မြူအဆိုင်းငယ်မှ (ဝတ္ထုတို)

------------------------------------

(၁)
"ရေကြည်သောက်ရင်
မြင်ရမလောက်ပင်
လည်တိုင်သေးပြီး...
နဘေးကြည့်က
သာလို့ ယဉ်
အင်... အင်... အင်"
ပဲလှော်ကြော် သုပ်နေတဲ့ အမေ့ကို ကူလုပ်ပေးဖို့ 'အေးမေ'တစ်ယောက် အိပ်ရာ ခေါင်းရင်း ပြတင်းပေါက်က ကိုယ်တစ်စောင်း ပြူထွက်လိုက်တာ မြင်မှ 'ဓာတ်အိုး'က သီချင်းလေးညည်းလိုက်တယ်။ သောက်လက်စ အုန်းမှုတ်ခွက်ထဲက ထန်းရည်လက်ကျန်ကို ဂွတ်ခနဲ မော့ချလိုက်ပြီး ပါးစောင်ကို လက်ဖမိုးနဲ့ သုတ်လိုက်ရင်း...
"ဆရာတင်က အဲသလို ရေးခဲ့တာက... ကျုပ်တို့ မင်းဂံဘုတ်သူတွေကို မဟုတ်ဘူးဗျ...။ ဟောဒီ အိမ်ရှေ့မင်း ထန်းတောသူတွေ ချောတာ ယဉ်တာ ဖြူတာ နုတာကို ထန်းရည်သောက်ရင်း မြင်ခဲ့လို့ ရေးတာ..."လို့ ပြောတော့ 'အေးမ'က ကြက်သွန်လှီးနေတဲ့ဓားကို ဆောင့်ကြီးအောင့်ကြီးချလိုက်တယ်။
မြူအိုးထဲမှာ ဖင်ကပ်သာ ကျန်တော့တဲ့ ထန်းရည်ကို အနည်မပါအောင် အုန်းမှုတ်ခွက်ထဲ စစ်ထည့်နေတဲ့ ကိုကြီးအောင်မောင်းက 'အေးမ'ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး-
"အခုနေများ ဆရာတင်ရှိလို့ ထန်းတောသူလေးတွေ မြင်ရင်... ဘယ်လို သီချင်းစပ်မလဲဆိုတာ... သိလား... ဓာတ်အိုးရ"လို့ အာလေးလျှာလေးကြီးနဲ့ ပြောတယ်။ 'ဓာတ်အိုး'လည်း ဆေးလိပ်တိုလေးကို ပါးစပ်မှာ ကောက်စွပ်ပြီး... "ဆိုပါဦး ကိုကြီးမောင်ရ"လို့ စကားအထောက်...
"လည်တိုင်တုတ်ပြီး... ထန်းတောသူလေးတွေ ရုပ်က စူတာ ပုပ်တာမြင်လို့ သီချင်းစပ်မှာပေါ့ကွ"လို့ ပြောတော့ ဝါးခနဲ ရယ်ကြတယ်။
ဒီတော့ 'အေးမ'ကလည်း နှုတ်သီး တစ်တောင်လောက်စူပြီး "သီချင်းစပ်ရုံမက... ကက်ဆက်သွင်းပြီး အော်လံကြီးတပ် ဖွင့်တော်...၊ ဂရုမစိုက်ဘူး"လို့ လှမ်းရန်တွေ့လိုက်တာပေါ့။
အမေက 'အေးမ'ဆီက ပဲလှော်သုပ် ပန်းကန်ကို ယူပြီး 'ဓာတ်အိုး'တို့ စားပွဲဆီကို သွားပို့ရင်း... "ကောင်မလေးက ပြောရော့...၊ 'ဓာတ်အိုး'တို့က စနေတာများတော်"လို့ 'အေးမ'ကို ငေါက်သွားသေးတယ်။
အမေချပေးတဲ့ ပဲလှော်သုပ်ကို 'ဓာတ်အိုး'က ဇွန်းနဲ့ မွှေနေရာက...
"ထန်းတောသူတွေ... အင်ဂျယ်သူတွေကို မစ ရဲပါဘူးဗျာ...။ ဘာတဲ့... သူ့အမေ ရွှေလိုဥပါတဲ့ မရွှေဥအမျိုးတွေ မဟုတ်လား...။ နန်းသုံးတော်ဝင်တွေကိုးဗျ...။ အေ့... ထီးကြိုက် နန်းကြိုက် မြို့ကြီးကြိုက်တွေကိုးဗျ...
အို... ဘာတဲ့ တစ်ကြိုက်ထဲကြိုက်တာ ဘာကြောင့်ဆိုသည်... မြို့မက အဟုတ်ကို ယဉ်သည်... ထန်းတောသူတွေ အဟုတ်ကို ယဉ်သည်... အင်ဂျယ်သူတွေ အဟုတ်ကို ယဉ်သည်"လို့ သီချင်းလုပ်ဆို နေသေးသည်။
'အေးမ'က သူတို့ဝိုင်းဘက် လှည့်တောင်မကြည့်တော့ဘူး။ ပြတင်းပေါက် တောင်ဘက် တင်ပါးလေးရွေ့ပြီး ခပ်စောင်းစောင်း မှီနေလိုက်တယ်။
ပြီးတော့... ထင်းမီးဖိုပေါ်မှာ အမဲသားကြော်ရင်း အလုပ်ရှုပ်နေတဲ့ အမေ့ကို ကြည့်နေမိတယ်။
"ကြီးမြ... နောက်တစ်လုံး ဆွဲခဲ့ပါဦးဗျ... ခင်ဗျားဆီက မချရသေးလည်း တခြားတဲက ယူပေးပါဦးဗျာ"လို့ ကိုကြီးအောင်မောင်းက လှမ်းအော်နေပြီ။ 'ဓာတ်အိုး'ကတော့ ပဲလှော်သုပ်တွေ ပါးစပ်အပြည့် ဝါးပြီး...
