နွေးရိပ်(စ/ဆုံး)
————–
” ကိုင်းအေ•••လာတုန်းကလည်း လာခဲ့ပြီ။ ပြန်ချိန်တန်တော့လည်း ပြန်ရပေအုံးမပေါ့။ တို့များက အသက်ကြီးလှပြီ။ ညည်းတို့သာ တစ်နှစ်တစ်ဝါ မှန်မှန်လာခဲ့ကြအေ့ ”
တူမဖြစ်သူ မငွေအိုးတို့မိသားစုကို အမေညှာနှုတ်ဆက်လိုက်တယ်။ ပြီးခဲ့တဲ့ တပို့တွဲလထဲက ရွာကို မငွေအိုးတို့မိသားစု အလည်ပြန်လာကြရင်း၊ အမေညှာကို တစ်လကိုးသီတင်းဖြစ်ဖြစ် လားရှိုးမြို့ကို လိုက်ခဲ့စမ်းပါဆိုလို့ အမေညှာလိုက်ဖြစ်ခဲ့တာရယ်။ ရွာမှာအတွယ်အတာမရှိတာလည်း ပါတာပေါ့။အတွယ်အတာမရှိဘူးသာ ပြောရတာပါ။ အမေညှာကဖြင့် ရွာကို လွမ်းလိုက်သမှ။ ဘယ်သူ့ရယ် ဘယ်ဝါ့ရယ်လို့ အမည်မတပ်နိုင်ပေသိ၊ လွမ်းလိုက်သမှ ရွာမှာကျန်ခဲ့တဲ့ သက်ရှိသက်မဲ့အားလုံးကိုလွမ်းသပတော်။
မယ်ပိန်တို့ဝိုင်းထဲက မောင်းဆုံကြီးကိုလည်း လွမ်းပါ့။ မနက်တိုင်းတွန်နေကျ ရွာ့နှိုးစက်ဖြစ်တဲ့ ဖိုးဘသော်အိမ်က ကြက်ဖကြီးကိုတောင် လွမ်းလိုက်သေးရဲ့။အိမ်က ငါ့ကြေးကွမ်းအစ်ကြီးတော့ ဖုန်အလိမ်းလိမ်းကပ်နေလောက်ပြီလို့တောင် အောက်မေ့ပြန်သေးရဲ့။ အခုတော့ အမေညှာ ရွာပြန်ရတော့မှာမို့ ပျော်နေမိတယ်။
” ညည်းတို့ခေါ်လို့သာ လိုက်ရအေ။ မိညှာတို့က ရွာ့အရိပ် ရပ်အရိပ်လောက်တော့ ဘယ်အရိပ်မှာမှ မပျော်ပေါင်။ ရှူရတဲ့လေကိုက ကွာလှသအေ့။ ဆီနံ့လိုလို ညှော်နံ့လိုလို လေတွေကိုရှူရတာများ ရင်ခေါင်းထဲတောင် အော့နှလုံးနာလှပါရဲ့။ ရွာ့တောင်ဘက် ဆေးပျိုးအိုင့်ကွင်းဘက်ကလာတဲ့လေကိုပဲ မက်မက်စက်စက် ရှိုက်လိုက်ချင်သာအေ့။ ဟော သောက်ရေများကျတော့လည်း ပေါ့လိုက်ပျက်လိုက်သမှ လေတံခွန်က အဖေခေါ်ရလောက်တယ် ”
အမေညှာဆိုသည်မှာ ဒီလိုရယ်။အင်မတန် ရွာစိတ်ရပ်စိတ် ကြီးတဲ့ မိန်းမအိုကြီးပေါ့။မငွေအိုးတို့ကတော့ ” အရီးနှယ့်တော်•••ရောက်တုန်းရောက်ခိုက်များ နေသွားပါဦးတော့လား ” လို့ စတော့၊ အမေညှာက ငြင်းလိုက်သည်မှ ခါးခါးသီးသီးပါပဲ။ အခုလည်း ကြည့်ပါ့လား သောက်ရေကပေါ့လို့တဲ့။ရေကိုတောင် လေတံခွန်နဲ့ ခိုင်းနှိုင်းလိုက်သေးတာ။
အမေညှာကိုသာပြောရတာပါ။ မငွေအိုးကိုယ်တိုင်လည်း သည်အရပ်သည်ဒေသမှာ ပျော်ပိုက်လှတယ်တော့ မဟုတ်ပေါင်။ ဝမ်းရေးအရမို့သာ ရေကြည်ရာမြက်နုရာမှာ နေရတာကိုး။ စိတ်ကဖြင့် အမေညှာလိုပါပဲ။ရွာလေကို တဝရှိုက်လိုက်ရမှ၊ ရွာရေကို တစ်ကျိုက်သောက်လိုက်ရမှာကို အာသာပြေတယ်ထင်မိတာမျိုး။ လားရှိုးမှာက မချမ်းသာသည့်တိုင်အောင် လူစေ့အလုပ်စေ့ ရှိတာတစ်ခုတည်းနဲ့ ကိုယ့်ကျင်း ကိုယ့်အသိုက်ကို မေ့ထားရတာ။ ခင်ပွန်းသည် ကိုအောင်ကြိုင်ကစလို့ မငွေအိုးရော၊ သားသမီးတွေရောဟာ အလုပ်ကိုယ်စီရှိကြလေတော့ အနေအစားတော့ ချောင်ပါရဲ့။
” ကိုင်း•••တားမရလည်း ပြန်ပေါ့တော်။ ဘယ့်နှယ့်ကြောင့်များ အဲသလောက် ဝပ်ကျင်းကို ခင်တွယ်ရတယ့်မသိပေါင်။ တူတွေ တူမတွေရယ်လို့များ သံယောဇဉ်နည်းချက်က ”
မငွေအိုးက စကားနာထိုးတော့ အမေညှာကဖြင့် မလှုပ်ပေါင်။လက်သန်းလောက်ရှိတဲ့ဆေးလိပ်ကလေးကို နှုတ်ခမ်းဝမှာတေ့ပြီး အခိုးချောင်းချောင်းထွက်အောင် ရှိုက်ချလိုက်တယ်။ အမေညှာ ဒီမှာနေရတာ အားမရလှတဲ့အထဲမှာ ဆေးလိပ်ကိစ္စလည်းပါပါ့။ဘယ့်နှယ့်တော်။ ရွာမှာ တစ်တောင်တစ်ထွာခန့် ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးတွေကို သောက်ခဲ့သမျှ၊ ဒီကျမှ တစ်ဆစ်တစ်တို သနပ်ဖက်ဆေးလိပ်တိုကလေးနဲ့ ပြီးရတယ်လို့ပဲ။
