လမ်းဘေးပန်းကိုပွင့်စေသူ(စ/ဆုံး)
———————————–

“တီ …. တီ …. တီ ….”
ရန်ကုန်မြို့ရှိ ကားလမ်းမကြီးတွင် ပြည့် ကျပ်နေသောကားများ အစီအရီတန်းလျက် တရွေ့ရွေ့လှုပ်ရှားနေသည်။ ထိုကားတန်းထဲ တွင် ဒေါ်ပိုးကြာဖြူ၏ ကားလည်း အပါအဝင် ဖြစ်သည်။ ဆရာမဒေါ်ပိုးကြာဖြူသည် ကျောင်း သို့ ကျောင်းတက်ရန်သွားစဉ်လမ်းတွင် မီးပွိုင့် မိသောကြောင့် ကားကိုရပ်လိုက်၏။
“ဟူး …. ”
မီးပွိုင့်မိ၍ ဒေါ်ပိုးကြာဖြူသည် သူမ၏ ပါးကို ဖောင်းလျက် လေပူတစ်ချက်မှုတ်လိုက် သည်မှာ စိတ်ပျက်သည့်သဘောကို ဆောင်နေ သည်။ ကားမှန်တံခါးကို ချလိုက်သည်နှင့်တစ် ပြိုင်နက် သူမ၏ မြင်ကွင်းထဲတွင် ပန်းကုံးများ ကိုင်ထားသော လက်တစ်ဖက်ကိုသာ တွေ့ လိုက်ရ၏။
“ပန်း ဝယ်ဦးမလား ခင်ဗျာ၊ ဂျာနယ်လည်း ပါပါတယ်”
ကားမှန်ပြတင်းမှ အသံလာရာအောက် ဘက်ဆီသို့ ငုံ့ကြည့်လိုက်သောအခါ အုန်းဆီ ငတ်နေသော ဆံပင်ရှည်ရှည်ပိုင်ရှင် ကလေး တစ်ဦးဖြစ်နေသည်။ လက်တစ်ဖက်တွင် ပန်းကုံးများနှင့် ကျန်တစ်ဖက်တွင် ဂျာနယ် များက သူ၏လက်နှစ်ဖက်တွင် အခန့်သား နေရာယူလျက်-
“သား နာမည် ဘယ်လိုခေါ်လဲ”
“ဖိုးလပြည့်ပါ အန်တီ”
“သား … ကျောင်းမတက်ဘူးလား”
“ဖေဖေက ဈေးရောင်းခိုင်းလို့ သား ကျောင်းထွက်နေရတာပါ။ ကျောင်းလည်း မတက်ချင်တော့ပါဘူး အန်တီ”
ဒေါ်ပိုးကြာဖြူ ခေါင်းတညိတ်ညိတ်ဖြင့် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် “ပန်းကုံးက တစ်ကုံး ဘယ်လောက်လဲ သား”
“နှစ်ရာပါ အန်တီ”
“ဂျာနယ်တစ်စောင်ကရော”
“ခုနစ်ရာပါ အန်တီ”
“ဒါဆိုအန်တီကို ပန်းကုံးက သုံးကုံး၊ ဂျာနယ်က လေးစောင်ပေး၊ ပြီးရင် သားအတွက် မုန့်ဖိုး ငါးရာပါ ထည့်ယူထားလိုက်၊ ပိုတာ အန်တီကို ပြန်အမ်း”
