) ချီပါ ...”
မြေအငယ်ဆုံး နှစ်ယောက်က သူတို့ အဖေတွေ အမေတွေ ရှိလျက်နဲ့ ကျုပ်တို့ အဘိုးကြီး အဘွားကြီးကို အချီခိုင်း နေကြလို့ တစ်ယောက်စီ ကောက်ချီ လိုက်ကြရတယ်။
ဆွမ်းသိမ်းအဖွဲ့ ရောက်လာကြပြီ။
ရှေ့ဆုံးက ခရုသင်း မှုတ်သူ၊ ကြေးစည် တီးသူများ။ နောက်မှာ အစဉ်အတိုင်း ထီးကိုင် ကျိုင်းကိုင်၊ သိုင်းကိုင်သူများ။ မှန်စီရွှေချ ဆွမ်းတော်ကြီးအုပ် ထမ်းသူများ အားလုံး ဝတ်ဖြူစင်ကြယ် ဝတ်လျက်။
သစ်သီးဆွမ်းများကို ဆွမ်းတော်ကြီး အုပ်မှာ လောင်းလှူ ကြတော့ မြေး အကြီးမများက ပါဝင်နေကြ ပြန်တယ်။
ဘုရား တင်ထားတဲ့ ကားပေါ်မှ အလှူခံ ဖလား၊ မြသပိတ် တင်ထားတဲ့ ကားမှ အလှူခံ ဖလားများမှာ အားလုံး အလှူငွေ ထည့်ကြသည်။
ကျုပ်က အသင့် ဆောင်ထားတဲ့ ငါးကျပ်တန် အသစ်ကလေး တစ်ရွက်။ အဘွားကြီး ကလည်း သူ့အိတ်ထဲမှာ အသင့် ထည့်ထားတဲ့ ကျပ်တန် အသစ်ကလေး ငါးရွက်။
မြေးတွေကလည်း တစ်မတ်၊ ငါးမူး၊ ဆယ်ပြား သူတို့ တတ်အားသမျှ မုန့်ဖိုး ငွေလေးတွေ လှူကြတယ်။
မြသပိတ် တင်တဲ့ ကားနောက်မှာ ပန်းစည်းများ ကိုင်ထားတဲ့ မိန်းကလေးများ။ ယောဂီလုံချည် ယောဂီတဘက် ကလေးတွေနဲ့ ဣန္ဒြေ ရှိပါ၊ လှပါ့။
နောက်ဆုံးမှာမှ ကိုထွေးတို့ တီးဝိုင်းအဖွဲ့။
တီးဝိုင်းသံ ကြားတာနဲ့ ကလေးတွေ အူမြူး နေကြပြီ။
“သင်းတပျံ့ပျံ့ နှင်းရနံ့ငယ် ကြိုင်စွာ လှိုင်စွာ ဂေါ်ဖီ ပင်မင်း အင်ကြင်း ရွှေဝါ ယင်းမာ ခတ္တာ ကြိုင်လှိုင် မြိုင်လုံးရယ် ...”
အော်ဂင်သံက ကြည်လင်တယ်။ သာယာတယ်။ ကြားရသူကို မြူးစေတယ်။ ခေါ်ဒိုး လိုက်ဒိုးသံများနဲ့ ပေါင်းလိုက်တော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှတယ်။
ကလေးတွေသာ မက ကျုပ်တို့ အဘိုးကြီး အဘွားကြီးတွေနဲ့ မျက်နှာတွေပါ ရွှင်လို့ လန်းလို့။
ကျုပ် ကိုယ်တိုင်လဲ မြေးကြီးကိုထွေး အရွယ်တုန်းက အဖိတ်နေ့ ဆွမ်းတော်ကြီး ခံတိုင်းမှာ ဒိုးတီးသူ အဖြစ် အဖြစ် ပါဝင်ခဲ့တယ် ဆွမ်းသိမ်းပွဲနေ့ မြသပိတ် လှည့်ရာမှာ မြိုင်ထ, သီချင်းကို မယ်ဒလင် တီးခဲ့ရတယ်။
မြေးကြီးကိုထွေး အခု အော်ဂင်နဲ့ တီးနေတဲ့ မြိုင်ထ, သီချင်းဟာ ကျုပ်ကိုယ်တိုင် သင်ပေး ထားတာပေါ့။
“ဖိုးဖိုး (ဘိုးဘိုး)”
“ဟေ ...”