"ဒီမယ် ကိုကြီးမောင်း၊ ကျုပ်အဘိုးငယ်ငယ်က ဒီထန်းတောမှာ ထန်းရည် လပေးသောက်တာပါဗျ...။ ဘာတဲ့... ကိုကြီးမောင်း၊ အဲ... အဲ... ဘိုကတော်လည်ငြိမ့်တဲ့... ဟိုအိမ်ရှေ့စံ ကိုယ်တော်ကြီးတို့ လက်ထက်ကတည်းက သောက်ခဲ့တဲ့ ထန်းပင်မျိုးဆက်လေ...။ အေ့ အဲဒီ ဘိုကတော်လည်ငြိမ့်ပင်က ထန်းရည်ကို နေ့တိုင်းကြိုက်သလောက် လာသောက်...။ လကုန်မှရှင်း...၊ နှစ်ကျပ်တဲ့ဗျ...။ တစ်လမှ နှစ်ကျပ်...၊ အေ့ ကျုပ်အဘိုးက နန်းတော်ရှေ့ ဆရာတင်နဲ့လည်း သောက်ဖူးတာပဲ...။ နှစ်ယောက်သား ထန်းပင်အောက် ပက်လက်အိပ်ပြီးတော့... ပဲလှော်တွေကို မြေပေါ်ကြဲ...၊ ထန်းရည်သောက်လိုက်၊ ပဲလှော်တစ်စေ့ချင်း ကောက်စားလိုက်၊ အဲ အဲ... အဲဒီလို မျိုးနဲ့ရိုးနဲ့က ဆင်းသက်လာတဲ့ 'ဓာတ်အိုး'ပါဗျ...။ ဒီမယ်... ကိုကြီးမောင်း၊ အခု တစ်မြူဘယ်လောက်တဲ့လဲ၊ (ကိုကြီး 'အောင်မောင်း'က ခေါင်းငိုက်စိုက်ကြီးနဲ့ လက်ငါးချောင်းထောင်ပြတယ်။) ဆန်ဆေး ရေတွေရောတဲ့ ထန်းရေကို ငါးကျပ်တဲ့လား... အို ... ဘာရောရော မူးပြီးရော...
အေးမရေ... နောက်တစ်လုံး... နောက်တစ်လုံး အေ့... အေ့... "
'ဓာတ်အိုး' တော်တော်မူးနေပြီ။ ခက်တော့တာပဲ။ ဒီနေ့ ဥပုသ်နေ့မို့ အေးမ သူတို့ကို ပြန်စေချင်လှပြီ။ တခြားနေ့ဆို ကိစ္စမရှိဘူး မဟုတ်လား။ အခု တစ်လုံး ထပ်ယူခိုင်းပြန်ပြီဆိုတော့ တော်တော်နဲ့ ပြန်ဦးမှာ မဟုတ်ဘူး။ 'အေးမ' စိတ်ညစ်လိုက်တာ။
အမဲသားကြော်နေတဲ့ အမေက မီးဖိုပေါ်က ဒယ်အိုးလေးချတဲ့ပြီး...
"အရှေ့တဲက နှစ်လုံးလောက် သွားဆွဲပေးလိုက်ဦးမယ်...၊ ညည်း ကြက်သွန်တွေ ထပ်သင်ချင် သင်ထားလိုက်လေ"တဲ့။
ထဘီလေးမကာ မကာနဲ့ ခပ်သုတ်သုတ် ထွက်သွားတဲ့ အမေ့ကို ကြည့်ရင်း 'အေးမ' ဝမ်းနည်းသလိုကြီး ဖြစ်လာတယ်။
ဟုတ်တယ်။
အခုလို ဦးလေး 'ရွှေဖီ'တို့ တဲသွားလိုက်၊ အိမ်က အပင်မှာ မြူအိုးတွေ ကောက်ပေးလိုက်နဲ့ အမေတို့ကို ကူလုပ်ပေးချင်လိုက်တာလေ...။
တစ်ယောက်တည်း... ထွန်းကားတဲ့ သမီးလေးရဲ့ အထောက်အခံမရတဲ့အပြင် အမေတို့ခမျာ...။
ဒါတောင် တောင်တော်ပန်းကောက်ပွဲဆို တောင်ထိပ်ထိ 'အေးမ'ကို ချီပိုးခဲ့တဲ့အမေ။ အပျိုပေါက်ဖြစ်မှ ရှက်လို့ 'အေးမ'က မလိုက်တော့တာ မဟုတ်လား။ အခုဆို တောင်ခြေမရောက်တာတောင် သုံး လေးနှစ် ရှိပေါ့။
ဘာပဲပြောပြော ဒီနေ့လိုမျိုးဆို အနောက်နားက ဒီအသံတွေနဲ့ ဝေးချင်လိုက်တာ...။အခုလည်း ကြည့်လေ...
"ရေကြည်သောက်ရင်
မြင်ရမလောက်ပင်
လည်တိုင်သေးပြီး...
နဘေးကြည့်က
သာလို့ ယဉ်"ဆိုတဲ့ အပိုဒ်ကိုပဲ ထပ်တလဲလဲ အာလေးလျှာလေးနဲ့ ဆိုသံတွေ၊ လက်ခုပ်လက်ဝါးတီးပြီး တဟားဟား ရယ်သံတွေ။ 'အေးမ' ထန်းပင်အောက် မွေးလာတာပဲ။ အမူးသမားတွေကြား မွေးလာတာပဲ။ ဒီအသံ ဒီအတွေ့အကြုံတွေနဲ့ ဖက်ကြီးလာတာပဲ။
ဒါပေမယ့် ဒီနေ့ ဒီနေ့လေ... ဘာလို့မှန်းမသိဘူး။ ဒီအသံတွေ မကြားချင်ဘူး။
'ဓာတ်အိုး'တို့ကို ပြန်စေချင်ပြီ။ နောက်ရက်တွေတော့ မိုးလင်းသောက်ကြပါတော်။
'အေးမ'အတွေးတွေ ယောက်ယက်ခတ်နေတယ်။ မချင့်မရဲစိတ်တွေ ဝမ်းနည်းစိတ်တွေ ကဲနေတာပေါ့။
ဘာပဲပြောပြော ဒီနေ့ ဟောဒီတဲမှာ ဘယ်သူမှ လာမသောက်ကြရင် ကောင်းမှာလို့ တွေးနေမိတယ်။ ဟော ပြောရင်းဆိုရင်း 'ဓာတ်အိုး' ကဲလာပုံက...