မိန်းမက ငါ့ကိုများ သံယောဇဉ် နည်းလှသလေး ဘာလေးနဲ့ ဆိုချေသေး။ မကောင်းတတ်လို့သာရယ်ပေါ့။
” သံယောဇဉ်ကြီးလွန်းလို့ကို ရွာကိုပြန်ချင်တာဟေ့ ” လို့တောင် မိညှာတို့က အော်လိုက်ချင်စမ်းရဲ့။
*********************************************
” မိန်းမတွေနှယ့်အေ။ ကြည့်ကျက် လုပ်ကြစမ်းပါအုံးဟဲ့ ။ ဆွဲလိုက်လွဲလိုက်ကြတာများ ငါဖြင့် ညည်းတို့ဈေးဗန်းထဲ ဇောက်ထိုးကျရချေရဲ့။ တကတည်းမှတော် ဗိုင်းတာမတွေနှယ်။ သူအိုသူမရယ်လို့ ညှာတာရကောင်းမှန်းကို မသိကြဘူး ”
ဇာတ်လမ်းက မန္တလေး ကားကွင်းထဲအရောက်မှာ စပြီ။ ထိုးမုန့်သည်၊ ရှူဆေးသည်၊ ငုံးဥပြုတ် ကြက်ဥပြုတ်သည်၊ ချဉ်ပေါင်းသည်၊ အထည်သည်တွေက ကားမှန်ပြတင်းနားထိုင်နေတဲ့ အမေညှာကို အတင်းဆွဲကာ ဝယ်ဖို့အားပေးဖို့ အလုအယက်ရောင်းကြတာကိုး။ အမေညှာနဲ့အတူပါလာတဲ့ ကျော်မင်းကတော့ ကားပြောင်းကားလွဲမို့ အထုပ်တွေကို ကူသယ်ခေါက်သယ်နဲ့ ကားပြောင်းတင်နေရှာတာကြောင့် အမေညှာကို ဘယ်အာရုံရောက်နိုင်လိမ့်မတုံး။
မငွေအိုးက အမေညှာ့ကို ကျော်မင်းရွာအပြန်နဲ့ ကြုံတုန်းမို့ သေချာအပ်ကာ ထည့်လွှတ်လိုက်တာရယ်။ ကားက လားရှိုးကနေ မန္တလေးတစ်ဆင့်၊ မန္တလေးကနေ မြစ်ခြေတစ်ဆင့် စီးရမှာကိုး။မြစ်ခြေကနေမှ ရွာဘက်အထိ လှည်းကြုံရင်လှည်းနဲ့၊ ထော်လာဂျီကြုံတော့ ထော်လာဂျီနဲ့ ကူးရမှာပေါ့။ ကျော်မင်းကလည်း အမေညှာ့ကို ဂရုစိုက်ရှာပါရဲ့။ ကားအပြောင်းမှာ အမေညှာ့ကို ရတဲ့ခုံမှာထိုင်ခိုင်းခဲ့ပြီး အသယ်အပြု အချအတင် သူပဲလုပ်နေရှာတာရယ်။
” ဝယ်သွားစမ်းပါ အရီးရဲ့။ ထိုးမုန့်လေးတွေများ အိစက်နေတာတော့်။ ရွာရောက်တော့ အရီးမစားချင်လည်း ဘုန်းကြီးကျောင်းဖြစ်ဖြစ်လှူပေါ။ ဟောဒီမှာ မြည်းကြည့်စမ်းပါအုံး။ မုန့်သားများ ညက်ချက်ကတော့။ အရီးတို့လို သွားမရှိတော့တဲ့ အရွယ်တွေနဲ့လည်း အကိုက်ပါတော် ”
” ကားမူး ကားနောက်ရင် ရှူဆေးလေးရော ဝယ်သွားအုံး အမေကြီးရေ။ ရော့ ရော့ ဟောဒါက လတ်တလောအမူးအနောက်ပြေအောင် ရှူအုံး ”
အမေညှာ ဒေါသူပုန်ထရပြီ။ ထိုးမုန့်သည်ကတစ်မျိုး၊ ရှူဆေးသည်က တစ်သွယ်နဲ့။ အောင်မယ်•••ဘာတဲ့။
အရီးတို့လို သွားမပါတဲ့ အရွယ်တွေတဲ့။ လာ လာချေသေးရဲ့။
” ဟဲ့ ဂန်းတာမ•••ညည့်ရှူဆေးဘူးကို ညည်းကိုယ်တိုင်သာ ငါ့နှာခေါင်းထဲ လာထိုးထည့်လှည့်ပါ့အေ။ ဟိုမိန်းမရော ငါ့မှာ သွားမရှိဘူးလို့ ညည်းကို ဘယ်လင်ကပြောသတုန်း။ ဟောဒီမှာတော့် သုံးဆယ်နှစ်ချောင်းသောသွားတွေက ချွန်လို့ မြလို့အေ့ ”
အမေညှာက ထိုးမုန့်သည်မလေးရဲ့လက်ကို ဖျတ်ခနဲပြန်ဆွဲပြီး သူ့သွားတွေကို မြင်ပါစေကြောင်း ဖြီးပြလိုက်သေးတာ။ သွားတွေကဖြင့် ခနော်နီ ခနော်နဲ့ရယ်။ အတွင်းဝင်သည့်သွားတွေက ဝင်ပြီး၊ အပြင်ငေါထွက်နေသည့်သွားတွေက ငေါနေပေါ့။ ထိုးမုန့်သည်လေးတွေခမျာ ငိုအားထက် ရယ်အားသန်ရပါလေရော။ အမေညှာနားထိုင်နေတဲ့ ကားပေါ်က ခရီးသည်တွေကလည်း ရယ်လိုက်ကြတာများ ကားတောင် တုန်သွားရဲ့။ ထိုးမုန့်သည်မလေးကလည်း –
” ကိုင်း အမေကြီးရေ။ နေစမ်းအုံးတော်။ အမေကြီးသွားတွေ အဲသလောက်တောင် မာလှ ကောင်းလှတာ။ ကျမ ဆိုင်ခန်းပြန်ပြီး ထိုးမုန့်ဘူးနဲ့ နေကျောက်ခဲ(မြေပဲကြက်ဥ)ဘူး လဲချေစမ်းအုံးမယ် ” ဟု အရွှန်းဖောက်ကာ ထွက်သွားလေရဲ့။ အမေညှာမှာသာ ” ကမြင်းမ•••ငါ့များ သရော်တော်တော် လုပ်သွားသေးရဲ့ ” ဆိုပြီး ကျိတ်မနိုင်ခဲမရ ကျန်ရစ်ခဲ့ရတော့တယ်။ ကားဆရာကတော့ အမေညှာကို ဆိုချေတယ်။ ဒီနေ့လောက် သူ့ကားပေါ်မှာ တစ်ခါမှပွဲမကျဖူးလို့တဲ့။ အမေညှာ့ကို ကားစပါယ်ယာခန့်လိုကြောင်းပင် စလိုက်သေးရဲ့။