“ဖွားဖွား (ဘွားဘွား)”
“ဟေ ... ငါ့မြေး ...”
ကိုထွေးက အဘိုးနဲ့ အဘွားကို အရင် နှုတ်ဆက်ပြီးမှ သူ့ဖေဖေ မေမေနဲ့ ညီ၊ ညီမတွေ နှုတ်ဆက် နေတယ်။
မြေးတွေ အကုန်လုံး ကလည်း သူတို့ အစ်ကိုကြီးကို အော်ဟစ်နှုတ်ဆက် နေလိုက်ကြတာ ဆူလို့ ညံလို့။
“မြေးရေ ... ဒီနားမှာ တစ်ပုဒ်လောက် တီးပါဦးကွယ် ... မင်း ညီတွေ နှမတွေ နားထောင်ရအောင်”
ကျုပ်ဇနီးက တောင်းဆို လိုက်တယ်။
“ဟား ... ဟား ... အဘွားကြီးက ကိုယ်နားထောင် ချင်တာများ ...”
ကျုပ် စကားကြောင့် တီးဝိုင်း အဖွဲ့သားတွေ ရယ်ကြတယ်။
ကိုထွေးက သူ့ အဖွဲ့သားတွေကို မျက်နှာ အမူအရာနဲ့ ပြလိုက်ပြီး မြိုင်ထ, သီချင်းကိုပဲ အော်ဂင်နဲ့ တီးလိုက်တယ်။
“မြိုင်ဟေဝန် မြိုင်ဟေဝန် မြိုင်ဟေဝန် ရေတံခွန် စိမ့်စမ်း လွမ်းဖွယ်ဖြာ မွှေးရနံ့ ထုံလှပါ ...”
အဆိုသမားက ထက်ကြပ်ပါ သွားတယ်။ မင်းသားနဲ့ မင်းသမီး ကလည်း အချိုးကျကျ ကနေပြီ။
ဪ အဖိုး (အဘိုး) တုန်းက မယ်ဒလင်နဲ့ တီးခဲ့တဲ့ သီချင်းကို မြေးက အော်ဂင်နဲ့ တီးနေပြီ။
ခေတ်ကို လိုက်ပြီး တူရိယာ ပြောင်းတာ အကြောင်း မဟုတ်။ ဝါတွင်း ကာလမှာ ဗုဒ္ဓဘာသာ မြန်မာ့ ရိုးရာအတိုင်း ဆွမ်းတော်ကြီးခံ အစဉ်အလာလေး မပျက်ဖို့က အရေး ကြီးတယ်။
ဘင်ဂျိနဲ့ တီးတီး၊ နှဲနဲ့ မှုတ်မှုတ်၊ အော်ဂင်နဲ့ လာလာ ဆွမ်းတော်ကြီး အဖွဲ့တွေ လာနေရင် ကျုပ် (ခံရာ?) သဘောကျတယ်။
“ရနံ့ ချိုစွာ ငယ်လေ တသန့် ဟိုမှာ တစ်ခွင်လုံးမှာ တောင်ဝနံ့ ဗွေ တစ်ခွင်မှာ မောင်လှဖေ မြင်ရုံနဲ့ မော”
ကိုထွေးတို့ အဖွဲ့ ပျော်နေကြပြီကို ဆိုပုံ ကပုံ မြူးကြွပုံက ဖော်ပြ နေတယ်။
သူတို့ကို ကြည့်နေရင်း ကျုပ်စိတ်ထဲမှာ ငယ်ဘဝကို ပြန် သတိ ရလာတယ်။