ဖိုးလပြည့်သည် ဒေါ်ပိုးကြာဖြူပေးသော တစ်သောင်းတန်ကို လက်ဖြင့်ကိုင်ထားလျက် တွေဝေနေ၏။
“သား ဘယ်လောက်ပြန်အမ်းရမှာလဲ မတွက်တတ်ဘူး အန်တီ။ ပန်းကုံးတစ်ကုံးဝယ် လို့ ငါးရာတန်ပေးရင် သုံးရာပြန်အမ်းရမယ်။ တစ်ထောင်တန်ပေးရင် ရှစ်ရာပြန်အမ်းရမယ်။ ဂျာနယ်တစ်စောင်ဝယ်လို့ တစ်ထောင်တန်ပေး ရင် သုံးရာပြန်အမ်းရမယ်။ အဲတာတော့သိတယ် အန်တီ၊ အဖေသင်ထားလို့။ ခုလိုပန်းကုံးရော ဂျာနယ်ရောနှစ်ခုလုံးကို များများဝယ်ပြီး မုန့်ဖိုး ပေးတာပါတွက်ရင် သား မတွက်တတ်တော့ ဘူး”
“ဒီလိုမတွက်တတ်ရင် သားကို လူတွေက လိမ်မှာပေါ့။ စာတတ်မှ အလိမ်မခံရမှာ၊ သား စာသင်ချင်လား”
“ဟင့်အင် မသင်ချင်ဘူး။ ဖေဖေကလည်း ဆူမှာ”
“စုစုပေါင်း သုံးထောင့်ကိုးရာ ကျတယ်။ အန်တီကို သားက ခြောက်ထောင့်တစ်ရာ ပြန်အမ်းရမှာ။ ဒါနဲ့သားက နေ့တိုင်း ဒီအနားမှာ ပဲ ဈေးရောင်းတယ်လား”
ဖိုးလပြည့်သည် ပိုက်ဆံကို တစ်ရွက်ချင်း ရေတွက်၍ ပြန်အမ်းရင်း-
“ဟုတ်ပါတယ် အန်တီ၊ သား နေ့တိုင်းဒီမှာ ပဲ ရောင်းပါတယ်”
“တီ …. တီ …. တီ ….”
မီးစိမ်း၍ နောက်မှကားများ ဟွန်းတီးသံ ကြားမှ ဒေါ်ပိုးကြာဖြူ သတိထားမိကာ ကားကို ဆက်မောင်းသွားလေသည်။
နောက်တစ်နေ့တွင် _
“ဟေ့….ညီလေး ပန်းကုံးတစ်ကုံး ဘယ် လောက်လဲ”
“နှစ်ရာပါ ခင်ဗျာ”
“ဂျာနယ်တစ်စောင်ကရော”
“ ခုနစ်ရာပါ”
“ အစ်ကိုကြီးကို ပန်းကုံးလေးကုံးပေး၊ ဂျာနယ်ကရှိတဲ့ဟာ အကုန်ဝယ်မယ်။ ဘယ်လောက်ပေးရမလဲ”
ဖိုးလပြည့် အခက်တွေ့ပြန်လေပြီ။
“ကျွန်တော် များများဝယ်ရင် မတွက်တတ် ဘူး”
“ဒါဆို အစ်ကိုကြီး တွက်ပေးမယ်၊ အဲ ငါးထောင့်ငါးရာကျတယ်၊ ရော့ ….”
