စိတ်ချခဲ့မည်(စ/ဆုံး)

 

စိတ်ချခဲ့မည်(/ဆုံး)
——————
ဖေဖေ အစ်ကိုတို့အိမ်က ဖေဖေ့ကို ထမင်းစားဖိတ်ချင်လို့တဲ့

ဦးအေးမောင် အံ့အားသင့်သွားမိသည်။

ဟင် သမီးရေ တကယ်လား

တကယ်ပေါ့ ဖေဖေ

ဟိုကွယ် ဖေဖေမသွားချင်ပါဘူး

ဘာဖြစ်လို့လဲ ဖေဖေ

သူတို့က သူဌေးတွေ မဟုတ်လား။ ပြီးတော့ သမီးတို့ချင်းကလည်း လက်ထပ်ကြသေးတာမဟုတ်ဘူး။ စေ့တောင်မစေ့စပ်ရသေးဘူး

ဒါပေမဲ့ ဖေဖေ သူတို့က သမီးတို့ကို အသိအမှတ်ပြုပါတယ်။ ဖေဖေ သွားမယ်မဟုတ်လားဟင်

အေးလေ ဖေဖေသွားလိုက်ပါ့မယ်။ သမီးလည်း ပါမှာပဲမဟုတ်လား

သမီးအလုပ်က ခွင့်ယူလို့မရဘူးဖေဖေ။ မန္တလေးကိုဆိုတော့ ဖေဖေ အနည်းဆုံး တစ်ညအိပ်ရမှာ။ အစ်ကိုက မနက်ဖြန် သူ့မိဘတွေဆီကို ခဏပြန်လိမ့်မယ်။ ဖေဖေ့ကို ခေါ်သွားလိမ့်မယ်။ ဖေဖေ သူနဲ့ပဲ ရန်ကုန်ပြန်လိုက် လာရမှာ

သူတို့က ဖေဖေ့ကို ဘာဖြစ်လို့တွေ့ချင်ရတာလဲ

မစေ့စပ်ခင်မှာ ဖေဖေ့ကိုလည်းသူတို့ တစ်ခုခုပြောချင်လို့ဖြစ်မှာပေါ့။ သွားတွေ့ပေးပါနော်ဖေဖေ

အေးလေ သမီးအတွက်ပဲ ဖေဖေသွားတွေ့ရမှာပေါ့

ဤသို့ဖြင့် ဦးအေးမောင်တစ်ယောက် သမက်လောင်းခေါ်ဆောင်ရာနောက် မန္တလေးကို ပါခဲ့သည်။

ရောက်သည့်နေ့မှာပင် ဦးအေးမောင်နှင့် မောင်မောင်သွင်မိဘများ တွေ့ဆုံကြသည်။ သူ့ကို လက်ဖက်ရည် ဝိုင်းနှင့် ဧည့်ခံသည်။ ဦး‌အေးမောင်မှာ ဆီးချိုရှိသဖြင့် အချိုသောက်၍မရ။ သူ့ရှေ့တွင်ချထားသည့် လက်ဖက်ရည်ခွက်ကို သောက်ရမလား၊ မသောက်ဘဲ ငြင်းလိုက်ရမလား စိတ်ထဲတွင်ဝေဝါးနေသည်။

ဆရာကြီး ဇနီးဆုံးတာ ဘယ်လောက်တောင်ရှိသွားပြီလဲခင်ဗျာ

မောင်မောင်သွင်ဖခင်က မေးသည်။

ကျွန်တော့်ဇနီးဆုံးတာ ၁၅ နှစ် ရှိသွားပြီ

အို သမီးလေး ငယ်ငယ်ပဲရှိဦးမှာပေါ့

နှစ် သမီးလောက်မှာပါ

သမီးလေးက မိတဆိုးလေးဆိုပေမယ့် လိမ္မာပါတယ်

ကျောင်းက ဆရာ၊ ဆရာမတွေ လက်ထဲမှာပဲ ကြီးရတဲ့ကလေးပါဗျာ

ဒါနဲ့ဆရာကြီး ပင်စင်ယူလိုက်တာကြာပြီလား

နှစ်ရှိသွားပြီ

လက်ဖက်ရည်သုံးဆောင်ပါဦးဆရာကြီး

သူက လက်ဖက်ရည်ကို သောက်ရန်ဆုံးဖြတ်လိုက်ပြီး ရှေ့တွင်ချထားသည့်ခွက်ကိုယူကာ မော့ချလိုက်သည်။ ဖြစ်ချင်ရာဖြစ် သူမငြင်းသင့်ဟု ယူဆသောကြောင့်ဖြစ်သည်။ သူအံ့အားသင့်သွားသည်။ လက်ဖက်ရည်က သူသောက်နေကျ ဆီးချိုသမားတွေသောက်သည့် လက်ဖက်ရည်ဖြစ်နေသောကြောင့်ပင်။ ပိုက်ဆံရှိသူတွေ လည်း ဒါမျိုးသောက်သားပဲဟု သူ့စိတ်ထဲတွင်မှတ်လိုက်သည်။