ကျုပ်တို့ မြို့က ဈေးနား နီးနီး၊ ပျဉ်ထောင် အိမ်ကြီးရဲ့ရှေ့။ မြူးခဲ့ ကြွခဲ့ ဖူးတာကို ပြန်ပြီး မြင်ယောင် လာမိတယ်။
ဆံတောက်ကြီး ဖားဖားနဲ့ မိန်းမချောလေး တစ်ယောက်ရဲ့ မျက်နှာ နုနုလေး။
ဝါတွင်း သုံးလလုံး အဖိတ်နေ့တိုင်း ဆုံခဲ့ရလို့ မျက်လုံးချင်း ရင်းနှီး နေပြီလေ။
သူ့အဖေက လယ်ဝန်ကြီး ကျုပ်တို့မြို့ကို ပြောင်းလာတာ တစ်နှစ်တောင် မပြည့်သေးပါဘူး။
ကျုပ်တို့ ဆွမ်းကြီးခံအဖွဲ့ သူတို့အိမ်ရှေ့ ရောက်တိုင်း လယ်ဝန် ကတော်နဲ့ သူ့သမီးလေးက သစ်သီးဆွမ်း တစ်ပွဲနဲ့ ငွေငါးမူး လောင်းလှူ စမြဲ။
သိပ်လှပြီး သိပ်အေးချမ်းတဲ့ မျက်နှာလေး။ အသားလေး ကလဲ ဖြူဖွေးလို့။ သူ့ကို မြင်ရတိုင်း ကျုပ် ရင်တွေ ခုန်တယ်။ အရင်က ဘယ် မိန်းကလေးနဲ့မှ မဖြစ်ဖူးတဲ့ ဝေဒနာ တစ်မျိုးဟာ သူ့ကြောင့် ရလာတယ်။
သူတို့ သားအမိက ဆွမ်းလောင်းပြီးရင် ကျုပ်တို့ တီးဝိုင်းကို ခဏ ကြည့်တယ်။ အဲဒီအခါကျရင် ဒိုးပတ်တီးတဲ့ ကျုပ် လက်သံတွေဟာ ပိုမြည်ပြီး ပိုမြူးကြွ လာတယ်။
နောက်တော့ ကျုပ် အဖွဲ့သား တွေက သိလာတယ်။ ဒီ အိမ်ရှေ့ကျရင် ဒီကောင့် လက်သံတွေ ပိုပြောင်တော့မယ်ပေါ့။
သိပါစေ။ ကျုပ် မရှက်ပါဘူး။ မိန်းကလေးနဲ့ မျက်လုံးချင်း မဆုံရ သေးတာပဲ ခက်နေတာ။ သူက ကွေးနေအောင် ကတဲ့ မိန်းမရှာ မြသောင်းကိုပဲ ကြည့်ပြီး သဘောကျ နေတယ်လေ။
အတီးသမား ကျုပ်တို့ ယောက်ျားလေးတွေ ဘက်ကို တစ်ချက် လှည့်မကြည့်ဘူး။ ကျုပ်မှာ အကြံရ ကျပ်လိုက်တာလေ။
တစ်ကြိမ်မှာတော့ ကျုပ် အကြံရတယ်။ အဲဒီ အိမ်ရှေ့မှာ တီးလို့ ကလို့ ပြီးတော့ ကျုပ်ကိုယ်မှာလည်း ချွေးတွေက ရွှဲလို့။
“ကျွန်တော့်ကို ရေ တစ်ခွက်လောက် ပေးပါ ခင်ဗျာ”
လယ်ဝန် ကတော်ကြီးကို အရဲစွန့် တောင်းလိုက်တယ်။
“ရပါတယ်ကွယ်၊ သမီးလေး ရေတစ်ခွက် ခပ်ပေး လိုက်ပါတဲ့(ဟဲ့?) ...”