ပေးသောပိုက်ဆံကို ကျိုးတိုးကြောင် တောင်ဖြင့် ကြည့်၍ ယူလိုက်သည်။ မောင်း ထွက်သွားသော ကားကိုလည်း ငေးကြည့်နေမိ ၏။
“ဟေ့ကောင် ငါရောင်းခိုင်းတဲ့ ဂျာနယ်တွေ ကုန်ပြီလား”
“ကုန်ပြီ ဖေဖေ၊ ပိုက်ဆံ ဒီမှာပါ”
ဟ…. မင်းပိုက်ဆံက ကိုးထောင်တည်း ပါလား။ ငါရောင်းခိုင်းတာ အစောင်နှစ်ဆယ် တစ်သောင်းလေးထောင်ရရမှာ။ ပန်းဖိုးငွေ ဖယ် လိုက်ရင်တောင် ရှစ်ထောင့်နှစ်ရာပဲ ကျန်တယ်။ ဂျာနယ်တစ်စောင်ကို ငွေတစ်ထောင်တန်နဲ့ ဝယ်ရင် နှစ်ရာတန်နဲ့တစ်ရာတန် အမ်း၊ ငါးထောင်တန်ပေးရင် တစ်ထောင်တန်လေးရွက် နှစ်ရာတန်တစ်ရွက် တစ်ရာတန်တစ်ရွက် အမ်းလို့ သေချာမှာထားရဲ့နဲ့၊ သူများလိမ်တာ ခံလိုက်ရပြီ။ မင်းကတော့ကွာ လုပ်ရင်သေဦး မယ်၊ အသုံးကို မကျဘူး”
ဖိုးလပြည့်သည် ပိုက်ဆံယူကာလှည့်ထွက် သွားသော သူ၏အဖေကိုကြည့်ရင်း လမ်းဘေး ပလက်ဖောင်းပေါ်တွင်ထိုင်လျက် အသံတိတ် ငိုနေသည်။ ခဏအကြာတွင်-
“တီ …. တီ …. ”
“သား …. ဘာဖြစ်လို့လဲ”
“ဟင် …. အန်တီ”
ကားပေါ်မှ ဒေါ်ပိုးကြာဖြူကို ဖိုးလပြည့် တွေ့လိုက်ရ၏။
“ဒီနေ့ဈေးရောင်းတာ သား ပိုက်ဆံမတွက် တတ်လို့ အလိမ်ခံရတယ်။ ငွေတော်တော်ကွာ တော့ ဖေဖေက ဆူလို့ပါ”
“သားကို အန်တီပြောတာပဲ၊ သား စာမ တတ်ရင် အခုအရွယ်ကတည်းက သူများလိမ် တာခံရတယ်။ နောက်ခါ သားဘဝတစ်လျှောက် လုံးမှာ ခုလိုထပ်ပြီး အများကြီး အလိမ်ခံရဦးမှာ ပဲ”
“သား ထပ်အလိမ် မခံချင်တော့ဘူး အန်တီ”
“ဒါဆို သား စာသင်ရမယ်”
“သားတို့က တစ်နေ့လုပ်မှ တစ်နေ့စားရ တာ ဈေးမရောင်းလို့မရဘူး။ ကျောင်းတက်လို့ မရနိုင်ပါဘူး အန်တီရယ်။ ဖေဖေကလည်း ခွင့်ပြုမှာ မဟုတ်ဘူး”
“သားအတွက် အန်တီ အားလုံးစီစဉ်ပေး မယ်။ သား ဈေးရောင်းလည်း မပျက်စေရဘူး၊ စာလည်းသင်လို့ရမယ်၊ အန်တီက ဆရာမပါ။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းကျောင်းမှာ စာသင် တယ်။ ညဘက်ကျတော့ ပရဟိတအဖွဲ့ထဲက ဆရာမတစ်ယောက်အနေနဲ့ စာသင်တယ်။ အန်တီတို့ပရဟိတအဖွဲ့ဝင်တွေ ညဘက်ဆိုရင် ဟိုဘက် ခုံးကျော်တံတားအောက်မှာ သားတို့လို ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် စာသင်ပေးတယ်။ ညနေစောင်းအချိန် အန်တီ တို့အဖွဲ့တွေ အဲဒီနားကိုလာပြီး သားတို့လို