“နွားသုံးကောင်”(စ/ဆုံး)
——————–
”သမီးတစ်ကောင်၊ နွားတစ်ထောင်” ဆိုတဲ့စကားက ဒေါ်ပြူးမအတွက် ကြက္တိမွန္သလို၊ ”ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက်” ဆိုတဲ့စကားဟာလည်း မြသွေးအတွက် ရည်ရွယ်ပြီး ရှေးစာဆိုကြီးများက အထင်ကရ ထားခဲ့လေ ရော့သလားမသိ၊ သားသမီးငါးယောက်ထဲက တစ်ယောက်တည်းပါတဲ့ သမီးမြသွေးကို ထိန်းကျောင်းရတာ မလြယ္သလို အသက်အစိတ်ကျော်လာတဲ့အချိန်အထိ တစ်ယောက်ကိုတွဲလိုက်၊ ခွာပြဲလိုက် နောက်တစ်ယောက် ချိန်လိုက်၊ သူများနောက် ပါသွားလိုက်နဲ့ ဆယ့်ငါးနှစ်သာသာကစပြီး ရည်းစားတွေ ထားလိုက္တာ တစ်ယောက်မှအဖတ်မတင်ဘူး၊ ဒီတော့ အပျိုကြီး စာရင်း၀င်လာတော့ မြသွေးကိုဒေါ်ပြူးမကိုယ်တိုင် ရွေးချယ်နေပြီ။
မလှိုင်မြို့က ငါးမိုင်လောက်ေ၀းတဲ့ ဒေါ်ပြူးမတို့နေတဲ့ တမာတန်းရွာလေးမှာ လူပျိုတွေကို စဉ်းစားတော့ ဆိုင်ကယ် ကယ်ရီမောင်းတဲ့ မောင်ထွန်းကို သဘောတွေ့တယ်၊ ကိုယ့်မျက်စိအောက်မှာကြီးပြင်းလာပြီး အသက်သုံးဆယ်နား ကပ်နေတာ တောင် မအေမုဆိုးမနဲ့ မောင်နှမတွေကို လုပ်ကျေွးနေတုန်းပဲ၊ အလိုက်သိတတ်တဲ့ မောင်ထွန်းဟာ ဒေါ်ပြူးမမြို့ပေါ်ဈေးသွား ရင် အိမ်ဆိုင်လေးအတွက် လိုအပ်တာတွေ ဦးဆောင်၀ယ်ပေးတဲ့အပြင် ကယ်ရီခလည်း မယူရွာဘူး၊ မောင်ထွန်းကလည်း မြသွေး ကို မှန်းနေတာကိုး၊ မြသွေးကို သွေးတိုးစမ်းပြီး ဒေါ်ပြူးမမေးကြည့်တယ်။
”ကြိုက်ပါဘူးတော်၊ ထန်းရည်သမားကိုများ”
”ဟဲ့ မြသွေးရဲ့ ယောကျ်ားဆိုတာအရက်၊ ဖဲ ၊ မိန်းမနဲ့ ကင်းတဲ့လူရှိလို့လား၊ ညည်းကြေးများမနေနဲ့၊ မိန်းမဆိုတာ အိမ်ထောင် ပြုသင့်တဲ့အရွယ်ဟာ ဒီအရွယ်ပဲ”
မြသွေးရံှု့မဲ့ကာ ” အေမ့လူက လူလည်ပါ၊ ထန်းရည်သောက်တာနဲ့ ကွမ်းစာတာနဲ့၊ ဆေးလိပ်လည်းပါသေး၊ ဆိုင်ကယ်က အပိုင်လည်းမဟုတ်ဘဲနဲ့ ရသမွ် သူ့အမေကိုအပ်၊ ညီအကိုမောင်နှမတွေကို လုပ်ကြွေးနေတာ သမီးတို့ စားရပါ့မလားအမေရယ်”