မန္တလေးကားကွင်းကနေ ထွက်လာမှပဲ အသံတွေငြိမ်ကျသွားတော့တယ်။ အမေညှာကဖြင့် ရွာကိုရောက်ချင်လှပေါ့။ ကားစီးရတာ စိတ်အိုက်လူအိုက်နဲ့မို့ လူကနုံးနေပြီ။ စစ်ကိုင်း ကောင်းမှုတော်နားရောက်တော့ ခေါင်းပေါင်းစောင်လေးဖြည်ပြီး ပခုံးပေါ်တင်ရင်း လက်အုပ်ကလေးချီကာ ကားပေါ်ကနေပင် ဝတ်ဖြည့်လိုက်တယ်။ သတ္တဝါတွေ ကျန်းမာစေဖို့နဲ့၊ ဖြစ်ရာဘဝမှာ အညာသူမကြီးသာ ဖြစ်ရပါစေကြောင်းကိုလည်း ဆုတောင်းလိုက်သေးတာ။
လှူနိုင်သောကိုယ်၊ ပေးနိုင်သောလက်သာ ဖြစ်ရပါလို၏တဲ့လေ။ ကျော်မင်းကတော့ အမေညှာကိုကြည့်ရင်း ပြုံး၍သာနေမိတယ်။ အမေညှာကလည်း သူ့ကို ဘယ်သူက ကြည့်နေ ပြုံးနေတယ်ဆိုတာလည်း သတိထားမိပုံ မရပေါင်။ လိုချင်တဲ့ဆုကို တစ်လုံးတစ်ဝ တောင်းချလိုက်တာပဲ။ ” စိတ်ကူးထဲ ဘုရားတည်၊ ကောင်းမှုတော်ထက် ငယ်ရိုးလား ” ဆိုတဲ့ မျက်နှာပေးမျိုးနဲ့။
” ပေးစမ်းအေ ထသီးမုန့် နှစ်ထုပ်လောက်။ ရွာရောက်ရင် ဆရာတော်ကို ကပ်ရချေသေးရဲ့။ ဒါနဲ့ ညည်းတို့ထသီးမုန့်က လတ်ကောလတ်ကဲ့လားအေ့။ ချဉ်နေရင်တော့ ခက်ရချေရဲ့။ ထသီးမုန့်ဆိုမှဖြင့် ကြွကြွပွပွမနေဘဲ စေးစုတ်စုတ် ခဲတဲတဲနေရင်လည်း ငါက တယ်ကြိုက်တာမဟုတ်ဘူး ”
ရေစကြိုဘက်ရောက်တော့ အမေညှာက ထန်းသီးမုန့်တွေ ဝယ်လိုက်တယ်။ ထန်းသီးမုန့်ကိုတော့ အမေညှာကိုယ်တိုင်ကလည်း ကြိုက်တာမဟုတ်လား။ရွာပြန်ရောက်ရင်လည်း ဟိုကလေးကိုတစ်ဖဲ့၊ ဒီကလေးကိုတစ်ကိုက် ပေးချင်ကျွေးချင်သေးတာကိုး။ ဪ မေ့လို့။ အမေညှာလွမ်းတဲ့အထဲမှာ ဂျာရစ်တို့၊သတိုးတို့ ကလေးတစ်သိုက်က ထိပ်ဆုံးက။ သူတို့လေးတွေက အမေညှာရဲ့ အသည်းကျော်တွေ။ သူတို့ကလည်း အမေညှာဆိုလိုက်လျှင်ဖြင့် တန်းတန်းစွဲရယ်။
အမေညှာပြန်လာပြီတဲ့လို့များ သူတို့လေးတွေသိရင် ဘယ်လောက်တောင် ပျော်နေလိုက်ကြမတုံး။ အမေညှာလုပ်ကျွေးတဲ့ မုန့်ဖွဲဆုပ်လေးတွေကို သူတို့လွမ်းနေရှာမှာပေါ့။ အမေညှာကျိုတိုက်တဲ့ မုန့်နပ်လေးကို
သူတို့လေးတွေ တမ်းတနေကြရှာမပေါ့။ ပြန်လာပြီ လူကလေးတို့ရေ။ အညာသူမ ရွာသူမကြီး လူလေးတို့ရှိရာဆီ ပြန်လာပါပြီတော့်။ အမေညှာ့မျက်လုံးရီရီတွေဆီ ဝေ့တက်လာတဲ့မျက်ရည်စလေးတွေကို တဘက်လေးနဲ့အသာတို့လိုက်တယ်။
အမေညှာ အောက်မေ့မိပါရဲ့။ ဆရာတော်ဟောတဲ့ ငါစွဲပြုတ်ဖို့ထက်၊ အမေညှာ့ရင်ထဲက ရွာစွဲက ပိုပြီးခိုင်မြဲစူးနစ်လှချေရဲ့လို့။
*********************************************
” ကိုင်း ဖိုးစည်ရေ။ မင့်လှည်းနဲ့ကြုံတော့လည်း ဒွေးလေးတို့ ဟန်ကျသပေါ့ကွယ်။ မဟုတ်ရင် သခင်မျှော်နေရအုံးမှာကွဲ့ ”
အမေညှာတို့ မြစ်ခြေရောက်တော့ ရွာဘက်ကဖိုးစည်လှည်းနဲ့ အတည့်တိုးတာမို့ အမေညှာတို့အဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်ရပြီ။မြစ်ခြေဘက်ရောက်ပြီမို့ အမေညှာ့စိတ်ထဲလည်း ပေါ့ပါးလှပေါ့။ မြစ်ခြေဆိုတာ ကိုယ့်နယ် ကိုယ့်ဒေသပဲ မဟုတ်လား။ ရွာငွေ့ ရွာလေလေးတွေ ရနေသလို ခံစားနေရပြီ။ မြစ်ခြေနဲ့ စဘေ ဘာများဝေးတော့တာမှတ်လို့။ ရေတွင်းနဲ့ ရေမှုတ်လိုဟာပဲ မဟုတ်လား။