ဆရာကြီး နေ့ခင်းခဏလောက်လှဲပါဦးလား။ တစ်ညလုံးလည်း ကားစီးလာရတာဆိုတော့။ အိပ်ရာကနိုးမှ ရေမိုးချိုးပြီး ထမင်းစားကြတာပေါ့

သူနေ့ခင်း ခဏအိပ်တတ်သည်။ နိုးမှနေ့လယ်စာစားသည်။ သူအိပ်ခန်းထဲဝင်လိုက်သည်။ သူ့အတွက် အိပ်ရာ ပြင်ဆင်ပေးထားသည်။ သူဌေးတွေဖြစ်သောကြောင့် မွေ့ရာတွေအထူကြီးနှင့် အဲကွန်းခန်းထဲ အိပ်ရမည် ထင်ထားသည်။ သူက အဲကွန်းနှင့်ဓာတ်မတည့်။ သူ့အခန်းထဲတွင် အဲကွန်းရှိသော်လည်း ပိတ်ထားသည်။ ခုတင်ကြီးပေါ်တွင် မွေ့ရာမရှိ၊ ဖျာလေးတစ်ချပ်ခင်းထားသည်။ ခေါင်းအုံးတစ်လုံးနှင့် အညာစောင်လေး တစ်ထည်သာချခင်းထားသည်။ သူက ခုတင်ပေါ်တက်ပြီး တိုက်အပေါ်ထပ် လေတဖြူးဖြူးဝင်နေသော ပြတင်းပေါက်ဘေးတွင် ခရီးလည်းပန်းသဖြင့် အိပ်ပျော်သွားသည်။

ဆရာကြီး

သူ့ကို တစ်ယောက်ယောက်က လာနှိုးသဖြင့် လန့်နိုးသွားသည်။

ထမင်းစားဖို့အသင့်ဖြစ်ပါပြီ ၁၂ နာရီထိုးတော့မယ်

ဟုတ်လား အိပ်ပျော်သွားတယ်။ ရေချိုးလိုက်ဦးမယ်နော်

ဟိုမှာ ရေချိုးခန်းပါ

ရေချိုးခန်းထဲတွင် သူသုံးနေကျ ဆပ်ပြတုံးအသစ်လေးကို တွေ့လိုက်ရသည်။

ဟာ သူဌေးတွေလည်း ဒီဆပ်ပြာသုံးသလား

သူကရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်ကိုဆင်းလာသည်။ အောက်ထပ်ထမင်းစားခန်းကြီးက ကြီးကျယ်ခန်းနားလှသည်။ သူ့စိတ်ထင် ထမင်းဝိုင်းကြီးကို ကြီးကျယ်စွာ ပြင်ဆင်ထားလိမ့်မည် ထင်ထားသည်။ သို့သော် သာမန်ကြက်သားဟင်းလေးတစ်ခွက်နှင့် ငါးပိရည် တို့စရာတို့နှင့်ဖြစ်သည်။ တို့စရာကလည်း သူကြိုက်တတ်သည့် ပဲစောင်းလျားသီးပြုတ်၊ ခရမ်းချိုသီးပြုတ်၊ ကြက်ဟင်းခါးသီးပြုတ်တို့နှင့် ဖြစ်သည်။ ငါးပိရည် ကလည်း သူ့အကြိုက် ငရုတ်သီးစိမ်း ငါးပိရည်နှင့်ဖြစ်သည်။

သူတို့အားလုံးလည်း သူ့လိုပင် ငါးပိရည်၊ တို့စရာ၊ ငါးပိချက်တို့နှင့် မြိန်ရှက်စွာ စားကြသည်။ သူက ဧည့်သည်ဆိုပြီး ဝက်သားတွေ၊ အမဲသားတွေ ချက်ကျွေးမည်ကို စိုးရိမ်နေသည်။ သူမစားသောကြောင့်ဖြစ်သည်။ ငါးပိရည် တို့စရာနှင့်ပင် သူ့အတွက် အလုပ်ဖြစ်နေပြီ။