မြသွေးရှင်းပြတော့ ဒေါ်ပြူးမစဉ်းစားသွားရပြန်တယ်၊ ဒါပေမယ့် ဒေါ်ပြူးမစိတ်မအေးနိုင်ပါ၊ တစ်နယ်တစ်ကျေးရောက် ပြီး သားမယားတွေကိုသာ လုပ်ကျေွးသမှုပြုနေကြတဲ့ သားလေး (၄)ယောက်ကလည်း မအေနဲ့နှမကို ပေးကမ်းထောက်ပံ့ဖို့ေ၀း၊ သတင်းမေးဖော်တော်မရဘူး၊ မအေနဲ့ သူတို့လားလားမှမဆိုင်သလို နေလေတော့ မြသွေးအိမ်ထောင်ကျရင် အားကိုးရဖို့တွေးပြီး သမီးကို လင်ရစေချင်လှပြီ၊ ဒီတော့ ဒေါ်ပြူးမ အမျိုးတွေဘက်လှည့်ပြီး နီးစပ်ရာကို လှည့်ပတ်ရှာဖွေပေးပြန်တော့ မြသွေးက ခါးခါးသီးသီးငြင်းပြန်ရော၊ အသက်နှစ်ဆယ်ခြောက်နှစ်ထဲ ၀င်လာတော့ အပျိုဟိုင်းကြီးဖြစ်တော့မယ်၊ ဒီထက်အသက်ကြီးသွား ပြန်ရင်လည်း သားအထ မေအအက် ဘ၀ရောက်တော့မယ်၊ ဒေါ်ပြူးမတစ်နေ့တစ်နေ့ မြသွေးကို လင်ပေးစားဖို့ပဲ စဉ်းစားခန်း ထုတ်တော့တယ်၊ ဘယ်လိုစဉ်းစား၊ စဉ်းစား၊ မောင်ထွန်းလောက်သင့်တော်တဲ့ လူမတွေ့ဘူး၊ မြသွေးကို အမျိုးမျိုးစည်းရုံးတော့
”ဒီလောက် သဘောကျနေရင်လည်း အမေယူလိုက်ပါ့လား”
”ငါအသက်ကြီးသွားလို့ပေါ့၊ နို့မို့ဆို ယူတယ္သိလား”
မြသွေးကို ဘယ်လိုဆွယ်ဆွယ်လက်မခံဘူး၊
”ဒါဖြင့် ညည်းကြိုက်သူရှိ ပြောလေ၊ အေမ တော်၏ မတော်၏ စဉ်းစားပြီး ပေးစားမယ်”
”တကယ္လား”
”တကယ်ပေးစားမယ်၊ အရွယ်ရှိတုန်းယူ၊ အမေမရှိရင် အစ်ကိုတွေက အားကိုးရတာ မဟုတ္ဘူး”
ဒီတော့မှ မြသွေးနောက်ဆုံးရည်းစားဖြစ်တဲ့ မန်ကျည်းတန်းရွာက ငြိမ်းချမ်းနဲ့ ကြိုက်နေတဲ့အကြောင်း၊ ငြိမ်းချမ်းကလည်း မြေပဲပေါ်ချိန် လူကြီးစုံနဲ့ လာတောင်းမယ်ဆိုတဲ့အကြောင်း ပြောပြတော့ ဒေါ်ပြူးမရဲ့ မျက်စိတွေက အဆမတန် ပြူးထွက်တော့ တယ်၊
”ဖြစ်မှဖြစ်ရေလေ မြသွေးရယ်၊ ညည်းကောင်က ကိုဘေက်ာ္သား မဟုတ္လား၊ အသက္က ဘာရှိလို့တုန်း၊ တမြန်နှစ်က ပဲရှင်ပြုပြီးတယ်မဟုတ်လား၊ ကလေးမုန့်ပေးကြိုက်နေသလိုဖြစ်ပါ့မယ်အေ၊ ဒီကောင်လေးရှိလှ ဆယ့်ခြောက်နှစ်လားပဲ”
”ဆယ့်ရှစ်နှစ်ပြည့်ပြီးပါပြီအမေရဲ့၊ သမီးကို အရမ်းချစ်တာ၊ သူ့ကိုပဲယူဖို့ ဆုံးဖြတ်ပြီးပြီ၊ သူ့မိဘတွေက ဆိတ်တစ်အုပ်၊ နွားငါးကောင်၊ ယာလည်းရှိတယ်၊ ဆိုင်ကယ်လည်းရှိတယ်၊ အိမ်ကလည်း အိမ်ကြီးရခိုင်နဲ့၊ သမီးတို့ယူပြီးရင် မြေပဲစိုက်ဖို့ ယာ တစ်ကွက်ပေးပြီး စိုက်ခိုင်းမယ်တဲ့၊ အဲဒါသမီးတို့ စီးပွားပေါ့”
ဒေါ်ပြူးမစိတ်ညစ်သွားရတော့တယ်၊ ဒါကြောင့် သင်းအကြောင်းအမျိုးမျိုးပြပြီး မန်ကျည်းတန်းရွာကိုသွားနေတာကိုး။
”ဒါနဲ့ ညည်းပဲ ငရုပ်ဆွတ်လိုက်တုန်းက ပူလွန်းလို့ ဆံပင်ကျွတ်တယ်ဆို၊ မြေပဲပေါင်းနုတ်တော့လည်း နေပူဒဏ်မခံနိုင် ဘူးဆို၊ ခုတော့ ဒါတွေ ထည့်မစဉ်းစားတော့ဘူးလား”
