ကျုပ်က မိထွေးလေ မိထွေး(စ/ဆုံး)
—————————-
ကျုပ်ကမိထွေးလေ မိထွေးဆိုလို့ ကျုပ်တို့ဘုရားရဲ့မိထွေးတော်ဂေါတမီလို မိထွေးတော့မထင်လိုက်ပါနဲ့
ကျုပ်က သူလိုငါလို လူတွေထဲက သူလိုငါလိုမိထွေး
မိထွေးဆိုရင် မကောင်းဘူးလို့ ကျုပ်တို့မြန်မာ့အဖွဲ့အစည်းလူမှုအသိုင်းအဝန်းကဒီလိုပဲပုံသေကားကျမှတ်ယူအရိုးစွဲလာခဲ့ကြတဲ့ မိထွေးမကြီးပေါ့ ကျုပ်က
မြန်မာဇာတ်ကားတွေထဲမှာလည်း တော်တို့ကျုပ်တို့ကြည့်ဖူးလိုက်ရင် ဘယ်မှာတုန်းမိထွေးကကောင်းတာ
လင်ပါသားသမီးကိုနှိပ်စက် လင်ကိုနိုင်အသေချွဲ
ဖအေနဲ့ သူ့သားသူ့သမီး အထင်တွေအမြင်တွေလွဲအောင်ကုန်းချော ကတုန်းကတိုက်လုပ် မိထွေးလောက်နာမည်ပျက်ပြီး မိထွေးလောက်မုန်းစရာ စက်ဆုပ်စရာမရှိအောင်စာရေးဆရာတွေကလည်း ရေးလိုက်ကြတာဆိုတာ
ကျုပ်ပြောမယ် နားထောင်ကြ ငါးထဲမှာ ငါးသလောက်ယောက်ဖဆိုတာကြားဖူးကြလား
ငါးသလောက်လိုအနံ့မျိုးအရသာမျိုးပေးစွမ်းတတ်သလောက် ငါးသလောက်ထက်အရိုးပိုများ ငါးသလောက်ထက်အသားပိုနည်းတတ်လွန်းလို့ စျေးကောင်းမရဘာမရ ကျုပ်တို့ရွာကတံငါသည်တွေကိုယ်တိုင်က
ဒီငါးတွေပိုက်ထဲတိုးလာကြည့်
အိုကွာ ရှုပ်လိုက်တဲ့ ငါးသလောက်ယောက်ဖတွေဆိုပြီး
ငါးပ်ိပဲလုပ်ရလုပ်ရ အနံ့နဲ့စားရသုံးရဆိုပြီး အိမ်ပြန်သယ်လာခဲ့ရတဲ့ငါးတွေ
အေးလေ ကျုပ်တို့မိထွေးတော်တွေကိုလည်းအဲ့လိုကျုပ်တို့ရွာတွေက အဲ့လိုသောက်သုံးမဝင်တဲ့ငါးသလောက်ယောက်ဖနဲ့နှိုင်းပြီး အမေရင်းမရှိလို့သာအစားထိုးသုံးရ မိထွေးကမိထွေးပါတော် ဘယ်မှာလာအမေရင်းလောက်ကောင်းနိုင်ကြပါ့မတုန်း
*****************
ကျုပ်နာမည်က အေးမိစံ တဲ့တော်
ကျုပ်ကိုမွေးတုန်းကဂျပန့်ခေတ်ကိုလွန်ပြီ း လွတ်လပ်ရေးရပြီးကာစ
ကျုပ်က တသွေးတမွေးဖြူဖြူဖွေးဖွေးနဲ့တတုံးတခဲကြီးချောလိုက်သာမှ မူံနေဆိုရောပဲ
မျက်ခွံကမို့မို့ပေမယ့် ကျုပ်မျက်ခုံး မျက်တောင်က လှမှလှ မျက်တောင်မွှေးများဆိုမည်းနက်ကော့ပျံပြီးလန်နေလို့ ကျုပ်ငယ်ငယ်ကကလေးချင်းကစားကြရင်း မျက်တောင်မွှေးပေါ် မီးခြစ်ဆံချောင်းလေးတို့ သစ်သားအစလေးတို့များတင်ကြည့်ကြတာ မျက်တောင်ဘယ်လောက်ခတ်ခတ် ပြုတ်ကိုကျမသွားဘူး။