ကျုပ် မျှော်လင့်တဲ့ အတိုင်းပဲ၊
ဆံတောက်ကလေးက ကျုပ်ကို တစ်ချက်ကြည့်ပြီး ရေ တစ်ခွက် သွားခပ်တယ်။
ရေပေးတော့ မျက်လုံးချင်း တစ်ခါဆုံတယ်။ ရေသောက်ပြီး ခွက် ပြန်ပေးတော့ “ကျေးဇူးတင်ပါတယ် ခင်ဗျာ ...” လို့ ပြောရင်း မျက်လုံးချင်း တစ်ခါ ဆုံတယ်။
ပျော်လိုက်တာ၊ အဲဒီနေ့ ညက ကောင်းကောင်းတောင် အိပ်လို့ မရဘူး။ မျက်စိ ပိတ်သည် ဖြစ်စေ၊ ဖွင့်သည် ဖြစ်စေ၊ သူ့မျက်လုံး လှလှလေးတွေ ကိုချည်း မြင်နေ ရတယ်။
သူငယ်ချင်းတွေ ကတော့ “ကျော်မြ ဆိုတဲ့ကောင် ဉာဏ်ချည်းပဲကွာ” လို့ ပြောတယ်။ ပြောပါစေ။ ကျေနပ်တယ်။ ရင်ထဲက ဆန္ဒသာ ပြင်းရင် အကြံဉာဏ် ဆိုတာ ထွက်လာစမြဲ မဟုတ်လား။
ဒီလိုနဲ့ နောက် အဖိတ်တွေမှာ ဆွမ်းကြီးခံ သွားတိုင်း အဲဒီအိမ်ရှေ့ ရောက်ရင် အဲဒီ ဆံတောက်ကလေးနဲ့ မျက်လုံးချင်း ဆုံရတာတွေ များလာတယ်။ သူကလဲ ကျုပ်ကို သူ ရေပေးရဖူးသူ အဖြစ်နဲ့ သိနေပြီလေ။
ကျုပ်က အရင်ကတည်းက ဝါတွင်း ကာလမှာ အဖိတ်နေ့တိုင်း ဆွမ်းတော်ကြီးခံ လိုက်ရတာကို သိပ်ပျော်တဲ့လူ။ ခုဆိုတော့ ပိုပျော်တာပေါ့။ ဆံတောက်ကလေးနဲ့ မျက်လုံးချင်း ဆုံဖို့ မျှော်လင့်ချက် ကလေးနဲ့ မျက်လုံးချင်း တစ်ခါ ဆုံရင်လည်း ခုန်လိုက်ရတဲ့ ရင်၊ တစ်ပတ်စာ ဖူလုံ သွားတာပဲ။
ဆံတောက်ကလေးနဲ့ ကျုပ်နဲ့ တက်ရတဲ့ ကျောင်း တူပါတယ်။ ကျုပ်တို့မြို့မှာ အထက်တန်းကျောင်း ကလည်း တစ်ကျောင်းတည်း ရှိတာကိုး။
ဒါပေမယ့် အတန်းချင်းတော့ မတူဘူး။ သူက ကိုးတန်း ကျုပ်က ဆယ်တန်း။ ပြီးတော့ သူ့မိဘတွေက စည်းကမ်းကြီးတယ်။ ကျောင်း တက်ခါနီးမှ ကားနဲ့ ပို့တယ်။ ကျောင်းဆင်းတာနဲ့ ကားနဲ့ လာခေါ်တယ်။
ကျောင်းမှာ မျက်လုံးချင်း ဆုံဖို့ မပြောနဲ့ မြင်လိုက်ရရုံလေးမှ အနိုင်နိုင်။
ဒီလိုနဲ့ ဝါလ ကင်းလွတ်တဲ့ သီတင်းကျွတ် လပြည့်နေ့ ရောက်လာတယ်။
အဲဒီနှစ်က ဦးဆောင်တဲ့ လူတွေ ကောင်းလို့ ဆွမ်းသိမ်းပွဲကို ခါတိုင်းထက် ပိုပြီး စည်စည်ကားကား ကျင်းပဖြစ်တယ်။ ဆွမ်းသိမ်းပွဲမှာ ကျုပ်က ဒိုးပတ် မတီးရဘူး။ မယ်ဒလင် တီးရတယ်။