"စက်ဘီးလေး
ကလင်... ကလင်
လမ်းကြိုလမ်းကြားဝင်
စက်ဘီးလေး
ကလင်... ကလင်
ထန်းတောထဲကိုဝင်
ထန်းပင်အောက်ကိုဝင်"ဆိုတော့ ကိုကြီး 'အောင်မောင်း'ကပါ သံပြိုင်လိုက်အော်လို့။ 'အေးမ'လည်း "သေနာတွေ"လို့ မကြားတကြား ရေရွတ်လိုက်တော့တယ်။
(၂)
မြူအိုးနှစ်လုံးကို ဒရွတ်တိုက် ဆွဲလာတဲ့ အမေ့ကိုမြင်မှ 'အေးမ'သက်ပြင်းချမိတယ်။ အမေက တစ်လုံးကို မီးဖိုဘေးက ခုံရှည်ပေါ်ချပြီး တစ်လုံးကို 'ဓာတ်အိုး'တို့ဝိုင်းမှာ သွားပေးတာပေါ့။ ထန်းရည်အိုးလည်း မြင်ရော ကိုကြီး 'အောင်မောင်း'က...
"ကိုင်း... ဓာတ်အိုး ထ၊ ဒီတစ်အိုးကို ယူသွားပြီး ချောင်းမကြီးမှာ ရေချိုးရင်း ချမယ်... လောကစည်းစိမ်၊ နတ်စည်းစိမ်လေ"လို့ပြောရင်း သူ့လူ 'ဓာတ်အိုး'ကို ဆွဲမ နေတယ်။ 'အေးမ'ဖြင့် ဝမ်းသာလိုက်တာ...။
ပြီးတော့ နှစ်ယောက်သား ဒယိမ်းဒယိုင်နဲ့ ထလာကြပြီး အမေ့ဆီက ပဲလှော်နှစ်ထုပ်ကို ယူတယ်။ တန်းမှာ လှမ်းထားတဲ့ အဖေ့ရေလဲပိုင်းယူပြီး ထွက်သွားကြလေရဲ့။ 'ဓာတ်အိုး'ကတော့ မကျေမနပ် စောင့်ငင်စောင့်ငင်နဲ့ ပါသွားလေရဲ့။အခုတော့... သူတို့ ပြန်သွားလို့ 'အေးမ'ဖြင့် ဝမ်းသာတာတော့ အမှန်။
အမေက မီးဖိုဘေးက ထန်းရည်အိုးကို 'အေးမ' ထိုင်နေတဲ့ ခါးပြတ်လောက်မြင့်တဲ့ ခြေတံရှည်တဲလေးရဲ့ ကြမ်းပေါ်ထိ ပြတင်းပေါက်ကနေ လှမ်းတင်လိုက်ပြီး...
"ကဲ... ငါလည်း ညည်းအဖေ ပြန်မလာခင် အမဲသားလေးတွေ ပြီးအောင် ကြော်လိုက်ဦးမှ...၊ ဒီတစ်လုံးကို ထန်းလျက်တည်းထားလိုက်အေ"တဲ့။
ပြောပြောဆိုဆို မီးဖိုလေးပေါ် ဒယ်အိုးတယ်ပြီး အမေကလည်း သူ့အလုပ်တွေ ဇယ်စက်သလို လုပ်နေပါရော။
'အေးမ'က ထန်းရည်အိုးလေး သူ့နားဆွဲပြီး မလှမ်းမကမ်း ပဲတောင်းထဲက ထန်းလျက်နှစ်ခဲကို သနပ်ခါးတုံးနဲ့ ထုလိုက်တယ်။
အစိပ်စိပ် ကွဲသွားတဲ့ ထန်းလျက်ခဲလေးတွေကို အိုးထဲ ထည့်တယ်။ ဒီတော့မှ မနက်ကတည်းက ဖွက်ထားတဲ့ ထန်းရည်အိုးလေးတစ်လုံးကို သတိရလို့ ပဲတောင်းကြား တင်ပလွှဲရွှေ့ပြီး အိုးလေးပေါ်အုပ်ထားတဲ့ အဖေ့ပုဆိုးကို လှပ်ကြည့်လိုက်တာပေါ့။
အိုးလေးပေါ် ဝေ့ဆူတက်နေတဲ့ ထန်းရည်မြှုပ်တွေကို ပါးစပ်လေးနဲ့ ဖူးခနဲ မှုတ်လိုက်ပြီး ပုဆိုးနဲ့ အသာပြန်အုပ်ထားလိုက်တယ်။
ဒီထန်းတောရဲ့ မျိုးကောင်း အပင်ထဲမှာပါတဲ့ ခေါင်းရင်းအပင်က ချထားတာမို့ အိုးသေးတစ်မြူစာကို မနက်ကတည်းက 'အေးမ'ဖယ်ပြီး သိမ်းထားတာ...။ ဟို သေနာတွေ ပြောတဲ့ ဘိုကတော်လည်ငြိမ့်မျိုးပေါ့။ မနက်ရည် ပင်ပေါ်ကျမို့ အမြှုပ်တစီစီ ထလို့၊ သန်လို့...။
ထန်းရည်အိုးလေးကို ငေးရီကြည့်နေတဲ့ 'အေးမ'ဟာ တင်ပလွှဲ ထိုင်နေရင်း ဒရွတ်လျောရွှေ့ကာ အိပ်ရာလေးဆီ သွားတယ်။
ပြီးတော့ အိပ်ရာထစ သနပ်ခါးလိမ်းရင်း ကြည့်ခဲ့တဲ့ မှန်ကလေးကို ခေါင်းအုံးပေါ်က ဖယ်ပြီး ခဏလှဲနေလိုက်တယ်။ 'အေးမ'လှဲနေတဲ့နားက ကဲလားထောက် ပြတင်းလေးက လှမ်းကြည့်ရင် အရီး'လုံးတင်'တဲဘက်က လမ်းကလေးကို လှမ်းမြင်နေရပြီ။