မျက်ခုံးမွှေးလေးတွေများဆို ကျုပ်တို့အပျိုစင်ခေတ်ကခေတ်ပေါ်သီချင်းတွေထဲကလို သုံးရက်လ ခုံးမျက်စဆိုတဲ့အတိုင်း ကျုပ်မျက်နှာပေါက်က ပြည့်ပြည့်ဝိုင်းဝိုင်း နှာတံကလည်းသေးသေးချွန်ချွန်
နှုတ်ခမ်းလေးများဆို ကျုပ်အဖေတံငါသည်ကြီးပါးစပ်ကခဏခဏကျုပ်ကိုကြည့်ပြီးပြောတတ်တာ ဘာတဲ့
ငါးပူတင်းနှုတ်ခမ်းတဲ့တော် သေးသေးလေးနဲ့စုစုချွန်ချွန်လေးတဲ့တော့် ပြောရမယ်ဆိုတော် ကျုပ်ကမိန်းမချောပဲထားပါတော့။
အဲ့ဒါနဲ့ ဂျပန်မလေးတစ်ယောက်လိုဖြူဖွေးပြီးလှပလွန်းလို့ ကျုပ်အမေနဲ့ကျုပ်အဖေက အေးမိစံဆိုပြီး ကျုပ်ကိုနာမည်ပေးကင်ပွန်းတပ်ခဲ့တာပေါ့….
နာမည်လေးလဲလှ လူလေးလည်းလှသလောက်
ကျုပ်ဘဝက မလှလည်းမလှပါဘူး အေးမိစံဆိုတဲ့နာမည်နဲ့မလိုက်ဖက်အောင် မအေးလဲမအေး မမိလဲမမိ
မစံလဲမစံရပါဘူး။
ကျုပ် အပျိုစင်ပွင့်ဖူး အလှထူးစ တစ်ဆယ့်ခြောက်နှစ်အရွယ်မှာ တစ်ရွာကလာကြက်လာတိုက်ရင်း ကျုပ်အဖေနဲ့အပေါင်းအသင်းဖြစ်နေတဲ့ကိုရင်ငတောဆိုတဲ့သူနဲ့ အနေချင်းနီးစပ် ချစ်ကြိုက်မိကြရင်း
ယောင်နောက်ကိုဆံထုံးပါ တစ်မြို့တစ်ရွာကို အိမ်ထောင်ထူမိခဲ့တယ်ပေါ့။
အရွယ်ချင်းကတော့သိပ်မကွာလှပေဘူး ကျုပ်ကတစ်ဆယ့်ခြောက်နှစ် ကိုရင်ငတောက တစ်ဆယ့်ကိုးနှစ်
အရွယ်နဲ့မလိုက် အရပ်တကာကြက်တစ်ကောင်ပိုက်ပြီးကြက်လည်တိုက်ရင်း ဝါသနာတူကျုပ်အဖေနဲ့ခင်မင်ရင်းနှီးရာက အိမ်ပါလာကျုပ်နဲ့တွေ့ပြီးနှဖူးစာရွာလည်ကြတယ်ပဲထားပါတော့။
ကိုရင်ငတောမိဘတွေကလယ်နဲ့ကျွဲနဲ့အဆင်ပြေပြေပုံတွေပါပဲ သူ့ထက်အကြီးတွေရှိကြပေမယ့် အကုန်လုံးကသူဟာနဲ့သူ အိမ်ထောင်တွေအသီးသီးကျ အိုးခွဲအိမ်ခွဲကုန်ကြပေါ့ ကိုရင်ငတောက ငယ်ငယ်ထဲကကြက်ဝါသနာပါချက်က မိဘတွေက ဘုန်းဘုန်းကျောင်းမှာကိုရင်စည်းပေးထားတဲ့ကြားက ကိုရင်ဝတ်နဲ့ကြက်တိုက်တိုက်နေလို့ ကျောင်းထိုင်ဘုန်းတော်ကြီးကမနိုင်တော့ သူ့မိဘကိုခေါ်ယူပြန်အပ်ရတဲ့ဆီရောက်ရင်း…..