”စဉ်းစားပြီးပြီ၊ သမီးကို ဘာမှမခိုင်းဘူးတဲ့၊ အိမ်မှာပဲနေတဲ့ သူပဲ ဓါးမခါးခ် လုပ်ကျေွးမယ်တဲ့”
”ရှမ်းကြိုက်တော့ နွားချောတာပေါ့အေ၊ ညည်းပြောတဲ့ပစ္စည်းတွေက သူ့မှာရှိတာမဟုတ်ဘူး၊ သူ့မိဘတွေရှိတာ၊ ကလေးတွေ များသနဲ့ တော်ကြာညည်းပါ သူတို့အိမ်က ပဲဆြတ္သမ၊ ငရုပ်ဆွတ်သမဖြစ်သွားပါ့မယ်”
မြသွေးတစ်ချက်တွေေ၀သွားတယ်၊
”သမီးက သူတို့အိမ်လိုက်မနေဘူးလို့ ပြောထားတယ်၊ ပဲခင်း၊ ငရုပ်ခင်းလည်း မလိုက်နိုင်ဘူးဆိုတော့ သူက သမီးတို့အိမ်ကို လိုက်နေမှာတဲ့၊ အလုပ္ကေတာ့ သူ့မိဘတွေနဲ့ပဲ လုပ်မှာပေါ့၊ မနက္သြား ညပြန်ပေါ့”
”လွယ်လိုက်တာမြသွေးရယ်၊ ညည်းထက်ခုနှစ်နှစ်တောင်ငယ်တယ်နော်၊ ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့ စဉ်းစားပါဦးအေ”
”အမေကလည်း မချီရပါဘူး၊ သူက သမီးကိုချီမှာတဲ့ အမေသဘောကျရင် သမီးမီးစိမ်းပြလိုက်တော့မယ်၊ လူကြီးချင်းစကား ပြောပေါ့”
”ယူတာတော့ ဟုတ်ပါပြီ ဘာနဲ့တင်တောင်းမှာလဲ၊ မင်္ဂလာစရိတ်ကရော၊ အမေတို့က ဘာမှရှိတာမဟုတ်ဘူးနော်”
”ဒီအတွက်မပူပါနဲ့ အမေရယ်၊ ငြိမ်းချမ်းက ဆိတ်(၁၀)ကောင်နဲ့ တင်တောင်းမယ်တဲ့၊ မင်္ဂလာခန်း၀င်ပစ္စည်းလည်း သူတို့အား လုံးစီစဉ်မယ်တဲ့”
ဒေါ်ပြူးမစဉ်းစားရပြီ၊ ဆိတ်တစ်ကောင် (၅)သောင်းနဲ့ တွက်ရင် ဆိတ်(၁၀)ကောင်ဆို ငါးသိန်း၊ ဒီဆိတ်တွေ ဆက်ပြီး မွေးရင် နောင်နှစ်တွေမှာ ပွားလာဦးမယ်၊ ဒီတော့ တစ်ချို့တစ်၀က်ကို ရောင်းပြီး အိမ်လေးပြင်၊ ဆိုင်လေးတိုးချဲ့၊ ဆိုင်ကယ် လေးလည်း ရှိတော့ ကယ်ရီဆွဲခိုင်းရင်တော့ မဆိုး၊
လင်ရွေးလှတဲ့ မြသွေး၊ ဒီကောင်လေးနဲ့ကျမှ ဘယ်လိုပါသွားမှန်းမသိဘူး၊ ဒေါ်ပြူးမဆွေတော်မျိုးတော်တွေနဲ့ တိုင်ပင် ရပြီ၊ ညီမတွေကလည်း
”ဖျက်မရမယ့်အတူတူ ပေးစားလိုက်တော့” ဆိုတဲ့ မူချပေးလိုက်တယ်ဆိုရင်ပဲ ဒေါ်ပြူးမခေါင်းညိတ်လိုက်ရတော့တယ်။
————————————
တမာတန်းရွာမှာတော့ အိမ်ကြီးအိမ်ကောင်းရှိသလို မြေစိုက်အိမ်များလည်းရှိကြတယ်၊ ဒေါ်ပြူးမတို့အိမ်က ဒုတိယအမျိုးအစား၊ ခြံကကျယ်ပေမယ့် မြေစိုက်အိမ်ခပ်သေးသေးတစ်လုံး၊ အိပ်ခန်းထဲမှာ သစ်သားကွပ်ပျစ်အပြည့်ရိုက်ထားသလို အိမ်ရှေ့ခန်း ကိုလည်း ကွပ်ပျစ်ပဲ ခင်းထားတယ်၊ ခြေရင်းဘက်ကတော့ မြေကြီး၊ မီးဖိုချောင်ကလည်းမြေကြီးပဲ၊ ရေနံချေးမသုတ်နိုင်လို့ ဖုန် ရောင်ထနေတဲ့ ထရံများလည်း တချို့နေရာတွေမှာ ပေါက်ချင်ချင်ဖြစ်နေပြီ၊ မိုးနည်းအရပ်မို့သာ ဒီအိမ်ဒီလောက်ခံတာလို့ ဒေါ်ပြူးမ မကြာခဏညည်းတွားတတ်သေးတယ်၊ မျဖစ္မေန ပြုပြင်ရမယ့်ကိစ္စရှိရင်တော့ မောင်ထွန်းကို အကူအညီတောင်းရ တော့တယ်၊ ခုလည်း မြသွေးကိုလူကြီးတောင်း(ညှိနှိုင်းစေ့စပ်ပွဲ) လာမယ်ဆိုတော့ ပေါက်နေတဲ့ကွပ်ပျစ်ဖာတန်ဖာ။ ခြံထဲမှာ ရှုပ်ပွ နေတဲ့ သစ်ရွက်ခြောက်တွေ လှည်းကျင်းပြီး ညီမေတြအိမ္က ဖျာအသစ်လေးတွေ ငှားရမ်းထားရတယ်၊ အိမ်ဆိုင်လေးကို ခဏ သိမ်းဆည်းပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင် နဂိုရုပ်မထွက်တဲ့အိမ်က ပြောင်ရှင်းသွားပေမယ့် အိမ္စုတ္ကေတာ့ အိမ်ကောင်း ဖြစ်မလာ၊ ရွာကဆွေမျိုးများနဲ့ ရွာလူကြီးလေးငါးဦးထိုင်ဖို့နဲ့ မန်ကျည်းတန်းက ဘယ်လောက်လာမယ်မသိလို့ သူမ်ားအိမ္က ခုံတန်းရှည်လေးတွေ ခြေရင်းဘက်က မြေကြီးပေါ်မှာ ချခင်းထားရသေးတယ်။ ဧည့်သည်လာရင်ကျေွးမွေးဧည့်ခံဖို့ စူပါ ကော်ဖီမစ်ထုပ်တွေ ရောင်းတဲ့အထဲက အကုန်ထုတ်ထားပြီး၊ ကိတ်မုန့်နှစ်လုံး ၀ယ်ထားလိုက်တယ် အချိုပန်းကန်ကို နှစ်အိမ်၊ သုံးအိမ်စုလိုက်တော့ ဆယ့်ငါးလုံးလောက်ရတယ်၊ ဆင်တူတော့ ဘယ်ရမလဲ။
ချိန်းဆိုထားတဲ့ မနက် (၉)နာရီလောက်မှာတော့ မန်းကျည်းတန်းရွာက ဒေါ်ပြူးမရဲ့ အိမ်ရှေ့မှာ လှည်းသုံးစီးဆိုက် လာတယ်၊ ခေါ်လာလိုက်တဲ့ လူတွေကလည်း လှည်းသုံးစီးအပြည့်၊ သတို့သားလောင်းရဲ့ ညီတွေကလည်း အပြိုင်အရိုင်းနဲ့ ပုစု ခရု လေးတွေတောင်ပါလာတယ်၊ ဒေါ်ပြူးမမျက်စိပြူးသွားရပြန်ပြီ၊ အိမ်နဲ့လူနဲ့မဆံတော့ မောင်ထွန်းဘေးအိမ်တွေက ခုံတန်းနဲ့ ကုလားထိုင်လိုက်စုတယ်၊ (၁၀)ယောက်ကျော်မှန်းထားပေမယ့် လာတဲ့သူက (၃၀)လောက်ရှိတယ်။
မြသွေးကလည်း ကူလုပ်ဖော်မရ၊ အလှပြင်ဆင်လို့ မပြီးနိုင်၊ တကယ်တော့ မြသွေးက အရပ်ပုပျပ်ပျပ်နဲ့ ၀ဖြိုးနေပေမယ့် မျက်နှာလေးက နုပျိုနေတယ်၊ သေချာမပြင်ရပေမယ့် မျက်နှာလေး ပေါ်လွင်နေတယ်၊ ညီညာဖြူဖွေးတဲ့သွား၊ မျက်ခုံးမွှေးက စင်ရော်တောင်၊ နှာတံစင်းစင်းလေးရှိတဲ့အပြင် နက်မှောင်သန်စွမ်းတဲ့ ဆံပင်တွေကလည်း ဆေးသားမကူရဘဲ ဖြောင့်စင်းကာ ခြေသလုံးကျော်ကျော်လောက်ရှိမယ်၊ ဒီအရာတွေက သူရဲ့အလှတရားများပေါ့၊ အဲ မဆိုစလောက်လေး၀နေတာကလွဲရင်ပေါ့ ဒေါ်ပြူးမက သူ့သမီးကိုတစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေတယ်။