လမ်းကလေးဟာ... ထန်းပင်တွေ ကြားကနေ 'အေးမ'တို့ တဲခေါင်းရင်းဆီ ဖြတ်သွားတယ်။ ဒီလမ်းလေးက အရီး'လုံးတင်'တို့ ဝိုင်းထဲအလွန် စည်းရိုးနားရောက်တော့ လျှိုကြီးထဲ ငုံ့ဆင်းသွားရော...။ လျှိုကြီးရဲ့ တစ်ကွေ့အတိုင်း လိုက်သွားလို့ ရွာတံခါးပေါက် ရောက်ရင် တောင်ခြေ စောင်းတန်းကနေ တောင်အရှေ့ဘက်ကို ပတ်ပြီး ဖောက်ထားတဲ့ မြေနီလမ်းမကို ဘွားခနဲ တွေ့မှာပါ။
'အေးမ'က ပြတင်းပေါက်ကနေ လမ်းကလေးဆီ လှမ်းကြည့်နေမိတယ်။ အင်ကျယ်ဘုန်းကြီးကျောင်းဟာ ဆွမ်းခံတုံးတောင် ခေါက်ပြီပဲ။ 'အေးမ'မြင်ကွင်းများတော့ လက်ကျန်ဆေးခွက်ထဲက ဆေးတွေကို အုတ်နံရံဆီ ပက်လိုက်လို့ နံရံတစ်လျှောက် ဆေးတွေ စီးကျလာသလို အပြိုင်းအရိုင်း မြင့်မားဖြောင့်စင်းလှတဲ့ ထန်းပင်တွေဟာ မဆန်းတော့တဲ့ မြင်ကွင်း ဖြစ်နေမှာပါ။
ဒါပေမဲ့ အဲဒီမြင်ကွင်းလေးကို ဒီမှာမှ 'အေးမ' ရင်ခုန်စွာ ခံစားနေရသလိုပဲ။ ထန်းပင်၊ ထန်းလက်၊ ထန်းရွက်တွေ ထိစပ်ယှက်မိုးနေတာကြောင့် ထန်းတောလေးဟာ နေရိပ်ကျနေတယ်။ ဝှေ့ယမ်းလာတဲ့ တောင်လေပွေဟာ ပူစပ်စပ်ဖြစ်နေတာမို့ နေကျစ်ပြီး မိုးအုံ့ဟန်တော့ မတူဘူး။ လေပွေမှာ ထန်းရွက်ခြောက် အမှိုက်တွေ လွင့်ပျံ့ပြီး ခဏနေတော့ လေပွေနောက် မလိုက်နိုင်လို့ နေရစ်ရတာချည်းပဲ။ တစ်ချက်တစ်ချက် ဆောင့်တိုက်လိုက်တဲ့ လေကြောင့် ဖြိုးဖြိုးဖျင်းဖျင်းမြည်တဲ့ထန်းရွက်သံတွေသာ မကြားရရင် ဟောဟို သခင်မ တောင်ပေါ် အထက်နန်းဆီက ဆည်းလည်းသံ လွင်လွင်လေးကို ကြားရလောက်အောင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေပါတယ်။
ဒါပေမဲ့ တစ်ခါ တစ်ခါတော့လည်း အင်ကျယ်ရွာအလှူက အသံချဲ့စက် အသံဟာ လေပွေနဲ့ ထန်းတောထဲ အလည်ရောက်လာသေးရဲ့။
အခုလို ငြိမ်သက်အေးဆေးတဲ့ မြင်ကွင်းလေးကို ပြတင်းပေါက်လေးကတဆင့် 'အေးမ' တစ်ယောက် ခံစားနိုင်ပါ့မလား။ ခံစားရော ခံစားနေတယ်လို့ ထင်ပါသလား။ ခံစားနိုင်မယ့် အသိရော ရှိပါသလား။
ဒါပေမယ့် အခု 'အေးမ' စိတ်လှုပ်ရှားနေတာတော့... သေချာပါတယ်။ ပြတင်းပေါက်လေးက 'အေးမ' အကြည့်ဟာ ဆိတ်ငြိမ်ခံစားမှုမှ မဟုတ်ဘဲ။ ရင်ခုန်လှိုက်မောနေပုံပဲ။ ဆန္ဒစောနေသလိုပဲ။
ခဏနေတော့ ပြတင်းပေါက် တဲလားလေးကို ပိတ်လိုက်ပြီး ပက်လက်ကလေး လှန်အိပ်လိုက်တယ်။
လက်ကလေး နှစ်ဖက်ကိုယှက် ရင်ဘတ်ပေါ် လက်တင်လိုက်တော့ ရင်တွေခုန်လို့ပါလား။ ဘာပဲပြောပြော တဲလားလေး ပိတ်ထားလို့ လမ်းကလေးကို မမြင်ရမှ စိတ်သက်သာမလားလို့ပေါ့။
ဒါပေမဲ့...။
အပြင်ဘက်မှာတော့ အင်ကျယ်အလှူက ပြန်လာတဲ့ အဖေ့အသံကို ကြားရပြီ။ အလှူဝတ်ပုဆိုးလဲဖို့ ရေလဲပိုင်းလေးကို မေးလို့ အမေက 'ဓာတ်အိုး'တို့ ယူသွားတယ်လို့ ဖြေသံကြားရတယ်။ အဖေက "ဟာ... ဒီကောင်တွေ လုပ်ပြန်ပြီ"လို့ ညည်းညူရင်း အိမ်ပေါ်က တခြားပုဆိုးတောင်းလို့ ပဲတောင်းကြားက ထန်းရည်အိုးလေးဖုံးထားတဲ့ ပုဆိုးလေးကို လှမ်းယူပေးလိုက်တယ်။
အဲဒီအချိန်လေးမှာပဲ...
အသံလေးတစ်သံ ကြားလိုက်ရတော့ ငြိမ်စပြုနေတဲ့ 'အေးမ'ရင်မှာ မုန်တိုင်းထန်သွားပါပကော...။
(၃)
ကလင်... ကလင်
ကလင်... ကလင်
ကလင်... ကလင်
အဆက်မပြတ် တီးလာတဲ့ စက်ဘီးဘဲလ်သံလေးကို အရီး 'လုံးတင်'တို့ တဲဘက်က လမ်းကလေးအတိုင်း ကြားရပြီ။ လေကလေးက တရွှီးရွှီးချွန်လို့ပေါ့။
ထုံးစံအတိုင်း...