မြစ်ခြေ စဘေလမ်းခွဲ တမာတန်းဇရပ်ကိုရောက်တော့ ငယ်ဘဝတွေကိုတောင် အမေညှာ သတိရမိသေးရဲ့။မြစ်ခြေဈေးလေးကို ငါးရက်တစ်ဈေး သတ်မှတ်ထားတယ်။ နယ်သူနယ်သားတွေဆိုတာများ ဈေးနေ့မရောက်မချင်း ဗိုင်းငင်၊ ချည်သေ့အလုပ်တွေကို ဒူးပျော့ ခါးချည့်လောက်အောင် ပျာပျာသလဲ လုပ်ကြရတာရယ်။ ဈေးနေ့မှ ထွက်တတ်တဲ့ ကိုစိန်ညိုရဲ့ထော်လာဂျီနဲ့လိုက်ပြီး ချည်ရောင်းဖို့ပေါ့။ အမေညှာတို့ငယ်ငယ်ကဖြင့် ငင်လိုက်ရတဲ့ဗိုင်း၊ ချလိုက်ရတဲ့ချည်။လူတစ်ကိုယ်လုံး ဗိုင်းမွေးတွေနဲ့ ဖွေးဖွေးလှုပ်နေတော့တာပါပဲ။ ဈေးဖိတ်နေ့ ညကတည်းက ချည်ခင်တွေကိုတောင်းထဲ သိပ်ထားရပြီ။ မနက်လင်းကြက်တွန်ရင် ကိုစိန်ညို့ထော်လာဂျီဆီ ပြေးရပြန်တယ်။ကိုစိန်ညိုကလည်း ထော်လာဂျီမထွက်ခင် စက်သံတဒုန်းဒုန်းနဲ့ လူခေါ်လေရဲ့။ မကြာပေါင်။ ထော်လာဂျီပေါ်ကို ထင်းသည်၊ မီးသွေးသည်၊ ချည်သည်၊ ထညက်(ထန်းလျက်)သည်တွေဆိုတာ အငုတ်ငုတ်အရုတ်ရုတ် ရောက်လာကြရော။ ထော်လာဂျီတစ်စီးလုံး ဗောင်းမောက်ကလန် လျှံကျလို့ပါကော။ မြစ်ခြေစျေးရောက်တော့ ချည်ပါသူက ချည်ရောင်း၊ ထင်းပါသူက ထင်းရောင်းပေါ့။ ထညက်သည်တွေကတော့ ကျွန်းချောင်းဘက်ကို ဆက်တက်ကြရတယ်။ ရောင်းလို့ ချလို့ပြီးရင် ဈေးထဲမှာ တစ်ပတ်စာရိက္ခာတွေ ဝယ်ကြခြမ်းကြရပြန်ပြီ။မောလို့မောမှန်းပင် မသိနိုင်ကြပေ။ ဝယ်ခြမ်းပြီးလူစုံရင်တော့ ဆယ်နာရီခွဲလောက်ဆို ထော်လာဂျီနဲ့ ပြန်လာကြရတယ်။ တစ်ချိန်က ဘဝအမောတွေက ခုများဖြင့် လွမ်းစရာကောင်းလှချေရဲ့လို့ပင် အမေညှာ အောက်မေ့ပါရဲ့။
” မိညှာတို့က ရွာလေကို ဟောသလို အားရပါးရ ရှူလိုက်ချင်စမ်းတာတော့် ” ဆိုကာ လှည်းပေါ်ထိုင်ရင်းကနေ လက်နှစ်ဖက်ကိုမြှောက်ကာ ကွင်းလေတွေကို ရှူလိုက်သေးတာ။ လှည်းနောက်က ဖုန်ခိုးဖုန်ငွေ့တွေဆိုတာ လုံးအူနေတာပါပဲ။ ဖိုးစည်နဲ့ ကိုကျော်မင်းကတော့ စကားတွေဖောင်ဖွဲ့လို့။ကိုယ့်တောဒေသ မိုးရှားလေရှားတော့ စိုက်ပျိုးလို့ မဖြစ်ထွန်းကြောင်း၊ တစ်သီးတစ်ဝါစိုက်ဖို့တောင် အားယူရကြောင်း၊ တောင်သူတွေအဖို့ မိုးမမှန် လေမမှန်ရသည့်အထဲ ဝယ်လက်တွေနှိမ်လို့ အသီးအနှံတွေက ဈေးမကောင်းတာကြောင့် ဆင်းရဲသမျှ အရာမရောက်ကြောင်းတွေ စုံနေတာပါပဲ။ လှည်းက ရွာခြေကပ်လာပြီ။ အမေညှာ့မျက်နှာက ပြုံးပန်းတွေဝေလို့။
” လှည်းစီးရတာ မပင်ပန်းဘူးလား အရီးရယ်။ ဖုန်တထောင်းထောင်းနဲ့ လမ်းကလည်း ဒီလောက် ခုန်ဆောင့်နေတဲ့ဟာကို။ အရီးမို့ တစ်ချက်မညည်းတယ် ”
ဖိုးစည်က ငြိမ်နေတဲ့ အမေညှာကို စကားစလိုက်တယ်။ အမေညှာက ဖိုးစည်ရဲ့ လှည်းရံတိုင်ကြားမှာညှပ်ထားတဲ့ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကိုကောက်ကာ အတွင်းခံဂျာစီထဲ ထည့်ထားတဲ့ မီးခြစ်လေးကိုထုတ်ယူပြီး ဆေးလိပ်မီးညှိရင်း ရှိုက်လိုက်သေးရဲ့။ဆေးလိပ်ကို သုံးချက်လောက် ဆင့်ကာရှိုက်ပြီးမှ ဖိုးစည်ကို ” မေးတတ်ရန်ကော “ဆိုတဲ့အကြည့်နဲ့ မျက်စောင်းကြီးထိုးလိုက်တယ်။
” မင့်နှယ့်ကွယ်။ တစ်လမ်းလုံး ကားစီးလာရတာ ဘယ်လောက်ပင်ပန်းလိုက်တယ် မှတ်သတုံး။ ငါ့မယ် ကားသာစီးနေရတယ်။ စိတ်ကဖြင့် မိပွေးအိမ်က ဖိုးသာစိန်ကိုင်တဲ့ နွားလှည်းကြီးကို အောက်မေ့ချက်တော့။ ဖြစ်နိုင်ရင် ကားစီးမယ့်အစား လာရှိုးကနေ ရွာအရောက် လှည်စီးပြီးတောင် ပြန်လိုက်ချင်စမ်းရဲ့။ ပင်ပန်းဖို့ နေနေသာသာ၊ နုံးနေတာတွေတောင် ပျောက်သွားသေး ”