ကျုပ်တို့ အဖွဲ့ကို ကားကြီး တစ်စီးပေါ်မှာ တင်လို့။ ကားကြီးကိုလဲ အပေါ်က ပျဉ်တွေ ခင်းထားတော့ ဇာတ်ခုံလိုပဲ ညီလို့။ ကော်ဇောတွေ ဘာတွေနဲ့ အကျအန။
ကျုပ် မယ်ဒလင် ကလည်း ထွင်းအိုးမို့ ကောင်းလိုက်တာ စောင်းသံလို သာယာတယ်။
ကျုပ် အဖေက ဈေးထဲမှာ ပွဲရုံ ထောင်ထားတဲ့ ပွဲစား။ တတ်နိုင်တယ်။ ကျုပ် လိုချင်တယ် ဆိုလို့ အော်ဒါ မှာပေးတဲ့ မယ်ဒလင်။
တီးရတဲ့ သီချင်းက မြိုင်ထ။ မြူးလို့ ကြွလို့။ ဆိုတာကလဲ ကိုအောင်မြိုင်နဲ့ မခင်ဝင်း၊ အသံကောင်း အဆိုကောင်းတွေ။
ကျုပ်တို့အဖွဲ့ လယ်ဝန် အိမ်ရှေ့ ရောက်တော့ ကျုပ် မျှော်လင့်တဲ့ အတိုင်းပဲ ဝတ်ကောင်းစားလှ ဝတ်ပြီး ထွက်ကြည့်နေတဲ့ ဆံတောက်ကလေး။ အဲဒီနေ့က ခါတိုင်းထက် ပိုလှတယ်။
ကျုပ်ကိုလည်း ဒိုးပတ်သမားက မယ်ဒလင် တီးနေတာ မြင်ရတော့ သူ အံ့ဩသွားပုံ ရတယ်။ ကျုပ် လက်တွေကလည်း ထုံးစံအတိုင်း ပါပဲဗျာ။ အဲဒီအိမ်ရှေ့ ရောက်မှ ပိုသွက်ပြီး ပိုမြူးနေတယ်။
ကျုပ်က မြူးတော့ အဆို အကတွေလည်း မြူကုန်တာပေါ့။ အဲဒီတော့ ပရိသတ်က ကျုပ်တို့ကား ထွက်မယ်လုပ်တိုင်း တစ်ပိုဒ်လောက် တီးပါဦး၊ တစ်ပိုဒ်လောက် ကပါဦးနဲ့ တောင်းဆိုကြတယ်။
ကောင်းတာပေါ့ ကျုပ်ကတော့ ဒီနေရာမှာ ကြာလေ ကြိုက်လေ။
ဆံတောက်ကလေး နဲ့လဲ မျက်လုံးချင်း ခဏခဏ ဆုံနေကြပြီ။ သူ့မျက်လုံးလေးတွေ ကြည်လို့ ရီလို့။ ကျုပ် သိတယ်။ ကျုပ် မျက်လုံးတွေကို သူ နားလည်နေပြီ ဆိုတဲ့ အကြောင်း။ သူ့ မျက်လုံးလေးတွေ ကလဲ ကျုပ်ကို အသိအမှတ် ပြုနေကြပါပြီ ဆိုတဲ့ အကြောင်း။
သူ့ နာမည်လေးက မခင်အေး တဲ့။ အဲဒီနေ့က ကျုပ် နည်းနည်း လွန်သွားတယ်။ ကျုပ် မျက်လုံးတွေက မခင်အေး ဆီမှာချည်း အရောက်များပြီး တစ်စုံ တစ်ယောက်ကို မျက်စိနောက်အောင် အနှောင့်အယှက် ပြုသလို ဖြစ်သွားတယ်။