"တောစံပယ်ပန်းတွေက
ဘေးအကျ မွှေးလှတယ်ရှင်
ကျေးဇူးရှင်ရယ်
နေညိုနု မေပျိုဥရဲ့
တော်တော်သခင်"တဲ့လေ။
ခဏနေတော့ စက်ဘီး ဒေါက်ထောက်သံ ကြားရပြီး
"ဟ.. ကိုရင်...၊ ဒီနေ့ နောက်ကျလှချေလား...။ ဘယ့်နှယ်... ပစ္စည်းရောစုံရဲလား...၊ ကျုပ်မှာဖြင့် ဒီမှာ ကြော်ငြာထားရတာနော့..."ဆိုတဲ့ အဖေ့ ဧည့်ထောက်သံ ကြားရတော့တယ်။
"ဦးလေးရာ...၊ ဒီနေ့မှပဲ ဆင်ရွာကြီးဘက်နေ... ကန်သာကို ဝင်ရင်း မြောင်းဘောင်အတိုင်း လာတာဗျ...။ အင်ကျယ်အဝင်မှ လမ်းက ဆိုးလိုက်တာဗျာ...၊ ဆင်းတွန်းနေရတာနဲ့ နောက်ကျသွားတာ... "လို့ ကိုယ်တော်ချော အသံ ကြားရတာပါပဲလေ။
"ကဲ... ကဲ... နားဦး...၊ ဖြည်းဖြည်းပေါ့...၊ အထုပ်ကို ပြီးမှချ"လို့ အဖေက ပြောအပြီးမှာ...
"ကဲ... အဒေါ်ရေ...၊ အမဲကြော်ရပြီလား...၊ ရရင် သုပ်ဗျာ... ပြီးတော့ အသေးတစ်လုံးလုပ်ဗျာ"လို့ လှမ်းမှာသံ ကြားရတယ်။ မကြာပါဘူး။ အမေက...
"ဟဲ့... အေးမ...၊ တကတည်း... တံခါးကြီးပိတ်ထားလိုက်တာ မှောင်လို့...။ မနက်က အိုးလေး လှမ်းပေးလိုက်စမ်း"ဆိုလို့ ပဲတောင်းကြားက သိမ်းထားတဲ့ ပင်ပေါ်ကျ မြူအိုးလေး ယူပေးလိုက်တယ်။
ပြီးတော့...
"ကဲ... အမေသွားပေးလိုက်...၊ ကျုပ် အမဲကြော် သုပ်ပေးပါ့မယ်"ဆိုကာ ပြတင်းပေါက်နား ရွှေ့ထိုင်ပြီး စောစောက ကြော်ထားတဲ့ အမဲသားတုံးလေးတွေ လှီးဖို့ ဒယ်အိုးလေး မမီမကမ်း လှမ်းဆွဲလိုက်တော့ ကိုယ်တစ်ပိုင်း တံခါးအပြင်ဘက် ယိမ်းပြီး ထွက်လိုက်မိတယ်။
မြောက်နား တဲထဲမှာ ကိုယ်တော်ချော မျက်လုံးတွေကို 'အေးမ' ဖျတ်ခနဲ ရင်အဆိုင်လိုက်မိမှာ အရှိန်မသေသေးတဲ့ ဆီပူကြောင့် ဒယ်အိုးလေး ပူလိုက်တာ...၊ ယောင်ယမ်းပြီး ပူပူလောင်လောင်နဲ့ ဆွဲမိတာပေါ့။
ထန်းရည်အိုး ချပေးပြီး ပြန်လှည့်လာတဲ့ အမေက...
"လက်နှီးမပါ၊ ဘာမပါနဲ့အေ...၊ အပူလောင်ပြီးလား"လို့မေးရင်း ဒယ်အိုးထဲက အမဲကြော်တုံးလေးတွေကို စဉ်းတီတုံးလေးပေါ် တင်ပေးပြီး 'အေးမ' ရှေ့တိုးပေးလိုက်တယ်။
ကိုယ်တော်ချောကတော့ တဲကလေးထဲက ခုံရှည်မှာထိုင်ရင်း ဝတ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို ဖြုတ်လို့။ ပြီးတော့ ရင်ဘတ်ဟပြီး ထွက်လာတဲ့ ချွေးသီး၊ ချွေးပေါက်တွေကို လက်ကိုင်ပဝါနဲ့ သုတ်ရင်း ပါးစပ်ကလည်း တဖူးဖူးနဲ့ ရင်ဘတ်ကို မှုတ်နေလေရဲ့။
သူထိုင်နေတဲ့တဲလေးက ထန်းရည်သောက်သူတွေ အေးအေးလူလူနေနိုင်အောင် ဆောက်ထားတဲ့ လေးတိုင်စင် ထန်းရွက်တဲလေး။ အထဲမှာ ရသေ့ကျောင်းလို့ ခေါ်တဲ့ ခုံရှည်နှစ်လုံး မျက်နှာချင်းဆိုင် ချပေးထားပြီး အလယ်မှာ ခပ်အိုအို စားပွဲတစ်လုံး ရှိတယ်။ အဲဒီတဲလေးနဲ့ 'အေးမ'တို့ တဲကြားမှာ ထန်းပင် တစ်ပင်ရှိပြီး ပင်ခြေမြေပြင်ဟာ တလင်းလို ပြောင်လို့ ရှင်းလို့။
အဲဒီ မြေပြောင်ပြောင် ထန်းပင်အခြေမှာ တရုတ်မိန်းမစီး စက်ဘီးလေးထောင်ထားတယ်။ ဘုတ်တင်ပေါ်မှာတော့ ဇင်နက်ပြာအထုပ်ကြီးကို ပလတ်စတစ် လျှော်ပင်တွေနဲ့ ချည်ထားတယ်။
အဖေက လျှော်တွေကို စိမ်ပြေနပြေဖြည်ရင်း...
"ကိုရင်... များများယူခဲ့ပါ ပြောနေတာ...၊ ဒီတစ်ခေါက်လည်း ထူးမခြားနားပါလားဗျ...။ ဒီနှစ် အင်ကျယ်တို့၊ မင်းဂံတို့ မပြောနဲ့၊ ကျုပ်တို့ ထန်းတောတင် နှစ်လှူ ရှိသဗျနော်"လို့ ပြောနေတယ်။
'အေးမ'က အမဲကြော်တုံးလေးတွေကို ဓားနဲ့ ခပ်ပါးပါးလှီးပြီးလို့ စောစောက လှီးထားတဲ့ ကြက်သွန်တွေကို ထည့်လိုက်တယ်။ အမေက ငံပြာရည်ပုလင်းကို မ ကြည့်နေတယ်။ ကိုယ်တော်ချောကတော့ မြူအိုးပေါ်က ထန်းရည်မြှုပ်တွေကို အုန်းမှုတ်ခွက်နဲ့ ကဲ့ပြီး ဖယ်ပစ်ရင်း...