ဖိုးစည်နဲ့ ကိုကျော်မင်းတို့ ဝါးလုံးကွဲရယ်မိကြတယ်။ အမေညှာကဖြင့် ရွာရောက်တော့မှ ဟင်းချနိုင်တော့တာရယ်။ ရင်ထဲကအလုံးကြီး ကျရပြီဆိုတဲ့အတွေးနဲ့ပေါ့လေ။ လားရှိုးမှာ ရောက်လက်စနဲ့မို့သာ နေခဲ့ရတယ်။ အမေညှာကဖြင့် မပျော်ပိုက်လိုက်သမှ။ ဘယ့်နှယ့်တော်။ အရပ်ရှစ်မျက်နှာ တောင်တန်းတွေသာရှိပြီး ဒယ်အိုးဇောက်ထဲရောက်နေသလို ခံစားရတာကော။ နားမခေါ်ရပ်ကွက်ရဲ့ အနောက်ဘက်တောင်တန်းတွေက တောင်ခိုးတောင်ငွေ့တွေသမ်းတော့လည်း ရွာကိုလွမ်းလှရဲ့။ တိမ်တညို့ညို့ မိုးတစိုစို မြူတဆိုင်းဆိုင်း ရှိပြန်တော့လည်း ငါ့ရွာကို ဟောဒီမိုးတွေပို့လိုက်ချင်လှရဲ့ဆိုပြီး သတိရမိသေးတာ။ အခုတော့ အမေညှာပျော်ပါပြီ။ မတော်လို့များ ခေါင်းချရရင်တောင် ကိုယ့်ရွာကိုယ့်ဇာတိမို့ အသေဖြောင့်လှပေါ့။
လားရှိုးမြို့ပေါ်က နာရေးတွေကို ကြာကန်ဘက်မှာ သဂြိုဟ်ကြတယ်ဆိုတော့ အမေညှာ အားငယ်မိသေးတယ်။ မတော်လို့များ ဒီမှာရိုးမြေချရရင် ကြာကန်ဆိုတဲ့ဆွေမရှိမျိုးမရှိအရပ်မှာ မိညှာတစ်ယောက်တည်း မျက်စိသူငယ်နားသူငယ် ရှိရချေရဲ့လို့ အတွေးဝင်မိတာကိုး။ ဘာရယ်မဟုတ်ပေမယ့် ခေါင်းချချိန်နီးတဲ့သက်ကြီးပီပီ အတွေးတွေကတော့ တောင်ဂရောက် မြောက်ဂရောက်ပါပဲ။ မငွေအိုးကတော့ ” အရီးရယ် သရဲဖြစ်ပေါ့တောင် အားက ငယ်အုံးမှာလား ” လို့ စတော့ အမေညှာက ” ကမြင်းမနှယ်အေ•••ငါ့များ မဦးမချွတ် ” တဲ့လေ။
*********************************************
” ကိုင်း ကိုရင်တို့။ ကျောင်းမှာ တစ်သုတ်တစ်ဂါထာ စာဝါလိုက်ကြဦးဘုရား။ သာသနာ့ဝန်တာကို တစ်သက်တာ မထမ်းရွက်နိုင်ရင်တောင် အထုံကလေးပါအောင်တော့ ဝတ်နိုင်သမျှ ဝတ်ကြဦးဘုရာ့။ တပည့်တော်မကတော့ ဆန္ဒလေးမြောက်လို့ စိတ်ချမ်းသာရပါပြီ ”
အမေညှာက ကိုရင်ဇဋိလနဲ့ ကိုရင်သုမနကိုကြည့်ရင်း မှာတမ်းတွေခြွေနေလေရဲ့။ ” ဂျာရစ်နဲ့ သတိုးလေးကို ရှင်ပြုပေးချင်စမ်းရဲ့ကွယ် ” လို့ ဟိုအရင်က အမေညှာ တဖွဖွပြောခဲ့ဖူးတယ်။ သူတို့လေးတွေရဲ့ မိဘများက မပြည့်စုံကြရှာတော့ ကလေးတွေကို သင်္ကန်းစည်းမပေးနိုင်ကြဘဲကိုး။ တစ်နေ့တစ်နေ့ နေ့ဖို့ညစာ ရှာရတာနဲ့သာ အချိန်ကုန်နေကြတာမဟုတ်လား။ ယခုတော့ မြောက်ခဲ့ရပြီလေ။ ဒါတောင် အမေညှာက ရှင်သွားတောင်းတော့ ဂျာရစ်အဖေ ငလုံးကပေးချင်လှတာမဟုတ်ဘူး။
” အရီးညှာရဲ့•••အရီးမြေးက မှိုရှာမျှစ်ချိုး၊ ကြွက်ထိုးဖားရိုက်လောက်တော့ လုပ်နိုင်နေပြီဗျ။ သူ့ကို ရှင်ဝတ်ခိုင်းလိုက်ရင် အိမ်မှာ လုပ်အားတစ်ယောက် လျော့သွားမှာပေါ့။ ကျုပ်တို့အိမ်မလည်း အရီးသိတဲ့အတိုင်းပဲ။ ကလေးတပြုံ ခွေးတရုံနဲ့ရယ် ” တဲ့လေ။
အမေညှာ စိတ်ပေါက်ချက်များ။အဲသလောက် အသိခေါင်းပါးရသလားရယ်လို့လေ။
” ဟဲ့အကောင် ငလုံး။ မင့်နှယ့်ကွယ် ဥစ္စာမရှိတာ ငါ ခွင့်လွှတ်နိုင်သေးရဲ့။ သားသမီးဖို့ တွေးပေးနိုင်တဲ့ အသိဉာဏ်မရှိတာတော့ ငါဖြင့် ခွင့်မလွှတ်နိုင်ပေါင်။ ဘယ့်နှယ့်ကွယ်။ ကိုယ့်ကလေးကို အကုသိုလ်နွံထဲ ဆွဲနှစ်ချင်နေရသလား။ ငါမကျေခဲ့တဲ့တာဝန်ကို အရီးညှာက ထမ်းပေးချေရဲ့ဆိုပြီး မင်းကဝမ်းသာရမှ မဟုတ်ဘူးလား။
မင်းက ဘယ့်နှယ့်ဖအေမျိုးတုံး။ ကလေးတပြုံ ခွေးတရုံကတော့ မင့်ဟာမင်း ကမြင်းလို့ မွေးသကိုးကွဲ့။ ဆန်မရှိဘဲ အစားကြီးတာ မင်းမှအစစ် ”