သတို့သားလောင်းငြိမ်းချမ်းကိုတွေ့တော့ ရွာကလူတွေရော၊ ဒေါ်ပြူးမပါ အံ့သြကုန်တယ်၊ ရင်းရင်းနှီးနှီးလည်းမရှိလေ တော့ ငြိမ်းချမ်းကိုတလှည့်၊ မြသွေးကိုတလှည့် ကြည့်ပြီး နှိုင်းယှဉ်ကြည့်နေကြတယ်၊ ငြိမ်းချမ်းက မိဘတွေနဲ့ ယာလုပ်တယ် ဆိုပေမယ့် ပင်ကိုယ်အသားဖြူလို့ အသားအေရက အရမ်းကြီးမည်းနက်မနေဘူး၊ အရပ္က မြသွေးထက်နည်းနည်းပိုမြင့်တယ်၊ အသက်(၂၀)မပြည့်သေးတော့ လူပုံကိုကြည့်ရတာ လူလားမမြောက်သေးတဲ့ပုံပေါက်နေတယ်၊ ဒေါ်ပြူးမလိုချင်တဲ့သားမက်က ဒီလိုပံငုမဟုတ် အားကောင်းမောင်းသန် က်ားက်ားလ်ားလ်ား ရုပ်မျိုး၊ ခုတော့ မြသွေးနဲ့ တစ်စက်မှ မလိုက်၊ ဒါပေမယ့်မလည်း လွန်ကုန်ပြီ၊ အရှက်ကွဲမခံချင်တော့ စိတ်ကိုတုံးတုံးချလိုက်တယ်၊ ဧည့်သည်တွေနေရာယူပြီးတော့ မန်းကျည်းတန်းရွာလူကြီးက
”ကဲ ဒေါ်ပြူးမရဲ့သမီးနဲ့ ဟောဒီက ကိုဘကျော်၊ မသိန်းကြည်တို့သား မောင်ငြိမ်းချမ်းတို့ရဲ့ မင်္ဂလာကိစ္စအတွက် လာရောက် တောင်းရမ်းပါတယ်။ ကလေးချင်းလည်း ချစ်ခင်စုံမက်နေတဲ့အတွက် နှစ်ဖက်မိဘညှိနှိုင်းပြီး မင်္ဂလာရက်မြတ်ရွေးကြဖို့ပါပဲ၊ သတို့ သားဘက္က ဆိတ်ငါးကောင်းနဲ့ လက်ဖွဲ့တင်ပါမယ်၊ ဒေါ်ပြူးမတို့ဘက်က လက်ခံနိုင်မယ်ဆိုရင် မင်္ဂလာရက်မြတ်ရွေးမယ်”
”ဆိတ် ငါးကောင်းဆိုတဲ့အသံလည်းကြားရော ဒေါ်ပြူးမ မြသွေးကို ကြည့်လိုက်တယ်၊ မြသွေးကလည်းငြိမ်မနေဘူး၊
”ဟဲငြိမ်းချမ်းနင်ပြောတော့ ဆိတ်ဆယ်ကောင်နဲ့ တင်တောင်းမယ်ဆို ခုဘယ်လိုဖြစ်တာလဲဟာ၊ ငါ့ကိုတစ်ပတ်ရိုက်ဖို့တော့ မကြံနဲ့ နော်”
ငြိမ်းချမ်းမျက်နှာလေးက သေးသေးသွယ်သွယ်လေးဖြစ်ရတဲ့အထဲ ပုရွက်ဆိတ်မျက်နှာလေးလောက်ပဲ ကျန်တော့တယ်၊ ဒီတော့ ငြိမ်းချမ်းအမေ ဒေါ်သိန်းကြည်က တစ်စခန်းထပါလေရော။
”ဟဲ့ကောင် ငြိမ်းချမ်း အမေတို့ဘယ်တုန်းကများ ဆိတ်ဆယ်ကောင်နဲ့တင်တောင်းမယ်ပြောဖူးလို့လဲ ရွိတာမွ အကောင် အကြီး၊ အသေးသုံးဆယ်ပဲရှိတာ၊ မင်းမင်္ဂလာစရိတ်အတွက် ဆိတ်နှစ်ကောင်ရောင်းပြီး ၀က် ၀ယ်ရမယ်လေ၊ ကြည့်လည်း လုပ်ပါဦး ငြိမ်းချမ်းရယ်”