"ပစ္စည်းက သိပ်ရှိတာ မဟုတ်ဘူး...။ အရောင်းအဝယ်က ပါးတဲ့အပြင် အဝင်လည်း နည်း...၊ စျေးလည်း ကမောက်ကမနဲ့...။ ဒါတောင် လက်ကျန် ပစ္စည်းလေးတွေ ယူလာရတာ..."လို့ ပြောတယ်။
တစ်ဆက်တည်း...
"အသုပ်ကလေး မြန်မြန်သုပ်ပါဗျို့...။ ဒီတစ်ခါ ငကုန်း၊ ငကျင်းက လာခဲ့ရလို့ ဗိုက်ထဲလည်း ဘာမှ မရှိတော့ဘူး... ဗျ"လို့ လှမ်းအော်နေတယ်။ "တကတည်း... လောကြီးလိုက်တာတော်"လို့ 'အေးမ'က ပြန်ပြောပစ်လိုက်ချင်ပေမယ့် သူ့မျက်လုံးကြီးတွေ ကြောက်လို့ ငြိမ်နေလိုက်တယ်။
ဒါပေမဲ့ မျက်စောင်းထိုးပြီး လှမ်းအကြည့်မှာ ပြုံးပြတာမြင်ရတော့ 'အေးမ'ရင်ထဲ ကြည်နူးလိုက်တာလို့ ခံစားနေရတယ်။
"ဟ... ဟ... ဖျာတစ်ချပ်လောက် ယူခဲ့ကြပါဦး... ဟ"လို့ အမေ့ကို လှမ်းအော်လို့ အမေလည်း တွေ့တဲ့ဖျာ ဆွဲပြီး အဖေ့ဘေး ချပေးလိုက်တယ်။ ဒီတော့မှ ဇင်ပြာထုပ်ကြီးကို ဖျာပေါ် ဖြေချလိုက်ရော...။ ရောင်စုံအထည်လေးတွေ အထွေးထွေး ကျလာတာပေါ့။
"ဟော... အဆင်ကောင်း၊ အသားကောင်း၊ ပုံကောင်းကောင်း အထည်တွေနော်...။ လာကြ... လာကြ...။ ကလေးဝတ်၊ လူကြီးဝတ်၊ မိန်းမဝတ် အစုံပါတယ်"လို့ အဖေက အော်နေတယ်။
ပြီးမှ ကိုယ်တော်ချောဘက်လှည့်ပြီး...
"ဟ... ကျုပ်မှာလိုက်တဲ့ စွပ်ကျယ်တွေလည်း ပါမလာပါလား...။ ခွီးတဲ့မှ... ဒီတစ်ခါ သေချာပေါက်ပါမှာလို့ ရွာထဲ လှည့်ပြောထားတာ..."ဆိုတော့...
"တရုတ်ပစ္စည်းတွေ စျေးတက်နေတယ်... ဦးလေးရေ"တဲ့၊ လှမ်းအော်လိုက်တယ်။
'အေးမ'က သုပ်ပြီးတဲ့ အမဲကြော်ပန်းကန်ကို အမေ့ကို လှမ်းပေးလိုက်တယ်။
အဖေက အဝတ်တွေ ဖျာပေါ်ပုံပေးပြီး မြောက်ပိုင်း ထွက်သွားလေရဲ့။ မြောက်ပိုင်း 'စိန်အု'တို့ ဝိုင်းဆီက
"လာကြနော်... လာကြ၊ အထည်သည် လာနေပြီ...၊ အထည်သည် လာပြီ"လို့ တကြော်ကြော် အော်သံကြားရတယ်။
ခဏနေတော့ 'မသီမ'တို့၊ 'ဒွေးခင်'တို့၊ 'မအုန်းစိန်'တို့ တဲနီးချင်းတွေ ရောက်လာပြီး အဝတ်ပုံ ဖွကြတာပေါ့။ ကိုယ်တော်ချောက စားပွဲကထလာပြီး အဝတ်ပုံဘေးထိုင်ကာ စပို့ရှပ်အဝါလေးတစ်ထည် 'မအုန်းစိန်'ကို ထုတ်ပြနေတယ်။
အမေက အမဲကြော်သုပ် ပန်းကန်ကို စားပွဲပေါ်ချရင်း... "လာဟဲ့... အရင် သောက်ဦး၊ နေပူခံလေး...၊ ပြီးမှ ရောင်းပေါ့...။ ကောင်မတွေနော် မဝယ်ဘဲ ဟိုမေး သည်မေး လုပ်မနေကြနဲ့..."လို့ လှမ်းပြောတော့မှ ကိုယ်တော်ချောလည်း
"ကဲ... ကဲ... တစ်ရာဖိုး လေးထည်...၊ တစ်ရာဖိုး လေးထည်...။ တစ်ထည်မှ အစိတ်ထဲ၊ ဒီစျေးနဲ့ ဒီပစ္စည်း မန္တလေးမှာတောင် မရဘူးနော်...။ ကျွန်တော်သာ အိမ်ရှေ့မင်း ထန်းရည်လေး စွဲနေလို့ နေပူခံလာရတာဗျ"ဆိုပြီး 'အေးမ'ဆီ မျက်လုံး ဝေ့ကြည့်လိုက်လို့ 'မသီမ'တို့ အုပ်စုက သံကြောင်နဲ့ ''ဟီး... ဟီ''လို့ ရယ်ကြတယ်။
'အေးမ'ဖြင့် ရှက်လိုက်တာ... နေစရာမရှိဘူး။ ပြီးမှ ကိုယ်နဲ့မဆိုင်ဘဲ ရှက်မိတာ တွေးပြီး ပိုလို့ ရှက်သေးတော့တယ်။
(၄)
မကြာပါဘူး။
အဖေ ပြန်လာပြီ။
အဖေ့နောက်က တစ်သီကြီး လိုက်လာကြတယ်။
မြောက်တောက 'ဒွေးလုံ'ရယ်လေ...၊ မြေးတွေကို ခါးထစ်ခွင်ရော လက်ကရော ဆွဲလို့ ခေါ်လာလိုက်တာ။ ဒီနှစ် မြေးတွေ လှူမလို့တဲ့။ မလှူလို့လည်း မဖြစ်တော့ဘူး...။ အကြီးကောင်တောင် လူပျိုဖားဖား ဖြစ်ပေါ့။ ဒါနဲ့ ထန်းငါးပင် ရောင်းလိုက်ရဆိုလား။
'ဒွေးလုံ'က...