နောက် တစ်နေ့ကျတော့ ဈေးထောင့်က ခေါက်ဆွဲဆိုင်မှာ ဒစ်ကီနဲ့ ဆုံမိတယ်။ ဒစ်ကီ ဆိုတာက ဆံတောက်ကလေး မခင်အေးရဲ့ အစ်ကို။ ကျွန်တော်နဲ့ ရွယ်တူ။ သူလဲ ဆယ်တန်းပဲ။
ဒါပေမယ့် ကျုပ်တို့မြို့က ကျောင်းမှာ မနေဘူး။ မန္တလေးမြို့က ဘိုကျောင်းမှာ နေတယ်။ ဘောင်းဘီတို ဘောင်းဘီရှည် အမျိုးမျိုး ဝတ်ပေမယ့် မြန်မာလုံချည် ကိုတော့ ယောင်မှားလို့တောင် မဝတ်တဲ့ကောင်။
သီတင်းကျွတ် ကျောင်းပိတ်လို့ အိမ်ပြန်ရောက် နေဟန် တူပါတယ်။
“ဟေ့ကောင် ... မနေ့က မယ်ဒလင် တီးရင်း ငါ့နှမကိုချည်း တစ်ချိန်လုံး ကြည့်နေတာ၊ ငါ အိမ်ပေါ်ကနေ မြင်တယ်၊ အရှက် မရှိတဲ့ကောင်”
သူက ဗြောင် လာပြီး ရန်လုပ်တော့ ကျုပ်က ဘယ်ခံမလဲ။
“ဘာလို့ ရှက်ရမှာလဲ၊ ကိုယ် သဘောကျရင် ကိုယ့်မျက်စိနဲ့ကိုယ်
ကြည့်ချင် ကြည့်မှာပေါ့”
“ကဲ ... ကြည့်ဦး ”
“ခွပ် ...”
ကျုပ် မရှောင်လိုက်ရင် မျက်လုံးတည့်တည့် ထိုးမိမှာ။ ရှောင်လိုက်လို့ နည်းနည်း လွဲပြီး မျက်ခုံး ကွဲသွားတယ်။ ကျုပ် ပြန်ထိုးပေမယ့် သူ့ကို တစ်ချက်မှ မထိဘူး။
သူ ထိုးတာက ကျုပ်မျက်နှာကို ထိပြီး နှုတ်ခမ်း ပေါက်သွား ပြန်တယ်။
တတိယ အချက်ကျတော့ ကျုပ် နားထင်ကို ထိုးမိပြီး ခေါင်းတွေ မူးနောက် သွားတယ်။
အဲဒီ အချိန်မှာ လူတွေ ဝိုင်းပြီး ဆွဲကြလို့ ကျုပ် သက်သာ သွားတယ်။ မဟုတ်ရင် တော်တော် ခံရမှာ။ နောက် သိရတာက ဒီကောင်က သူတို့ ဘိုကျောင်းမှာ လက်ဝှေ့ သင်ပေးလို့ အငယ်တန်းနဲ့ အလတ်တန်းမှာ ဆု ရထားတဲ့ ကောင်။ အဲဒီနှစ်က အကြီးတန်း ပြိုင်ဖို့ လေ့ကျင့်နေတာ။
ကျုပ် မိဘတွေက သိပ် စိတ်ဆိုးတော့ လယ်ဝန်ကို သွားပြီး တိုင်ကြ တောကြ လုပ်သေးတယ်။ လယ်ဝန်ကြီးက လူကြီးဆိုတော့ ပြေရာ ပြေကြောင်း တောင်းပန် လိုက်တာနဲ့ပဲ ပြေကြရတာပေါ့။
ဒါပေမယ့် မခင်အေးနဲ့ ကျုပ်နဲ့ ဆက်သွယ်ရေး ကတော့ လုံးဝ အလှမ်းဝေး သွားရတယ်။ မျက်ခုံး ကွဲတာထက် ပိုနာတယ်။