မိဘကိုလည်း လယ်ထဲအိမ်ထဲဝိုင်းမကူ ကြက်တစ်ကောင်ပိုက်ပြီးရွာတကာ့ရွာလယ်ထန်းရည်သောက်ကြက်တိုက်နေတဲ့လူ့ဘော်ကြော့ကြက်သမားကိုမှ ကျုပ်အေးမိစံလင်တော်မိလေတော့
ကျုပ်မှာ ကလေးတစ်ကောင်ရလည်း လူမွေးမပြောင်
နှစ်ကောင်ရလည်း လူမွေးမလှ
သုံးကောင်လည်းရရော ကိုရင်ငတောလည်း ရွာတစ်ရွာကကြက်ဝိုင်းမှာ ကြက်တိုက်ရင်း ခိုက်ရန်ဖြစ် တစ်ဖက်လူက ဓါးနဲ့မွှေ့လိုက်လို့ နေရာတင်အူတွေအခွေလိုက်ထွက်ပုံကျရင်း ပွဲချင်းပြီးပါရောလား….
အဲ့ဒါနဲ့ ကျုပ်အေးမိစံမခမျာ သားသုံးကောင်ပွေ့ပိုက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်မိဘအိမ်ကိုပြန်ရောက်ရပါပေါ့
ယောက်ခမဖြစ်သူက တားပါသေးတော် ဒါပေမယ့်လို့
ယောက်ခမ အမကြီးကသေတာ သူ့သားနဲ့သိပ်မကွာလေတော့ ဒီယောက်ခမအဖိုးကြီးနဲ့ကျုပ်ချွေးမငယ်ငယ်လေး ဘယ်လာသင့်တော်ပါ့မလည်း
အဲ့ဒီတော့ ကျုပ်ရွာ ကျုပ်ပြန်လုပ်ကိုင်စားပါရစေ
သားတွေရှေ့ရေးကရှိနေလို့ပါတော်လို့ အကြောင်းပြ။
ကျုပ်ရွာကျုပ်ပြန်ရောက်တော့ လင်သေမုဆိုးမကျုပ်ကအသက်က သုံးဆယ်နားသီသီစွန်းစ
ကျုပ်လုပ်တတ်ကိုင်တတ်တာက ရွာ့ဓလေ့ရွာ့အလုပ်တွေကလွဲဘာရှိလို့တုန်း စပါးပေါ်ချိန် စပါးရိတ် ကောက်စိုက်ချိန်ကောက်စိုက် ဓနိပျစ်ချိန် ဓနိပျစ်ပေါ့တော်
သားအကြီးကိုတော့ ဘုန်းကြီးကျောင်းသွားပို့ကိုရင်စည်းပေးထားလိုက်တယ် အလတ်ကောင်နဲ့အငယ်ကောင်က တစ်နှစ်ပဲခြားမွေးထားလေတော့ မသိတဲ့သူဆိုအမြွှာလားထင်ရ သူတို့နှစ်ကောင်ကိုတော့ ရွာကျောင်းကလေးတန်းထိပဲသင်ပေးတဲ့ကျောင်းဆိုတော့အဲ့မှာ လေးတန်းထိတက်ခိုင်းထား…..