"ဟဲ့... ဟဲ့... ဖိုးတာတို့ဖို့ အဖြူထည်လေးတွေ ပြပါဟဲ့"လို့ အော်ရင်း လာနေတယ်။
အဖေကတော့
"ကိုရင်ရာ... စွပ်ကျယ်ပါမလာတာ နာတယ်...။ ကျုပ်တို့ တောဆိုတာ အင်္ကျီမလိုဘူးဗျ...။ ပွဲသွား လမ်းသွား စွပ်ကျယ်သစ်လေး ခေါင်းပေါင်းသစ်လေးနဲ့ဆို ပြီးတာ"လို့ တဖျစ်တောက်တောက် ပြောနေတယ်။
'စိန်အု'က သူ့ကလေးအတွက် အင်္ကျီကို နှစ်ဆယ် ဆစ်နေလို့...
"ကဲ... ကဲ... ယူသွား၊ ခင်ဗျားသားက လူကောင်သေးတော့ ဆိုက်သေးပေးတာ..."ဆိုပြီး အမဲကြော် တစ်ဇွန်းကို ပါးစပ်ထဲ သွတ်ရင်း လှမ်းပြောနေတယ်။
ဒီတော့ 'ဒွေးလုံ'ကလည်း သူ့မြေးအတွက် ယူထားတဲ့ အဖြူလက်ရှည် ငါးထည်ကို တစ်ရာဆစ်ပါလေရော...။
သည်တော့မှ သောက်တော်မူရာက ထပြီး...
"ဒွေးလေးရယ်...၊ အဓမ္မစျေးဆိုတာ မဟုတ်ပါဘူး...။ ဒွေးလေးမြေးတွေလည်း ကြည့်ဦးမှပေါ့...။ ခုနကလေးအရွယ်က ဆိုက်အသေးဆုံးမို့ လျှော့တာပါဗျာ...။
ဒွေးလေးမြေးအရွယ်ဆို မင်္ဂလာစျေးက ကျုပ်အစ်မဆိုင်မှာ သုံးဆယ်တန်အောက် လျှော့မရောင်းပါဘူး...။ ဒီစျေးရောင်းတာတောင် အစ်မနဲ့ သိပ်ကျေလည်တာ မဟုတ်ဘူး... ဆိုင်ကပ်လေးတွေမို့သာ... ကျောင်းမဖွင့်ခင် စပ်ကြား မုန့်ဖိုးလေးမှရရ လုပ်နေရတာပါ...။
ဒွေးလေးတို့လည်း ကားခမကုန်ဘဲ ပစ္စည်းလေးတွေ ရပါစေဆိုပြီး စျေးပိတ်တဲ့ ဥပုသ်နေ့လေးတွေ မနားဘဲ နေပူခံ လာရတာပါဗျာ"လို့ အင်္ကျီလေးတွေ ကိုင်ပြလိုက်၊ ကလေးတွေ ကိုယ်မှာ ကပ်ပြလိုက်ဆိုတော့ 'ဒွေးလုံ' ချွေးခံအိတ်ထဲက ငွေတစ်ရာ့အစိတ် လျောခနဲ ထွက်လာတာပေါ့။
ကိုယ်တော် တော်တော် အပြောကောင်း...။
(၅)
"ကိုရင်... တော်ပြီလား၊ နောက်တစ်လုံး ယူဦးမလား"လို့ အမေက မေးတော့ ခေါင်းကြီးယမ်းပြီး...
"တော်ပြီဗျာ...၊ သိပ်ပူတာပဲ...။ အချိန်ရှိတုန်း မင်းဂံဘုတ်ဘက် သွားလိုက်ချင်သေးတာ...၊ မရောက်တာ လချီ ကြာနေပြီ...။ အကြွေးလေးတွေလည်း တောင်းရင်းပေါ့"လို့ အာလေးလျှာလေးကြီးနဲ့ ပြောတော့ 'အေးမေ'ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ပြီးတော့ နေကို မော့ကြည့်မိတယ်။
အရွက်ချင်း ထိစပ်နေတဲ့ ထန်းပင်တွေရဲ့ ထန်းလက်ကြားက နေခြည်စူးစူးလေးတွေဟာ အနောက်ဘက် ခပ်ယွန်းယွန်းကနေ တလင်းပြင်ဆီ ပြေးဆင်းနေကြတော့... အလွန်ဆုံး ရှိလှ မွန်းတိမ်းရုံပေါ့။
ဘုရား... ဘုရား။
'ဓာတ်အိုး'တို့က ချောင်းမကြီးမှာ သောက်စားပြီး ရေချိုးကြဦးမှာနဲ့ သူကလည်း ချောင်းမကြီး ဖြတ်ပြီးမှ မင်းဂံဘုတ် သွားမှာဆိုတော့...။'
ကိုယ်တော်ချောကလည်း အခါတိုင်း နှစ်မြူလောက်သောက်ပြီး အေးအေးသက်သာနား... နေညိုချိန်မှ ပြန်တာ။ ဒီနေ့မှ ဗြုန်းစားကြီး မင်းဂံဘုတ် သွားမတဲ့။ 'ဓာတ်အိုး'တို့လည်း ဘယ်နည်းနဲ့မှ ရွာပြန်ရောက်မှာ မဟုတ်သေးဘူး။
"ဘာတဲ့... လည်တိုင်သေးပြီး နဘေးကြည့်က သာလို့ယဉ်...ဆိုတာ ဟောဒီ ထန်းတောက အပျိုချောတွေမြင်ပြီး စပ်တာဗျ..."ဆိုတဲ့ 'ဓာတ်အိုး'ရဲ့ ရိတိတိအသံ။
'စက်ဘီးကလေး ကလင် ကလင်... ထန်းတောထဲကို ဝင်'ဆိုတဲ့ ခနဲ့တဲ့တဲ့ အသံတွေ 'အေးမ'နားထဲ ပြန်ကြားနေရတယ်။ မမူးရင် သဘောကောင်းသလောက် မူးရင် ရန်ဖြစ်ချင်၊ ရိုက်ချင်၊ နှက်ချင်၊ သွေးဆိုးချင်တဲ့ 'ဓာတ်အိုး' စရိုက်ကို ငယ်ငယ်ကတည်းက 'အေးမ' သိပြီးသား။
အို...