ကျုပ် ရင်ထဲမှာတော့ မခင်အေးကို ဘယ်တော့မှ မမေ့ပါဘူး။ မခင်အေးရဲ့ ဆံတောက် ဖားဖားကြီးနဲ့ မျက်လုံး လှလှလေးတွေ ကိုလဲ ကျုပ် နှလုံးသားထဲမှာ အမြက်တနိုး သိမ်းထားလျက် ပါပဲ။
မေတ္တာ ခိုင်မာလို့သာ သစ္စာ မပျက်ရင် အခွင့်အလမ်း ဆိုတာ ပေါ်လာနိုင်တယ် ဆိုတာ ကျုပ် ယုံတယ်။
ကျုပ် ဆယ်တန်း အောင်ပြီးလို့ မန္တလေး တက္ကသိုလ် ဆက်တက်မှ မခင်အေးနဲ့ ပြန်ဆုံရတယ်။ ဒါပေမယ့် ဆံတောက်နဲ့ မဟုတ်တော့ဘူး။ ဘီးဆံထုံး လှလှလေးနဲ့။
သူ့အစ်ကို ဒစ်ကီ ကတော့ ကျုပ်နဲ့ တစ်နှစ်တည်း အောင်ပေမယ့် မန္တလေး တက္ကသိုလ်မှာ ဆက်မတက်ဘူး။ သူ့ ဝမ်းကွဲ အစ်ကိုတွေနဲ့ အတူ ရန်ကုန် တက္ကသိုလ်မှာ တက်တယ်။
မခင်အေးနဲ့ ကျုပ်ကတော့ အစ ကတည်းက မျက်လုံးများက တစ်ဆင့် နှလုံးသားချင်း နားလည် ထားတာမို့ မန္တလေး တက္ကသိုလ်မှာ ပြန်ဆုံပြီး မကြာခင်မှာ ချစ်သူတွေ ဖြစ်သွားကြတယ်။
ကျုပ်တို့ နှစ်ယောက်စလုံး ပျော်လိုက်ရ ကြည်နူး လိုက်ရတာ မိုးမမြင် လေမမြင်။
တစ်ယောက်ကို တစ်ယောက်လဲ ချစ်လိုက် ကြရတာ။ ဒါပေမယ့် ကျုပ်တို့ နှစ်ယောက်စလုံး အတန်းမှန်မှန် တက်ပြီး စာမှန်မှန် ကျက်ပါတယ်။ အဲဒီ စည်းကမ်းကိုတော့ မခင်အေးက သူ့ကိုယ်သူ ထိန်းသလို ကျုပ်ကိုလဲ ထိန်းပေးတယ်။
ကျုပ်က အရင် ဘွဲ့ရပြီး တက္ကသိုလ်မှာ ဆရာ ဖြစ်တယ်။
မခင်အေး နောက်ဆုံးနှစ်မှာ သူ့အစ်ကို ဒစ်ကီရဲ့ ပယောဂကြောင့် မခင်အေးကို ခရိုင်ဝန် တစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်ကြတယ်။ အဲဒီလူက ဒစ်ကီရဲ့ သူငယ်ချင်း။ ဒစ်ကီလိုပဲ ဘိုရူး။
“ဪ ... ဒစ်ကီ၊ ကျုပ်ကို တော်တော် ဒုက္ခပေးတဲ့လူ၊ အခု မရှိတော့ပါဘူး နိုင်ငံခြားကို အထင်ကြီး လွန်းလို့ ဘွဲ့ရပြီး နိုင်ငံခြားမှာ သွား အလုပ်လုပ်ရင်း နိုင်ငံခြားသူနဲ့ အိမ်ထောင်ကျ ...
“အသက်ကြီးတော့ ဇနီးကလဲ မရှိ၊ သားသမီးတွေ ကလဲ မြန်မာလို မဆက်ဆံ၊ ဘိုလို ဆက်ဆံ ကြတာမို့ နေမကောင်းတဲ့ အခါ အနားမှာ နေပြီး မေတ္တာနဲ့ ပြုစုကြတာ တစ်ယောက်မှ မရှိ ...