အားလုံး ထမင်းစားပြီးသောအခါ လက်ဖက်ဝိုင်းနှင့် ရေနွေးကြမ်းသောက်ပြီး သားရေး သမီးရေး ကိစ္စများ ပြောကြသည်။ ဦးအေးမောင်က

ကျွန်တော်ကတော့ဗျာ ကျောင်းဆရာအငြိမ်းစားလည်းဖြစ်တော့ ဘာမျှမတတ်နိုင်ပါဘူး။ ကျွန်တော့် သမီးလေးကို သမီးရင်းလေးလိုချစ်ပေးရင်တော်ပါပြီခင်ဗျာ

ကျွန်မတို့မှာလည်း သားလေးကတစ်ယောက်တည်းရှိတာပါရှင်။ သားနဲ့လက်ထပ်တော့ ကျွန်မတို့ သမီးလေး ပါပဲ

ကျွန်တော်တစ်ခုလောက်မေးရမလား

ဘာများလဲဆရာကြီး

ကျွန်တော် အံ့အားသင့်နေလို့ပါ။ ကျွန်တော်သောက်တဲ့ လက်ဖက်ရည်၊ သုံးတဲ့ဆပ်ပြာ၊ ကျွန်တော်ကြိုက်တဲ့ အစားအစာတွေအားလုံးကို ဒီမှာကြုံတွေ့နေရလို့ပါ။ ကျွန်တော်နဲ့ ဒီကနောင်ကြီးတို့ စိတ်ချင်းအကြိုက်ချင်း တူနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ

ဟင်း ဟင်း ဆရာကြီးနှယ် အဲဒါ ဆရာကြီးသမီးလေးရဲ့ အစီအမံတွေပါရှင်။ သူက သူ့အဖေ ဘာတွေ ကြိုက်တယ်၊ ဘာတွေမကြိုက်ဘူးဆိုတာ ကျွန်မသားကို အကုန်ပြောထားတာရှင့်။ သားက ဖုန်းကြို ဆက်ထားလို့ ကျွန်မတို့ သမီးလေးပြောတဲ့အတိုင်း စီစဉ်ထားတာပါရှင်

ဟုတ်လား

မင်္ဂလာစကားကို အောင်မြင်စွာ ပြောဆိုနိုင်ခဲ့သည်။ ဆရာကြီးဦးအေးမောင်အနေဖြင့် ပိုက်ဆံရှိသူတို့က သူ့သမီးလေးကို တင့်တယ်စွာ လက်ထပ်နိုင်ရန် စီစဉ်ထားမှုများကို ဘာမျှ ငြင်းစရာအကြောင်းမရှိ။ ကျောင်းဆရာလုပ်သက် နှစ်ပေါင်း ၃၀ ကျော်သူ့မှာ တစ်ပြားမျှမစုမိ။ ယခုလည်း သမီးလေးက သူ့ကိုလုပ်ကျွေး နေခြင်းဖြစ်သည်။

နောက်တစ်နေ့ သူရန်ကုန်ကို ပြန်ရောက်လာသည်။

ဦးအေးမောင်က ကွယ်လွန်သွားသည့် သူ့ဇနီးဓာတ်ပုံရှေ့သွားပြီး

မသင်းရေ သမီးလေးအတွက်တော့ ငါစိတ်ချပါပြီကွယ်။ ခုနေ မင်းနောက်ကို လိုက်ခဲ့ရမယ် ဆိုရင်တောင် ငါစိတ်ချလက်ချ ပျော်ပျော်ကြီးလိုက်ခဲ့ပါ့မယ်ကွယ် ဟု တိုးတိုးလေးပြောလိုက်သည်။

အလုပ်သွားရန်ပြင်နေသော သမီးက

ဖေဖေ ဘာတွေပြောနေတာလဲဟင်

သမီးရေ သမီးလေး လက်ထပ်ပြီးတော့ သူတို့နဲ့ သွားနေမယ်ဆိုရင်တောင် ဖေဖေ သမီးအတွက် စိတ်ချ ပါပြီကွယ်

သမီးက ဘာဖြစ်လို့ ဖေဖေ့ကိုထားသွားရမှာလဲ။ သမီး ဖေဖေနဲ့ ဘယ်တော့မှ မခွဲဘူး

သမီးရေ ဖေဖေစိတ်အေးရပြီဆိုတာကိုပြောတာပါကွယ်။ တစ်နေ့ ဖေဖေတို့ ခွဲကို ခွဲရမှာပါ။ ရှင်ခွဲ မခွဲရရင်တောင် သေရင်ခွဲကြရမှာပါ။ ဖေဖေစိတ်ချတယ်နော်

အို ဖေဖေရယ်

တင်ညွန့်

၂၀.၁၀.၂၀၂၅