ကျုပ်အဖေနဲ့အမေလဲ အိုလှပေါ့ သမီးလေးတစ်ယောက်အသက်ကြီးမှမွေးထားရလို့ဖူးဖူးမှုတ်ချစ်မြတ်နိုးခဲ့ကြသမျှ လင်စံရွေးလင်ခွေးနဲ့ညားဆိုသလို အပိ်ျုစင်ဘဝ
ချစ်ကြိုက်တဲ့သူတွေထဲက ပိုက်ဆံရှိ အလုပ်လဲလုပ်ကြတဲ့လူတွေကိုငြင်းလွှတ်မိတဲ့ ကျုပ်ဘဝ မုဆိုးမဘဝနဲ့
ဆယ်နှစ်စွန်းစွန်း လုပ်ကိုင်စားသောက်နေရလည်း
ဘယ်သုကမှ ဆေးဖော်ကြောဖက်အလုပ်မခံရပါဘူး
မလုပ်ဆို
အပျိုစင်ဘဝတုန်းက ချောလှသိမ်မွေ့လှသလောက်
အိမ်ထောင်သည်ဘဝလင်ကအရက်သောက်ထန်းရည်မူးကြက်တိုက်နေလေတော့ နေ့စဉ်နဲ့အမျှ ဒူးနဲ့မျက်ရည်သုတ်ရရင်း ဒေါသတွေထွက်တဲ့အခါထွက်ရ
လင်မယားချင်းသတ်ပုတ်စကားများရတာတွေလဲအခါခါရှိခဲ့ဖူးလေတော့ ကျုပ်ရုပ်က အိုစာကျ
နှုတ်ကလည်း ဘဝကကြမ်းတော့ အလိုလိုနှုတ်ပါကြမ်းချင်လာရောလေ ကျုပ်တို့နဲ့ဘဝတူ လင်ဆိုးမယားကြက်သမားဖဲသမားအရက်သမားမယားတွေကလည်းခပ်များများမဟုတ်လား အဲ့ဒီတော့ ဘဝတူမိန်းမချင်းစု
ရုတ်ရုတ်ရင်းရင်းတွေပြောကြဆိုကြဆက်ဆံကြနဲ့
ဟိုတုန်းက ဂျပန်မနဲ့တူတဲ့ အေးမိစံဆိုတဲ့ကျုပ်
နှုတ်ကြမ်းလျှာကြမ်း ဒေါ်အေးမိကြီးကို ဖြစ်လို့
အဲ့ကြားထဲ လင်ကြက်သမား ဉာဉ့်နက်အချိန်မတော်အိမ်အပြန်ကိုငုတ်တုတ်ထိုင်ထိုင်စောင့်ရင်း ယောက်ခမအမယ်ကြီးသောက်တဲ့ဘော့ဖြူဆေးပြင်းလိပ်ကြီးတွေပျင်းတာနဲ့ယူသောက် ယူသောက် အသောက်ကောင်းလို့ ဆေးလိပ်ကစွဲနေသေး…..
အဲ့လိုနဲ့ပဲတော်ရေ ကျုပ်အသက်လေးဆယ်ကိုကျော်လို့တစ်နှစ်စွန်းစမှာ ကျုပ်တို့ရွာက ကျုပ်နဲ့ဆို ငယ်သူငယ်ချင်းပါပဲ ငယ်ငယ်ကကစားဖော်ကစားဖက်
တစ်ယောက်ကျောပေါ်တစ်ယောက်ခွတက် ထုပ်ဆီးတိုးခဲ့ကြ စိန်ပြေးတမ်းကစားခဲ့ကြဖူးတဲ့ ဖိုးအေးဆိုတဲ့မုဆိုးဖို ပူပူနွေးနွေးကြီးနဲ့ ကျုပ်ကို အဖေတို့အမေတို့ဆွေမျိုးသားချင်းတို့တစ်တွေက အိမ်ထောင်ချပေးကြပါရောလား…..