”ငြိမ်းချမ်းခေါင်းစိုက်ကျသွားပုံများ ကြမ်းနဲ့ထိတော့မတတ်ပဲ၊ ဒေါ်ပြူးမ မခံနိုင်တော့ပါ။ အပြောတစ်မျိုးအလုပ်တစ်မျိုး ဘယ်ရလိမ့်မတုံး၊ ပြူးမတဲ့ တစ်ယောက်တည်းရှိတယ်။
”ဒီမယ် ကိုဘကျော် ဆိတ်ဆယ်ကောင်မှ မတင်နိုင်ရင်မပေးစားဘူး၊ ဆိတ်မတင်ရင်တော့ နွားနဲ့တင်တောင်း။ ခင်ဗျားတို့ အိမ်မှာ နွားတွေ၊ လှည်းတွေရှိတာပဲ”
ဒေါ်ပြူးမ ဒီဘက္က မ၀င်တော့ ဟိုဘက်ကဆွဲသွင်းပြီ၊ လူရိုးကြီး ကိုဘကျော် စိတ်အိုက်သွားပုံရတယ်၊
”ဒါဆိုရင်လည်း ဒေါ်ပြူးမတို့ ကျေနပ်အောင် နွားသုံးကောင်နဲ့ တင်တောင်းရင် ကျေနပ်မလား”
”အို — ကိုဘကျော်”
”သိန်းကြည် နင်၀င်မပြောနဲ့”
ကိုဘကျော်ဟန့်တားလိုက်တော့ မသိန်းကြည် တစ်ဖက်လှည့်သွားတယ်၊ ဒေါ်ပြူးမကလည်း နွားသုံးကောင်တန်ဖိုးကို စိတထဲ တွက်ကြည့်နေတယ်၊ တစ်ကောင်ကို (၁)သိန်းကျော်ဆိုတော့ .. ဒါလည်းမဆိုးပါဘူးလို့တွေးမိရင်း
”ဒါဆိုလည်းပြီးတာပဲလေ”
မင်္ဂလာရက်မြတ်ရွေးပြီးမင်္ဂလာဆောင်မယ့်နေရာကို စီစဉ်တယ်၊ ရွာလူကြီး ဦးဘထွန်းက —
”မင်္ဂလာဆောင်ကို မန်းကျည်းတန်းမှာပဲ လုပ်ဖို့စီစဉ်ထားတယ်၊ အိမ်ကလည်းကျယ်၀န်း၊ နေရာထိုင်ခင်လည်းကောင်း တယ်၊ ရွာကလည်းကြီးတော့ မိတ်များတယ်၊ စရိတ်ကျေတဲ့အပြင်အမြတ်ရနိုင်တယ်”
ဒီတစ်ချီမှာတော့ ဒေါ်ပြူးမညီမနှစ်ယောက်က ကက်ကကလန်အောင် ပြန်ပြောကြတယ်။
”မိန်းကလေးအိမ်မှာ မင်္ဂလာဆောင်တာ သဘာ၀ပဲလေ၊ ဘယ်နှယ့်ယောကျ်ားလေးအိမ်မှာဆောင်ရမတုံး၊ ကျုပ်တို့ တော့ ဒီအစီအစဉ်ကို သဘောမတူနိုင်ဘူး၊ မကြီးကရော သေဘာတူလား”
”ထုံးစံမဟုတ်တာဟယ်၊ လုံး၀ သဘောမတူနိုင်ဘူး၊ ဘယ်နှယ့်တော် ထုံးတမ်းစဉ်လာကို ချိုးဖောက်တယ်လို့၊ ဒီလောက် ကတ်သက်နေရင်လည်း မဆောင်ကြနဲ့တော့”
နောက်ဆုံးရွာလူကြီးများ အကြံပေးချက်အရ မင်္ဂလာနှစ်ကြိမ်ဆောင်ဖို့ စဉ်းစားတော့ မသိန်းကြည်က သေဘာမတူဘူး၊
”နှစ်ခါအကုန်မခံနိုင်ဘူး မွေးထားတာ ဒီနွားတစ်ကောင်တည်းမဟုတ်ဘူး” မသိန်းကြည်စကားကြားရတော့
”ဟဲ့ငြိမ်းချမ်း၊ နင်နဲ့ငါတို့ မင်္ဂလာကိစ္စပြတ်ပြီ ပြန်ကြတော့” မြသွေးက ပွဲသိမ်းပေးပေမယ့် ငြိမ်းချမ်းက တရံှု့ရံှု့ငိုတော့တယ်။