အမေညှာနဲ့ ငလုံးနဲ့ အတော်လေး အချေအတင်ဖြစ်ခဲ့ရသေးတာ။ နောက်မှ ငလုံးမယား ရှင်မိဆိတ်က ဖျောင်းဖျလို့သာ အမေညှာ့အလှူက မြောက်ခဲ့ရတာကိုး။ ကိုရင်လေးတွေကတော့ ပျော်နေကြလေရဲ့။ အိမ့်အရိပ်က လွတ်လေတော့ သူတို့ခမျာ လွတ်လပ်နေကြပုံပေါ်ပါရဲ့။ ကလေးတွေဆိုပေသိ အိမ့်ဝန်တာကို စွမ်းသမျှ ထမ်းကြရသူလေးတွေကိုး။ တောရွာဘက်က ကလေးတွေဆိုတာ ခုနစ်နှစ် ရှစ်နှစ်အရွယ်ဆို နိုင်ရာဝန်ထမ်းကြရရှာပြီ။ ဖအေကတောလိုက်သွားလို့၊ မအေကကောက်စိုက်သွားလို့ဆိုရင် ကလေးထိန်းနိုင်သူက ထိန်း၊ ထမင်းချက်နိုင်သူက ချက်ကြရတာရယ်။ ပညာတစ်ပိုင်းတစနဲ့ ပညာရေးကံခေကြတာကိုလည်း အမေညှာ စိတ်မကောင်းလှပါဘူး။
” အရီးတူကို ဗွေမယူပါနဲ့ အရီးရယ်။ သူက စကားပြောမတတ်ပေမယ့် လူရိုးလူဖြောင့်ကြီးပါတော်။ အရင်ကသာ မကြည်ဖြူပေမယ့်။ သားကိုရင်ကို မြင်တော့လည်း သူကျေနပ်နေရှာတာပါ ”
မိဆိတ်က အမေညှာ့အနားလာပြီး တောင်းပန်ရှာတယ်။ မျက်ဝန်းဆီမှာ မျက်ရည်လေးတွေက ဝဲလို့။ အမေညှာကလည်း ဗွေနာမကောက်ပါဘူး။ တောသူတောင်သားတို့ သဘာဝက စိတ်ဆိုးလည်းခဏပါပဲ။ ပြေလွယ်ပျောက်လွယ်ကြသူတွေချည်း။ မနက်ဘက် ရန်ဖြစ်ပြီး၊ ညဘက် ဟင်းခွက်ကမ်းကြတဲ့ သူတွေချည်းလေ။ ငလုံးရှိရာကို အမေညှာလှမ်းကြည့်လိုက်တယ်။ ငလုံးရယ်လေ။ ငိုနေလိုက်တာများ ရှိုက်ကြီးတငင်ပါပဲ။ ရေနံချေးဝနေတဲ့ ကျောင်းလှေခါးလက်ရန်းပေါ်ကနေ လျှောစီးချနေတဲ့ သားဖြစ်သူ ကိုရင်ဂျာရစ်ကလေးကို ကြည့်လိုက်၊ မျက်နှာကြီးကို လက်ဖဝါးကြမ်းနှစ်ဖက်နဲ့ အုပ်လိုက်နဲ့။ကြူကြူပါအောင် ငိုနေရှာလေရဲ့။ တအောင့်နေတော့ အမေညှာရှိရာဆီ ငလုံး လှမ်းလာတယ်။
” အရီးညှာ•••။ ကျုပ်ကို ခွင့်လွှတ်ပါ့ဗျာ။ ကျုပ်မှားတယ်အရီးညှာရဲ့။ ဖအေဖြစ်ပြီး ဖအေ့တာဝန်ကို မကျေနိုင်ခဲ့တဲ့ကျုပ်ပါဗျာ။ ကျုပ်တစ်သက် ဂျာရစ်ကလေးကို ဒီလိုမြင်ချင်ခဲ့တာပေါ့ အရီးရယ်။ ဒါပေမယ့် ကျုပ် တမင်မေ့ထားခဲ့ရတာဗျ။ အခုတော့ ကျုပ် ဝမ်းသာလိုက်တာ အရီးရာ။ ကျုပ်သားဂျာရစ်လေး သာမဏေဖြစ်ခဲ့ပြီ အရီးရဲ့ ”
ငလုံးက အမေညှာ့အနီးမှာပုံခနဲထိုင်ချရင်း အမေညှာ့ကိုဖက်ကာ ငိုလေပြီ။ မျက်နှာကြီးတစ်ခုလုံး နီရဲမို့အစ်နေရှာတယ်။အမေညှာရော မိဆိတ်ပါ နှလုံးသားတွေ မခံနိုင်တော့ပြီ။သုံးဦးသုံးဖလှယ် မျက်ရည်တွေကိုယ်စီနဲ့။အမေညှာကတော့ ရှိုက်သံပင် မထွက်အားတော့ပြီ။
” မိဆိတ်•••အရီးကို ကန်တော့စမ်းအေ•••”
ငလုံးက မိဆိတ်ကိုလည်းပြောရင်း သူကိုယ်တိုင်လည်း ပုဆစ်တုပ်ထိုင်ကာ ကန်တော့တယ်။ကိုရင်ဂျာရစ်လေးကပါ ပြေးလာပြီး အမေညှာ့ကိုကန်တော့မယ်လုပ်လို့
တားရသေးရဲ့။
” အရီးညှာ ခွင့်လွှတ်ပါတယ် လူမိုက်ကြီးရဲ့။ မင်းက အင်မတန်တာဝန်ကျေတဲ့ ဖအေမိုက်ကြီးပါကွယ်။ ကျောင်းကန်ကို မပို့နိုင်ပေမယ့် နပ်မှန်အောင် ရုန်ကန်ကျွေးခဲ့တဲ့ အဖေပီသသူကြီးပါ ငါ့တူရယ်။ ထစမ်းကွဲ့ ထစမ်းကွဲ့။ ဘုရားကျောင်းကန်ထဲ မျက်ရည်မကျစကောင်းဘူး ”
ပြောမယ့်သာ ပြောရပါတယ်။အမေညှာ့မှာလည်း မျက်ရည်တွေက အင်းလို့။ရှင်ပြုပွဲလေးကို လာကြတဲ့ တရားနာသူတွေမှာလည်း မျက်ရည်စတွေနဲ့။ကြည်နူးလို့ကျတဲ့ မျက်ရည်၊ဝမ်းသာလို့ကျတဲ့ မျက်ရည်မို့ ဘုရားရှင်ကလည်း ခွင့်ပြုတော်မူလောက်ပါရဲ့လို့သာ အမေညှာ နှလုံးသွင်းမိပါရဲ့။ရှင်ပြုတယ်ဆိုလို့ အလှူကြီးကန္နားကြီး မဟုတ်ရပါဘူး။သင်္ကန်းနှစ်စုံ၊ အုန်းငှက်ပျောတစ်ပွဲ၊ လှူရန်ဝတ္ထုလေးနဲ့ ပြီးရတဲ့ပွဲပါ။တရားနာရုံတော့ ရွာလုံးကျွတ်ဖိတ်ရတာပေါ့။ဆန်တစ်ပွဲတတ်နိုင်သူက ဆန်တစ်ပွဲ၊ ပဲတစ်ပြည်တတ်နိုင်သူက ပဲတစ်ပြည်နဲ့ ပေါင်းစုလှူကြတဲ့ ရှင်ပြုပွဲလေးပေါ့။