ဒီဖိုးအေးဆိုတဲ့ လူက အမည်နဲ့လိုက်အောက်အေးချက်ကကမ်းကုန်နေရော ငယ်ငယ်ထဲကအေးတိအေးစက် မခုတ်တတ်တဲ့ကြောင် ကစားဖော်ကစားဖက်တွေထဲမှာ သူ့ဘာသူဘယ်သူတွေနဲ့မှမရောမယှက် သီးသန့်ထွက်ပြီးနေတတ်တဲ့ကောင်ပေါ့တော် အရွယ်လေးရောက်လာတော့ တရွာထဲနေတဲ့ မိစိန်သန်းနဲ့အကြောင်းပါပြီး ကိုယ့်ရွာမှာပဲကိုယ်နေထိုင်လုပ်ကိုင်စားကြရင်းအသင့်အတင့်ချောင်လည်ပါ့။
မိစိန်သန်းကလည်း ကျုပ်နဲ့ငယ်ပေါင်းသူငယ်ချင်းပါပဲ
ဒါပေမယ့် ကျုပ်နဲ့ကတစောင်းစေးနဲ့မျက်ချေးဆိုသလို
သိပ်မတည့်ကြဘူး ခဏခဏရန်ဖြစ်စကားများ ငြင်းခုန်ကြဖူးသူတွေ အရွယ်ရောက်လာတဲ့ထိ ငယ်ငယ်ကအရှိန်တွေနဲ့သိပ်ပြီးအရောတဝင်မရှိလှဘူး သူကလဲကျုပ်ကိုမြင်တာနဲ့မဲ့ရွဲ့ ကျုပ်ကလည်းသူ့ကိုမြင်တာနဲ့ကဲ့ရဲ့
အဲ့လိုနေကြတာ စကားကတော့ လူချင်းတွေ့ရင်ခေါ်တခွန်းမေးတခွန်းတော့ရှိပါရဲ့ များသောအားဖြင့် မတည့်ကြဘူးဆိုပါတော့……
အဲ့လိုနဲ့ မိစိန်သန်းတို့အိမ်ထောင်သက်နှစ်ဆယ်ကျော်ကြာမှ ကံပေါ်တဲ့ကလေးက မိန်းကလေး ကျုပ်ရဲ့လင်ပါသမီးဖြစ်လာမယ့်သူ…..
သူလေးကိုမွေးပြီးတစ်နှစ်ကျော်ကျော်အကြာမှာ အမျိုးသမီးရောဂါနဲ့ မိစိန်သန်းတစ်ယောက် ဘဝတစ်ပါးကိုပြောင်းသွားတယ်ဆိုပါတော့။
အဲ့မှာ လယ်ကငါးဧက နွားကတစ်ရှဉ်းနဲ့ ခြံကလေးဝိုင်းကလေး လက်ဝတ်လက်စားအနဲကျဉ်းကျန်တာလေးနဲ့
ကိုဖိုးအေးတစ်ယောက်သမီးတစ်နှစ်ခွဲသာသာက်ိုလက်မှာဆွဲလို့ မနိုင်မနင်းတွေဖြစ်ကုန်တယ်…..
မိန်းမဆုံးပြီး မိန်းမဘက်ကခယ်မအပျိုကြီးတစ်ယောက်နဲ့ပြန်လက်ဆက်ဖို့ အမျိုးတွေဘက်ကကြိုးစားသေးတယ်ဆိုတာပဲ ဟိုအပျိုကြီးကခါးခါးသီးငြင်းလွှတ် သူ့အစ်မကမွေးတဲ့တူမငယ်ငယ်လေးတော့မွေးစားပါရစေတောင်းတယ်ဆိုလား……
ဒါကျတော့ အသက်ကြီးမှ ရှားရှားပါးပါးမွေးထားရတဲ့သူ့သမီးတော့ ဖိုးအေးလူရိုးကြီးက ခပ်မာမာငြင်းထုတ်သတဲ့တော်။