”ကဲ အားလုံးစိတ်လျော့ကြပါ၊ ဒီလိုလုပ်ရင်မကောင်းဘူးလား၊ ဖိတ်စာရိုက်ရင် နေရာခွဲရိုက်၊ တမာတန်းမှာရော၊ မန်ကျည်းတန်း မှာရော တစ်ချိန်တည်းကျင်းပ၊ သတို့သား၊ သတို့သမီးက ဆိုင်ကယ်နဲ့ ဟိုဘက်၊ ဒီဘက်ကူးချည်၊ သန်းချည်လုပ်ကြရင်မကောင်း ဘူးလား”
နောက်ဆံးနှစ်ဖက်ရွာလူကြီးတွေ အကြံပေးတော့ ဒေါ်ပြူးမက လက်ခံလိုက်ရသလို မသိန်းကြည်ကလည်း လက်လျော့ သွားရင်း မင်္ဂလာဆောင်ကိစ္စကို နိဂုံးချုပ်တော့တယ်။
———————————
ဒီနေ့ဟာ မန်းကျည်းတန်းရွာနဲ့ တမာတန်းရွာမှာ တစ်ခါမှ မကြုံဖူးတဲ့ သမိုင်းတွင်တဲ့ မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပနေတယ်၊ သတို့ သမီး၊ သတို့သား ဟိုဘက်ရွာပြေးလိုက်၊ ဒီဘက်ရွာပြန်လာလိုက်နဲ့ ခြယ်သထားတဲ့ အလှတွေပျက်အောင် ချေွးဒီးဒီးကျနေ တော့တယ်၊ ငြိမ်းချမ်းက မြသွေးကိုပေးထားတဲ့ကတိအတိင်း မြသွေးအိမ်မှာလိုက်နေမှာဖြစ်လို့ အခန်းအပ်ချိန်မှာတော့ မြသွေးတို့ အိမ်မှာ အုန်းအုန်းထနေတယ်၊ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲနေရာယူထားလိုက်ကြတာ အိမ်ကျိုးကျမတတ်။
”ဟဲ့ကလေးတွေ ခဲဖိုးပေးပါ့မယ်ဟဲ့ အခန်းထဲကို အစုလိုက် တိုး၀င်မနေကြပါနဲ့၊ ပြိုကျသွားပါဦးမယ်”
ဒေါ်ပြူးမက လူတွေရှင်းထုတ်နေရျွှယ်၊ အခန်းအပ်ပြီးလူတွေရှင်းသွားတော့ ဒေါ်ပြူးမက မြသွေးကို ကျိတ်မေးတယ်၊
”မြသွေး၊ အမေတို့ဆီမှာလက်ဖွဲ့ရတာ ငါးသောင်းတောင်မပြည့်ဘူး၊ ဟိုဘက်အိမ်မှာကော ဘယ်လောက်ရမယ် မသိဘူး၊ ညည်းယောက္ခမ မသိန်းကြည်ကစရိတ်တွေ ဘယ်လောက်ဖြောင်ထားဦးမလဲမသိဘူး”
”အမေကလည်း မဟုတ်တာတွေ ပြောတော့မယ်၊ လက်ဖွဲ့လက်ခံတဲ့ မသီပြောတော့ ခုနှစ်သောင်းကျော်တယ်ဆို”
ဒေါ်ပြူးမဘေးကို မလုံမလဲကြည့်ရင်း – ”ဟဲ့ကောင်မ၊ ညည်းပါးစပ်ပိတ်ထား” ဒေါ်ပြူးမက မြသွေးကိုဟန့်တားလိုက်တော့ မြသွေး ငြိမ်ကုပ်သွားတော့တယ်။
ညနေစောင်းတော့ ငြိမ်ချမ်းက ဒေါ်ပြူးမအိမ်မှာ ရရှိတဲ့ငွေတွေယူပြီး မန်ကျည်းတန်းရွာမှာ လက်ဖွဲ့ငွေသွားရှင်းတာ နေ၀င်ခါနီးထိ ပေါ်မလာ၊ ဒေါ်ပြူးမကလည်း တမျှော်မျှော်နဲ့ လည်ပင်းကိုရှည်လို့၊ ပြန်လာရင်လက်ဖွဲ့တင်တဲ့နွားသုံးကောင်ဆွဲလာ မယ်ဆိုတော့ နွားထားဖို့နေရာလုပ်ပြီး နွားရေသောက်ဖို့ နွားစာခွက်ပါ ညီမေတြအိမ္က တောင်းထားလိုက်တယ်။