ညနေစောင်းတော့ ဆရာတော်ကိုကန်တော့ပြီး အိမ်ပြန်ခဲ့ကြတယ်။ငလုံးကတော့ ကိုရင်ဂျာရစ်နဲ့ ကိုရင်ကတိုးကို ” အရှင်ဘုရားတို့•••မနက်ဖြန် ဆွမ်းခံကြွချိန်ကျရင် တပည့်တော်အိမ် အရင်ကြွကြစမ်းပါဘုရား။ ဆွမ်းဦးဆွမ်းဖျားကို တပည့်တော် လောင်းစမ်းပါရစေ ” တဲ့လေ။ကြမ်းတမ်းပေမယ့် ရိုးသားလှတဲ့ တောသားကြီးရဲ့ နှလုံးသားဟာ တဖန် နူးညံ့နေပြန်လေရဲ့။
*********************************************
” ဒကာဖိုးလုံး•••ဒကာဖိုးလုံး•••။ ဂျာရစ်ကို မြွေကိုက်လို့။ ကျောင်းအနောက်ဘက် စည်းနားမှာ အမှိုက်လှည်းရင်း အကိုက်ခံရတာ ”
ကိုရင်သတိုးက အမောတကောပြေးလာပြီး ပြောရှာတယ်။ မိဆိတ်ရင်ထဲ ဟုန်းဟုန်းတောက်မတတ် ပူလောင်သွားတယ်။ငလုံးကတော့ သွေးလက်စဓားမကြီးကို ဗြုန်းခနဲပစ်ချပြီး ကျောင်းဆီပြေးလေပြီ။မိဆိတ်လည်း အိမ်က ကလေးတွေကို ဘေးအိမ်အပ်ခဲ့ပြီး ကျောင်းကို အသော့လိုက်ရတယ်။ ဟိုရောက်တော့ အမေညှာတို့ ငလုံးတို့က ရောက်နေလေပြီ။ ဆရာတော်ကြီးကလည်း ဆေးရုံကိုသာ အမြန်သွားဖို့ မိန့်တော်မူသည်။ ကိုရင်ကတော့ ခုတင်ပေါ်မှာ ပက်လက်ကလေး သတိလစ်နေရှာတယ်။
” မြွေပွေးကိုက်တာကွ ငလုံးရ။ မြစ်ခြေဆေးရုံကို အမြန်ရောက်မှဖြစ်မယ်။ မဟုတ်ရင် ကိုရင့်အတွက် စိုးရိမ်ရတယ်။ ငါ အိမ်ပြန်ပြီး လှည်းကောက်မယ် ”
ကိုရင်သတိုးရဲ့အဖေ ကိုအောင်ငွေက ပြောလည်းပြောရင်း ရွာထဲအမြန်ပြေးပြီ။ အမေညှာကတော့ ခြေမကိုင်မိ လက်မကိုင်မိပါပဲ။ ကိုရင်ဂျာရစ်လေးများ ဖိတ်စင်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ဖြေမဆည်နိုင်အောင် ခံစားရတယ်။
မိဆိတ်ကတော့ တရှုံ့ရှုံ့ရယ်။ ကိုရင်ဂျာရစ်ရဲ့နှုတ်ခမ်းတွေကလည်း ပြာနှမ်းနေချေပြီ။
” ကိုင်း•••ကလေးကို ဒီပေါ်တင်။ လာစမ်း ငညို။ မင်းက ရှေ့ကထမ်။ယ အောင်ငွေ့လှည်းကိုတော့ နောက်ကသာ လိုက်ခိုင်းခဲ့ပေတော့။ ကျုပ်တို့ ရောက်သလောက် သွားနှင့်မယ် ”
ငလုံးက ဝါးလုံးထိုးထားတဲ့ စောင်ပုခက်ကြီးယူလာပြီး ကိုရင်ဂျာရစ်ကို စောင်ပေါ်တင်လိုက်တယ်။ ပြီးတော့ ငညိုနဲ့ ဦးဘက်ထမ်းကာ ရွာ့ခေါင်းရင်း သဲချောင်းအတိုင်း မြစ်ခြေကို ဖြတ်လမ်းသွားကြပြီ။ မိဆိတ်ကတော့ အိမ်ပြန်ကာ ကလေးတွေကိုလည်း မှာစရာရှိတာမှာရင်း ကိုရင့်အတွက် လိုအပ်တာလေးတွေ ပြန်ယူတယ်။ တအောင့်နေတော့ ကျောင်းကို ပြန်ရောက်လာတယ်။ ကိုအောင်ငွေ့လှည်းလည်း ရောက်လာပြီမို့ အမေညှာနဲ့ မိဆိတ်တို့က လှည်းနဲ့လိုက်ခဲ့ကြတော့တယ်။အမေညှာ့ရင်ထဲတော့ ကိုရင်ဘေကင်းပါစေ၊ကျန်းမာပါစေသာ ဆုတောင်းနေမိတယ်။ ” မငိုစမ်းနဲ့ မိဆိတ်ရယ်။ ကလေးအတွက် နိမိတ်မရှိအေ “လို့ အမေညှာကပြောလိုက်တော့ မိဆိတ် အငိုတိတ်သွားလေရဲ့။
ငလုံးလည်း သားကိုရင်မျက်နှာကိုကြည့်ရင်း မျက်ရည်တွေသာ တွေတွေကျနေရတယ်။ ရောက်လုပါပြီ။ ဟိုမှာ ဆေးခန်းကို လှမ်းမြင်နေရပေါ့။ ” သာသနာ့ဘောင်မှာ ကိုရင်ပျော်သလောက်သာနေ။ တပည့်တော်တို့အတွက် မပူနဲ့ဘုရား ” လို့ ငလုံးလျှောက်ထားတာမှ မကြာသေးဘူး။အခု ကိုရင်လေးက အားလုံးကိုနှုတ်ဆက်တော့မှာလားဘုရား။ တပည့်တော် ရင်ကွဲမတတ်ပါပဲ ကိုရင်ရယ်။ တပည့်တော်ကို တာဝန်မကျေတဲ့ ဖအေမိုက်ကြီးအဖြစ် ကိုရင်ခွင့်လွှတ်နိုင်ပါ့မလား။ အမေညှာပြုပေးလို့ ရှင်ဖြစ်ရတယ်လို့များ တပည့်တော်ကို စိတ်နာနေမလားဘုရား။ ကိုရင် အသက်ရှင်ပါဦးဘုရား။ ကိုရင် ရှင်သန်ပါဦးဘုရား။ တပည့်တော် ဆွမ်းလောင်းလို့မှ အားမရသေးဘူးဘုရား။ ဖြစ်နိုင်ရင် ကိုရင့်ရဲ့ ရာသက်ပန်ခမည်းတော်ကြီး ဖြစ်ပါရစေ ကိုရင်ရယ်။