အဲ့လိုနဲ့ မုဆိုးဖို ပူပူနွေးနွေး ကျုပ်နဲ့ငယ်ဖော်ကစားဖက်သူငယ်ချင်းနဲ့ ကျုပ်ကို လူကြီးသူမတွေကစပ်ဟပ်ပေးစားကြ ဖိုးအေးက ကျုပ်ကိုငယ်တုန်းကတစ်ဖက်သတ်ချစ်ကြိုက်ကြိတ်ပိုးခဲ့သေးလေတော့ သူကလဲမငြင်း ကျုပ်ကလည်း အရင်လင်ကြက်သမားထက်သာတဲ့လူရိုးလူကောင်းလင်ကိုမတော်ချင်ပဲနေမလား
အဲ့ဒါနဲ့ပဲ ကျုပ်က ဖိုးအေးသမီး ဇီးကွက်မ (အမည်ရင်းတော့ရှိသား သူ့အမေလိုမျက်လုံးပြူးပြူးကြီးတွေပိုင်ဆိုင်ထားတဲ့သူမို့ ဇီးကွက်မပဲခေါ်ကြ)ရဲ့ မိထွေးတော်ဂေါတမီအလိုလိုဖြစ်ရော…..ဒီဇီးကွက်မ
********************
“”””” ကိုသူ့အမေဘက်ကအဒေါ် အပ်ျိုကြီးက
ကျုပ်ဖိုးအေးနဲ့ယူယူချင်း အကဲပါပြီးခေါ်ထားသေးတယ်
ဒါပေမယ့် ကလေးကဖအေကိုခင်တဲ့ကလေးဆိုတော့ မရဘူး ဖအေဆီပဲပြန်ရောက်လာတယ်
ဖအေကလည်း သည်းမှသည်း
သူ့သမီးမွ သူ့သမီး
လက်ပေါ်က ကုန်းပိုးရာကမချဘူး….ကျုပ်ကလည်း
“”” သားယောက်ျားကြီးပဲမွေးထားတော့ ဒီဇီးကွက်မ ပြူးတူးတူးကြောင်တောင်တောင်မကိုမြင်တာနဲ့ချစ်ပါတယ် ဒါပေမယ့် သိတယ်မို့လား ကျုပ်ကမိထွေးလေ အများအမြင်မှာ ကျုပ်ကမိထွေး……
ဇီးကွက်မကလည်း ကျုပ်ကိုမြင်တာနဲ့သရဲတစ္ဆေကိုတွေ့သလို ချာကနဲလည်နေအောင်ပြေးတာ
တစ်အိမ်ထဲအတူနေပြီး ကျုပ်နားကိုမကပ်ဘူး
သူ့အမေဘက်က အမျိုးတွေဘယ်လိုတွေနားသွင်းထားလဲပြောလို့ကမရဘူးလေ….””
ကျုပ်နဲ့ဖိုးအေးယူတာကို သူ့အမေဘက်ကဘယ်အမျိုးကကျေနပ်ပါ့မတုန်း ဘာလို့ဆို ကျုပ်ကလည်းကျုပ်
အကြောကခပ်တင်းတင်း
မိစိန်သန်း ကျန်နေခဲ့တဲ့အိမ်နဲ့ခြံထဲ အခန့်သား
အိမ်တွင်းပစ္စည်းအိုးခွက်ပန်းကန် ကြောင်အိမ်ဗီရိုကအစ ယုတ်စွအဆုံး မိစိန်သန်းဆုံးတော့ ဖိုးအေးက သူဆင်ထားတဲ့နားကပ်မို့သူပြန်ချွတ်ယူထားပြီး
ကျုပ်နဲ့ညားတော့ ကျုပ်ကိုပေးဆင်တယ်လေ
တစ်သက်လုံး လင်ဆိုးမယားတဖားဖားဘဝကနေ မွေးကထဲက ကျုပ်မိဘဆင်ထားတဲ့ နားဆွဲတောင်မနေရ
ကျုပ်လင်ကြက်သမား ယူပြီးကြက်တိုက်ပစ်လိုက်တာ
နားပေါက်ထဲ တုတ်ချိုးပြီးထဲ့ထားခဲ့ရတဲ့ကျုပ်??
ပန်တာပေါ့တော် ခရေပွင့်ပုံ ကျောက်နီခြယ်နားကပ်အကြီးကြီးနဲ့ ကျုပ်အေးမိစံ မျက်နှာဝိုင်းဝိုင်းကြီးနဲ့လိုက်မှလိုက်ပဲ””””””