”မြသွေး မန်ကျည်းတန်းမှာကော လက်ဖွဲ့ ဘယ်လောက်ရတယ်ကြားလဲ၊ စရိတ်စကနုတ်ပြီး ပိုရင်ညည်းတို့ကိုပေးမှာ သေချာရဲ့လား”
”မသိဘူးလေအမေ၊ ငြိမ်းချမ်းပြန်လာရင်သိလိမ့်မှာပေါ့ အမေရယ်၊ ဒီအကြောင်းပဲ အပ်ကြောင်းထပ်နေပြီ ခုဆို၀င်ငွေ ထွက်ငွေတွက်တုန်းနေမှာပေါ့။ ကုန်ကျစရိတ်ပိုရင် သမီးတို့ကိုပေးမှာပါ”
”ပြောနိုင်မလားအေ၊ ညည်းယေက္ခမက မသိန်းကြည်က မိန်းမလည်၊ ဒါထက် လက်ဖွဲ့တင်မယ့်နွားသုံးကောင်ရော ဒီညဆြဲလာမယ္မဟုတ္လား၊ ဘယ်အချိန်လာမှာလဲ၊ ခုထိငြိမ်းချမ်းလည်းမလာသေးဘူး”
”လာမွာပါ အမေရယ်၊ ပူမနေပါနဲ့၊ ဟော ပြောရင်းဆိုရင်း လာပါပြီ အမေ့သားမက်”
ဒေါ်ပြူးမအိမ်ရှေ့ကိုကြည့်လိုက်တော့ ငြိမ်းချမ်းတစ်ယောက် သူ့ဦးလေးနဲ့ အတူ နွားနှစ်ကောင်ဆွဲလာပြီး ခြံထဲ၀င်လာတယ်၊ မြင်ကွင်းကိုကြည့်ပြီး ဒေါ်ပြူးမ အံ့သြသွားတယ်၊ ပြောတုန်းက နွားသုံးကောင်ဆိုပြီ ခုတော့နွားပိန်တရှဉ်း၊ နွားတွေကိုကြည့်တော့ အပိန်တကာ့အပိန်ဆံးနွားတွေ၊ အမဲဖော်ရင်တောင် အသားထွက်မယ့်နွားတွေမဟုတ်၊ အသက်ကြီးလို့ ဘေးမဲ့လွှတ်ဖို့ကောင်း တဲ့ နွားတွေကို ကြည့်ပြီး ဒေါ်ပြူးမစိတ်ကိုမနည်းထိန်းထားရတယ်။
”ဟဲ့ငြိမ်းချမ်း၊ ကြာလှချေလား၊ လက်ဖွဲ့ငွေကော ရှင်းခဲ့လား၊ အပိုအလျှံလေးများ” ဒေါ်ပြူးမစကားမဆုံးခင် ငြိမ်းချမ်း ဦးလေးက ..
”ကုန်ကျငွေက မပိုတဲ့အပြင် ငါးသောင်းလောက်စိုက်ရတယ်၊ ဒါပေမယ့်ကတိအတိုင်းနွားသုံးကောင်လက်ဖွဲ့လိုက်ပါ တယ်တဲ့”
ဒေါ်ပြူးမ ကျီးကန်းတောင်းမှောက်ကြည့်လိုက်တယ်၊ နောက်ကတစ်ကောင်ပါလာနိုးနဲ့ ခြံ၀ကိုမျှော်ကြည့်လိုက်တော့ နွားနဲ့ တူတဲ့ အရိပ်တောင်မတွေ့တော့ နားလည်ရခက်သွားတယ်၊ လက်ဖွဲ့ငွေမပိုဘူးလို့ပြောမှာ ဒေါ်ပြူးမ အစတည်းကသိနေသားပဲ၊ ရှိစေတော့။
”ဟဲ့ငြိမ်းချမ်း နွားသုံးကောင်ဆို တစ်ကောင်ဘယ်ကျန်ခဲ့သလဲကွဲ့”
ငြိမ်းချမ်းကိုမေးပေမယ့် ငြိမ်းချမ်းက ဖြေရခက်ပုံရတယ်၊ သူဦးလေးကပဲ . . .
”ဘယ်မှာမှမကျန်ဘူးတစ်ခါတည်းပါလာတာလေ၊ နွားထီးတစ်ကောင်၊ နွားမတစ်ကောင်၊ ငြိမ်းချမ်းတစ်ကောင်နဲ့ ဆိုတော့ နွားသုံးကောင်ပေါ့ ဟား ဟား”
ဒီတစ်ချီမှာတော့ ဒေါ်ပြူးမရဲ့ ပြူးကျယ်တဲ့ မျက်စိအစုံဟာ ပေါက်ထွက်မတတ် ပြူးကျယ်သွားရပါတော့တယ်။
နီနီနိုင်(သထုံ)
ရွှေအမြုတေမဂ္ဂဇင်း။ ၂၀၁၀ ခုနှစ်။