သရက်သီးအလှူ(စ/ဆုံး)
——————–
ကျွန်မတို့ အိမ်ခြံထဲတွင် သရက်ပင် ၁၀ပင်ခန့်ရှိသည်။ ခြံစည်းရိုးနှင့် ကပ်လျက်စိုက်ထားသဖြင့် အကိုင်းအခက်များက ခြံပြင်သို့ ထိုးထွက်နေကြသည်။ ထို့ကြောင့် အသီးချိန်၌ ကလေး၊ လူကြီးအရွယ်စုံတို့က အကင်းမှစ၍ မှည့်ချိန်အထိ လာရောက် ခူးစားကြသည်။ အိမ်တွင်လည်း မိသားစုကနည်းသဖြင့် သီးလာသမျှ သရက်သီးများကို အလှူအဖြစ်သာ သဘောထားသည်။ သို့သော် သရက်စတင်သီးချိန်မှ စ၍ ..
” ဖုန်း…ဗြန်း..ဗြန်း.. ”
” အကင်းလေးတွေပါ အကုန်ကြွေကျကုန်ပြီ၊ နည်းနည်းကြီးမှ ခူးစားကြပါလားဟယ် ”
တုတ်ဖြင့် ရိုက်ချ၍ ကြွေကျလာသော သရက်သီးများထဲမှာ သူတို့လိုချင်သော အရွယ်ကို ရွေးကာ ကောက်ယူပြီး ထွက်သွားလေသည်။ သီးစ အရွယ်ငယ်ငယ် သရက်သီးလေးတွေမြေပေါ်မှာ ပြန့်ကျဲကာ ကျန်ရစ်သည်။
” ဒုန်း..ဘုန်း ”
” ဟဲ့..ကလေးတွေ၊ .ဖျက်လို ဖျက်စီး အပင်ကို ခဲနဲ့မပစ်နဲ့လေ”
” သရက်သီး စားချင်လို့ အန်တီ ”
” ကြီးမှ လာခူးစားကြ..သွား..သွားကြတော့ ”
လုပ်ချင်တာမလုပ်ရ၍ ပေစောင်းစောင်းနှင့် ပြန်ကြည့်ကာ လက်ထဲက အုတ်ခဲတစ်လုံးနှင့် သရက်သီးကို ရအောင် ပစ်ချ ပြီးနောက် ခုန်ပေါက်ပြေးသွားရင်းက မကြားတကြား ပြောသွားကြသေးသည်။
” အဲ့ .အဒေါ်ကြီး.. သောက်ကျင့် ပုတ်တယ် ”
စား၍ မရသေးသည့် သရက်သီးကင်းလေးတွေ မြေပေါ်တွင် ပြန့်ကျဲကာကျန်ရစ်ခဲ့သည်။
” အစ်မ..ကျွန်တော်.သရက်သီးခူးချင်လို့ ”
အသံလာရာ ကြည့်လိုက်တော့ သရက်သီးချိန်ဆိုလျင် မြင်နေကျ မျက်နှာ။ အင်း..
အစ်မ..ဆိုပါလား၊ ခါတိုင်းတော့ ငါ့ကို အန်တီ ခေါ်နေပြီးတော့။
” သရက်သီးက မကြီးသေးဘူးလေ၊ ကြီးမှ ခူးပါလား ”
” ဟိုအပင်က သရက်သီးတွေ ကြီးနေပြီ အစ်မ၊ သရက်သီးကြော်စားချင်လို့ ”
သူပြောမှ သရက်ပင်ကို သေသေချာချာ မော့ကြည့်မိသည်။ ခြံပြင်တွင် အများသူငှာ ခူးစားနိုင်ရန်အတွက် ရည်စူးကာ
အဖေစိုက်ပေးထားသော သရက်ပင် နှစ်ပင် ရှိသည်။ တစ်ပင်က ဒီနှစ် အသီးစောသည်။ သိုသော် ဒီနှစ် အသီးနည်းသလို၊ သီးသမျှထိပ်ဖျားတွင် ချည်းသာဖြစ်နေ၍ လူသူအပေါင်း အန္တရာယ်မှ ကင်းကာ လွတ်လွတ်ကျွတ်ကျွတ် ကြီးလာကြပုံရသည်။
” ဘာနဲ့ ခူးမလဲ ”
” ကျွန်တော့်မှာ တံချုပါလာတယ် အစ်မ ”
ထိုသူအနောက်တွင် ဝါးလုံးကိုင်ကာ တစ်ယောက် ရပ်နေသည်။ အမယ်..သူ့ဝါးလုံးက သရက်သီးခူးဖို့ စပါယ်ရှယ် လုပ်ထားသော သံခြင်းလေးနှင့်၊ အိမ်မှာတောင် သရက်သီးခူးဖို့ ဝါးလုံး မဝယ်ရသေး။ အရင်နှစ်က ဝါးလုံးနှင့်ခြင်းက ဆွေးကာ ပျက်စီးကုန်ပြီ။ ခွင့်ပြုချက်ရသည်နှင့် ဝါးလုံးကိုင်ထားသူက အပင်ပေါ် တက် ဝါးလုံးခြင်းဖြင့်ချိတ်ဆွဲကာ သရက်သီး တစ်ခိုင်ပြီးတစ်ခိုင် ခူးနေတော့သည်။