” ငလုံး အထမ်းကို ချတော့ဟ။ ဆေးရုံကိုရောက်ပြီ ”
ငညိုပြောမှ ငလုံးသတိဝင်မိတယ်။ ကလေးကို ပွေ့ပြီး ဆေးရုံအခန်းထဲ အပြေးဝင်မိတယ်။ ဆရာဝန်နဲ့ သူနာပြုတွေလည်း အလုပ်တွေ များကုန်ကြရတယ်။ တိုက်နယ်ဆေးရုံမို့ လူနာသိပ်မများတော့ ကိုရင့်ကို ချက်ချင်းကြည့်ပေးကြပါရဲ့။ မြစ်ခြေ စဘေ လေးမိုင်ခရီးကို ဇောတွေနဲ့မို့သာ အသော့နှင်ခဲ့ရပေမယ့် ငလုံးနဲ့ ငညို့ရဲ့ ရင်အစုံဟာ နိမ့်တုံမြင့်တုံနဲ့ ဖားဖိုကြီးတွေလို ပိန်လိုက်ဖောင်းလိုက် ဖြစ်နေကြရှာပြီ။ ငလုံးကတော့ အခန်းရှေ့မှာ ငူငူကြီးထိုင်လို့။ ငညိုကတော့ သတိထားဖို့ ပြောပါတယ်။ တအောင့်နေတော့ ကိုအောင်ငွေတို့လှည်းလည်း ရောက်လာတယ်။
” ကိုရင် ဘယ့်နှယ့်နေတုန်းဟဲ့။ အဖိတ်အစင် လွတ်လောက်ကဲ့လား။ ငါ့နှယ်ကွယ် ဖြစ်ရလေရဲ့ ”
အမေညှာက အလောတကြီးမေးတော့ ငလုံးရော ငညိုရော ဘာမှမဖြေနိုင်ကြပါ။ ခေါင်းကြီးတွေကိုသာ ငိုက်စိုက်ချထားရင်း ကျောက်ရုပ်ကြီးတွေပမာ။
” ကိုရင်လေး သတိရပါပြီ အမေကြီးရဲ့။ ဘာမှ မစိုးရိမ်ကြပါနဲ့။ ကိုရင်လေး မသေတော့ပါဘူး ”
အခန်းထဲကထွက်လာတဲ့ ဆရာဝန်ရဲ့စကားကြောင့် အားလုံး ဝမ်းသာသွားကြရတယ်။ ဝင်တွေ့လို့ ရပါတယ်ဆိုတော့ ကိုရင့်အနားသွားကာ လက်ကလေးကိုင်း နဖူးကလေးစမ်းနဲ့ အားပေးကြရရဲ့။
” ကိုရင်ရဲ့•••ကိုရင်များ တစ်ခုခုဖြစ်ခဲ့ရင် တပည့်တော်ဖြင့် ဘယ်လိုမှ ဖြေနိုင်မယ်မထင်ဘူးဘုရား ”
ငလုံးက သားဖြစ်သူကိုရင့်ကို စူးစူးစိုက်စိုက်ကြီးကြည့်ရင်း ပြောရှာတယ်။ မျက်နှာတပြင်လုံးလည်း သောကပရိဒေဝ အပူမီးတွေ ဟပ်ခံရလို့ထင်ပါရဲ့။ ရဲတွတ်လို့။
” အဖေ•••အမေ။ ကိုရင်လည်း အဖေနဲ့အမေ့ကို ခွဲရမှာကြောက်တယ်။ မမနဲ့ ညီလေးတို့ကိုလည်း မခွဲနိုင်ဘူး ”
ကိုရင်ဂျာရစ်လေးက ပြောရင်း မျက်ရည်ကျရှာတယ်။ သူကလေး ဘယ်လောက်တောင် ကြောက်နေလိုက်ရှာမလဲလေ။
” အမေညှာ•••။ ကိုရင်လေ စောစောက အမေ့ညှာ့အိမ်ကို ဆွမ်းခံရောက်နေတာ။ အမေညှာက ကိုရင်ခေါ်တာကိုလည်း မကြားဘူး။ ကိုရင်လည်း အကျယ်ကြီးအော်နေရဲ့သားနဲ့ အမေညှာမကြားလို့ အမေညှာ့အိမ်ပေါက်ဝမှာ ထိုင်ငိုချလိုက်တာ ”
အဲလောက်တောင် အစွဲကြီးရသလား ကိုရင်ရယ်။ အမေညှာ ရွာစိတ်ရပ်စိတ်ကြီးလှသလို၊ ကိုရင်ကလည်း အမေညှာ့အပေါ် အဲသလောက်စွဲသတဲ့လားကွယ်။ အမေညှာက ကိုရင်ဂျာရစ်အနား ကပ်ထိုင်းရင်း လက်အုပ်ကလေး ချီလိုက်တယ်။မျက်ရည်တွေကတော့ ဝေ့သီလို့ပေါ့။
” အမေညှာ ”
” မိန့်ပါကိုရင်ရယ်။ မိန့်စမ်းပါဘုရား ”
အမေညှာက ကိုရင့်လက်ကလေးကို ကိုင်ထားရင်း လျှောက်ထားလိုက်တယ်။
” ကိုရင် အမေညှာ့ကို ချစ်တယ်နော် ”
” အမလေး ကိုရယ်ရယ်။ မိညှာကလည်း ကိုရင့်ကို ချစ်ပါသကောဘုရား ”
အားလုံး မျက်ရည်တွေကြားကနေ ပြုံးမိကြတယ်။ ဒါဟာ ပူဆွေးပြုံး၊ သောကပြုံးမှ မဟုတ်ဘဲလေ။ ကြည်နူးပြုံး၊ ကျေနပ်ပြုံး၊ မေတ္တာပြုံးတွေ မဟုတ်လား။အမေညှာ ယုံကြည်ပါ့။
” မေတ္တာခြုံရင် လုံတယ်၊ မေတ္တာဖျန်းရင် လန်းတယ်၊ မေတ္တာထွေးရင် နွေးတယ် ” ဆိုတာကိုပေါ့လေ။ တိုက်နယ်ဆေးရုံရဲ့ အခန်းငယ်လေးဟာ သောကမီးတွေငြိမ်းပြီး၊ မေတ္တာတရားတွေနဲ့ နွေးသောအရိပ်ကလေး ဖြစ်ခဲ့ရပြီ မဟုတ်လား။
#လင်းရောင်နီ(စဘေ)