တောင်တွေး မြောက်တွေးနဲ့ ကိုယ်နဲ့မဆိုင်တာ၊ ကိုယ့်အပူမှ မဟုတ်တာလို့ တွေးမိနေတုန်း ကိုယ်တော်ချောက စားပွဲပေါ် ပိုက်ဆံတွေ ပုံနေတာ မြင်တော့...
"စိန်အု တစ်ထည်၊ ဒွေးလုံ ငါးထည်။ ဟို... သေးတာက သူဖို့နဲ့ ကလေးဖို့ နှစ်ထည်၊ မသီမတို့ အုပ်စုက လေးထည်၊ အားလုံး (၁၂)ထည်။ တစ်ထည်က နှစ်ဆယ်တန်... ငွေကော ကိုက်ရဲ့လား"လို့ အဖေက မေးတော့...
"ရပါတယ်... ကိုက်ပါတယ်... ဦးလေးရ...၊ မကိုက်လည်း အကြောင်းလား... ရွာဆွေမျိုး ရပ်ဆွေမျိုးတွေပဲဟာ...။ ရော့... ဒါက ထန်းရည်ဖိုးနဲ့အသုပ်ဖိုး"ဆိုပြီး ... ဆယ်တန်တစ်ရွက်နဲ့ ငါးကျပ်တန်တစ်ရွက်ထုတ်ပေးနေတယ်။
"ဦးလေးတို့လည်း လိုချင်တဲ့ အထည်ရှိရင် ယူထားလိုက်လေ...။ ရှိမှပေး...၊ ဟို... ဟို..."ဆိုပြီး 'အေးမ'ဘက် လှမ်းကြည့်ပြီးမှ...
"ဟို... ဟို... အေးမဖို့ စပို့ရှပ် အဝါလေး ယူထားပါလား"ဆိုတော့ အဖေက...
"နေပါစေ... မောင်ရာ၊ အေးမလည်း ဘယ်မှ သွားတာ မဟုတ်တာ...။ ကိုရင် ရောင်းကောင်းရင် ပြီးတာပဲ မဟုတ်လား။ ကျုပ်ဆီ ဦးတည်လာတဲ့သူ အဆင်ပြေရင် ဝမ်းသာပါတယ်...။ အရင်အခေါက်တုန်းက ကျုပ်ယူထားတဲ့ ပလေကပ်ဖိုးတောင် ပေးနိုင်သေးတာ မဟုတ်ဘူး"လို့ ပြန်ပြောနေတယ်။
ပန်းကန်ထဲမှာ ကျန်နေတဲ့ အမဲကြော် နှစ်ဖတ်၊ သုံးဖတ်နဲ့ ကြက်သွန်တွေကို ဇွန်းနဲ့ခြစ်ပြီး ပါးစပ်ထဲထည့်ရင်း ကိုယ်တော်ချောက တမြုံ့တမြုံ့ဝါးနေတယ်။ ပြီးမှ လက်ကျန်အထည်လေးတွေကို အိတ်ပြာကြီးထဲစုထည့်၊ ဘုတ်တင်မှာ ကြိုးနဲ့ချည်ရင်း...
"နေမစောင်းခင် ပြန်လာခဲ့မယ် ... ဦးလေး...၊ အပြန်မှာ အရက်လေး တစ်လုံးလောက် ယူသွားချင်လို့ ဆွဲထားလိုက်စမ်းဗျာ"ဆိုပြီး စက်ဘီးလေးကို ထောင်ထားရာက ဒေါက်ဖြုတ်တာ တွေ့လိုက်တယ်။
ပြီးတော့...
'အေးမ'ကို ဖျတ်ခနဲ လှည့်အကြည့် 'အေးမ'က "မသွားပါနဲ့... မသွားပါနဲ့"လို့ တားချင်လိုက်တာ...။
နှုတ်ခမ်းလေး တရွရွလှုပ်လို့။ ရီဝေ မှေးစင်းနေတဲ့ မျက်လုံးတွေရဲ့ အကြည့်က ရဲတင်းလွန်းလို့ 'အေးမ'မျက်နှာလေးနီ မျက်လွှာလေးချလိုက်မှ ဘီးလေးကို စီးထွက်သွားတယ်။ လေလေး တရွှီးရွှီးချွန်လို့။
ဘုရား... ဘုရား။
ချောင်းမကြီးမှာ
'ဓာတ်အိုး'တို့နဲ့ မတွေ့ပါစေနဲ့...။
(၆)
နေကလေး နည်းနည်းစောင်းကတည်းက စက်ဘီးဘဲလ် အသံလေး နားစွင့်နေမိတယ်။ ရင်ခုန်ပြီး မောလိုက်တာ...။စိုးရိမ်စိတ်တွေ ခံစားလိုက်ရတာလို့ 'အေးမ' တွေးနေမိတယ်။
တော်ပြီ...။
သူ့ကို တစ်သက်လုံး မတွေ့မမြင်ရချင် နေပါစေ။
သူပြောပြောနေတဲ့ သူစာသင်တဲ့ တက္ကသိုလ်ဆိုတာဖွင့်ပြီး ကျောင်းတက်နေပါစေ။ ဒါမှ နေမပူမှာ...။ သူ မပင်ပန်းမှာ...။ 'အေးမ'လည်း အခုလို တွေးမပူရမှာ...။ ဟုတ်တယ်။ထန်းတောကို မလာပါနဲ့တော့။ ကျောင်းသွားပါတော့။
ဟော...
စက်ဘီးဘဲလ်သံလား။'ဓာတ်အိုး'တို့နဲ့ မတွေ့ဘူး မဟုတ်လား။ဘာမှ မဖြစ်ဘူး မဟုတ်လား။
စက်ဘီးဘဲလ်သံလေး... နီးလာ ဝေးသွား...။
'အေးမ' ပြေးပြီး ကြည့်ချင်လိုက်တာ...။ အခုတော့...
ငယ်ငယ်လေးတုန်းက အပြင်းဖျားပြီး လှုပ်မရတော့တဲ့ ခြေထောက်ပိန်လှီလှီလေးတွေကို မဆီမဆိုင် ဒေါသဖြစ်နေတော့တယ်။
ဒီအချိန်မှာ... အဖေက သူလာရင် အဆင်သင့်ဖြစ်အောင် ထန်းလျက်အရက်ကို တရုတ်ဘီယာဘူးခွံနဲ့ ထည့်ပြီး စောင့်နေလေရဲ့...။
🔸🔸🔸
(၁၉၉၂ နိုဝင်ဘာ၊ မဟေသီ။)