” အပင်က အသီးနည်းတယ်၊ ကြော်စားဖို့ဆို နှစ်လုံး သုံးလုံးလောက်ခူးရင် ရတယ်မဟုတ်လား၊ နောက်လည်း ခူးစားရအောင် ချန်ထားလိုက်ပေါ့ ”
” ဟိုနားကတစ်ခိုင် ခူးပြီးရင်ရပြီ…အစ်မ ”
ပြောရင်း ၅လုံးတွဲ တစ်ခိုင်ကို မရရအောင် ခူးပြီးမှ ပြန်ဆင်းလာသည်။
” အစ်မကိုလည်း ၂လုံးလောက် ပေးခဲ့ပါဦး၊ ဘေးအိမ်ကို ပေးချင်လို့ ”
ဘေးအိမ်တွင် သရက်ပင် မရှိသဖြင့် ပေါ်ဦးပေါ်ဖျား သရက်သီးကို ပေးချင်သော်လည်း တနှစ်ထက်တနှစ် အပင်တွေကမြင့်လာသဖြင့် ကိုယ်တိုင်ပင် ခူးစားဖို့ မလွယ်တော့။ လာခူးသူတွေဆီက ကိုယ်က ပြန်တောင်းစားနေရသည်။ မုန်တိုင်းကြောက်သဖြင့် အဖေက ခြံထဲက သရက်ပင်တွေကို ခုတ်ထား၍ ဒီနှစ် သရက်သီးရှားသည်။ လက်ထဲရောက်လာသော သရက်သီးကို ကြည့်လိုက်တော့ အတော်ကြီးနေကြပြီ။ သိပ်မကြာခင်မှာ ရင့်မှည့်တော့မည့် အရွယ်တောင် ရောက်တော့မည်။ သို့သော် ကိုယ့်သဘော၊ ကိုယ့်စိတ်တိုင်းကျဆိုတာ အစိုးရတောင် မရှိ။
တစ်ခါ ခွင့်တောင်းပြီးပြီမို့ နောက်ရက်များမှာတော့ ခွင့်မတောင်းပဲ လာတက်ခူးကြတော့သည်။ မမြင်ချင်ယောင်လည်းဆောင်ရသလို၊ ထွက်ပြောရသည့် အကြိမ်ပေါင်းကလည်း မနည်း။ မပြောလျှင်လည်း တစ်ခါထဲနှင့် တစ်ပင်လုံးအပြောင် ခူးသွားကြမည့်ပုံ။
နေ့ဘက်တားတော့ ညဘက် ဝါးလုံးဖြင့် လာရိုက်ချ နေကြပြန်သဖြင့် ညကိုတော်တော်နှင့်မအိပ်တတ်သည့် ကိုယ်ကလည်း အလိုလိုနေရင်း သရက်ပင်စောင့် ဖြစ်လာရတော့သည်။ လှူထားသည် ဆိုသော်ငြား လည်းလေ။
ခြံပြင်ထွက်နေသည့် သရက်ကိုင်းတွေမှ အသီးအမှည့်တွေ ကုန်လျင် အိမ်ခြံထဲက အပင်တွေဆီ ရောက်လာတတ်ကြသေးသည်။
မနှစ်က ဖြစ်သည်။
“ဝုတ်..ဝုတ်.. ”
” အိမ်ရှေ့မှာ ခွေးဟောင်သံ ကြားတယ် ထွက်ကြည့်ကြပါဦး ”
” အဘွားရေ..သမီးတို့ ရွာပြန်မလို့ .. သရက်သီးလာခူးတာ ”
” အော်…အေး..ကြိုက်သလောက်သာ..ခူးသွား.သမီး.. ”
မီးဖိုထဲ ချက်ပြုတ်နေရာမှ အိမ်ရှေ့က သရက်သီးလာတောင်းသူနှင့် အမေ့အသံကို ကြားနေရသည်။ အမေ ရက်ရောတတ်မှန်းသိသဖြင့် သရက်သီးလာတောင်းသည့်သူများက အမေ့ကို မြင်မှသာ တောင်းကြတာများသည်။ အမေ့ရဲ့ လက်သုံး စကား.. ” ကြိုက်သလောက်. ” ဆိုသည့် စကားကို ကြားလျင် လူတွေ ဝမ်းသာကြသည်။ ချက်ပြုတ်ပြီး အိမ်ရှေ့ထွက်ကာ ကြည့်လိုက်တော့ ဆာလာအိတ်နှင့်အပြည့်ထည့်ထားသည့် သရက်သီးအိတ်ကြီး ၂အိတ်ကို မနိုင်မနင်း မြေပေါ် တရွတ်ဆွဲကာ သယ်သွားသည်ကို မြင်လိုက်ရသည်။
နိပါတ်တော်ထဲမှာ ဘုရားလောင်းဘုရင်၏ စွန့်ခြင်းအလှူတွင် ” ငါ့သားသမီး ” ဆိုသော” ငါ ” စိတ် မပြတ်နိုင်သေးကြောင်းကို စူဇကာပုဏ္ဏား ကျေးဇူးကြောင့်သာလျင် သိနိုင်ခဲ့ရသည် မဟုတ်လား။ တကယ်တော့ ဘုရားလောင်း နောက်တစ်ဘဝဆက်ရတာ စူဇကာပုဏ္ဏားတွင် အပြစ်မရှိ။
#စုမင်းမင်းလတ်