“ဆေးရုံမှာပဲ အထီးကျန် ဘဝနဲ့ ဇာတ်သိမ်း သွားရတဲ့ လူ”
အခုတော့ သူ့အတွက် စိတ်မကောင်း ပါဘူး။ ဒါပေမယ့် ဟိုတုန်းကတော့ ကျုပ်ကို မခင်အေးနဲ့ မကွဲကွဲအောင် ခွဲတဲ့လူ။ သူ့နှမကို ကျုပ်နဲ့ ပြန်တွေ့မှာ စိုးလို့ တက္ကသိုလ် ကိုတောင် ပြန်မလွှတ်ခဲ့ဘူး။
သူ့ကြောင့် ကျုပ်မှာ ရူးမတတ် ခံစားခဲ့ရတယ်။
နောက်ဆုံးမှ မခင်အေးက အမျိုးမျိုး တောင်းပန်လို့ စာမေးပွဲ ဖြေခွင့် ပေးကြတယ်။ ဒါတောင် အစောင့်အကြပ် တွေနဲ့။
ဒီကြားထဲ ကပဲ ကျုပ်တို့နှစ်ယောက် ရအောင် လစ်ထွက်ပြီး ရုံးတက် လက်မှတ်ထိုး လိုက်ကြတယ်။ မှတ်ကရော။
ကျုပ် ဇာတ်ကြောင်း ပြန်လို့ ကောင်းနေတုန်းမှာပဲ ကိုထွေးတို့ အဖွဲ့ တီးလို့ ကလို့ ပြီးသွားတာနဲ့ပဲ ကျုပ် မြေးတွေက လက်ခုပ်ဩဘာ ပေးကြတာနဲ့ ကျုပ်လဲ အတွေးက လန့်နိုးသွားတယ်။
ကိုထွေး တီးဝိုင်းအဖွဲ့ ထဲက ထွက်လာပြီး သူ့အဘွား ရှေ့မှာ ရပ်လိုက်တယ်။
“ကျွန်တော့်ကို ရေလေး တစ်ခွက်လောက် ပေးပါ ခင်ဗျာ”
အတည်ပေါက်နဲ့ နောက်ရင်း သူ့စိတ်ကို ထိန်းချုပ်လို့ မရဘူး ထင်ပါရဲ့ မျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်လာတယ်။
“ဟယ် ... ဒီကောင်လေး”
သူ့အဘွားက ကိုထွေး လက်ကို ရိုက်လိုက်တာနဲ့ ကျုပ် သား သမီး သားမက် ချွေးမ အားလုံး ရယ်ကြတယ်။
ကျုပ်တို့ ဇာတ်လမ်းကို သူတို့ အားလုံး သိနေကြတယ်လေ။
ဒါကြောင့် မြေးကြီး ကိုထွေးက ဒီဇာတ်လမ်းကို ပြန်ပြီး နောက်လိုက်တာကို သူတို့ အားလုံး ရယ်ကြတာပေါ့။
ကျုပ်က ရောယောင်ပြုံးရင်း မခင်အေးကို လှမ်းကြည့်လိုက်တယ်။ ဆံတောက်ကြီး ဖားဖား နေရာမှာ အဖြူ ရောစွက်နေပြီ ဖြစ်တဲ့ ဆံပင်များ။
ဒါပေမယ့် ကျုပ်ဇနီးရဲ့ မျက်လုံးတွေကတော့ ကျုပ် မျက်စိထဲမှာ လှနေဆဲ။
လင်နဲ့တကွ သား၊ ချွေးမ၊ သမီး၊ သမက်၊ မြေး မြစ်တို့ကို ချစ်တတ်တဲ့ မေတ္တာများနဲ့ အရောင်တောက်နေဆဲ။
🔸🔸🔸
(ရွှေသမင် မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၉၀။)
လယ်တွင်းသားစောချစ်