ကလေးတွေရောင်းတဲ့ ပန်းကုံး၊ ဂျာနယ်စတာ တွေကို ကူရောင်းပေးတယ်။ ရောင်းတဲ့ပစ္စည်း တွေကုန်ရင် အန်တီတို့က သူတို့လေးတွေကို ညစာ အာဟာရဒါန ကုသိုလ်လုပ်တယ်။ ပြီးရင် ခုံးကျော်တံတားအောက်က သံဆန်ခါ ကာ ထားတဲ့အတွင်းထဲမှာ စာသင်ပေးတော့တာပဲ။ သာကိုလည်း သူတို့လေးတွေလို ပညာသင်စေ ချင်တယ်။ အလိမ်မခံရအောင် ပညာသင်မယ်မို့ လားသား”
ဖိုးလပြည့် အတန်ငယ်စဉ်းစားပြီးနောက် အားပါ၍ပြတ်သားသော အသံဖြင့် ဆုံးဖြတ် ချက်တစ်ခု ချလိုက်သည်။
“သား အန်တီတို့ဆီမှာ ပညာသင်ပါ့မယ်”
“ဒါဆို ဒီနေ့ညနေ သား ရောင်းမယ့် ပန်းကုံး၊ ဂျာနယ်တွေ ယူခဲ့ပြီး ခုံးကျော်တံတားနားကို လာခဲ့။ အန်တီတို့အဖွဲ့ သားကို စောင့်နေမယ်။ ရော့ …. ဒါက ပိုက်ဆံအလိမ်ခံရလို့ လိုတဲ့ပိုက်ဆံ ငါးထောင့်ရှစ်ရာ”
“မယူတော့ပါဘူး အန်တီ”
“ယူပါ သားရယ်၊ သား ဖေဖေကို ပေးလိုက် ပါ။ သား စာတတ်ဖို့အတွက် သားဖေဖေ ပညာ သင်ခွင့်ပြုအောင် စည်းရုံးပြောဆိုဖို့ နောက်ရက် အန်တီတို့အဖွဲ့ သားနဲ့အတူ သားဖေဖေဆီကို လိုက်ခဲ့ပါဦးမယ်။ ဒီနေ့ညနေတော့ အန်တီ ပြောတဲ့ နေရာကို သားလာခဲ့နော်”
“ဟုတ်ကဲ့ …. သား ဆက်ဆက်လာခဲ့ပါ့မယ် အန်တီ”
“အခုလို ကူညီတာ ကျေးဇူးပါပဲ သူငယ် ချင်းရယ်။ ငါ့အစီအစဉ် အောင်မြင်သွားပြီ”
“နင် စီစဉ်တဲ့အတိုင်း ကွက်တိပါပဲ။ နင့်ရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်ကိုလည်း ငါလေးစားပါ တယ်ဟာ။ ငါကတော့ ဒီဇာတ်လမ်းမှာ ပိုက်ဆံ ငါးထောင့်ရှစ်ရာ အပြည့်ပေးရမှာကို မပေးဘဲ လူဆိုးဗီလိန် လုပ်လိုက်ရတာ သူများတွေသိရင် ရိုက်ပေါက်ပဲဟ”
“ငါ အဝေးကနေ ကြည့်နေတာပဲ သူငယ် ချင်းရယ်။ ပြဿနာဖြစ်ရင် ငါလာမှာပေါ့”
“ဟုတ်ပါပြီ ဒါရိုက်တာကြီးရယ်၊ ဟား …. ဟား ….ဟား ….”
ဖိုးလပြည့်သည် ပရဟိတအဖွဲ့မှ သင်ကြား ပေးသော ညဘက်စာသင်ဝိုင်းတွင် နေ့စဉ်နေ့ တိုင်းပျော်ရွှင်စွာ ပညာသင်ယူနေ၏။ ထို့နောက် ဆရာမဒေါ်ပိုးကြာဖြူ၏ စီစဉ်ပေးမှုဖြင့် ကျောင်းပြင်ပပညာရေးနှင့် ချိတ်ဆက်ကာ ပညာဆက်လက် ဆည်းပူးခွင့်ရခဲ့သည်။
ညှိုးနွမ်းတော့မည့် လမ်းဘေးပန်းကို သူ၏ စေတနာ၊ မေတ္တာ၊ ကြိုးစားမှု စသည့်အရာတို့ဖြင့် ပွင့်စေခဲ့လေတော့သည်။ ။

ဇင်ပိုင်ဖြိုး(ကံမ)

ကြေးမုံသတင်းစာ